အပိုင်း ၈၉
Viewers 16k

Chapter 89

ဒီနေရာလေးကိုလည်း နှစ်သိမ့်ပေးစေချင်တယ်



မုန့်ယွမ်က နံရံကို မှီလိုက်ပြီးနောက် တီးတိုးပြောလိုက်သည်၊ 


"အစ်မရော့ရော့ရေ... ငါ့မျက်လုံးက ယွီနျန်ကို ရှာတွေ့ခဲ့ရလောက်တဲ့အထိ ပါရမီပါတဲ့သူတွေအပေါ် ဘယ်လောက် အမြင်ကောင်းလဲ သိလား"


ရှစ်ရော့က တစ်ခဏမျှ ပြောစရာမဲ့သွားသည်။


 "ကြည့်ရတာ ဒါက အစ်ကို့ဘဝမှာ သိသာလာတဲ့ အထွဋ်အထိပ်ကာလ ဖြစ်မှာပေါ့"


မုန့်ယွန် သူ့မေးကို ပွတ်လိုက်သည်။ "အဓိပ္ပါယ် ရှိသား" ထို့နောက် သူ့မျက်လုံးများက အလေးအနက် ပြန်ဖြစ်သွားပြီးနောက် ပလုံးပထွေး ရေရွတ်လိုက်သည်။


 "သူ့အနာဂတ်ကို ပြက်လုံး မထုတ်ဖို့တော့ မျှော်လင့်တာပဲ"


ရှစ်ရော့မှာ နောက်ဆုံးသောစကားကို နားမလည်လိုက်ပေ။ "အစ်ကိုမုန့်... ဘာပြောလိုက်တာလဲ... သူ့အနာဂါတ်ကို ဘယ်လို ပြက်လုံးထုတ်မှာလဲ"


“ဘာမှမဟုတ်ဘူး" 

မုန့်ယွမ် စကားလမ်းကြောင်း လွှဲလိုက်သည်။ 


"မင်းဖုန်းနဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေတာလား"


“အင်း... ကင်မရာမန်းက နျန်နျန်ရဲ့ မျက်နှာလေးကို တော်တော်လေး အလေးပေးနေတာပဲ... အနီးကပ်ရိုက်ချက်တွေ အများကြီးပါတယ်... ရိုးရိုးသားသား ပြောရရင် ကျွန်မနေ့တိုင်း နျန်နျန်နောက် လိုက်နေရတာတောင် screenshotမရိုက်ဘဲ မနေနိုင်ဘူး... သူက တကယ်ကြည့်ကောင်းတာ"


[ဘေဘီလေး... မားမား မင်းကို အရမ်း ချစ်တယ်... နားထောင်လို့ ကောင်းချက်... ရပ်ကို မရပ်ချင်တော့ဘူး]


[ဝါး... သူက 'ပဲတင့်သံရေဒီယို' မှာလား... စတိတ်စင်ပေါ်က သလင်းကျောက်သစ်ပင်လေးက လှလိုက်တာ... နျန်နျန်ရဲ့ ပါရမီကတော့ တကယ်အင်အားကြီးချက်ပဲ .. ငါတော့ သူ့ရဲ့ ဖျော်ဖြေမှုကြောင့် လေမှာလွင့်နေပြီ... 'ကျော့ရှင်းသော'က ဒီနှစ်ရဲ့ ငါအကြိုက်ဆုံး သီချင်းပဲ]


[တိုက်ရိုက်ထုတ်လွှင့်မှုက စတူဒီယို အသံသွင်းထားတာထက်တောင် ပိုကောင်းနေသေးတယ်... သူ့မှာ ဘယ်လိုပါရမီတွေ ရှိနေတာလဲ .. သူ့ကို autotuneအပေါ် မှီခိုနေရပါတယ် ပြောတဲ့လူတွေ ဘယ်ရောက်နေကြလဲ .. ဒါကြောင့်မို့ သောက်haterတွေ... အမှားရှာတာ ရပ်လိုက်ကြစမ်းပါ... နင်တို့အားလုံး နျန်နျန်ရဲ့ ပါရမီကြောင့် မျက်နှာဖြတ်ရိုက်ခံလိုက်ရမယ်]


ရှစ်ရော့ မုန့်ယွမ်ကို ပြုံးကြည့်လိုက်သည်။ "အစ်ကိုမုန့်... လူတွေ မကောင်းတဲ့မှတ်ချက်တွေ ချန်ထားကြမှာ စိုးရိမ်နေတာမလား... မစိုးရိမ်နဲ့တော့ နျန်နျန်ရဲ့ ဖျော်ဖြေမှုက ချောမွေ့နေတာပဲ"


မုန့်ယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။ "အင်း... ငါဒါကို တွေးနေတာမှ မဟုတ်တာ... သူ့ဟာသူ ဖြစ်သွားမှာပဲလေ" 


ရှိုးပြီးသွားပြီးနောက် ယွီနျန် အိမ်ပြန်လာသောအခါ ခြောက်နာရီ ထိုးနေလေပြီ။ သူ ရွှယ်ယုံကို ဖုန်းခေါ်လိုက်သည်။ 


"ဗိုက်ဆာနေပြီလား... ကျွန်တော် အခုမှ အိမ်ပြန်ရောက်တာ... ညစာနည်းနည်း နောက်ကျလောက်မယ်"


တစ်ဖက်မှ ရွှယ်ယုံ၏ အသံ ထွက်လာသည်။


 "ကိုယ် အစည်းအဝေး တစ်ခု ရှိသေးတယ်... အချိန်လိုသလောက်ယူပါ... အလျင်လိုစရာ မလိုဘူး"


"ကောင်းပြီလေ... ဒါဆို အလုပ်တွေပြီးရင် လာခဲ့နော်"


"ဟုတ်ပါပြီ... ကိုယ်လာခဲ့မယ်"


ဖုန်းချပြီးနောက် အစည်းအဝေးခန်းကြီး တိတ်ကျသွားလေသည်။ ရွှယ်ယုံ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး စားပွဲကို လက်ဖြင့် စည်းချက်ကျကျတတောက်တောက် ခေါက်နေသည်။ 


"ဆက်ပြော"


*****


မီးဖိုခန်းအတွင်း မှိုနှင့် နံရိုးစွပ်ပြုတ် ရနံ့လေး သင်းပျံ့လာသောအခါ တံခါးခေါက်သံ ကြားလိုက်ရသည်။ ယွီနျန် တံခါးဖွင့်ကြည့်လိုက်ရတာ ပထမဆုံး မြင်လိုက်ရသည်မှာ "ပန်း" စည်းတစ်စည်း ဖြစ်နေ၏။


ယွီနျန်လည်း ကြောင်သွားလေသည်။ "ဒီပန်းတွေက..."


ရွှယ်ယုံက စိတ်ပူပန်နေပုံပင်။ "မင်းမကြိုက်ဘူးလား"


ယွီနျန်က ရွှယ်ယုံကို အထဲသို့ လှမ်းခေါ်လိုက်ပြီး ခပ်မြန်မြန် ရှင်းပြလာခဲ့သည်။ 


"မဟုတ်ပါဘူး... ကျွန်တော် တကယ်ကြိုက်ပါတယ်... နည်းနည်း အံ့သြသွားလို့"


ရွှယ်ယုံက စက္ကူများဖြင့် ခေါက်ထားသည့် နှင်းဆီပန်းစည်းလေးကို ကိုင်ထားရင်း ရှင်းပြလာခဲ့သည်။


 "ပန်းလတ်လတ်ဆတ်ဆတ်တွေက ညှိုးသွားတတ်လို့ ကိုယ် ပန်းတွေ မညှိုးစေချင်တာနဲ့ စက္ကူနှင်းဆီပန်းတွေ ခေါက်လာတာ... သပ်သပ်ရပ်ရပ်တော့ သိပ်မဖြစ်ပေမယ့်ပေါ့"


ယွီနျန် သက်ပြင်းချလိုက်သည်။ ကြည့်ရတာ သူတော့ ရွှယ်ယုံရဲ့ အပြုအမူတွေအပေါ် ကြွေပြီးရင်းကြွေဆင်းနေရတော့မှာပဲ..


. "ခင်ဗျားကိုယ်တိုင် ခေါက်ထားတာလား"


ရွှယ်ယုံ အနည်းငယ် စိတ်ပူပန်သွားသည်။ "အင်း"


စာရွက်ပေါ်မှ ပုံစံများကို ကြည့်ရင်းဖြင့် ယွီနျန် တစ်ခုခုကို အမှတ်ရသွားပြီး အံ့အားသင့်သွားပြန်သည်။ 


"ပန်းခေါက်ဖို့ သုံးထားတဲ့ စာရွက်က တလက်လက်တောက်နေတဲ့ အမှတ်တံဆိပ်ပါတဲ့ စာရွက်မလား"


ရွှယ်ယုံ ခပ်မြန်မြန် ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း... ကိုယ် ဒီစာရွက်ကို မနှစ်က လေလံပွဲတစ်ခုမှာ တွေ့တာနဲ့ ငါးရွက် ဝယ်ထားလိုက်တာ... ဒီပန်းတွေ ခေါက်ဖို့ လောက်တယ်ဆိုရုံလေးပဲ"


ယွီနျန် ပန်းစည်းကို လှမ်းယူလိုက်ပြီး အနီးကပ် အကဲဖြတ်နေသည်။ သူ ရွှယ်ယုံ ဤစာရွက်များကို ခေါက်နေစဥ်က မည်မျှ အာရုံစိုက်ထားမည်ကိုလည်း တွေးကြည့်မိသည်။ သူပြုံးပြလိုက်လေသည်။ 


"ဒီလိုစာရွက်တွေမှာ ထူးခြားတဲ့ စာရွက်သား ရှိတာ မှတ်မိတယ်... ဒါနဲ့ ပန်းခေါက်ရတာ တကယ်ခက်ခဲမှာပဲ... ဟုတ်တယ်မလား"


ရွှယ်ယုံက သေသေချာချာ စဥ်းစားနေသည်။ 


"အဆင်ပြေပါတယ်... အရမ်း မခက်ပါဘူး"


ယွီနျန်နောက်မှ မီးဖိုချောင်ထဲသို့ လိုက်ဝင်လာရင်းဖြင့် ရွှယ်ယုံက ပန်းကန်လုံးနှင့် တူများကို အသင့် သွားယူလိုက်ပြီးနောက် တစ်ခဏမျှ တုံ့ဆိုင်းသွားလေပြီး ယွီနျန် နောက်တွင် သွားရပ်လိုက်စည်။ 


"နျန်နျန်"


ယွီနျန်မှာ ရွှယ်ယုံ နာမည်ခေါ်လိုက်သံကို ကြားချိန်၌ စွပ်ပြုတ်အခြေအနေကို စစ်ဆေးရန် အဖုံးလှပ်ကြည့်ကာနီး ဖြစ်သည်။ သူ ပြန်ဖြေလိုက်သည်။


 "ဟမ်"


ရွှယ်ယုံ တုံ့ဆိုင်းသွားလေသည်။ 


"ကိုယ်... ကိုယ်ပထမဆုံး တစ်ယောက်ယောက်ကို သဘောကျဖူးတာမို့ ကောင်းကောင်း မလုပ်မိမှာ စိုးရိမ်တယ်... မင်း အဲ့လိုမျိုးလေ... စိတ်ပျက်သွားမှာစိုးတယ်"


ရွှယ်ယုံ ပူပန်နေသည့် ကိစ္စကို နားလည်နေသည့် ယွီနျန်က စွပ်ပြုတ်တစ်ဇွန်းခပ်ကာ အေးသွားအောင် မှုတ်လိုက်ပြီး ရွှယ်ယုံ၏ နှုတ်ခမ်းဖျားများထံ တိုးပေးလိုက်သည်။ သူသောက်လိုက်သည်ကို မြင်ပါမှ ခေါင်းယမ်း၍ ပြောပြလိုက်သည်။ 


"မဟုတ်ပါဘူး... ကျွန်တော် ဘယ်တော့မှ ဒီလို ဖြစ်လာမှာ မဟုတ်ဘူး... ပြောင်းပြန်ပဲ... ခင်ဗျားကို တွေ့လိုက်တာနဲ့ တစ်နေ့လုံး ပင်ပန်းသမျှအားလုံး ပျောက်ကွယ်သွားတယ်"


ပြောနေရင်းဖြင့် ယွီနျန်က ခေါင်းမော့လာပြီး ရွှယ်ယုံ၏ နှုတ်ခမ်းစွန်းလေးများကို နမ်းလိုက်သည်။


 "အခု ပျော်သွားပြီလား"


ရွှယ်ယုံက ယွီနျန်ကို မမှိတ်မသုန် စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်း၏ အလယ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။


 "နျန်နျန်... ကိုယ့်ကို ဒီနေရာလည်း နှစ်သိမ့်ပေးရဦးမယ် .. အဆင်ပြေမလား"


ယွီနျန်မှာ ပြန်မဖြေတော့ဘဲ သူ့အနားသို့ ပို၍ နီးကပ်သွားစေရန် ကိုယ်ကို ကိုင်းလိုက်ပြီး ရွှယ်ယုံ၏ နှုတ်ခမ်း အလယ်နေရာလေးကို အနမ်းပေးလိုက်သည်။ နမ်းပြီးနောက် သူ့နားများ ပူနွေးလာသလို ခံစားလိုက်ရပြီး မေးလိုက်သည်။ 


"ခင်ဗျား အချော့ခံချင်တဲ့ နေရာ ရှိသေးလား" 


ရွှယ်ယုံမှာ ခေါင်းငြိမ့်ပြလိုက်ချင်သော်လည်း ဖြည်းဖြည်းချင်းသာ သွားသင့်ပြီး အလျင်မလိုသင့်ဟု တွေးမိသွားသည်။ သူ့ခေါင်းကို နှမျောတသ အပြည့်ဖြင့် ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ 


"အခုတော့ မဟုတ်သေးဘူး"


ယွီနျန်က မှိုနှင့် နံရိုးစွပ်ပြုတ်ကို တည်ခင်းလိုက်ပြီးနောက် တစ်ခုခု လိုနေကြောင်း ခံစားလိုက်ရသဖြင့် ရွှယ်ယုံကို မေးလိုက်သည်။


 "ကြက်သွန်မြိတ် နည်းနည်းထပ်ထည့်လည်း ကိစ္စမရှိဘူးမလား"


"ရတာပေါ့" ရွှယ်ယုံ ပြန်ဖြေလေသည်။ 


ထို့နောက် ယွီနျန်က ဝရန်တာဘက်သို့ ထွက်ကာ ကြက်သွန်မြိတ်အနည်းငယ် ခူးယူလာခဲ့သည်။ 


ရွှယ်ယုံက ကြက်သွန်မြိတ်များကို ယူကာ ဆေးကြောလိုက်ပြီး မီးဖိုချောင်သုံးဓါးဖြင့် ပွထနေအောင် တောက်တောက်စင်းကာ စွပ်ပြုတ်ထဲသို့ ထည့်လိုက်၏။ သူက ယွီနျန်ကို မျှော်လင့်ချက်အပြည့်ဖြင့်လည်း ကြည့်လိုက်သေးသည်။


ယွီနျန် ပြုံး၍ ပြောလိုက်သည်။ "ခင်ဗျား လှီးတာတော်တယ်"


ရွှယ်ယုံမှာ နှလုံးသားထဲတွင် ချက်ချင်း ကျေနပ်သွားရသည်။ 


ညစာစားပြီးနောက် ကျောက်တုံး စက္ကူ ကတ်ကြေး မဆော့တော့ဘဲ ရွှယ်ယုံကပင် ထရပ်ကာ ပန်းကန်များကို ခပ်မြန်မြန် ရှင်းလင်းလိုက်ပြီး မီးဖိုချောင်ထဲသို့ ယူသွားခဲ့သည်။ သူက ခန္ဓါကိုယ်တစ်ဝက်ကို အပြင်သို့ ထုတ်၍ ယွီနျန်ကို အလေးပေးပြောလိုက်သေးသည်။ 


"ကိုယ်ဆေးမှာနော်... ကိုယ့်ဆီက မလုနဲ့တော့"


ယွီနျန် တဟားဟား ရယ်လိုက်ပြီး သူ့ဘေးမှ ပန်းညှပ်ကတ်ကြေးလေးကို လက်ညှိုးထိုးပြလိုက်သည်။ "ကောင်းပါပြီဗျာ... ကျွန်တော် ခင်ဗျားနဲ့ မပြိုင်တော့ဘူး... အပင်တွေ သွားညှပ်လိုက်ဦးမယ်"


ကြွပ်ဆတ်ဆတ် အသံတစ်ခု ထွက်လာပြီး မလိုအပ်သော အကိုင်းအခက်များမှာ ယွီနျန်ထံမှ ညှပ်ချခံလိုက်ရသည်။ သူက ပန်းညှပ်ကတ်ကြေးလေးကို ကိုင်ထားရင်း မီးဖိုချောင်ဘက်ကိုလည်း မကြည့်မိဘဲ မနေနိုင်ပေ။ ဤအိမ်ကြီးက သူတစ်ယောက်တည်းအတွက်သာ မဟုတ်တော့ဟု ခံစားခဲ့ရသည်မှာ ကြာလေပြီ။


အိမ်ထဲမှ လေထုကပါ ပို၍ နွေးထွေးလာသလိုပင်။ 


ရွှယ်ယုံက ပန်းကန်ဆေးပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ ယွီနျန်၏ အကြည့်များက သူ့ထံမှာသာ မြဲမြဲမြံနေခဲ့သည်။ 


"ဘာလို့ အဝတ်တွေပါ စိုနေရတာလဲ... မသက်မသာ မဖြစ်ဘူးလား" သူက ပြောနေရင်း ထရပ်လိုက်ရာ ရွှယ်ယုံ၏ အကြည့်များက ရှောင်တိမ်းရန် ကြိုးစားနေသည်ကိုလည်း သတိမပြုမိလိုက်ပေ။ 


“ကျွန်တော့် အဝတ်တွေ ငှားဝတ်မလား"


ထိုကဲ့သို့ ဆက်ဆံမှုက ရွှယ်ယုံထင်ထားသည်ထက်ပင် ပို၍ ကောင်းနေသေးသည်။ သူ ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါပေါ့"


ယွီနျန်က ဗီရိုထဲမှ အနည်းငယ် ဆိုဒ်ကြီးသည့် တီရှပ်တစ်ထည် ထုတ်လာခဲ့ပြီး ရွှယ်ယုံထံ ကမ်းပေးလိုက်သည်။


 "ဘယ်နေရာမှာ လဲရင်ကောင်းမလဲ" ဟု သူမေးတော့မည်အပြု နောက်ဆုံး စကားသုံးလုံး မထွက်ရသေးခင်မှာပင် သူ့ရှေ့တွင် ရပ်နေသည့် ရွှယ်ယုံမှာ စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ သူ့ရှပ်အင်္ကျီစကို ဆွဲယူလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းနီးပါးမှာပင် အပေါ်ပိုင်းခန္ဓါကိုယ်တစ်ခုလုံး ဗလာကျင်းသွားခဲ့သည်။


ရွှယ်ယုံ၏ အသားအရည်မှာ ကျန်းမာသော အုတ်ဂျုံရောင် ဖြစ်ပြီး အပေါ်ပိုင်းကိုယ်မှ ကြွက်သားများမှာ တောင့်တင်းကာ အမြှောင်းလိုက်ထနေသည်။ ထိုသူ၏ နက်ရှိုင်းပြီး ချောမောလှသည့် မျက်နှာအစိတ်အပိုင်းများနှင့် ပေါင်းစပ်လိုက်သောအခါ နိမ့်ချည်မြင့်ချည် ဖြစ်နေသော လည်စိကပင် အလွန်အမင်း ဆွဲဆောင်မှု ရှိသွားစေသည်။ ထိုနေရာ၌ ရပ်နေခြင်းကပင် ယွီနျန်၏ အာရုံအလုံးစုံကို သိမ်းပိုက်ရန် လုံလောက်သည်။


ယွီနျန်မှာ ယခင်က မည်သူ့ကိုမှ အရူးအမူး ချစ်မိသည်ဟု မခံစားရဖူးသော်လည်း မထင်မှတ်ထားစွာပင် ရွှယ်ယုံနှင့် တွေ့ဆုံလိုက်ရသောအခါ ပြုစားခံထားရသလိုပင် စွဲလမ်းမိနေပြီး အချစ်စိတ်များအကြား ပြန်ထွက်မလာနိုင်တော့။ 


ယွီနျန်၏ အကြည့်များက သူ့ထံမှာသာ ကော်လိုကပ်နေသည်ကို သတိထားမိသွားသောအခါ ရွှယ်ယုံ၏ နှလုံးသားက ပထမဆုံး တင်းအားများကို ဖြေလျှော့နိုင်သွားသည်။ 


သူအကြာကြီး ပြင်ဆင်ထားခဲ့သော စကားများကို ပြောနိုင်ခဲ့သည်။


 "နျန်နျန်... မင်းတွေ့နေရတာကို ကျေနပ်ရဲ့လား"


ရွှယ်ယုံ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။ မှတ်စုများက ဆိုထားသည်မှာ သူတို့၏ ခန္ဓါကိုယ်များကို ပါတနာများထံ ပြသသင့်သည်။ ထိုမှသာ သူတို့၏ မျက်လုံးများထဲမှ ဆွဲဆောင်မှုများ တိုးလာမည်ဟူ၍ ဖြစ်သည်။ 


၎င်းကို ကြားသောအခါ ယွီနျန်က မရယ်မိအောင် ထိန်းထားလိုက်ရပြီး အလေးအနက် ပြန်ဖြေလိုက်သည်။ "အရမ်း ကျေနပ်တယ်" ပြောပြီးနောက် ရွှယ်ယုံ သတိမထားမိသည့်အချိန်တွင် လက်လှမ်းကာ ရွှယ်ယုံ၏ ဝမ်းဗိုက်ကြွက်သားများကို ထိလိုက်သည်။


ရွှယ်ယုံမှာ ဆွဲဆောင်ခံလိုက်ရသလို ခံစားနေရပြီး ထိုနေရာမှာပင် ရပ်နေကာ နားရွက်များကလည်း သိသိသာသာပင် ရဲတက်လာခဲ့သည်။ သူက ဆန့်ကျင်ဟန်ဖြင့် တီးတိုးပြောလိုက်သည်။ 


"နျန်နျန် .. ကြည့်လို့ပဲရမယ်... ထိလို့မရဘူး" 


ယွီနျန်မှာ စိတ်ပျက်သွားဟန်ဖြင့် မျက်တောင်များကို တမင်သက်သက် စိုက်ချလိုက်သည်။


 "နည်းနည်းလေးတောင် ထိလို့မရဘူးပေါ့"


နှစ်စက္ကန့်အကြာ ရွှယ်ယုံက အကြည့်များကို လွှဲ၍ ခပ်မြန်မြန် ပြောလိုက်သည်။ 


"မင်း... ဒါပေါ့... ထိလို့ရပါတယ်"


ပြောပြီးနောက် ရွှယ်ယုံက ယွီနျန် ပေးလာသော တီရှပ်ကို ယူ၍ ခပ်မြန်မြန် ဝတ်လိုက်သည်။ ယွီနျန် စိတ်ပျက်လက်ပျက် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် တုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည်။


 "မင်း... မင်း ထပ်ထိချင်သေးလား"


သူ ခပ်မြန်မြန် ထပ်ပြောလိုက်ပြန်သည်။


 "နှစ်ခါထက်ပိုလည်း ရတယ်... မဟုတ်ဘူး... သုံးကြိမ်ဆိုလည်း အဆင်ပြေတယ်"


ယွီနျန်မှာ ရွှယ်ယုံတစ်ယောက် စိုးရိမ်ပူပန်နေသည်ကို ကြည့်ကာ ရယ်သံများကို ထပ်မထိန်းထားနိုင်တော့ပေ။ သူဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး ရွှယ်ယုံ၏ အင်္ကျီအောက်သို့ လက်နှိုက်ကာ ဝမ်းဗိုက်ကြွက်သားများကို သုံးကြိမ်မျှ ထိလိုက်ပြီးနောက် မှတ်ချက်ပြုလိုက်သေးသည်။


 "ခံစားလို့ တကယ်ကောင်းတာပဲ"


ရွှယ်ယုံ၏ မျက်လုံးများ၌ ပျော်ရွှင်မှု အရိပ်အယောင်လေးများ ပေါ်လာခဲ့ပြီး နေရခက်ဟန်ဖြင့် ပြောလိုက်သည်။ 


"နျန်နျန်... သေသေချာချာ ထိလို့ရတယ်လေ... ခပ်ဖွဖွလေးထိတော့ ယားကျိကျိနဲ့"


ယွီနျန်မှာ ရုတ်တရက် လှုံ့ဆော်မှု တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ရွှယ်ယုံ၏ အင်္ကျီစကို မကာ ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ဝမ်းဗိုက်ကြွက်သားများကို နှစ်ယောက်လုံး ကြားနိုင်သည်အထိ အသံမြည်အောင် နမ်းလိုက်သည်။


"အခုရော ယားကျိကျိ ဖြစ်သေးလား"


ရွှယ်ယုံမှာ တစ်ခဏမျှ အသက်အောင့်လိုက်ပြီးနောက် အဆုံးတွင် အသက်ပြင်းပြင်းရှူလိုက်သည်။ 


"နျန်နျန်..."


ယွီနျန်မှာ သူ ရွှယ်ယုံကို အစလွန်သွားပြီဟု သတိရသွားသဖြင့် ခပ်မြန်မြန် ထရပ်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ 


"ဒီည နိုင်ငံတကာ အစည်းအဝေး ရှိတယ်မဟုတ်ဘူးလား... နောက်ကျနေတော့မယ်... ပြန်တော့မလား"


ရွှယ်ယုံမှာ ယခုထက်ထိ အသိပြန်ဝင်အောင် ကြိုးစားနေရဆဲပင်။ "နျန်နျန်... ခုနက မင်း..."


"ခုနကလား"


“ဘာမှမဟုတ်ဘူး..." 

ရွှယ်ယုံ၏ အကြည့်များက ယွီနျန်၏ နှုတ်ခမ်းများအပေါ် ကျရောက်သွားပြီးနောက် အကြည့်လွှဲလိုက်သည်။ 


"ဒါဆို ကိုယ်ပြန်တော့မယ်... မင်း မနက်ဖြန် ပဲရစ်ကို သွားရမှာမလား"


"အင်း... ဟာဆီရဲ့ နွေဦးနဲ့ နွေရာသီ ဖက်ရှင်ရှိုး ရှိလို့ သွားတက်ရမယ်... မကြာခင် ပြန်လာမှာပါ" ယွီနျန် တွက်ကြည့်လိုက်သည်။ "လေယာဥ်က နေ့လည်မှလေ... ရောက်ဖို့ ဆယ့်နှစ်နာရီလောက် ကြာမှာ... ကျွန်တော်ရောက်ရင် ညအချိန် ရောက်သွားမှာပဲ... ခဏလောက်နားပြီးမှ နောက်တစ်နေ့မှာ ရှိုးကို တက်မယ်... ပြီးတာနဲ့ ပြန်လာခဲ့မှာပါ"


ရွှယ်ယုံ တံခါးဝတွင် ရောက်နေသည်ကို ကြည့်ကာ ယွီနျန် ရုတ်တရက် တွန့်ဆုတ်လာခဲ့ပြီး ရွှယ်ယုံ၏ အင်္ကျီစလေးကို ကိုင်ထားမိလိုက်သည်။


 "ကျွန်တော်တို့ ရက်တွေအများကြီး မတွေ့ရတော့မှာ"


ရွှယ်ယုံက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တစ်ခဏမျှ တုံ့ဆိုင်းသွားကာ အိတ်

ထဲမှ ဓါတ်ပုံလေးတစ်ပုံကို ထုတ်ယူလာခဲ့ပြီး ယွီနျန်ကို မကြည့်ဘဲနှင့် လှမ်းပေးလာခဲ့သည်။


 "မင်း ပဲရစ်ကိုသွားရင် ဒီပုံပါယူသွား" 


ပြောပြီးနောက် တံခါးဖွင့်ကာ ပြန်ပိတ်ပေးထားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ကိုယ်ယောင်ပျောက်သွားလေသည်။