Chapter 98
စက္ကူတစ်ပိုင်းစာအတွက် ၂၀၀မီလီယံ သုံးလိုက်ခြင်း
ပုံထဲတွင် ယွီနျန်က မျက်ကွင်းများ မည်းနေပြီး ပင်ပန်းနွမ်းနယ်နေသည့် ပုံရှိသည်။ သူက ယခုထက် ပို၍ ပိန်ပါးနေကာ အသားအရေကလည်း လက်ရှိထက် မွဲခြောက်နေသည်။
ယွီနျန့်ဘက်ကစပြီး စာပြန်လိုက်သည်
" ကျွန်တော် မှတ်မိတယ်... ပထမဆုံးပုံက ကျွန်တော် ဂျူနီယာနှစ်တုန်းက ပုံလေ.... ကျွန်တော့်ဆရာနဲ့ ကုယန်မြစ်မှာ ရှေးဟောင်းပစ္စည်းအပိုင်းအစတွေ ရှာဖွေဖို့ သွားတော့ ဂိုဘီသဲကန္တာရမှာလည်း နှစ်လသုံးလလောက် နေခဲ့ရတာ... ပြန်လာတော့လည်း စာသင်နှစ်ရဲ့ presentation အတွက် အလုပ်လုပ်နေရလို့ နောက်ကျတဲ့အထိ နေရတာမို့ ငါးရက်အတွင်းမှာ နာရီ၂၀လောက်ပဲ အိပ်ခဲ့ရတာ... ဆေးသုံးတာ မဟုတ်ပါဘူး"
မုန့်ယွမ်က စာတန်းတစ်ခုနှင့် စာပြန်ပို့လာသည်
" ဘယ်လို သောက်ချီးမျိုးလဲ" ထို့နောက် သူ့ဘက်က ပြောလာသည် " လင့်ကို နှိပ်ကြည့်ပြီးတော့ စိတ်ကို ပြင်ဆင်ထားပေတော့"
ယွီနျန်က တစ်ခုခု ခန့်မှန်းမိ၍ website linkကို နှိပ်လိုက်သည်။
[[**"နောက်ထပ်ကောလဟာလကြီးတစ်ခု... ယွီနျန်နဲ့ တစ်ကျောင်းတည်းက စီနီယာတစ်ယောက်က လန့်စရာကောင်းတဲ့ သတင်းကို ဖြန့်လိုက်ပါတယ်... တက္ကသိုလ်တက်နေတုန်းက မူပိုင်ခွင့်ကြေး အများကြီး ရပေမယ့် ယွီနျန်က စားစရာဝယ်ဖို့ မတတ်နိုင်တာက သူက ဆေးစွဲနေလို့ပါ... အခု သတင်းဖြန့်သူနဲ့ ယွီနျန်က ရင်းနှီးတဲ့ ဆက်ဆံရေးရှိလို့ ဆေးသုံးထားတဲ့အတွက် မျက်တွင်းဟောက်ပက်နဲ့ ကြောက်စရာ မျက်ကွင်းမည်းမည်းတွေပါတဲ့ သူ့ရဲ့ ဓါတ်ပုံတွေလည်း ရှိပါတယ်... သူရဲ့ ရသမျှငွေအကုန် မသုံးနိုင်တာက အံ့သြစရာမရှိတော့ပါဘူး... အခုလည်း သူ ဆက်ပြီး ဆေးသုံးနေသေးသလားပဲ သိချင်မိတယ်..."**]]
[ဒီနှစ်အတွင်း ဖျော်ဖြေရေးနယ်ပယ်က ဘယ်လိုဖြစ်နေတာလဲ... တစ်ခုပြီး တစ်ခု ဆေးစွဲတာတွေကြီးပဲ... အရင်က ဟိုသီချင်းရေးဆရာရယ်... အခုက ယွီနျန်လည်း ပါလာပြီ... ကြည့်ရတာ ဖျော်ဖြေရေးနယ်ပယ်က ဆေးတွင်းကြီးပဲ နေမှာ... သတင်း တစ်ခါထွက်တိုင်း သတင်းကြီးတွေပဲ]
[ငါ အရင်တုန်းက သံသယဝင်ခဲ့ဖူးတယ်... သူက သီချင်းရေးပြီး မူပိုင်ခွင့်ကြေးတွေ အများကြီး ရပေမယ့် ဘာလို့ စားစရာဝယ်မစားနိုင်တာလဲ ဆိုပြီးလေ... ဆေးသုံးတာ မဟုတ်ရင် လောင်းကစားလုပ်တာ များလား... ငါ ထင်တာ မှန်နေတာပဲ... @ယွီနျန်... သီချင်းရေးတဲ့အခါ အတွေးအမြင်သစ်တွေရှာဖို့ ဆိုတဲ့ ဆင်ခြေနဲ့ ဆေးသုံးပြီး သီချင်းထုတ်နိုင်ခဲ့တာလား]
[နင်တို့ သက်သေမရှိပဲ ကောလာဟလ ဖြန့်လို့ရတယ်ပေါ့... ဓါတ်ပုံလေးတစ်ပုံက အားလုံး သက်သေပြပေးနိုင်လို့လား... ငါ့တုန်းကလည်း စာမေးပွဲအတွက် ရိုက်သွင်းနေရလို့ ဖိအားတွေများပြီး ခေါင်းပြောင်မတတ် ဖြစ်ခဲ့ရတာပဲ... အဲ့တာက ဒီဓါတ်ပုံနဲ့ ဘာမှမကွာဘူး... ငါလည်း ဆေးသုံးနေတယ်လို့ ဘာလို့ မပြောကြတာလဲ... ကောင်းပြီ ငါ ဆေးသုံးနေတယ်လို့ စွပ်စွဲချင်ရင်လည်း သက်သေပြလေ]
[@ယွီနျန်... ဖျော်ဖြေရေးနယ်ပယ်ထဲက ထွက်သွား... ဒီလိုနာမည်ကြီးလှပါတယ် ဆိုတဲ့ စတားတွေက ပုံမှန်လူတွေ အိပ်မက်မက်လို့တောင် မရနိုင်တဲ့ ပိုက်ဆံတွေ ရှာကြပြီးတော့ မူးယစ်ယာဇာဆီ ပေးနေကြတာ... ဒါက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲအရာရှိတွေရဲ့ ပေးဆပ်အနစ်နာခံမှုအတွက် တရားမျှတရဲ့လား... ထွက်သွား...]
မုန့်ယွမ်ပို့ပေးလာသည့် အကြောင်းအရာအားလုံး ဖတ်ပြီးချိန် ယွီနျန်က ပြန်စာပို့လာသည်
" ကျွန်တော် ဖတ်ပြီးသွားပြီ"
မုန့်ယွမ်က မက်ဆေ့ချ်တစ်ပုံကြီး ပို့လာသည် " ဒါက အစီအစဥ်ချထားတာပဲ... စျေးကွက်အကောင့်၁၀ခုနဲ့ နာမည်သတ်သတ်မှတ်မှတ်ရှိတဲ့ ဖိုရမ်၅ခုလုံး အတူတူလှုပ်ရှားကြတဲ့ ၃နာရီခွဲအတိအကျမှာ တင်ခဲ့တာ... အဲ့ဒီ အကောင့်တွေကနေ မင်းက ဆေးသမားဆိုပြီး သက်သေပုံတွေနဲ့ သတင်းထုတ်ပြန်လိမ့်မယ်...ရေတပ်ရဲ့ ကောမန့်တွေ ပြန်စာတွေတိုင်းကလည်း မင်းက ဆေးသုံးတယ်ဆိုပြီး အတည်ပြုကြတော့မှာ... ဒါကြောင့် အဲ့ဒီကောမန့်တွေကို မြင်တဲ့သူတိုင်းက 'ယွီနျန် ဆေးသုံးတယ်' ဆိုပြီး တဖြည်းဖြည်း ထင်လာကြမယ်... ပြောရရင် ရှာဖွေမှုစာရင်းမှာ 'ဆေးသုံးတယ်' ဆိုပြီး ရှာလိုက်ရင် 'ယွီနျန်' ဆိုပြီးတွဲပေါ်လာတော့မှာ"
စင်ပေါ်က လေလံပွဲကလည်း ပွဲကြီးပွဲကောင်း ဖြစ်လာ၍ ယွီနျန်က စဥ်းစားရတော့သည်
" ပြီးတော့ ကျွန်တော်က အခုမဟုတ်ပဲ အရင်တုန်းက ဆေးသုံးခဲ့တယ်ဆိုပြီး ပြောခဲ့တယ်ဆိုတော့ သူတို့ဘက်က အကြံနဲ့ပဲ "
မုန့်ယွမ်က ပြန်ဖြေလာသည် " အတိအကျပဲ... သူတို့က မင်းက လက်ရှိမှာ ဆေးသုံးနေတယ် ဆိုပြီး ပြောလာခဲ့ရင် မင်းရဲ့ဖြူစင်မှုကို ဆေးစစ်ချက်နဲ့ သက်သေပြလို့ရတယ်... ဒါပေမယ့် မင်း ကျောင်းတက်နေတုန်းက သုံးခဲ့တယ်ဆိုတော့ မတူတော့ဘူး... အတိတ်မှာဖြစ်ခဲ့တာဆိုတော့ မင်းက သက်သေပြချင်ရင်တောင် ပြစရာ သက်သေမရှိဘူး... ဒါက မင်းကို နာမည်ဖျက်မယ့်လူတွေ အတွက်က ငါးကို စဥ်းတီတုံးပေါ် တင်ပေးလိုက်သလိုမျိုးပဲ... ဒီကိစ္စရဲ့ နောက်ကွယ်ကလူက မင်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပြီး အဆုံးအစွန်ထိ တွန်းပို့ဖို့ကြိုးစားနေတာ"
မုန့်ယွမ်က ထပ်ပြောလာသည် " ထန်းရှောင်ခယ်က စဥ်းစားတတ်မှာ မဟုတ်ဘူး... သူက ငွေပေးခိုင်းတာ ဖြစ်မယ်... ဒီအကြံထွက်လာတာ မင်းရဲ့ စီနီယာ ဖြစ်ဖို့များတယ်"
ယွီနျန် ဆက်မပြောနိုင်မီ မုန့်ယွမ်က နောက်ထပ်မင်ဆေ့ချ် ပို့လာသည်။
"ငါ့ဘက်က လူထုအမြင်ကို ထိန်းချုပ်ထားပြီးပြီ... ဥက္ကဌရွှယ်က အပြင်းထန်ဆုံးပဲ... ခေါင်းစဉ်က hot search ပေါ် ရောက်လာတာနဲ့ သူက တန်းဖျက်ပစ်တာ... ပြီးတော့ နှစ်ကြိမ်ထက်မနည်း လိုက်ဖျက်လို့ အခုဆို 'ဆေးသုံးတယ်' ဆိုတဲ့ ခေါင်းစဉ်က ချက်ချင်း ပျောက်သွားပြီး လုံးဝပေါ်မလာတော့ဘူး... ဖန်ဘက်ကတော့ ပေါက်ကွဲနေပေမယ့် အနည်းဆုံး သူတို့ဆွေးနွေးနေတာတွေ မပေါက်ကြားသေးဘူးဆိုတော့ ငါတို့ဘက်က တုန့်ပြန်ဖို့ အချိန်ရှိသေးတယ်"
ထိုအချိန် လေလံပွဲကျင်းပသည့် နေရာတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်လာ၍ ယွီနျန်က ခေါင်းမော့လိုက်ရာ မိုးပြာရောင် ရုယောင်စုတ်တံဆေးကြွေခွက်ကို လေလံတင်နေမှန်း တွေ့လိုက်ရသည်။ အကြိမ်သုံးဆယ်ခန့် လေလံခေါ်ပြီးနောက် 183မီလီယံနှင့် ရောင်းထွက်သွားသည်။
ခေါင်းပြန်ငုံ့လိုက်ရင်း ယွီနျန်က စာရိုက်နှုန်းကို အရှိန်မြင့်လိုက်သည် " ကြည့်ရတာ အလှည့်အပြောင်း ဖြစ်သွားတဲ့ပုံပဲ... အဲ့ဒီဓါတ်ပုံ ရိုက်ခဲ့တဲ့ အချိန်ကို ကျွန်တော် သေချာတွေးကြည့်လိုက်အုံးမယ်"
ထိုအချိန် မုန့်ယွမ်ထံမှ နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လာသည်
" မင်းရဲ့ ဆရာက အခုလေးတင် ပို့စ်တင်လာတယ်"
ယွီနျန်က အံ့သြသွား၍ ဝေ့ပေါ်ထဲ ဝင်လိုက်ပြီး ကောမန့်များနှင့် mentionပေးမှုများ အုံလိုက်ဖြစ်နေ၍ appက စက္ကန့်အနည်းငယ် ကြောင်နေသည်။ ပြန်ကောင်းလာသည့် အချိန် ယွီနျန်က ကျန်းဟုန်ယင်း၏ပရိုဖိုင်သို့ သွားလိုက်ရာ သူ၏ဆရာက ယခုတင် ဝေ့ပေါ်ပို့စ်တစ်ခု တင်ထားမှန်း တွေ့လိုက်ရသည်။
[သဲနဲ့မြေဆီလွှာ တူးဖော်တဲ့ ကျန်းဟုန်ယင်း: အဓိပ္ပါယ်မရှိတာတွေ... ရယ်စရာပဲ... အမှားတွေမှ ပြည့်လို့...အယူအဆတွေက ချို့ယွင်းချက်တွေ များလိုက်တာ... ပထမဆုံးအနေနဲ့ ဓါတ်ပုံက ယွီနျန်ရဲ့ ဂျူနီယာနှစ် စက်တင်ဘာလပိုင်းမှာ ရိုက်ထားတာ... အဲ့ဒီမတိုင်ခင် သုံးလလုံးလုံး ယွီနျန်က နေ့ခင်းမှာဆို ကုယန်မြစ်ရဲ့ ရှေးဟောင်းမြို့တော်အပျက်အစီးကြားထဲ အဖွဲ့နဲ့အတူတူ ပေါက်ပြားနဲ့ သဲတူးခဲ့ရတာ... ညရောက်တော့လည်း စကော်လာကျောင်းသား အုပ်စုနဲ့အတူတူ ဒေတာတွေစုပြီး မှတ်တမ်းရေးခဲ့ရတာ... ကုယန်မြစ်နားမှာ သုံးလလောက် အချိန်ဖြုန်းကြည့်လိုက် မင်းတို့ ပိန်ပြီး ကိုယ်အလေးချိန်ကျသွားမယ်လို့ ပြောရဲတယ်... မင်းတို့ မယုံရင် ငါ့ရဲ့ နာမည်ကို ပြောင်းလိုက်မယ်... ထပ်ပြောရရင် ယွီနျန်က တစ်နေ့တစ်နေ့ ဘယ်လောက်ပိန်ပိန်လာလည်း ပြထားတဲ့ အသေးစိတ်ဓါတ်ပုံမှတ်တမ်းတွေလည်း ရှိတယ်... ဒုတိယအချက်အနေနဲ့ ကုယန်မြစ်နားမှာ လူသူမရှိဘူး... သုံးလလုံး ယွီနျန်က အဖွဲ့နဲ့ပဲ အတူနေတယ် အတူအိပ်တယ် အတူစားကြတယ်... တူးဖော်တဲ့နေရာမှာလည်း နောက်ကျကျန်မနေဘူး... သူသာ တကယ် ဆေးသုံးရင် သုံးလလုံး ဆေးမသုံးပဲနေကြည့်လို့ရပါ့မလား... အဖွဲ့က လူတိုင်းလည်း ဆေးသုံးတယ်ဆိုရင် ငါတို့အကုန်လုံး အဖမ်းခံရမှာပေါ့... အဲ့ဒါ ဖြစ်နိုင်လို့လား... တတိယအချက်အနေနဲ့ တစ်ပါးသူကို ထိခိုက်နစ်နာစေဖို့ ကြံတဲ့သူတွေမှာ ရှင်းလင်းပြတ်သားတဲ့ စုံစမ်းမှု မရှိတတ်ကြဘူး... ကုယန်မြစ်ကနေ ပြန်ရောက်တော့လည်း ယွီနျန်က ငါ့နောက်လိုက်ပြီး ဟယ်မြို့က ပညာသင်အစည်းအဝေးပွဲတစ်ခု တက်ခဲ့ရတယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ပရော်ဖက်ဆာ ကုနျင်းက အစည်းအဝေးလုပ်နေတုန်း ဆေးစွဲပြီးဖောက်လာလို့ တစ်ဖွဲ့လုံး ဆီးစစ်လိုက်ရတယ်... ဟား မင်းတို့တွေ မသိဘူးမို့လား... သူတို့က တကယ်ကို မိုက်မဲပြီး ဆိုးဝါးလိုက်ကြတာ]
ယွီနျန်က နောက်ဆုံးတစ်ကြောင်းကို ဖတ်နေရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတို့ တွဲခိုလာသည်။ သူ၏ဆရာက ပို့စ်တင်ရန် ရေးနေသည့်အချိန် ပြုံးဖြီးနေလိမ့်မည်ဟု ပုံဖော်၍ပင်ရသည်။
အောက်က ကောမန့်များကလည်း မက်ဆေ့ချ်အသစ်များနှင့် ထွက်ပေါ်လာသည်။
[ပရော်ဖက်တာကျန်းလို့ ခေါ်ပါရစေ... သမိုင်းမှာ ဆရာတစ်ဆူ ဖြစ်သလို တပည့်တွေကို ကာကွယ်ပေးတဲ့သူ... အား... ပရော်ဖက်ဆာကျန်းပြောသလိုပဲ နောက်ကွယ်ကလူက တကယ်ကို မိုက်မဲပြီး ဆိုးဝါးတဲ့သူတွေပဲ]
[သက်သေမရှိတဲ့ စကားဆိုတာ ဘာအဓိပ္ပါယ်မှ မရှိဘူး... ခင်ဗျားက ဆီးစစ်ချက်ရှိတယ်လို့ ပြောပေမယ့် ငါတို့က အရူးတွေလို့ ထင်နေတာလား... ယွီနျန်က ခင်ဗျားကို ပိုက်ဆံဘယ်လောက်ပေးထားလဲ ပရော်ဖက်ဆာ
... နောက်က ကျောကုန်း ကျိုးသွားမယ်သာမှတ်]
[နျန်နျန်က တကယ် အံ့သြစရာကောင်းတာ... ဥာဏ်ကြီးရှင်ကျောင်းသား စစ်စစ်ပဲ... သူ ဂျူနီယာတန်းတုန်းက ဟယ်ချန်မြို့မှာ ကျင်းပတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပညာသင်အစည်းအဝေးကို တက်ခဲ့ရတာ... ပရော်ဖက်တာကျန်းက လိမ်နေတယ်လို့ ပြောတဲ့သူတွေကမှ အရူးအစစ်တွေ မဟုတ်ဘူးလား... အဲ့ဒီတုန်းက ပရော်ဖက်ဆာ ကုနျင်းရဲ့ ဆေးမှုက တော်တော်ကယက်ထသွားတာ... ပရော်ဖက်ဆာ ကုနျင်းအလုပ်လုပ်တဲ့ တက္ကသိုလ်ကတောင် တောင်းပန်စာပို့ရပြီးတော့ ဌာနက အဖွဲ့ဝင်တိုင်းအတွက် ဆေးစစ်ချက်တွေ လုပ်ခဲ့ရတယ်... ဒီသတင်းက ရှာရလွယ်ပါတယ် သူတို့က နည်းနည်းလောက် မလေ့လာတတ်ကြဘူးလား]
[ယွီနျန် ဆေးမသုံးဘူးဆိုတာ ယုံပေမယ့် သံသယတော့ ရှိသေးတယ်... ရှင်းရှင်းပြောရရင် သီချင်းရေးဆရာ စီနျင်းအနေနဲ့ဆို မူပိုင်ခွင့်ကြေးတွေ အများကြီး ရမှာပါ... အစားအစာတောင် ဝယ်မစားနိုင်လောက်အောင် ဘာတွေ အသုံးအဖြုန်းကြီးရတာလဲ... ယင်ကောင်ဆိုတာ အက်ကြောင်းမရှိတဲ့ ဥတွေကို မကိုက်ဘူး... ဒါကြောင့် မသင်္ကာစရာ တစ်ခုခုရှိတော့ ရှိရမယ်]
ယွီနျန်က မက်ဆေ့ချ်ကို လှန်လှောကြည့်နေစဥ် လေလံပွဲစဥ်က နောက်ဆုံးပွဲစဥ်အထိ ရောက်နေပြီ ဖြစ်သည်။ ယွီနျန်က မုန့်ယွမ်နှင့် စကားခဏပြောပြီးနောက် ဖုန်းကို ဘေးပို့ထားလိုက်သည်။
နောက်ဆုံးကျန်သည့် လေလံပစ္စည်းသုံးခုက ပွဲ၏ အဓိကအခရာ ဖြစ်သည်။နောက်ဆုံးပစ္စည်းရှေ့က ပစ္စည်းဖြစ်သည့် "လှည့်လည်သွားလာနေသော ကဗျာဆရာ" က ရုန်ယွဲ့ကိုယ်စားလှယ်ဘက်မှ ခုနစ်ကြိမ်ခန့် လေလံဆွဲပြီးနောက် ထပ်မလာတော့ချေ။ နောက်ဆုံးတွင် ၁၁၀မီလီယံနှင့် ရောင်းထွက်သွားသည်။
ယွီနျန်က လူတော်တော်များများက နောက်ဆုံးပစ္စည်းကို မျက်စိကျနေကြမှန်း ခန့်မှန်းမိသည်။ ထို့ကြောင့် "လှည့်လည်သွားလာနေသော ကဗျာဆရာ"က သူထင်ထားသည်က တန်ဖိုးနည်းသွားခြင်းပင်။
တန်ဖိုးမြင့်ပစ္စည်းနှစ်ခု လာသွားပြီးနောက် အဓိကအခရာအစစ်က နောက်ဆုံးမှ လာမည်မှန်း သိသွား၍ လေလံပွဲထဲမှ လေထုက ငြိမ်သက်သွားလေသည်။
ယွီနျန်က မတ်မတ်ထိုင်ရင်း ကျောဆန့်လိုက်သည်။
screen ထက်တွင် "အိပ်မပျော် စာလိပ်"ရုပ်ပုံက ပေါ်ထွက်လာချိန် ပွဲထဲမှ လူတိုင်း တစ်ချက်ကလေး လွဲသွားမည်စိုး၍ အသက်ပင် မရှူရဲကြ။
နှစ်မိနစ်ကြာပြီးနောက် အသေးစိတ်အချက်အလက်များ ရှင်းပြပြီးသွား၍ လေလံခေါ်မည့်သူက စပြောလာသည် " 'အိပ်မပျော် စာလိပ်' ရဲ့ တန်ဖိုးက ထွေထူးရှင်းပြနေစရာ မလိုပါဘူး... ၈၀မီလီယံနဲ့ စပြီး လေလံခေါ်ပါမယ်... လေလံစပါပြီ"
လေလံစျေးက မီလီယံနှင့်ချီ တက်နေပြီး လေလံစျေးထဲ မဝင်သေးပဲ ယွီနျန့်အကြည့်က တည်ငြိမ်လျက်ရှိသည်။ စျေးက ၁၀၀မီလီယံထက် ကျော်သွားမှ သူ၏ ကတ်ပြားကို ထောင်လိုက်ရင်း ပွဲထဲဝင်လိုက်သည်။
"၁၁၀မီလီယံ"
"၁၁၇မီလီယံ"
...
"၁၆၀မီလီယံ"
"၁၆၅မီလီယံ"
"၁၇၀မီလီယံ"
၁၇၀မီလီယမ်ကျော်ပြီးနောက် ယွီနျန်နှင့် ဘယ်ဘက်က ဖုန်းကိုယ်စားလှယ်တစ်ယောက်၊ ဆံပင်အညိုရောင် မျက်လုံးပြာပြာ ဥရောပသားတစ်ယောက်နှင့် ဆံပင်အနီရောင် မျက်လုံးပြာပြာ ကနေဒါနိုင်ငံသားအေးဂျင့်တစ်ယောက်သာ ကျန်တော့သည်။
ယွီနျန်က သူ့ကတ်ပြားကို နောက်တစ်ကြိမ် မြောက်လိုက်သည်။
"၁၇၃မီလီယံ"
အသက်ရှူသံ မကြားရအောင် တိတ်သွားပြီး ဖုန်းဘက်က ကိုယ်စားလှယ်က လေလံပွဲထဲ ပထမဆုံး ကျန်ခဲ့တဲ့သူ ဖြစ်သည်။
ယွီနျန့်လက်ဖဝါးက ချွေးပြန်လာရင်း screenပေါ်က "အိပ်မပျော် စာလိပ်" ရုပ်ပုံကို စူးစိုက်ကြည့်လျက် ပြိုင်ဘက်၏ခေါ်စျေးကို စောင့်နေလိုက်သည်။
"၁၇၆မီလီယံ"
ပြိုင်ဘက်က ၃မီလီယံသာ တိုးလာသည်။
"၁၈၀မီလီယံ"
ယွီနျန်က သူ့အလှည့်၌ ၄မီလီယံ တိုးလိုက်သည်။
စိတ်လှုပ်ရှားနေ၍ လက်ဖျားများပင် အေးစက်နေ၍ ပြန်နွေးရန် လုပ်နေရသည်။ လေလံခေါ်သည့်သူက စကားဆုံးသွားသည်နှင့် ယွီနျန်က ကတ်ပြားကို ပြန်မြောက်လိုက်သည်။
"၂၀၀မီလီယံ"
လေလံခေါ်သည့်သူက အသံများပင် ပြာနေသည်။ ယွီနျန်က ၂၀၀မီလီယံထိ တန်းကျော်လိုက်၍ အခန်းထဲ အသံတစ်စိုးတစ်စ ထွက်လာသည်။
အချိန်အတော်ကြာသည်ထိ မည်သည့်ဘက်မှ ကတ်ပြားထောင်မလာကြ။
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက် တူသံကြားရပြီးနောက်...။
"ဂုဏ်ယူပါတယ်"
တင်းထားရသည့်စိတ်က ချက်ချင်း ပြေကျသွားပြီး နောက်ကျောက အေးစက်မှုတို့ကိုလည်း သတိထားမိလာသည်။ ယွီနျန်က မီးအလင်းရောင်ကြောင့် မျက်လုံးကို ကာလိုက်ရင်း ပြုံးပြလာသည် ။ အဘိုးရေ...ကျွန်တော် လုပ်နိုင်ခဲ့ပြီ။
လိုအပ်သည့် လုပ်ငန်းဆောင်တာများ လုပ်ပြီးသွား၍ ယွီနျန်က ဝန်ပေါ့သွားသလို သက်ပြင်းရှိုက်လိုက်သည်။ သူက "အိပ်မပျော် စာလိပ်"ကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့ကြောင်း ရုန်ယွဲ့နှင့်ယွီချင်းတို့ကို မက်ဆေ့ချ်ပို့လိုက်သည်။ သူက မက်ဆေ့ချ်ပို့ပြီးသည်နှင့် မုန့်ယွမ်က ဖုန်းပြန်ခေါ်လာပြီး အလောတကြီးလေသံနှင့် ပြောလာသည်
" နျန်နျန်... သတင်းက အမှန်လား အမှားလား"
ယွီနျန်က လန့်သွားရသည် " ဘာသတင်းလဲ"
မုန့်ယွမ်က အမြန်ပြောလာသည် " မင်းရဲ့ နာမည်က hot searchရောက်နေပြန်ပြီ... #ယွီနျန် ယွမ်ကျားလေလံပွဲ#ဆိုတဲ့ ခေါင်းစဥ်နဲ့တွဲတင်ထားတာ... သတင်းထောက်တစ်ယောက်က ယွမ်ကျားလေလံပွဲမှာ စက္ကူတစ်ပိုင်းစာအတွက် ၂၀၀မီလီယံ သုံးလိုက်တဲ့ မင်းကို တွေ့သွားခဲ့တာ"
တစ်ချိန်တည်းမှာပင် လုပ်ငန်းသုံးအိတ်အမည်းတစ်ခု သယ်ထားသည့် မျက်မှန်ကိုင်းပါးနှင့် လူကြီးတစ်ယောက်က လမ်းတစ်ဖက်မှချဥ်းကပ်လာရင်း ယွီနျန့်ရှေ့ လမ်းပိတ်လာသည်။
သူ့ဘက်က ပြောလာသည်
" ကျွန်တော့ဘော့စ်ရဲ့ မျိုးရိုးနာမည်က ရှောင်ပါ... ပြီးတော့ သူ့ကို သိလောက်မှာပါ... သူက မင်းနဲ့ စကားပြောချင်နေလို့"