Chapter 86
နျန်နျန် ကိုယ်ဗိုက်ဆာတယ်
ယွီနျန်က ရွှယ်ယုံ၏ နောက်ပါးမှ ခေါင်းထွက်လာပြီး သတိထား၍ မေးလိုက်သည်။
"မိုးရွာတော့မှာလား"
ချူရှောင်းရန်က ရွှယ်ယုံ၏ အကြည့်များကို ရှောင်ကာ ယွီနျန်ကို ပြန်ဖြေလိုက်သည်
။ "ဟုတ်တယ်... ဟုတ်တယ်... မိုး သည်းသည်းမည်းမည်း ရွာလောက်တယ်... ငလျင် လှုပ်ထားတာဆိုတော့ မြေချော်တာရော ရွှံ့ချော်တာရော ဖြစ်နိုင်တယ်... အန္တရာယ်များမှာပဲ... မြန်မြန် ထွက်သွားကြရအောင်"
သူ ရွှယ်ယုံကို ထပ်ကြည့်လိုက်ပြီး ရှင်းမပြနိုင်အောင်ပင် စိတ်လှုပ်ရှားလာသည်။
"အမ်... ငါ့ကို ဒီလို လာမကြည့်နဲ့... ငါ့ကို ရတတ်မအေး ဖြစ်ပြီး ကြောက်အောင် လုပ်နေတာပဲကွ"
ရွှယ်ယုံ အကြည့်များကို လွဲဖယ်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်မှုများ ပြည့်နှက်သွားသည်။
"ဒါဆိုလည်း သွားကြတာပေါ့"
ပြောပြီးနောက် နှုတ်ခမ်းသပ်လိုက်သည်။ နွေဦးစမ်းရေ မရှိတော့ဘူး...
အပြန်လမ်းက အလွန်ခက်ခဲလှပြီး ကားလမ်းက ကြမ်းတမ်းကာ ခလုတ်ကန်သင်းများ၍ ရံဖန်ရံခါ လမ်းပိတ်သေးသည်။ ယွီနျန်က အနွေးဓါတ်ကြောင့် ငိုက်မျဥ်းလာပြီး ၎င်းကို သတိထားမိသည့် ရွှယ်ယုံက မဝံ့မရဲ အကြံပြုလိုက်သည်။
"မင်း... ကိုယ့်ပေါ် မှီပြီး အိပ်ချင်လား"
ယွီနျန်မှာ မျက်လုံးများ မပွင့်တပွင့်ဖြင့် ပြန်ဖြေလိုက်သည်။ "အိုကေ" ပြီးနောက် ခေါင်းကို ပြန်လှည့်၍ ရွှယ်ယုံ၏ ပုခုံးပေါ် မှီလိုက်သည်။ သူ့ခန္ဓါကိုယ် ပြေလျော့သွားပြီးနောက် မကြာမီ အသက်ရှုသံလည်း တည်ငြိမ်လာခဲ့သည်။
ရွှယ်ယုံမှာ မတ်မတ် ထိုင်နေပြီး လှုပ်ပင် မလှုပ်ရဲပေ။ ခလုတ်ကန်သင်းများဖြင့် တိုးတိုင်းလည်း သူ့လက်ကို ဂရုတစိုက်မကာ ယွီနျန်၏ ခေါင်းလေးကို ကာပေးထားပြီး ငြိမ်သွားသည်နှင့် လက်ပြန်ချထားတတ်သည်။ ကားက အလွန် တိတ်ဆိတ်နေပြီး ယွီနျန်၏ အသက်ရှူသံကိုသာ ကြားနေရသည်။ သူ့အတွေးများက တောင်စဥ်ရေမရ ပြေးလွှားနေပြီး သူတို့ ပြန်ရောက်သည်နှင့် ဤအဝတ်များကို လဲကာ ရက်အနည်းငယ်ကြာမှ လျှော်ရမည်ဟု တွေးနေမိသည်။
ယွီနျန်မှာ အချိန်အကြာကြီး မအိပ်ခဲ့ဘဲ ကားပြတင်းကို မိုးရေစက်များ လာမှန်သည့်အသံကြောင့် နိုးထလာခဲ့သည်။ သူက ပျင်းတိပျင်းရွဲဖြင့် အကြောဆန့်လိုက်ပြီး ကားပြတင်းကို ဖြတ်၍ တဖြည်းဖြည်း တောက်ပလာသော ကောင်းကင်နှင့် မှုန်ဝါးဝါး မိုးရေစက်များကိုကြည့်နေခဲ့သည်။ "အခု ဘယ်သွားနေကြတာလဲ"
ရွှယ်ယုံက ဖတ်လက်စ စာရွက်စာတမ်းများမှ အကြည့်လွှဲလိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"အခု နျင်းမြို့ကို ပြန်ဖို့ လေဆိပ်ကို သွားနေတာ"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး အနည်းငယ် စိုးရိမ်သွားသည်။ "လေယာဥ်တွေက ပျံပါ့မလား"
"လေဆိပ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်လေယာဥ် ဆိုက်ထားတယ်... အဲ့ဒါနဲ့ ပြန်လို့ရတယ်"
ရွှယ်ယုံ ပြန်ဖြေလိုက်သော်လည်း မကြာမီ စိုးရိမ်စကား ပြောလိုက်သည်။
"နည်းနည်းလောက် ထပ်အိပ်ချင်သေးလား"
“တော်ပါပြီ... အခု နိုးသွားပြီ"
ယွီနျန် အကြည့်များကို နှိမ့်လိုက်သည်။
"ရုတ်တရက် မနေ့က ဖြစ်ခဲ့တဲ့ အရာအားလုံးက အိမ်မက်တစ်ခုလိုခံစားရတယ်... မကြာခင်တုန်းက တောင်တန်းတွေထဲ ပိတ်မိနေပြီးတော့ နောက်ဆက်တွဲငလျင်တွေ လှုပ်လာမှာကို စိုးရိမ်နေခဲ့ရတာ... အခုတော့ နျင်းမြို့ကို ပြန်သွားမယ့်လမ်းပေါ် ရောက်နေပြီ"
ရွှယ်ယုံ၏ လက်ချောင်းများ တွန့်သွားပါသော်လည်း နောက်ထပ်စက္ကန့်အနည်းငယ်အကြာ ယွီနျန်၏ နှဖူးထက်မှ ဆံပင်ရှုပ်ရှုပ်လေးများကို သပ်ပေးလိုက်သည်။ သူ အသံလျှော့ကာ နှစ်သိမ့်ပေးလိုက်သည်။
"မင်းအခု ဘေးကင်းသွားပြီ"
နေ့လည်ပိုင်းတွင် လေယာဥ်က နျင်းမြို့တော် လေဆိပ်တွင် ဆင်းသက်လာခဲ့သည်။ သူတို့က အထူးလမ်းကြောင်းမှ ထွက်လာသောအခါ အနက်ရောင်Aston Martinကားက ကားပါကင်တွင် စောင့်ဆိုင်းနေပြီး ယွီနျန်ကို ကြိုရန် အသင့်ဖြစ်နေသည်။
ယွီနျန် ခေါင်းလေးကို လှည့်လိုက်ရာ ရွှယ်ယုံကလည်း သူ့ကိုပင် ပြန်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူတို့၏ အကြည့်များကို လွဲဖယ်လိုက်ကြရင်း ခြေလှမ်းများက တစ်နေရာတွင် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ယွီနျန် လက်များကို အိတ်ကပ်ထဲတွင် ထည့်ကာ အရင်ပြောလိုက်သည်။
"ကျွန်တော့်ကို လာရှာပေးလို့ ကျေးဇူးပါ"
ရွှယ်ယုံမှာ လည်းစီးလည်း ဝတ်မထားသည့်အပြင် အနက်ရောင် အနောက်တိုင်း ဝတ်စုံ၏ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကိုလည်း ဖြုတ်ထားပြီး ပုံမှန် ရှိနေကျဖြစ်သော သပ်ရပ်ရှင်းသန့်မှုများ ကင်းမဲ့နေသည်။ သူ့အသံကမူ နူးညံ့ကြင်နာနေဆဲ။
"ပြန်ရောက်ရင် ကောင်းကောင်း အနားယူ"
“ဟုတ်... ကျွန်တော် ပြန်ရောက်ရင် livestream အရင် လုပ်ရမှာ... အွန်လိုင်းပေါ်မှာ ကောလဟာလတွေ အမျိုးမျိုး ပြန့်နေတာ... ကျွန်တော် သေသွားပြီဆိုတာတွေရောပဲ... ကုမ္ပဏီရဲ့ တရားဝင်ငြင်းဆိုချက်ကလည်း အလုပ်ဖြစ်ပုံမပေါ်ဘူး... ဒါကြောင့် ဒါတွေ ပျောက်သွားအောင် ကျွန်တော် ကိုယ်တိုင် လိုက်ဖ်လွှင့်မှ ဖြစ်မယ်" ယွီနျန် ပြုံး၍ ပြောလိုက်သည်။ နှစ်စက္ကန့်လောက် တိတ်သွားပြီးနောက် ရွှယ်ယုံကို အကြံပေးလိုက်သည်။
"ခင်ဗျားလည်း ကောင်းကောင်း အနားယူသင့်တယ်နော်"
“ကောင်းပါပြီ... ကိုယ်ပြန်သွားရင် အစည်းအဝေးနှစ်ခုနဲ့ စာရွက်စာတမ်း ရှစ်ခု ကြည့်စရာ ရှိသေးတယ်... ပြီးတာနဲ့ နားလိုက်မယ်"
ရွှယ်ယုံ ပြန်ဖြေလိုက်သည်။
ယွီနျန် ခေါင်းငြိမ့်လိုက်ပြန်သည်။
"ဟုတ်ပါပြီ... ဒါဆိုလည်း" သူ မျက်လုံးလေးများကို ကွေးညွှတ်လိုက်သည်။
"ကျွန်တော် အရင်သွားနှင့်မယ်"
ရွှယ်ယုံက ယွီနျန်၏ မျက်တောင်လေးများကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ"
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် သူတို့ထဲက တစ်ယောက်မှ မလှုပ်ခဲ့ကြ။ ယွီနျန် ပြုံးလိုက်ပြီးနောက် မျက်လုံးလေးများက ကြယ်လေးများကဲ့သို့ တလက်လက်တောက်လာခဲ့သည်။
"ကျွန်တော် အခု တကယ်သွားပြီနော်"
ရွှယ်ယုံ၏ မျက်လုံးများမှာလည်း အပြုံးရိပ်လေးများ ထင်လာခဲ့သည်။ "အိုကေ"
သူတို့ ကားထဲသို့ ဝင်လိုက်ကြသောအခါ ဒရိုင်ဘာက မုန့်ယွမ်နှင့် ရှစ်ရော့ကို ဆေးရုံသို့ အရင်ခေါ်သွားပေးပြီးမှ လမ်းကြောင်းပြောင်းကာ ယွီနျန်ကို အိမ်လိုက်ပို့ပေးသည်။ ရေချိုးပြီးသောအခါ ယွီနျန်က ဆံပင်မခြောက်တခြောက်ဖြင့် ကွန်ပြူတာရှေ့တွင် ဝင်ထိုင်လိုက်သည်။ သူက အရင်ဆုံး ဝေ့ပေါ်တွင် ပိုစ့်တင်လိုက်ပြီးနောက် live streaming appကို ဖွင့်ကာ ကင်မရာကို လက်ယမ်းပြလိုက်သည်။
“ဟယ်လို အားလုံးပဲ... ယွီနျန်ပါ... ပြန်တွေ့ရလို့ ဝမ်းသာပါတယ်"
ကွန်ပြူတာ မျက်နှာပြင်ထက် အီမိုဂျီနှင့် နှုတ်ဆက်စကားများ အပြည့် ဖြစ်သွားပြီး ယွီနျန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"အားလုံးကို စိုးရိမ်စေခဲ့မိလို့ တောင်းပန်ပါတယ်... ကျွန်တော် အဆင်ပြေနေပါတယ်... အဲ့ဒီအချိန်တုန်းက အခြေအနေကတော့ ကျွန်တော်က အခမ်းအနားနေရာနဲ့ အနီးက ရေအရင်းအမြစ် အရင်းခံနေရာကို ဖူနာအလင်္ကာက ဝန်ထမ်းတစ်ယောက်နဲ့အတူ သွားခဲ့တာပါ... အခမ်းအနားပြင်ဆင်ရေးတွေ မပြီးသေးတော့ အရင်းအမြစ်နေရာကို ဒေသခံလမ်းညွှန်တစ်ယောက်နဲ့အတူ လမ်းကျဥ်းကနေ သွားခဲ့တာလေ"
“ငလျင်လှုပ်သွားတော့ လမ်းညွှန်နဲ့ ကျွန်တော် နှစ်ယောက်လုံး တောင်ပေါ်က ကျောက်တုံးတွေ မြေကြီးတွေ ကျလာတာကို ရှောင်ရှားနိုင်ခဲ့တယ်... ပြီးတော့ ဒဏ်ရာတွေလည်း မရခဲ့ကြဘူး... ဒါပေမယ့် လမ်းကို ကျောက်တုံးတွေ ပိတ်ဆို့သွားတော့ အပေါ်မတက်နိုင်ဘဲ ရေအရင်းအမြစ်နေရာအနီးက လေဟာပြင်လေးမှာ ကယ်ဆယ်ရေးတွေကို စောင့်နေခဲ့ရတာပါ"
ပြောပြီးနောက် ယွီနျန် ထရပ်ကာ တစ်ပတ်လှည့်ပြလိုက်သည်။
"ကြည့်လေ... ကျွန်တော် အခု တကယ် အဆင်ပြေနေပြီ... အင်တာနက်ပေါ်က ကောလဟာလတွေကို မယုံကြည်ကြပါနဲ့"
[ဟူး... တော်သေးလို့ပေါ့... သတင်းကြားတုန်းကဆို ငါတကယ် လန့်သွားတာ... အဆင်ပြေလို့ တော်ပါသေးတယ်... ဆုတောင်းနေခဲ့တာ]
[အဲ့ဒီကလစ်ငါးစာ အကောင့်တွေက ရွံစရာကောင်းချက်ပဲ... အဲ့ဒီကြုံရာကျပန်း ဓါတ်ပုံလေးတွေနဲ့ ဝန်ထမ်းတွေဆီက အတွင်းသတင်းတွေပါဆိုပြီး အခိုင်အမာ ပြောနေကြသေးတယ်... ဒဏ်ရာ အပြင်းအထန်ရနေပါတယ်ဆိုပြီး ဘယ်သူ့ကို လာကျိန်ဆဲနေတာလဲ... ဒေါသထွက်စရာကောင်းချက်]
[ယွီနျန် ဘေးကင်းပြီး သန်သန်မာမာ ဖြစ်နေတာကို မြင်ရမှပဲ ငါ့နှလုံးသားလေး ငြိမ်းအေးသွားတော့တယ်... အဲ့ဒီ ကလစ်တောင်းတဲ့ အကောင့်တွေကို မယုံကြပါနဲ့... ဒါပေမယ့် ငါလည်း ရင်ပူနေခဲ့ရတာ... ကောင်းကင်ဘုံက ယွီနျန်ကို ကာကွယ်ပေးနေတာပဲ ဖြစ်ရမယ်]
ထိုအခိုက် screenကြီး အမှောင်ကျသွားပြီး လက်ဆောင်ပေးသည့် အသိပေးချက်များ ပေါ်လာကာ ထုံးစံအတိုင်း စိန်တုံး 999တုံးပါပင်။
ယွီနျန်က ကွန်မန့်နေရာတွင် လူအုပ်ကြီး ပေါက်ကွဲနေကြသည်ကို လျစ်လျူရှုကာ "နျန်နျန်ယုံယွီ"ဟူသော အမည်ကို ကြည့်နေခဲ့ပြီး တောက်တောက်ပပပြုံးလိုက်သည်။ ရုတ်တရက် သူပြုံးလိုက်သည်။
"မင်းတို့ကို အကြာကြီး စိတ်ပူရအောင် လုပ်မိသွားတယ်... မင်းတို့ကို သီချင်းတစ်ပုဒ်ဆိုပြမယ်ဆိုရင်ရော... နားထောင်ချင်ရဲ့လား"
နောက်တစ်စက္ကန့်တွင် လူအုပ်ကြီးက "ကျော့ရှင်းသော" "တောင်တန်းပေါ်က နှင်းစက်" စသည်ဖြင့် ခပ်မြန်မြန် အကြံပြုလာကြပြီး "လှိုင်းကြက်ခွပ်" "အလှမ်းဝေးသောကြယ်" "ဆုံးရှုံးစရာမရှိ"နှင့် အခြားသော သီချင်းနာမည်များပါ ကျိုးကြားကျိုးကြား ပါနေသေးသည်။
ယွီနျန် တစ်ခဏမျှ တွေးလိုက်မိသည်။ "ဒါဆိုလည်း 'တောင်တန်းပေါ်က နှင်းစက်'ကို ဆိုရတာပေါ့... ဒါပေမယ့် အသံက သေချာမဖွင့်ရသေးတော့ အသံယိုင်သွားရင် မရယ်ကြနဲ့နော်"
ပြောပြီးနောက် ယွီနျန်က ကင်မရာရိုက်ချက်ကို ချိန်ညှိလိုက်ပြီး သူ့လက်များကို စန္ဒယားခလုတ်များ ပေါ်တွင် တင်ကာ ခိုင်ခိုင်မြဲမြဲ ဖိနှိပ်လိုက်သည်။ ပီယာနိုသံကျွတ်ဆတ်ဆတ်က လေထုထဲတွင် ပျံ့နှံ့သွားလေသည်။
[သောက်ကျိုးနဲ... ဒီနေ့က နျန်ကော်မလေးတွေအတွက် နှစ်သစ်ကူးများလား... ယွီနျန် 'တောင်တန်းပေါ်က နှင်းစက်'ကို တိုက်ရိုက်ဆိုပြနေတာ တကယ်ကြီး တွေ့နေရပြီ... သေစမ်း]
[နျန်ကော်လေး အကင်ခံလိုက်ရပြီ... တောက်တောက်စင်းခံလိုက်ရပြီ... ပေါက်ကွဲသွားပြီဟေ့... ယွီနျန်ရေ... ဒီလောက် ကျယ်တဲ့ vocal rangeနဲ့ ဆိုနေတာတောင် အဲ့မှာပဲ ထိုင်ပြီး အမူအယာမပျက် အသက်ရှူသံ မမှားဘဲ ဆိုနေနိုင်တာပဲလား... ဒီသီချင်းက ' ကာဗာသီချင်းတွေကို အမြစ်ဖြုတ်နိုင်တယ်'ဆိုတဲ့ သတ်မှတ်ချက်နဲ့ ထိုက်တန်တယ်]
[အား... ငါ့နားလေး ကောင်းချီးပေးခံရနေရတာပဲ... နေစမ်းပါဦး... ဒီစာပိုဒ်က တစ်ခုခု လွဲမနေဘူးလား... ဟားဟားဟား... ယွီနျန်ရေ မင်းက စာသားပြစက် မရှိဘဲ အသက်မရှင်နိုင်ဘူးဆိုတာ တကယ်ပဲကိုး... မင်းကိုယ်တိုင် ရေးထားတဲ့ သီချင်းကိုတောင် မေ့ရတယ်လို့]
[ဟားဟားဟား... ရယ်လိုက်ရတာ... ရေပန်းစားသွားမယ်ဆိုတာ အာမခံတယ်... နာမည်ကြီး အဆိုတော်က live stream လုပ်ရင်း လက်တန်းဆိုပြလိုက်တာ ရုပ်တည်ကြီးနဲ့ စာသားမေ့သွားတယ်]
တီးလုံးပြောင်းသွားချိန် ယွီနျန်က လူအုပ်ကြီးကို ကြည့်ကာ ချက်ချင်းပင် ဟန်ပျက်သွားရပြီး သူတို့၏ ကွန်မန့်များကြောင့် စိတ်ရွှင်လာရလေတော့သည်။ သူ အနည်းငယ် ရှက်ရွံ့နေသောကြောင့် စာသားမေ့သွားတာလား ဟူသော မေးခွန်းများကို မမြင်ဟန်ဆောင်လိုက်လေသည်။
ယွီနျန်က သံစဥ်လိုက်ညည်းလိုက်ပြီးနောက် သီချင်းဆက်ဆိုလိုက်၏။
"မင်းက ကိုယ့်ရဲ့ အိမ်မက်တွေထဲက တောင်တန်းပေါ်က လေပြေညင်းလေး... နှင်းစက်မှုန်လေးတွေ... အစားထိုးမရနိုင်အောင်... ပျံဝဲနေတဲ့ ပန်းပွင့်နီလေး... နဂါးငွေ့တန်းက ငွေရောင်တလက်လက်တောက်လို့... ကိုယ့်နှလုံးသားကို ဖမ်းဆုပ်ထားတာ ကြာခဲ့ပြီ..."
သီချင်းဆုံးသွားသောအခါ ယွီနျန်က "ဟားဟားဟား"နှင့် "အားး" ဟူသော ကွန်မန့်များဖြင့် ပြည့်နေသည့် screenကို ကြည့်လိုက်မိသည်။ သူက စန္ဒယားခုံ၏ အဖြူနှင့် အနက်ရောင် ကီးများကို နှစ်ကြိမ် ခေါက်၍ ပြောလိုက်သည်။
"တကယ်ပါပဲ... ကျွန်တော့်ရဲ့ ပါရမီက စာသားပြစက်ကနေလာတာပါ... ဒီတစ်ခေါက်အတွက်တော့ နတ်သမီးလေးတွေကနေပဲ ကျွန်တော့်အတွက် ကူပြီး လျှို့ဝှက်ပေးထားပါနော်"
လူအုပ်ကြီးက "ကောင်းပါပြီ" ဟူသော စကားများကို မြန်မြန် ရေးသားလာကြသည်။ သို့သော်လည်း ယွီနျန် livestream ပိတ်လိုက်ပြီး သိပ်မကြာခင်မှာပင် #ယွီနျန်livestreamလုပ်ရင်း စာသားမေ့သွား# ဟူသော hashtagက ကျော်ကြားနေလေပြီး မိုးထိမြင့်အောင် လူသိများလာကာ နံပါတ်ငါးနေရာသို့ပင် ရောက်လာခဲ့သည်။
မုန့်ယွမ်ကလည်း မဆိုင်းမတွ ဖုန်းခေါ်လာပြီး ဖုန်းထဲမှတဆင့် တဟားဟား ရယ်လာခဲ့သည်။
"ဟားဟားဟား... မင်းရဲ့ လျှို့ဝှက်ချက်လေးက ဘာဖြစ်သွားတာလဲ... မင်းဖန်တွေက မင်းကို လွှတ်မပေးကြပါလား"
“လူတိုင်းသိတဲ့ လျှို့ဝှက်ချက်မို့နေမှာပေါ့ဗျာ" ယွီနျန် တီးတိုးရယ်လိုက်ပြီး စိုးရိမ်စိတ်ကို ဖော်ပြလိုက်သည်။
"အစ်ကိုမုန့်... လက်ဘယ်လိုနေသေးလဲ... ပြီးတော့ အစ်မရော့ရော့ရဲ့ ခြေထောက်ကရော"
“ရှစ်ရော့က ခြေချင်းဝတ် နည်းနည်းပဲ လည်သွားတာ... ခဏလောက်တော့ နာနေဦးမှာ... ဆေးရုံသွားပြီးသွားတော့ တော်တော်လေး သက်သာသွားပြီ... ငါ့လက်က ကိစ္စကြီး မဟုတ်ပါဘူး... အရိုးတွေတောင် မနာဘူး"
မုန့်ယွမ် တစ်ခုခု အမှတ်ရသွားလေသည်။ "ဒါနဲ့ ယွီချင်း ပြန်သွားပြီလား"
“မဟုတ်ဘူး... ကျွန်တော် သူ့ကို ဖုန်းခေါ်လိုက်တယ်... ကျွန်တော် အဆင်ပြေတာကြားတော့ လေယာဥ်ပြန်စီးသွားတာ... မိတ်ကပ်မဖျက်ရသေးတော့ အဆင်ပြေသေးတယ်လို့ ပြောသွားတာပဲ... ပြန်ရောက်တာနဲ့ ရုပ်ရှင်ဆက်ရိုက်လို့ ရပြီတဲ့"
“ဟားဟားဟား... မင်းအစ်မကတော့ အမြဲတမ်း အားအပြည့် ဖြစ်နေတာပဲ... ဒီတစ်ကြိမ်က တကယ် လန့်စရာ ကောင်းခဲ့ပေမယ့် တရားဝင် ထုတ်ပြန်စာကို ဖတ်ကြည့်လိုက်ပြီးပြီ... ပြင်းအားက သိပ်မများဘူး... ငါတို့ရောက်နေတဲ့ နေရာက ဗဟိုချက်နဲ့ နီးသွားလို့ သက်ရောက်မှူ ကြီးသွားတာ... ရွာထဲက အိမ်တွေ တော်တော်များများ ပြိုကျကုန်ကြတယ်.... ပြီးတော့ တိရစ္ဆာန်အချို့ ထိခိုက်သွားကြပေမယ့် ကံကောင်းလို့ လူတွေထဲမှာတော့ အသေအပျောက် မရှိဘူး... ကံဆိုးတဲ့ကြားက ကံကောင်းတာပေါ့ကွာ"
မုန့်ယွမ် တစ်ခဏမျှ သက်ပြင်းချလိုက်သည်။
"အင်း.... အဲ့အကြောင်း ထပ်မတွေးနဲ့တော့... ကောင်းကောင်းနားပြီး အိပ်လိုက်တော့... အိုး... ပြီးတော့ ဖူနာအလင်္ကာဘက်ကလည်း ဆက်သွယ်လာတယ်.... ပွဲကို ဖျက်လိုက်ရပေမယ့် သူတို့သဘောတူထားတဲ့ အခကြေးငွေ ပေးမယ်တဲ့... စာအိတ်နီကြီးကြီးတောင် ပို့ပေးလိုက်သေးတယ်... ပြီးတော့ "ကျွန်တော့်ရဲ့ တစ်နေ့တာ"ကို မနက်ဖြန် လွှင့်လိမ့်မယ်... ပြန်တင်ဖို့ သတိရ... မေ့သွားရင်လည်း မစိုးရိမ်နဲ့... ငါထပ်ပြီး သတိပေးမယ်"
"ဟုတ်ပါပြီ... အစ်ကိုမုန့်လည်း ဂရုစိုက်ပြီး အနားယူလိုက်ပါဦး"
နောက်တစ်နေ့ ညနေ8နာရီတွင် "ကျွန်တော့်ရဲ့ တစ်နေ့တာ" အစီအစဥ်ကို Amber TVတွင် အချိန်ကိုက် ထုတ်လွှင့်ခဲ့သည်။ အဖွင့်သီချင်း ထွက်လာသည်နှင့် ရွှယ်ယုံတစ်ယောက် လုပ်လက်စ အလုပ်များ ပစ်ချကာ အာရုံတစိုက် ကြည့်လိုက်ပြီး screenshotများ ခပ်မြန်မြန် ရိုက်ယူထားခဲ့သည်။
ကင်မရာက ဝက်ဆားနယ်ခြောက်များ ကြော်နေသည့် ယွီနျန်ထံ ကျရောက်သွားသောအခါ ရိုက်ကူးရေးအဖွဲ့က အားလပ်ချိန်များတွင် ချက်ပြုတ်လေ့ရှိသည်လားဟု မေးလာခဲ့သည်။
ယွီနျန် ပြန်ဖြေလိုက်သည်။ "ဟုတ်... ကောလိပ်မှာကတည်းက အချက်အပြုတ် သင်ထားတာလေ... နောက်ကျရင် ကျွန်တော် သဘောကျရတဲ့လူကို ချက်ပြုတ်ပေးနိုင်ဖို့ မျှော်လင့်တယ်"
ထိုစကားလုံးများကို ကြားသောအခါ ရွှယ်ယုံ၏ မျက်နှာက တစ်ခဏမျှ အေးခဲသွားလေသည်။ သူတစ်စုံတစ်ခုကို သတိရမိပြီး ငြိမ်ငြိမ် မထိုင်နိုင်တော့။ ကုတ်အင်္ကျီကို ဆွဲယူကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
****
ယွီနျန်မှာ စာကြည့်ခန်းထဲတွင် ထိုင်ကာ ယွီချင်းနှင့် စကားပြောနေရင်း ဘောပင်တစ်ချောင်းကို ဟိုခြစ်သည်ခြစ် လုပ်၍ သီချင်းရေးရန် ကြိုးစားနေသည်။ သို့သော်ငြား သီချင်းစာသားဖြစ်စေ ပုံဖြစ်စေ မည်သည့်အတွေးမှ ထွက်မလာပေ။ သူ့အတွေးများက ပျံ့လွင့်၍နေပြီး ရွှယ်ယုံ သူ့ကို ဖက်ထားပြီး "အဆင်ပြေသွားပြီ... ကိုယ်မင်းကို ရှာတွေ့ပြီ" ဟု ပြောခဲ့စဥ်က အချိန်ကို အမှတ်ရမိနေလေသည်။
ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ယွီနျန်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။ ဘောပင်ကို လက်ချောင်းများအကြား ညှပ်လိုက်ရင်း ချက်ချင်းပင် ရေးသားလိုက်မိသည်။
📝 "ညနက်ကောင်းကင်အောက်မှာ မင်းရဲ့ အရိပ်လေးက အရမ်းကို လှနေပေမယ့် ငါ့မှာတော့ အနားမကပ်ရဲခဲ့... ငါ့ခံစားချက်တွေလည်း ဒွိဟ ဖြစ်နေရပြီ... မင်းစိတ်ရှုပ်သွားမှာကိုလည်း ကြောက်မိပါရဲ့... တဖြည်းဖြည်း လောဘကြီးလာလိုက်တာ ခွဲခွာဖို့ကို တောင့်ခံနိုင်မယ် မထင်ဘူး"
ရေးပြီးနောက် သူ ယွီချင်းကို ပြလိုက်သည်။ ယွီချင်းက မျက်ခုံးများကို ပင့်ကာ ပြုံးလိုက်သည်။
"အိုး... သဘောကျနေတဲ့သူ ရှိတော့ အတွေးတွေကအစ အရောင်အသွေး စုံနေတာကိုး"
ယွီနျန် တစ်ခုခု ပြောတော့မည်အပြု တံခါးဘဲလ်သံ မြည်လာသည်ကို ကြားလိုက်ရသည်။ သူက တံခါးဝဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ယွီချင်းကို ပြောလိုက်သည်။
"မမ... အခု စကားပြောလို့ မရတော့ဘူး... ဗီဒီယိုကော ပိတ်လိုက်တော့မယ်" ပြီးနောက် သူ ဖုန်းတန်းချလိုက်သည်။
ယွီနျန် တံခါးဖွင့်လိုက်သောအခါ ရွှယ်ယုံ
ကို တွေ့လိုက်ရသည်။
"ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"နျန်နျန်... ကိုယ်... ကိုယ် ဗိုက်ဆာတယ်"
"ဗိုက်ဆာတာလား"
ယွီနျန် ပြုံးပြလိုက်သည်။
"ဒါဆို ဝင်လာလေ... ခင်ဗျားအတွက် ညလယ်စာ လုပ်ပေးမယ်"