Chapter 84
ကိုယ် မင်းကို ရှာတွေ့ပြီ
တောင်ပေါ်တွင်...
ချူရှောင်းရန်က ကုတ်အင်္ကျီထူထူ ခြုံထားပြီး မေးတခိုက်ခိုက်ဖြင့် ပြောလိုက်သည်။
"တောင်ပေါ်က ညဆို တကယ်အေးတာပဲ... လေအေးက အရိုးထဲထိ စိမ့်နေတာ"
သူက ရွှယ်ယုံဘေးတွင် ရပ်နေပြီး နှစ်ယောက်သားက ကယ်ဆယ်ရေးလုပ်ငန်းခွင်ဘေးတွင် ရပ်နေကြသည်။
"ကျွမ်းကျင်သူတွေက ဘာပြောလဲ"
ရွှယ်ယုံကမူ တုပ်တုပ်ပင် မလှုပ်ဘဲ မျက်လုံးတို့က ကျောက်တုံးများကို ရွှေ့နေသည့် ကိရိယာများကိုသာ မြဲမြံစွာ ကြည့်နေခဲ့သည်။ သူ၏ မျက်တောင်အစုံမှာ အေးစက်မှုတို့ ကိန်းဝပ်နေလေသည်။ သူ၏ အသံမှာလည်း အက်ရှရှ ဖြစ်နေလေ၏။
"မိုးမလင်းခင် လမ်းကို ရှင်းမှ ဖြစ်မယ်"
အက်ရှနေသော အသံကို ကြားရသည့်အပြင် အနောက်တိုင်းဝတ်စုံပါးပါးနှင့် ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး မတ်မတ်မရပ်နိုင်တော့သည့်အလား.. စတီးလက်ရန်းများကို ထောက်ကိုင်ထားရသည့် လက်များက ပြေလျော့လိုက်သည်နှင့် ပုံလဲကျမတတ် ဖြစ်နေသည်ကို တွေ့သောအခါ ချူရှောင်းရန် စိုးရိမ်သွားသည်။
"ကုတ်အင်္ကျီယူပေးရမလား"
"မလိုဘူး"
“ကောင်းပြီလေ"
ချူရှောင်းရန် အချိန်ကြည့်၍ အကြံပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့ အကောင်းဆုံး ကယ်ဆယ်ရေးသမားတွေ ရှိနေတာပဲ... အကောင်းဆုံး ကိရိယာတွေလည်း ယူလာပြီးပြီ... ဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေလည်း ပြည့်စုံတယ်... အရာအားလုံး ပြင်ဆင်ပြီးပြီလေ... ပြီးတော့ သူကလည်း ဒေသခံလမ်းညွှန်တစ်ယောက်နဲ့ ဆင်းသွားတာပဲ... ယွီနျန် အဆင်ပြေသွားမှာပါ... မထိခိုက်လောက်ဘူး"
ရွှယ်ယုံက မှုန်ပျပျ မြင်နေရသည့်တောင်တန်းများ၏ ကောက်ကြောင်းပုံစံကို ကြည့်နေရင်း အသံများ တုန်ယင်သွားလေသည်။
"သူအေးနေရှာမှာ"
ထိုစကားလုံးများကို ကြားသောအခါ ချူရှောင်းရန် ထပ်မပြောနိုင်တော့ပေ။ သူလက်လှမ်း၍ ရွှယ်ယုံ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
"ငါမင်းနဲ့ အတူရှိနေပေးမယ်"
ညပိုနက်လာသည်နှင့် တောင်၏ အအေးဓါတ်ကလည်း ပို၍ ပြင်းထန်လာသည်။ ချူရှောင်းရန်က လက်ဖဝါးများကြား အသက်ရှူထုတ်လိုက်ရင်း သတင်းကြားလိုက်ရသည့်အချိန်က ရွှယ်ယုံ၏ မျက်နှာဖျော့ဖျော့ပုံစံကို တွေးမိသွားသည်။ တဆတ်ဆတ် တုန်ယင်နေသော သူ့လက်များက နံပါတ်တစ်ခုကို ခေါ်ဆိုနေပြီး သူ့ရုံးခန်းထဲမှ ပြေးထွက်သွားချိန်ကလည်း ခြေလှမ်းများက မည်မျှပင် မတည်မငြိမ် ဖြစ်နေသည်ကိုလည်း အမှတ်ရမိသည်။
သူက လမ်တလျှောက်လုံး အလုပ်များကို ဘေးပို့ထားခဲ့ပြီး အကူအညီရနိုင်မည့် ကယ်ဆယ်ရေးအဖွဲ့များကို တတ်နိုင်သမျှ စုစည်းကာ ယွီနျန်ရှိနေသော နေရာကို တတ်နိုင်သမျှမြန်မြန် ရောက်လာခဲ့သည်။ လမ်းကြောင်းက ကျောက်တုံးများဖြင့် ပိတ်ဆို့နေသည်ကို မြင်လိုက်ရချိန်တွင် သူ့ခန္ဓါကိုယ်က စက္ကန့်အနည်းငယ်အကြာ တောင့်တင်းသွားပြီး မျက်လုံးများကလည်း သွေးကြောများ ထောင်ထလာခဲ့သည်။ သူအနောက်မှ ခိုင်ခိုင်မြဲမြဲ ထိန်းပေးထားသည်ကြောင့်သာ မဟုတ်ခဲ့ပါက ပုံလဲကျသွားနိုင်သည်။
ရွှယ်ယုံ၏ တောင့်တင်းနေသော အမူအယာနှင့် ဖြူဖျော့နေသော နှုတ်ခမ်းပါးများကို ကြည့်ကာ ချူရှောင်းရန်မှာ ယွီနျန်အပေါ် ရွှယ်ယုံ၏ ခံစားချက်များက သူမျှော်မှန်းထားသည်ထက်ပင် ပို၍ နက်ရှိုင်းနေကြောင်း ရုတ်တရက် သဘောပေါက်သွားရသည်။
၎င်းက ဟော်မုန်းများ၏ လှုံ့ဆော်မှုကြောင့် ပေါက်ထွက်လာသည့် အရူးအမူးချစ်ခြင်းများ မဟုတ်သလို တစ်ခဏတာ စိတ်လှုပ်ရှားမှုလည်း မဟုတ်ပေ။ ၎င်းက စစ်မှန်သော အလေးထားမှုများ ဖြစ်ကာ နှလုံးသားတွင် နစ်နစ်ရှိုင်းရှိုင်း တွယ်ငြိနေပြီး ခပ်ဖွဖွထိတွေ့မိလိုက်သည်ကပင် သိသာထင်ရှားသော နာကျင်မှု ဖြစ်လာစေသည်အထိ ထိလွယ်ရှလွယ် ဖြစ်နေ၏။
ရွှယ်ယုံ၏ လက်အေးအေးများကို ထိ၍ ချူရှောင်းရန် နူးနူးညံ့ညံ့ ပြောလိုက်သည်။
"လက်ကိုဖြေလိုက်တော့... မင်းလက်ဖဝါးမှာ လက်သည်းနဲ့ ကုတ်မိလို့ သွေးထွက်နေတဲ့ ဒဏ်ရာတွေ ရနေပြီ... ယွီနျန်သာ မင်းကို ဒီလိုမျိုး တွေ့လိုက်ရရင် ရင်တွေ ကွဲနေတော့မှာပဲ"
ရွှယ်ယုံ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အချိန်မည်မျှအထိ တင်းတင်းဆုပ်ထားခဲ့သည်မှန်း မသိရသော လက်သီးဆုပ်ကို ပြန်ဖြေလိုက်လေသည်။
ချူရှောင်းရန် သက်ပြင်းချမိသည်။
"တောင်ခြေကနေ သတင်းရထားတယ်... မုန့်ယွမ်က လက်ထိသွားတယ်... ယွီနျန်ရဲ့ လက်ထောက်ကလည်း ခြေခြင်းဝတ် အဆစ်လွဲသွားတယ်တဲ့... သူတို့ ကုသမှု ခံယူနေကြပြီ... ဒဏ်ရာလည်း မပြင်းဘူး... ငါသူတို့ကို နောက်ထပ် ပြဿနာတွေ မဖြစ်ရအောင် တောင်ခြေမှာပဲ အနားယူပြီး တောက်ပေါ် တက်မလာဖို့ ပြောထားတယ်... ယွီချင်းကလည်း သတင်းကြားကြားချင်း အမြန်ပြန်လာပေမယ့် ရိုက်ကူးရေးနေရာက ခေါင်လွန်းတယ်... မနက်ဖြန် နေ့လည်လောက်ထိတောင် ရောက်ဦးမှာ မဟုတ်ဘူး... သူက ငါဒီမှာ ရှိနေမှန်းသိတော့ သူ့ကို တွေ့တာနဲ့ ဆက်သွယ်ပေးဖို့ မှာသွားတယ်"
စကားအနည်းငယ် ပြောပြီးနောက် ချူရှောင်းရန်တစ်ယောက် နှုတ်ခမ်းများတင်းတင်းစေ့ကာ မျက်ခုံးများ ကျုံ့ထားသည့် ရွှယ်ယုံကို ကြည့်လိုက်မိသည်။ "ညီအစ်ကိုရေ... တိတ်မနေစမ်းနဲ့ကွာ... ငါ မင်းအခြေအနေကိုတောင် စိုးရိမ်လာပြီ"
ထို့နောက်တွင် ရွှယ်ယုံ ပြောလာသည်။
"ငါ အဆင်ပြေနေတယ်"
ငါအဆင်ပြေနေတယ်ဆိုပြီး ဘယ်သူ့ကို လာလိမ်နေတာလဲကွာ..
သို့သော်လည်း သူ့ညီအစ်ကိုမှာ ယခင်ကလို မဟုတ်တော့။ ချူရှောင်းရန်မှာ သူ့မျက်နှာကို သေသေချာချာ ကြည့်လိုက်ပါသော်လည်း မည်သည်ကိုမှ မဖော်ထုတ်နိုင်ဘဲ ရှိနေလေသည်။ နှလုံးသားထဲတွင် သက်ပြင်းချရင်းဖြင့် ချူရှောင်းရန်တစ်ယောက် နောက်ထပ် အကြောင်းအရာများ မမေးမိတော့။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရွှယ်ယုံ၏ အက်ကွဲကွဲလေသံကို ကြားလိုက်ရသည်။
"ရှောင်းရန်... သူအဆင်ပြေမှာပါနော်... သူ ငါ့အဖေနဲ့ အစ်ကိုလို... တိတ်တိတ်လေး ထွက်သွားပြီး ဘယ်တော့မှ ထပ်မတွေ့ရတော့တာမျိုး မဖြစ်လောက်ပါဘူးနော်"
ထိုစကားတစ်ခွန်းနှင့်တင် တိုးဖျသွားသောအသံက တောင်လေနှင့်အတူ ပြန့်ကျဲသွားခဲ့ပုံပင်။
ချူရှောင်းရန်၏ မျက်လုံးများ၌ မျက်ရည်များ ရစ်ဝဲလာလေသည်။ ရွှယ်လိ၏ မတော်တဆမှုအကြောင်း သတင်းရခဲ့စဥ်က အချိန်ကို ရုတ်တရက် အမှတ်ရသွားမိသည်။ ထိုစဥ်ကလည်း ရွှယ်ယုံက တွေဝေငေးမောနေဟန်ဖြင့် မော့ကြည့်လာပြီး သူ့ကို မေးလာခဲ့သည်။
"ရှောင်းရန်... တကယ် မဟုတ်လောက်ပါဘူးနော်... ငါ့အစ်ကိုက ငါ့ကို လာတွေ့ပြီး ငါရေးထားတဲ့ သီချင်းအသစ်ကို နားထောင်ပေးမယ်လို့ ပြောသွားတာလေ... ဒါ တကယ် မဟုတ်လောက်ဘူးမလား"
ချူရှောင်းရန်က လည်ချောင်းထဲမှ အစိုင်အခဲများကို ဖိနှိပ်ကာ စိတ်အေးလက်အေးပုံဖမ်းရင်း ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
"ဒါပေါ့... ယွီနျန် အဆင်ပြေနေမှာပါ... သေချာပေါက်ပဲ"
တစ်ခဏအကြာ ရွှယ်ယုံ အသံပျော့ပျော့ဖြင့် ပြန်ဖြေလာသည်။
"အင်း"
*****
မီးပုံလေးက ငြိမ်းသေလုဖြစ်နေပြီး မီးစာလေးများကသာ အမှောင်ထုထဲတွင် တဖျတ်ဖျတ်လက်နေသည်။ ယွီနျန်မှာလည်း မအိပ်နိုင်သေးဘဲ ယန်ရှုတစ်ယောက် အကြိမ်များစွာ လှည့်နေသည်ကို သတိပြုမိလိုက်သည်။ သူ ငြင်ငြင်သာသာဖြင့် မေးလိုက်သည်။
"ဦးလေးယန်"
“မင်းလည်း အိပ်မရဘူးလား"
ယန်ရှု ထထိုင်လိုက်ပြီး ကိုယ်ပေါ်မှမြက်များကို ခါချလိုက်သည်။
"ငါစောနက မပြောရဲခဲ့လို့... ငါ့စိတ်ထဲ အထိတ်တလန့်တွေ ဖြစ်နေတာ... ငါမျက်လုံး မှိတ်လိုက်တိုင်း ငါ့မိန်းမနဲ့ ကလေးတွေ သွေးတွေနဲ့ ဖုံးနေတာကို မြင်နေရတာ... ဘယ်လိုပဲဖြစ်ဖြစ် အိပ်ကိုမအိပ်နိုင်ဘူး"
ယွီနျန်က လိုင်းပျောက်နေဆဲဖြစ်သော ဖုန်းကို ကြည့်လိုက်မိသည်။ သူ ဖုန်းမျက်နှာပြင်ကို ပြန်ပိတ်လိုက်ပြီး စကားဝိုင်းကို ပြန်ဆက်လိုက်သည်။
"စိတ်သဘောထားကောင်းတဲ့လူတွေမှာ ကံကြမ္မာကောင်းတွေရှိတယ်... ကောင်းကင်ဘုံမှာ မျက်လုံးတွေ ရှိပါတယ်"
“ဟုတ်တယ်... ဟုတ်တယ်... ငါ့ကလေးတွေက အဆိုးလေးတွေပေမယ့် ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်... သူတို့ ကျောင်းကနေ ပြန်လာရင်း လမ်းပေါ်မှာ ဒဏ်ရာရနေတဲ့ ငှက်ကလေးကို တွေ့တော့ အိမ်ကို ပြန်သယ်လာပြီး သေချာဆေးကုပေးပြီးမှ တောင်တွေဆီ ပြန်လွှတ်ပေးလိုက်တယ်လေ... ငါ့မိန်းမလည်း အတူတူပဲ... အိမ်နီးချင်းတွေ အကူအညီတောင်းရင် လက်မနှေးဘဲ ကူညီပေးတတ်တာ"
ယွီနျန် အသံများကို နားထောင်နေရင်း ပြောလိုက်သည်။ "ကယ်ဆယ်ရေးအဖွဲ့ ရောက်နေလောက်ပြီ... ကျွန်တော် စက်သံတွေ ကြားနေရတယ်... အလင်းရောင်လာတဲ့အချိန်ရောက်ရင်တော့ အပေါ်ပြန်တက်နိုင်လောက်မှာပါ"
“ကောင်းတယ် ကောင်းတယ်"
ယန်ရှု ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။
"သဘာဝကပ်ဘေးနဲ့ လူလုပ်တဲ့ ဘေးဒုက္ခတွေဆိုတာ မခန့်မှန်းနိုင်ဘူး... ဘယ်သူမှ မသိနိုင်ဘူးလေ... တစ်နေ့ကျရင်တော့ ငါတို့လည်း သေသွားရမှာပါပဲ... ငါတွေးနေမိတာကထဒီတစ်ကြိမ် ငါသေသွားရင် စိတ်ဖြောင့်မှာ မဟုတ်ဘူး... ငါ့ရဲ့ ကလေးဆိုးလေး နှစ်ယောက် ကောလိပ်တက်တာကိုလည်း မမြင်နိုင်တော့ဘူး... ငါ့မိန်းမ သဘောကျတဲ့ ကုတ်အင်္ကျီအရှည်လည်း ဝယ်မပေးရသေးဘူး... မတွေ့ရတာကြာတဲ့ သွေးသောက်ညီအစ်ကိုတွေဆီလည်း သွားမလည်ရသေးဘူး"
ယွီနျန်မှာ တိတ်တဆိတ် နားထောင်နေရင်း သူသေသွားပါက နောင်တရမည့် အရာများကို တွေးမိသွားသည်။ သူက ပျောက်ဆုံးနေသော အမွေအနှစ်များကို ပြန်မစုဆောင်းနိုင်သေး၊ ယွီချင်း ရေးခိုင်းထားသည့် သီချင်းကိုလည်း အဆုံးမသတ်နိုင်သေးသည့်အပြင် ဆရာ့ကိုလည်း တောင်းပန်ရဦးမည်။
ပြီးနောက် ရွှယ်ယုံကိုလည်း သူကြိုက်နေသည့် လူတစ်ယောက်ရှိနေပြီး ထိုသူမှာလည်း ရွှယ်ယုံ ဖြစ်ကြောင်း မပြောရသေးပေ။
ယွီနျန်မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်လာသဖြင့် ခြေထောက်များကို ပိုက်၍ ဒူးခေါင်းပေါ်တွင် မေးတင်ကာ တဖြည်းဖြည်း အိပ်ငိုက်လာခဲ့သည်။ ယန်ရှု၏ တီးတိုးရေရွတ်သံများကလည်း တဖြည်းဖြည်း တိုးလျသွားကာ သူထပ်မကြားနိုင်တော့ပေ။
အချိန်မည်မျှ ကြာသွားလေသည်မသိ။ ယွီနျန် ရုတ်တရက် အိပ်နေရာမှ နိုးလာခဲ့သည်။
ကောင်းကင်ကြီးက မဲမှောင်နေဆဲ ဖြစ်ကာ လရောင်တစိုးတစပင် မရှိချေ။ အဝေးတစ်နေရာမှ အသံအချို့က သူ့နားအနီးသို့ ရောက်ရှိလာပုံပင်။ သူ့ခေါင်းက မူးဝေနေပြီး ခြေထောက်များမှာလည်း အချိန်အကြာကြီး ကွေးထားခဲ့ရခြင်းကြောင့် ထုံထိုင်းနေကာ အာရုံကြောများ ပျောက်ဆုံးနေသလိုပါပင်။
သူလက်လှမ်းကာ သစ်ပင်ပင်စည်ကို မှီလိုက်ပြီး မတ်တပ်ရပ်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းလိုက်ရသည်။ သို့သော်လည်း သူမတ်မတ် မရပ်နိုင်သေးခင်မှာပင် ကျရောက်လာသော အလင်းရောင်များကြောင့် မသိစိတ်အရ ခေါင်းလှည့်၍ မျက်လုံးမှိတ်ထားမိသည်။
အပြေးအလွှားရောက်လာသော ခြေသံများက သစ်ကိုင်းခြောက်နှင့် သစ်ရွက်ခြောက်များကို ဖြတ်ကျော်လာပြီး သူ့နားစည်များကို ခပ်ဖွဖွ ထိခတ်လာခဲ့သည်။ တစ်ခဏအကြာ တုန်ယင်နေသော လက်မောင်းများအကြား ဆွဲသွင်းခံလိုက်ရပြီး အေးစက်နေသော ရင်ခွင်တစ်ခုထံ ကျရောက်သွားခဲ့သည်။ ချက်ချင်းဆိုသလို သစ်ကြံပိုးရနံ့များက နှာခေါင်းဝသို့ ရှုသွင်းလိုက်သည့် ဝင်လေများအကြား ပြည့်နှက်သွားလေသည်။
သူ့နှဖူးပေါ်သို့ ပြင်းပြင်းပြပြ အနမ်းများ ကျရောက်လာသည်ကို ခံစားနေရပြီး မြန်ဆန်နေသော အသက်ရှူသံများက သူ့အရေပြားအပေါ် လာရောက် ထိခတ်နေ၏။ သူ့နား၏ ဘေးနားတွင် ရွှယ်ယုံ၏ စိတ်ခံစားမှုများ ပြည့်နှက်နေသော လေသံကသာ ထိုးဖောက်နေလေသည်။
"နျန်နျန်... အခုအဆင်ပြေသွားပြီနော်... ကိုယ်မင်းကို ရှာတွေ့ပြီ"
ဓါတ်မီးရောင်များက မြေပေါ်ရှိ မြက်ပင်များထံ ကျရောက်လာပြီး အတော်ဝေးဝေးတစ်နေရာမှ အလင်းအရောင်အစုအဝေးတစ်ခု ထွက်ပေါ်လာသကဲ့သို့ ရှိနေသည်။ ပတ်ဝန်းကျင်၌ ညအချိန်ကျဆင်းလာသော တောင်တန်းပေါ်မှ မြူနှင်းမှုန်များဖြင့် ပြည့်နှက်နေသည်။ ယွီနျန်မှာ ရွှယ်ယုံ၏ ခန္ဓါကိုယ်ထက်မှ အအေးဓါတ်နှင့် ရင်ဘတ်မှ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို ခံစားနေရသည်။ သူလက်ကို မြှောက်ကာ ရွှယ်ယုံ၏ ကုတ်အင်္ကျီကို တင်းတင်းဆုပ်ထားမိသည်။ ထိုအခိုက် နှလုံးသားထဲမှ တွဲလွဲခိုနေသော ကျောက်တုံးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
သူရောက်လာပြီ...
ယွီနျန်မှာ ခံစားချက်များကို မည်သို့ ဖော်ပြရမည်ပင် မသိတော့။ ငလျင်လှုပ်နေချိန်မှာတောင် တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်ရှူနိုင်ခဲ့သည်ကို အမှတ်ရမိသည်။ သို့သော်လည်း ယခုအချိန်တွင် ရွှယ်ယုံ၏ ရင်ခွင်ထဲသို့ ခိုဝင်ရသောအခါ မျက်လုံးများ ကျိန်းစပ်လာပြီး ငိုချင်လာခဲ့သည်။
ယွီနျန်၏ ကိုယ်လေး တုန်ယင်လာသည်ကို ခံစားမိသည့် ရွှယ်ယုံက တင်းတင်းကျပ်ကျပ် ဖက်ကာ ဂရုတစိုက် မေးလိုက်သည်။
"နျန်နျန် ထိခိုက်သွားသေးလား"
ယွီနျန်၏ နှုတ်ခမ်းထောင့်လေးများ ကော့တက်လာပြီး မြန်မြန် ပြန်ဖြေလာခဲ့သည်။
"အဆင်ပြေပါတယ်... ကျွန်တော် ဒဏ်ရာရမသွားဘူး... ကျွန်တော် ကံကောင်းသွားလို့ ဖြစ်မယ်... အဲ့အချိန်တုန်းက တောင်ပေါ်ကနေ ကျောက်တုံးတွေ အများကြီး ကျလာပေမယ့် ကျွန်တော့်ကို လာမထိကြဘူး... အားလုံး ရှေ့က ရေကန်ထဲကို ကျသွားပြီးတော့ ရေတွေလာစင်သေးတယ်... ခြောက်သွားတာကြာပါပြီ"
ယွီနျန်က ပေါ့ပေါ့ပါးပါး ပြောနေပါသော်လည်း ရွှယ်ယုံကမူ သူကြုံတွေ့ခဲ့ရသည့် အန္တရာယ်များကို တွေးကြည့်နိုင်ခဲ့သည်။ ယွီနျန်ကို ဖက်ထားသည့် သူ့လက်များကို တင်းကျပ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"မင်းကြောက်သွားလား"
“ကျွန်တော်... ကြောက်နေခဲ့တာ... အရမ်းကြောက်နေခဲ့တာ"
ယွီနျန်က တုံ့ဆိုင်းနေပြီးမှ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ကျွန်တော့်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်... ပန်းတိုင်တွေလည်း အများကြီး ကျန်နေသေးတယ်... သေသွားမှာကို ကြောက်နေခဲ့တာ... ဒီနေရာမှာ သေသွားမှာကို ကြောက်နေခဲ့တာ"
ထိုအချိန်က သူနှင့် ယန်ရှုသာ ရှိနေခဲ့သည်။ သူတို့မှာ စိတ်ငြိမ်ငြိမ်ထားပြီး အထိတ်တလန့် မဖြစ်ဘဲ နေနိူင်ခဲ့သည်။ သို့သော်လည်း ယခုတွင် ရွှယ်ယုံကို မြင်လိုက်ရသောအခါ သူ့လက်ချောင်းထိပ်များ မရပ်မနား တုန်ယင်လာကြောင်း သိလိုက်ရသည်။
ယွီနျန် ပြောနေရင်းဖြင့် ရွှယ်ယုံ၏ ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး ပြောလိုက်သည်။
"ဒီမှာ အရမ်းအေးတယ်... မှောင်လာတာနဲ့ အပူချိန်ကျသွားတာ... မီးငြိမ်းသွားတာနဲ့ အရမ်းအေးသွားတော့တာပဲ"
ယွီနျန်၏ စကားလုံးများကို ကြားသောအခါ ရွှယ်ယုံ သူ့လက်ကို လွှတ်လိုက်ပြီး အပေါ်ဝတ်ကုတ်ကို ချွတ်ကာ ယွီနျန်ကို ခပ်တင်းတင်း ပတ်ပေးလိုက်သည်။
ထိုအခိုက် ရွှယ်ယုံ တစ်ခုခုကို နားလည်သွားသည်။ သူ့အပြုအမူများက ရုတ်တရက် ရပ်တန့်သွားပြီး သူ့လက်ကို ချက်ချင်းလွှတ်၍ နေရာမှာပင် ရပ်ကာ တစ်စုံတစ်ခု ဆုံးရှုံးလိုက်ရသလို ခံစားရသည်။
ယွီနျန်၏ နှလုံးသားမှ တွယ်ငြိနေသော အကြောက်တရားများအားလုံး ကွယ်ပျောက်သွားလေသည်။ သူ ရယ်ချင်သလို ခံစားလိုက်ရပြီး ကိုယ်ကို ကိုင်း၍ ဓါတ်မီးကို ကောက်ကိုင်ကာ လက်ထဲတွင် ကိုင်ထားလိုက်သည်။
တစ်ဖက်တွင် ယန်ရှုလည်း နိုးနှင့်နေလေပြီ။
ယွီနျန် ပြုံး၍ ပြောလိုက်သည်။
"ဦးလေးယန်... ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီ... မကြာခင် အပေါ် ပြန်တက်နိုင်တော့မယ်"