Chapter 87
မင်းချက်တဲ့ အစားအသောက်တွေ ကိုယ်စားရတယ်ဆိုတော့ မင်းသဘောကျနေတဲ့သူက ကိုယ်များလား
ယွီနျန်က ရွှယ်ယုံကို ဆိုဖာပေါ်သို့ ခေါ်လာကာ ထိုင်ခိုင်းလိုက်ပြီးနောက် အင်္ကျီလက်များကို ပင့်တင်၍ ရွှယ်ယုံကို မေးလိုက်သည်။
"ခင်ဗျား ဗိုက်ဆာနေတာဆိုတော့ ဘာစားချင်လဲ... ကျွန်တော် ခင်ဗျားအတွက် ချက်ပေးမယ်"
ရွှယ်ယုံက ယွီနျန်၏ လက်ကောက်ဝတ်လေးကို ငေးကြည့်နေပြီးနောက် စက္ကန့်အတော်ကြာပြီးမှ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရတယ်"
မင်းလုပ်တာဆိုရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်...
"ကောင်းပြီလေ... ဒါဆို ကျွန်တော် စဥ်းစားလိုက်ဦးမယ်... ရေခဲသေတ္တာထဲမှာ ညကကျန်တဲ့ ထမင်းနည်းနည်း ရှိဦးမယ်... အသီးအရွက်တွေ၊ တိုဖူးနဲ့ အသားစဥ်းကောလည်း ရှိတယ်ဆိုတော့ ထမင်းကြော်နဲ့ အသီးအရွင် တိုဖူးစွပ်ပြုတ် လုပ်ပေးမယ်လေ"
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်ကို မြင်သောအခါ ယွီနျန် မီးဖိုချောင်ဘက်သို့ လှည့်ထွက်လာခဲ့သည်။
"ခဏလောက် စောင့်ပေးနော်... ကျွန်တော် မြန်မြန် လုပ်လိုက်မယ်"
သို့သော်ငြား မီးဖိုခန်းထဲသို့ သူဝင်လာသည်နှင့် ရွှယ်ယုံလည်း သူ့နောက်မှ တိတ်တိတ်လေး လိုက်လာကြောင်း သတိပြုမိလိုက်၏။ ယွီနျန်မှာ ရွှယ်ယုံတစ်ယောက် မည်သည့်ဘက်သို့ အကြည့်ပို့ရမည်မသိ ဖြစ်နေသည်ကို မြင်သောအခါ ပြုံး၍ မေးလိုက်သည်။
"ဘာလို့ ကျွန်တော့်နောက်က လိုက်နေတာလဲ"
ရွှယ်ယုံက တစ်ခဏအကြာမှ ပြန်ဖြေလာသည်။
"ကိုယ်မင်းကို ကူညီပေးချင်လို့လေ... အဆင်ပြေရဲ့လား"
ယွီနျန် တစ်ခဏမျှ တွေးကြည့်လိုက်ပြီးနောက် ရေခဲသေတ္တာထဲမှ အခွံခွာထားသော အာလူးများကို ယူကာ ရွှယ်ယုံထံ ကမ်းပေးလိုက်သည်။ ထို့နောက် ဓါးနှင့် စဥ်းလှီးခုံဘက်ကို ညွှန်ပြလိုက်သည်။
"ဒါဆိုရင် ဒီအာလူးတွေကို ခင်ဗျားကိုပဲ လုပ်ခိုင်းလိုက်မယ်... ပါးပါးလေးတွေ လှီးပေးနော်... ပြီးရင် ခင်ဗျားစားဖို့ အာလူးကြော် လုပ်ပေးမယ်'"
ရွှယ်ယုံက အရေးကြီးသော အလုပ် လက်ခံလိုက်ရဟန်ဖြင့် အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ သူ ဓါးနှင့် အာလူးကို ယူကာ မီးဖိုစင်ရှေ့တွင် ရပ်လိုက်ပြီး တစ်ခဏမျှ လေ့လာနေသည်။ သူပထမဆုံး အာလူးကို နှစ်ခြမ်းခွဲလိုက်သည်။
ယွီနျန်က ရွှယ်ယုံကို အာရုံမပျက်စေဘဲ အခြားသော ပါဝင်ပစ္စည်းများကို ကျွမ်းကျွမ်းကျင်ကျင် ပြင်ဆင်နေခဲ့သည်။ သူက မီးဖိုအငွေ့ထုတ်စက်ကို ဖွင့်လိုက်ပြီး ရေတည်ကာ အသီးအရွက် တိုဖူးစွပ်ပြုတ် တစ်အိုး ပြင်လိုက်သည်။ နောက်ထပ်အိုးတစ်လုံးတွင် ထမင်းကြော်လိုက်သည်။ မကြာခင် အစားအသောက်ရနံ့လေးများက သင်းပျံ့၍လာသည်။ ယွီနျန် တစ်ခုခုကို အာရုံခံစားမိသည့်အလား ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကို နင့်နင့်သည်းသည်း စိုက်ကြည့်နေသည့် ရွှယ်ယုံအား တွေ့လိုက်ရသည်။ သူ့ နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားပြီး သတိပေးလိုက်သည်။
"ဂရုစိုက်နော်... ခင်ဗျားလက်ပါ မဖြတ်မိစေနဲ့ဦး"
ရွှယ်ယုံက အာရုံပြန်ဝင်လာသလို ခေါင်းငြိမ့်ပြလိုက်ပြီး အာလူးလှီးရာတွင်သာ အာရုံပြန်စိုက်၍ နူးနူးညံ့ညံ့ ပြန်ဖြေသည်။
"အိုကေ"
မိနစ်နှစ်ဆယ်အတွင်း ထမင်းကြော်နှင့် စွပ်ပြုတ်တို့ အသင့်ဖြစ်နေလေပြီ။ ယွီနျန်က စားပွဲပြင်ကာ ဟင်းပွဲများကို နေရာချထားလိုက်သည်။ သူ ရွှယ်ယုံ၏ ရလဒ်များကိုလည်း တစ်ချက်ကြည့်လိုက်သေးသည်။
"အိုး... အာလူးချပ်လေးတွေက ကြည့်ကောင်းသားပဲ"
ပထမဆုံး လုပ်ခြင်း ဖြစ်သည့် ရွှယ်ယုံမှာလည်း ယွီနျန်၏ ချီးကျူးမှုကြောင့် မျက်လုံးလေးများ တောက်ပသွားသည်။
ယွီနျန် သူ့ဖုန်းကို ထုတ်ကာ မညီညာသော်လည်း ကြည့်ကောင်းနေသေးသည့် အာလူးပြားလေးများကို ဓါတ်ပုံရိုက်လိုက်သည်။ ဓါတ်ပုံရိုက်နေရင်းဖြင့် ပြောလိုက်သေးသည်။
"ဒါက ငါတို့ ရွှယ်ယုံလေး ပထမဆုံးအကြိမ် အာလူးလှီးထားတာပဲလေ... အမှတ်တရအဖြစ် ဓါတ်ပုံရိုက်ထားမှ ဖြစ်မယ်"
ရွှယ်ယုံ၏ လက်ဖဝါးလေးများ နွေးထွေးသွားပြီး တီးတိုးထုတ်ပြောလိုက်မိသည်။
"ငါတို့ရွှယ်ယုံလေး"
ထမင်းကြော်နှင့် စွပ်ပြုတ်တို့ကို စားပွဲပေါ်တွင် တည်ခင်းပြီးလေပြီ။ ယွီနျန်က သူကိုယ်တိုင်အတွက်လည်း တူတစ်စုံ ထုတ်ကာ စွပ်ပြုတ်တစ်ခွက် ခပ်လိုက်ပြီး ရွှယ်ယုံနှင့်အတူ ညလယ်စာပွဲတော်ကို ပူးပေါင်းပါဝင်ပေးခဲ့သည်။
ရွှယ်ယုံက အပိုအလိုအသံများ မထွက်စေရဘဲ တိတ်တဆိတ် စားသောက်နေပြီး ကိုယ်ဟန်အမူအယာ ကျော့ရှင်းကာ ဆွဲဆောင်မှု ရှိနေသည်။ ထမင်းကြော် တစ်ဇွန်းစားလိုက်ပြီးနောက် ရွှယ်ယုံက ကြွေဇွန်းလေးကို ကိုင်ကာ နေရခက်ဟန်ဖြင့် မေးလိုက်သည်။
"ဘာလို့... ကိုယ့်ကို ဒီလိုကြီး တစ်ချိန်လုံး စိုက်ကြည့်နေရတာလဲ"
ယွီနျန်က ပန်းကန်လုံး၏ အစွန်းတွင် လက်ညှိုးလေးတင်ကာ ရွှယ်ယုံကို တည့်တည့်ကြည့်လိုက်သည်။
"ခင်ဗျားက ကြည့်ကောင်းနေလို့လေ"
ရွှယ်ယုံ အသက်အောင့်ထားမိလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"အင်း... ဒါဆိုလည်း ဆက်ကြည့်နေ"
ယွီနျန်မှာ မတတ်နိုင်တော့ဘဲ ရယ်ထွက်လုနီးပါးပင်...
သူသဘောကျတဲ့လူက အပြင်ဘက်မှာ အဖတ်မလုပ်တတ်တဲ့ ပုံစံနဲ့ ချဥ်းကပ်ဖို့ ခက်ခဲပေမယ့်.... ဘာလို့များ အတွင်းစိတ်မှာကျ ဒီလောက်ထိ ချစ်ဖို့ကောင်းနေရတာလဲ...
ယွီနျန်က စွပ်ပြုတ်ကို အကုန်ပြောင်သည်အထိ တဖြည်းဖြည်း သောက်နေပြီး ရွှယ်ယုံ သူ့ပန်းကန်ထဲမှ နောက်ဆုံး ထမင်းလုံးလေးများကအစ အပြောင်စားလိုက်သည်ကို သတိပြုမိသည်။ သူ လက်ထဲတွင် ပန်းကန်များ ကိုင်လိုက်ပြီး ထရပ်လိုက်သည်။
"ကျွန်တော် ပန်းကန်ဆေးလိုက်မယ်"
“ကိုယ် လုပ်ပေးမယ်" ရွှယ်ယုံက ချက်ချင်း ထရပ်လိုက်ပြီး သူ့လက်များကို ယွီနျန်၏ လက်မောင်းထပ်တွင် တင်လိုက်သော်လည်း ဓါတ်လိုက်သွားသည့်အလား ပြန်ရုတ်ကာ ယွီနျန်၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရသည်။
"ကိုယ် လုပ်လို့ရမလား"
“ကျွန်တော်တို့ ကျောက်တုံး စက္ကူ ကတ်ကြေး ဆော့ကြရင်ရော... ရှုံးတဲ့သူ ဆေးကြေးလေ"
ယွီနျန် အကြံပြုလိုက်သည်။
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပြီလေ"
ယွီနျန်က ပန်းကန်များကို ပြန်ချထားလိုက်ပြီး လက်ကို မြှောက်လိုက်သည်။
"ဟုတ်ပြီ... ကျောက်တုံး စက္ကူ ကတ်ကြေး"
ရွှယ်ယုံက ကတ်ကြေး ထုတ်ပြီး ယွီနျန်က စက္ကူ လုပ်သည်။
ရွှယ်ယုံက မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာပြီးနောက် ပြောလိုက်သည်။
"ထပ်လုပ်ကြရအောင်"
ယွီနျန် ပြုံးလိုက်သည်။ "ရတာပေါ့"
သို့သော်လည်း အကြိမ် ခြောက်ကြိမ် ဆက်တိုက် ရောက်သည့်တိုင် ယွီနျန် အကြိမ်တိုင်း ရှုံးနေဆဲ။ ရွှယ်ယုံ သူ့ကိုယ်ပိုင် လက်သီးကို ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်ပြန်သည်။
"ကိုယ်တို့ ထပ်လုပ်ကြမလား"
အဆုံး၌ ခုနစ်ခေါက်မြောက်တွင် ယွီနျန် အနိုင်ရသွားသည်။ ရွှယ်ယုံ၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့် ဝင်းလက်သွားပြီး ပြောလိုက်သည်။ "ကိုယ် ပန်းကန်ဆေးလိုက်မယ်"
ပြောပြီးနောက် ယွီနျန် သူနှင့် ဆက်ပြိုင်ဦးမည်ကို စိုးရိမ်နေသည့်အလား ပန်းကန်များကို မီးဖိုထဲသို့ မြန်မြန် သယ်သွားပြီး မကြာခင် အထဲမှ ရေကျသံများ ကြားလိုက်ရသည်။
ယွီနျန်က စားပွဲဘေးတွင် ရပ်နေရင်း ဖုန်းထုတ်ကာ အာလူးချောင်းလေးများ၏ ပုံကို ဝေ့ပေါ်တွင်[[** "အာလူးချောင်းလေးတွေ" **]]ဟူသော စာဖြင့် တွဲတင်လိုက်လေသည်။
မကြာခင်အချိန်အတွင်း ရွှယ်ယုံ ပြန်တင်လိုက်သည်။
[[***"ရွှယ်ယုံ: ကောင်းကောင်းလည်း လှီးမထားဘူး// @ယွီနျန်: အာလူးချောင်းလေးတွေ [ပုံ]"***]]]
မီးဖိုးချောင် တံခါးပေါက်ဝတွင် ယွီနျန်က အကူအညီလိုသေးလားဟု မေးမည်ပြုသော်လည်း မထင်မှတ်ထားစွာပင် ရွှယ်ယုံက နီးကပ်လာသော ခြေသံများကို ကြားသည်နှင့် ခပ်မြန်မြန် ပြောလာခဲ့သည်။
"ကိုယ်တကယ် ပန်းကန်ဆေးနေတာပါ"
ယွီနျန်က ခြေလှမ်းရပ်ကာ ဆက်ဝင်မလာတော့ဘဲ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါပြီ... လုပ်လုပ်"
ထိုအခိုက် ဖန်များက ရွှယ်ယုံ၏ ဝေ့ပေါ်အကောင့်တွင် စုဝေးနေကြသည်။
[ဥက္ကဌရွှယ်ရေ... ပြောတာမှန်တယ်... ခုတလော နာမည်ကြီးနေတဲ့ စတားတွေ အသီးအရွက် လှီးတာလေး ဟင်းချက်တာလေးတောင် ဝေ့ပေါ်မှာ ပုံတွေ တစ်ပုံတစ်ပင်ကြီး လာတင်တင်နေကြတာကို သည်းမခံနိုင်တော့ဘူး .. ပြီးတော့ အောက်မှာ မျက်စိကန်းနေတဲ့ ဦးနှောက်မရှိ ဖန်တစ်အုပ်က ရှိကြသေးတယ်... စကားလုံးတွေနဲ့ ဖော်ပြလို့တောင် မရဘူး]
[ဒါဆို... အခု ယွီနျန်က ပြီးပြည့်စုံတဲ့ အိမ်ထောင်ရှင်တစ်ယောက် ဖြစ်အောင် ပုံဖော်နေတာများလား... အကြောင်းအရင်း မရှိဘဲနဲ့တော့ ဝေ့ပေါ်မှာ မတင်လောက်ဘူး ထင်တယ်]
[အား... သေစမ်း... ငါယွီနျန် ဝေ့ပေါ်မှာ တင်ကတည်းက တစ်မိနစ်တောင် မလွတ်ဖူးဘူး... ဥက္ကဌရွှယ်ကတော့ ပြန်တောင် တင်ပြီးသွားပြီ... ဒါက တစ်ယောက်ယောက်ကို အထူးစပယ်ရှယ် အာရုံထားနေတာမျိုးပဲ မဟုတ်ဘူးလား... ယုံယွီCPဖန်တွေကတော့ ဒီနေ့ ရင်ဖိုစရာပဲဟေ့... ငါလည်း မနက်ဖြန်ကျရင် ကြော်စားဖို့ အာလူးသွားဝယ်ဦးမယ်"
များအကြာမီ ရွှယ်ယုံတစ်ယောက် မီးဖိုဆောင်ထဲမှ ထွက်လာပြီးနောက် အရောင်ဖျော့ဖျော့ အဝတ်အစားများကို ဝတ်ဆင်ကာ ဆိုဖာပေါ်တွင် ခြေချင်းချိတ်ထိုင်၍ ခဲတံတစ်ချောင်းကိုင်ရင်း စာရွက်ပေါ်တွင် ပုံဆွဲနေသည့် ယွီနျန်ကို တွေ့လိုက်ရသည်။
သူ့ခေါင်းလေးကို အနည်းငယ် နှိမ့်ချထားကာ မီးဆိုင်းမှ အလင်းရောင် ခပ်နွေးနွေးက မျက်နှာအစိတ်အပိုင်းများကို အရိပ်ဖျော့ဖျော့ ထင်သွားစေသည်။ ရှပ်အင်္ကျီကော်လာ ခပ်လျော့လျော့က ညှပ်ရိုးလေးများနှင့် ပုခုံးကောက်ကြောင်းများကို ဖော်ပြနေပြီး ကုပ်ပိုးလျော့လျော့လေးကလည်း အဖုံးအကွယ် ရှိမနေလေဘဲ အသားအရည်ကလည်း ကြွေထည်ကဲ့သို့ ချောမွေ့နေလေသည်။
ယွီနျန်က လှုပ်ရှားသံများကို ကြားသောအခါ ပုံဆက်ဆွဲနေရင်း ပြောလိုက်သည်။
"ခဏလေးပဲ... ဒီမျဥ်းတွေ ဆွဲလို့ပြီးတော့မှာ.... ခဏလေးပဲ ထပ်စောင့်ပေး.... မကြာဘူး"
ပြောပြီးသည်နှင့် ခြေဗလာဖြစ်နေသော ခြေချောင်းလေးများကို ကုပ်လိုက်ရာ ခြေချောင်းထိပ်မှ သွေးကြောများက အလွန်ထင်ရှားလာခဲ့သည်။
ရွှယ်ယုံက အသံတစ်ချက်မှ မထွက်ဘဲ ရပ်မြဲရပ်နေပြီး မီးဖိုချောင်တံခါးကို မှီကာ ယွီနျန်ကို တိတ်တိတ်လေး စောင့်ကြည့်နေခဲ့သည်။
အခန်းထဲတွင် စာရွက်များထက် ခဲတံ ရေးခြစ်နေသံသည်သာ တစ်ခဏလောက်အထိ ကြီးစိုးသွားခဲ့သည်။
ရုတ်တရက် ရွှယ်ယုံတစ်ယောက် သူငယ်စဥ်ကလည်း သူ့မိသားစုက ထိုကဲ့သို့ပင် ဖြစ်ခဲ့သည်ကို အမှတ်ရမိသွားသည်။ ညစာစားပြီးချိန်များ၌ သူ့အဖေနှင့် အစ်ကိုက သတင်းများအကြောင်း ဆွေးနွေးနေကြချိန်တွင် သူ့အမေကလည်း ဆိုဖာပေါ်တွင်ထိုင်ကာ လုပ်စရာ ရှိသည့်အရာများ လုပ်နေတတ်သည်။ သူက ဂီတသင်္ကေတများ ဖတ်ခြင်း သို့မဟုတ် စန္ဒယား တီးနေလေ့ ရှိပြီး မိသားစုက အချိန်နှင့်အမျှ ကြုံရာကျပန်း စကားပြောလေ့ရှိခဲ့ကြသည်။
အရမ်းနွေးထွေးသလို ခံစားရတယ်...
သို့သော်ငြား ထိုမှတ်ဥာဏ်များမှာ မီးခိုးရောင် လိုက်ကာစများဖြင့် ဖုံးအုပ်ထားသလို ဖြစ်နေပြီး တဖြည်းဖြည်း ဝေးကွာလာသလိုပါပင်။ သူ့အဖေ သေဆုံးသွားခဲ့ကတည်းက ထိုအမှတ်တရများကို တသသ ဖြစ်မိသည်က ရှားပါးသွားသည်။ အတိတ်မှ နွေးထွေးမှုများကို တသသ ဖြစ်နေခြင်းက သူ့ကို အားနည်းစေသဖြင့် ထိုမှတ်ဥာဏ်များအကြား သူ့ကိုသူ ရစ်ပတ်စေ၍ မဖြစ်ပါပေ။
"ကျွန်တော် ရေးလို့ ပြီးသွားပြီ"
ယွီနျန်က လက်ထဲမှ ဘောပင်ကို ချထားလိုက်ပြီး ရွှယ်ယုံကို ပြုံး၍ ကြည့်လိုက်သည်။ "ရုတ်တရက် အတွေးစတစ်ခု ရလို့ အခုလေးတင်ပဲ တစ်ပိုဒ်လုံး ရေးပြီးသွားတယ်"
သူ့မျက်လုံးလေးများက ပျော်ရွှင်မှုတို့ ပြည့်နေသည်။
"ကျွန်တော်က အထင်ကြီးစရာ မကောင်းဘူးလား"
ရွှယ်ယုံ အသိပြန်ဝင်လာပြီး သူ့အကြည့်များ၌ နွေးထွေးမှုများ ပြည့်နေခဲ့သည်။
"ဒါပေါ့ ဒါပေါ့... အရမ်း အထင်ကြီးစရာကောင်းတယ်"
ယွီနျန်၏ အပြုံးက ကျယ်ပြန့်လာခဲ့ပြီး ထရပ်တော့မည် ပြုသော်လည်း အချိန်အကြာကြီး ထိုင်နေခဲ့ရသဖြင့် ထုံကျင်နေလေ၏။ သူ့ခန္ဓါကိုယ် ယိုင်လဲသွားပြီး ဆိုဖာပေါ်သို့ ပြန်ကျသွားခဲ့သည်။ ရွှယ်ယုံက ဆိုဖာထံ ခြေလှမ်းအနည်းငယ် လှမ်းမိသွားပြီး သူလဲမကျသွားသည်ကို မြင်မှ စိတ်သက်သာရာရသွားသည်။
“ကျွန်တော့်ခြေထောက်တွေ ထုံနေတာ... ခဏလောက် နားရမယ်ထင်တယ်" ယွီနျန် ဆိုဖာပေါ်တွင် မှီလိုက်ရင်း ရွှယ်ယုံကို မော့ကြည့်၍ မေးလိုက်သည်။
"ခင်ဗျား ဗိုက်ဆာနေသေးလား"
ရွှယ်ယုံမှာ အစကတည်းက အမှန်တကယ် ဗိုက်ဆာနေရခြင်း မဟုတ်ရလေကာ ခေါင်းသာ ငြိမ့်ပြလိုက်ရသည်။ "ဟင့်အင်း... ကိုယ်ဗိုက်မဆာတော့ဘူး"
သူ ခေါင်းကိုငုံ့ချလိုက်ရင်း ယွီနျန်ကို အနီးကပ် ကြည့်မိသည်။ ရုတ်တရက်ပင် သူ့လည်ချောင်း ခြောက်ကပ်လာပြီး နှလုံးခုန်သံကလည်း အရှိန် မြန်လာသည်။ သူ့ဘေးနားတဝိုက် အောက်ဆီဂျင် ပြတ်သွားသလို ခံစားလိုက်ရပြီး အသက်ရှူကျပ်လာခဲ့သည်။
ရွှယ်ယုံမှာ သူ့ကိုယ်ပိုင်အသံကို ပြန်ကြားလိုက်ရပြီး ၎င်းက ခြောက်ကပ်ကပ်ဖြစ်နေကာ သူ့ကိုယ်ပိုင် မဟုတ်ဟုပင် ခံစားနေရသည်။
"ကိုယ် ဒီကိုလာတာ မင်းကို မေးစရာ ရှိလို့"
ယွီနျန် ရွှယ်ယုံကို ကြည့်လိုက်ပြီး သူဆက်ပြောမည့်စကားကို စောင့်မျှော်နေခဲ့သည်။
ရွှယ်ယုံ၏ လက်ချောင်းများ တင်းကျပ်သွားပြီး အဆုံးတွင် သူ့စိတ်ထဲ၌ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပြောနေခဲ့သည့် စကားလုံးများကို ချောချောမွေ့မွေ့ ပြောထွက်သွားသည်။
"မင်းပြောတာ ကောလိပ်မှာတုန်းက အချက်အပြုတ်သင်ခဲ့ဖူးပြီးတော့ မင်းသဘောကျတဲ့သူကို ချက်ကျွေးချင်တယ်ဆို"
သူ့နှလုံးခုန်သံနှင့် အသက်ရှူသံကို တင်းထားလိုက်မိပြီး ညင်ညင်သာသာ မေးလိုက်သည်။
"နျန်နျန်... ကိုယ်က မင်းချက်တဲ့ အစားအစာတွေကို စားရတယ်ဆိုတော့ ကိုယ်က မင်းသဘောကျတဲ့လူလား"
“ဒါပေါ့"
ယွီနျန်ကလည်း အသံကို နှိမ့်ချလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို နမ်းကြည့်လေ... ကျွန်တော် ငြင်းမငြင်း သိရအောင်"
ကောင်းကင်ယံကြီးတစ်ခုလုံး ထင်းလင်းတောက်ပလာသည့်အလား ရွှယ်ယုံ၏ လက်ချောင်းများ ရုတ်တရက်ပြေလျော့သွားပြီးနောက် ချက်ချင်း ထပ်ပြီး ဆုပ်ထားမိပြန်သည်။ သူ အသက်ရှုရန်ပင် မေ့လျော့သွားပြီး ကိုယ်ကို ကိုင်းချ၍ မျက်လုံးများကို မှိတ်ကာ သူ့နှုတ်ခမ်းများကို ယွီနျန်၏ နှုတ်ခမ်းများဆီ ဖိကပ်ထားမိသည်။
နူးညံ့ညင်သာလှသော အနမ်းလေးတစ်ပွင့်ပါပင်။
နှလုံးခုန်သံများက သူ့နားထက်သို့ ပဲ့တင်ထပ်လာသလိုပင်။ ယွီနျန် အသက်ရှုသံကို ထိန်းထားလိုက်ပြီး နှုတ်ခမ်းများကို ခွဲခွာကာ ရွှယ်ယုံ၏ အပေါ်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုင်လိုက်သည်။
သူတွေးထားသည့်အတိုင်း နူးညံ့လှပေသည်။
ထိုအမူအယာသေးသေးလေးထံမှ လှုံ့ဆော်ခံရလိုက်ရသည့် ရွှယ်ယုံမှာ နေရာမှာတင် ရပ်နေပြီး မလှုပ်ရဲတော့ပေ။ သူတို့၏ နှုတ်ခမ်းများ ခွဲခွာလိုက်ပါက သူ့ခန္ဓါကိုယ် တစ်ခုလုံး အငွေ့ပျံတော့မည့်အလား ခံစားနေရသည်။
ယွီနျန်က သူ့အာရုံအလုံးစုံကို သိမ်းပိုက်နိုင်ခဲ့သည်။
သူတို့၏ နှုတ်ခမ်းများ ခွဲခွာလိုက်သောအခါ ရွှယ်ယုံမှာ လက်မြှောက်ကာ ယွီနျန်၏ နှုတ်ခမ်းထက်မှ တံတွေးစလေးများကို မနေနိုင်ဘဲ သုတ်ပေးမိပြီး သူ တီးတိုးပြောမိသွားသည်။
"နျန်နျန်"
"ဟမ်"
"နျန်နျန်"
ယွီနျန် ခေါင်းလေးကို အနည်းငယ်မော့လိုက်ပြီး ရွှယ်ယုံ၏ စိုစွတ်နေသော လက်မကို အနမ်းပေးလိုက်သည်။ သူ ပြန်ဖြေလိုက်သည်။
"အင်း... ကျွန်တော် ရှိတယ်"
ရွှယ်ယုံမှာ သူ့လက်မထိပ် လောင်ကျွမ်းသွားသလို ခံစားလိုက်ရပြီး ဘယ်ခြေထောက်ကို ကွေး၍ ဆိုဖာထိပ်ကို ဖိချလိုက်ပြီး ယွီနျန်ကို ရင်ခွင်ထဲတွင် ထည့်၍ ပွေ့ပိုက်ကာ သူ့နဖူးကို ယွီနျန်၏ ပုခုံးထက်တင်လိုက်ရင်း အနီရောင် ဖျော့ဖျော့ သမ်းနေသည့် နားရွက်လေးကိုသာ ဖော်ပြထားသည်။
"ကိုယ်... ပူလာပြီ"
ယွီနျန် ထိုစကားကို ကြားသောအခါ ယွီနျန်က ရွှယ်ယုံ၏ နားသန်သီးလေးများကို ကျီစယ်ဟန်ဖြင့် ကိုက်လိုက်ပြီး ရွှယ်ယုံမှာ တုန့်ကနဲ ဖြစ်သွားကာ ပို၍ပင် တင်းတင်းကျပ်ကျပ် ဖက်လာခဲ့သည်။
ထိုအခိုက် အရာအားလုံး ပြည့်ဝသွားသလို ခံစားနေရလေသည်။
အချိန်မည်မျှအထိ ကြာသွားမှန်း မသိရသည့်အခါမှသာ ရွှယ်ယုံ ယွီနျန်ကို ပြန်လွှတ်ပေးလိုက်ပြီး တည်ငြိမ်သွားပုံရသွားသည်။
"ကိုယ်... အခု ပြန်ရတော့မလား"
ယွီနျန် အချိန်ကြည့်လိုက်သည်။
"အင်း... ဆယ်နာရီတောင် ခွဲနေပြီ"
ရွှယ်ယုံမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားပုံရသော်လည်း ယွီနျန် ပြောသောစကားကို ကြားလိုက်ရသည်။ "မနက်ဖြန်ကျရင် မှိုနဲ့ ဝက်နံရိုး စွပ်ပြုတ်ချက်မယ်... ခင်ဗျားမြည်းကြည့်ချင်သေးလား"
ရွှယ်ယုံ၏မျက်လုံးများ ဝင်းလက်သွားပြီး ယွီနျန် မေးပြီးပြီးချင်းပင် ပြန်ဖြေလာခဲ့သည်။ "အင်း"
"ကောင်းပြီ... မနက်ဖြန်ညကျရင် ညစာအတူတူစားဖို့ စောင့်နေမယ်နော်"
ရွှယ်ယုံက တံခါးသို့ လျှောက်လာနေရင်း တံခါးလက်ကိုင်ကို မှီကာ ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး ခပ်မြန်မြန် ကိုင်းညွှတ်၍ ယွီနျန်၏ နှုတ်ခမ်းထောင့်လေးကို ခပ်ဖွဖွ နမ်းလိုက်သည်။ ထို့နောက် တံခါးမြန်မြန် ဖွင့်ကာ ထွက်သွားလေသည်။
တံခါးက "ဘန်း" ဟူသော အသံဖြင့် ပိတ်သွားပြီး "မနက်ဖြန်မှ တွေ့မယ်" ဟူသော အသံဖျော့ဖျော့
ကသာ တံခါးအဟလေးကို ဖြတ်၍ ထွက်လာခဲ့သည်။
ယွီနျန်က အနွေးဓါတ်လေးရှိနေဆဲဟု ထင်ရသည့် နှုတ်ခမ်းထောင့်လေးကို ထိမိနေသည်။ သူ့ကိုယ်သူ တီးတိုး ရယ်မောလိုက်သည်။
"တံခါးကို ဒီလောက်မြန်မြန်ကြီး ပိတ်သွားတာ... အနည်းဆုံးတော့ ငါ့ကိုသေချာနမ်းသွားသင့်တာပေါ့"