အပိုင်း ၉၉
Viewers 16k

Chapter 99

: ဝယ်ရတာ ပျော်တယ်



မေးလာသည့်သူကို လျစ်လျူရှုလိုက်ရင်း ယွီနျန်က ပထမဆုံးအနေနဲ့ ခေါင်းငုံ့ပြီး မုန့်ယွမ်ကို စာပို့လိုက်သည် 


" သတင်းက အမှန်ပါ" 


ထို့နောက် သူက သူ့ရှေ့လာရပ်သည့် မရင်းနှီးသောသူကို မျက်နှာချင်းဆိုင်ကြည့်လိုက်ရင်း ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်


 " ဆောရီးပါ... ကျွန်တော်က ခင်ဗျားကို မသိသလို ခင်ဗျားရဲ့ ဘော့စ်ဆိုတဲ့ ရှောင်မျိုးရိုးနဲ့လူကိုလည်း မသိပါဘူး... စကားပြောဖို့အတွက်က ကျွန်တော် အလုပ်များနေလို့ အချိန်လွတ်မရှိဘူး ဖြစ်နေတယ် ခင်ဗျ..."


သူ့အသံက လုပ်ယူထားခြင်းမရှိပဲ နူးညံ့သိမ်မွေ့လှသည်။


ထိုလူက မျက်မှန်ကို ပင့်လိုက်ရင်း ယွီနျန့်ကို ချိန်ဆသလိုကြည့်လိုက်ကာ သူ့အပြုံးက ပိုပြီး နှိမ့်ချကျိုးနွံလာသည်


 " ကျွန်တော့်ဘက်က သေချာ ရှင်းရှင်းလင်းလင်း မလုပ်ထားပဲ ခင်ဗျားကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်တော့် နာမည်က ဝီလီယန်ဝူပါ.... ကျွန်တော့ ဘော့စ်နာမည်က ရှောင်ထင်း..ကနေဒါမှာ နေထိုင်တဲ့ တရုတ်လူမျိုး စီးပွားရေးသမားတစ်ယောက်ပါ... သူက ခုနက လေလံပွဲမှာတုန်းက 'တောင်အထပ်ထပ်ကြား လမ်းစရှာဖွေ'ကို ဝယ်ခဲ့တဲ့သူလေ... အဆင့်ဆင့်စုံစမ်းပြီးမှ မစ္စတာယွီကို တွေ့ရတော့တာပဲ... မစ္စတာယွီဘက်က စကားထိုင်ပြောဖို့အတွက် အချိန်လေးဖဲ့ပေးနိုင်မလား သိချင်မိတယ်"


ယွီနျန်က ပြုံးလျက် ပြန်ဖြေလာသည် " ကျွန်တော့ဘက်က စိတ်မဝင်စားပါဘူး" 

ထိုသို့ပြောပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။


ဝီလီယန်ဝူက အလောတကြီး ပြောလာသည် "မစ္စတာယွီ..."


ဝီလီယန်ဝူ၏ ဟန့်တားလာမှုကို ရှောင်ရှားလိုက်ရင်း ယွီနျန်က လေလံပွဲကျင်းပသည့် နေရာရှိ လုံခြုံရေးကို သွားပြောလိုက်သည်


 " ကျွန်တော့်နောက်က လူကြီးမင်းက ကျွန်တော် ထွက်သွားလို့မရအောင် လမ်းပိတ်နေတာမို့ ကျွန်တော့်ပစ္စည်းရဲ့ လုံခြုံရေးအတွက် ခင်ဗျားတို့ အကူအညီလိုအပ်နေပါတယ်..."


လုံခြုံရေးအစောင့်များကလည်း ပူးပေါင်းပေးလာကြသည်။ သူတို့နှစ်ဦးက ယွီနျန့်ဘေးတွင် အမြန်ရပ်လိုက်ရင်း ခေါင်းညိမ့်ပြလာသည် 


" ဒါ ကျွန်တော်တို့ တာဝန်ပါပဲ" တစ်ချိန်တည်းမှာပင် နောက်ထပ်လုံခြုံရေးအစောင့် တစ်ယောက်က ဝီလီယန်ဝူ အနားကို ချဥ်းကပ်သွားရင်း "ကျေးဇူးပြုပြီး ထွက်သွားပေးပါ" ဆိုသည့် အမူအရာလုပ်ပြနေသည်။


"မစ္စတာယွီ..."


ယွီနျန်က ဝီလီယန်ဝူကို အာရုံထားမနေတော့ပဲ လုံခြုံရေးအစောင့်ကို ဆက်ပြီး တောင်းဆိုလိုက်သည်


 " ထပ်ပြီးတော့ ကူညီပေးပါအုံးဗျာ..."


လုံခြုံရေးအစောင့်က ယွီနျန့်တောင်းဆိုချက်ကို ချက်ချင်း လုပ်ပေးလာသည်။


ရှင်းယောင်အဆောက်အအုံရှိ ရုံးခန်းတစ်ခုတွင် မုန့်ယွမ်က ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် ဖုန်းကိုင်ထားရင်း တတွတ်တွတ်ပြောနေသည် 


" စက္ကူတစ်ပိုင်းလေးဝယ်ဖို့ ၂၀၀မီလီယံကို သုံးလိုက်တယ်..."


 သူက ခဏရပ်သွားရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည် 


" ၂၀၀မီလီယံ ....."


သူက မရပ်မနား တရစပ် ပြောလာသည်


 " ရော့ရော့... ၂၀၀မီလီယံတဲ့... နျန်နျန်က ဘာကြီးများ ဝယ်ခဲ့တာပါလိမ့်... သူက အဲ့ဒီတစ်ခုအတွက် ၂၀၀မီလီယံတောင် ကျဲချလိုက်တယ်ပေါ့"


"ကျေးဇူးပြုပြီး ကျွန်မကို မမေးပါနဲ့လား... အစ်ကိုမုန့်ရယ်... ဆင်းရဲမွဲတေမှုက ကျွန်မ စိတ်ကူးလို့မရအောင် ကန့်သတ်ထားလို့ပါ... ဒါပေမယ့် အွန်လိုင်းမှာ တော်တော်များများ ခန့်မှန်းနေကြတယ်... အဖြေတွေက အတိုင်းထက်အလွန်ပဲ" 


ရှစ်ရော့က သူမဖုန်းနှင့် hot searchကြည့်နေရင်း ပြန်ဖြေလာသည်။


ရုတ်တရက် သူမအကြည့်က တစ်နေရာတွင် ရပ်သွားပြီး လက်ယပ်ခေါ်လာသည်


 " အစ်ကိုမုန့်... လာပြီး ကြည့်ကြည့်ဦး"


မုန့်ယွမ်က လျှောက်လာပြီး ဖုန်းမျက်နှာပြင်တွင် ယွီနျန်က လုံခြုံရေးအစောင့်များ ခြံရံလျက် တံခါးမှ ထွက်လာသည့် ဗီဒီယိုတစ်ခုကို တွေ့လိုက်ရသည်။

မြင်ကွင်းတွင် သတင်းထောက်များက ကင်မရာများ မိုက်ကရိုဖုန်းများကို ယွီနျန့်ထံ ထိုးပြလာရင်း မေးခွန်းများစွာနှင့် နှောင့်ယှက်နေကြသည်။


"ယွီနျန်... တက္ကသိုလ်တက်တုန်းက ဆေးသုံးပါတယ်ဆိုပြီး ပြောလာတဲ့ မင်းရဲ့ ကျောင်းတူစီနီယာရဲ့ စွပ်စွဲချက်အပေါ် ဘယ်လိုဖြေရှင်းမှာလဲ"


"စက္ကူတစ်ပိုင်းစာအတွက် ၂၀၀မီလီယံ သုံးလိုက်တယ် ဆိုတဲ့ သတင်းအတွက်လည်း အဲ့ဒီသတင်းက အမှန်လား ပြောပေးလို့ရမလား... အဲ့ဒီကိစ္စက လူထုအာရုံစိုက်မှု ရချင်ရုံသက်သက်ပဲလား... မင်း တကယ်ကြီး ၂၀၀မီလီယံ သုံးခဲ့ပါသလား"


"လေလံပွဲမှာ ဝယ်ခဲ့တဲ့ ပစ္စည်းကို ပြောပြပေးလို့ရမလား... အရိပ်အမြွက်လေး ဖြစ်ဖြစ်..."


ယွီနျန်က ထသွားထလာ အနက်ရောင်ဝတ်စုံနှင့် ရှပ်အဖြူကို ဝတ်ဆင်ထားပြီး သူ၏ ကောင်းမွန်စွာ ထုဆစ်ထားသည့် မျက်နှာက တည်ငြိမ်အေးဆေးလျက်ပင်။


လုံခြုံရေးအစောင့်အပြည့်နှင့် ယွီနျန်က အနက်ရောင်ဘန်ထလေကားထဲသို့ ခြေလှမ်းလိုက်ရင်း ကားတံခါးကို 'ဒိန်း'ခနဲ မြည်အောင် ပိတ်လိုက်ပြီး ကင်မရာများကို ရှောင်လိုက်သည်။ ဘန်ထလေကားလေးက တရွေ့ရွေ့မောင်းနှင်သွား၍ ဗီဒီယိုလည်း အဆုံးသတ်သွားလေသည်။


[အား.... ယွီနျန်ရဲ့ သြဇာအာဏာအပြည့်နဲ့ အရှိန်အဝါကြီးက... ပေါက်ကွဲမတတ်ပဲဟေ့... အထူးခြားဆုံးက သူ လမ်းလျှောက်ရင်း ဝတ်စုံကို လက်နှင့် ပြန်ပြင်တတ်တဲ့ အကျင့်ပဲ... သူက တိုင်းခန်းလှည့်လည်လာတဲ့ အိမ်ရှေ့မင်းသားလေးနဲ့ တူတယ်... ငါ ဒါကို ကြည့်နေတာ အကြိမ်တစ်ရာလောက် ရှိပြီ]


[သူက အခုလေးတင် လေလံပွဲကနေ ထွက်လာခဲ့တာပေါ့... ငါ တစ်ခုပဲ တောင်းဆိုစရာ ရှိတယ်...ဆင်းရဲတဲ့ ငါလေးကို အဲ့ဒီ ၂၀၀မီလီယံတန်တဲ့ စက္ကူပိုင်းကို ကြည့်ခွင့်ပေးပါလား... တစ်ချက်လောက်ပါပဲ... တစ်ချက်ကြည့်ရုံနဲ့တင် ကျေနပ်ပါတယ်... သောက်ချီး...၂၀၀မီလီယံဆိုတာ ငွေတောင်ကြီးပဲ... နေအုံး အဲ့လိုဆို အုပ်ရေ ဘယ်လောက်လောက် ရှိမလဲ]


[ဆွေးနွေးတဲ့ အုပ်စုက ယွီနျန့်ဝင်ငွေကို အပူတပြင်း တွက်ချက်နေကြပါပြီ... သူက ဖျော်ဖြေရေးလောကထဲ ဝင်လာတာ တစ်နှစ်တောင် မရှိသေးတဲ့ အနုပညာရှင်တစ်ယောက် ... ပြီးတော့ top chart တွေမှာ ပါလာပြီး နာမည်ကြီးလာပေမယ့် သူ ပိုက်ဆံ ဘယ်လောက်ရှာရှာ ၂၀၀မီလီယံထိ ရှာနိုင်စရာ အကြောင်းမရှိဘူးလေ...အကျိုးအကြောင်းသင့်တဲ့ ကောက်ချက်တွေနဲ့ ယွီနျန်ဆေးသုံးတယ် ဆိုတဲ့ ကောလဟာလကြောင့်လည်း သူ့မှာ အဲ့ဒီပမာဏလောက် ရှိမှာ မဟုတ်ဘူးလေ]


ရှစ်ရော့က မနေနိုင်ပဲ ဗီဒီယိုကို အစကနေ ပြန်ကြည့်မိသည်။ 


" ဒီနှစ်တွေအတွင်းမှာ နျန်နျန်ရဲ့ ရုပ်ရည်နဲ့ စိတ်ထားကတော့ ဖျော်ဖြေးရေးလောကမှာ ပြိုင်ဘက်ကင်းပဲ "


မုန့်ယွမ်က အပြုံးတို့ နှစ်ဝင်နေသည့် မျက်နှာနှင့် ပြောလာသည်


 " ရုပ်ရည်နဲ့ စိတ်ထားတင် ဘယ်ကမလဲ... ဥာဏ်ကောင်းပြီး စဥ်းစားဆုံးဖြတ်တတ်သေးတယ်... သူ့ကို လေလံပွဲမှာ တွေလိုက်တယ် ဆိုတဲ့ သတင်းထွက်လာတာနဲ့ လေလံပွဲက အစောင့်တွေ ခေါ်လာပြီးဆော့ ပင်မဝင်ပေါက်ကနေ ရဲရဲရင့်ရင့် ထွက်လာတာကို ကြည့်စမ်း... သိက္ခာရှိရှိနဲ့ ထိပ်တိုက်ရင်ဆိုင်တာ... ပြောရရင် သူက ခေါင်းကြီးပိုင်းမှာ ထပ်ပြီး ပါလာတော့မှာပဲ ..."


ရှစ်ရော့က အင်တိုက်အားတိုက် ခေါင်းညိမ့်ပြလာသည်


 " အတိအကျပဲ... တချို့လူတွေက နျန်နျန်ကို လေလံပွဲမှာ မြင်လိုက်တယ်ဆိုတာ သတင်းအမှားပဲ အသားကုန်ပြောနေကြတာ... ဒါပေမယ့် အခုက သက်သေအနေနဲ့ ဗီဒီယိုပါ ထွက်လာတော့ ဘယ်သူမှ သံသယမဝင်ကြတော့ဘူးနော်"


"အဲ့ဒါတင် မဟုတ်လောက်ဘူး"

 မုန့်ယွမ်က ခေါင်းခါပြလာသည်


 " အင်တာနက်သုံးစွဲသူတွေက အရူးမှ မဟုတ်တာ... သူတို့မှာလည်း အခြေခံသင်္ချာစကေးလေးတော့ ရှိမှာပါ... နျန်နျန်ပွဲဦးထွက်ချိန်ကစ အခုချိန်ထိ စီနျင်းဆိုတဲ့ နာမည်နဲ့ အရင်က အလုပ်လုပ်ခဲ့တာရောဆိုရင် ငွေ ဘယ်လောက်ဝင်လဲ အကြမ်းဖျင်း သိကြမှာပါ... ငါတို့ ပမာဏအများဆုံး ခန့်မှန်းကြည့်ရင်တောင် ၂၀၀မီလီယံလောက်ထိ မရောက်ဘူး... ဒါကြောင့် ကြည့်ရတာ နျန်နျန်က ဒီအခွင့်အရေးကို သုံးပြီး သူဆေးမသုံးသလို လောင်းကစားလည်း မလုပ်ဘူးဆိုတာ ရှင်းချင်လို့နေမှာ... ပြီးတော့ တစ်ချိန်တည်းမှာလည်း..."


ရှစ်ရော့က မျက်တောင် နှစ်ကြိမ်ခတ်လိုက်ရင်း မေးလာသည် " တစ်ချိန်တည်းမှာပဲ ဘာဖြစ်တာလဲ..."


"နျန်နျန်က နှလုံးသား နူးညံ့တဲ့ပုံစံ မဟုတ်ဘူး...နောက်ဆုံးတစ်ခေါက်က သူ့စီနီယာအစ်ကိုက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာလေ... ကောလိပ်တက်တုန်းက နျန်နျန်က စားစရာဝယ်မစားနိုင်အောင် ဆင်းရဲခဲ့တာ ဆိုပြီး...အဲ့ဒါပြီးတော့ နျန်နျန်က ဘာပြောခဲ့တယ် ထင်လဲ... သူ ပြောခဲ့တာက အဲ့ဒီလူကို မသိခဲ့သလိုပဲ ထားလိုက်တော့မယ်တဲ့... သူ လိုချင်တာကတော့..."


"သူ လိုချင်တာက ချီကျယ် သူ့ကို ပစ်မှတ်ထားနေတာ ရပ်ပေးဖို့" ရှစ်ရော့က ဝင်ပြောလာသည် 


" ဒါပေမယ့် အခု ချီကျယ်က ထပ်ပြီး ဝင်ပါဖို့ ကြိုးစားနေပြန်ပြီ" 


"အတိအကျပဲ... ထန်းရှောင်ခယ်လည်း ရှိသေးတယ်... နှစ်ယောက်သားက ယွီနျန်ကို တစ်ခါတည်း ဆွဲချဖို့ ဆုံးဖြတ်ထားတာ... နျန်နျန်သာ တကယ်ကြီး သည်းခံနေရင် သူက အရင်ကနဲ့ တူမှာ မဟုတ်တော့ဘူး" 


မုန့်ယွမ်က လက်ပိုက်ရင်း မေးစေ့ကို ပွတ်လိုက်ပြီး " အမလေးလေး... ဒါ ဘာလို့များ လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ ဇာတ်ကောင်နဲ့ အရမ်းတူနေရတာလဲ"


ဖုန်းကိုင်ထားရင်း ရှစ်ရော့က စိတ်အားထက်သန်စွာ မေးလာသည်


 " ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ"


"နျန်နျန်က သူတို့ကို ရိုက်ချတာကို ငါတို့က ပျော်ပျော်ကြီး ကြည့်နေရုံပဲ... အချိန်ကျလာရင် ငါတို့က မီးကို လောင်စာဖြည့်ကြတာပေါ့"


ညနေ၆နာရီတွင် မီဒီယာဘက်က ယွမ်ကျားအိမ်တော်တွင် လုပ်ခဲ့သည့် လေလံပွဲတွင် "ကမ္ဘာ့ထိပ်တန်း မှတ်တမ်း" ဟု လူသိများသော "အိပ်မပျော် စာလိပ်" က ၂၀၀မီလီယံယွမ်နှင့် စျေးအမြင့်ဆုံးရောင်းထွက်သွားကြောင်း တရားဝင်သတင်း ထုတ်ပြန်လာသည်။ ကော်မရှင်ခ ၁၂ရာခိုင်နှုန်းနှင့် စုစုပေါင်းတန်ကြေး ၂၂၀မီလီယံယွမ်ရှိသည့် ထိုစာလိပ်က ငါးနှစ်တာကာကလအတွင်း အနုပညာလက်ရာလုပ်ငန်းတွင် စံချိန်အသစ် တင်နိုင်ခဲ့သည်။


ထိုသတင်း၏ အောက်ခြေတွင် မရေမတွက်နိုင်သော လူများက အံ့အားသင့်လွန်း၍ ယွီနျန့်ကို mentionပေးလာကြသည်။


နာရီဝက်ခန့် ကြာပြီးနောက် ယဥ်ကျေးမှုအနုပညာဆွေးနွေးပွဲရှိုးတစ်ခုတွင် တင်ဆက်သူက နာမည်ကြီး ရှေးဟောင်းပစ္စည်းစုဆောင်းသူ ရုန်ယွဲ့ကို အင်တာဗျူးနေသည်။ အင်တာဗျူးအချိန်အတွင်း တင်ဆက်သူက မေးလာသည် " လက်ရှိနာမည်ကြီးနေတဲ့ သတင်းဘက်ကို သွားလိုက်ပါမယ်... မစ္စတာရုန်ခင်ဗျ... အခုလေးတင် ကောက်ချက်ချလာတဲ့ ယွမ်ကျားလေလံအိမ် ဖြစ်ရပ်မှာ 'အိပ်မပျော် စာလိပ်'က နောက်ဆုံးမှာ ပေါ်ထွက်လာပြီး ၂၀၀မီလီယံယွမ်နဲ့ ရောင်းထွက်သွားခဲ့တယ်... ဒီစျေးနှုန်းအပေါ် ဘယ်လိုထင်မြင်မိပါသလဲ"


ရုန်ယွဲ့က အကွက်မပါသည့် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါက်ရာရှင်းသည့် ယပ်တောင်ကို ကိုင်လျက် ပြုံးပြလာသည် 


" နာမည်ကြီးနေတဲ့ သတင်းအကြောင်း ပြောနေတာဆိုရင် တစ်ခုခု မေ့သွားတဲ့ပုံပဲ... အဲ့ဒီစက္ကူပိုင်းကို ၂၀၀မီလီယံနဲ့ ဝယ်ခဲ့တဲ့သူက ယွီနျန်လေ..."


အကြောင်းအရာကို သဘောလောက်သာ ထည့်မည်ဟု ထင်ခဲ့သော်လည်း ရုန်ယွဲ့ဘက်မှ ယွီနျန့်နာမည် ထုတ်ပြောလာမည်ဟု မထင်ထားခဲ့ပေ။ တင်ဆက်သူက သဘောကျ ရယ်မောလိုက်ရင်း မေးလာသည်


 " ဟုတ်ပါတယ်... စင်နောက်မှာတုန်းက သတင်းများ ကြည့်ခဲ့တာပါလား"


"မဟုတ်ပါဘူး" 

ရုန်ယွဲ့က ခေါင်းခါပြရင်း ခေါက်ယပ်တောင်ကို 'ချပ်' ခနဲမြည်အောင် ပိတ်လိုက်ပြီး စိတ်လှုပ်ရှားခြင်းမရှိပဲ အမှန်တရားကို ပြောလာသည် 


" ပွင့်ပွင်လင်းလင်းပြောရရင် ကျွန်တော်က 'အိပ်မပျော် စာလိပ်'ရဲ့ လေလံပွဲက ယွမ်ကျားမှာ လုပ်မယ့်အကြောင်း ယွီနျန့်ကို ကြိုပြီး သတင်းပေးခဲ့တာလေ... ထပ်ပြီးတော့ ဒီတစ်ခေါက် လေလံပွဲမှာ ကိုယ့်အနေနဲ့ လေလံဆွဲချင်တဲ့ ပစ္စည်းတွေ ရှိခဲ့ပေမယ့် ပြိုင်ပွဲက အရမ်း ပြင်းထန်ပြီးတော့ ကိုယ်ကလည်း အရမ်းဆင်းရဲတယ်လေ... နည်းနည်းလောက် လေလံဆွဲပြီးတာနဲ့ အရှုံးပေးလိုက်ရတယ် ..."


တင်ဆက်သူက အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်ရင်း မေးလိုက်သည်


 " ဒါဆို မစ္စတာရုန်က ယွီနျန့်ကို သိနေတာလား"


"သိတာထက် ပိုပါတယ်... ကျွန်တော်က ယွီနျန့်ရဲ့ အုပ်ထိန်းသူတစ်ပိုင်းလို ဖြစ်နေပါပြီ...ပြီးတော့ သူကလည်း ကျွန်တော့်ကို 'ဦးလေး' လို့ ခေါ်တယ်လေ... 'အိပ်မပျော် စာလိပ်' တင်မကဘူး... လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်က 'ကျန်းရှန်းမှာ အဆက်မပြတ် ရွာတဲ့မိုး' နဲ့ ' ရှုခင်းပုံ ငါးမြီးပန်းအိုး' တို့ကိုလည်း နိုင်ငံခြားမှာ ဝယ်ခဲ့တုန်းကလည်း သူပါခဲ့တယ်... အဲ့ဒီအချိန်တုန်းက သူက ကောလိပ်တက်နေတုန်းလည်း ဖြစ်ပြန် ငယ်လည်းငယ်သေးတော့ သူ့ကို ဘေးနားမှာထားမှ ကိုယ့်အတွက် ပိုလွယ်ကူခဲ့တာ... အခုတော့ သူက ၂၂နှစ်ရှိပြီ အရွယ်ရောက်လာပြီး စဥ်းစားတတ်နေပြီမို့လို့ ကိုယ်က ဒီရှိုးကို ရောက်လာခဲ့တာပါ ...."


ရုန်ယွဲ့က အပြုံးလေးနှင့် ဆက်ပြောလာသည်


 " ဟုတ်ပါပြီ... ခုနက သတင်းပုံစံမျိုးနဲ့ဆို မင်းတို့ဘက်က 'အရောင်လွင့်နေတဲ့ ပန်းချီကားကို ဝယ်ဖို့ ၉၀မီလီယံ သုံးလိုက်ခြင်း' တို့... ဒါမှမဟုတ်ရင် 'ပန်းအိုးအကွဲကို ဝယ်ဖို့ ၈၀မီလီယံ သုံးလိုက်ခြင်း'တို့ ခေါင်းစီးပိုင်းတွေ ဖန်တီးလို့ရနေပြီလေကွာ"


ရုန်ယွဲ့က အထိမခံကြောင်း ပြနေမှန်း နားလည်သွား၍ တင်ဆက်သူက အလောတကြီး မေးလာသည် 


" ဒီယဥ်ကျေးမှုအမွေအနှစ် ပစ္စည်းနှစ်ခုအကြောင်းကိုလည်း ကြားလိုက်ပါတယ်... အဲ့ဒီအချိန်တုန်းက လေလံစျေးက ခေါင်ခိုက်လို့ပဲနော် ... နှစ်ခုစလုံးက နောက်ဆုံးတော့ ယွီနျန်က ရသွားခဲ့တာလား"


"ဟုတ်တယ်" ရုန်ယွဲ့က သက်ပြင်းမောချလိုက်ပြီး ပြောလာသည် " 


ယွီနျန်က အရမ်း ဇွဲကောင်းတာ... သူက အလုပ်ကြိုးစားပြီးတော့ အဲ့ဒီအမွေအနှစ်နှစ်ခုကို တိုင်းတစ်ပါးလက်ထဲကနေ ပြန်ရယူနိုင်ဖို့ ပိုက်ဆံစုခဲ့ရတာ... ဒါပေမယ့် အဲ့ဒီပစ္စည်းတွေက စျေးချိုတဲ့အရာတွေ မဟုတ်ဘူးလေ... ကြွေထည်ပိုင်းစလေး တစ်စတောင် ကြောက်စရာကောင်းအောင် တန်ဖိုးကြီးလှတယ်... သူက ရတနာတွေ ပြန်ခေါ်လာနိုင်ဖို့ ဘာမှမချန်ပဲ ပိုက်ဆံတွေအကုန်လုံး ရင်းနှီးမြုပ်နှံလိုက်တာ... ဒါပေမယ့် အဲ့ဒီပစ္စည်းတွေက စျေးနိမ့်နိမ့်နဲ့ လာတာ မဟုတ်ဘူးလေ... နေ့စဥ်အသုံးစာရိတ်ကို ချွေတာပြီးတော့ စျေးချထားတဲ့ အဝတ်တွေ ဝယ်ဝတ်ပြီး စားစရာစားဖို့တောင် အတော်လေး ရုန်းကန်ခဲ့ရတာ... ကျေးဇူးတင်ရမှာက သူက ပါရမီရှိပြီး အလုပ်လုပ်နိုင်စွမ်းရှိနေလို့ပဲ... ဒီလိုရခဲ့တဲ့ ပစ္စည်းတွေက သူ့ကို ပျော်ရွှ

င်စေတဲ့ အရာတွေပဲလို့ စဥ်းစားကြရတာပေါ့ ..."


တင်ဆက်သူက တိတ်တဆိတ် ခေါင်းညိမ့်လိုက်သည်... အပျော်အတွက်နဲ့ ၁၀မီလီယံကနေ မီလံယမ်ရာချီပြီး သုံးတယ်လား...။