Chapter 88
ဒီနေရာလေးကိုလည်း နှစ်သိမ့်ပေးစေချင်တယ်
နောက်တစ်နေ့တွင် ယွီနျန် အောက်ထပ်သို့ ဆင်းလာသောအခါ မုန့်ယွမ်က နာနီကားထဲတွင် ထိုင်နေပြီး tabletကိုသာ သဲကြီးမဲကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"နျန်နျန်... ဒီနေ့ရဲ့ အချိန်စာရင်းကို ပြောပြမယ်နော်... မနက်ဆယ်နာရီမှာ 'သီချင်းဆိုပါရစေ' ရှိုးရဲ့ ပရိုမိုးရှင်းဗီဒီယိုရိုက်မယ်... မင်းကလွဲရင် တခြား ဒိုင်သုံးယောက် ရှိသေးတယ် .. ဒါပေမယ့် ရိုက်ကူးရေးအချိန်တွေ မတူဘူး... နေ့လည် နှစ်နာရီခွဲရင် 'ကျော့ရှင်းသော'ကို ဖျော်ဖြေဖို့ 'ပဲတင့်သံရေဒီယို' ရဲ့ ရိုက်ကူးရေး တည်နေရာကို ရောက်မယ်... အဆင်ပြေတယ်မလား"
ယွီနျန်မှာ ဖုန်းကိုင်ထားရင်း ရွှယ်ယုံကို စာပို့နေဆဲဖြစ်သော်လည်း မုန့်ယွမ်၏ အမေးကို ကြားသောအခါ ခေါင်းငြိမ့်ပြလိုက်သည်။
"ကိစ္စမရှိပါဘူး... တခြား ဒိုင်သုံးယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေရော ပို့ပေးလို့ရမလား... ပြီးတော့ 'သီချင်းဆိုပါရစေ'ကရော ပရိုမိုးရှင်း လုပ်ဖို့ အသင့်ဖြစ်နေပြီလား"
"ဒါပေါ့... ငါ ကိုယ်ရေးအချက်အလက်တွေ စုပြီး မင်းဆီ ပို့ပေးလိုက်မယ်" မုန့်ယွမ် သဘောတူလိုက်သည်။
"အင်း... မတိုင်ခင်က သတင်းအပိုင်းအစလေးတွေ ထုတ်ပြီးလို့ လျှို့ဝှက်ဆန်းကြယ်ပုံစံလေးတွေ ဖန်တီးပြီးသွားပြီ... မိတ်ဆက်ကလည်း လုံလောက်လုနေပြီ... အခုက အဓိကအချက်ကို မိတ်ဆက်ပေးဖို့ အချိန်ပဲ... ဆက်တိုက် စနောက်သလိုပဲ လုပ်နေပြီး မဖော်ထုတ်ရင် စိတ်ဝင်စားစရာ မကောင်းတော့ဘူး"
ပြောရင်းဖြင့် မုန့်ယွမ် ခေါင်းမော့ကြည့်လိုက်ရာ ယွီနျန်၏ မျက်နှာထက်မှ အမူအယာကို သတိထားမိသွားသဖြင့် မျက်လုံးများ အနည်းငယ် မှေးကျဥ်းလိုက်သည်။
"မင်း စိတ်ကောင်းဝင်နေတာလား"
"ဟုတ်တယ်... ကျွန်တော် တော်တော်လေး စိတ်ကောင်းဝင်နေတာ" မုန့်ယွမ် ပြုံး၍ ပြန်ဖြေလိုက်သည်။
မုန့်ယွမ် နှစ်ကြိမ်မျှ လျှာကိုက်ထားလိုက်ပြီး ထပ်မမေးမိအောင် ထိန်းကာ ဆက်ပြောလိုက်သည်။ "ဟောင်ယန်ကလည်း စာအိတ်နီအကြီးကြီး ပေးလာပြီးတော့ နောက်ထပ် သီချင်းမှာ မင်းနဲ့အတူတူ လက်တွဲသွားဖို့ စိတ်ဝင်စားကြောင်း ပြလာတယ်"
ယွီနျန် ထိုသူကို မှတ်မိသွားသည်။ "သူက 'မရိုးဖြောင့်ခြင်း' ကို ဝယ်သွားတဲ့ အမျိုးသမီး အဆိုတော်မလား"
“ဟုတ်တယ်... သူပဲ... သူပရိုမိုးရှင်း လုပ်တုန်းက မင်းကို နာမည်တပ်ပြီး ထပ်ပြောသွားတယ်... သူ့သီချင်း ထွက်လာတာနဲ့ ဂီတဝေဖန်ရေးဆရာတွေဆီကနေ ချက်ချင်း ချီးကျူးခံလိုက်ရတယ်လေ... နောက်ပိုင်း နှစ်တွေထဲမှာ သူ့ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုတဲ့... သူ့အဖွဲ့ကလည်း ဆက်သွယ်ပြီး မေးလာတယ်... နောက်ထပ် ပူးပေါင်းဖြစ်ခဲ့ရင် အခကြေးငွေမြင့်မြင့် ပေးမယ်တဲ့"
ယွီနျန် တစ်ခဏမျှ တွေးကြည့်လိုက်သည်။
"အရင်ဆုံး စဥ်းစားပါရစေ... သီချင်းအတွက်သာဆို အဆိုတော်ရဲ့ အသံအခြေအနေ ဆိုဟန်တွေနဲ့ ကိုက်ဖို့လိုတယ်... အလျင်စလို လက်မခံလိုက်နဲ့ဦး"
“ငါလည်း အတူတူပဲတွေးတယ်... မင်းသီချင်းတွေက အရမ်းပြောင်မြာက်ပေမယ့် ဖျော်ဖြေမယ့်သူ မကောင်းရင် ပစ်ချက်လွဲသလို ဖြစ်သွားမှာပေါ့"
မုန့်ယွမ် သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် နျန်နျန်ရေ... မင်းကတော့ ငွေအတွက်နဲ့ တကယ် အပေးအယူ မလုပ်ဘူးပဲ"
ယွီနျန် တီးတိုးရယ်မောလိုက်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ... ကျွန်တော်လည်း ငွေလိုတာပဲလေ... ဒါပေမယ့် စည်းမျဥ်းတွေနဲ့ စံနှုန်းတွေ လိုသေးတာပေါ့"
သူတစ်ခဏမျှ တွေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရက်က သီချင်းတစ်ပုဒ် ရေး ထားသေးတယ်... ကျွန်တော့် မမအတွက် မသင့်တော်လောက်ဘူး... ပိုင်ယန်အတွက် အဆင်ပြေလောက်တယ်... သူတို့ စိတ်ဝင်စားမလား မေးကြည့်ရမယ်"
“သေချာပေါက်ပေါ့... မင်း နောက်ဆုံးတစ်ခေါက်က သူ့အတွက် ရေးပေးထားတဲ့ သီချင်းဆိုရင် သူ့ကို ချက်ချင်း ကျော်ကြားသွားစေခဲ့တာလေ... အရမ်း အကျိုး ရှိတာကွ"
မုန့်ယွမ် သူ့ပေါင်ကို ရိုက်ချလိုက်သည်။
"ငါ့ဆီထားလိုက်... စကားမစပ် ပိုင်ယန်ကလည်း 'သီချင်းဆိုပါရစေ'မှာ ဒိုင်အဖြစ် ပါဦးမှာ"
သူတို့၏ ဦးတည်ရာသို့ ရောက်ရှိလာသောအခါ ယွီနျန်နှင့် အခြားသူများက အပါ်ထပ်မှ ဝန်ထမ်းနောက်မှ လိုက်လာခဲ့ကြရာ ကော်ရစ်ဒါတွင် ရပ်ကာ တစ်ယောက်ယောက်ကို စောင့်နေကြပုံပေါ်သည့် ငယ်ငယ်ရွယ်ရွယ် လက်ထောက်မလေးများစွာကို တွေ့လိုက်ရသည်။
မုန့်ယွမ် တစ်ခုခုလွဲနေမှန်း အာရုံရမိသွားသဖြင့် ဝန်ထမ်းကို မေးလိုက်သည်။ ပြီးနောက် သူ ယွီနျန်ကို သတင်းပြန်လာပို့သည်။
"ထန်းရှောင်ခယ်က အထဲမှာ ရိုက်ကူးရေး လုပ်နေတယ်... သူက သူ့ကိုယ်ပိုင်အဖွဲ့ကိုပါ ခေါ်လာခဲ့တာ... ပြီးတော့ ပရိုမိုးရှင်းဗီဒီယိုရဲ့ စတိုင်က သူ့ရဲ့ ပုံမှန် ပုံရိပ်နဲ့ မကိုက်လို့ ပြန်ပြီး ညှိပေးဖို့ ပြောတယ်လို့ ပြောတာပဲ... ဒါပေမယ့် အစီအစဥ်ရေးတဲ့သူတွေက ပြောင်းပေးဖို့ ငြင်းဆန်နေပြီး ရှိုးရဲ့ စတိုင်မှာပဲ မူတည်ပြီး လုပ်ဖို့ ခေါင်းမာနေတယ်... ရလဒ်အနေနဲ့ ရိုက်ကူးရေး နှောင့်နှေးသွားတာပဲ"
ရှစ်ရော့ ဟိုလှည့်သည်လှည့် ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလာသည်။
"ထန်းရှောင်ခယ်လား... သူက ဘယ်လိုလုပ်ပြီး ဒိုင်ဖြစ်လာတာလဲ... သူက ကျော်ကြားမှုအတွက် lip syncဆိုတဲ့ ပေါ့စတားလမ်းကြောင်းပေါ် ကျသွားပြီ မဟုတ်ဘူးလား... သူ့မှာ ပရော်ဖက်ရှင်နယ် အသိတွေမှ မရှိဘဲနဲ့... အလှောင်ခံရမှာ မကြောက်ဘူးလား မသိ"
“သူက ချမ်းသာတယ်လေ... သူ့အဖေက ကျောက်မီးသွေးတွင်းတစ်တွင်း ပိုင်ခဲ့ပြီးတော့ နောက်ပိုင်း အိမ်ခြံမြေဘက်ကို နယ်ချဲ့ခဲ့တာ... သူက တကယ့် လူချမ်းသာလက်သစ်ပဲ... ထန်းရှောင်ခယ်က အသုံးမကျတဲ့ ဒုတိယမျိုးဆက်လေ... သူက ဖျော်ဖြေရေးလောကထဲကို အပျော်ဝင်လာတာ... ဒီတစ်ကြိမ်တော့ ထန်းရှောင်ခယ် သဘောကျ ဒိုင်တစ်ယောက် ဖြစ်လာရမယ်ဆိုတဲ့ အခြေအနေတစ်ခုနဲ့ ငွေတွေ ရင်းနှီးမြှုပ်နှံထားခဲ့တာပဲ"
ရှစ်ရော့ အံ့အားသင့်သွားသည်။ "ကျွန်မရဲ့ စိတ်ကူးနိုင်စွမ်းကို ဆင်းရဲမွဲတေခြင်းက ကန့်သတ်ထားတာပဲ... ဒီလို အလိုလိုက်တဲ့ နည်းလမ်းမျိုးကတော့ အံ့လောက်စရာပဲ"
သိပ်မကြာခင် တံခါးပွင့်လာပြီး ဦးထုပ်လုံးလုံးလေး ဆောင်းထားသည့် ထန်းရှောင်ခယ် ထွက်လာသည်။ သူ့လက်များကို အင်္ကျီအိတ်ကပ် ခပ်ပွပွထဲ ထည့်ထားပြီး စိတ်မကျေမချမ်း ဖြစ်နေပုံလည်း ပေါ်နေသည်။
သူ ယွီနျန်ကို ဖြတ်သွားမိသောအခါ ရုတ်တရက် ရပ်သွားပြီး နှုတ်ခမ်းထောင့်တစ်ဖက်ကို တွန့်ကာ ပြုံးပြလိုက်သည်။
" ငါတကယ် တောင်းပန်ပါတယ်... အထဲကလူတွေက မင်းရဲ့ ရိုက်ကူးရေးအချိန်ကို နှောင့်နှေးမိတယ်လို့ ငါ့ကို ပြောနေကြတယ်... ဒီလိုဆိုရင်ရော မင်းက ဆင်းရဲတယ်မဟုတ်ဘူးလား... လျော်ကြေးအနေနဲ့ မင်းကို ငါးသိန်းပေးလိုက်မယ်လေ လိုချင်လား"
ကော်ရစ်ဒါက ရုတ်တရက် တိတ်ကျသွားပြီး အနီးအနားမှ ရိုက်ကူးရေးအဖွဲ့သားများအားလုံး လှမ်းကြည့်လာကြသည်။
ယွီနျန် မပြောနိုင်ခင်မှာပင် ထန်းရှောင်ခယ်က မီးစာထပ်ထည့်လာခဲ့သည်။
"ယူရမှာ ရှက်တယ်လို့ ခံစားရရင်လည်း ဟန်ဆောင်ပန်ဆောင် လုပ်ကြည့်လိုက်ပေါ့... ငါမင်းသီချင်းတွေကို တွန့်ဆုတ်ဆုတ်နဲ့ ဝယ်ပေးပါ့မယ်"
ယွီနျန် မေးလေးကို မေ့ကာ လုံးဝ ပဟေဠိ ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ"
ထန်းရှောင်ခယ်၏ မျက်နှာ မဲမှောင်သွားသည်။
အနီးအနားတွင် တိတ်တိတ်လေး ရပ်ကြည့်နေကြသည့် ရိုက်ကူးရေးအဖွဲ့သားများမှာလည်း ရယ်သံအချို့ ထွက်လာသော်ငြား ချက်ချင်း ရပ်လိုက်ကြလေသည်။
သူ့ဘေးမှ ရှစ်ရော့ကို လေသံတိုးတိုးဖြင့် ယွီနျန် လှမ်းမေးလိုက်ရာ သူမက ပြန်ဖြေလာသည်။
"ထန်းရှောင်ခယ်ဆိုတာများလား... ပုံတွေထဲကနဲ့လည်း မတူဘူးနော်"
"ထန်းရှောင်ခယ်လား... သူက ဘယ်သူလဲ"
ယွီနျန်က စက္ကန့်ပေါင်းများစွာ တွေးနေပြီးမှ ပြုံးလိုက်သည်။
"အိုး အဲ့ဒီနာမည်... ကြားဖူးတယ်ထင်တာပဲ"
သူက ထန်းရှောင်ခယ်ကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး တည်ငြိမ်နေသော လေသံဖြင့်သာ ဆက်ပြောလိုက်သည်။
"ခင်ဗျားသာ aunto tuneတွေ lip sync လုပ်တာတွေ မပါဘဲ liveဆိုရဲရင် ကျွန်တော့်သီချင်းတွေ ဝယ်ဖို့အကြောင်း ပြောဖို့ တစ်ဝက်လောက်တော့ အဆင့်မီပါတယ်... ငွေအတွက်တော့ တောင်းပန်ပါတယ်... ငါးသိန်းမကလို့ သုညတစ်လုံး ထပ်ပေါင်းရင်တောင် စိတ်မဝင်စားသေးဘူး"
ပြောပြီးနောက် ယွီနျန်က ခြေလှမ်းများကို ရှေ့တိုးကာ ပြုံးပြလိုက်သည်။
"ဒါဆို ခင်ဗျားက ကျွန်တော့်ရဲ့ ရိုက်ကူးရေးကို နှောင့်နှေးအောင်ဆက်လုပ်ဦးမှာလား"
ထန်းရှောင်ခယ်တစ်ယောက် မဲမှောင်နေသော မျက်နှာဖြင့် ထွက်သွားမှသာ ယွီနျန် မုန့်ယွမ်ကို မေးလိုက်သည်။ "ဘာတွေ ဖြစ်ခဲ့တာလဲ"
မုန့်ယွမ် ရှင်းပြလိုက်သည်။ "သူအထဲမှာ အဆူခံခဲ့ရတာလေ... ထန်းရှောင်ခယ်က ဒါရိုက်တာစကား နားမထောင်ဘဲ သူ့ကိုယ်ပိုင်အကြံတွေနဲ့ ရိုက်ချင်နေတာ... ဒါရိုက်တာက စိတ်ဆိုးသွားပြီးတော့ ထန်းရှောင်ခယ် သူတို့နဲ့ ပူးပေါင်းမဆောင်ရွက်ဘဲ နောက်လူရဲ့ ရိုက်ကူးရေးကို နှောင့်နှေးအောင်လုပ်မယ်ဆိုရင် မရိုက်နဲ့တော့ တဲ့လေ... ဒီသဘောထားကြောင့် သခင်ငယ်လေးကို ဒေါသထွက်အောင် လုပ်မိသွားပြီးတော့ သူက မင်းကို လာပုံချတာလို့ ထင်တာပဲ"
ရှစ်ရော့ကလည်း ဒေါသတကြီး ပြောလိုက်သည်။
"နျန်နျန်အပေါ် လာပုံချတာလား... သူအဆူခံရတာ သူနဲ့ ထိုက်တန်လို့ပဲလေ"
ယွီနျန်မှာ ဖုန်းကိုင်ထားဆဲ ဖြစ်ပြီး စိတ်အနှောက်အယှက် ဖြစ်မနေပေ။
"ထားလိုက်တော့ အထဲကို သွားကြရအောင်... ရိုက်ကူးရေး စောစောပြီးတော့ ကောင်းတာပေါ့"
ရိုက်ကူးရေးက ပြောင်မြောက်လှသော ကင်မရာရိုက်ချက်များ အစီအစဥ်များကြောင့် ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ လုပ်ငန်းစဥ်အတွင်း ပရိုဂရမ်အဖွဲ့ကလည်း ပထမဆုံးအပိုင်းတွင် ထုတ်လွှင့်ရန်အတွက် ယွီနျန်ကို အင်တာဗျူး လုပ်သွားခဲ့သေးသည်။
ယွီနျန်၏ အနက်ရောင်ဆံနွယ်ပျော့လေးများကို စတိုင်လစ်က ပုံသွင်းပေးထားခဲ့ပြီး အဖြူရောင် ပိုးသားရှပ်အင်္ကျီနှင့် မိတ်ကပ်ဖျော့ဖျော့ လိမ်းခြယ်ထားလေသည်။
အက်တာဗျူးတွင် မေးသော မေးခွန်းမှာ "ဒီလိုထူးခြားပြောင်မြောက်လှတဲ့ ရလဒ်တွေ ရရှိလာအောင် ဘယ်လိုခံစားချက်တွေ စိတ်အားတက်စေတဲ့ လှုံ့ဆော်မှုတွေက မင်းကို လမ်းညွှန်ပေးခဲ့တာ ဖြစ်မလဲ"
ယွီနျန်က ကင်မရာကို မျက်နှာမူထားရင်း အလေးအနက် ဖြစ်နေသော အမူအယာဖြင့် ဖြေလိုက်သည်။
"ကျွန်တော့ အဘွားက သင်ကြားပေးခဲ့ဖူးတယ်... အသက်ရှုသံတိုင်း မျက်တောင်တစ်ခါခတ်တိုင်းမှာ တစ်စက္ကန့် ကျော်ဖြတ်သွားပြီးတော့ စက္ကန့်တိုင်းစာအတွက် အစားပြန်လုပ်လို့ မရဘူးတဲ့... ဒါကြောင့် ကျွန်တော်တို့ လှမ်းတဲ့ ခြေလှမ်းတိုင်းက နောင်တတွေကို အပြည့်အဝရှောင်ရှားပြီးမှ လုပ်ဆောင်ရမယ်...
ကျွန်တော် ပွဲဦးထွက်ကတည်းက အဆိုနဲ့ သရုပ်ဆောင်တာပဲ ဖြစ်ဖြစ် သီချင်းရေးတာပဲဖြစ်ဖြစ် လူတိုင်းဆီက ချစ်ခြင်းမေတ္တာတွေ၊ လက်ခုပ်သံတွေ အားပေးထောက်ခံမှုတွေ ရရှိခဲ့ပါတယ်... ဒါပေမယ့် ကျွန်တော် ဒါတွေအားလုံးကို ပေါ့ပေါ့တန်တန် သဘောမထားပါဘူး .. ဒါကြောင့်မို့ပဲ ဒီအရာတွေနဲ့ ထိုက်တန်လာအောင် အပြင်းအထန် ကြိုးစားခဲ့တာပါ... ကျွန်တော့်ကို ချစ်ပေးကြတဲ့ သူတွေကို စိတ်ပျက်မသွားရစေတာမျိုးတွေ "သူလိုလူကို ကြိုက်မိရအောင် သူတို့ရဲ့ အာရုံခံနိုင်စွမ်းက ဘယ်လောက်တောင် ချို့တဲ့နေလို့လဲ" ဆိုတာမျိုးတွေ အပြောခံရအောင် မဖြစ်စေချင်ဘူး"
“အခု ဒိုင်တစ်ယောက်အနေနဲ့ ဘယ်လိုများ တွေးထားလဲ... အရမ်းအရမ်း ထူးချွန်တဲ့လူတစ်ယောက် မင်းထက်ပို ထူးချွန်တဲ့ လူပေါ့ .. အဲ့လိုလူမျိုးနဲ့ တွေ့ခဲ့ရင် ဘယ်လိုခံစားရမလဲ"
ထိုမေးခွန်းကို ကြားသောအခါ ရှစ်ရော့က မနေနိုင်ဘဲ မုန့်ယွမ်ကို ကြည့်လိုက်မိပြီး တီးတိုးလာပြောသည်။
"ထုတ်လုပ်ရေးအဖွဲ့က ဘာဖြစ်နေတာလဲ... ဒီလိုမေးခွန်းမျိုးကို ဘာလို့ မေးရတာလဲ"
မုန့်ယွမ် ခေါင်းယမ်းပြလိုက်သည်၊
"အဆင်ပြေပါတယ်... နျန်နျန် ကိုင်တွယ်နိုင်တယ်"
ယွီနျန်က စက္ကန့်အနည်းငယ်ကြာ တွေးတောလိုက်သည်။ "ဒိုင်တစ်ယောက်အနေနဲ့ ပိုပြီး အလုပ်ကြိုးစားပြီး ပိုပြီး စွမ်းဆောင်ရည်ရှိလာဖို့ ကျွန်တော် မျှော်လင့်ထားတယ်... မဟုတ်ရင် အခြားသူတွေကို ဝေဖန်နိုင်ဖို့ အရည်အချင်း ရှိမှာ မဟုတ်ဘူးလေ... ပိုပြီး ပါရမီထူးတဲ့ လူတွေနဲ့ တွေ့ရဖို့ ဆိုရင်တော့ ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ထက်ပိုပြီး ခြွင်းချက်မရှိ ပါရမီထူးတဲ့လူတွေ မရတွက်နိုင်အောင် ရှိပြီးသားပါ... ဒီအချက်ကို နားလည်လက်ခံထားတာက ကိုယ့်ကိုယ်ကိုယ် ပိုပြီး အလုပ်ကြိုးစားလာအောင် စိတ်ခွန်အားတွေ ရစေပါတယ်"
ရိုက်ကူးရေးပြီးနောက် သူတို့အဖွဲ့က နာနီကားထဲတွင် နေ့လည်စာစားခဲ့ကြသည်။ မုန့်ယွမ် သက်ပြင်းချလိုက်သည်။
"ဘေးနားက အပင်ပုတွေကို ရိုက်ချတာမရှိဘဲ စကားပြောနိုင်တဲ့ အနုပညာရှင်မျိုး ရှိနေတာ တကယ့် ကံကောင်းခြင်းပါပဲ"
ယွီနျန် ပြုံးလိုက်သည်။ "အရမ်းချဲ့ကားပြောနေတာ မဟုတ်ဘူးလား"
"နိုးနိုးနိုး... ချဲ့ကားပြောတာ မဟုတ်ဘူး... အနုပညာရှင်တစ်ယောက်က ပြောတဲ့စကားထဲမှာ အမှားပါသွားရင် ပုံကြီးချဲ့ပြီး အင်တာနက်ပေါ် ပျံ့နှံ့ကုန်မှာ... ဒါတွေကို ကိုက်တွယ်ရတာ အရမ်း ဒေါသထွက်ဖို့ကောင်းတယ်ကွ" မုန့်ယွမ် သူ့ခေါင်းကို ထိုးပြလိုက်သည်။
"ငါ့ဆံပင် ဘာလို့ ထူပြီး မဲမှောင်နေလဲ သိလား... အကြောင်းကတော့ ဥာဏ်အရမ်းကောင်းတဲ့ အနုပညာရှင်နဲ့ လက်တွဲနေရလို့ပေါ့ကွာ... ငါအရမ်း စိတ်အေးလက်အေး ဖြစ်နေရတာ"
ယွီနျန် အားရပါးရရယ်မောကာ ရှစ်ရော့ကို လှည့်ပြောလိုက်သည်။
"အစ်မရော့ရော့... ကျွန်တော့်အတွက် နှိမ့်နှိမ့်ချချနေပြီး စိတ်ကြီးမဝင်အောင် လုပ်ရတာ ဘယ်လောက်ခက်ခဲလဲ သိတယ်မလား"
နေ့လည်စာစားပြီးနောက် သူတို့က နာရီဝက်မျှ တစ်ရေးအိပ်ပြီး အနားယူကြသည်။ "ပဲ့တင်သံ ရေဒီယို" ရိုက်ကူးရေးနေရာသို့ ရောက်လာကြသောအခါ စင်အနောက်ဘက် နေရာသို့ သွားခဲ့ကြသည်။
"ပဲ့တင်သံ ရေဒီယို"က နိုင်ငံအတွင်း အခြေခိုင်ပြီးသား live music show တစ်ခု ဖြစ်ပြီး စနေနေ့ 5နာရီအချိန်တွင် တစ်ပတ်တစ်ခါ ထုတ်လွှင့်သည်။ ၎င်းက အတော်လေး လွှမ်းမိုးမှုရှိပြီး ဖော်ဖြေရေးလောကထဲမှ စံအကဲဖြတ်ချက်တစ်ခုဟု သတ်မှတ်နိုင်သည်။
[T/N ရေဒီယိုဆိုပေမယ့် စတိတ်စင်မှာ တိုက်ရိုက်ဖျော်ဖြေရတာမျိုးပါ... kpopperတွေဆို ရင်းနှီးကြမှာပါ]
အစမ်းလေ့ကျင့်မှုပြီးနောက် ယွီနျန် မိတ်ကပ်လိမ်းကာ ဖျော်ဖြေမည့်ဝတ်စုံကို လဲဝတ်လိုက်သည်။ သူ့ခေါင်းကို နှိမ့်ချလိုက်ပြီး သူ့ဘေးမှ ရှစ်ရော့ကို စကားပြောနေရင်း မိတ်ကပ်ပညာရှင်လေးကို အိုင်းလိုင်နာ အရောင်တင်ခွင့်ပြုပေးထားသည်။
"ဖျော်ဖြေပြီးသွားရင် အိမ်ကို တန်းပြန်တော့မယ်... အစ်မရော့ရော့လည်း အိမ်ပြန်ပြီး အနားယူတော့နော်"
ရှစ်ရော့ ခေါင်းငြိမ့်ပြလိုက်သည်။
"ဒီမနက်တုန်းက အစ်မ ရေခဲသေတ္တာရဲ့ အအေးခန်းထဲမှာ နံရိုးတွေ ထည့်ပေးထားတယ်... ဒီည ကိုယ့်ဘာသာကိုယ် ချက်မှာလား"
ယွီနျန် ပြုံးပြလိုက်သည်။
"ဟုတ်... ကျွန်တော် စွပ်ပြုတ်ချက်ဖို့ စီစဥ်ထားတယ်"
မိတ်ကပ်ပညာရှင်လေး နောက်ဆုတ်သွားသောအခါ ယွီနျန်က ငွေရောင် လက်အိတ်လေး ဝတ်လိုက်ပြီးနောက် ပြောလိုက်သည်
"ကျွန်တော်အခု စင်ပေါ် တက်တော့မယ်"
စတိတ်စင်ပေါ်တွင် မီးမောင်းများက ကောင်းမွန်စွာ ချုပ်လုပ်ထားသည့် အနက်ရောင် ကတ္တီပါ ဝတ်စုံကို ဝတ်ထားသော ယွီနျန်အပေါ် ဖြာကျနေသ
ည်။ အထဲတွင် အဖြူရောင် ရှပ်အင်္ကျီကို အပေါ်ကြယ်သီး သုံးလုံးမျှ ဖြုတ်ထားပြီး ငွေချိန်းကြိုးလေးကို ဝတ်စုံပေါ်တွင် တန်ဆာဆင်ထားကာ အလင်းရောင်အောက် တလက်လက် ဖြစ်လို့နေလေသည်။