အပိုင်း ၁၀၂
Viewers 16k

Chapter 102

 “တခြားဘာကိုမှ ဆုမတောင်းခဲ့ပါဘူး"




ယွီနျန်က ရွှယ်ယုံ့ကို မှီလိုက်ရင်း အေးအေးဆေးဆေး ပြောလာသည်


 " ကျွန်တော်ကတော့ ဆက်ခံသူရွေးတဲ့ ကိစ္စမှာ စိုးရိမ်စိတ် များလာရင် ရှောင်ထင်းဘက်က ပန်းချီကား ရောင်းမယ့်အကြောင်း ဆွေးနွေးဖို့ ကျွန်တော့်ဆီ ထပ်လာနိုင်တယ်လို့ ခန့်မှန်းမိတယ်... ဒါပေမယ့် ကျွန်တော်က 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ကို ဝယ်ခဲ့ကတည်းက လုံးဝ ပြန်ရောင်းပေးမှာ မဟုတ်ဘူး"


ရွှယ်ယုံက အလောတကြီး ပြောလာသည်


 "နျန်နျန်... ကိုယ် ရှိတယ်"


ခေါင်းညိမ့်ပြရင်း ယွီနျန့်မျက်လုံးများက ကြယ်လေးများနှယ် တလက်လက် ဖြစ်သွားလျက် ပြောလာသည် 


" ကောင်းပါပြီ...ဒါဖြင့် ကျွန်တော့်ကောင်လေးက အလုပ်ကြိုးစားပေးရလိမ့်မယ်"


အခက်အခဲမရှိပဲ သူ ဖန်တီးထားသည့် နံရံထဲ ရွှယ်ယုံ့ကို ဆွဲခေါ်လာနိုင်ခဲ့သည်။


ထိုစကားကြားသောအခါ ရွှယ်ယုံ့မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး ယွီနျန့်နာဖူးပြောင်ပြောင်လေးပေါ်တွင်သာ နမ်းလိုက်ရင်း ဆန္ဒတို့ကို ချုပ်ထိန်းထားရသည် 


" ကိုယ် ပြဿနာရှာမှာ မဟုတ်ပါဘူး..ကိုယ့်ဘက်က အတိုင်းထက်အလွန် ပျော်ရွှင်မိမှာပါ"


ယွီနျန့်နှလုံးသားလေးက ရိုက်ခတ်ချက်ကြောင့် တလှပ်လှပ် ခါသွား၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထို့နောက် သူက သတိရသွားဟန် မေးလာသည်


 " လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော် ရှင်းယောင်မှာ ဥက္ကဌချူကို တွေ့ခဲ့တယ်... သူ့ကြည့်ရတာ အလျင်လိုနေတဲ့ ပုံပဲ"


တွန့်ဆုတ်ခြင်းမရှိက ရွှယ်ယုံက သူ့ညီအစ်ကိုကို သစ္စာဖောက်လိုက်သည် " ရှောင်းယန်က ရုံးခန်းထဲမှာ ဂိမ်းဆော့နေတုန်း သူ့အစ်ကို မိသွားလို့"


သိချင်စိတ်ကြောင့် ယွီနျန်က ထပ်မေးလာသည် " ပြီးတော့ရော..."


"အဲ့ဒီကတည်းက သူ့အစ်ကိုက သူ့ကို အနီးကပ် စောင့်ကြည့်နေတော့တာ...အလုပ်ကိစ္စနဲ့ ပြည်ပခရီးသွားရတာတောင် သူ့ကို ခေါ်သွားတယ်... အဲ့ဒီရက်တွေတုန်းက ရှောင်းရန်က သူ့ဘဝကြီး မျှော်လင့်ချက်မရှိတော့သလို ခံစားရတယ်လို့တောင် ပြောခဲ့တာ"


တော်တော်ကြာအောင် စကားပြောပြီးနောက် ရွှယ်ယုံက ပုခုံးပေါ်က ယွီနျန်အလေးချိန်က အားပျော့လာပြီး စကားပြန်မလာတော့မှန်း ရုတ်တရက် သတိထားမိသည်။ သူက အနည်းငယ် ခေါင်းလှည့်ကြည့်လိုက်ရာ မျက်လုံးအောက်တွင် အပြာရိပ်များနှင့် ယွီနျန်က အသက်တစ်ချက် ရှူတိုင်း မျက်တောင်စိပ်စိပ်လေးများက တုန်ခါသွားပြီး သူ့ပုခုံးပေါ်တွင် အိပ်ပျော်နေမှန်း တွေ့လိုက်ရသည်။


အလင်းရောင်မထွက်ခင် ယွီနျန်က လေလံပွဲအတွက် မနက်စောစောလေယာဥ်နှင့် ဆွေ့ကျိုးကို သွားရသည်။ ပွဲစဥ်အလယ်လောက်တွင် ဆေးသုံးသည် ဆိုပြီး သူ့အကြောင်း ကောလဟာလများပင် ထွက်ခဲ့သေးသည်။ လေလံပွဲပြီးသွားသည့် အချိန်တွင်လည်း နျန်းမြို့တော်သို့ လေယာဥ်စီးပြီး ပြန်လာခဲ့ကာ လေယာဥ်ဆင်းသည်နှင့် ရွှယ်ယုံ့ထံ အပြေးအလွှားလာတွေ့လေသည်။


နေရာတွင် ထိုင်နေရင်း ရွှယ်ယုံက တစ်ချက်မှ မရွေ့ပဲ ပုခုံးထက်တွင် အိပ်ပျော်နေသည့် ယွီနျန်ကို စူးစိုက်ကြည့်နေသည်။ ရွှယ်ယုံက ယွီနျန်အိပ်ပျော်သွားမှန်း အတည်မပြုမီထိ အချိန်ဘယ်လောက်ကြာသွားမှန်း ပြောဖို့ရာ ခက်ခဲပေသည်။ သူက ဂရုတစိုက်နှင့် ထုံကျင်နေသော ခြေထောက်ကို ရွေ့လိုက်ရင်း ယွီနျန့်ကို အသာမ,လိုက်ပြီး နားနေခန်းထဲရှိ အိပ်ရာပေါ်သို့ သယ်သွားလိုက်သည်။


ယွီနျန်က အလိုက်သင့်လေး ခေါင်းအုံးကို ပွတ်သတ်လာပြီး နားနားနေနေ အိပ်ပျော်သွားသည်။ ရွှယ်ယုံက ခေါင်းငုံ့ပြီး ယွီနျန့်လက်ကလေးကို ကြင်ကြင်နာနာ နမ်းလိုက်ရင်း ချော့မြူလာသည်


 " နျန်နျန်... အဆင်ပြေသွားပါပြီ...ကောင်းကောင်းသာ အနားယူပါ"


သူ၏ ဇီဝနာရီကြောင့် နိုးထလာရင်း ယွီနျန်က မျက်နှာကျက်ကို အိပ်မှုန်စုန်ဖွားအကြည့်နှင့် ကြည့်လာသည်။ ခဏကြာမှ သူ ရောက်နေသည့်နေရာကို သဘောပေါက်သွားသည်။


ချထားသည့် လိုက်ကာများက နေရောင်ကို ပိတ်ဆို့ထားပြီး သူ့အောက်ရှိ အိပ်ရာနုနုလေးနှင့် ခေါင်းအုံးများမှ ရွှယ်ယုံ့ဆီမှရသည့် ရနံ့ဖျော့ဖျော့တို့ လှိုက်ဝင်လာသည်။ ယွီနျန်က အိပ်ရေးဝဝ အိပ်ခဲ့ရ၍ ခြေလက်တို့ လေးပင်နေသည်မှလွဲ၍ ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားသည်။ သူက ထထိုင်လိုက်ပြီး ပျင်းကြောဆွဲလိုက်ရင်း အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရွှယ်ယုံ့လက်ရေးနှင့် စာတစ်စောင် ချန်ထားခဲ့ကြောင်း သတိထားမိသွားသည်။


ပြုံးလိုက်ရင်း ယွီနျန်က အိပ်ရာမှ ထကာ ရေချိုးခန်းထဲ ခလုတ်တိုက်မတတ် ဝင်သွားလိုက်ရာ သူ့အကြိုက်ဆုံး သွားတိုက်ဆေးအပါအဝင် ရေချိုးခန်းသုံးပစ္စည်းအစုံလိုက်ကို တွေ့လိုက်ရသည်။


သွားတိုက်နေရင်း ယွီနျန်က မျက်နှာသုတ်ပဝါမှစ ဖန်ခွက်ထိ ရေချိုးခန်းထဲရှိ ပစ္စည်းတိုင်းလိုလိုက အရောင်သာကွဲပြီး အစုံလိုက်လေး ဖြစ်နေမှန်း တွေ့လိုက်ရသည်။


ရွှယ်ယုံက တွေ့ဆုံပွဲရှိ၍ အစည်းအဝေးခန်းထဲ သွားနှင့်သောကြောင့် ယွီနျန်က မနက်စာစားပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ တစ်ထပ်လုံး ရှင်းလင်းနေပြီး ရွှယ်ယုံ့သီးသန့်ဓါတ်လှေကားနှင့် အောက်ဆင်းလိုက်ရင်း မနေ့ညက ပါကင်ထိုးထားသည့် ယာဥ်မောင်းပါသည့် ကားကို ရှာလိုက်သည်။


ယွီနျန်က ကားပေါ်တက်ပြီး ဦးထုပ်နှင့်မတ်စ်ကို ချွတ်လိုက်ရာ မုန့်ယွမ်က သူ့ကို ပြူးကြည့်နေမှန်း သတိထားမိသွားသည်။


ယွီနျန်က ပြုံးပြရင်း မေးလိုက်သည်


 " အစ်ကိုမုန့်... ဘာတွေ ကြည့်နေတာလဲ"


မုန့်ယွမ်က လည်ချောင်း ရှင်းလိုက်ရင်း ပြောလာသည်


 " မနေ့ညက ငါ ဥက္ကဌရွှယ်ဆီကနေ မက်ဆေ့ချ်တစ်စောင် ရခဲ့တာ... ဒီအချိန်လောက် မင်းကို လာကြိုပေးဖို့ ပြောခဲ့တာလေ... အင်း နျန်နျန်... မနေ့ညက မင်း ဒီမှာ အိပ်ခဲ့တာလား... မင်း ပိုပြီး နားရအောင် ဒီနေ့အချိန်ဇယားတွေကို ပြန်ညှိပေးရမလား"


နားမလည်စွာနှင့် ယွီနျန်က မေးလာသည် 

" ဘာလို့ အချိန်ဇယားတွေ ပြန်ညှိဖို့ လိုမှာလဲ" 


သူက ခေါင်းကိုပွတ်ရင်း မှတ်မိရန် ကြိုးစားနေသည် " ကျွန်တော်ကတော့ မနေ့ညက ရွှယ်ယုံနဲ့ စကားပြောနေခဲ့တာလို့ ထင်တယ်... ပြီးတော့ အိပ်ပျော်သွားတာပဲ"


မုန့်းယွမ်က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မေးလာသည်


 " အဲ့လိုလား... ပိုင်ဆိုင်မှုကို ပေးအပ်တာတို့ အသွေးအသားနဲ့ ပေးဆပ်တာတို့ တစ်ခုခု မဟုတ်ဘူးလား"


"ကျွန်တော်က အတိတ်မေ့နေတာမျိုး မှတ်ဥာဏ်အပေါက်လိုမျိုး ဖြစ်နေတာမဟုတ်ရင် တခြားဘာမှမဖြစ်ခဲ့ပါဘူး"


ကြားရသလောက် သူ့စိတ်ကသာ အဝါရောင်အညစ်အကြေးတို့ ပြည့်နှက်နေသည် ဖြစ်မည်။ ရွှယ်ယုံက ပဋိဇီဝဆေးတွေနဲ့ သွေးတိတ်မယ့်ဆေးတွေတောင် ပြင်ထားသေးတယ်လို့ ယွီနျန်က ပြောရဲပါ့မလား။


မုန့်ယွမ်က နက်နက်နဲနဲ တွေးလိုက်ပြီးနောက် ခေါင်းဥ်ပြောင်းမေးလိုက်သည်


 " မင်း ဆင်းလာတော့ ဘယ်သူမှ သတိမထားမိဘူးမို့လား"


ခေါင်းခါပြရင်း ယွီနျန်က ပြန်ဖြေလာသည်


 "သတိမထားမိပါဘူး...ရွှယ်ယုံက စီစဥ်ထားတာမို့ တစ်ထပ်လုံး ဘယ်သူမှမရှိဘူး... ကျွန်တော်ဆင်းလာတော့ သန့်ရှင်းရေးအဒေါ်ကြီးတွေတောင် မတွေ့ခဲ့ရဘူး"


မုန့်ယွမ်က နောက်ဆုံးတွင် ရင်ဘတ်ထဲမှ အလုံးကြီးကျသွားရင်း မေးလာသည်


 " ဥက္ကဌရွှယ်က အရမ်း အမျှော်အမြင်ရှိတာပဲ" ထို့နောက် သူက ယွီနျန့်မျက်နှာပုံစံကို ဆန်းစစ်ကြည့်သည် 


" ကြည့်ရတာ မနေ့ညက မင်းတို့ စကားကောင်းကောင်း ပြောခဲ့ရသလိုပဲ"


"ဟုတ်တယ်" 


ယွီနျန်က အပြုံးဆို့ မဖုံးမဖိနိုင်ပဲ ပြောလာသည် 


" သူ့ကို ယုံကြည်ပြီး မှီခိုလိုက်တာက ကျွန်တော် တွေးထားသလောက် မခက်ခဲမှန်း သိလိုက်ရတယ်... ပြီးတော့ သူက ယုံကြည်လို့ ရတဲ့သူပဲ"


မုန့်ယွမ်က သူ့ပါးကို အုပ်လိုက်ရင်း ပြောလာသည်


 " ဟုတ်ပါပြီ ဟုတ်ပါပြီ... ငါက အသက်ကြီးနေပြီ ဆိုတော့ သွားတွေက မကောင်းတော့ဘူး...သွားကိုက်တာကို ခံနိုင်ရည်မရှိတော့ဘူး"


ယွီနျန်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။


သူ၏ tablet ကို ထုတ်လိုက်ပြီး မုန့်ယွမ်က တစ်နေ့တာအလုပ်အချိန်ဇယားအကြောင်း စပြောလာသည်။


"ပထမဆုံးအနေနဲ့ ရွှေထင်းရှူးဆုပေးပွဲ ဖိတ်စာက ရောက်လာပြီ... ပွဲက ဒီတစ်ပတ်အတွင်း လုပ်မှာဆိုတော့ မင်း ကော်ဇော်နီမှာ ပတ်တီးစီးပြီး လျှောက်ဖို့လိုမယ်"


ယွီနျန်က ခေါင်းညိမ့်ပြလာသည်


 " ကောင်းပါပြီ ... ပြဿနာမရှိပါဘူး"


"ဟာဆီက မနက်ဖြန်မှာ ဝတ်စုံ ပို့ပေးလာလိမ့်မယ်... ဝတ်စုံက နောက်ဆုံးထွက် နွေဦး-နေရာသီ ရဲ့ အဆင့်မြင့်ဒီဇိုင်းတွေပဲ... မင်းအတွက် ရွေးလို့ရအောင် သုံးစုံပို့လာမှာ... အပ်ချုပ်ဆရာလည်း လိုက်လာမှာ ဆိုတော့ မင်းဘက်က ဝတ်စုံရွေးပြီးတာနဲ့ သူတို့က ချပ်ချပ်ရပ်ရပ်နေအောင် လိုအပ်တာလေးတွေ ပြန်လုပ်ပေးလိမ့်မယ်"


မုန့်ယွမ်က tabletမျက်နှာပြင်ကို ပွတ်နေရင်း ပြောလာသည်


 " ပြီးရင် ဒီနေ့နေ့လည်မှာ မင်း ဟာဆီရဲ့ ဘရန်းပွဲတစ်ခု တက်ဖို့ရှိတယ်... လောလောလတ်လတ် သတင်းတွေကြောင့် သတင်းထောက်တွေလည်း အပြည့်လာကြမှာပဲ... မင်းရဲ့ ဓါတ်ပုံကို ဖမ်းမိသွားတာနဲ့ ခေါင်းစီးပိုင်းသတင်း ဖြစ်လာနိုင်တယ်...အနှောင့်အယှက်ဖြစ်စေမယ့် မေးခွန်းတွေ ကြိုတင်ခန့်မှန်းချက်တွေကို ရှောင်ဖို့အတွက် အဲ့ဒီမှာ နည်းနည်းရင်းနှီးတဲ့ ဂျာနယ်လစ်ယောက်ကို စီးဥ်ထားတယ်... မင်း အခု မေးခွန်းတွေ ဘယ်လိုဖြေရမလဲ စဥ်းစားလို့ရတာပေါ့" 


မျှော်လင့်ထားသည့်အတိုင်း ပွဲကို ရောက်သွားပြီး ယွီနျန်က ကားပေါ်မှ ဆင်းလိုက်သည်နှင့် ချက်ချင်းပင် ကင်မရာမီးတစ်ဖြတ်ဖြတ်နှင့် သတင်းထောက်များ ဝိုင်းအုံလာကြတော့သည်။


"ထန်းလုပ်ငန်းစုရဲ့ ဆက်ခံသူကတောင် တောင်းပန်ရတဲ့အထိ အင်အားကြီးတဲ့ နောက်ခံရှိတယ် ဆိုတာ အမှန်ပါလား"


"မနေ့ညက အဆင့်မြင့်ကလပ်တစ်ခုမှာ မူးရူးနေခဲ့တာကို တွေ့ခဲ့ပါသလား... အဲ့ဒီအပေါ် ဘယ်လိုထင်မြင်မိပါသလဲ"


"ထန်းရှောင်ခယ်ရဲ့ သဘောထားကွဲလွဲမှုကြောင့် ရသစုံရှိုးနှစ်ခုကနေ အထုတ်ခံရပြီး ဒရမ်မာတစ်ခုရဲ့ အဓိကဇာတ်ဆောင်နေရာကနေ အဖယ်ခံလိုက်ရတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါတယ်... အဲ့ဒီကောလဟာလကို အတည်ပြုပေးလို့ရမလား"


"အချို့အတွင်းသမားတွေက ထန်းရှောင်ခယ်က အပြစ်မလုပ်သင့်တဲ့သူကို သွားလုပ်မိလို့ ထန်းအုပ်စုအတွက် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရပြီး သားအဖကြား သဘောထားကွဲလွဲမှု ပြင်းထန်ခဲ့တယ်ဆိုပြီး အခိုင်အမာပြောနေကြတယ်... ထန်းကျန့်ကျုံးက သားဖြစ်သူကို လဝက်လောက်ထိ သူ့လုပ်ရပ်သူ ပြန်စဥ်းစားဖို့ အမိန့်ပေးခဲ့တယ်... အဲ့ဒီ 'သူ အပြစ်မလုပ်သင့်တဲ့သူ' ဆိုတာ မင်းလား"


ပွဲဘက်က အမျှော်အမြင်ရှိစွာနှင့် လုံခြုံရေးကို နှစ်ဆတိုးထား၍ ယွီနျန့်ကို အလယ်မှာထား၍ သတင်းထောက်များလက်မှ ပိတ်ဆို့ကာရံပေးနေကြသည်။ သူတို့ အဝတ်လဲခန်းသို့ ရောက်သည့်အချိန် မုန့်ယွမ်က ချွေးပြန်နေသည် 


" လမ်းက တိုလို့သာ... ၁၀မိနစ်လောက် ကြာသွားတယ် မို့လား"


အဝတ်လဲခန်း၏ မှန်ရှေ့တွင် ထိုင်နေရင်း ယွီနျန်က သက်ပြင်းချလိုက်သည် 


"ဟုတ်လောက်တယ်" 

သူက သတင်းထောက်များ မေးခဲ့ကြသည့် မေးခွန်းများကို ပြန်စဥ်းစားလိုက်ရင်း မေးလာသည် 


" ထန်းရှောင်ခယ်ကို ဖြုတ်လိုက်ကြပြီပေါ့"


"ဟုတ်တယ်လေ... ဒီမနက်စောစောက သတင်းရခဲ့တာ"


မုန့်ယွမ်က လူအုပ်ထဲတွင် အဆွဲခံရ၍ ကြေသွားသော ကုတ်အင်္ကျီကို ဖြန့်လိုက်ရင်း ဆက်ပြောလာသည်


 " တစ်ခုက အခြေကြီးကြီးရှိတဲ့ ပြည်တွင်းနို့ထွက်ပစ္စည်း ဘရန်းတစ်ခုရယ် ... ထန်းရှောင်ခယ်ရဲ့ ကိစ္စတွေကြောင့် သူတို့ဘရန်းပုံရိပ်ကို သေချာပေါက် ကာကွယ်ဖို့ လိုတယ်လေ... ဒါကြောင့် စာချုပ်ကို အမြန်အဆုံးသတ်လိုက်တာ... ထန်းရှောင်ခယ်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာဖြစ်တဲ့အတွက်ကြောင့် စာချုပ်ရဲ့ နစ်နာကြေးကိုလည်း ပေးမှာမဟုတ်ဘူးတဲ့... ဒီကိစ္စဖြစ်ပြီးတော့ နောက်ပိုင်း တခြား အသားရေထိန်းသိမ်းတဲ့ ဘရန်းတွေကလည်း စာချုပ်ဖျက်လာကြတယ် ...နောက်ဆုံးသတင်းကတော့ ထန်းရှောင်ခယ် ရင်းနှီးမြုပ်နှံထားတဲ့ အိုင်ဒေါဒရမ်မာ တစ်ခုကလည်း သူ့ကို လက်လွှတ်လိုက်တာပဲ" 


ရှစ်ရော့က လွယ်အိတ်ကြီးကြီး ကိုင်ထားတံခါးတွန်းဖွင့်လာ၍ စကားဝိုင်းရဲ့ နောက်ဆုံးပိုင်းကို တစ်စွန်းတစ်စ ကြားလိုက်ရသည်


 " သူ ရင်းနှီးမြုပ်နှံထားတဲ့ ဒရမ်မာကတောင် သူ့ကို လက်လွှတ်လိုက်တာလား"


မုန့်ယွမ်က ခေါင်းညိမ့်ပြလာသည်


 " အမှန်ပဲ... သူတို့ ပရောဂျက်မှာ ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေမှ အများကြီး... ထန်းရှောင်ခယ်ကို မလိုတော့ဘူးလေ... သူ ဖျော်ဖြေရေးလောထဲ ဝင်လာကတည်းက စိတ်ထားမကောင်းတဲ့ မာနကြီးတဲ့ သူမျိုးလေ... လူတော်တော်များများကိုလည်း အပြစ်လုပ်ခဲ့သေးတာ... ဒါပေမယ့် သူ့နောက်မှာ ထန်းလုပ်ငန်းစုကြီး ရှိနေတာကြောင့် ဘယ်သူမှ ဘာမှမပြောရဲကြတာ... ဒါပေမယ့် ဒီတစ်ခေါက် သူ အရှိန်ပြင်းပြင်း ကျသွားတော့ သူလဲကျနေတုန်း လူဘယ်လောက်များများ သူ့ကို ကန်ဖို့ တက်ကြွနေလဲ ဆိုတာ ဘယ်သူသိမှာလဲ... ဒါကြောင့် ဖျော်ဖြေရေးလောကမှာ သူ ပြီးဆုံးသွားပြီ... သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆက်လုပ်လို့ မရနိုင်တော့ဘူး..."


ရှစ်ရော့က ယူလာသော လတ်လတ်ဆတ်ဆတ် ညစ်ထားသည့် သစ်သီးဖျော်ရည်ကို ယွီနျန့်ကို ကမ်းပေးလိုက်ရင်း အခြေအနေကို နားလည်သွားလေသည်


 " အဲ့ဒါ ဖြစ်လောက်တယ်... ဒီနယ်ပယ်က အဲ့လိုမျိုးပဲ... လူတွေက အပေါ်ယံကသာ ခင်ကြောင်း ပြနေပေမယ့် စိတ်ထဲမှာတော့ အဆုံးမရှိ မုန်းနေတာ ဖြစ်နိုင်တာပဲလေ" 


ယွီနျန်က လက်တစ်ဖက်ကို ခွက်ကိုင်ထားရင်း ကျန်လက်တစ်ဖက်နှင့် ပျော်ပျော်ရွှင်ရွှင် စာရိုက်နေသည်ကို တွေ့လိုက်၍ သူမက သိချင်စိတ်ကြောင့် မေးလာသည်


 " နျန်နျန်... ကောင်းတဲ့ကိစ္စတစ်ခုခု ရှိလို့လား"


ယွီနျန်က မော့ကြည့်လာရင်း ပြုံးပြလာသည်။


 " ရွှယ်ယုံက တွေ့ဆုံပွဲပြီးတာနဲ့ ကျွန်တော့်ကို လာကြိုမယ်လို့ ပြောနေတာ... ဒီည ညစာအတူတူ စားကြမလို့လေ"


"အို့..." ရှစ်ရော့က သံရှည်ဆွဲလိုက်ရင်း အနည်းငယ် ရစ်လိုက်သည်။


" ဒါဖြင့် အလုပ်ဆင်းတာနဲ့ မင်းတို့ ဒိတ်ကြတော့မယ်ပေါ့လေ"


ယွီနျန်က ခေါင်းညိမ့်ပြလာသည်။

 " ဟုတ်တယ်...အတိအကျပဲ"


ရှစ်ရော့က ခွက်အလွတ်ကို ယူလိုက်ပြီး ပြုံးပြလာသည်။ " အစ်မ ရုတ်တရက်ကြီး မင်းနဲ့ ဥက္ကဌရွှယ်တို့က လိုက်ဖက်တဲ့ အတွဲလို့ ခံစားမိလာတယ်... မင်းတို့ နှစ်ယောက်စလုံးက အလုပ်များလှတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ကိုယ်စီရှိနေကြပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း နားလည်ပေးကြတယ်" သူမက အချိန်ကို ကြည့်လိုက်ရင်း အလောတကြီး လေသံနှင့် ပြောလာသည် " နောက်ကျနေပြီရော... အိုကေ... အစ်မ မင်းကို မနှောင့်ယှက်တော့ဘူး... အစ်ကိုမုန့် စီစဥ်ထားတဲ့ ဂျာနယ်လစ်ကလည်း ဒီကို မကြာခင် ရောက်လာတော့မှာ"


*****


အင်တာဗျူးလုပ်ရန် ရောက်လာသည့် ဂျာနယ်လစ်က ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် မုန့်ယွမ်က စနောက်လိုက်သည်။


 " ကျေးဇူးပြုပြီး လွယ်လွယ်လေးသာ သွားပါနော်... အစ်မနျဲ့..."


နျဲ့မင်ရှင်းက သူ့ကို စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလာသည် 


" အစ်ကိုမုန့်ရယ်... အတည်ကြီးလား... အစ်ကိုမုန့်ပဲ မေးခွန်းစာရင်းကို ပို့ခဲ့ပြီးတော့ အဲ့ဒီထဲကအတိုင်းမေး ဆိုပြီး ပြောခဲ့တာလေ...အခုတော့ လွယ်လွယ်လေး သွားပါ ဆိုပြီး ပြောနေတာလား ... "


မုန့်ယွမ်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး အံ့သြချင်ယောင်ဆောင်လိုက်သည် 


"အို့...တကယ်ကြီးလား"


နျဲ့မင်ရှင်းက မုန့်ယွမ်နှင့် ပြိုင်မပြောတော့ပဲ ယွီနျန့်ဘက်လှည့်ပြီး ပြုံးပြလာသည် 


" စိတ်လှုပ်ရှားမနေပါနဲ့... မင်းရဲ့ မန်နေဂျာမှာ ဖြေရှင်းစရာတွေ အများကြီး ရှိတယ်...ပြီးတော့ ဆရာအရမ်းလုပ်တာ... ဒါကြောင့် မကျေနပ်စရာ တစ်ခုခု မေးလိုက်လို့ကတော့ သူက အစ်မကို အပြင်ဘက် ကိုင်ပေါက်လိမ့်မယ်"


ယွီနျန်က ခေါင်းညိမ့်လိုက်ရင်း ပြုံးပြလာသည်


 " အစ်ကိုမုန့်က ကျွန်တော့်ကို အမြဲတမ်း ကာကွယ်ပေးတတ်တယ်... အင်တာဗျူးအတွက် ဒီကို လာရလို့ အစ်မနျဲ့ ပြဿနာမရှိပါဘူးနော်..."


နျဲ့မင်ရှင်းက ယွီနျန်က မုန့်ယွမ်ဘက်တော်သားမှန်း တွေ့လိုက်၍ ထပ်မပြောတော့ပဲ ရယ်မောလိုက်ရင်း " စိတ်ပူစရာမလိုပါဘူး...မင်းမသိလို့ အခုဆို မင်းနဲ့ အင်တာဗျူးခွင့်ရဖို့ အရမ်းခက်တာ... မင်းက hotဖြစ်နေတာလေ...ပြီးတော့ မင်းရဲ့ ကျော်ကြားမှုကလည်း တဟုန်ထိုးတက်နေတာ...အစ်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ဒီနှစ်အတွက် တစ်ခုပဲ ဆုတောင်းကြတယ်... မင်းနဲ့ အင်တာဗျူးခွင့်ရဖို့တဲ့... ဒါကြောင့် မင်းနဲ့ အင်တာဗျူးရဖို့ နာရီ၂၀ကြာ ပျံသန်းရရင်တောင် ရင်တုန်တုန်နဲ့ လုပ်အုံးမှာပဲ"


မုန့်ယွမ်က ကြားဝင်ပြောလာသည် 

" ဒါပေမယ့် ငါတို့ အကြာကြီး စကားပြောလို့မရဘူး ...ပွဲက စောင့်နေပြီ... နောက်ပိုင်း အချိန်ရှိတော့မှာ မဟုတ်ဘူး...အစ်မနျဲ့ရေ... ကျေးဇူးပြုပြီး တောင်းဆိုတာ များသွားရင်လည်း ခွင့်လွှတ်ပေးပါလို့"


နျဲ့မင်ရှင်းက အသံသွင်းဖောင်တိန်ကို တပ်လိုက်ရင်း အဆင်သင့်ဖြစ်ကြောင်း လက်ဟန်ပြလာပြီး မျက်နှာအမူအရာကလည်း ပိုပြီး ပုံမှန်ဆန်လာသည်။


“ပထမဆုံးမေးခွန်းကတော့ လက်ရှိ လူတော်တော်များများ အာရုံစိုက်နေကြတဲ့ အကြောင်းအရာပါ...စက္ကူတစ်ပိုင်းကို ဝယ်ဖို့အတွက် ၂၀၀မီလီယံသုံးခဲ့တဲ့ အကြောင်းလေ..."


နျဲ့မင်ရှင်း အလုပ်လုပ်သည့် "လိမ္မော်သီး အင်တာတိန့်မန့်"၏ အရှိန်နှုန်းက မယုံနိုင်လောက်အောင် မြန်ဆန်လာသည်။ အင်တာဗျူးပြီးသွားပြီး သိပ်မကြာမီ သူတို့က ကောင်းကောင်း တည်းဖြတ်ထားသည့် ဗီဒီယိုတစ်ပုဒ်နှင့် ကောင်းကောင်း စုစည်းထားသည့် အင်တာဗျူးမှတ်တမ်းတစ်ခုကို ထုတ်လွှင့်လာသည်။  


[တခြားအရာတွေ အသာထား အရင်ဆုံးပြောချင်တာက ယွီနျန့် ရုပ်ရည်ကို ချီးကျူးမိတယ် ဆိုတာပဲ... ရိုးရိုး တီရှပ်အဖြူလေး ဝတ်ထားတာတောင် အရမ်း ကြည့်ကောင်းနေလိုက်တာ...ပြီးတော့ သူ့ ပြောသွားတာလေးက ' အလှအပရေးရာ စံနှုန်းဆိုတာ အလှအပအပေါ် ခံစားမှုသက်ဝင်မှုပဲလို့ ကျွန်တော် ယုံကြည်တယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အမြင်ကျဥ်းမြောင်းတဲ့ အလှအပရေးရာ အယူအဆကို သဘောမတူဘူး...ဝတာပိန်တာ အနေအေးတာ တက်ကြွတာ ရှင်းရှင်းလင်းလင်းပုံစံ တောက်တောက်ပြောင်ပြောင်ပုံစံ အားလုံးက လှပနေနိုင်တာပဲလေ' တဲ့... အား... ယွီနျန်က သူ့အတွေးအမြင်ကို ပြောပြလာတဲ့ ပုံစံလေးကို တကယ် ကြိုက်သွားပြီ... သူက ကောင်းကောင်း ပြောတတ်တာပဲ"]


[ယွီနျန့် နောက်ခံအတိအကျကိုပဲ မေးစရာရှိတယ်...ဆေးမှုကိစ္စပြီးတော့ သူ့ရဲ့ ပထမဆုံး ထုတ်ပြန်မှုက 'လိမ္မော်သီး အင်တာတိန့်မန့်'ရဲ့ ဆရာကြီး နျဲ့မင်ရှင်းနဲ့ အင်တာဗျူးလုပ်တာလား...သူ့နောက်ခံနဲ့ ထန်းရှောင်ခယ်ကို တောင်းပန်အောင် လုပ်ပြီး စာချုပ်တွေ ဖျက်သိမ်းလာဖို့ မလုပ်ခဲ့ဘူး ဆိုတာ ငါ မယုံဘူး... တစ်ယောက်ယောက် ကျေးဇူးပြုပြီး သတင်းအချက်အလက်ကို ဖော်ထုတ်ပေးပါ]


[ထန်းရှောင်ခယ်က ဖျော်ဖြေရေးနယ်ပယ်မှာ သူ့မိသားစုနောက်ခံကို မှီပြီး အမြဲတမ်း စည်းလွတ်ဘောင်လွတ် ပြုမူတတ်တယ်... ကိုယ့်ထက် ပိုမြင့်တဲ့သူတစ်ယောက် ရှိနေမယ်လို့ ဘယ်သူက တွေးထားမိမှာလဲ... ဒီတစ်ကြိမ်မှာတော့ သူ့ပြိုင်ဘက်နဲ့ တွေ့လိုက်ရပြီမို့လား... ဒါဆို သူက တစ်ယောက်ယောက်ကို ရိုက်လိုက်

တယ်ဆိုတာလည်း အမှန်ပဲပေါ့...အဲ့ဒီအချိန်တုန်းက သူမရင့်ကျက်သေးလို့ သူ့မိသားစုကိုလည်း ကိစ္စငြိမ်သွားအောင် နစ်နာကြေးပေးဖို့ တွန်းအားပေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကျိုးဆက်ကို ရင်မဆိုင်ခဲ့ဘူးဆိုတာ ငါ မယုံဘူး]