Chapter 104
နျန်နျန်... ကိုယ်တို့ နေ့ခင်းမှာ အဲ့ဒါ လုပ်လို့မဖြစ်ဘူးလေ...
ယွီနျန့်လက်ရှိအခြေအနေကို စုံးစမ်းရန်အတွက် မရေမတွက်နိုင်သော ဖန်များနှင့် ဖြတ်သွားဖြတ်လာများက ရှင်းယောင်အင်တာတိန့်မန့်၏ တရားဝင်ဝေ့ပေါ်အကောင့် မုန့်ယွမ် ယွီချင်းနှင့် ရှားမင်ရှီတို့ဆီ အုံလိုက်ကျင်းလိုက် သွားလိုက်ကြသည်။ည၁၀နာရီတွင် ရှင်းယောင်အင်တာတိန့်မန့်၏ တရားဝင်ဝေ့ပေါ်မှ ယွီနျန့်ကို ခန္ဓာကိုယ်အပြည့်စစ်ဆေးရန်အတွက် ဆေးရုံတင်ထားကြောင်း သတင်းထုတ်လာသည်။ ခြေထောက်ပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများမှလွဲ၍ အခြားပြင်ပ ထိခိုက်မှုများ မရှိခဲ့သလို ထိုအချိန်အတွင်း သူ့ကို ကယ်ပေးခဲ့သည့်သူကလည်း အသက်အန္တရယ်မရှိကြောင်း ထုတ်ပြန်
လာသည်။ ယွီနျန်က လတ်တလော စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်သွား၍ ကုသမှု ခံယူနေရကြောင်း သတင်းထုတ်ပြန်လာသည်။
သတင်းထွက်ပြီး အချိန်တိုအတွင်း #အသက်အန္တရာယ် ကြုံခဲ့ရသည့် ယွီနျန်# ဆိုသည့် hashtagက နာမည်ကြီးစာရင်း၏ ငါးနေရာထိ ရောက်သွားသည်။ ထိုအချိန် ထန်းရှောင်ခယ်၏ မိသားစုနောက်ခံနှင့် ထန်းကျန့်ကျုံး ကြီးပွားချမ်းသာလာသည့် ရင်းမြစ်အကြောင်း ပျံ့နှံ့လာသည်။
နောက်တစ်နေ့မနက်တွင် အင်တာနက်သုံးစွဲသူများက ထန်းရှောင်ခယ်၏ လူသတ်ရန် ကြံစည်မှုအပေါ် ပြစ်တင်ရှုံ့ချပြီး မျှတသည့် အပြစ်ဒဏ်ပေးရန် တောင်းဆိုနေကြစဥ် သတင်းမီဒီယာတစ်ခုက ဇန်နဝါရီလ ၁ရက်နေ့ကတည်းက အရည်အသွေးနိမ့် ပစ္စည်းများ အသုံးပြုမှုကြောင့် ထန်းလုပ်ငန်းစုတွင် နှစ်တစ်ဝက်စာအတွင်း အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။
သိပ်မကြာမီ ဘဏ္ဍာရေးသတင်းဌာနတစ်ခုက ထန်းလုပ်ငန်းစုဥက္ကဌ ထန်းကျန့်ကျုံးက လာဘ်စားပြီး အခွန်ရှောင်တိမ်းမှုကြောင့် စုံစမ်းမေးမြန်းခံခဲ့ရကြောင်း သတင်းထုတ်ပြန်လာသည်။ တစ်ချိန်တည်းမှာပင် ထန်းလုပ်ငန်းစု၏ စတော့စျေးနှုန်းက နေ့တစ်ဝက်စာအတွင်း ဘီလီယံနှင့်ချီ လျော့သွားပြီး ပြင်းပြင်းထန်ထန် ကျဆင်းနေသည်။
ရှစ်ရော့က ဆေးရုံတွင် ဖုန်းကိုင်ထားရင်း ဝေ့ပေါ်ကို လျှောက်ကြည့်နေသည်။ သူမက တိုးတိုးပြောလာရင်း မုန့်ယွမ်နှင့် အခြေအနေကို ဆွေးနွေးကြည့်သည်။
“အစ်ကိုမုန့်... ကျွန်မတို့ ဇာတ်လမ်းကို နည်းနည်းထိန်းချုပ်လိုက်သင့်လား... ကျွန်မ လှည့်ပတ်ကြည့်လိုက်တော့ ယွီနျန် အတိုက်ခံရပြီး နောက်တစ်နေ့မှာ ထန်းလုပ်ငန်းစုက ဒုက္ခရောက်သွားလို့ လူတော်တော်များများက ယွီနျန့် နောက်ခံ အင်အားကို ခန့်မှန်းနေကြတာ...အရင်က ကောလဟာလ မရှိပဲနဲ့တောင် ထန်းကျန့်ကျုံးက အခု အစစ်ဆေးခံနေရတာ... ဒါကြောင့် လူတော်တော်များများက ယွီနျန့်နောက်ကွယ်က အင်အားနဲ့ အဆက်အသွယ်ကို ခန့်မှန်းနေကြတယ်"
မုန့်ယွမ်ကလည်း လေသံတိုးတိုးနှင့် ရှစ်ရော့ကို ပြန်မေးလိုက်သည်
" ရော့ရော့ မင်းကို မေးမယ်... ထန်းလုပ်ငန်းစုရဲ့ အရည်အသွေးနိမ့်ကိစ္စက အမှန်လား အမှားလား"
“သေချာပေါက် အမှန်ပေါ့" ရှစ်ရော့က ပြောလာသည် " ပြောရရင် တရုတ်က လုပ်ငန်းစု တော်တော်များများက အရည်အသွေးမှာ အားနည်းတယ်လေ...လူစိတ်ဝင်စားမှုနည်းလို့ သတင်းမထုတ်ဖြစ်ပဲ ဖိနှိပ်ခံထားရတာလေ"
“ဟုတ်တယ်...ဒါကြောင့် ဥက္ကဌရွှယ်က တစ်ချို့လူတွေ ဖုံးဖိဖို့ ကြိုးစားနေတဲ့ အမှန်တရားကို လူသိရှင်ကြား ဖော်ထုတ်လိုက်တာလေး ပါပဲ..."
မုန့်ယွမ်က ထပ်မေးလာသည်
" ဒါဖြင့် ထန်းကျန့်ကျုံးက လာဘ်စားပြီး အခွန်ရှောင်တယ် ဆိုတာကရော အမှန်လား အမှားလား"
“အားလုံး အမှန်တွေပဲ...ကျွန်မလည်း အဲ့တာကို တစ်စွန်းတစ်စ ကြားဖူးတယ်...ထန်းရှောင်ခယ်က ယွီနျန့်ကို စပြီး ပစ်မှတ်ထားလာကတည်းက ဥက္ကဌရွှယ်က သူ့ကို စုံစမ်းနေတာ... ပြီးတော့ သက်သေတွေလည်း ရှိနေပြီလေ... အခွန်ရှောင်တာနဲ့ လာဘ်စားတာကလည်း အမှန်ပဲ...မဟုတ်ရင် ထန်းလုပ်ငန်းစုရဲ့ အရည်အချင်းနဲ့ဆို ဘယ်လိုလုပ်ပြီး အစစ်ဆေးခံရမှာလဲ"
မုန့်းယွမ်က ရှစ်ရော့ပုခုံးကို ပုတ်လိုက်ရင်း ပြောလာသည်
" အဲ့ဒီကိစ္စတွေအကုန်လုံးက အမှန်တွေပါပဲ... ဒါဆို ငါတို့မှာ သန့်ရှင်းတဲ့ အသိစိတ်ရှိတာပေါ့... အင်တာနက်သုံးစွဲသူတွေရဲ့ ခန့်မှန်းချက်တွေကတော့ သူတို့ဘာသာ ခန့်မှန်းကြပါစေ... လူတွေကို ကြောက်သွားစေမယ့် ရေခဲတောင်ကို ဖျတ်ခနဲ မြင်လိုက်ရတာပေါ့... ယွီနျန့်အလုပ်က မြင့်တက်နေတုန်းပဲ...သူက လူတွေမနာလိုပြီး ခါးသီးလာရအောင် ပါရမီရှိတယ် အလုပ်ကြိုးစားတယ်... သူတို့ကို သတိထားမိစေတာပေါ့...ဒါမှ အနာဂတ်မှာ ပြဿနာရှာတာ နည်းသွားမှာ"
ရှစ်ရော့က ခေါင်းညိမ့်ပြပြီး တစ်ခုခုကို သတိရသွားသလို ပြောလာသည်
" အစ်ကိုမုန့်... ကျွန်မ ဥက္ကဌရွှယ် အမိန်ပေးနေတာကို မတော်တဆ ကြားခဲ့တာ...ကြည့်ရတာ ထန်းလုပ်ငန်းစုက ဒီတစ်ခေါက်မှာ တကယ် ပျက်စီးတော့မယ့်ပုံပဲ...ထန်းရှောင်ခယ်က လက်တွေ့ဘဝက ဗီလိန်တစ်ယောက်လိုပဲ"
“အစစ်ပဲ...ဒီလို ပြဿနာရှာတဲ့ သားမျိုး ရှိတာ ထန်းကျန့်ကျုံးက အခုဆို နောင်တရနေလောက်ပြီ...ငါ ကြားတာ ထန်းရှောင်ခယ်က လူသတ်ရန် ကြံစည်မှုကြောင့် ပြင်းထန်တဲ့ လူထုထင်မြင်ချက်ကို ဖြစ်ပေါ်စေလို့ အချုပ်ထဲ ရောက်သွားပြီလို့ ကြားတာ...ဥက္ကဌရွှယ်ကလည်း ဖိအားပေးတာနဲ့ဆို သူက ပြင်းထန်တဲ့ အပြစ်ဒဏ် ခံရမှာပဲ... ထန်းကျန့်ကျုံးက အခုဆို အလွှမ်းမိုးခံရလို့ ရှေ့နေတောင် ငှားရမှာ မဟုတ်ဘူး"
မုန့်ယွမ်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်
" ငါ တစ်နေ့တော့ ဘုရားကျောင်းသွားပြီး ယွီနျန့် လုံခြုံမှုအတွက် ဆုတောင်းပေးရမယ်"
နောက်ဆုံး စစ်ဆေးချက် ရလဒ်ကို လက်ခံပြီးနောက် ယွီနျန်က ထွက်လာရာ မုန့်ယွမ်နှင့် ရှစ်ရော့က သူ့ကို ကြည့်နေမှန်း တွေ့လိုက်၍ အပြုံးလေးနှင့် ပြောလာသည် " ဆရာဝန်က ပြောတာ အားလုံး အဆင်ပြေတယ်တဲ့...ဒဏ်ရာကြောင့် နှစ်ရက်လောက် နားဖို့ လိုရုံလေးပါ"
မုန့်ယွမ်က စိတ်အေးသွားဟန် သက်ပြင်းချလိုက်ရင်း ပြောလာသည်
" အဲ့ဒါကောင်းတယ်...အဲ့ဒါ ကောင်းတယ်"
ရွှယ်ယုံက ယခင်နေ့ညကတည်းက ယွီနျန်နောက် လိုက်နေပြီး စစ်ဆေးရာတွင်လည်း သူနှင့်အတူရှိနေမှန်း သတိထားမိလိုက်သည်။ ယွီနျန်က ဆေးရုံအခန်းထဲ ရှိနေလျှင်ပင် ရွှယ်ယုံက သူ့ဘေးတွင် နေပြီး ရုံးအလုပ်အားလုံးကို ဆေးရုံသို့ သယ်လာခဲ့သည်။ ရွှယ်ယုံက သူ မျက်တောင်ခတ်လိုက်သည်နှင့် ယွီနျန်က ပျောက်ကွယ်သွားမလား စိုးရိမ်နေသလိုမျိုးပင်။
မုန့်ယွမ်က လိမ္မာပါးနပ်စွာ ပြောလာသည် " ငါကတော့ ရွှေထင်းရှူးဆုပေးပွဲရဲ့ ကော်ဇောနီပွဲကို အသေးစိတ် လေ့လာကြည့်ဖို့ လိုသေးတာပဲ...ငါ အရင်ဆုံး သွားပြီနော်"
ရှစ်ရော့က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မုန့်ယွမ်ထံမှ အကြည့်တစ်ချက်ကို ရရှိလိုက်သည်။ သူမက ပါးစပ်ပိတ်ပြီး နောက်ကလိုက်သွားလေသည်။
မုန့်ယွမ်နှင့် ရှစ်ရော့တို့ ထွက်သွားပြီးနောက် သက်တော်စောင့်များသာ ကျန်နေလျက် ယွီနျန်နှင့် ရွှယ်ယုံက မျက်နှာချင်းဆိုင် ကျန်ခဲ့ကြသည်။
ယွီနျန်က ပြုံးလိုက်ပြီး စကားဆိုလိုက်သည်
" ကျွန်တော့်ကို အိမ်ပြန်ပို့ပေးလို့ ရမလား"
ရွှယ်ယုံက ခေါင်းညိမ့်ပြလိုက်သည်
"သေချာတာပေါ့"
အိမ်ပြန်ရောက်သည်နှင့် ယွီနျန်က အရင်ဆုံး ရေချိုးလိုက်သည်။ ဆံပင်သုတ်ပြီး ထွက်လာသည့်အချိန် ရွှယ်ယုံက သူရေချိုးခန်း မဝင်ခင်ကအတိုင်း လုံးဝမရွေ့ပဲ ဆိုဖာပေါ် ထိုင်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ယွီနျန်က အာသမ်းလိုက်ရင်း ရွှယ်ယုံ့ မျက်လုံးအောက်တွင် အပြာရိပ်တို့ ရှိနေမှန်း တွေ့လိုက်ရသည်။ သူက မေးလာသည်
" မနေ့ညက ညဝက်လောက်ထိ နေခဲ့တာဆိုတော့ ခဏလောက် အတူတူ အိပ်ချင်လား"
ဤကိစ္စက ရွှယ်ယုံ့ရင်ထဲက ကိန်းအောင်းနေသော အကြောက်တရားကို အစပျိုးလိုက်မှန်း သူ သိသည်။ ရွှယ်ယုံက သူ မျက်တောင်ခတ်လိုက်သည်နှင့် ယွီနျန် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေခဲ့ဟန် ရှိသည်။ သူက ယခင်နေ့ညကလည်း ရွှယ်ယုံ့ကို ဤအတိုင်း မြင်ရသည်ကို သည်းမခံနိုင်၍ ရွှယ်ယုံ့ကို ချန်ထားပြီး သူတစ်ယောက်တည်း အိပ်ရာမဝင်ချင်ပေ။
ထိုစကားကြားပြီးနောက် ရွှယ်ယုံ့မျက်နှာက တဖြေးဖြေး ပြောင်းလဲလာသည် "...ယွီနျန်..မင်းက ကိုယ့်ကို မင်းနဲ့အတူ အိပ်စေချင်တာလား"
ယွီနျန်က တစ်ခုခုကို အာရုံမခံမိ၍ သဘောရိုးအတိုင်း ပြန်ဖြေလာသည် " ဟုတ်တယ်...အတူတူ အိပ်ရအောင်... ကျွန်တော့အိမ်မှာက အိပ်ရာတစ်ခုပဲ ရှိတာ...ဆိုဖာကလည်း ကျဥ်းလွန်းတယ် အိပ်ရတာ သက်တောင့်သက်တာ မရှိဘူး"
အကြောင်းမသိသည့် ယွီနျန်ကြောင့် ရွှယ်ယုံ့နားရွက်ဖျားများ ပူရှိန်းသွားရသည်။ သူက နှစ်စက္ကန့်မျှ တွန့်ဆုတ်နေပြီးနောက် ပြောလာသည်
" နျန်နျန်...ကိုယ်ကလည်း ....ဆန္ဒရှိပေမယ့် နေ့ခင်းမှာတော့ ပွင့်ပွင့်လင်းလင်း ရင်းနှီးလို့ မဖြစ်ဘူးလေ..."
“တစ်နေ့လုံး ကျွန်တော်တို့ ချစ်ချစ်ခင်ခင် မနေခဲ့ရဘူး... ဒါပေမယ့်"
ယွီနျန် တမင်တကာ စကားရပ်လိုက်သည်။ "ကျွန်တော်တို့ နမ်းလို့ရမလား"
ယွီနျန်၏ မေးခွန်းကို ကြားသောအခါ ရွှယ်ယုံ ပို၍ပင် တိတ်ဆိတ်သွားခဲ့လေသည်။
"ရတာပေါ့"
ယွီနျန်က နှုတ်ခမ်းလေးများကို တွန့်ကွေးလိုက်ပြီး မျက်လုံးလေးများ တောက်ပလာကာ ရှေ့ဆက်တိုးကြည့်လိုက်သည်။
"အိပ်ရာပေါ်မှာ နမ်းလို့ရမလား"
“အာ...”
ရွှယ်ယုံ၏ နားရွက်ထက်မှ နီရဲနေမှုများမှာ ပို၍ နက်ရှိုင်းလာလေတော့သည်။
ယွီနျန်က စိတ်ပျက်လက်ပျက် ဖြစ်သွားချင်ယောင်ဆောင်ရင်း ပြောလိုက်သည်။
"ကျွန်တော်တို့ နမ်းလို့ရတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"
ယွီနျန်ကို စိတ်မပျက်သွားစေချင်သည့် ရွှယ်ယုံမှာ အလောတကြီး ဝင်ပြောလိုက်သည်။
"အင်း... ကိုယ်တို့... အိပ်ရာပေါ်မှာ နမ်းလို့ရတယ်"
ရွှယ်ယုံက ယွီနျန် ဝယ်ထားသည့် အရောင်ဖျော့ဖျော့ ညဝတ်အင်္ကျီများကို လဲလှယ်ကာ အနောက်တိုင်း ဝတ်စုံများကို ဆက်မဝတ်ထားတော့သဖြင့် ပို၍ နူးညံ့သွားပုံပေါ်သည်။ ခပ်ရှုပ်ရှုပ် ဆံပင်လေးများက ဝဲကျနေပြီး နှဖူးနှင့် စူးရှထက်မြနေသော မျက်လုံးများကို အုပ်နေခဲ့သည်။ခြေဗလာဖြင့် ဖိနပ်ပါး စီးထားလေရာ ခြေချင်းဝတ်လေးများ ပေါ်ထွက်နေပြီး နှစ်ဆယ်ကျော်စ လူငယ်လေး တစ်ယောက်ဟု ပုံပေါ်သွားစေခဲ့သည်။
ရွှယ်ယုံ၏ အကြည့်များ သူ့ထံမှာသာ စွဲမြဲနေသည်ကို ခံစားလိုက်ရသောအခါ ယွီနျန်က အိပ်ရာပေါ် ဝင်ထိုင်လိုက်ပြီး ခေါင်းအုံးပျော့ပျော့လေးကို ပုတ်ကာ ပြုံးရယ်လျက် ဖိတ်ခေါ်လိုက်သည်။
"မတက်လာသေးဘူးလား"
ထိုမှသာ ရွှယ်ယုံ မျက်လွှာချလိုက်ပြီး ယွီနျန်၏ နံဘေး၌ ဝင်လှဲလိုက်ပါသော်လည်း မည်သည့် လှုပ်ရှားမှုမှ ပြုမလာခဲ့ပေ။
ယွီနျန်က ရွှယ်ယုံ၏ ရတတ်မအေး ဖြစ်နေပုံကို မသိဟန်ဆောင်ကာ ရွှယ်ယုံ၏ နှုတ်ခမ်းများကို ဖိကပ်၍ နမ်းလိုက်သည်။ ငါးစက္ကန့် ခြောက်စက္ကန့်မျှ တွယ်ယှက်နေကြပြီးနောက် သူ လွှတ်ပေးလိုက်သည်။
"ရပြီ... အိပ်ကြရအောင်"
ယွီနျန်၏ စကားများကို ကြားလိုက်ရသောအခါ ရွှယ်ယုံ သတိလက်လွတ်ဖြစ်သွားပြီး မေးလာသည်။
"ကိုယ်တို့ နမ်းကြမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား" အသံအနေအထားတွင်လည်း စိတ်ပျက်ခြင်းတို့က သိသာထင်ရှားနေ၏။
ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး စောင်ကို ဆွဲယူလိုက်သည်။
"အမ်... ကျွန်တော်တို့ နမ်းကြပြီးပြီလေ... အခု အိပ်ဖို့အချိန်ပဲ"
ပြီးနောက် ယွီနျန် မျက်လုံးများ မှိတ်ထားလိုက်လေသည်။
တစ်ခဏအကြာ သူ့ဘေးမှ ရုတ်တရက် လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်။ ရွှယ်ယုံက အနီးအနားသို့ ကိုင်းညွှတ်လာခဲ့ပြီး သူ့နှုတ်ခမ်းများကို ယွီနျန်၏ နှုတ်ခမ်းများထံ ဖိကပ်လိုက်သည်။ ခပ်ဖွဖွလေးထိခတ်ရုံမျှဖြင့် ရပ်မသွားနိုင်သေးဘဲ ထိုအစား လျှာဖြင့် ထိုးမွှေကာ သွားအကြား အဟနေရာလေးကို လမ်းကြောင်းရှာလိုက်ပြီး အနမ်းများကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်။
သူတို့၏ အသက်ရှူသံများ ပိုမိုမြန်ဆန်လာခဲ့ပြီး ရွှယ်ယုံက ယွီနျန်၏ လျှာကို သူ့လျှာဖြင့် ဆွဲယူကာ ယွီနျန်၏ နှုတ်ခမ်းဖျားထက်မှ ပင့်သက်ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာစေသည်။
ရုတ်တရက် ရွှယ်ယုံက နှုတ်ခမ်းများနှင့် လျှာကို ခွာထုတ်လိုက်ပြီး ယွီနျန်၏ နှာခေါင်းလေးထက်၌ အနမ်းဖွဖွ ပေးလိုက်သည်။ ထို့နောက် သူလှဲချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ပြောလိုက်လေသည်။
"နမ်းပြီးသွားပြီ... အိပ်ဖို့အချိန်ပဲ"
မလှုပ်မယှက်ပါပင်...
ယွီနျန်၏ နှုတ်ခမ်းများမှာ စိုစွတ်မှုတို့ တစွန်းတစ်စ စွန်းထင်းနေပြီး ၎င်းကို ကြားသောအခါ ခေါင်းအုံးကို ပါးလေးဖြင့် ပွတ်၍ အိပ်ရာပေါ်တွင် အသေအချာ အိပ်နေသည့် ရွှယ်ယုံကို ကြည့်လိုက်မိသည်။ တဖြည်းဖြည်းဖြင့် စောင်အောက်မှ သူ့ခြေထောက်များကို ဆန့်ကာ ရွှယ်ယုံ၏ ခပ်မာမာ ပေါင်လုံးများကို ဖွဖွလေး ပွတ်သပ်လိုသည်။
ရွှယ်ယုံက မျက်လုံးများကို တင်းတင်းပိတ်ထားဆဲ ဖြစ်သော်လည်း အသက်ရှူသံများကတော့ ပြောင်းလဲသွားလေသည်။
တစ်ခဏအကြာ ရွှယ်ယုံ၏ မျက်လုံးများ ပွင့်လာပြီး ယွီနျန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ယွီနျန်၏ ခြေထောက်များကိုလည်း သူ့ခြေထောက်များအကြား ညှပ်ထားလိုက်သည်။ သူက ယွီနျန်၏ နားရွက်လေးများကို ခပ်ဖွဖွ ကိုက်လိုက်ပြီး အက်ရှနေသော အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"နျန်နျန် မစနဲ့တော့"
ယွီနျန်က ရွှယ်ယုံ၏ မေးဖျားကို တိုးဝှေ့ပွတ်သပ်ကာ ရွှင်ရွှင်မြူးမြူး ပြုံးပြလိုက်လေသည်။
"အမ်... အိပ်ကြရအောင်လေ"
ယွီနျန်မှာ ငိုက်မြည်းမှုက အသာစီးရသွားသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ရွှယ်ယုံထွက်သွားသည့်အချိန်ကို ခပ်ရေးရေးသာ သိလိုက်ရသည်။ သူ့နှဖူးကို ဖိထားလိုက်ရင်း အနွေးဓါတ်ဖျော့ဖျော့ကို ခံစားနေရသေးသည်။
သူလုပ်ရမည့် ကိစ္စများအကြောင်း အတွေးများကို စုစည်းပြီးနောက် ယွီနျန် ပျင်းတိပျင်းရွဲ အကြောဆန့်ကာ ဖိနပ်ပါး စီးလိုက်ရင်း သီချင်းရေးရန်အတွက် စာကြည့်ခန်းထဲသို့ သွားလေတော့သည်။ ဝေ့ပေါ် ဖွင့်ကြည့်လိုက်သောအခါ "ရှေးဟောင်းလမ်းမ" ဒရာမာတွင် သူပါဝင်သရုပ်ဆောင်ခဲ့သည့် ကုရွှမ်းနင်က ဟုမ်းပေချ့်တွင် ပေါ်နေသည်။
သိပ်မကြာခင် မုန့်ယွမ် ဖုန်းခေါ်လာခဲ့သည်။ "ရွှေထင်းရှူးဆုပေးပွဲ လာတော့မယ် .. 'ရှေးဟောင်းလမ်းမ'ရဲ့ ပရိုမိုးရှင်းတွေလည်း စနေပြီ... သဘက်ခါကျရင် အင်တာဗျူးတစ်ခုမှာ မင်းပါဖို့အတွက် သူတို့ ဆက်သွယ်လာတယ်... ငါမင်းအတွက် အချိန်စီစဥ်ပြီးပြီ"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "ပြဿနာ မရှိပါဘူး"
ယွီနျန်၏ အားအင်တက်ကြွနေသောအသံကို ကြားသောအခါ မုန့်ယွမ် မေးလိုက်သည်။
"ကောင်းကောင်း အနားယူခဲ့ရဲ့လား"
“ဟုတ်... ကျွန်တော် ရွှယ်ယုံနဲ့အတူတူ တစ်ရေးအိပ်ခဲ့သေးတယ်... ဒါပေမယ့် သူက လုပ်စရာကိစ္စအချို့ရှိလို့ အကြာကြီး အိပ်မသွားဘူး... ကျွန်တော် ညနေအထိ အိပ်ခဲ့တာ"
ယွီနျန်မှာ အပြုံးရေးရေးဖြင့် ပြောနေပြီး လက်ထဲမှ ဘောပင်ကို လှည့်လိုက်သေးသည်။
"စကားမစပ်... ကျွန်တော် singleသီချင်းအတွက် သီချင်းစာသား ရေးပြီးသွားပြီ"
“ဒီလောက် မြန်တယ်လား" မုန့်ယွမ် အံ့အားသင့်သွားလေသည်။
"ဘာတွေများ စားထားလို့ ဒီလောက်မြန်မြန် ဖွံ့ဖြိုးသွားရတာလဲ... မင်စားတာလား"
“မင် စားတာက မဖွံ့ဖြိုးစေဘူးလေ"
ယွီနျန် ဟာသလုပ်လိုက်သည်။
"ကုမ္ပဏီက ဂျူလိုင် ဒါမှမဟုတ် သြဂုတ်လောက်မှာ သီချင်းကို တရားဝင် ထုတ်လွှင်ဖို့ ပြောထားတာလေ... ဒီတစ်ခေါက် ကျွန်တော် ပိုပြီး ခံစားချက်တွေ လန်းဆန်းသွားစေပြီးတော့ ပရိုမိုးရှင်းနဲ့ စတိုင်အားလုံးကို သင့်လျော်သလို တန်းညှိပေးစေနိုင်မဲ့ သီချင်းရေးဖို့ စီစဥ်ထားတယ်... အစ်ကိုမုန့်ရော... ဘယ်လိုထင်လဲ"
“မင်းက သီချင်းစတိုင်ကို ဆုံးဖြတ်လိုက်ပြီးပြီပဲ... ငါဝင်မရှုပ်တော့ဘူး... ဒါနဲ့ လွန်ခဲ့တဲ့နှစ်ရက်က ငါ ကျိုးမင်နဲ့ တွေ့တော့ မင်းရဲ့ singleအသစ်အတွက် တေးထုတ်လုပ်သူ လိုသေးလား မေးနေတယ်"
မုန့်ယွမ် ထပ်ပေါင်းပြောလိုက်သည်။
"မင်းရဲ့ EP 'ကျော့ရှင်းသော'က အောင်မြင်မှု အကြီးကြီး ရခဲ့တော့ ကျိုးမင်ကလည်း ပရိုဂျူဆာအနေနဲ့ လိုက်ပြီး အရှိန်တက်လာတော့တာပေါ့... ဒုတိယအကြိမ် ပူးပေါင်းဖို့ အခွင့်အရေးသာ ရှိရင် သူလည်း သေချာပေါက် ဖမ်းဆုပ်ချင်မှာပဲလေ"
ယွီနျန်က စိတ်ထဲတွင် အစီအစဥ်ချပြီးသား ဖြစ်ပြီး လက်ထဲမှ ဘောပင်ကို ကျွမ်းကျွမ်းကျင်ကျင် လှည့်နေသည်။
"အစ်ကိုမုန့်... ဒီတစ်ခါတော့ ဆရာကျိုးကို ဒုက္ခမပေးချင်တော့ဘူး... ဒီ singleအတွက် ကိုယ့်ဘာသာကိုယ်ပဲ ထုတ်လိုက်ပြီးတော့ ပိုက်ဆံချွေတာချင်တယ်... အစ်ကိုလည်း သိတဲ့အတိုင်းပဲလေ"
မုန့်ယွမ် ရယ်မောလိုက်သည်။
"ဟုတ်ပြီလေ... ဒါဆိုလည်း မင်းကိုယ်တိုင်ပဲ ပရိုဂျူဆာ ရာထူး ယူလိုက်ပေါ့"
"ကောင်းပါပြီ" ယွီနျန် ဆက်ပြောလိုက်သည်။ "စကားစပ်... ကျွန်တော်... ဒီတစ်ခေါက် သီချင်းမှာ ရှေးဟောင်းတူရိယာတွေပါ တွဲဖက်အနေနဲ့ ထည့်ဖို့လုပ်ထားတယ်"
မုန့်ယွမ်မှာ ယွီနျန်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့သည်။
"တစ်ခုခုကို ကြော်ငြာပေးဖို့ သီချင်းကို သုံးချင်နေတာလား"
ယွီနျန်ကလည်း ဖုံးကွယ်မထားပေ။ "ဟုတ်တယ်... အခု ကျွန်တော့်မှာ လူသိများတဲ့ အဆင့်တစ်ခုလောက်ထိ ရောက်နေပြီဆိုတော့ ဒီလူသိများမှုကို သုံးပြီး အိုင်ဒီယာအချို့ ဖြန့်ဖြူးဖို့ သုံးနိုင်မလားလို့ တွေးမိတယ်"
“မင်း သိပ်မကြာခင်က နျင်းချန် ပြတိုက်ရဲ့ သံတမန်ရာထူးကို လက်ခံတဲ့ အချိန်တုန်းကလိုမျိုးလား"
မုန့်ယွမ် တွေးတောကြည့်မိသည်။
"ငါ့မှာ ကန့်ကွက်စရာ မရှိဘူး... ပြီးရင် အချက်အလက်တွေ ပို့လိုက်... ဒီရှုထောင့်ကို ထည့်ပေးဖို့အတွက် လူထုဆက်ဆံရေးအဖွဲ့ကို ပြောလိုက်မယ်"
“ကျေးဇူးပါ အစ်ကိုမုန့်”
မုန့်ယွမ်က တစ်ခုခုကို သတိရမိသွားသဖြင့် သူ့ကို သတိပေးလိုက်သည်
။
"ဒီရက်တွေထဲ ကောင်းကောင်း အနားယူလိုက်အုံး... ညနက်တဲ့အထိ နေမနေနဲ့... ရွှေထင်းရှူးပွဲအတွက် ကော်ဇောနီ လျှောက်ရင် ပုံထွက်ကောင်းဖို့ လိုတယ်နော်"
ယွီနျန် သဘောတူလိုက်သည်။
"သိပါပြီ... ညနက်တဲ့အထိ မနေတော့ဘူး"