အပိုင်း ၉၁
Viewers 16k

Chapter 91

ချိန်းခြောက်နေတာလား



ယွီနျန် ပြုံးလိုက်သည်။ 


"အစ်ကိုမုန့်... စိတ်လျှော့ပါ... အစ်ကိုလည်း အသက်မငယ်တော့ဘူးလေ"


"သွားစမ်းပါ... မင်းရဲ့ အစ်ကိုမုန့်ကို လာစရဲသေးတာလား" 


မုန့်ယွမ် လက်ချောင်းများ ချိုးကာ ရေတွက်နေသည်။ "ဟာဆီက အခု မင်းကို ရွေးတယ်ဆိုတာ မင်းရဲ့ ကြော်ငြာတွေက အရမ်းကောင်းခဲ့တာကြောင့်မို့ပဲ... ဖလောရင့်ပဲ ဖြစ်ဖြစ် ရီယောင်မိုဘိုင်းပဲဖြစ်ဖြစ် ဖူနာအလင်္ကာသောက်ရေသန့်ပဲ ဖြစ်ဖြစ် တခြား လက်ပတ်နာရီတွေပဲ ဖြစ်ဖြစ်ပေါ့... တစ်ခုချင်းစီက စံပြုရလောက်အောင် ဖြစ်ခဲ့တာ... ပြီးတော့ မင်းရဲ့ အယ်လ်ဘမ်က စံချိန်တွေ ဒါဇင်ထက်ပိုအောင် ချိုးထားတယ်... အခုချိန်ထိတောင် မင်းရဲ့ physical album ရောင်းအားက အဓိက e-commerce ပလပ်ဖောင်း နှစ်ခုမှာ နံပါတ်တစ်ချိတ်နေသေးတယ်... ပြီးတော့ digital albumကလည်း အဓိက သီချင်းပလပ်ဖောင်း သုံးခုမှာ ဗိုလ်ဆွဲနေတုန်းပဲ... အားလုံးက ခိုင်မာတဲ့ အောင်မြင်မှုတွေပဲလေ...

ပြီးတော့ မင်းရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ နောက်သုံးနှစ်အတွင်း အလားအလာတွေကိုပါ ထည့်ပေါင်းရရင်... ကျွတ်... ငါသာ ဟာဆီဆိုရင်လည်း မင်းကိုပဲ ရွေးမှာ"


ယွီနျန် ပြန်ဖြေလိုက်သည်။ 


"အစ်ကိုမုန့်... အစ်ကို ကျွန်တော့်အကြောင်း ကြွားပြောနေပြန်ပြီ"


"ဘယ်လို ကြွားပြောတာ ဖြစ်ရမှာလဲ... အားလုံး အမှန်တွေချည်းပဲ... လာမဲ့နှစ်တွေအတွင်း ဘယ်လို အငြင်းပွားမှုတွေကိုမှ မလုပ်သရွေ့ မင်းရဲ့ လမ်းကြောင်းက ချောမွေ့ကျယ်ပြန့်လာလိမ့်မယ်"


ယွီနျန်က မုန့်ယွမ်၏ စကားများအတွင်း တစ်ခုခု ကွဲပြားနေကြောင်း သတိထားမိလိုက်သော်လည်း ပုံမှန်အတိုင်း အပြုံးလေးသာ ရှိနေဆဲ။ သူက စကားစတစ်ခုကို ခပ်ပေါ့ပေါ့ ဆွဲထုတ်ကာ မေးလိုက်သည်။


 "အစ်ကိုမုန့်... 'အငြင်းပွားစရာတွေ မဖန်တီးနဲ့' ဆိုတဲ့စကားမှာ အသေးစိတ် သတ်မှတ်ချက်တွေ ရှိသေးတာလား"


မုန့်ယွမ်၏ အမူအယာမှာ စိတ်အေးလက်အေး ဖြစ်နေဆဲသာ ဖြစ်ပြီး သူပြန်ဖြေလာခဲ့သည်။ 


"တိကျတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး... ဖန်တွေ အထိမခံတဲ့ကိစ္စ ဒါမှမဟုတ် လူထုအမြင်ကို ရင်ဆိုင်ရမဲ့ ကိစ္စမျိုးတွေ ရှောင်ပေါ့"


ယွီနျန်က ဆက်ပြီး မေးနေဆဲ။


 "အစ်ကိုမုန့်... နည်းနည်းလောက် ပိုပြီး အသေးစိတ်ပြောပေးလို့ရမလား"


နှစ်ယောက်ကြားက အပူချိန်က မရေမရာဖြင့် ပြောင်းလဲသွားသည်။ မုန့်ယွမ် ခေါင်းငုံ့ကာ ငှက်ပျောသီးတစ်လုံးကို ခွာ၍ ကိုက်စားလိုက်ပြီး အသံကလည်း တိုးဖျသွားသည်။


 "နျန်နျန်... ဘာတွေ ဖြစ်နေလဲ မင်းသိပါတယ်"


ယွီနျန်၏ နှုတ်ခမ်းလေးများ ကွေးတက်သွားသော်လည်း ထိုစကားကို ပြန်မတုံ့ပြန်ခဲ့ပေ။


မုန့်ယွမ်က တစ်ခဏလောက် စောင့်ဆိုင်းနေပါသော်လည်း ယွီနျန်၏ အဖြေစကားကို ကြားရသည့်အချိန်တွင် ခွာထားသော ငှက်ပျောသီးခွံကို စုလိုက်ပြီး စားပွဲပေါ်တွင် ပြန်ထားလိုက်သည်။ 


"ဒီလောက်ထိ ရောက်လာပြီဆိုမှတော့ မရေမရာတွေ မပြောကြရအောင်"


ယွီနျန်လည်း ဆိုဖာပေါ်တွင် ထိုင်ချလိုက်ရင်း ကျောမတ်မတ် ထားလိုက်သည်။


 "အစ်ကို ဆက်မေးလို့ ရပါတယ်"


မုန့်ယွမ်က လက်များကို ဒူးပေါ်တွင် တင်ထားလိုက်သည်။ "မင်းနဲ့ မင်းရဲ့ 186ရဲ့ အခြေအနေကရော"


ယွီနျန်က မုန့်ယွမ်၏ အကြည့်များနှင့် ဆုံသွားပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။


 "ကျွန်တော်တို့ အတူရှိနေကြပြီ"


“အတူရှိနေကြပြီပေါ့.. အင်း" ယွီနျန်က ဒူးခေါင်းပေါ်မှ လက်များကို တင်းကျပ်လိုက်ရင်း ပြောရမည့်စကားများကို ချိန်ဆနေသည်။ 


"နျန်နျန်... ဒီလိုဆက်ဆံရေးမျိုးက မင်းအပေါ် ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိလာနိုင်လဲ သိလား"


"အစ်ကိုမုန့်က ကျွန်တော့်ကို လက်လျှော့လိုက်ဖို့ ဖြောင်းဖျနေတာလား" 


ယွီနျန်မှာ ကွေ့ဝိုက်မနေတော့ဘဲ တန်းဖြေလိုက်သည်။ "အရင်က အစ်ကို ပြောခဲ့သလိုပဲ... ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ဆို ကိုယ်တိုင် ယုံကြည်ချက်နဲ့ အရည်အချင်းပြည့်မီဖို့ လိုတယ်ဆို"


"ဟုတ်ပါတယ်... ဒါပေမယ့် ငါလည်း မထင်ထား..."


"ရွှယ်ယုံပါ"


မုန့်ယွမ်မှာ ယွီနျန် ထိုနာမည်ကို တန်းဖြေလိုက်သဖြင့် ပြာယာခတ်သွားသည်။ သူ့ခေါင်းကို အနည်းငယ်စောင်းကာ စိတ်ပျက်သွားသည့် အမူအယာတို့ ပြသလသည်။


 "ဟုတ်တယ်... မင်းက 186လို့ ပြောတော့ ငါတောင် အရပ်က အရေးမကြီးဘူးလို့ ပြောခဲ့သေးတယ်... ဒါပေမယ့် ယောကျ်ားတစ်ယောက် ဖြစ်မယ်လို့ မထင်ထားဘူး... ရွှယ်ယုံဆို ထားလိုက်တော့"


“မဟုတ်ဘူး... အစ်ကိုမုန့်... အစ်ကိုထင်ထားပြီးသားပါ... အခုထိ ဖြစ်မလာသေးလို့လား... ကျွန်တော် မပြောခဲ့တာတောင် အစ်ကိုခန့်မှန်းထားပြီးသားပဲ" ယွီနျန် ပြောလိုက်သည်။


"မင်းက ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာပဲကွ" 


မုန့်ယွမ် ခါးသက်သက် ရယ်လိုက်သည်။


 "မင်းသိလား... မင်း 186စင်တီရှိတဲ့ မော်ဒယ်မလေးပဲ ဖြစ်ဖြစ် မင်းကို နံရံမှာ ဖိပြီး နမ်းနိုင်တဲ့အမျိုးသမီး ဘတ်စကစ်ဘောကစားသမား ဘော်ဘီဘောသမားတွေပဲ ဖြစ်ဖြစ် ငါဘာမှ ကန့်ကွက်မှာ မဟုတ်ဘူး... ဘာလို့ ရွှယ်ယုံမှလဲ"


"မဟုတ်ဘူး... အစ်ကိုမုန့်... အစ်ကို တွေးထားမိပြီးသားပါ... ကျွန်တော် မပြောရသေးတာပဲ ရှိတယ်" 


ယွီနျန်က မုန့်ယွမ်၏ မပြီးမပြတ်သေးသော စကားကို ဆက်လိုက်သည်။


 "ကျွန်တော် ရွှယ်ယုံကို ဘယ်လိုချစ်မိသွားလဲ ဆိုတာလား"


"ဒါက ကျွန်တော် ရှင်းပြနိုင်တဲ့ အရာ မဟုတ်ဘူး" 


ယွီနျန်၏ အမူအယာများက နူးညံ့သွားလေသည်။ "ကျွန်တော် သူ့ကို ပထမဆုံး စတွေ့ကတည်းက စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲနေမိတာ... သူ့ရဲ့ ရုပ်ရည်က ချောမောလွန်းလို့ မေ့ချင်ရင်တောင် မမေ့နိုင်တာလည်း ဖြစ်နိုင်တယ်"


မုန့်ယွမ် သူ့ပါးများကို အုပ်ထားမိသည်။


 "သောက်ကျိုးနဲ... ငါမင်းရဲ့ အချစ်ပုံပြင်လေးကို မကြားချင်ဘူးကွ" 


ယွီနျန်၏ အသံအနေအထားက ပေါ့ပါးနေဆဲ ဖြစ်သော်လည်း သူ့စကားလုံးများကမူ ခိုင်မာနေသည်။ "အခုလက်ရှိ အခြေအနေက ကျွန်တော် ရွှယ်ယုံကို ချစ်မိသွားပြီ... ပြီးတော့ ကျွန်တော်တို့ အခု တွဲနေကြပြီ... ဒီအခြေအနေက ဆက်သွားနိုင်ဖို့များတယ်"


မုန့်ယွမ် သက်သေထူလိုက်သည်။ 

"နောက်ထပ် ရွေးချယ်စရာ မရှိတော့ဘူးလား"


"ဟင့်အင်း" ယွီနျန် ခေါင်းယမ်းလိုက်သည်။ 

"ဒါက အရာအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပဲ"


မုန့်ယွမ်က တစ်ခဏမျှ လေးလေးနက်နက် ဆင်ခြင်သုံးသပ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။


 "နျန်နျန်... မင်းရဲ့ အချစ်ရေးနဲ့ အလုပ်အကိုင်ကြားမှာ တကယ်ပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးသွားပြီလား"


"ကျွန်တော် သူတို့ထဲက တစ်ခုကိုပဲ ရွေးဖို့ မစဥ်းစားဘူး... နှစ်ခုလုံး လိုချင်တယ်" 

ယွီနျန် ပြန်ဖြေလိုက်သည်။


"ဒါပေမယ့်..."

မုန့်ယွမ် ဒေါသတကြီးဖြင့် သူ့ပေါင်ကို ရိုက်ချလိုက်သည်။ "နှစ်ခုလုံး ဘာမှမရဘဲ အဆုံးသတ်သွားမှာ မကြောက်ဘူးလား... တကယ်လို့ အဆုံးမှာ တစ်ခုကိုမှ မဆုပ်ကိုင်ထားနိုင်ခဲ့ရင်ရော"


"အဆုံးသတ် ရလဒ်တွေကိုတော့ မထိန်းချုပ်နိုင်ဘူးလေ... ကျွန်တော် လုပ်နိုင်သမျှက အားကုန်သုံးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ဖို့ပဲ... အနည်းဆုံးတော့ ကျွန်တော့်မှာ ရွေးချယ်ဖို့ အခွင့်အရေး လိုချင်တယ်" 


ယွီနျန် အပြုံးဖျော့ဖျော့လေးဖြင့် ပြန်ဖြေလိုက်သည်။ 


"နောက်ဆုံးရလဒ်အတွက်ကတော့ အရာအားလုံး ရင်းရမယ်ဆိုရင်တောင် နောင်တမရဘူး"


ယွီနျန်၏ ငုပ်လျှိုးနေသော ခေါင်းမာမှုများ ပြန်ပေါ်လာသည်ကို သတိပြုမိသည့် မုန့်ယွမ် သက်ပြင်းချလိုက်သည်။ 


"မင်း... ဒီထက်ပိုပြီး သေသေချာချာ စဥ်းစားကြည့်ပါဦးလား... မင်းရဲ့ လက်ရှိအခြေအနေက ချောချောမွေ့မွေ့ ဆက်သွားနေတာ... ဘာလို့..."


"နောက်ထပ် စဥ်းစားစရာ မလိုတော့ဘူး" 


ယွီနျန်က မုန့်ယွမ်၏ စကားများကို ထပ်မံ ဖြတ်ပြောလိုက်ပြီး အပြုံးလေးတစ်ခုဖြင့် ဆိုလိုက်သည်။ 


"ကျွန်တော် အစ်ကို့ကို ဘယ်လိုမျိုး လုပ်မလဲ ဆိုတာ ပြောပြရုံပဲ... ကျွန်တော်တို့ အတူတူအလုပ်လုပ်ကြတဲ့ ကာလအတွင်း ကျွန်တော်တို့ လိုက်လျောညီထွေ ရှိခဲ့ကြပြီးတော့ အချင်းချင်းရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာလည်း ယုံကြည်မှု ရှိခဲ့ကြတယ်.. ဒါပေမယ့် အစ်ကိုသာ ကျွန်တော့်ကို ဖြောင်းဖျချင်နေတဲ့ ရည်ရွယ်ချက်နဲ့ ဆက်ပြီး အလုပ်လုပ်နေရမယ်ဆို ကျွန်တော် အစ်ကိုနဲ့ စည်းတားထားမှ ဖြစ်တော့မယ်... စာချုပ်ကုန်သွားရင် အေးဂျင့်ပြောင်းတာပဲ ဖြစ်ဖြစ် အေဂျင်စီ ပြောင်းတာပဲဖြစ်ဖြစ် လုပ်လိုက်မှာ"


မုန့်ယွမ်၏ လက်ချောင်းများမှာ မသိလိုက်မသိဘာသာဖြင့် ကွေးတက်သွားလေသည်။


 "ဒါ ချိန်းခြောက်နေတာလား"


“မဟုတ်ပါဘူး... ဒါက ဆွေးနွေးညှိနှိုင်းနေတာ... ကျွန်တော်ရဲ့ အောက်ခြေစည်းကို ပြောပြနေတာပါ"


"ငါလက်ခံလိုက်ရင်ရော"


"ကျွန်တော့်မှာ ယုံကြည်ချက်အလုံအလောက် ရှိလာတဲ့အထိ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကာကွယ်ထားမယ်... ပြီးတော့ အရင်ကထက်ပိုပြီးတောင် အလုပ်ကြိုးစားမှာ" 


မုန့်ယွမ် နှဖူးကြောများကို နှိပ်လိုက်ရင်း စက္ကန့်ပေါင်းများစွာ အချိန်ယူပြီးမှ ပြောလိုက်သည်။ 


"ငါ့ကို စဥ်းစားဖို့ အချိန်တစ်ညလောက်ပေး"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကောင်းပါပြီ... ဒါဆို မနက်ဖြန်မနက်မှ တွေ့ကြမယ်"


သူ့အခန်းထဲသို့ ပြန်ရောက်သောအခါ ယွီနျန် ဖုန်းထုတ်ကာ ရွှယ်ယုံထံ မက်ဆေချ့်ပို့လိုက်သည်။ 


"အလုပ်များနေတာလား"


ရွှယ်ယုံက ချက်ချင်းနီးပါး ပြန်ဖြေလာခဲ့သည်။ 


"အလုပ်မများဘူး"


ယွီနျန် ပြုံးလိုက်သညိ။ ဘယ်လိုလုပ် အလုပ်မများဘဲ နေမှာလဲ... သူ့လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပြေးလွှားသွားပြီးနောက် စာရိုက်လိုက်သည်။ 


"ကျွန်တော် ခင်ဗျားကို တွေ့ချင်တယ်"


မက်ဆေချ့်ပို့ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ဗီဒီယိုကော တစ်ခု ပေါ်ထွက်လာသည်။ ယွီနျန် ဖြေဆိုလိုက်လေသည်။ 


ရွှယ်ယုံက ရုံးခန်းထဲမှာသာ ရှိနေပုံရသည်။ သူ့နောက်တွင် ကြမ်းပြင်မှ ခေါင်မိုးထိ ကြီးမားလှသော ပြတင်းပေါက် မှန်သားပြင်က နွေးထွေးသော အလင်းရောင်သဲ့သဲ့သန်းနေသည်။


ရွှယ်ယုံက လည်စီးကို ခပ်လျော့လျော့ ဖြေလျော့ရင်းဖြင့် ပြောလိုက်သည်။


 "အခုလေးတင် အစည်းအဝေး ပြီးခဲ့တာ... ညစာစားချိန် ရောက်ပြီ"


ယွီနျန်က ခေါင်းငြိမ့်ပြလိုက်ပြီး သုံးဖက်မြင် အမြင်အာရုံကို ဖြန့်ကျက်ကာ ရွှယ်ယုံ၏ ချောမောလှသော မျက်နှာအစိတ်အပိုင်းများကို ဆွဲသားမိနေသည်။ သူ နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"ကျွန်တော် ခင်ဗျားကို အများကြီး သတိရတယ်"


ရွှယ်ယုံက ၎င်းကို ကြားသောအခါ အနည်းငယ် ရှက်ရွံ့သွားပုံပေါ်သည်။ သူ့မျက်တောင်လေးများက အနည်းငယ် လှုပ်ခတ်သွားပြီး နူးနူးညံ့ညံ့ ပြောလာခဲ့သည်။ 


"ကိုယ်... ကိုယ်လည်း မင်းကို သတိရတယ်... ကိုယ်တို့ ခွဲကတည်းက လွမ်းနေရတာ"


ထိုစကားလုံးများက မိုင်ပေါင်းထောင်ချီ ကျော်ဖြတ်ကာ ယွီနျန်၏ နားထံသို့ ရောက်လာခဲ့သည်။ 


အံ့လောက်စရာပါပဲ .. ငါသဘောကျတဲ့သူက ငါ့ကို သဘောကျနေပြီး ငါလွမ်းနေရတဲ့သူကလည်း ငါ့ကို လွမ်းနေတယ်တဲ့...


ယွီနျန်က သိသိသာသာ အလုပ်ပန်းနေပုံရသော်လည်း မျက်လုံးများက တလက်လက် တောက်ပနေသည်ကို ကြည့်ပြီးနောက် ရွှယ်ယုံ ပြောချင်လာခဲ့သည်။ 


(မင်း အရမ်း အလုပ်ကြိုးစားစရာ မလိုပါဘူး... အခုကစပြီး ကိုယ်မင်းကို ထောက်ပံ့ပေးမယ်")


သို့သော်လည်း ပင်ပန်းနေသည့်တိုင် မျက်လုံးလေးများက ကြယ်လေးများကဲ့သို့ တလက်လက်တောက်ပနေသော ယွီနျန်ကို ကြည့်ကာ ရွှယ်ယုံ နားလည်သွားရသည်မှာ ညနက်ကောင်းကင်ယံက ကြယ်လေးများလိုပင် ယွီနျန်၏ အခြေအနေမှာလည်း ညီတူညီမျှ ကျယ်ပြောနေပေလိမ့်မည်။ သူက ပင်ပန်းနေမည် ဖြစ်သော်လည်း သူချစ်သော အလုပ်များကို လုပ်နေရသည့်အတွက် ပျော်ရွှင်နေပေမည်။ 


ယွီနျန်က သူ၏ နှင်းဆီပန်းလေးသာပင်။ သို့သော်လည်း သူကတော့ ဖန်လုံဘူးလေးထဲ၌ သိမ်းမထားသင့်ပေ။ 


ကိုးကားစာအုပ်များထဲမှ ယူဆချက်များက မှားယွင်းနေသည်။


ထို့ကြောင့် ရွှယ်ယုံ အသံကို တတ်နိုင်သမျှ နူးညံ့အောင် လုပ်၍ ပြောလိုက်သည်။


 "နျန်နျန်... အခုသွားအိပ်ချင်နေပြီလား"


ယွီနျန် သန်းဝေလိုက်ပြီးနောက် မျက်တောင်ဖျားများတွင် မျက်ရည်များ စိုစွတ်သွားခဲ့သည်။ သူခေါင်းငြိမ့်ပြလိုက်ပြီး အသံကလည်း အိပ်ချင်မူးတူး ဖြစ်နေလေသည်၊


 "ဟုတ်... ကျွန်တော် အခု သွားအိပ်တော့မယ်... မနက်ဖြန် မနက်မှာ လေယာဥ်နဲ့ ပြန်လာမှာ... ကျွန်တော် မကြာခင် ပြန်ရောက်မယ်နော်"


ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ 


"အိုကေ... ကိုယ်မင်းပြန်လာမှာကို စောင့်နေမယ်... ဂွတ်နိုက် နျန်နျန်"


နောက်တစ်နေ့တွင် ယွီနျန် နိူးလာသောအခါ ခေါင်းက အတော်လေး လေးလံနေသည်။ ဟိုတယ်စားသောက်ဆိုင်ကို မနက်စာစားရန် ဆင်းလာခဲ့ပြီး ရှစ်ရော့ကလည်း စောစောရောက်နှင့်နေသည်။ ယွီနျန် နေကောင်းပုံမရသည်ကို မြင်သောအခါ သူမက မေးလိုက်သည်။


 "အိပ်ရာဝင်နောက်ကျလို့လား"


"ဟုတ်တယ်... နည်းနည်း ခေါင်းနောက်နေတာ... တအားကြီး မဆိုးပါဘူး"

 ယွီနျန် ဝင်ထိုင်လိုက်ပြီး သူ့နှဖူးကို ပွတ်ကာ လှည့်ပတ်ကြည့်လိုက်သည်။


 "အစ်ကိုမုန့်ကရော"


"အစ်ကိုမုန့် မနေ့ညက အိပ်မပျော်လို့ မနက်လင်းခါနီးမှ ခက်ခက်ခဲခဲ အိပ်ပျော်သွားတယ်... သူ မအိပ်ခင် မနက်စာအတွက် လာမနှိုးဖို့ အစ်မကို စာပို့ထားခဲ့တာလေ... ထွက်ခါနီး အချိန်ရောက်ရင် သူ ထလာလိမ့်မယ်"


 ရှစ်ရော့က လန်းလန်းဆန်းဆန်း ဖြစ်သွားစေရန် ဘလက်ကော်ဖီ တစ်ခွက် သောက်လိုက်သည်။ မနေ့က တစ်နေ့လုံး အလုပ်များနေပြီးနောက် ခေါင်းက အနည်းငယ် နောက်ကျိနေခဲ့သည်။ 


"စကားမစပ်... အစ်မတို့ ပြန်ရင် ထန်းရှောင်ခယ်နဲ့ အခြားသူတွေရော လေယာဥ်တစ်စီးတည်း စီးကြမှာ... စိတ်ကောင်းဝင်နေတာလေး ဖျက်ဆီးလိုက်ပြီ"


ယွီနျန်က လက်ထဲတွင် နွားနို့ပူပူ တစ်ခွက် ကိုင်ထားပြီး ပြုံးလိုက်သည်။ 


"သူ့ကို မမြင်ချင်ယောင်ဆောင်လိုက်လို့ရတယ်လေ... ဒါဆို အစ်မရဲ့ စိတ်လေးကို ပိုကောင်းသွားစေလိမ့်မယ်"


“အင်း... သူ့ကို မမြင်ချင်ယောင်ဆောင်လိုက်မယ်... ဘုရားသိကြားမလို့ သူ ပြဿနာ ထပ်မရှာဖို့ မျှော်လင့်ရတာပဲ"


စားသောက်ဆိုင်မှ သူတို့၏ အခန်းထဲသို့ ပြန်လာကြသောအခါ ရှစ်ရော့က သူမ၏ ဖုန်းကို ကြည့်ရင်း ဒေါသတကြီး အော်လိုက်ပြန်သည်။


 "သောက်ကျိုးနဲ... ဒီထန်းကောင်က စိတ်ရောဂါများ ရှိနေတာလား"


ယွီနျန်က ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရာ ရှိုးကျင်းပရာနေရာ ပြင်ပမှ အင်တာဗျူးဗီဒီယိုတစ်ပုဒ်ကို တွေ့လိုက်ရသည်။


"သူဘာတွေ ပြောလိုက်လို့ အစ်မဒေါသထွက်သွားရတာလဲ"


"သတင်းထောက်က ထန်းရှောင်ခယ်ကို ဟာဆီရှိုးမှာ မင်းနဲ့တွေ့ခဲ့လား... အချင်းချင်း နှုတ်ဆက်ခဲ့ကြလား စကားပြောကြလားဆိုပြီး မေးထားတာလေ"


"ရှစ်ရော့၏ မျက်နှာမဲမှောင်လာသည်။ 


"ထန်းရှောင်ခယ်ရဲ့ ဒီမေးခွန်းက ဘယ်လိုဖြစ်ပြီးထိချက်ပြင်းသွားလဲတော့ မသိပေမယ့်... သူပြန်ဖြေထားတာ သူက မင်းကို မသိသလို တွေ့လည်း မတွေ့ဖူးဘူး... ပြီးတော့ နှုတ်လည်း မဆက်သလို စကားလည်း မပြောခဲ့ကြဘူးတဲ့... သူကပြောလိုက်သေးတယ်... ဟာဆီက မင်းကို ဘာလို့ ရှိုးကနေ ဖိတ်ခေါ်လိုက်ရလဲဆိုတာကိုလည်း နားမလည်နိုင်ဘူးတဲ့ .. မင်းက သူတို့ရဲ့ စျေးကြီးဖက်ရှင်တွေကို တစ်ခုလေးတောင် ဝယ်ဖို့မတတ်နိုင်ဘဲနဲ့တဲ့လေ"


ယွီနျန် မျက်ခုံးပင့်လိုက်သည်။ 


"အစ်မ အရင်တုန်းက ပြောခဲ့တာ... ထန်းရှောင်ခယ်က ပိုက်ဆံသုံးပြီးတော့ ရှိုးကနေ ဖိတ်စာရအောင် လုပ်ခဲ့တာဆို" 


“ဟုတ်တယ်... သူက ဟာဆီရဲ့ VIP ဝယ်သူလေ" 


ရှစ်ရော့ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ထန်းရှောင်ခယ်က ဟာဆီရဲ့ ပရိတ်သတ်အကြီးစားကြီးပဲ... သူ့စကားအရဆို ဟာဆီကပဲ သူ့ရဲ့ အကြိုက်နဲ့ စတိုင်နဲ့ ကိုက်တဲ့ တစ်ခုတည်းသော တန်ဖိုးကြီး တံဆိပ်တဲ့... ဒါကြောင့်မို့ ရာသီတိုင်း ဟာဆီရဲ့ ထုတ်ကုန်အသစ်တွေ ဝယ်ပြီး ဝေ့ပေါ်မှာ လာကြွားတတ်တယ်လေ"


“သူ အကြိုက်တွေ့တဲ့ တစ်ခုတည်းသော တံဆိပ်တဲ့လား"


"ဟုတ်ပါ့" 


ရှစ်ရော့က သူမ၏ ပါးစပ်လေးကို အုပ်ကာ တခစ်ခစ် ရယ်လိုက်သည်။ 


"အစ်မတော့ တကယ် သိချင်နေပြီ... မင်းသာ သူ့ရဲ့ စိတ်တိုင်း ကျပြီး သူ့စတိုင်နဲ့ ကိုက်ပါတဲ့ ဆိုတဲ့ အထက်တန်းကျပြီး တန်ဖိုးကြီးတဲ့ တံဆိပ် ဟာဆီရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာရင် သူ့ရဲ့ ဝေ့ပေါ်ပိုစ့် 800လုံး ပြန်ဖျက်သွားမလား"