အပိုင်း ၁၀၀
Viewers 16k

Chapter 100




အင်တာဗျူး ထုတ်လွှင့်လိုက်သည်နှင့် screenshot ဖြစ်ဖြစ် ဗီဒီယိုအတိုလေး ဖြစ်ဖြစ် ပင်မစာမျက်နှာတွင် အလျင်အမြန် ပျံ့နှံ့သွားသည်။


[သောက်ချီး...အံ့သြလွန်းလို့ ဖုန်းပါ မြေကြီးပေါ် လွှတ်ကျကုန်ပြီ... တစ်ယောက်ယောက်လောက် ကျေးဇူးပြုပြီး ပြောပေးနိုင်မလား... အဲ့ဒီ ပန်းအိုးကွဲက ၈၀မီလီယံ မဟုတ်ပဲ ၈၀ယွမ် ဆိုပြီး ပြောပေးနိုင်မလား... ပြီးတော့ အရောင်လွင့်နေတဲ့ ပန်းချီကားကလည်း ၉၀မီလီယံ မဟုတ်ပဲ ၉၀ယွမ်လို့ ပြောပေးနိုင်မလား... ငါ့ ဦးနှောက်ကတော့ ပိုက်ဆံကြောင့် ကြောင်လာပြီ ထင်ပါရဲ့]


[အား ... ဘုရားရေ... ဒီဗီဒီယိုကို ကြည့်ပြီး ဘယ်လိုတွေးမိလဲလို့ @ထန်းရှောင်ခယ်ကို တကယ်ကြီး မေးလိုက်ချင်တယ်... ဟားဟားဟား... အရင်တုန်းက သူတို့က နျန်နျန့်ကို ဟာဆီရဲ့ တန်ဖိုးကြီး ဝတ်စုံတွေ ဝယ်မဝတ်နိုင်လို့ ဆိုပြီး လှောင်ထားကြတာ... ငါတို့ကောင်လေးက သူ တတ်နိုင်တယ်ဆိုပြီး လှည့်ထွက်လာပါပြီနော်... သူတို့ဝယ်တဲ့အရာတွေနဲ့ လုံးဝ အဆင့်မတူပဲ ကွဲပြားနေရုံလေးပါ... နင်တို့ မျက်လုံးတွေ ဖွင့်ပြီး မိုးကုတ်စက်ဝိုင်းထိ ပြူးကြည့်နေကြစမ်း...]


[ငါ့ဘက်က @ထန်းရှောင်ခယ်ကို ပွင့်ပွင်လင်းလင်း လှောင်လိုက်ပါပြီ... လူတိုင်းက သူ့လိုပဲလို့များ ထင်နေကြတာလား... သူတို့အဆင့်အတန်းကို ဇိမ်ခံပစ္စည်းတွေ အထပ်လိုက်နဲ့ ပြချင်ကြတာလေ... နျန်နျန့်ကို ဆင်းရဲတယ်ဆိုပြီး အပြစ်မရှာခင် စက္ကူစတစ်ခုကို ၂၀၀မီလီယံလောက် သုံးကြည့်လိုက်အုံး... ယွီနျန် ဆင်းရဲတယ်လို့ ပြောနေတဲ့ပါးစပ်တွေ ပိတ်သွားလိမ့်မယ်]


[ကိစ္စကတော့ ဖြေရှင်းပြီးသွားပြီ... ဆေးသုံးတာလည်း မဟုတ်ဘူး လောင်းကစားလုပ်တာလည်း မဟုတ်ဘူး... ပိုက်ဆံတွေက ဘယ်တွေ ရောက်သွားတာလဲ ဆိုတော့ သူ့ကို စိတ်ပျော်စေတဲ့ ပစ္စည်းတွေအပေါ် သုံးလိုက်တယ်...]


ညနေ ၇နာရီခွဲတွင် ချီကျယ်လုပ်ခဲ့သည့်အတိုင်း ချီကျယ်နှင့်အတန်းတူသည့် နျင်းချန်တက္ကသိုလ်မှ အခြားကျောင်းသားတစ်ယောက်ကလည်း အင်တာဗျူးလာသည်။


("...ချီကျယ်နဲ့ ကျွန်တော်က အခန်းဖော်တွေပါ... ပြီးတော့ ကျွန်တော့် ထိန်းထားလို့မရတဲ့ ကိစ္စတစ်ချို့ရှိနေတယ်... ချီကျယ်က အရမ်းဥာဏ်များတဲ့သူပဲ... သူလိုချင်တာကို သူသိတယ်... ကျွန်တော်တို့ ကောလိပ်တက်တုန်းက ယွီနျန်က ပေါ်လွင်တဲ့သူတစ်ယောက်လေ... ချီကျယ်က ယွီနျန်ရဲ့ နေစဥ်အချိန်ဇယားကို လေ့လာတတ်ပြီး တမင်သက်သက်နဲ့ 'တိုက်ဆိုင်သလို 'ဖြစ်အောင် သွားတတ်တယ်... သူ့ရဲ့ ရည်ရွယ်ချက်က ယွီနျန်နဲ့ ရင်းနှီးချင်လို့ အကြောင်းရင်းက ယွီနျန်လိုမျိုး ပရော်ဖက်ဆာကျန်းရဲ့ တပည့်ဖြစ်ချင်လို့ပဲ... ချီကျယ်က အကြံတစ်ခုနဲ့ ရှင်းယောင်အင်တာတိန့်မန့်မှာတောင် အလုပ်ဝင်ခဲ့တယ်... အဆုံးမှာ သူက အောင်မြင်သွားခဲ့တယ်.. ရှင်းယောင်မန်နေဂျာဆီ ယွီနျန့်ပုံတွေ ပြတယ်... ပြီးတော့ ယွီနျန်က ဖျော်ဖြေရေးလောကထဲကို အဆိုတော်အနေနဲ့ ဝင်လာခဲ့တယ်... ချီကျယ်က ပရော်ဖက်ဆာကျန်းဆီ သွားပြီး သူက ယွီနျန်လိုမျိုး အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောပြီး သူ့ကိုသူ ကမ်းလှမ်းခဲ့တာ... ဒါပေမယ့် ပရော်ဖက်ဆာကျန်းက သူ့ကို ငြင်းခဲ့တယ်... ပရော်ဖက်ဆာက ချီကျယ့်ကို မြင့်မြင့်မတွေးထားဘူးလေ ...."


သတင်းထောက်က မေးလိုက်သည်

" ဒီတစ်ခေါက် ဖြစ်တဲ့ ဆေးမှုကရော ..."


"ဒါကလည်း ချီကျယ်လုပ်တာပါပဲ... ဓါတ်ပုံတွေက သူရိုက်ထားတာတွေလေ... ကျွန်တော် အဲ့ဒီပုံတွေကို မြင်ဖူးတယ် ဓါတ်ပုံတွေက ချီကျယ့်ဖုန်းထဲမှ ရှိနေတုန်းပဲ... ပရော်ဖက်ဆာကနျင်းရဲ့ ကိစ္စကြောင့် ဟယ်မြို့က အစည်းအဝေးမှာ ပါတဲ့သူတိုင်း ဆေးစစ်ရတာ... ယွီနျန်က ဘယ်လိုလုပ်ပြီး ဆေးသုံးတာ ဖြစ်နိုင်မှာလဲ... ချီကျယ်က ယွီနျန့်ပုံရိပ်ကို ဖျက်ဆီးချင်လို့ပဲ ဖြစ်မှာပေါ့")


[ဘာပြောရမှန်းတောင် မသိတော့ဘူး... ဒါက အရမ်းရှုပ်တာပဲ... ဘေးကရပ်ကြည့်တဲ့ ငါလေးတောင် ကောမန့်မရေးချင်တော့ဘူး]


[??? မနာလိုမှုက လူတစ်ယောက်ကို မသမာနည်းလမ်းတွေသုံးပြီး အရည်အချင်းရှိတဲ့ တခြားသူတွေကို အန္တရာယ်ပြုဖို့ လမ်းပြတတ်တယ်... မင်းရဲ့ အသိတရားက ပုပ်သိုးပြီး ရွံစရာကောင်းနေပြီးပြီ... အရင်တုန်းက နျန်နျန်ကို လူကသာ ချမ်းသာချင်ယောင်ဆောင်နေတာ တကယ်တမ်းက အရမ်းဆင်းရဲတယ် သူတော်ကောင်းယောင်ဆောင်နေတဲ့သူ ဆိုပြီး စော်ကားခဲ့တယ်... ဒါပေမယ့် မင်းဆုံးဖြတ်ထားတဲ့ အတိုင်း ရလဒ်ထွက်မလာတော့ နျန်နျန်ကို ဆေးသုံးတယ် ဆိုပြီး စွပ်စွဲပြန်တယ်... ကိုယ်လုပ်တဲ့ ကိစ္စအတွက် အကျိုးဆက်တွေ ရှိလာမယ်ဆိုတာ မင်းသိရဲ့လား]


[အား... အမြန်လုပ်... ဘေးခန်းကို သွားကြ... နောက်ထပ်ကိစ္စကို ဖြေရှင်းပြီးသွားပြီ...နျင်းချန်တက္ကသိုလ်က တစ်ယောက်ယောက်က ဖော်လာခဲ့တာ... ချီကျယ်က ကျောင်းဂိတ်ပေါက်မှာ စူပါကားတစ်စီးနဲ့ လိုက်သွားတယ်တဲ့... အမြင်စူးရှတဲ့သူဆို အဲ့ဒီကားက ထန်းရှောင်ခယ်ရဲ့ ကားမှန်း သိတယ်... သူတို့ အတူတူရှိနေတဲ့ ဓါတ်ပုံတောင် ရှိသေးတယ်... ငါတော့ လက်ဖျားခါသွားပြီ]


[ဘုရားရေ... ဒီနေ့မှာ အရည်တစ်ရွှမ်းရွှမ်း အတင်းအဖျင်းတွေ တောင်ပုံယာပုံ ပါလား... ဒီလိုဆို ဒီကိစ္စတစ်ခုလုံးကို ထန်းရှောင်ခယ်နဲ့ ယွီနျန့်စီနီယာအစ်ကို ချီကျယ်တို့က ပေါင်းကြံပြီး ယွီနျန့်ကို ဖျက်ဆီးဖို့ လုပ်ထားကြတာပေါ့... သူတို့က ဒီကိစ္စတစ်ခုလုံးကို လုပ်ဇာတ်ခင်းဖို့ ဖန်အတုတွေ ပိုက်ဆံပေးရတဲ့ မီဒီယာအကောင့်တွေ hot searchရယ် ကြိုကိုင်ထားတဲ့ ရှာဖွေမှုစာရင်းတွေကို ပိုက်ဆံပေးဝယ်ထားကြသေးတယ်...အံ့သြစရာပဲ ကြည့်ရတာ နျန်နျန့်ကို အပြစ်ရှာခဲ့တဲ့သူတွေကလည်း ဒီမကောင်းကောင် နှစ်ကောင်ပဲ ကြိုးကိုင်ထားတာနေမှာ...]


မကြာမီ အင်အားရှိသည့် အင်တာနက်သုံးစွဲသူများက ထန်းရှောင်ခယ်နှင့် ပတ်သတ်သည့် အပြစ်ပြောစရာသတင်းအချက်အလက်များကို တူးဆွကြတော့သည်။ ပြည့်သူ့ဘက်ကို ကူညီရန် မုန့်ယွမ်က ထန်းရှောင်ခယ် ၁၇နှစ်အရွယ်က အရှိန်ပြင်းပြင်း ကားမောင်းမှုကြောင့် အက်စီးဒန့်ဖြစ်ခဲ့ရသည့် ကိစ္စကို ပိုက်ဆံသုံးပြီး ဖုံးဖိခဲ့ကြောင်း ဖော်ထုတ်လိုက်သည်။


ထိုအချိန်၌ ယွီနျန်၏ စီနီယာအစ်ကို ချိုးချူးယွဲ့က သူ့ဘလော့တွင် ပို့စ်တင်လာသည်

[[** " ဘယ်ဘာသာရပ်ကိုပဲ လေ့လာလေ့လာ ဥာဏ်ကောင်းပြီး အာရုံစူးစိုက်မှု လိုအပ်ရုံမကဘူး စိတ်သဘောထားကြီးပြီး ပင်ကိုယ်စိတ်ဓါတ်ကလည်း မြင့်မြတ်ရမယ် တစ်နေ့ပြီးတစ်နေ့ ဇွဲရှိရှိကြိုးစားရမယ်... ကံမကောင်းစွာနဲ့ မင်းမှာ အဲ့လိုအရည်အချင်းမျိုး တစ်ခုမှ မပိုင်ဆိုင်ဘူး... ဒါကမှ ဆင်းရဲမှုအစစ်ပဲ"**]]


ယွီနျန်က လေဆိပ်ကို ရောက်သွားသောအခါ ဂျာနယ်လစ်များက သူ့နား အုံလိုက်ကျင်းလိုက် ရောက်လာပြီး မေးခွန်းပြောင်းမေးလာကြသည်။


" ဆေးသုံးခဲ့တယ် ဆိုပြီး ကျောင်းတုန်းက စီနီယာရဲ့ မှားယွင်းစွာ စွပ်စွဲမှုကို ခံရခြင်းအပေါ် ဘယ်လို ခံစားရပါသလဲ"


"တန်ဖိုးကြီး ယဥ်ကျေးမှုအမွေအနှစ်တွေကို ပိုက်ဆံအမြောက်အမြားသုံးပြီး ဝယ်ခဲ့တာက အနုပညာကို ချစ်စိတ်ကြောင့်လား... ရင်းနှီးမြုပ်နှံဖို့ သက်သက်ပဲလား"


"ထန်းရှောင်ခယ်က မြို့ထဲမှာ တစ်ယောက်ယောက်ကို ကားနဲ့တိုက်ခဲ့ပြီး တစ်ဖက်လူရဲ့ ကံဆိုးမှုကြောင့်ပါ ဆိုပြီး ငွေနဲ့ဖုံးခဲ့တဲ့အပေါ် ဘယ်လို စဥ်းစားမိပါလဲ"


ယွီနျန်က လုံခြုံရေးအစောင့်များ ဝန်းရံလျက် အားကစားအိတ်အမည်းကို လွယ်ကာ ထသွားထလာ ဝတ်စားထားရင်း စိတ်မရှည်သည့် ပုံစံလည်း မပြသလို စိတ်အနှောင့်အယှက်ဖြစ်နေသည့် ပုံစံလည်း မပြချေ။ သူ့ကို လာကြိုသည့် နန်နီကားပေါ် ရောက်သွားသည်ထိ မေးခွန်းတစ်ခုကိုမှ ဖြေဆိုခြင်းမရှိပဲ ငြိမ်ငြိမ်လေး လိုက်ခဲ့သည်။


ကားထဲရောက်သည်နှင့် မုန့်ယွမ်က ယွီနျန့်ပုခုံးကို ပုတ်လိုက်ရင်း အူလိုက်သည်းလိုက် ရယ်မောလာသည်


 " ကောင်းကောင်း လုပ်ခဲ့တယ်... မင်း လေယာဥ်စီးနေတဲ့ အချိန်လေးမှာပဲ အင်တာနက်တစ်ခုလုံးက လူတွေရဲ့ အမြင်ကလည်း ပြောင်းပြန်ဖြစ်သွားကြပြီ... လူတော်တော်များများကလည်း သူတို့က အကြောင်းရင်းမှန်ကို မသိပဲ နားလည်မှုလွဲပြီး မင်းအပေါ် အပြစ်မပြောခဲ့သင့်ဘူး ဆိုပြီး မင်းရဲ့ ဝေ့ပေါ်ကောမန့်မှာ တောင်းပန်စာပို့ထားကြတယ်"


ယွီနျန်က သက်ပြင်းတစ်ချက်ချရင်း မျက်ခုံးတို့ ပင့်သွားသည်ထိ ပြုံးလိုက်ကာ " အစ်ကိုမုန့်... စားစရာတစ်ခုခု ရှိလား... နေ့လည်စာအတွက် အသားညှပ်ပေါင်မုန့်တစ်ခုပဲ စားရသေးတာ...အခု အရမ်း ဆာနေပြီ"


"ကားထဲမှာတော့ ပေါင်မုန့်ပဲ ရှိမှာ... အခု အဲ့တာလေး စားထားချင်လား"


 ယွီနျန်က လက်ခံပြီး ချက်ချင်းပင် တစ်ဝက်ကုန်အောင် စားလိုက်၍ မုန့်ယွမ်က စုတ်သပ်လိုက်ရင်း ပြောလာသည်


 " ဘယ်သူယုံမှာလဲ... စက္ကူတစ်ပိုင်းအတွက် ၂၀၀မီလီယံ သုံးခဲ့တဲ့ မစ္စတာယွီက ဒီလို ပေါင်မုန့်တစ်ခြမ်းလေးကို အငမ်းမရမြိုဆို့နေရတယ်ဆိုတာ..."


ရှစ်ရော့က နူးနူးညံ့ညံ့လေသံလေးနှင့် ဝင်ပြောလာသည် " ယွီနျန်က အစာစားနေတဲ့အချိန်ဆို သူက အရမ်း ကြော့ရှင်းပြီးတော့ တယ့်တယ်နေတာပါနော်... အငမ်းမရစားနေရသလိုမျိုးနဲ့ မတူပါဘူး"


မုန့်ယွမ်က ရှစ်ရော့ကို ခပ်တင်းတင်းကြည့်လိုက်ပြီး ယွီနျန့်ကို ရေဗူးပေးလာသည်။


 "ဘယ်လိုနေနေ... သူတို့ အင်တာနက်မှာ ဘယ်လောက်အပြစ်ရှာရှာ ထန်းရှောင်ခယ်ကတော့ အသေလို အသံတိတ်နေမှာပဲ... သူ့ရဲ့ လိပ်ခွံထဲမှာ တစ်သက်လုံး ပုန်းနေနိုင်မယ်လို့ ငါမယုံဘူး"


"သူ တစ်သက်လုံး ပုန်းကွယ်ပြီး နေမှာမဟုတ်ပါဘူး" ရှစ်ရော့က ရှေ့ထိုင်ခုံမှ လှည့်ကြည့်လာပြီး စိတ်လှုပ်ရှားစွာ သတင်းကို မျှဝေလာသည်


 " သူက လူထုကို တောင်းပန်ခဲ့တယ်... ထန်းရှောင်ခယ်က ဝေ့ပေါ်မှာ လူထုကို တောင်းပန်ခဲ့တယ်... ဒါပေမယ့် လူတော်တော်များများက ထန်းရှောင်ခယ်လိုမျိုး ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးတောင် ခေါင်းငုံ့ပြီး တောင်းပန်ရတယ်ဆိုတော့ ယွီနျန့်နောက်ခံက တကယ် အင်အားကြီးရမယ် ဆိုပြီး ပြောနေကြတာ..."


မုန့်ယွမ်က အလန့်တကြား တုန့်ပြန်လိုက်ရင်း ယွီနျန့်ကို ကြည့်လာသည် 


" ဥက္ကဌရွှယ်မို့လား"


ယွီနျန်က ပြုံးပြလာသည်

 " ဟုတ်တယ်... သူပဲ ဖြစ်မယ်"


ထန်းရှောင်ခယ်ဘက်မှ လူသိရှင်ကြား တောင်းပန်မှုကို အတိုချုံးဖတ်ပြီးနောက် မုန့်ယွမ်က မှတ်ချက်ပေးလာသည် 


" ကျွတ်... စကားလုံးစီထားတာက ထန်းရှောင်ခယ် ကိုယ်တိုင် လုပ်တာ ဟုတ်ပုံမရဘူး... သူ့အဖေက အတင်း တောင်းပန်ခိုင်းလို့ ဖြစ်မယ်..."


ထို့နောက် သူက ခေါင်းမော့ပြီး ပြောလာသည်

 " ဥက္ကဌရွှယ်ရဲ့ တုန့်ပြန်ချက်ကလည်း မယုံနိုင်လောက်အောင် မြန်ချက်ပဲ...မင်း သူ့ကို ဘာသွားပြောလိုက်တာလဲ"


ယွီနျန်က တစ်ခဏမျှ တုံ့ဆိုင်းသွားရင်း " ကျွန်တော် သူ့ကို ဘာမှ မပြောခဲ့ပါဘူး" 


ပြောကာမှ ပြဿနာကို နားလည်သွားရသည်။ ယခုကိစ္စ၏ ဖြစ်ရပ်အစမှ ယခုတိုင် ရွှယ်ယုံ့ကို မပြောပြထားချေ။


မုန့်ယွမ်က တစ်ခုခုလွဲနေမှန်း သိနေ၍ သက်သေရရန် မေးလာသည်


 " ဒါဖြင့် ဥက္ကဌရွှယ်က မင်းကို တစ်ခုခု ပြောခဲ့သေးလား"


ယွီနျန်က ခေါင်းခါပြသည်။


သူက နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် စကားပြောလာသည် 


" အစ်ကိုမုန့်... ကျွန်တော် အခုတော့ အိမ်မပြန်သေးဘူး... သူ့ကို သွားရှာလိုက်အုံးမယ်"


ရှေ့တွင် ယာဥ်မတော်တဆ ဖြစ်နေ၍ ကားလေးက အရှိန်လျော့သွားပြီး နန်နီကားလေးလည်း ယာဥ်ကြောနှင့်အတူ ရပ်သွားသည်။ လမ်းရှုခင်းရှိရာ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေရင်း ယွီနျန်က မည်သည်ကြောင့် ကိစ္စများက ဤသို့ ဖြစ်သွားရခြင်းအပေါ် စဥ်းစားနေမိသည်။


အချိန်တစ်ခုကြာသည်ထိ သူက ကိစ္စတိုင်းကို တာဝန်ယူပြီး မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်သည်နှင့်သာ ကျင့်သားရနေခဲ့သည်။


ထို့ကြောင့် 'အိပ်မပျော် စာလိပ်' နှင့်ပတ်သတ်သည့် ကိစ္စဖြစ်စေ တစ်ယောက်ယောက်က သူ၏'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်'ပန်းချီကားကို ပစ်မှတ်ထားနေသည်ဖြစ်စေ ရွှယ်ယုံ့ကို မပါခိုင်းရုံတင်မက ပြောပင်မပြောရမည့် ကိစ္စဖြစ်၍ "သူကိုယ်တိုင် ဖြေရှင်းရမည်" ဟု စိတ်ထဲ စွဲစွဲမြဲမြဲ မှတ်ထားသည်။


ဒါပေမယ့် ရွှယ်ယုံ့ဘက်ကရော...။ ယွီနျန်က သူတို့အချင်းချင်း အပြန်အလှန် နားလည်မှုတို့ကို စဥ်းစားကြည့်ရာမှ ရွှယ်ယုံ့ကို အတိုင်းအတာတစ်ခုထိ သဘောကျနေမှန်း သိလာရသည်။


သို့သော်လည်း စင်စစ်တွင် သူက ရွှယ်ယုံ့ကို သူကိုယ်တိုင်အတွက် ဆောက်ထားသည့် နံရံထဲ ဝင်လာခွင့်မပေးသေးပါချေ။


ရွှယ်ယုံဘက်ကလည်း ဤသည်ကို သတိထားမိသွားခြင်း ဖြစ်နိုင်သည်။ သူ့ဘက်က အကူအညီတောင်းပြန်လျှင်လည်း ရွှယ်ယုံက သတိကြီးကြီးထားပြီး ယွီနျန် စိတ်မသက်မသာ မဖြစ်ရန် အနီးအနားကနေ အစောင့်အကြပ်များ လွှတ်ထားမည် ဖြစ်သည်။


ယခုတစ်ကြိမ်ကဲ့သို့ ရွှယ်ယုံက သူ့အခြေအနေကို အနီးကပ် စောင့်ကြည့်စစ်ဆေးနေမည် ဖြစ်သည်။ ထို့ကြောင့်လည်း အချိန်တိုအတွင်းမှာပင် ထိခိုက်နစ်နာစေမည့် ကောလဟာလများကို ဖယ်ရှားပေးရင်း သူနှင့်သူ့အဖွဲ့ကို အသက်ရှူချောင်ရန် လုပ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အရာအားလုံး အနည်ထိုင်သွားချိန် ရွှယ်ယုံက ထန်းရှောင်ခယ်ကို လူသိရှင်ကြား တောင်းပန်ခိုင်းပြီး သူ့လုပ်ခဲ့သည့် ကိစ္စကိုပါ ဝန်ခံခိုင်းကာ ကိစ္စကို အဆုံးထိ ဆွဲခေါ်သွားရင်း နောက်ဆုံးခြေလှမ်း လှမ်းခဲ့သည်။


သူကိုယ်တိုင်ကရော...။


ယွီနျန်က ခါးသက်သက် ရယ်မောလိုက်ရင်း မုန့်ယွမ်ကို လှည့်ကြည့်လိုက်ပြီး ပြောလာသည်


 " သူက ကျွန်တော့် ချစ်သူ ဆိုပေမယ့် ဆေးမှုဖြစ်တုန်းက ကျွန်တော် ဘယ်လိုဖြေရှင်းရမလဲ တွေးခဲ့ဖူးတယ်... ကျွန်တော် ဦးလေးရုန်ဆီ ဆက်သွယ်ခဲ့တယ် အစ်ကိုချိုးကို ဆက်သွယ်ခဲ့တယ်... အစ်ကိုမုန့်ကို ဆက်သွယ်ခဲ့တယ် ဒါပေမယ့် ကျွန်တော် သူ့ဆီ လက်လှမ်းဖို့ မစဥ်းစားခဲ့မိဘူး "


"သူ့အကူအညီကို မလိုအပ်လို့ မဟုတ်ပေမယ့် အနည်းဆုံး ကျွန်တော့အခြေအနေကို သိစေချင်လို့ပါ"


ထိုအစား သူက ရွှယ်ယုံ့ကို အမှန်အမှားရောထွေးနေသော သတင်းအချက်အလက်များကို အသေးစိတ် လေ့လာပိုင်းခြားစေပြီး ဝန်ပေါ့ရန် တစ်ဆင့်ချင်း ကူညီစေသည်။


သူကိုယ်တိုင်ဆိုရင်ရော သူ ဘယ်လိုခံစားရမှာလဲ။


ပြောကြည့်ရုံနှင့်တင် နှလုံးသားက တဆစ်ဆစ်နာကျင်လာသည်။


ယွီနျန့်စကားကို ကြားသွားသောအခါ မုန့်ယွမ်က ဆက်ပြောလာသည် 


" ငါကတော့ တချို့နေရာတွေမှာ မင်းဘက်က မှားတယ်လို့ ထင်တယ်... ငါတို့က အလုပ်သဘောအရ ပတ်သတ်နေတာမို့ မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောပြလာတာပဲ ဖြစ်ဖြစ် မပြောတာပဲ ဖြစ်ဖြစ် မင်းသဘောပဲ... မင်းဘက်က အလုပ်ကောင်းကောင်း လုပ်နေသရွေ့ ငါ့ဘက်က မင်းရဲ့ ကိုယ်ပိုင်ဘဝကို ဘာမှပြောစရာမရှိပါဘူး... 


ဒါပေမယ့်...ဘယ်လိုပြောမလဲ ...ရွှယ်ယုံက အပြင်လူသက်သက် မဟုတ်ဘူးလေ... မင်းတို့ ဆက်ဆံရေးတစ်ခု တည်ဆောက်တဲ့အခါမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်နဲ့ ကိုယ်ပိုင်ကမ္ဘာလေး ရှိတတ်တာ သဘာဝပါပဲ... ဒါပေမယ့်လည်း သူ့ကို 'တခြားတစ်ယောက်'လို ဆက်ဆံတာကို သူလည်း အာရုံခံမိမှာပဲလေ...ပြီးတော့ ဒီလိုကိစ္စမျိုးက သူ့ကို အလှမ်းဝေးနေသလို ခံစားရစေလိမ့်မယ်" 


ယွီနျန်က စိတ်ပျက်အားငယ်သလို ခံစားလိုက်ရသည်


 " ကျွန်တော် သူ့ကို တခြားတစ်ယောက်လို မဆက်ဆံဖူးပါဘူး"


သူက ထုတ်မပြောပဲ ကိုယ်တိုင်ဖြေရှင်းသည့် နည်းလမ်းကို အသုံးပြုခဲ့ရုံပဲ ဖြစ်သည်။


ယွီနျန့်နှုတ်ဖျားက ခါးသက်သက် စကားသံကြောင့် မုန့်ယွမ်က တစ်ခဏမျှ စဥ်းစားလိုက်ပြီး နှစ်သိမ့်ပေးလာသည်


 " တကယ်တမ်းကျတော့လည်း ဒါက မင်းအတွက် ပထမဆုံး ရည်းစားထားဖူးတာမို့လား... အတက်အကျတော့ ရှိတတ်တာပဲလေ... ဒါပေမယ့် အခု မင်းက ပြဿနာကို နားလည်သွားပြီ ဆိုတော့ ကောင်းတယ်... မဟုတ်ရင် နောက်ပိုင်းပြတ်သွားရင်တော့ နောင်တရဖို့ နောက်ကျသွားပြီ"


ထိုအချက်ကြောင့် ရှစ်ရော့က သတိထားရန် ထပ်ပြောလာသည်


 " အဲ့ဒါ မှန်တယ်... နျန်နျန် မင်းက ကိစ္စကို သတိထားမိလာတာ ကောင်းတဲ့အရာပဲ... အခု မင်းက ဖြေရှင်းချက် ရှာရတော့မယ်... သမီးရည်းစား ဆက်ဆံရေးတွေမှာ ပြဿနာတွေတော့ ကြုံရတတ်တာပဲ... ဒါပေမယ့် အဲ့ဒီပြဿနာတွေက ရှောင်နေဖို့အတွက် မဟုတ်ဘူးလေ... ရင်ဆိုင်ဖြေရှင်းရမှာ"


"ဟုတ်တယ်...ရော့ရော့ပြောတာ မှန်တယ်... မင်းတို့နှစ်ယောက်လုံးက ရှေ့ကနှစ်နှစ်ဆယ်အတွင်းမှာ တစ်ယောက်အကြောင်း တစ်ယောက် မသိခဲ့ကြဘူးလေ... ကိုယ့်ဘဝနဲ့ကိုယ် နေခဲ့ကြတာ... အခုက မင်းတို့က တွေ့ဆုံပြီး အတူတူအလိုက်သင့်နေနိုင်ဖို့ ဆန္ဒရှိနေကြပြီ ... အဲ့ဒါ ကောင်းတယ်... ပြီးတော့ အနာဂတ်ကိုလည်း နှစ်ယောက်အတူ မျှော်လင့်စောင့်စားလို့ ရပြီပေါ့"


ရှစ်ရော့က ထောက်ခံလာသည်

 "အစ်ကိုမုန့်က လုံးဝဒက်ထိ မှန်ကန်တာပဲ"


ယွီနျန်က ခေါင်းညိမ့်ပြလိုက်ပြီး ကျေးဇူးတင်စွာ ပြုံးပြလာသည်


 " ကျေးဇူးပါ... အစ်ကိုမုန့်နဲ့ အစ်မရော့ရော့"


မုန့်ယွမ်က စနောက်လိုက်သည်

 " ငါတို့ကို ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ... မင်းက အကောင်းမြင်တတ်ပြီး ချောမွေ့တဲ့ အချစ်ခရီးလေး ရှိနေမှတော့ မင်းက အလုပ်ကြိုးစားလာမယ်... ပိုက်ဆံရှာဖို့လည်း အားရှိတာပေါ့ကွာ"


နန်နီကားလေးက ရပ်သွား၍ ယွီနျန်က ဦးထုပ်ဆောင်းပြီး မတ်စ်တပ်လိုက်ကာ ကားထဲမှ ဆင်းလိုက်သည်။ မုန့်ယွမ်က ခေါင်းငုံ့လိုက်ရင်း ကားပြတင်းပေါက်ကို ကျော်ပြီး မှာတမ်းချွေနေ၍ ပြီးမှ ကားထွက်သွားရသည်။


ဓါတ်လှေကားထဲ ဝင်ရန် လက်ဗွေရာနှိပ်လိုက်ပြီးနောက် ယွီနျန်က ဓါတ်လှေကားတံခါးရှေ့ ရပ်နေရင်း အသက်ပြင်းပြင်းရှူနေရ၍ သူ ပထမဆုံး စင်ပေါ်တက်ခဲ့သည့် အချိန်ထက် ပို၍ စိတ်လှုပ်ရှားနေမှန်း နားလည်သွားသည်။ ထိုအခိုက် အိပ်ကပ်ထဲမှ ဖုန်းက တုန်ခါလာသည်။


ယွီနျန်က ဖုန်းလက်ခံ ဖြေဆိုလိုက်သည်

 " ဦးလေးရုန်လား"


ရုန်ယွဲ့က အလျင်စလိုအသံနှင့် ပြောလာသည်

 " ငါ အခုလေးတင် သတင်းကြားခဲ့တာ... မင်းက လေလံပွဲမှာ အတားခံခဲ့ရတာဆို...လုံခြုံရေးအစောင့်တွေနဲ့ ရုတ်ရုတ်ဖြစ်သွားခဲ့တာလား... မင်းကို တားလာတဲ့သူက ရှောင်ထင်းဘက်ကလူလား"


ယွီနျန်က ဓါတ်လှေကားထဲ ဝင်ရန် အလျင်မလိုပဲ ပြန်ဖြေလာသည် " ဟုတ်တယ်... အဲ့ဒီလူက သူ့ကိုယ်သူ ရှောင်ထင်းရဲ့ လက်ထောက်လို့ မိတ်ဆက်လာတာ... ပန်းချီကားရောင်းပေးဖို့ ပြောချင်နေတာလေ"


ရုန်ယွဲ့က အံ့အားသင့်သွားရင်း ကျယ်ကျယ်လောင်လောင် ရယ်မောလာသည် 


" ကောင်းကောင်းလုပ်ခဲ့တယ်... နျန်နျန်ရေ... ရှောင်ထင်းက ပန်းချီကားအကြောင်း ဆွေးနွေးဖို့ မင်းကို ကြုံရာလက်ထောက် ပို့လို့ရတယ်လို့ တွေးထားတာနေမှာ... အတွေးမှားသွားတာပဲ" 


"ဟုတ်တယ်... ကျွန်တော်က အလုပ်များနေတာ...အဲ့ဒီအတွက် အချိန်မရှိဘူးလေ" 


ယွီနျန်ကလည်း ရယ်မောလိုက်ရင်း ဆက်ပြောလာသည်


 " ဒါပေမယ့် အဲ့ဒီလူက လက်မလျော့သွားဘူး... သူက ကျွန်တော့်ကို အထူးအကြောင်းပြချက်များ ရှိသလားလို့ မေးပြီး အကြောင်းရှာလိုက်သေးတယ်"


"ချမ်းသာပြီး သြဇာအာဏာရှိတဲ့ မိသားစုတွေက ဝှက်ဖဲအများကြီး ရှိတယ်... တစ်ခုခုနဲ့

ပတ်သက်နေတာ ဖြစ်နိုင်တယ်" 


ရုန်ယွဲ့က စိတ်ပျော်နေသည့် အသံနှင့် ပြောလာသည်


" မင်းဘက်က ကောင်းကောင်းဖြေရှင်းခဲ့တယ်... ဘာပဲဖြစ်ဖြစ် သူသာ မင်းကို ဖိတ်ကြားချင်ရင် ကိုယ်တိုင်လာရမယ်လေ"