Chapter 85
မင်းထပ်မြည်းကြည့်ဦးမလား
တစ်ဖက်တွင် ယန်ရှုလည်း နိုးနှင့်နေလေပြီ။
ယွီနျန် ပြုံး၍ ပြောလိုက်သည်။
"ဦးလေးယန်... ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီ... မကြာခင် အပေါ် ပြန်တက်နိုင်တော့မယ်"
သူစကားပြော၍ မပြီးခင်မှာပင် မီးရောင်များ အစုလိုက်ကျဆင်းလာသည်ကို တွေ့လိုက်ရပြီး အဝေးတစ်နေရာမှ ချူရှောင်းရန်၏ ဒေါသတကြီး ကျိန်ဆဲသံများကိုလည်း ကြားလိုက်ရသည်။
"သောက်ကျိုးနဲ... ရှောင်ရွှယ်ယုံ မင်းသေချင်နေတာလား... လမ်းက အကုန်မရှင်းရသေးဘဲနဲ့ ခုန်ဆင်းလာရတယ်လို့... လမ်းတစ်ဝက်တင် လမ်းပိတ်သွားရင် ဘယ်လိုလုပ်မလဲ... မင်းခြေချော်ပြီး လိမ့်ကျသွားရင်ရော... ယွီနျန်ကို စိတ်ပူမှန်း ငါသိပါတယ်ကွာ... လက်လွတ်စပယ် လုပ်လို့တော့ မဖြစ်ဘူးလေ"
ရွှယ်ယုံက ခေါင်းငုံ့ထားရင်း ယွီနျန်ကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
"ကိုယ်မလုပ်ပါဘူး... ကိုယ်ဂရုတစိုက်နဲ့ ဆင်းခဲ့တာ... လက်လွတ်စပယ် လုပ်တာ မဟုတ်ပါဘူး"
ဂျာကင်ထူထူကို ဝတ်ထားသည့် ချူရှောင်းရန်က အနီးအနားတွင် ရပ်နေပြီး အလင်းရောင်အောက်မှ ယွီနျန်၏ အခြေအနေကို ဂရုတစိုက် လေ့လာနေခဲ့သည်။ ယွီနျန်တစ်ယောက် ရွှယ်ယုံ၏ ဂျာကင်ကို ဝတ်ထားပြီး ကောင်းကောင်း ရပ်နေကာ ထိခိုက်သွားပုံ မရသည်ကို မြင်သောအခါမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
"ကံကောင်းလို့... ကံကောင်းလို့... ကံကောင်းလို့... မင်းအဆင်ပြေနေတာ"
လူပြောချင်နေသေးသည့် တစ်ဝက်ကိုကား ထိန်းထားလိုက်ရသည်။ မင်းသာ တကယ်ကြီး တစ်ခုခု ဖြစ်သွားရင် ရွှယ်ယုံ မျက်လုံးတွေ ကျွတ်ထွက်သွားတဲ့အထိ ငိုနေလောက်တယ်...
ယွီနျန် ပြုံး၍ ကျေးဇူးတင်လိုက်သည်။
ချူရှောင်းရန်က သာမန်ကာလျှံကာ လက်ယမ်းပြလိုက်သည်။
"ဘာတွေ ကျေးဇူးတင်နေရသေးတာလဲ... မင်းဘေးနားက လူကိုသာ ကျေးဇူးတင်ရမှာ... ငါက နောက်က လိုက်လာရုံပဲ... မင်းမသိလို့နော်... မင်း ဒုက္ခရောက်နေတာကို ကြားကြားချင်း ရွှယ်ရှောင်ယုံ ပေါက်ကွဲထွက်တော့မလိုပဲ... အလုပ်တွေအားလုံး ဘေးဖယ်ထားပြီး ဒီကို အပြေးရောက်လာတာ... မင်းသာတစ်ခုခု ဖြစ်သွားရင် တောင်ကြီးတစ်ခုလုံး မြေလှန်ပစ်တော့မှာ"
လူတစ်စုက တောင်ပေါ်သို့ စတက်လာခဲ့ကြပြီး ဓါတ်မီး၏ အလင်းရောင်ဖြင့် လမ်းပေါ်တွင် ပြန့်ကျဲနေသော ကျောက်တုံးများကို ရှောင်ရှားလာခဲ့ကြသည်။ ရွှယ်ယုံက စက္ကန့်အနည်းငယ်အကြာ တုံ့ဆိုင်းသွားပြီးနောက် သူ့လက်ကို ကမ်းပေးလာခဲ့သည်။
"ကိုယ်မင်းရဲ့လက်ကို တွဲပေးမယ်"
ယွီနျန် မငြင်းဆန်ဘဲ ရွှယ်ယုံ၏ လက်ကို ကိုင်လိုက်သည်။
နှစ်ယောက်သားက လူအုပ်၏ နောက်မှ လျှောက်လာခဲ့ကြသည်။ ချူရှောင်းရန် ခေါင်းလှည့်ကြည့်လိုက်ရာ အဆုံးတွင် ရွှယ်ယုံဘက်မှ လက်ဦးမှု ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတိထားလိုက်မိသည်။ သူ စိတ်အေးသွားလေသည်။
သားရေ... မင်းတော့ နည်းနည်းလေး တိုးတက်လာပြီပဲ... မလွယ်ပါဘူး...
အကွာအဝေး အနည်းငယ် လျှောက်လာပြီးနောက် ရေစီးသံ ကြားလိုက်ရသည်။ ယွီနျန် သတိရသွားပြီး ရေထည့်ထားသော ဝါးဘူးလေးကို ရွှယ်ယုံထံ ကမ်းပေးလိုက်သည်။
"ဒါက တောင်ပေါ်က စမ်းချောင်းထဲက ရေလေ... ကျွန်တော် မြည်းကြည့်ပြီးပြီ... အရမ်းချိုတယ်... ကျွန်တော် နည်းနည်း ခပ်လာသေးတယ်... ခင်ဗျားလည်း မြည်းကြည့်ရအောင်လို့"
ရွှယ်ယုံ ယူကာ သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။
ကျောက်စရစ်ခဲလေးများပေါ် နင်းလျှောက်လာရင်း ယွီနျန် လက်နှိပ်မီးရောင်အောက်မှ ပတ်ဝန်းကျင်အခြေအနေများကို စူးစမ်းမိနေသည်။
"အခြေအနေ ဘယ်လိုလဲ"
ရွှယ်ယုံက ယွီနျန်နှင့်အတူ ဂရုတစိုက် လျှောက်လာနေရင်း ခြေလှမ်းများကို သတိထားလှမ်းနေသည်။
"အရမ်းကြီး မဆိုးပါဘူး... ငလျင်ဗဟိုချက်က လူသိပ်မထူတဲ့ တောင်တန်းဒေသမှာလေ... လမ်းဘေးမှာ ပြိုကျနေတဲ့ အိမ်လေးတွေတော့ တွေ့ခဲ့သေးတယ်... ဒါပေမယ့် လူဦးရေ သိပ်မများတော့ ဆုံးရှုံးမှုက အရမ်းကြီး မပြင်းထန်ဘူး"
တစ်ခဏမျှ စဥ်းစားပြီးနောက် ရွှယ်ယုံ ဆက်ပြောလိုက်သည်။
"မုန့်ယွမ်က ငလျင်လှုပ်နေတုန်း ဟန်ချက်မထိန်းဘဲ လဲကျသွားလို့ လက်ကောက်ဝတ်လည်သွားတယ်... ရှစ်ရော့က ခြေချင်းဝတ်လည်သွားတယ်... သူတို့ အခု တောင်ခြေမှာ ကုသမှု ခံယူနေတယ်... သူတို့ အဆင်ပြေနေပါတယ်... သူတို့အားလုံး မင်းကို အရမ်း စိတ်ပူနေကြတာ"
ယွီနျန်က တွဲထားသော လက်များကို ဆွဲယူကာ ရွှယ်ယုံ လှည့်လာမည်ကို စောင့်ပြီးနောက် မေးလိုက်သည်။
"ပြီးတော့ ခင်ဗျားကရော"
ဤတစ်ကြိမ်၌ ရွှယ်ယုံက အကြည့်မလွှဲတော့။ သူ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ကိုယ်လည်း အရမ်းစိတ်ပူနေတာ"
ယွီနျန် ဆက်ပြီး မေးမြန်းနေသေးသည်။
"ဘာလို့ ကျွန်တော့်ကို စိတ်ပူတာလဲ"
ရွှယ်ယုံ၏ မေးရိုးများ တင်းသွားပြီး ပင့်သက်ရှိုက်လိုက်ပြီးနောက် အဖြေပြန်ပေးလိုက်သည်။
"ကိုယ့်အတွက်... မင်းက အရေးကြီးလို့... မင်း အဲ့ဒီအောက်မှာ ကြောက်နေရမှာကို ကိုယ်စိုးရိမ်တယ်... မင်း ထိခိုက်သွားမှာ ကြောက်တယ်... မင်းအေးနေမှာကိုလည်း ကိုယ်စိုးရိမ်တယ်... မင်းကို နောက်ထပ် ဘယ်တော့မှ... ထပ်မတွေ့ရတော့မှာ ကိုယ်ကြောက်တယ်"
နောက်ဆုံး စကားအချို့ကို ပြောနေရင်း ရွှယ်ယုံ၏ နှလုံးသားမှာ သံချိတ်အကြီးကြီးဖြင့် ဆွဲထားသလို ခံစားနေရသည်။
ကယ်ဆယ်ရေးအဖွဲ့က အတော်လှမ်းလှမ်းသို့ ရောက်နေကြလေပြီ။ ယွီနျန် ရွှယ်ယုံကို နူးနူးညံ့ညံ့ မေးလိုက်သည်။
"ကျွန်တော်က ခင်ဗျားအတွက် ဘယ်လောက်ထိ အရေးပါလဲ"
ရွှယ်ယုံ၏ လက်ချောင်းများ တင်းကျပ်သွားလေသည်။ "အရေးအကြီးဆုံးပဲ"
ပြောပြီးနောက် သူ့နားရွက်များ ပူလောင်လာခဲ့ရသည်။ ယွီနျန်၏ လက်ကို ခိုင်ခိုင်မြဲမြဲ ကိုင်ထားလိုက်ပြီး ရှေ့သို့ ဆက်လျှောက်နေကာ ပြန်မကြည့်ရဲတော့။
တောင်ပေါ်မှ အဆင်းလမ်းတွင် မိုးကုတ်စက်ဝိုင်းထက်မှ အလင်းရောင် ထွက်ပေါ်လာသည်။ တောင်ပေါ်မှ သစ်ပင်ပန်းမန်များကလည်း ဧရုဏ်ဦးအချိန်တွင် နိုးထလာခဲ့လေပြီ။ ယွီနျန် မတုံ့ပြန်နိုင်ခင်မှာပင် ရှစ်ရော့ အပြေးရောက်လာပြီး သူ့ကို တင်းတင်းကျပ်ကျပ် လာဖက်လေသည်။ သူမက ငိုလိုက်ရယ်လိုက်ဖြင့် ပြောနေလေသည်။
"အစ်မ သေလောက်အောင် ကြောက်သွားတာ... တကယ်ပဲ"
ယွီနျန် လက်မြှောက်၍ သူမ၏ ကျောကို ပုတ်ပေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်... အကုန်အဆင်ပြေတယ်... ခြစ်ရာလေးတောင် မရဘူး... အစ်မဘာသာ ကြည့်လိုက်လေ"
ရှစ်ရော့က ယွီနျန်ကို လွှတ်ပေးလိုက်ပြီးနောက် မျက်ရည်များကို ဖြစ်ကတတ်ဆန်း သုတ်ကာ ယွီနျန်ကို ခေါင်းစခြေဆုံး စစ်ဆေးကြည့်လိုက်သည်။
"အင်း... အကုန်အဆင်ပြေတယ်... ဒဏ်ရာမရဘူး"
ပြောပြီးနောက် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာပြန်သည်။
မုန့်ယွမ်မှာလည်း ဘယ်လက်တွင် ပတ်တီးစီးထားရင်း ယွီနျန်၏ ပုခုံးကို မထိခိုက်ထားသော ညာလက်ဖြင့် ပုတ်လိုက်သည်။
"မင်းအဆင်ပြေနေလို့ တော်သေးတာပေါ့"
“ဟုတ်... ကျွန်တော် အဆင်ပြေတယ်"
ယွီနျန်က လှည့်ပတ်ကြည့်ရှုလိုက်ရာ ကားအနည်းငယ်သာ ပါကင်ထိုးထားသည်ကို တွေ့လိုက်ရသည်။
"အခြားသူတွေရော ဘယ်လိုလဲ"
ရှစ်ရော့ နှာမှုတ်လိုက်သည်။
"သူတို့အားလုံး မြို့ကို ပြန်သွားကြပြီ... အစက ဥက္ကဌချူကလည်း အစ်မတို့ကိုပါ ပြန်စေချင်ခဲ့တာလေ... မင်းက အဲ့ဒီနေရာမှာ ရှိနေတုန်းကို အစ်မတို့က စိတ်အေးလက်အေး နေနိုင်ပါဦးမလား... ဒါကြောင့် တောင်ခြေမှာ စောင့်နေခဲ့ကြတာ"
ထိုအခိုက် ရွှယ်ယုံ ရောက်လာပြီး ယွီနျန်ကို ပြောလိုက်သည်။
"ကားထဲမှာ အစားအသောက်တွေ ရှိတယ်... သွားရေစာ နည်းနည်းလောက် စားမလား... မင်းနဲ့ အတူလိုက်လာတဲ့လူကိုလည်း ကားထဲကို ပြန်ပို့လိုက်ပြီ"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်... ကောင်းတာပေါ့"
နှစ်ယောက်သား လှည့်ထွက်သွားကြသောအခါ ရှစ်ရော့က မျက်ရည် ဝိုင်းနေသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ပါးစပ်ဟ၍ အံ့သြတကြီး ဆိုလေသည်။
"နေပါဦး... အစ်ကိုမုန့်... အခုမှ သတိရသွားလို့... ဥက္ကဌရွှယ်က ဘာလို့ ဒီမှာ ရောက်နေတာလဲ... ပြီးတော့ နျန်နျန့်ကို ဗိုက်ဆာလားလို့ မေးနေသေးတယ်"
မုန့်ယွမ်က တစ်ယောက်ကိုတစ်ယောက် နီးကပ်စွာဖြင့် ထွက်သွားသော ပုံရိပ်နှစ်ခုကို ကြည့်ကာဖြင့် မေးကို ပွတ်လိုက်သည်။ သူရှစ်ရော့ကို ရုတ်တရက် မေးလိုက်သည်။
"မင်း ဥက္ကဌရွှယ်ရဲ့ အရပ်အမြင့်ကို သိလား"
“ဥက္ကဌရွှယ်ရဲ့ အရပ်လား"
ရှစ်ရော့က တစ်ခဏမျှ တွေဝေနေပြီးနောက် ပြန်စဥ်းစားကြည့်လိုက်သည်။
"ဥက္ကဌရွှယ် နျန်နျန်နဲ့ အတူရှိနေတုန်းက သူ့အကြောင်းတွေ ရှာကြည့်ဖူးတယ်... နောက်ဆုံးရ တရားဝင် သတင်းအရ သူ့အရပ်က 1.86 မီတာ ရှိတယ် .. ဘာလို့လဲ"
မုန့်ယွမ် မရေမရာဖြင့် အကြည့်ပြန်ရုတ်လိုက်သည်။
"ငါ တစ်ခုခု ခန့်မှန်းမိလို့"
ရှစ်ရော့ ပို၍ သိချင်သွားရသည်။
"ဘာခန့်မှန်းမိတာလဲ"
"လျှို့ဝှက်ချက်... နောက်မှ ပြောပြမယ်"
မုန့်ယွမ် ရှစ်ရော့ကို အချက်ပြလိုက်သည်။
"လာလာ... လိုင်းကောင်းတဲ့နေရာရှာပြီး အွန်လိုင်းပေါ် တက်ကြရအောင်... နျန်နျန့်ကို ပြန်တွေ့တဲ့အကြောင်း ဖြန့်ရဦးမယ်လေ"
ရှစ်ရော့၏ အာရုံများ ပြောင်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်... အဲ့ဒီမားကတ်တင်းအကောင့်တွေ အရှက်မရှိလိုက်ကြတာ... တစ်ခုကဆို နျန်နျန်ကို ငလျင်လှုပ်နေတုန်း ချောက်နက်ကြီးထဲ ကျသွားလို့ သေလားရှင်လားတောင် မသိရဘူးဆိုပြီး ယုံကြည်ချက် ရှိရှိ ပြောနေတာ တွေ့လိုက်တယ်... ကျွန်မ အရမ်း ဒေါသထွက်နေတာ"
မုန့်ယွမ်လည်း စိတ်လွတ်သွားသည်။ "ဟမ့်... မင်းတို့ရဲ့ စကားတွေကို တွေးထားလိုက်စမ်းပါ... ပြီးမှ ဖြေရှင်းပြလိုက်မယ်"
ကားထဲသို့ရောက်သောအခါ ရွှယ်ယုံက နို့တစ်ဘူး ထုတ်ပေးလာပြီး ဘူးလေးတစ်ဘူးကို ဖွင့်ကာ ယွီနျန်ထံ ကမ်းပေးလိုက်သည်။
"ဒီမုန့်တွေက အစာကြေလွယ်တယ်... ကြိုက်မကြိုက် စားကြည့်လေ"
ယွီနျန် ပြန်မေးလိုက်သည်။
"ကျွန်တော် မကြိုက်ရင်ရော"
ရွှယ်ယုံ အလေးအနက် ပြန်ဖြေလာသည်။
"မကြိုက်ရင် ကိုယ် ထမင်းဆုပ်တွေ၊ ပန်ကိတ်တွေ၊ ကွက်ကီးတွေ၊ သကြားလုံး၊ ချောကလက်၊ အမဲသားခြောက်၊ စည်သွပ် အစားအသောက်၊ အသီးခြောက်တွေနဲ့ မြေပဲထောပတ်တွေ ပြင်ဆင်လာခဲ့တယ်"
သူတစ်ခုချင်း ရွတ်ပြလာသောအခါ ယွီနျန်၏ အပြုံးများက ပို၍ ပြန့်ကားလာသည်။ သူ မုန့်လေးများကို တစ်ကိုက်ကိုက်၍ နို့တစ်ငုံသောက်လိုက်သည်။
"အရသာရှိတယ်"
ရွှယ်ယုံ စိတ်အေးသွားသည်။
"မင်းကြိုက်လို့ တော်သေးတာပေါ့"
သူတို့၏ မျက်လုံးများ ဆုံတွေ့သွားကြသောအခါ သူတို့အကြား တစ်စုံတစ်ခုက ခလုတ်တိုက်မိသည့်အလား အကြည့်များ ပြန်လွဲမိကြသည်။
ယွီနျန်က နောက်ဆုံး တစ်ကိုက်ကို တိတ်တဆိတ် လက်စသတ်လိုက်ရင်း ဘူးအလွတ်ကို ပိတ်ကာ ပြန်ကမ်းပေးလိုက်သည်။ "ကျွန်တော် စားလို့ပြီးပြီ"
ရွှယ်ယုံက ၎င်းကို လက်လှမ်းယူလိုက်ရာ သူတို့၏ လက်ချောင်းထိပ်များက ပွတ်တိုက်မိသွားကြသည်။ ရွှယ်ယုံမှာ ဓါတ်လိုက်သွားသည့်အလား လက်ပြန်ရုတ်လိုက်သည်။
ယွီနျန်က သတိမထားမိချင်ယောင်ဆောင်ရင်း သူ့နှုတ်ခမ်းထောင့်မှ မုန့်အပိုင်းအစလေးများကို တစ်သျူးဖြင့် သုတ်နေသည်။
ပစ္စည်းများကို ဘေးပို့လိုက်ပြီးနောက် ရွှယ်ယုံက ယွီနျန် ပေးလာသော ဝါးဘူးကို ဖွင့်လိုက်သည်။ မီးအလင်းရောင်အောက်တွင် အထဲမှ အညစ်အကြေးများ ကင်းစင်နေသည့် ကြည်လင်နေသော နွေဦးစမ်းရေကို မြင်နေရသည်။ သူ သဘောတကျဖြင့် တစ်ငုံသောက်လိုက်ပြီး သူ့ပါးစပ်ဖျားတွင် လန်းဆန်းစေသည့် အရသာလေးကို ခံစားလိုက်ရသည်။
အရမ်းချိုတယ်...
ဝါးဘူးလေးက သိပ်မကြီးဘဲ ရေလည်း အများကြီး မပါပေ။ ရွှယ်ယုံက အားလုံးကို အပြောင်အစင် သောက်လိုက်သည်။ သူမော့ကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်နေသည့် ယွီနျန်၏ အကြည့်များဖြင့် ဆုံတွေ့လိုက်ရသည်။
မမြင်နိုင်သော တွန်းအားတစ်ခုကြောင့်လား မသိရသော်လည်း ရွှယ်ယုံမှာ ယခင်က သူဖတ်ရင်း မှတ်ထားခဲ့ဖူးသည့် မှတ်စုများကို သတိရမိသဖြင့် မေးလိုက်သည်။
"နွေဦးရေက အရမ်းချိုတာပဲ... နျန်နျန် မင်းရော ထပ်မြည်းကြည့်ဦးမလား"
ယွီနျန် ပဟေဠိ ဖြစ်သွားသည်။
"ကုန်သွားပြီ မဟုတ်ဘူးလား"
ရွှယ်ယုံ၏ အသံက အနည်းငယ် အက်ရှနေလေသည်။
"ထပ်ရှိသေးတယ်"
သူ့နှလုံးခုန်သံက ရုတ်တရက် အရှိန်မြန်လာပြီး သူ့ခန္ဓါကိုယ်ထဲမှ အနွေးလှိုင်းများက တဟုန်တိုး ထွက်လာကာ ကိုယ်တွင်းမှ သွေးကြောမျှင်တိုင်းက လောင်ကျွမ်းလာသလိုပါပင်။
ရွှယ်ယုံ၏ အာဒမ်ပန်းသီးက စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားနေပြီး သူ့လက်ချောင်းများ တင်းကျပ်လာကာ ဝါးဘူးအလွတ်လေးကို ကိုင်ထားလိုက်သည်။ သူ့နားရွက်လေးများ နီရဲသွားလေသည်။
ကိုယ့်နှုတ်ခမ်းပေါ်မှာ... နည်းနည်းကျန်နေသေးတယ်...
ထိုအခိုက် ကားတံခါးက "ကလစ်" ဟူသော အသံဖြင့် အပြင်ဘက်မှ ပွင့်လာပြီး ရွှယ်ယုံ၏ တစ်ဝက်တစ်ပျက် စကားများကို နှောင့်ယှက်လိုက်သည်။
လေနုအေးလေးက အသော့နှင်လာခဲ့ပြီး ချက်ချင်းဆိုသလို ကားအတွင်းမှ မရေမရာ အခြေအနေလေးကို ဖြိုခွဲလိုက်သည်။ ချူရှောင်းရန်က ကားတံခါးဘေးတွင် ရပ်နေပြီး အလောတကြီးပြောလာသည်။
"ရွှယ်ရှောင်ယုံ... ကယ်ဆယ်ရေးအဖွဲ့တွေက ပြောခိုင်းလိုက်တယ်... မကြာခင် မိုးသည်းလာနိုင်လို့ ဒီနေရာမှာ မလုံခြုံဘူး... မြန်မြန် ရွှေ့မှ ဖြစ်မယ်"
ရွှယ်ယုံ၏ အေးစက်နေသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ချူရှောင်းရန် ပဟေဠိ ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ"
[T/N ချူချူက သူငယ်ချင်းကောင်းလေးလို့တွေးမိပေမဲ့ အခု ရုတ်တရက်ကြီး ရိုက်သတ်ချင်သွားတယ် 😐]