Chapter 93
ကိုယ် မင်းကို နမ်းချင်တယ်
လေယာဥ် လက်မှတ် မစစ်မီ တစ်နာရီအလိုတွင် မုန့်ယွမ်က Uပုံစံ ခရီးဆောင် ခေါင်းအုံးနှင့် သက်သက်သာသာ တစ်ရေးမှေးနေသည်။ ရှစ်ရော့က နားကြပ်တပ်ရင်း ဒရမ်မာ ကြည့်နေပြီး ယွီနျန်က သူ့ဗူးထဲမှ ချက်စ်တုံးလေးများကို ဂရုတစိုက် စစ်ဆေးကြည့်နေသည်။ ရွှယ်ယုံက သူ့ကို "နျန်နျန်"ဟု အကြိမ်သုံးဆယ်ခန့် ခေါ်နေသလို ခံစားရသည်။
သူက ချက်စ်ဘုတ်ပြားနှင့် ချတ်စ်တုံးများကို ပြန်သိမ်းလိုက်စဥ် လက်ဆွဲအိတ်နှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်က တရုတ်ဘာသာစကားနှင့် ဖုန်းပြောနေရင်း ယွီနျန်နှင့် ခပ်လှမ်းလှမ်းတွင် လာထိုင်သည်။ ယွီနျန်က အချို့စကားလုံးများကို ခပ်သဲ့သဲ့ ကြားနေရသည်။
"... ကျွန်တော် ဆွေ့ကျိုးကို ပြန်ရောက်မှ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့... ပြခန်းထဲက ပစ္စည်းတွေ အကုန်လုံး စာရင်းလုပ်ထားပြီးသား ဒါကြောင့် လွဲစရာ မရှိဘူး... မလိုအပ်တာတွေ စိုးရိမ်မနေပါနဲ့"
"အိပ်မပျော် စာလိပ်" နှင့် အဆက်အသွယ်ရှိ၍ ယွီနျန်က "ဆွေ့ကျိုး"ဆိုသည့် နာမည်ကြားလိုက်ချိန်၌ အကြောတို့ ထောင်သွားသည်။
သူက "ပြခန်း" ဆိုသည့် စကားလုံး ကြားလိုက်သောအခါ ယွီနျန်က ရင်တမမနှင့် တိတ်တိတ်လေး ဆက်နားထောင်မိသည်။
"... နိုင်ငံခြားသားတွေကိုတော့ မဆက်သွယ်ဖို့ ပြောထားတယ်... ဦးလေးယန် မထွက်သွားခင်တုန်းက သူ ခွဲခွာဖို့ အရမ်း တွန့်ဆုတ်ခဲ့တဲ့ အရာက ပြခန်း ပစ္စည်းတွေပဲ...အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလို့လည်း ပြောခဲ့တာ... ဒါပေမယ့် အစ်ကိုကြီးနဲ့ ညီမလေးတို့ နှစ်ယောက်လုံးသာဆို ကိစ္စမရှိပါဘူး... ကျွန်တော် ဘာမှ ပြောမှာမဟုတ်ဘူး ... အဲ့ဒီစက္ကူလိပ်လား... ကျွန်တော်တို့ ဘိုးဘေးတွေက ရွှေစငါးရာထယ်နဲ့ ပြန်ဝယ်ခဲ့တဲ့ တစ်ခုလေ... အရင်တုန်းက အရမ်းစျေးကြီးခဲ့တော့ အခုဆို စျေးနည်းမှာ မဟုတ်ဘူး" [ထယ်က ရှေးခေတ် တရုတ်အတိုင်းအတာ တစ်မျိုးပါ]
ယွီနျန်က ခုံတွင် ထိုင်နေရင်း လက်ဖဝါးထက် ချွေးပြန်လာသည်။
ဆွေ့ကျိုး ပြခန်း ရွှေစငါးရာထယ်...။ ယွီနျန့်အသက်ရှူသံတို့ လှိုက်ခါနေရင်း ခုချက်ချင်းပင် ထကာ ထိုလူ့ကို "အိပ်မပျော် စာလိပ်" အကြောင်း ပြောနေသလားဟု မေးလိုက်ချင်မိသည်။
"အိပ်မပျော် စာလိပ်"၏ နောက်ဆုံးအပိုင်းကို ကျန့်မျိုးရိုးနှင့်လူက ရွှေငါးရာထယ်နှင့် ဝယ်သွားခဲ့ပြီး နှစ်တစ်ရာကြာသည်ထိ ပြန်လည်မွမ်းမံခြင်း မရှိခဲ့သည့် အကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိပါသေးသည်။
ရုန်ယွဲ့က "အိပ်မပျော် စာလိပ်"ကို ဝယ်မည့်သူမှာ ဆွေ့ကျိုးရှိ ကျန့်မိသားစုမှ လာမည်ဟု ခန့်မှန်းထားကြောင်း သတင်းပေးဖူးသည်။
ဖုန်းတစ်ဖက်က လူက အသံတိုးတိုးနှင့် ဆက်ပြောလာသည်။
"... ဝယ်သူတွေ အများကြီးက အဲ့ဒီ တစ်ပိုင်းကို မျက်စိကျနေကြတာ... ကျွန်တော်တို့က တစ်ယောက်ကိုမှ မဖယ်ရှားပစ်နိုင်ရင် စျေးအမြင့်ဆုံးပေးတဲ့သူက ရသွားမှာပဲ"
ထိုအကြောင်း ကြားလိုက်စဥ် ယွီနျန်က စိတ်အေးသွားဟန် သက်ပြင်းချလာသည်။ အနည်းဆုံးတော့ လေလံစျေးမြင့်မြင့် ပေးတဲ့အတိုင်း သွားရင် ကြိုဝယ်ပြီး "အိပ်မပျော် စာလိပ်"ကို လေလံတင်မယ့်အရေး ပိတ်ပင်မယ့်သူ မရှိတော့ဘူးပေါ့။
စကားဝိုင်းက သုံးလေးခွန်း ဆက်ပြောပြီးသည်နှင့် တစ်ဖက်က ဖုန်းချသွားသည်။ ယွီနျန်က တစ်ခဏမျှ စဥ်းစားလိုက်ရင်း သူ ကြားလိုက်ရသည့် သတင်းကို ရုန်ယွဲ့ထံ မက်ဆေ့ချ် ပို့လိုက်သည်။
ရုန်ယွဲ့ဘက်က အမြန် အကြောင်းပြန်လာသည် " မင်းက တိုးမယ်တိုးတော့လည်း တိုက်ဆိုင်ချက်က... ငါက ကျန့်မိသားစုရဲ့ အငယ်ဆုံးမျိုးဆက်က နိုင်ငံခြားမှာ ရွှေ့ပြောင်းလာနေမယ်လို့ပဲ သိထားတာ... ဘယ်နိုင်ငံမှန်း သေချာမသိဘူး... မင်းနဲ့ ပဲရစ်မှာ သွားတွေ့နေမယ်လို့ မထင်ထားခဲ့ဘူး"
ယွီနျန်လည်း တိုက်ဆိုင်လွန်းသည်ဟု တွေးမိ၍ မေးလာသည် " ဦးလေးရုန်... ကျန့်မိသားစုရဲ့ လေလံပွဲနဲ့ ပတ်သတ်ပြီးတော့ တစ်ခုခု ကြားမိသေးလား"
ရုန်ယွဲ့က ပြန်ဖြေလာသည်
" သတင်းတချို့တော့ ရှိတယ်... အပြီးသတ်မထွက်သေးလို့ မင်းကို မပြောရသေးတာ... နောက်ဆုံးရသတင်းက ကျန့်မိသားစုရဲ့ အငယ်ဆုံးမျိုးဆက်က တရုတ်က အခြေအနေတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိလို့ လေလံပွဲကို ယွမ်ကျားလေလံအိမ်မှာ လုပ်မယ်လို့ စဥ်းစားနေတယ်တဲ့... ယွမ်ကျားက ငါ့သူငယ်ချင်း တစ်ယောက်က ပြောတာက ဆွေးနွေးနေတုန်းပဲ ရှိသေးတာတဲ့... အတည်ပြုပြီးရင်တော့ 'ကျန့်မိသားစုပြခန်း'ဆိုတဲ့ နာမည်နဲ့ ပွဲကြီးကြီး ကျင်းပပြီး 'အိပ်မပျော် စာလိပ်'က စျေးအမြင့်ဆုံးထားတဲ့ နောက်ဆုံးပိတ် လေလံ ဖြစ်လာလိမ့်မယ်"
ယွီနျန်က သူ အခုလေးတင် ကြားလိုက်ရသည့် စကားဝိုင်းကို ပြန်စဥ်းစားကြည့်ရင်း မေးလိုက်သည် " ကျန့်ညီနောင်တွေက အတူတူမနေကြဘူးမို့လား" ထိုအချက်က သူတို့က ချက်ချင်း သွားပြီး မချဥ်းကပ်ရသည့် အကြောင်းရင်းပင်။ မိသားစုအခြေအနေ ရှုပ်ထွေးပါက သတိကြီးကြီး ထားရမည် ဖြစ်သည်။ သူသာ ချက်ချင်း မေးမြန်းလိုက်လျှင် ပြဿနာ ရှာသလို ဖြစ်သွားလိမ့်မည်။
"ကျန့်မိသားစုရဲ့ အကြီးဆုံးသားရဲ့ ဇနီးက သူတို့ ပြခန်းက စုဆောင်းထားတာတွေကို ရှင်းထုတ်ပြီး ပိုက်ဆံ ခွဲဝေယူကြဖို့ လုပ်နေတယ်လို့ သတင်းထွက်သေးတယ် ... သူမက မြန်မြန် ရောင်းချင်နေတာ... ကျန့်မိသားစုရဲ့ အငယ်ဆုံး သမီးကတော့ သိပ်ပြီး ထွေထူးမရှိလို့ အစ်ကိုဖြစ်သူ ပြောသမျှ နားထောင်တယ်... ကျန့်မိသားစုရဲ့ ဒုတိယမြောက် သားကလည်း အေးအေးဆေးဆေးသမားမို့ ဒီကိစ္စ သိပ်မကြာလောက်တော့ဘူး... သူတို့ ယွမ်ကျားလေလံအိမ်မှာ တင်လိမ့်မယ်"
စောစောက သူ ကြားခဲ့ရသည့် သတင်းအစအနနှင့် ချိန်ကြည့်ရင်း ယွီနျန်က ပိုပြီး နားလည် သဘောပေါက် သွားလေသည်။ သူက စောစောက ဖုန်းပြောနေသည့် သူကို တစ်ချက်ကြည့်လိုက်ရင်း အကြည့်လွဲလိုက်သည်။
လေယာဥ်ဆင်းသည့်အချိန် နျင်းချန်မြို့၌ မနက်ရှစ်နာရီ ရှိပြီ ဖြစ်သည်။ နေရောင် ထွက်ပြူစ အချိန်ဖြစ်ပြီး မနက်ခင်းမြူနှင်းစတို့ကို ထိုးဖောက်၍ အနွေးဓါတ် ဖျော့ဖျော့ ပေးနေသည်။ ယွီနျန်က ကားပြတင်းပေါက်ပေါ် ခေါင်းမှီလိုက်ရင်း နူးနူးညံ့ညံ့ မေးရိုးလေးကို လှစ်ဟာပြထားလေသည်။ နေခြည်နုနုက မျက်နှာထက် တလက်လက် ချိန်ရွယ်နေလျက်။
ရှစ်ရော့က လှစ်ခနဲဆိုသလို ဓါတ်ပုံရိုက်လိုက်ရင်း မုန့်ယွမ်ကို ဂုဏ်ယူဝင်ကြွားသည့် အသံနှင့် ပြောလိုက်သည် " အစ်ကိုမုန့်... ပုံကို ကြည့်ပါအုံး...ဝေ့ပေါ်မှာ တင်ဖို့ editလုပ်ဖို့တောင် မလိုတော့ဘူးမို့လား"
မုန့်ယွမ်ကလည်း ချီးကျူးလိုက်သည်
" တကယ်ကို ရိုက်ချက်ကောင်းပဲ... မင်းရဲ့ ဝေ့ပေါ်အပ်ဒိတ်အတွက် ပုံတင်လို့ ရပြီ နျန်နျန်..."
"အိပ်မပျော်စာလိပ်"အကြောင်း အတွေးများနေ၍ ယွီနျန်က နာမည်ခေါ်သံ ကြားမှ အသိဝင်လာသည်
" အစ်ကိုမုန့်တို့က ဘာများ ပြောနေကြတာလဲ"
"မင်း အခုလေးတင် နေ့ခင်းအိပ်မက် မက်နေတုန်း ရော့ရော့က ဓါတ်ပုံ ရိုက်ထားလိုက်တာ... ပုံက ကောင်းတယ်ရော ...မင်းရဲ့ ဝေ့ပေါ်အပ်ဒိတ်အတွက် သုံးလို့ရတယ် ပြောတာ"
မုန်ယွမ်၏ အသိပေးမှုကြောင့် သူ့ဝေ့ပေါ်ကို အပ်ဒိတ်မတင်ရသေးမှန်း သတိရသွားသည်။ သူက ရှစ်ရော့ကို ဓာတ်ပုံ တောင်းလိုက်ရင်း ဝေ့ပေါ် ဖွင့်ကာ ပို့စ်တင်လိုက်သည်
" ဘေးကင်းကင်းနဲ့ လေယာဥ်ဆိုက် ခဲ့ပါပြီ... အိမ်ပြန်ရောက်လို့ အရမ်း ပျော်မိတယ်...[ဓါတ်ပုံ]"
ဝေ့ပေါ်တွင် မျှော်လင့်စောင့်စားနေကြသော ဖန်များက အမြန် ကောမန့် ရေးလာကြသည်။
[နျန်နျန်ရေ... ပင်ပန်းသွားရပြီ... ပြန်လာတာ ကြိုဆိုပါတယ်... ပြီးတော့ ဒီပုံ ဘယ်သူ ရိုက်ပေးတာလဲ... လက်မထောင်ပေးလိုက်ပြီဟေ့... အရမ်း ချောတာပဲ]
[အား... ဒီ မနက် ဘာလို့များ စောစောနိုးနေရတာလဲ... ဒီဘေးတိုက် ပုံလေးကို ကြည့်ရတာ နတ်သားမျက်နှာလေးများလား... နျန်နျန်မှာ မျက်တောင်ရှည်ကြီးတွေနဲ့ မျက်လုံးလှလှလေးတွေ ရှိတယ်... နွေးထွေးလိုက်တာ]
[ဒီဝမ်းနည်းဖွယ် ပုံစံလေးနဲ့ ကောင်ချောလေးက ဘယ်ကများ ရောက်လာတာပါလိမ့်... နျန်နျန်က အဆိုပိုင်းမှာ အရမ်းတော်တာပဲ ... ပြီးတော့ အရမ်း ကြည့်ကောင်းသေးတယ်... ဘေးဘက်တံခါးက ကောမန့်တွေမှာ ထန်းရှောင်ခယ်က နျန်နျန့်ကိုတောင် ကျော်ပြီး ဘယ်လောက် ကြည့်ကောင်းတာဆိုပြီး ပြောနေကြတာ... သူတို့ မွေးလာတုန်းက မျက်လုံးပါလာဖို့ မေ့သွားခဲ့တာများလား]
ရှစ်ရော့က ကောမန့်တစ်ခွင် လျှောက်ကြည့်နေရင်း ထန်းရှောင်ခယ်၏ ဝေ့ပေါ်ကို သွားကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့သည်
" ဒီ ထန်းရှောင်ခယ်က ဘာဖြစ်နေတာလဲ...မင်းရဲ့ ဝေ့ပေါ်မှာ အပ်ဒိတ်တင်ပြီးတာနဲ့ သူလည်း ချက်ချင်းကို ဆယ်ဖီပုံ လိုက်တင်တော့တာ"
မုန့်ယွမ်က ဘေးက လိုက်ပြောလာသည်
" သူက စကြဝဠာရဲ့ အလယ်တည့်တည့်မှာနေပြီး လူတိုင်း သူ့လိုအင်တွေကို ဖြည့်ဆည်းပေးကြမယ်လို့ ထင်နေတဲ့ပုံပဲ... မင်းက သူ့ကို တစ်ကြိမ် ထိမိတာနဲ့ မင်းကို ပြဿနာ ဖြစ်အောင် နေရာတိုင်း လိုက်ပြီး ဖိနှိပ်ထားလိမ့်မယ်... အဲ့လိုလူတွေက အာရုံမထားတာပဲ ကောင်းတယ်... မင်း ဂရုစိုက်မိတာနဲ့ ပိုရောင့်တက်လာလိမ့်မယ်"
ရှစ်ရော့က လက်ဖျောက်တီးလိုက်ရင်း " အဲ့ဒါအဓိပ္ပါယ်ရှိတယ်"
မုန့်ယွမ်က ယွီနျန့်ကို ကြည့်လိုက်သည်
" ရိုက်ကွင်းကို သွားနေတုန်း တရေးအိပ်ထားလိုက်... အိမ်မပြန်တာ အဆင်ပြေရဲ့လား"
ယွီနျန်က ခေါင်းညိမ့်ပြလာသည်
" ကိစ္စမရှိဘူး အစ်ကိုမုန့်... ရောက်တာနဲ့ ကျွန်တော့ကို နိုးလိုက်နော်"
"ကောင်းပြီ... စိတ်မပူနဲ့"
သို့သော်လည်း ခရီးမဆိုက်မီ မုန့်ယွမ်က ယွီနျန့်ကို နိုးလိုက်သည်။ စောင်ပါးလေး ခြုံထားရင်း ယွီနျန်က မျက်လုံး ပွတ်ပြီး ခပ်လေးလေးအသံနှင့် ပြန်ဖြေလာသည်
" အစ်ကိုမုန့်... ဘာဖြစ်တာလဲ"
"ဟာဆီက လုပ်ငန်းစနေပြီ"
ချက်ချင်း အိမ်ချင်ပြေသွားပြီး ယွီနျန်က အပြုံးလေးနှင့် မေးလာသည်
" အတည်ပြုပြီးသွားပြီပေါ့"
"လုပ်ငန်းစနေပြီ ဆိုတော့ ၁၀၀% အတည်ပြုပြီးပြီပေါ့"
မုန့်ယွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး တင်ပါးကို တစ်ချက်ပုတ်လိုက်ရင်း " နောက်ဆုံးတော့ ငါ့ရဲ့ အရည်အချင်းတွေကို ပြဖို့ အခွင့်အရေး ရလာပြီပေါ့"
သိပ်မကြာမီ " အမှန်တရား ထွက်ပေါ်ရာ"ဆိုသည့် အကောင့်နှင့် ဝေ့ပေါ်တွင် ပို့စ်တစ်ခု တင်လာသည် " နောက်ဆုံးရသတင်း... YNဘက်က ဟာဆီနဲ့ ကြော်ငြာတွဲရိုက်တော့မှာပါ... ဖက်ရှင်လောကက အရမ်း အာဏာရှိတာပဲ... တကယ်တော့ ဟာဆီပိုင်ရှင်က အုပ်စုဓါတ်ပုံ ထုတ်ပြီးပြီမို့လို့ သိပ်မအံ့သြမိပေမယ့် ကြည့်ရတာ လူတွေကတော့ မယုံကြတဲ့ပုံပဲ ဟုတ်တယ်ဟုတ်"
[ဒီသတင်းက မှန်လားမှားလား တစ်ယောက်ယောက် အတည်ပြုပေးလို့ရမလား... ယွီနျန်က တကယ်ကြီး ဟာဆီကို ကြော်ငြာပေးရတာလား... ဘုရားရေ အထင်ကြီးလောက်စရာပဲ... အတင်းအဖျင်းတွေ ကြိုက်တဲ့ ပွဲကြည့်ပရိတ်သတ် ငါလေးတောင် မယုံနိုင်ဘူး]
[ဒီအကောင့်က စိတ်ချရတယ် ထွက်လာသမျှ သတင်းတွေကလည်း မှန်တတ်တယ်... ဒါဆို ယွီနျန်က ဟာဆီနဲ့ ကြော်ငြာရိုက်ရတော့မယ်ဆိုတာ တကယ်ကြီးပေါ့... ဖရဲသီးစားရတာ ကြိုက်တဲ့သူ တစ်ယောက်အနေနဲ့ ထန်းရှောင်ခယ် အခု ဘယ်လိုခံစားနေရမလဲဆိုတာပဲ သိချင်မိတယ်]
[ဟားဟားဟား သုံးကြိမ်လောက် ရယ်ပါရစေအုံး... ဘာကြောင့်များ ဟာဆီက ယွီနျန့်ကို ရှိုးပွဲလာဖို့ ဖိတ်ရသလဲ နားမလည်နိုင်ဘူးလို့ ထန်းရှောင်ခယ်က ပြောခဲ့တာ မဟုတ်ဘူးလား... ကောင်းပြီ အကြောင်းပြချက်က ဒီမှာပဲ... သူတို့က ယွီနျန့်ကို ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် အနေနဲ့ လက်မှတ်ထိုးထားချင်ခဲ့တာ... ထန်းရှောင်ခယ်က ယွီနျန့်ကို ဟာဆီတံဆိပ် အဝတ်အစားတွေ ဝယ်မဝတ်နိုင်လို့ ဘယ်လောက်တောင် နှိမ်ခဲ့လဲဆိုတာ မှတ်မိကြသေးလား... တောင်းပန်ပါတယ် ယွီနျန်က ဝယ်ဝတ်စရာကို မလိုတော့ဘူး ...ဘရန်းကိုယ်စားလှယ်အနေနဲ့ သူက နောက်ဆုံးပေါ် အဝတ်တွေ အကုန် ရတော့မှာမို့လို့ပဲ]
[ဒီလို သတင်းအမှားမျိုးကို ဘယ်သူက ယုံမှာလဲ... သူက ယွီနျန့်ကို တအား မြှောက်ပြောနေကြတာပဲ... အမြင့်ကနေ ပြုတ်ကျပြီး လည်ပင်းကျိုးကုန်မှာ မကြောက်ကြဘူးလား]
[ရယ်စရာကောင်းလိုက်တာ...ယွီနျန်က ဟာဆီတံဆိပ်ကို ကြော်ငြာရိုက်ပေးတော့မှာ ဆိုတော့ ထန်းရှောင်ခယ်က ဟာဆီကို ဆက်ဝယ်အုံးမလား သိချင်မိတယ်... ယွီနျန်က ပြောရေးဆိုခွင့်ရှိသူဆိုရင် သူသာ ဆက်ဝယ်လို့ကတော့ ရောင်းအားတွေ တက်အုံးမှာပဲ... ဒါပေမယ့် မဝယ်ပြန်ရင်လည်းလေ ဒီကမ္ဘာမှာ ငါတို့ သခင်လေးထန်းရဲ့ အကြိုက်နဲ့ ကိုက်ညီတဲ့ ဘရန်းက ရှိမှာမဟုတ်တော့ဘူး...အင်း... သူ့အတွက် ငါ့ရင်တွေ နာနေပါပြီ]
ယွီနျန်က တစ်နေ့လုံး အလုပ်များနေ၍ အွန်လိုင်းအတင်းအဖျင်းများကို အာရုံစိုက်နေရန် အသာထားလို့ အသက်ရှူရန်ပင် အချိန်မရှိချေ။ သူတို့ အလုပ်ပြီးသွားချိန်၍၌ ညနေစောင်းနေပြီ ဖြစ်သည်။ မုန့်ယွမ်က ဝေ့ပေါ်မှ ပြန်စာများကို ဖတ်ပြနေရင်း ယွီနျန်က ခေါင်းညိမ့်ပြီး တိတ်တိတ်လေး နားထောင်နေသည်။
သူ၏ ဖုန်းမှ ရွှယ်ယုံ၏ နိုတီတက်လာသည် " မင်းနဲ့အတူတူ ချက်စ်ကစားဖို့ ကိုယ် လာခဲ့ရမလား"
ယွီနျန်က ပြုံးလိုက်ရင်း မုန့်ယွမ်ရှေ့မှာပင် ရွှယ်ယုံ့ကို ဖုန်းခေါ်လိုက်သည် " အလုပ်ဆင်းပြီလား"
"ဟုတ်တယ်... ဒီနေ့အတွက် အကုန် လုပ်ပြီးသွားပြီ"
ရွှယ်ယုံက နွေးနွေးထွေးထွေး ပြန်ဖြေလာသည်
" မင်းကရော"
" ကျွန်တော်လည်း ဒီနေ့အတွက် အကုန် လုပ်ပြီးသွားလို့ အိမ်ပြန်မယ့် လမ်းမှာရယ်" ယွီနျန်က ဖိတ်ခေါ်လိုက်သည်
" ဒီည အားတယ် ဆိုတော့ ကျွန်တော့နေရာကို လာချင်လား"
ယွီနျန် စိတ်ပြောင်းသွားမှာ စိုးသည့်နှယ် ရွှယ်ယုံက အမြန် ပြန်ဖြေလာသည်
" လာမှာပေါ့"
"ကောင်းပါပြီ ... နောက်မှ တွေ့ကြမယ်လေ"
ဖုန်းချလိုက်ပြီးနောက် ယွီနျန်က မုန့်ယွမ် ပြောသံကို ကြားလိုက်ရသည်
" မင်းက အခုလေးတင် ပင်ပန်းပြီး ဘာမှမလုပ်ချင် ဖြစ်နေပေမယ့် အဲ့ဒီဖုန်းလည်း ရောက်လာရော ချက်ချင်းကို အားတွေ ပြည့်သွားတာပဲနော် ဘယ်လိုတောင် များလဲ"
ယွီနျန်က သူ့ဖုန်းကို တစ်ချက်ကြည်လိုက်ရင်း ပြုံးလိုက်သည် " အင်း... အချစ်ရဲ့ စွမ်းအားလို့ ပြောရမလားပဲ"
မုန့်ယွမ် "..."
ငါ ခွေးစာတွေများ တောင်းမိတာလား။
ယွီနျန် အိမ်ပြန်ရောက်ပြီး သိပ်မကြာမီ ရွှယ်ယုံ ရောက်လာသည်။ လက်ဖက်ရည် တစ်အိုး နှပ်လိုက်ရင်း ယွီနျန်က ချတ်စ်ဘုတ်ပြားကို သူတို့နှစ်ယောက်ကြား နေရာချလိုက်ပြီး သိချင်စိတ်နှငိ့ မေးလိုက်သည်
" ခင်ဗျားက ချက်စ်ကစားတဲ့ နေရာမှာ တော်လား"
အစိမ်းဖျော့ရောင် ကြွေခွက်လေးမှ လက်ဖက်ရည် နှစ်ငုံသောက်လိုက်ရင်း ရွှယ်ယုံက ပြန်ဖြေလာသည် " အဲ့လို မဟုတ်ပါဘူး"
"အဲ့ဒါ ကောင်းတယ်... ဒီလိုဆို ကျွန်တော် ရုပ်ပျက်ဆင်းပျက် ရှုံးတော့မှာ မဟုတ်ဘူး"
ယွီနျန်က တက်တက်ကြွကြွ ပြောလာသည်
" လာ စကြရအောင်"
ပထမပွဲတွင် ယွီနျန်က မြန်မြန် အနိုင်ရသွားပြီး ဒုတိယပွဲလည်း ချောချောမွေ့မွေ့ပင်။ သို့သော်လည်း လေးပွဲဆက်တိုက် နိုင်ပြီးနောက် ယွီနျန်က တစ်ခုခုမှားနေမှန်း သတိထားမိသည်
" ရွှယ်ရှောင်ယုံ... ခင်ဗျားက ကျွန်တော့်ကို အနိုင်ပေးနေတာပဲ"
"ကိုယ် မလုပ်... အင်း ကိုယ် အနိုင်ပေးခဲ့တာ"
ရွှယ်ယုံက ယွီနျန့် ထင်မြင်ချက်ကို မေးလိုက်သည်
" တကယ် အနိုင်မပေးရဘူးလား"
ယွီနျန်က အခိုင်အမာ ပြောလာသည် " တကယ်ပေါ့"
ရွှယ်ယုံက ပြောလိုက်သည် " ကောင်းပြီလေ ဒါဖြင့် အနိုင်ရသူအတွက် ဆုပေးဖို့ ရှိလား"
ယွီနျန်က ခေါင်းညိမ့်ပြသည် " ဆုလား... သေချာတာပေါ့... ခင်ဗျား ဆုံးဖြတ်နိုင်တယ်"
ရွှယ်ယုံက ချက်စ်တုံး၏ မျက်နှာပြင်အကွက်ကို လက်ချောင်းထိပ်နှင့် ဖွဖွ ပွတ်လိုက်ရင်း တိုးတိုး ပြောလာသည်
" ဒီလိုဆိုရင်ရော အနိုင်ရတဲ့သူက တစ်ဖက်လူကို အနမ်းပေးရမယ်... အဆင်ပြေလား"
"ကောင်းပြီလေ"
နှစ်မိနစ်ကြာပြီးနောက် ယွီနျန်က အိပ်မက်မက်နေသလို ချက်စ်ဘုတ်ပြားကို စိုက်ကြည့်နေရင်း ပြောလာသည်
" ဘာလို့များ ကျွန်တော်က မြန်မြန် ရှုံးသွားရတာလဲ... ခင်ဗျား ဘယ်လိုမှ အကွက်ချလိုက်တာလဲ"
ရွှယ်ယုံ့အကြည့်က ပိရိသေသပ်သော ယွီနျန့် နှုတ်ခမ်းပေါ်တွင်သာ ရောက်နေပြီး သူ့မျက်နှာက အေးစက်နေသော်ငြား မျက်လုံးအကြည့်က တစ်ရာသီလုံး ဆီးနှင်းများ အရည်ပျော်နေသလို တလဲ့လဲ့ဖြစ်နေသည်။
"ဘာလို့ဆို ကိုယ် မင်းကို နည်းနည်းလောက် မြန်မြန်လေး နမ်းချင်လို့လေ"