အပိုင်း ၁၀၃
Viewers 16k

Chapter 103




"ဘုန်း"ဆိုသည့် အသံနှင့်အတူ ထန်းရှောင်ခယ်က မည်းမှောင်နေသော မျက်နှာနှင့် ဖုန်းကို ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲလိုက်သည်။


သူ့ဘေးတွင် ထိုင်နေသည့် အသက်ကြီးကြီး လူတစ်ယောက်က သောင်းကျန်းနေသည့် အသံကြားလိုက်၍ အမြန် မေးလာသည်။


 " ရှောင်ခယ်... ဘယ်သွားမလို့လဲ... မင်းအဖေက မင်းကို စောင့်ကြည့်ထားပြီး အပြင်ထွက်ခွင့်မပေးဖို့ အဘွားကို ပြောထားတာ... အဘွားကို ခက်ခဲအောင် မလုပ်ပါနဲ့နော် ဟုတ်ပြီလား"


ထန်းရှောင်ခယ်က အရက်နံ့လှိုင်လှိုင်ထွက်နေပြီး မျက်လုံးများရဲလျက် အေးစက်စက် နှာမှုတ်လိုက်သည်။


 " အသုံးမဝင်တဲ့ အစုတ်အပဲ့တွေ... ကိုယ်ကိုကျုံ့ထားပြီး မိမစစ်ဖမစစ်ကောင်တွေလို လုပ်နေတာ... ဘာလို့ ကျွန်တော်က အဲ့အတိုင်း ပြန်လုပ်ရမှာလဲ"


စကားဆုံးသည်နှင့် သူက ဂရုမစိုက်ပဲ အိပ်ကပ်ထဲ လက်ထည့်ကာ တံခါးဆီ သွားလိုက်သည်။ 


*****


ပွဲကျင်းပရာနေရာတွင် ယွီနျန်က စင်ပေါ်မှ ဆင်းလာပြီး မိုက်ကရိုဖုန်းကို staffဆီ ပြန်ပေးလိုက်ရင်း ပြောလာသည် 


" ကျေးဇူးပါ"


ရှစ်ရော့က အနားကပ်လာပြီး တိုးတိုးပြောလာသည် 


"ဥက္ကဌရွှယ်လည်း ရောက်နေတယ်"


ယွီနျန့်မျက်လုံးများ ပင့်တက်လာရင်း အဝတ်လဲခန်းသို့ သွားနေသည့် ခြေလှမ်းများက ပိုမိုမြန်ဆန်လာသည်။ သူက တိုးတိုးပြောလာသည်


 "သတင်းထောက်တွေ အပြင်မှာ ရှိနေတဲ့အချိန် အစ်မရော့ရော့...အစ်မနဲ့ အစ်ကိုမုန့်တို့က ကားနဲ့ ထွက်သွားပြီး သူတို့ကို ခေါ်ထုတ်သွားပေးပါ...ကျွန်တော်ကတော့ ရွှယ်ယုံ့ကို ရှာဖို့ တခြားလမ်းကြောင်းကို သုံးလိုက်မယ်" 


ရှစ်ရော့က "အိုကေ"ဆိုသည့် လက်ဟန်အမူအရာ ပြလာရင်း ပြောလာသည် 


"ကိစ္စမရှိဘူး... အစ်မတို့ သတင်းထောက်တွေကို လမ်းကြောင်းလွှဲလိုက်မယ်...မင်းတို့သာ ကောင်းကောင်းဒိတ်ကြ"


“ကျေးဇူးပါ...အစ်မရော့ရော့"


ရှစ်ရော့ထံမှ မက်ဆေ့ချ်ကို လက်ခံပြီးနောက် ယွီနျန်က လူသတိမထားဖြစ်စေမည့် အဝတ်အစားများ ပြောင်းဝတ်လိုက်ရင်း ဦးထုပ်ဆောင်းပြီး မတ်စ်တပ်လိုက်ကာ မြေအောက်ကားပါကင်ကို အခြားလမ်းကြောင်းနှင့် သွားလိုက်သည်။


မြေအောက်ကားပါကင်က ကြီးမားပြီး လမ်းသွယ်လေးကလည်း မကျဥ်းလှပေ။ အားလပ်ရက်မဟုတ်၍ ပါကင်တွင် ကားသိပ်မရှိပေ။ ယွီနျန်က လမ်းကြောင်းပြမှတ်တိုင်ကို စစ်ဆေးလိုက်ပြီး ရှေ့တိုးရန်အတွက် ဦးတည်ချက်အမှန်ကို ရှာလိုက်သည်။ 


ရုတ်တရက် အင်ဂျင်စက်သံတစ်ခုက ရက်စက်သည့် သားရဲကောင်ကြီး၏ ဟိန်းဟောက်သံကဲ့သို့ ကားပါကင်ထဲ ပဲ့တင်သံ ရိုက်ခတ်သွားပြီး ပေါက်ကွဲထွက်လာသည်။ အနီရောင်sport ကားတစ်စီးက သေမင်းတမန်၏ ဓါးကောက်ကဲ့သို့ အရှိန်ပြင်းပြင်းနှင့် ယွီနျန့်နေရာသို့ ဦးတည်လာနေ၏။


 အန္တရာယ်မှန်း နားလည်သွား၍ ယွီနျန်က ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ့တွင် အချိန်မရှိတော့ပေ။ 


စက္ကန့်ပိုင်းအတွင်းမှာပင် "ဘန်း"ဆိုသည့် အသံက ကျယ်ကျယ်လောင်လောင် ထွက်လာပြီး သေနတ်သံ တစ်ခု နောက်ထပ်ထွက်လာသည်။အနီရောင်sport ကားလေးက ကားဘီးပေါက်ပြီး စောင်းသွားကာ မြေကြီးနှင့် ပွတ်သတ်ပြီး အသံကျယ်ကြီး ထွက်လာလေသည်။


နောက်ဆုံး ကားရှေ့ပိုင်းက ကွန်ကရစ်တိုင်နှင့် ပြင်းပြင်းထန်ထန် တိုကိမိသွားပြီး ဖုန်မှုန့်များ ထူထပ်လာ၏။


ကားရှေ့ပိုင်းက သူ့ထံ တရွတ်တိုက် လာနေစဥ် ယွီနျန့်ကို တစ်ယောက်ယောက်က ဘေးကို တွန်းလိုက်၍ ရွဲ့စောင်းနေသော ကားကိုယ်ထည်ကို ရှောင်လိုက်နိုင်သည်။


မြေပေါ်ကျသွားချိန် သူက အန္တရာယ်အားလုံးမှ ကာကွယ်ပေးထားသော တစ်ယောက်ယောက်၏ ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် အဖက်ခံထားရသည်။


ခဏအကြာ ယွီနျန်က နောက်ဆုံးသတိဝင်လာပြီး သူ့ကို ကာကွယ်ပေးခဲ့သူ၏ အဝတ်အစားကို တုန်ချိချိလက်များနှင့် ဆုပ်ကိုင်လိုက်သည်


 " ရွှယ်ယုံ"


ရွှယ်ယုံက ယွီနျန့်ကို လက်မောင်းထဲ တင်းတင်းကျပ်ကျပ် ဖက်ထားရင်း သူ့ကြွက်သားများက ထိန်းမရစွာ တုန်ယင်နေသည်။ သူက ယွီနျန့်ခေါင်းပေါ် မေးတင်ထားရင်း တုန်ယင်နေသည့် အသံနှင့် ပြောလာသည်


 " နျန်နျန်...အဆင်ပြေသွားပြီနော်...အခု အဆင်ပြေသွားပါပြီ"


 ***

အင်ဂျင်စက်သံ ပျောက်ကွယ်သွားပြီးနောက် ကားပါကင်တစ်ခုလုံး ယခင်အတိုင်း တိတ်ဆိတ်သွားသည်။ ရုတ်တရက် နားမကြားသလို ဖြစ်ပြီးမှ အကြားအာရုံပြန်လည်ရရှိလာသလိုမျိုး သူ့နားစည်ထိ တုန်ခါနေသည့် နှလုံးခုန်သံကို ခံစားမိသည်။ သူက ရွှယ်ယုံ၏ တုန်ယင်နေသော အသံနှင့် အသက်ရှူသံကို ကြားလိုက်ရသည်။  


ရွှယ်ယုံ၏ ဖျော့တော့နေသည့် မျက်နှာနှင့် ပျဥ်းမြောင်းနေသော မျက်ဆံတို့ကို တွေ့လိုက်သောအခါ ယွီနျန်က မသိလိုက်စွာနှင့် ရွယ်ယုံ့ပုခုံးကို ပုတ်ပေးပြီး နှစ်သိမ့်ချင်ခဲ့သည်။ အမှန်တွင်ဖြင့် ရွှယ်လီကလည်း ကားအက်စီးဒန့်ကြောင့် သေဆုံးခဲ့ပြီး ရွှယ်ယုံကိုယ်တိုင်က တင်းကျောက်ရှန်၏ အကောက်ကြံမှုကြောင့် အက်စီးဒန့်ဖြစ်ပြီး သေမလို ဖြစ်ခဲ့ဖူးသည်။ 


သို့သော် မည်သို့ဆိုစေ သူ့လည်ချောင်းတို့ တင်းကျပ်နေပြီး အသံတစ်သံပင် ထွက်အောင် မလုပ်နိုင်ချေ။ အကြောက်လွန်ခြင်းက သူ၏ ခြေလက်တို့ကို အားမရှိအောင် ချန်ထားခဲ့၍ပင်။


ရွှယ်ယုံက ယွီနျန့်နာဖူးလေးကို နှုတ်ခမ်းနှင့် ဖိကပ်နမ်းလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ စိုးရိမ်တကြီး မေးလာသည်


 " နျန်နျန်...တစ်နေရာရာက နာသွားလား" 


သူ၏အာရုံကြောများက တစ်ဖန်ပြန်လည် အသက်ဝင်လာချိန် မြေပြင်နှင့် ရိုက်သွား၍ထင် တင်ပါးနားတစ်ဝိုက်က အနည်းငယ် နာကျင်သွားမှန်း ခံစားလိုက်ရသည်။ ယွီနျန်က ခေါင်းခါပြလာသည်။ ပြန်လည်သက်သာလာချိန် သူက စိုးရိမ်သည့်လေသံနှင့် မေးလာသည် " ကျွန်တော်ကတော့ မထိခိုက်သွားဘူး..ခင်ဗျားကရော ဘယ်လိုနေလဲ"


ရွှယ်ယုံက သူ့ကို ထိန်းပေးထားရင်း မြေပြင်ပေါ် လိမ့်သွားချိန် ရွှယ်ယုံ၏ ညည်းညူသံသဲ့သဲ့ကို ကြားလိုက်ရမှန်း ပြန်မှတ်မိလာသည်။


“ကိုယ် အဆင်ပြေပါတယ်" ရွှယ်ယုံက ယွီနျန့်ကို ထရန် ကူပေးလိုက်ပြီး သူ့တွင် ဒဏ်ရာရှိမရှိ သေချာစစ်ဆေးပြီးမှ အနီရောင်sportကားရှိရာ လှမ်းကြည့်လိုက်သည်။


တန်ဖိုးမြင့်မြင့်နှင့် မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပြောင်နေသည့် ကားအရှေ့ပိုင်းက ကွန်ကရစ်တိုင်နှင့် ဝင်ဆောင့်ထား၍ ယခုတွင် ဆိုးဆိုးရွားရွား ပျက်စီးနေသည်။ ရွှယ်ယုံ့သက်တော်စောင့် ငါးယောက်က တိတ်ဆိတ်ဆိတ်ဆိတ် ရပ်နေရင်း နှစ်ယောက်က ကားတံခါး၏ တစ်ဖက်တစ်ချက်စီကို စောင့်ကြပ်နေပြီး ကျန်သုံးယောက်က နေရာတစ်ဝိုက် စောင့်ကြပ်နေကာ သေနတ်ရာကို ဖြေရှင်းနေကြသည်။ 


ရွှယ်ယုံ့အကြည့်တို့ နက်မှောင်သွားရင်း သူ၏ အမူအရာမဲ့ မျက်နှာက အေးစက်စက် အရိပ်အရောင်တို့ ပေးစွမ်းနေသည်။ ထိုအခိုက်အတန့်ရှိ သူ၏မျက်နှာက အသူရာချောက်နက်ကြီးကဲ့သို့ မည်းမှောင်နေပြီး မျက်လုံးများက စူးရှအေးစက်မှုတို့ ပြည့်နှက်နေသည်။ 


“သူ့ကို ဆွဲထုတ်လိုက်"


“ဟုတ်ကဲ့"


ကားဘေးတွင် ရပ်နေကြသည့် သက်တော်စောင့်များက အမိန့်ကို နာခံရင်း ကားတံခါးကို ပြင်းပြင်းထန်ထန် ဆွဲဖွင့်လိုက်ကာ လုံခြုံရေးခါးပတ်ကို ဆွဲဖြုတ်လိုက်ပြီး လေအိတ်များကြား ထိုင်နေဆဲဖြစ်သည့် ထန်းရှောင်ခယ်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်လိုက်ကြသည်။


ကားဘီးပေါက်သွားပြီး စတီယာရင်ကလည်း ဘာမှလုပ်၍မရဖြစ်သွား၍ ထန်းရှောင်ခယ်က အလွန် ကြောက်လန်သွားခဲ့ရသည်။ ယခုတွင်လည်း သန်သန်မာမာ သက်တော်စောင့် နှစ်ယောက်မှ ဆွဲထုတ်ခံလိုက်ရ၍ အဝတ်စရုပ်လေးကဲ့သို့ ကွန်ကရစ်မြေကြီးပေါ်တွင် ဟိုသည် လူးလိမ့်နေသည်။


ရွှယ်ယုံက ဒူးကွေးလိုက်ရင်း သက်တော်စောင့်များ ကမ်းပေးလာသည့် သေနတ်နှင့် ထောက်လာသည်။ ချပ် ဆိုသည့်အသံနှင့် သူက ထန်းရှောင်ခယ် နာဖူးပေါ် ဖိထားလိုက်သည်။ 


အေးစက်စက်သေနတ်က ယမ်းနံ့ပင် ကျန်နေသေးသည်။ ထန်းရှောင်ခယ်၏ မျက်ဆံများက အက်ချောင်းလောင် သေးငယ်သွားရင်း တုန်တုန်ယင်ယင်အသံနှင့် ဆက်ပြောလာသည်


 " မင်း ငါ့ကို သတ်လို့မရပါဘူး... ငါ့ကို သတ်လို့မရဘူးကွ...ငါ့အဖေက ထန်းကျန့်ကျုံးပဲ...မင်း မသတ်နိုင်..."


ရွှယ်ယုံ့မျက်လုံးများက မှင်ရည်ကဲ့သို့ နက်မှောင်သွားရင်း နူးနူးညံ့ညံ့လေသံနှင့် ဖြတ်ပြောလာသည် 


" ငါ သတ်လို့မရဘူးပေါ့" 


အဖျားဆွတ်သွားသည့် အသံကပင် ချွန်ထက်နေ၏။


ရွှယ်ယုံ့အကြည့်နှင့် ရင်ဆိုင်ရစဥ် ထန်းရှောင်ခယ်က တစ်ဖက်လူက သူ့ကို အမှန်တကယ် သတ်ချင်နေမှန်း ခံစားမိ၍ ကြောက်ဒူးတုန်သွားသည်။ သူက သူ့အဖေပြောခဲ့သည့် အရာကို ပြန်အမှတ်ရသွားသည်။


 ...သူ့မှာ ရွှယ်ယုံနဲ့ တွေ့ဖို့တောင် အရည်အချင်းမရှိဘူး...။ 


လှိုက်တက်လာသည့် အကြောက်တရားက ရေခဲရေကဲ့သို့ သူ့အပေါ် သက်ဆင်းလာသည်။ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည့် လက်ညှိုးနှင့် ကွန်ကရစ်မြေထဲ တူးဆွလိုက်ရင်း အသက်ရှူရခက်နေသည့် ရင်ဘတ်က ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေသည်။  


ရှူရှိုက်နေရသည့် လေထုကတောင် ဆူးချွန်များ ပါနေသလို ခံစားရသည်။ 


ထိုအခိုက် ယွီနျန်က အနောက်ကနေ ရွှယ်ယုံ၏ အေးစက်စက် လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်လာသည်။


ရွှယ်ယုံက ရပ်တန့်သွားရသည်။


ရွှယ်ယုံ့ခန္ဓာကိုယ်၏ နွေးထွေးမှုက သတ်ဖြတ်ချင်သည့် စိတ်တို့ လွင့်စင်သွားရင်း သွေးဆာနေသည့် ပုံစံက နစ်မြုပ်သွားသည်။ ရွှယ်ယုံက အကြည့်တို့ အားနည်းသွားပြီး မတ်မတ်ရပ်လိုက်ကာ သေနတ်ကို သက်တော်စောင့်များထံ ပြန်ပေးလိုက်သည်။ ထို့နောက် သူက သူ၏အပေါ်ကုတ်ကို ချွတ်လိုက်ရင်း ယွီနျန့်ကို ခြုံပေးလိုက်၏။


သူ မသိလိုက်စွာနှင့် ဝတ်စုံအစကို တင်းတင်းကိုင်ထားမိသည်။ အကြိမ်ပေါင်းများစွာ အသက်ရှူလိုက်ပြီးနောက် ရွယ်ယုံက မဝံ့မရဲ မေးလာသည်။


“ကိုယ်...ကိုယ် မင်းကို ခြောက်မိသွားလား"


ရွှယ်ယုံက သူ့ကို မကြည့်ရဲဖြစ်နေမှန်း တွေ့လိုက်ရ၍ ယွီနျန်က လေသံကို နူးညံ့လိုက်ပြီး တိုက်ရိုက်မဖြေလာချေ။ ထိုအစား သူက ပြောလာသည် 

" ရွှယ်ယုံ... ကျွန်တော် အေးတယ်... ဖက်ထားပေးနိုင်မလား"


ရွှယ်ယုံ့လက်ချောင်းများက တုန်ယင်နေပြီး ယွီနျန့်မျက်လုံးထက်က နူးညံ့မှုတို့ တွေ့လိုက်ရ၍ တောင့်တင်းနေသည့် ကျောရိုးတစ်လျှောက်က ပြေလျော့သွားသည်။ သူက လက်မြောက်လိုက်ရင်း အားဖွဖွလေးနှင့် ယွီနျန့်ကို ပွေ့ဖက်လာသည်။


သူ၏ အသက်ရှူသံနွေးနွေးက ယွီနျန့် လည်ပင်းသားလေးပေါ် ကျရောက်လာပြီး ယွီနျန်က ဖက်ခွင့်ပြုထားလိုက်သည်။ ယွီနျန်မဟုတ်သည့်သူတစ်ယောက်ယောက်က သူ့အားနည်းချက်ကို စုံစမ်းလာကြမည် စိုးသည်ဟု ပြောလာသည့် ရွှယ်ယုံ့အသံတိုးတိုးကို ရုတ်တရက် ကြားလိုက်ရသည်။


“ခင်ဗျား အဆင်ပြေနေလို့ ဝမ်းသာပါတယ်"


ခင်ဗျား အစ်ကို ထွက်သွားသလိုမျိုး ချန်မထားခဲ့လို့ ဝမ်းသာမိတယ်...။


သူက မည်သည့် ခွဲခွာမှုမျိုးကိုမှ သည်းမခံနိုင်တော့ပေ။


ယွီနျန့်မျက်လုံးများက မျက်ရည်တို့ ပြည့်လျှံလာပြီး ရွှယ်ယုံ့နောက်ကျောကို ပြန်ဖက်ထားလိုက်သည်။


“ဟုတ်တယ်... ကိုယ် မင်းကို ချန်ထားခဲ့မှာ မဟုတ်ဘူး"


ထိုနေ့ည ၉နာရီတွင် #ထန်းရှောင်ခယ်က ယွီနျန့်ကို သတ်ရန် ကြံစည်ခြင်း# ဆိုသည့် hashtagက နာမည်ကြီးစာရင်း၏ ထိပ်ဆုံးကို ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် အကြောင်းအရာပါသည့် အဓိကဖိုရမ်များနှင့် သတင်းပလက်ဖောင်းများက ခေါင်းစီးပိုင်းအနေနှင့် အဆက်မပြတ် ပြန်တင်ကြသည်။


သတင်းအောက်ခြေတွင် ထန်းရှောင်ခယ်က သူ၏ အနီရောင်sportကားကို ကြိုပြီး ပါကင်ထိုးထားရင်း ယွီနျန် ပေါ်လာသည်ကို စောင့်နေကြောင်း ရှင်းရှင်းလင်းလင်း ပြထားသည့် ကားပါကင်မှ လေ့လာတွေ့ရှိချက်များ ပါသည်။ ယွီနျန်ပေါ်လာသည့်အခါ sportကား၏ စွမ်းဆောင်ချက်ကို သုံးပြီး အရှိန်မြင့်လိုက်ရင်း ယွီနျန့်ဆီ တုံ့ဆိုင်းခြင်းမရှိ ဝင်တိုက်လိုက်သည်။ 


ထို့နောက် ကားဘီးက ပြဿနာဖြစ်သွားသည်ထင် sportကားလေးက ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီး ထိန်းမရပဲ ကွန်ကရစ်တိုင်နှင့် တိုက်မိသွားသည်။ ထိုအချိန် တစ်ယောက်ယောက်က အမြန်နှုန်းနှင့် ယွီနျန့်ဆီ ရောက်လာပြီး အကျိုးဆက်ကို ရှောင်ရန် ဘေးသို့ တွန်းလိုက်သည်။  


ပြီးနောက် ထန်းရှောင်ခယ်၏ ကားရှေ့ပိုင်းက ပျက်စီးသွားပြီး ထန်းရှောင်ခယ်ကလည်း မြေပြင်တွင် ထိုင်နေသည့် ပုံများ ထွက်လာသည်။


[လုပ်ဇာတ်ခင်းထားတာ မဟုတ်ပဲ အစစ်ကြီးလား...ကြောက်စရာကြီး...လူမြင်တဲ့ ပါကင်နေရာမျိုးမှာ sportကားနဲ့ ဝင်တိုက်ဖို့ ဘယ်သူကများ ထန်းရှောင်ခယ်ကို ရဲဆေးတင်ပေးလိုက်တာပါလိမ့်...ဒါ လူသတ်ဖို့ ကြံစည်ခဲ့တာပဲ...ပြီးတော့ ယွီနျန်ပေါ်လာတဲ့အချိန် ထန်းရှောင်ခယ်က တုံ့ဆိုင်းမနေပဲ ကားအရှိန်တင်ပြီး ယွီနျန့်ကို ဝင်တိုက်တာ ရှင်းရှင်းလင်းလင်းကြီး... ငါ ဒီနေ့ ထန်းရှောင်ခယ်ကို ဆူပူမိရင် နောက်ရက်မှာ သူ့ကြောင့် ပြေးနေရမယ် ဆိုပြီး စိတ်ပူနေသင့်လား]


[ဖြောင်းဖြောင်းဖြောင်း...ဒါက နောက်ထပ် အပြစ်ကျူးလွန်မှုတစ်ခုပဲ... သူက အသက်ငယ်ငယ်ပဲ ရှိသေးတာတောင် တစ်ယောက်ယောက်ကို အရှိန်တင်ပြီး ဝင်တိုက်ရဲနေပြီလား... ထပ်ပြောရရင် သူရဲ့ ကံဆိုးမှုကို အပြစ်တင်နေတော့မှာပဲ... အရင်တုန်းက ကိစ္စက ထန်းမိသားစုရဲ့ ပိုက်ဆံနှင့် အာဏာကြောင့် ဖုံးထားနိုင်တာ... အခု ထန်းရှောင်ခယ်က တစ်ထေရာတည်း လုပ်လာပြန်ပြီလား...ဒီလောကကြီးက ဘာတွေများ မှားနေတာလဲ]


[နျန်နျန် ဘယ်လိုနေလဲ ဆိုတာပဲ သိချင်မိတယ်...သူ့ကို ကယ်ပေးခဲ့တဲ့သူရော ထိခိုက်သွားသေးလား...ပြီးတော့ ဒီလူသတ်သမား ထန်းရှောင်ခယ်ကရော အဖမ်းခံရပြီးပြီလား...သူ့ကို မျှမျှတတ ပြစ်ဒဏ်ချလို့ရပါ့မလား... ဒီက မျက်ရည်တွေနဲ့ ပေါက်ကွဲနေပါပြီ]


[သခင်လေးထန်းဘက်ကနေ ပြန်ခံပြောခဲ့ကြသူတွေ ...နင်တို့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ကြည့်ကြစမ်း...ဒါက နင်တို့ရဲ့ သခင်လေးထန်းကြီးလေ... သူက တစ်ယောက်ယောက်ကို ဝင်တိုက်ဖူးပြီးတော့ အခု အဲ့ဒီလို ပြန်လုပ်ဖို့ စီစဥ်နေပြန်တယ်... သူ့မိသားစုရဲ့ ပိုက်ဆံနဲ့ အာဏာကို မှီခိုပြီး သူ လုပ်ချင်တာအကုန် လုပ်လို့ရနေတယ်လို့ ထင်နေတာလား]


[နျန်နျန်ကို ကယ်ပေးခဲ့တဲ့သူကို ကျေးဇူးတင်ပါတယ်...ငါ ဒီဗီဒီယိုကို အကြိမ်ပေါင်း များစွာ ကြည့်ပြီးပြီ...ကြည့်တိုင်း ငိုမိတယ်... အဲ့ဒီလူကြောင့်သာ မဟုတ်ရင် ယွီနျန်

က ဘီးအောက်ရောက်သွားတော့မှာ... အဆုံးမှာ ထန်းရှောင်ခယ်ရဲ့ မိသားစုက အကုန် ဖုံးထားလိုက်တော့မှာမို့ နျန်နျန် ဘယ်လိုသေသွားမှန်း ငါတို့ သိမှာတောင် မဟုတ်ဘူး]