အပိုင်း ၉၂
Viewers 16k

Chapter 92

ကိုယ့်ရဲ့ နျန်နျန်လေး




ထန်းရှောင်ခယ်၏ ဟာဆီဖက်ရှင်ရှိုးပွဲ အပြင်ဘက်က အင်တာဗျူးဗီဒီယို အတိုလေးကို ထုတ်လွှင့်လိုက်သည်နှင့် ချက်ချင်းပင် အကြိမ်တစ်ထောင်မက ရှဲကြတော့သည်။


[ငါ့စိတ်ထင်ပဲလား ဖရဲသီးနံ့ရနေတယ် တမင်သက်သက် ယွီနျန့်ဝတ်စုံနဲ့ တစ်ပုံစံတည်း ဝတ်လာပြီး အင်တာဗျူးနေတုန်းကလည်း ယွီနျန်က ဟာဆီရဲ့ တန်ဖိုးကြီး အဝတ်အစားတွေ မဝတ်နိုင်ဘူးဆိုပြီး တည့်ပြောတာနော်... ဟာဆီက ယွီနျန့်ကို ရှိုးပွဲ လာကြည့်ဖို့ သက်သက်ပဲ ဖိတ်ထားတယ်လို့ သူ ထင်နေတာ ဖြစ်မယ်...ထန်းရှောင်ခယ်နဲ့ ယွီနျန်ကြား ဘာရန်ငြိုးတွေ ရှိလို့ပါလိမ့်... တမင်ပစ်မှတ်ထားပြီး လုပ်နေတာ အရမ်း သိသာနေတဲ့ဟာ]


[ထန်ူရှောင်ခယ် ဆိုတာ ဘယ်သူလဲ လို့ပဲ မေးချင်တယ်... ယွီနျန့်ကို ချနင်းပြီး အမြင့်တက်ဖို့ ကြိုးစားနေတဲ့ C-list သမား တက်သစ်စလေးလား... စစချင်းမှာ ယွီနျန်နဲ့ ဝတ်စုံအတူတူ ဝတ်ခဲ့ပြီးတော့ အခု ပြဿနာရှာပြန်တာလား... သူ့ဘာသာ မနေနိုင်ဘူးလား... ငါတို့ နျန်နျန့်ကိုတော့ လွှတ်ထားပေးပါအုံး]


[ထန်းရှောင်ခယ်က နာမည်ကြီးအောင် လုပ်တယ်လို့ ပြောနေကြတဲ့သူတွေ နင်တို့ မျက်စိကန်းနေကြတာလား... ထန်းရှောင်ခယ်က ဒီနယ်ပယ်ထဲကို အပျော်သက်သက် ဝင်လာတာ... သူ အမှန်တွေ ပြောလည်း ဘာဖြစ်လဲ... နင်တို့ကသာ နာမည်ကြီးအောင် လုပ်တယ် ပြောနေတာ ငါတို့ ထန်းရှောင်ခယ် ဖန်တွေက ချမ်းသာတယ်နော်... ငါတို့ သုံးတဲ့ စာရွက်ညှပ်ကလေးတောင် ဒေါ်လာနှစ်ရာ တန်ဖိုးရှိတဲ့ ဟာဆီတံဆပ်ပဲ သုံးတာ... အဲ့ဒီ ယွီမျိုးရိုးနဲ့ ကောင်လေးက တတ်နိုင်လို့လား... နင်တို့ ဆင်းရဲရင်လည်း ဟန်ဆောင်မနေကြပါနဲ့]


[ယွီနျန်က မတတ်နိုင်ဘူးလို့ ပြောလိုက်တာလား... နင်တို့ရဲ့ စိတ်ဓါတ်တွေက တော်တော် အရုပ်ဆိုးတာပဲ...ယွီနျန့်ရဲ့ အယ်လ်ဘမ်ရောင်းရငွေကို တစ်ချက်ကြည့်ပြီး EPတစ်ချပ်နဲ့တင် ငွေဘယ်လောက်ဝင်သွားတယ် ဆိုတာ ဂဏန်းတွက်စက်နဲ့ တွက်ကြည့်လိုက်အုံး... သူ့မှာ ပိုက်ဆံမရှိလို့ မတတ်နိုင်တာမျိုး မဟုတ်ဘူးနော် ...ချမ်းသာတာကို ထုတ်ပြပြီး ဇိမ်ခံပစ္စည်းတွေ ဝယ်ပြနေတာကို ဘဝကြီးလို့ ထင်နေတဲ့ လူချမ်းသာပေါက်စလေးတွေလို မနေတာပဲရှိတယ်]


အချိန်တစ်ခုစာအထိ နှစ်ဖက်ဖန်များက အငြင်းပွားနေကြရာ အွန်လိုင်းဖိုရမ်တစ်ခုလုံး အပြိုင်ပြောဆိုကြသည်များနှင့် တစ်အုံနွေးနွေး ဖြစ်နေသည်။ မကြာမီ "ယိ အင်တာတိမ်းမန့်"၏ တရားဝင် ဝေ့ပေါ်အကောင့်မှ လက်ရှိ ရိုက်ကွင်းတွင် ရိုက်ကူးရေးလုပ်နေသည့် ယွီချင်းနှင့် အင်တာဗျူးထားသော ဗီဒီယိုအတိုလေး ထုတ်လာသည်။


သတင်းထောက်က ပြဿနာကို မွှေမိမှာ မစိုးရိမ်ပဲ ယွီချင်းကို မေးလာသည် 


" ဟာဆီရဲ့ နွေဦး-နွေရာသီ ရှိုးပွဲမှာ ထန်းရှောင်ခယ်က ရည်ရွယ်ချက်ရှိရှိနဲ့ ယွီနျန့် ဝတ်စုံအတိုင်း ဝတ်လာတာနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်မိပါလဲ"


အပြာဖျော့ရောင် ပလတ်စတစ်ထိုင်ခုံတွင် ထိုင်နေသည့် ယွီချင်းက ဘုရင်မတစ်ပါး၏ အရှိန်အဝါ အပြည့်နှင့်ပင်။ သူမက နားမလည်ဟန် ကြည့်ရင်း ပြန်ဖြေလာသည်


 " တဆိတ်လောက် ထန်းရှောင်ခယ်က ဘယ်သူလဲ... သူ့မှာ ပြောပြစရာ အလုပ်မျိုးရှိသလား"


သတင်းထောက်က တည့်တိုးသမား ဖြစ်၍ ဖြေလာသည် " သူက လတ်တလော ရေပန်းစားနေတဲ့ အမျိုးသားအနုပညာရှင် တစ်ယောက် ဖြစ်ပေမယ့် ကြီးကြီးမားမား ချပြစရာ မရှိသေးပါဘူး"


ယွီချင်းက လက်ချောင်းထိပ်များနှင့် ဆံပင် လိမ်လိုက်ရင်း ဆိုလာသည်


 " ဆောရီးပါနော်...ကျွန်မက အလုပ်များနေတာမို့ ဘာမှမဆိုင်တဲ့ လူတွေရဲ့ နာမည်ကို မှတ်မိနေလောက်အောင် အားတွေ ပိုမနေပါဘူး... ဒါကြောင့် အဲ့ဒီလူကို မသိတာပါ... ဝတ်စုံဆင်တူဝတ်ခဲ့တာက ယွီနျန်ကလည်း အဲ့ဒါမျိုးတွေ ဂရုစိုက်တတ်တဲ့သူ မဟုတ်လို့ ကျွန်မဘက်ကလည်း ဘာထင်မြင်ချက်မှ မရှိပါဘူး"


ဗီဒီယိုအောက်တွင် ကောမန့်များက ရယ်သံတို့ ပြည့်နေသည်။


[ဟားဟားဟား ယွီချင်းရဲ့ စိတ်ဓါတ်ကိုတော့ ကြိုက်သွားပြီ... ဘယ်သူလဲ ချပြစရာ အလုပ်မျိုးရှိသလားတဲ့... သိရလောက်အောင် အားမနေပါဘူးတဲ့... ယွီရဲ့ ပုံစံကတော့ နှလုံးသားတည့်တည့်ကို သုံးကြိမ်တိုင်တိုင် ထိမှန်သွားတာပဲ]


[ဟားဟားဟား ငါတို့ရဲ့ အစ်မယွီကတော့ မောင်လေးကို ချစ်သလား မမေးနဲ့... နောက်ဆုံးပြောသွားတာက အသက်ပဲ... ထန်းရှောင်ခယ်က ပြဿနာရှာဖို့ပဲ သိတာ ရေတပ်ပဲ သုံးရသုံးရ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးအောင်လို့လေ... ဒါပေမယ့် အစ်မယွီဆီ ရောက်လာတော့ ယွီနျန်က အာရုံမထားလို့ သူမလည်း အဖက်လုပ်ပြောစရာမရှိဘူးတဲ့... ဟားဟားဟား ငါသာ ထန်းရှောင်ခယ်သာဆို စိတ်ထဲ ခိုးလိုးခိုးလု ဖြစ်သွားမှာပဲ... လုပ်ခဲ့သမျှအကုန် သဲထဲရေသွန် ဖြစ်သွားလို့လေ]


[ဟားဟားဟား... အရင်တုန်းက အစ်မယွီ ပြောခဲ့တာကို မှတ်မိပါသေးတယ် 'နေရာတစ်ခုအတွက် ကျွန်မကိုပြိုင်ဖို့ ဘယ်သူ ကြိုးစားနေတာ... ကျန့်ဝေဝေ ဟုတ်လား သူက ဘယ်သူလဲ... ကျွန်မက အလုပ်များတဲ့သူမို့ ဘယ်သူလဲ မသိပါဘူး'တဲ့...ဘုရင်မကြီးက အမြဲတမ်း ဧဝရတ်တောင်ထိပ်ကနေ အမှိုက်တွေကို အထင်တသေး ကြည့်တတ်တာနော်]


ယွီချင်း၏ အင်တာဗျူးဗီဒီယိုကို ကြည့်ပြီးနောက် ရှစ်ရော့ကလည်း ယွီနျန့်ကို အလောတကြီး ပြချင်မိသည်။ သို့သော်လည်း ယွီနျန်နှင့် မုန့်ယွမ်၏ စေ့စပ်ညှိနှိုင်းစကားဝိုင်းက အဆင်ပြေသည့် ပုံမရှိမှန်း တွေ့လိုက်၍ သူမက နှစ်ကြိမ်ခန့် စဥ်းစားပြီးနောက် ငြိမ်နေလိုက်တော့သည်။


မုန့်ယွမ်က ကော်ဖီ တစ်ဝက်ခန့် သောက်ထားပြီး မျက်လုံးထက် သွေးကြောတို့ ထင်ဟပ်နေ၍ အလုပ်ပန်းနေမှန်း သိသာသည်။ သူက မေးလာသည်


 " ငါရဲ့ ဆုံးဖြတ်ချက်ကို မမေးတော့ဘူးမို့လား"


ယွီနျန်က အပြုံးလေးနှင့် ပြန်ဖြေလာသည် " သိပ်မကြာခင် ကျွန်တော်တို့ အဖြေရှာတွေ့မှာပဲလေ"


"မင်း... မင်းကတော့လေ အသက်ငယ်ငယ်လေးနဲ့ ဥာဏ်ကောင်းချက်က"


 မုန့်ယွမ်က သက်ပြင်းချပြီး ပြုံးလိုက်သည်

 " တိုးတိုးတိတ်တိတ်နဲ့ မင်းဘက်က စဦးယူပြီး အခြေအနေကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့တယ်... ငါက မင်းထက် ဆယ်နှစ် အနှစ်နှစ်ဆယ်လောက် ပိုကြီးပေမယ့် ဒီကိစ္စမှာ မင်းက ဦးဆောင်ပြီး စီမံသွားခဲ့တယ်"


ယွီနျန့် မျက်နှာပုံစံက ပြောင်းလဲမသွားပေ " အစ်ကိုမုန့်... ရိုးရိုးသားသားပြောရရင် ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေတယ်"


"မင်းအခြေအနေက အဲ့ဒီအတိုင်း ဖြစ်နေသလား မသိပေမယ့် ငါတော့ မင်း အဆင်ပြေတယ်လို့ပဲ တွေ့နေတာကွ"


 မုန့်ယွမ်က ဘာမှမကျန်တော့သည့် ကော်ဖီခွက်ကို ချထားလိုက်ရင်း ပြောလာသည်။ သူက ဖြေးဖြေးချင်း ပြောလာသည် "


 ငါ ညက အဲ့ဒီအကြောင်းကို အကြာကြီး စဥ်းစားခဲ့တာ... ငါ မင်းကို မခေါ်ရရင် ဘယ်သူ့ကို သွားခေါ်ရမှာလဲ... မင်းကတော့ ငါ့အခြေအနေ အဆင့်အတန်းကို မြင့်တင်ပေးပြီးပြီဆိုပေမယ့်လို့ပေါ့ ငါ့ဘက်က နာမည်တချို့ စာရင်းလုပ်ကြည့်ပေမယ့် ဘယ်သူ့ကိုမှ သဘောမတွေ့လှဘူး... ပါရမီအသစ်အတွက် စပြီး လေ့ကျင့်ပေးတယ် ထားအုံး အစေ့ကောင်းကို တွေ့ဖို့ အခွင့်အရေးနည်းနည်းပဲ ရှိတယ် စွန့်စားလွန်းရာကျတယ်... ငါ့ဘက်က အရည်အချင်းရှိတဲ့သူ တစ်ယောက်ယောက်ကို တွေ့နိုင်မလား ဖန်တီးပေးနိုင်ပါ့မလား ငါ မသိဘူး"


ယွီနျန်က ဂရုတစိုက် နားထောင်နေသည်။


"အဆိုးဆုံးအနေနဲ့ မင်းရဲ့ အလုပ်အပေါ် သက်ရောက်မှုရှိလာမယ့် မင်းတို့ရဲ့ ဆက်ဆံရေးကိုလည်း ငါ ကြိုတွေးမိတယ်... မင်းတို့ရဲ့ ဆက်ဆံရေးကြောင့် မင်းရဲ့ အလုပ်က အောက်ဆုံးထိ ကျသွားတာပဲ ဖြစ်ဖြစ် ထောက်တိုင် ရလာတာပဲ ဖြစ်ဖြစ် ငါကတော့ သီချင်းဆိုပါရမီ အပြည့်အဝ ရှိတဲ့ မင်းနဲ့ လက်တွဲအုံးမှာပဲ.... အဲ့လိုသာဆို ငါ့ရဲ့ အလုပ်အပေါ် နောင်တရမိမှာ မဟုတ်ဘူး"


မျက်လုံးချင်း ဆုံသွားသည်နှင့် ယွီနျန်က အပြုံးတလက်လက်နှင့် မုန့်ယွမ်ထံ လက်ဆန့်လာရင်း " ကျွန်တော်တို့ ပြေလည်ပြီး ဆက်ပြီး လက်တွဲသွားနိုင်လို့ ဝမ်းသာမိတယ်"


ထိုအချိန် မုန့်ယွမ်က တုန့်ဆိုင်းခြင်းမရှိ ယွီနျန့်လက်ကို ဖမ်းကိုင်လာသည်


 " ပျော်ရွှင်ဖွယ်ရာ ပူပေါင်းမှုလေးပါ"


ထိုအတိုင်းနေရင်း မုန့်ယွမ်က မနေနိုင်ပဲ ထပ်ပြောလာသည်


 " ဒါပေမယ့် နျန်နျန် မင်းကို အကြံပေးမှ ဖြစ်မယ် ... ဒီကိစ္စကို သေချာတွေးဖို့ လိုတယ်နော်... ပြည်သူ့အချစ်တော် တစ်ယောက်အနေနဲ့ မင်းက ပိုပြီး မြင့်မြင့်ကို သွားမယ်ဆိုရင် မင်းကို ကြိုက်လာမယ့်သူ များလာတာနဲ့အညီ စောင့်ကြည့်နေတဲ့သူတွေလည်း များလာမှာပဲ... ဒီလိုမျိုးသာဆို မင်းဘက်က အဆုံးသတ် ရလဒ်ကို ခံနိုင်ပါ့မလား... မတုန်မလှုပ် ပင်လယ်လိုမျိုး တိုက်ခိုက်မှုတွေ ကြံ့ကြံ့ခံနိုင်ပါ့မလား"


"ကျွန်တော် ပွဲဦးထွက်တော့ ကျွန်တော့်ရှေ့မှာ အပီအပြင် ကြွေပြရင်း အရမ်း ကြိုက်ပါတယ်လို့ အခိုင်အမာ ပြောခဲ့ကြတဲ့ အယောင်ဆောင်ဖန်တွေ ကလည်း antifan ဖြစ်နေခဲ့ကြတယ်... ကျွန်တော် အဲ့ဒီတုန်းက အရမ်း ဝမ်းနည်းခဲ့တာ... ဒါပေမယ့် အခု နည်းနည်း ရင့်ကျက်လာလို့များလား နာမည်ကြီးတာက အချိန်တစ်ခုစာပဲလို့ နားလည်သွားခဲ့တယ်... ကျွန်တော် ဂရုစိုက်တဲ့သူတွေကို ကျေနပ်ပျော်ရွှင်အောင် လုပ်ပေးတာကမှ ကျွန်တော် ဂုဏ်ယူရတဲ့ အရာတွေ ဖြစ်နေခဲ့တာ"


တစ်ချက် ရယ်လိုက်ရင်း ယွီနျန်က ဆက်ပြောလာသည် " ကျွန်တော့်ဘက်က အများကြီး မမျှော်လင့်မိပါဘူး...ကျွန်တော့် အဘိုး ပြောခဲ့သလိုပဲ ' သူများ ပြောတာ ခံစားမနေပဲ ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်ပါ' တဲ့ ... အဲ့ဒါလေးကပဲ ကျွန်တော့အတွက် လုံလောက်ပါတယ်"


ကားပြတင်းပေါက် အပြင်ဘက်တွင် ဟော်တယ်မှ လေဆိပ်သို့ ထွက်လာသည့် လမ်းတစ်လျှောက် အဆောက်အအုံများ တစ်တန်းတည်း ရှိနေလျက်ပင်။ ရှစ်ရော့က တိုးတိုးလေး ဆုတောင်းမိသည်


 " ထန်းရှောင်ခယ်နဲ့ သွားမတိုးမိဖို့ မျှော်လင့်ပါတယ်... ထန်ူရှောင်ခယ်နဲ့ သွားမတိုးမိဖို့ မျှော်လင့်ပါတယ်..."


သို့သော်လည်း လမ်းအကွေ့ရောက်တွင် ဆုတောင်း မပြည့်လိုက်ပဲ နှစ်ဖက် ထိပ်တိုက် တွေ့မိကြသည်။ ထန်းရှောင်ခယ်က လေဆိပ်ဓါတ်ပုံများ ရိုက်ရင်း မအားမလပ် ဖြစ်နေသည်။ မလှမ်းမကမ်းမှ ကြည့်ရင်း ရှစ်ရော့က ရင်တမမဖြစ်နေသည်


 " သူ့ဝတ်စုံကလည်း မျက်စိကျိန်းစရာ ကောင်းလိုက်တာ... ဘုရားရေ... သူက နောက်ဆုံးပေါ် ဟာဆီတံဆိပ် ဝတ်စုံတွေကို အကုန်ဝယ်ပြီးတာနဲ့ တန်းဝတ်တာများလား"


သိပ်မကြာမီ ရှစ်ရော့က ထန်းရှောင်ခယ်၏ စတူဒီယို ဘက်မှ ထုတ်ပြန်လာသည့် လေဆိပ်ဓါတ်ပုံများကို ဖြတ်ကျော်လာရသည်။ မုန့်ယွမ်က သတိထားမိသွား၍ မေးလာသည် 


" သူတို့ စတူဒီယိုကလည်း အလုပ်လုပ်တာ မြန်လိုက်တာ... ဓါတ်ပုံကို တည်းဖြတ်ပြီး ပိုစ့်တောင် တင်ပေးထားကြပြီ"


ရှစ်ရော့က ဖုန်းမျက်နှာပြင်ကို နှိပ်လိုက်သည်


 " တကယ်တော့ သူတို့က မြန်တယ် ဆိုပေမယ့် ကောမန့်တွေကတော့ တကယ် အရှုပ်ထုပ်တွေကြီးပဲ... ဖန်တွေက နောက်ဆုံးပေါ် ဟာဆီတံဆိပ်တွေ ဝတ်ပြလို့ ထန်ရှောင်ခယ်ကို ဂုဏ်ဆာနေကြပေမယ့် သူတို့က ပိုက်ဆံရှိကြောင်း ပြနေတာ ရှင်းရှင်းလင်းလင်းပဲလေ... ဘယ်လိုလုပ်ပြီး ယွီနျန့်ကိုပါ ဆွဲထည့်ရတာတုန်း... ယွီနျန်က မတတ်နိုင်ဘူးသလေးနဲ့ နှိမ်ပြောချင်ကြသေးတယ်...ယွီနျန်က မစ္စတာစလစ်မန်းနဲ့အတူ ဓါတ်ပုံရိုက်ထားလို့ ကြော်ငြာကိစ္စများလား ဆိုပြီး ခန့်မှန်းနေကြတဲ့ စျေးကွက်အကောင့်တစ်ခုလည်း ရှိနေတယ်... အဲ့ဒါနဲ့ ချက်ချင်းကို ထန်းရှောင်ခယ်ဖန်တွေက အဲ့ဒီအကောင့်ကို အမြောက်တွေ ဝိုင်းပစ်ကြတော့တာ"


မုန့်ယွမ်ကလည်း သိချင်လာသည်

 " ငါ့ကိုပြော... သူတို့ ဘယ်လိုမျိုး အမြောက်တွေ ပစ်တာလဲ"


"ဖော်လိုဝါတွေ ထောင်သောင်းချီရှိတဲ့ နာမည်ကြီး အကောင့်တစ်ချို့က မိုက်ကရိုဖုန်း ဖွင့်ပြီး အဲ့ဒီကိစ္စသာ အမှန်ဆိုရင် အဖွဲ့ဘက်က ပရိုမိုးရှင်းလုပ်ထားမှာပေါ့ ဆိုပြီး ပြောလာကြတော့တာ... ဒါပေမယ့် အခုထိ ခရီးမပေါက်ပဲ အပိုကုန်သွားလို့ ကြက်ကလေးတွေလို ငြိမ်နေကြတယ်... ပြီးတော့ ပြောကြသေးတယ် ဟာဆီက ယွီနျန့်လို လူမျိုးနဲ့ စာချုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မြေကြီးကို ကြယ်နဲ့ ပေါက်တာကမှ ဖြစ်နိုင်အုံးမယ်တဲ့"


မုန့်ယွမ်က ပညာရှိပုံစံ မေးစေ့ကို ဖွဖွပွတ်လိုက်ရင်း " အာ ... သူတို့က နားမလည်ကြဘူးလေ... ငါတို့က သိုသိုဝှက်ဝှက်နေတာပါဆို"


ယွီနျန်ကလည်း ထပ်ပြောလာသည်

 " ကျွန်တော်တို့က အမှားလုပ်မိမှာ စိုးလို့ပါနော်"


ရှစ်ရော့က ရယ်မောလိုက်ရင်း " ဟားဟားဟား အမှန်ပဲ... ဒါပေမယ့် ယိုယိုက သင်ခန်းစာပဲ... 'ရှေးဟောင်းလမ်းမ'ရဲ့ ကြော်ငြာပရိုမိုးရှင်းအကြောင်း မှတ်မိကြသေးလား... ကားအသစ်လဲဖို့ မတတ်နိုင်လို့ လူအများကြီး လှောင်ရယ်ခဲ့ကြတာလေ... " 


'ရှေးဟောင်း လမ်းမ'အကြောင်း ပြောနေရင်း သူမက မေးလာသည် " ယွီနျန်က 'ရှေးဟောင်း လမ်းမ' သီချင်းက ရွှေတံဆိပ်ဆု တစ်ခုခု ရသေးလား"


"သတင်းမရသေးပေမယ့် ကျွန်တော့် အစ်မ ပြောတာ ဆုသုံးခုလောက် ရနိုင်တယ်တဲ့... "


ယွီနျန်က လက်သုံးချောင်း ထောင်ပြရင်း " ဒါရိုက်တာ ရှုရှန့်လန်က ရုပ်ရှင်အပေါ် တော်တော် အားထည့်ထားတာ"


ထိုအချိန် လေဆိပ်PAစနစ်မှ လေယာဥ်က မိနစ်ကိုးဆယ်ခန့် နောက်ကျမည်ဖြစ်ကြောင်း အကြောင်းပြန်လာသည်။ ရှစ်ရော့က ရင်ဘတ် ပုတ်လိုက်ရင်း "ဖုန်းအားအပြည့်သွင်းထားမိတာပဲ ကျေးဇူးတင်ရမယ်"


အချိန်အနည်းငယ်အကြာ ရှပ်အင်္ကျီနှင့်အနောက်တိုင်းဝတ်စုံ အဖြူရောင် ဝတ်ထားသည့် လူတစ်ယောက်က လေးထောင့်ဗူးတစ်ခု ကိုင်ထားရင်း လျှောက်လာသည်။ သူက နှစ်မီတာအကွာတွင် ယဥ်ယဥ်ကျေးကျေး ခြေလှမ်းရပ်လိုက်သည်။


"တဆိတ်လောက်ပါ မစ္စတာယွီနျန်လားခင်ဗျာ"


ယွီနျန်က လေယာဥ်နှောင့်နှေးသွားသည့် အကြောင်း ရွှယ်ယုံ့ထံ သတင်းပို့နေစဥ် အသံကြား၍ အပြုံးလေးနှင့် မော့ကြည့်လာသည်


 " ဟုတ်ပါတယ် ကျွန်တော်ပါ... ဘာများ လိုအပ်ပါလဲ ခင်ဗျ"


ထိုလူက တလေးတစား ခေါင်းညိမ့်ပြရင်း ဗူးလေးကို ကမ်းပေးလာသည်


 " ဒါက မစ္စတာရွှယ်ဆီကပါ... စောင့်နေတုန်း အချိန်ဖြုန်းဖို့အတွက် ပို့ပေးလိုက်တာပါ"


ထိုသူ ထွက်သွားသည်နှင် မုန့်ယွမ်က လက်ဖျားခါလောက်အောင် အံ့အားသင့်သွားသည်


 " သူက ငါတို့ထက်အရင် လေယာဥ်ကြာမယ့် အကြောင်း ကြိုသိပြီး အချိန်ဖြုန်းဖို့ ကစားစရာလေးတွေတောင် မင်းအတွက် ပြင်ပေးထားတယ်ပေါ့"


ယွီနျန်က ပြန်မဖြေလိုက်ပဲ ခေါင်းငုံ့ပြီး ဗူးဖွင့်ကြည့်လိုက်သည်။ ပါဝင်ပစ္စည်းများကို ကြည့်ရင်း ကျယ်လောင်စွာ ရယ်လိုက်မိသည်။


ရှစ်ရော့ကလည်း ကုန်းကြည့်လာသည် " ဒါ... ဖန်တုံးချက်စ်လေးတွေ မို့လား"

 

"ဟုတ်တယ်" ယွီနျန်က သူငယ်စဥ်က အဘွားဖြစ်သူနှင့် ဖန်တုံးချက်စ် ကစားလေ့ရှိကြောင်း ရွှယ်ယုံ့ကို ပြောပြဖူးမှန်း အမှတ်ရသွားသည်။


ရွှယ်ယုံ မှတ်မိနေမည်ဟု ထင်မထားခဲ့။


မုန့်ယွမ်က မျက်လုံး ပင့်လိုက်ရင်း " ရော့ရော့ ... ထပ်ကြည့်ကြည့်လိုက်... ဖန်နဲ့ လုပ်ထားတာ မဟုတ်ဘူး... တစ်ခုချင်းစီက အဆင့်မြင့် ခရစ်စတယ်ကျောက်လေးတွေနဲ့ လုပ်ထားတာ"


ရှစ်ရော့က လန့်ပြီး ပင့်သက်ရှိုက်မိသွားသည်။


"ရောင်ပြန်ဟပ်နေတာကို ကြည့်... သဘာဝ ခရစ်စတယ်ကျောက်ကနေ လုပ်ထားတာ ဖြစ်မယ်... ခရစ်စတယ်လုံးလေးတွေက လုပ်ရခက်တယ်... အချောက ပွတ်ရသေးတယ်... သတ္တုတွေနဲ့ လေးငါးကြိမ်လောက် ပွတ်ရတာ... ပြီးတော့ အမှားလေးတစ်ခု လုပ်မိတာနဲ့ ကွဲသွားတတ်လို့ အစပိုင်း လုပ်ထားတာတွေတောင် ပျက်စီးသွားနိုင်တယ်... ဒီအတုံးလေးတွေရဲ့ မျက်နှာပြင်က နူးညံ့တဲ့ အကွက်စိပ်နဲ့ ပုံဖော်ထားပြီး လိုင်းတွေကလည်း ချောမွေ့တယ်... ငွေရည်တောင်သုတ်ထားသေးတာပါလား... လုပ်ရတာ တော်တော် လက်ဝင်မှာပဲ"


မုန့်ယွမ်က ချောင်းဟန့်လိုက်ရင်း " ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာကြီးက တကယ်ကို ငါ့စိတ်ကူးထားတာထက်တောင် ကျော်လွန်တယ်... အတုံးခြောက်ဆယ်ပါတဲ့ ချက်စ် တစ်စုံကို လက်ခနဲ့ရော စိန်ရောင်စုံစီထားတဲ့ ချက်စ်ဘုတ်ပြားနဲ့ရော ဆိုရင် ..."


"ဘယ်လောက်လောက် ရှိမလဲ"


"ခန့်မှန်းချေ အနည်းဆုံး သုံးမီလီယံ ငါးမီလီယံ လောက်လား... တိတိကျကျ မမှန်းတတ်ဘူး"


ရှစ်ရော့က နောက်ဆုတ်ရင်း လန့်သွားဟန် ရေရွတ်လာသည် 


" ဟာဆီရဲ့ ဒေါ်လာနှစ်ရာတန် စက္ကူညှပ်က ဒီပစ္စည်းနဲ့ ဘယ်မှာ ယှဥ်လို့ရမှာတဲ့လဲ... ဘယ်လိုပစ္စည်းမျိုးမို့လို့"


ယွီနျန်က ချက်စ်တုံး တစ်ခု ကောက်ယူလိုက်ရင်း အလင်းတွင် မြောက်ကြည့်သည်။ မျက်နှာပြင်ရှိ အကွက်များက တလက်လက်တောက်ပနေပြီး အနီးကပ်ကြည့်မှ အသက်ရှူမှားလောက်သည်။


သူ့အကြည့်က ထိုချက်စ်တုံးအပေါ်တွင်သာ ရောက်နေပြီး တစ်ခဏမျှ အတွေးများနေသည်။ ယွီနျန်က ထောင့်ကို ဖြေးဖြေးချင်း ညှိကြည့်လိုက်ရာ အရိပ်ထဲတွင် ရွှယ်ယုံ့လက်ရေးနှင့် ရေးထားသည့် " 年” (နျန်)ဆိုသည့် စာလုံးလေးက သပ်သပ်ရပ်ရပ် ပေါ်လာသည်။


ယွီနျန့် နှလုံးခုန်သံက တဒိန်းဒိန်း မြည်လာသည်။


သူက ဖုန်းယူလိုက်ရင်း ရွှယ်ယုံ့ထံ မက်ဆေ့ချ်ပို့လိုက်သည် " အခုလေးတင် ချက်စ်ကို ရလိုက်တယ်"


ရွှယ်ယုံက ချက်ချင်း ပြန်ဖြေလာသည် " အင်း... ကြိုက်ရဲ့လား"


လက်ချောင်းထိပ်လေးပင် တုန်သွားမှန်း ခံစားမိရင်း ယွီနျန်က အပြုံးလေးနှင့် ပြန်ဖြေလာသည်


 " ကျွန်တော် အရမ်း သဘောကျတယ်... မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ"


ရွှယ်ယုံက ပြန်ဖြေလာသည် " ကိုယ့်ရဲ့ နျန်နျန်လေးက အကောင်းဆုံးနဲ့ပဲ ထိုက်တန်တယ်"


($20 တန်တောင်မသုံးနိုင်တဲ့ အစ်မကြီးကို ခွေးစာကျွေးနေကြတယ်😒 ကြိုက်တယ်လို့ 😁)