အပိုင်း ၁၀၅
Viewers 16k

Chapter 105

နင့်ကို လက်တစ်ဖက်တည်းနဲ့ နံရံမှာ ဖိထားပြီး နမ်းနိုင်တဲ့သူ



19ရက်နေ့တွင် ရွှေထင်းရှူး ဆုပေးပွဲကျင်းပသည့်အချိန်၌ မုန့်ယွမ်က ယွီနျန်ကို အထက်အောက် အစုန်အဆန် သေချာကြည့်လိုက်ပြီးနောက် စိတ်ကျေနပ်သွားသည်။ 


"အသားအရည်နဲ့ အခြေအနေတွေ အားလုံး ကောင်းလွန်းလို့ တည်းဖြတ်မထားတဲ့ပုံတွေ တင်ရင်တောင် ဘယ်သူမှ အမှားရှာတွေ့မှာ မဟုတ်ဘူး"


ယွီနျန်က သူ့မျက်နှာကို လက်ချောင်းလေးများဖြင့် တတောက်တောက် ခေါက်လိုက်သည်။


 "ကျွန်တော့်မမက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သူ့လက်ထောက်ကနေတဆင့် မျက်နှာကပ်တဲ့ mask ဘူးအကြီးကြီး တစ်ဘူး ပို့ပေးလာတယ်... ပြီးတော့ သေသေချာချာ သုံးရမယ်လို့လည်း ပြောလိုက်သေးတယ်"


ရှစ်ရော့ကလည်း သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ "နျန်နျန်... ဘယ်လို maskမျိုးတွေလဲ... မင်း သုံးခဲ့သေးလား... အကျိုးသက်ရောက်မှု ရှိရဲ့လား"


ယွီနျန်က ငြိမ်သက်သွားသည့် အမူအယာဖြင့် ပြုံးလိုက်သည်။


 "ကျွန်တော် အဲ့ဘူးကို ဖွင့်တောင် မဖွင့်ရသေးဘူး... ဒါပေမယ့် ကျွန်တော့်အစ်မ သိသွားလို့ မဖြစ်ဘူးလေ... သူ ပေါက်ကွဲထွက်သွားလိမ့်မယ်"


ရှစ်ရော့က သူမ၏ နှုတ်ခမ်းလေးကို အုပ်၍ တီးတိုးရယ်မောလိုက်သည်။ 


"ကောင်းပြီလေ... လျှို့ဝှက်ချက်အနေနဲ့ ထားလိုက်ကြတာပေါ့"


အချိန်ရောက်လာသောအခါ ယွီနျန်က "ရှေးဟောင်းလမ်းမ"၏ သရုပ်ဆောင်များ အဖွဲ့သားများနှင့်အတူ ပြန်လည် ဆုံတွေ့လိုက်ရသည်။ 


နှုတ်ဆက်စကားများ ဖလှယ်ကြပြီးနောက် သူမ၏ ကောက်ကြောင်းကို ပေါ်လွင်စေသည့် တန်ဖိုးကြီးဖက်ရှင် ပွဲတက်ဝတ်စုံကို ဝတ်ထားသော ယွီချင်းက ယွီနျန်ရှေ့တွင် လာရပ်လေသည်။ အနက်ရောင် ဝတ်စုံ၊ အကန့်အသတ်ထုတ် အနက်ရောင်နှင့် ရွှေရောင် လက်ကိုင်အိတ်၊ နီနီရဲရဲ နှုတ်ခမ်း၊ မျက်စိကျိန်းလောက်ဖွယ် အပြုံးတို့က သူမကို လုံးဝ ညှိယူဖမ်းစားနိုင်စွမ်း ရှိသွားစေသည်။ 


ယွီနျန်၏ အသားအရည် အခြေအနေကို အသေအချာ အကဲဖြတ်ပြီးနောက် ယွီချင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်လေသည်။ 


"ကြည့်ရတာ maskတွေက အကျိုးရှိပုံပဲ... နင့်အသားအရည်က ငါ့ထက်တောင် ကောင်းနေသေးတယ်"


ယွီနျန်က နာနာခံခံဖြင့် ပြန်ဖြေလိုက်လေသည်။


 "ဒါဆိုရင် မမရဲ့ အမြင်ကောင်းပုံကိုပဲ ချီးကျူးရမှာပေါ့"


“ဒါပေါ့” ယွီချင်းက သူမ၏ မေးသွယ်သွယ်လေးကို မော့၍ မေးလိုက်သည်။


 "နင့်ခြေထောက် ဒဏ်ရာ သက်သာသွားပြီလား"


"အနာဖေးတောင် တက်နေပြီ... လမ်းလျှောက်ရင်တောက် ဘာမှ မခံစားရဘူး"


ယွီနျန်က စိတ်သက်သာရာရသွားပြီး တစ်စုံတစ်ခုကို အမှတ်ရမိသည့်အခါ သူမ၏ အသံကို တိုးချလိုက်သည်။ 


"ဒါပေမယ့် နင့်ကို နောက်ကွယ်ကနေ ကူညီပေးနေတာ ဘယ်သူလဲ... ဒီတစ်ခေါက် ထန်းရှီ အိမ်ခြံမြေ တော်တော်လေး ထိသွားတာ... အချိန်တိုအတွင်း ပြန်ပြီး နလန်ထူနိုင်ဦးမှာ မဟုတ်ဘူး... ငါ့အဖေတောင် မေးနေတယ်... ဒီကိစ္စကို လုပ်တဲ့သူက လွတ်လမ်းတောင် ချန်မပေးထားဘူးတဲ့... ထန်းကျန့်ကျုံးက အခုထိ ခြေချုပ်ကျနေတုန်းပဲ... ထန်းရှောင်ခယ်ကလည်း မလွဲမသွေ ပြစ်ဒဏ်ကြီးကြီး ခံရမှာ... အကူအညီတောင်းစရာ အဆက်အသွယ် တစ်ခုမှ မရှိဘူး... ဒါကြောင့်မို့ နင်ငါ့ကို တစ်ခုခု ဖုံးကွယ်ထားသေးလား"


ယွီနျန်မှာ မည်သည်ကိုမှ ဖုံးကွယ်မထားပေ။ 


"မမ... ပွဲပြီးရင် အတူတူထွက်ကြရအောင်လေ"


ဤနေရာတွင် စကားပြောရန် မသင့်တော်ကြောင်း သိနေသဖြင့် ယွီချင်းက ဆက်ပြီး ဖိအားမပေးတော့ပေ။ "ကောင်းပြီလေ"


ရွှေထင်းရှူး ဆုပေးပွဲကို မေလနှောင်းပိုင်းတွင် ကျင်းပခဲ့ပြီး ရာသီဥတုကလည်း အတော်လေး သာယာသည်။ အမျိုးသမီး အနုပညာရှင်များ ဝတ်ထားသည့် များစွာသော အရောင်အသွေးစုံဝတ်စုံများနှင့် ယှဥ်ရလျှင် အမျိုးသား အနုပညာရှင်များက ပေါ်လွင်မှု နည်းလေသည်။


 သို့သော်လည်း ယွီနျန်က ဟာဆီ၏ နွေဦးနှင့် နွေရာသီ တန်ဖိုးမြင့် ဝတ်စုံ ဖြစ်သည့် တင်ပါးထိ အုပ်နေသည့် မီးခိုးရောင်ရင့်ရင့် ပေါ့ပေါ့ပါးပါး ကုတ်အရှည်၊ စွပ်ကျယ်အင်္ကျီနှင့် ရှပ်အင်္ကျီဖြူကို အထဲတွင် လည်စီးတပ်ထားပြီး အနက်ရောင် ဘွတ်ဖိနပ်တိုများဖြင့် အထက်တန်းစား ခေတ်ဟောင်းဗြိတိန်စတိုင်ကို ပြသထားလေကာ လုံးဝ မျက်စိဖမ်းစားဖွယ် ဖြစ်နေသည်။ သူ၏ မိုးထိ ကျော်ကြားနေမှုကို ထပ်ပေါင်းရသော် ကင်မရာများစွာက သူ့ထံမှာသာ ထိုးချိန်လာကြသည်။ 


ပွဲကျင်းပရာခန်းမထဲတွင် ပွဲစီစဥ်သူများက "ရှေးဟောင်းလမ်းမ" အဖွဲ့သားများအတွက် ခုံများကို အတူနေရာချပေးသည်။ ယွီနျန်က ဘယ်ဘက်တွင် ယွီချင်းဘေးမှ ထိုင်ကာ ညာဘက်တွင် "ရှေးဟောင်းလမ်းမ"၏ ဇာတ်ပို့မင်းသမီး ဖြစ်သည့် ဝမ်နင်းရွှယ် ရှိနေသည်။ ယွီနျန်က သရုပ်ဆောင်များနှင့် များစွာ အချိန်မဖြုန်းခဲ့ရသဖြင့် ဝမ်နင်းရွှယ်နှင့် အဆက်အဆံ သိပ်မရှိပေ။ သူတို့၏ မျက်လုံးများ ဆုံတွေ့သွားချိန်၌ အချင်းချင်းသာ တလေးတစား ခေါင်းငြိမ့်ပြလိုက်ကြသည်။ 


ယွီချင်းက သူမ၏ ဝတ်စုံကို ပြန်ပြင်လိုက်ပြီး ယွီနျန်ကို အသံတိုးတိုးဖြင့် စကားပြောနေသည်။ 


“ဒီတစ်ခေါက် နင်က အကောင်းဆုံး ဇာတ်ပို့ဆု ဆန်ကာတင်ထားတာလေ... ဘယ်သူသိမှာလဲ... နင့်ရဲ့ ပိတ်ကားပေါ် ပထမဆုံး ပေါ်လာတဲ့ အခေါက်က ဆုတစ်ဆုတောင် ရနိုင်သေးတယ်"


ယွီနျန်က သိုသိုသိပ်သိပ် ရှိနေဆဲ။ 


"အစ်ကိုမုန့်နဲ့ ကျွန်တော် နှစ်ယောက်လုံးက ကျန်းလို သဘောထားရှိတယ်လေ... ဆုရရမရရ ကိစ္စမရှိပါဘူး... အရေးကြီးတာက ပါဝင်ရဖို့ပဲ"


ယွီချင်းကလည်း တွေးဆဆဖြင့် ပြောလိုက်လေသည်။ "ငါ ရှာကြည့်ထားသေးတယ်... နင်နဲ့ အချိန်တူတူလောက်မှာ စခဲ့ကြတဲ့ သရုပ်ဆောင်အသစ်တွေထဲမှာ ဘယ်သူကမှ နင်နဲ့ မယှဥ်နိုင်ကြဘူး... သရုပ်ဆောင် အရည်အချင်းလည်း များများစားစား အတွေ့အကြုံ မရှိသေးတော့ သူတို့ရဲ့ ကျော်ကြားမှုတွေပေါ်မှာပဲ မှီခိုနေကြရတာ... သရုပ်ဆောင်တာကလည်း တောင့်တင်းနေတာပဲ... ဒါရိုက်တာတွေကလည်း အမြင်မရှိဘဲ ရိုက်နေကြတာ...” 


သူမက ဆက်ပြောသည်။ 

"နင့်သရုပ်ဆောင်မှုကတော့ စကေးတွေ နည်းနည်း လိုသေးပေမယ့် ကင်မရာရှေ့မှာ ကောင်းကောင်း ပုံဖော်နိုင်ပြီးတော့ ကြိုးစားချင်စိတ်လည်း ရှိတယ်...နင်က ဒီအပေါ်မှာ နှလုံးသားတစ်ခုလုံးနဲ့ အားထုတ်ကြိုးပမ်းမှုတွေ ထည့်ထားခဲ့တာ... သာမန်လူတစ်စုကြားထဲမှ ထူးချွန်တဲ့ ပါရမီ ရှိနေတာကတင် ဆုရဖို့ လုံလောက်နေပြီ" 


တစ်ဖက်မှ ဖုန်းသုံးနေသည့် ဒါရိုက်တာရှုရှန့်လန်ကလည်း ဝင်ပြောလာခဲ့သည်။


 "နျန်နျန်... ငါတို့လောင်းကြေးထပ်ကြရင်ရော... ဒီတစ်ခေါက် မျက်နှာသစ် သရုပ်ဆောင်ဆုရရင် နောက်လာမဲ့ ငါ့ရဲ့ ရုပ်ရှင်အတွက် ပရိုမိုးရှင်းသီချင်းရော အဓိကသီချင်းရော နှစ်ခုလုံးအတွက် မင်းတာဝန်ယူပေးရမယ်"


၎င်းကို ကြားသောအခါ ယွီနျန်က ငြင်းဆန်မနေဘဲ ပြုံးပြလိုက်သည်။


 "ဟုတ်ပါပြီ... အခု ကျွန်တော် တကယ်ပဲ ဆုရဖို့ မျှော်လင့်နေပြီ"


ရှုရှန့်လန်က သူ့အဖြေကို အားရပါးရ ရယ်မောလေတော့သည်။


ရွှေထင်းရှူးဆုပေးပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လူအုပ်ကြီးမှာ စတင်ကတည်းကပင် တဖြည်းဖြည်း လှိမ့်ဝင်လာကြသည်။


Screenထက်၌ "ရှေးဟောင်းလမ်းမ"၏ ပြကွက်တိုလေး ပြသလာပြီး မျက်နှာသစ်သရုပ်ဆောင်ဆုကို ကြေညာသောအခါ ယွီနျန်၏ နာမည်က လူအုပ်ကြီးကို ပေါက်ကွဲထွက်သွားစေသည်။


[အာ... လုပ်လိုက်စမ်း နျန်နျန်ရေ.... သူ ဆုရတော့မှာ... နျန်နျန် ရသွားရင် အသားကို တစ်ပတ်လောက် မစားဘဲ နေလိုက်မယ်]


[ငါလည်း အစပ်ချောင်း ကားစင်းလုံးပြည့် လောင်းကြေးထပ်မယ်... ဒီဆုက သေချာပေါက် နျန်နျန်အတွက်ပဲ... သူအိတ်ကပ်ထဲထည့်ပြီး ပြန်ယူသွားနိူင်တော့မှာ]


[တချို့လူတွေက အရေထူလိုက်ကြတာ... အဲ့ဒီယွီနျန်က သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းလောက်နဲ့ ရွှေထင်းရှူးဆုရမယ်လို့ ထင်နေကြတာလား...ရွှေထင်းရှူး ဆုပေးပွဲက သူတို့မိသားစုက လုပ်တယ်များ ထင်နေလား]


[သေချာပေါက် နျန်ကော်လေးပါ... သရုပ်ဆောင်သစ်ဆုကတော့ နျန်နျန်ပဲ ဖြစ်လောက်မယ်... 'အရှေ့ပိုင်းမြို့တော်က ကုရွှမ်းနင်'ဆိုတဲ့ GIFက အရမ်းမိုက်ချက်ပဲ... ငါအကြိမ်တစ်ထောင်လောက် ကြည့်ပြီးတော့ အကြိမ်တိုင်း အံ့သြမိနေတုန်းပဲ]


ဆုပေးပွဲတွင် ယွီနျန်ကလည်း screenထက်ကို မမှိတ်မသုန် ကြည့်နေခဲ့သည်။ စင်မြင့်ပေါ်မှ တင်ဆက်သူ နှစ်ယောက်က ပေါ့ပေါ့ပါးပါး စကားပြောနေကြပြီး ယွီချင်းကလည်း သူမ၏ လက်ကိုင်အိတ်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်ထားမိလေသည်။ 


"ဘာလို့ အခုထိ ရလဒ်ကို မကြေညာရသေးတာလဲ"


“35ကြိမ်မြောက် ရွှေထင်းရှူးဆုပေးပွဲအတွက် သရုပ်ဆောင်သစ်ဆု ရရှိသူကို ကြေညာပေးပါ့မယ်... 'ရှေးဟောင်းလမ်းမ'ရဲ့ ယွီနျန်ပါ..." 


သူ့နာမည်ကို ကြားသောအခါ ယွီနျန် အနည်းငယ် အံ့အားသင့်သွားပြီး ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ပေ။ သူ အမှန်တကယ်ပင် ဆုရသွားခဲ့လေပြီ။


ယွီနျန် အသိပြန်ဝင်လာသောအခါ ထရပ်လိုက်ပြီး ရှုရှန့်လန်ကို ယဥ်ယဥ်ကျေးကျေး လက်ဆွဲနှုတ်ဆက်ကာ ယွီချင်းကို ဖက်လိုက်သည်။ သူတို့ဘေးမှ ဝမ်နင်းရွှယ်ကလည်း ထရပ်လာပြီး ယွီနျန်ကို ဖက်ရန် ပြင်သည်။ သို့သော်လည်း ယွီနျန်က လျင်လျင်မြန်မြန်ဖြင့် ပြုံးပြကာ ဝမ်နင်းရွှယ်၏ လက်အိတ်ဝတ်ထားသော လက်များကို ရင်းနှီးသော အမူအယာဖြင့် ဆွဲ၍ ရင်းနှီးကျွမ်းဝင်သည့် အပြုအမူများမှ ကာကွယ်လိုက်သည်။ 


ယွီနျန် လက်ထဲတွင် ဆုကိုင်လျက် စင်ပေါ်မှ ဆင်းလာသောအခါ ယွီချင်းကလည်း အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ယူရန် လာနေခဲ့သည်။ သိပ်မကြာခင် သူမလည်း ထိုင်ခုံရှိရာ ပြန်လာခဲ့ပြီး အသေးစိတ်အချက်အလက်များကို ယခုလေးတင် သတိပြုမိသွားပုံပေါ်သည်။ သူမက ယွီနျန်၏ နံဘေးသို့ ကိုင်းညွှတ်လိုက်သည်။


 "ဂရုစိုက်နော်... ထပ်လာဦးမှာ... နျန်နျန် နင့်ရဲ့ ရိုးသားဖြောင့်မတ်တဲ့ ပုံရိပ်ကို ဆက်ထိန်းထား"


သူမ၏ ရိုးသားဖြောင့်မတ်တဲ့ ပုံရိပ်ဟူသော စကားကို ရယ်ချင်သွားရသဖြင့် ယွီနျန် လှည့်မကြည့်ဘဲ နူးနူးညံ့ညံ့ ပြန်ဖြေလိုက်သည်။


 "အိုကေ" 


အကောင်းဆုံး တည်းဖြတ်ဆု ကြေညာပြီးသွားသောအခါ လုပ်သက်ရင့် အနုပညာရှင်ကြီးများမှာ အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ကြေညာရန်အတွက် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခံခဲ့ရသည်။


ယွီနျန် မတ်မတ် ထိုင်လိုက်ပြီး အလေးအနက် ဖြစ်နေပုံလည်း ပေါ်နေသည်။ မျက်နှာသစ် သရုပ်ဆောင်ဆုနှင့် နှိုင်းယှဥ်ရလျှင် ဤဆုမှာ ပိုကြီးသဖြင့် သူနှင့် မုန့်ယွမ်တို့ မျက်စိဒေါက်ထောက်ကြည့်ထားခဲ့ရသည်သာ။ 


Screenထက်၌ ဆန်ကာတင်စာရင်းကို တစ်ခုပြီး တစ်ခု ပြသနေပြီးနောက် ပွဲကျင်းပရာခန်းမထဲမှ ကင်မရာများက ယွီနျန်နှင့် အခြားသော တေးရေးဆရာ တေးဂီတဖန်တီးသူ လေးယောက်တို့၏ မျက်နှာကို ချိန်ရွယ်လာခဲ့ပြီး ဖန်သားပြင်ထက် ပြသလာသည်။ 


“…35ကြိမ်မြောက် ရွှေထင်းရှူးဆုရဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆု ရရှိသူကတော့... စီနျင်း... ဂုဏ်ယူပါတယ်"


တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုမှ လူအုပ်ကြီးကလည်း ထပ်ပြီး ပေါက်ကွဲထွက်သွားပြန်သည်။


[ဝိုး... သူကတော့ တစ်ခါတည်းနဲ့ နှစ်ဆုရသွားပြီ... တစ်ခုက သရုပ်ဆောင်အနေနဲ့ တစ်ခုက တေးဂီတဖန်တီးသူအနေနဲ့... ငါ့အမေက ငါဘာလို့ live stream ကြည့်ရင်း ဒူးထောက်နေတာလဲလို့ မေးနေပြီ]


[အား... စီနျင်းရေ... ဘာလို့ နျန်နျန်က ဒီလောက် အံ့သြဖို့ကောင်းနေရတာလဲ... ငါဂုဏ်ပြုပွဲလုပ်ဖို့ ကိတ်သွားဝယ်တော့မယ်... ပြီးတော့ ငါပြောပါရစေ... နျန်နျန်ရဲ့ မျက်နှာကို ဖန်သားပြင်ထက် ထိုးပြလိုက်တာတောင် ပြောင်မွတ်နေတာပဲဟေ့ာ.. သူက အရမ်းချောမောနေတာပဲ]


[ဟားဟားဟား... ဒီဆုပေးပွဲကြောင့်သာ မဟုတ်ခဲ့ရင် ယွီချင်းဆိုထားတဲ့ 'ရှေးဟောင်းလမ်းမ'ရဲ့ ဇာတ်ဝင်တေးက နျန်နျန် ရေးထားမှန်းတောင် မှတ်မိမှာ မဟုတ်ဘူး... ဒီမောင်နှမနှစ်ယောက်ကတော့ အံ့လောက်ဖွယ်ရာပါပဲ]


သူ့နာမည်ကို ကြားသောအခါ ယွီနျန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး မျက်နှာထက်၌ အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူ ထိုင်ခုံမှ ထရပ်လိုက်ပြီး ဘေးနားမှ လူများကလည်း ဂုဏ်ပြုပေးလာခဲ့ကြသည်။ 


ထိုအခိုက် သူ့ဘေးတွင် ထိုင်နေသည့် ဝမ်နင်းရွှယ်လည်း ထရပ်လာသည်။ သို့သော်လည်း သူမက ဟန်ချက်မထိန်းနိုင်ဘဲ ယိုင်သွားကာ ယွီနျန်၏ ရင်ခွင်ထဲသို့ လဲကျသွားတော့မည့်ပုံ ဖြစ်သွားသည်။


ချက်ချင်းဆိုသလို ယွီနျန်က ဖျတ်ဖျတ်လတ်လတ်ဖြင့် ဘေးသို့ တစ်လှမ်းဆုတ်လိုက်ပြီး သူ့ဘေးတွင် ထိုင်နေသည့် ယွီချင်းက သူမ၏ လက်ကို မြှောက်၍ ဝမ်နင်းရွှယ်၏ လက်မောင်းကို ထိန်းကိုင်ပေးလိုက်သည်။


ယွီချင်းက သူမ၏ နီရဲရဲ နှုတ်ခမ်းလေးများကို ပင့်ကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။


 "ဖိနပ်တွေက သက်တောင့်သက်သာ မရှိရင် နောက်တစ်စုံ လဲလိုက်လေ" 


ဝမ်နင်းရွှယ်၏ အပြုံးက အနည်းငယ် တောင့်တင်းသွားလေသည်။


ပရိတ်သတ်ထဲမှ မည်သူကမှ ထိုအချင်းအရာကို သတိမပြုမိလိုက်ကြဘဲ ယွီနျန်က ကုတ်အင်္ကျီကို ဆွဲဆန့်၍ ဆုလက်ခံရန် စင်ပေါ်သို့ တက်သွားသည်ကိုသာကြည့်နေကြလေသည်။ 


ယွီချင်း၏ သတိပေးမှုကြောင့် ဖြစ်မည်။ ဝမ်နင်းရွှယ်က ဆုပေးပွဲ ပြီးသည့်တိုင် မည်သည့် လှုပ်ရှားမှုမှ မလုပ်ခဲ့တော့ပေ။ 


အင်တာဗျုး ပြီးနောက် ယွီချင်းက ယွီနျန်နှင့်အတူ နာနီကားထဲသို့ ဝင်သွားသည်။ 


ယွီချင်းက ကားထဲသို့ ဝင်ထိုင်ပြီးသွားသောအခါ ဆံနွယ်ကောက်လေးများကို နားနောက်သို့ ညှပ်ကာ ကိုယ်ကို ကိုင်း၍ ဒေါက်ဖိနပ်များကို ချွတ်လိုက်သည်။ သူမက အသံတိုးတိုးဖြင့် ပွစိပွစိ ပြောလိုက်သေးသည်။


 "ဒီဖိနပ်တွေက ငါ့ကို ခြေတံရှည်တဲ့ပုံ ပေါက်ပြီး အရပ်မြင့်သွားစေလို့သာ မဟုတ်ခဲ့ရင် လှည့်တောင် ကြည်မှာ မဟုတ်ဘူး"


ယွီချင်းက ဒေါက်ဖိနပ်များကို ဘေးပို့ကာ ယွီနျန်ကို ကြည့်လိုက်ရင်း မျက်ခုံးသွယ်သွယ်လေးများကို ပင့်၍ စနောက်လိုက်လေသည်။ 


"နင့်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ကာကွယ်ပေးတဲ့အတွက် နင့်မမကို ကျေးဇူးမတင်တော့ဘူးလား" 


ယွီနျန်က နာနာခံခံ ပြန်ဖြေလိုက်သည်။ 


"ကျေးဇူးပါ... မမ"


သူမ၏ မောင်ငယ်လေးက လိမ္မာပါးနပ်ပြီး အရာအားလုံး နားလည်နေသည်ကို သိပါသော်လည်း ယွီချင်းက အလေ့အကျင့်အတိုင်း အကြံဥာဏ်အချို့ ပေးလိုက်သည်။


 "နင့်ရဲ့ လောလောဆယ် အောင်မြင်နေမှုနဲ့ဆို... နင့်ရဲ့ ကျော်ကြားမှုကို လိုက်စီးချင်နေကြတဲ့ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ရှိနေမှာပဲ... သူတို့ရဲ့ နည်းလမ်းတွေကလည်း ကာကွယ်ဖို့ခက်တယ်... နင် သတိကြီးကြီးထားပြီး လှည့်စားခံလိုက်ရလို့ မဖြစ်ဘူးနော်"


ယွီနျန် လက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


ထို့နောက် ယွီချင်းက မေးလာခဲ့သည်။ 


"ထန်းရှောင်ခယ်ရဲ့ ကိစ္စနဲ့ ပတ်သက်ရင်... နောက်ကွယ်ကနေ နင့်ကို ကာကွယ်ပေးနေတာ ဘယ်သူလဲ... အဆင်ပြေရင် ငါ့ကို အခုပြောပြလေ"


ယွီနျန် နာမည်တစ်ခုကို ပြောပြလိုက်သည်။


 "ရွှယ်ယုံပါ"


ယွီချင်း: “ရွှယ်ယုံလား”


ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး သဘာဝကျသော အပြုံးလေးများက သူ့မျက်လုံးများထံ ထင်ဟပ်လာခဲ့သည်။ "ဟုတ်တယ်... သူပဲ"


ထိုနာမည်ကို ပြောစဥ်၌ ယွီနျန်၏ မျက်နှာပေါ်မှ

ခိုင်မာသော အမူအယာကို သတိထားမိသော ယွီချင်းက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားလေသည်။


 "ကြည့်ရတာ... နင့်ကို လက်တစ်ဖက်တည်းနဲ့ နံရံမှာ ဖိထားပြီး နမ်းနိုင်တဲ့သူဆိုတာ သူပဲ ဖြစ်မယ်"