Chapter 106
ကားတစ်စီးလုံး တိတ်ဆိတ်သွားခဲ့သည်။
ပြင်ပမှ မြင့်မားသော အဆောက်အဦးများ၏ အလင်းရောင်တို့က ယွီချင်း၏ မျက်ခုံးများနှင့် မျက်လုံးများထံ အရိပ်ထင်နေခဲ့သည်။
သူမက တိတ်ဆိတ်နေဆဲ ဖြစ်ပြီး အနီရောင်တောက်တောက် လက်သည်းနီ ဆိုးထားသော လက်ချောင်းများဖြင့် အနက်ရောင်နှင့် ရွှေရောင်တို့ စီခြယ်ထားသော အိတ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်ယူလိုက်သည်။ သူမက ရှည်လျားသေးသွယ်သော အမျိုးသမီးသုံး စီးကရက်ကို ထုတ်ယူလိုက်သော်လည်း ယခုထက်ထိ မီးမညှိရသေးပေ။
စက္ကန့်အနည်းငယ်အကြာ ယွီချင်းက စကားစပြောလာသည်။
"နင်ပြောတဲ့ တစ်ယောက်က သူပဲလား... နင်က သူ့ရဲ့ အလှအပတွေမှာ ကြွေဆင်းသွားရပြီးတော့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း လေးစားမိတဲ့သူဆိုတာပေါ့"
ယွီနျန်က သူမ၏အကြည့်များကို မရှောင်ခဲ့ဘဲ ယွီချင်း၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။ "အင်း"
"အယ်လ်ဘမ်ရောင်းအားကို ဂုဏ်ပြုဖို့ လေယာဥ်တွေ သုံးခဲ့တာရော... အပြင်ဘက် နံရံတွေက ကြော်ငြာမှာ နင့်ကို မပျော်မရွှင် မဖြစ်ဖို့ ပြောခဲ့တဲ့သူရော... အချိန်အားလို့ လုပ်ထားတဲ့ နှလုံးသားပုံ ရေပန်းစားနေတဲ့ အကြောင်းအရာရော..
အားလုံးကို ရွှယ်ယုံက နင့်အတွက် လုပ်ပေးခဲ့တာပေါ့လေ"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း"
ယွီချင်းက အသက်ရှုလိုက်ပြီးနောက် စီးကရက်ငွေ့များကို မှုတ်ထုတ်ကာ သူမ၏ ခိုင်မာသော ခံစားချက်များကို စီးကရက်ငွေ့နှင့်အတူ လွှင့်ထုတ်လိုက်ပုံပေါ်သည်။ သူမက လက်ချောင်းများဖြင့် ဆံနွယ်တို့ကို ထိုးဖွလိုက်ပြီး သူမ၏ အမူအယာကလည်း အဓိပ္ပါယ်ဖော်ရန် ခဲယဥ်းနေလေသည်။
"သူတစ်ချိန်လုံး ဝေ့ပေါ်မှာ ရှိနေပြီးတော့ နင့်ကိုပဲ ထူးထူးခြားခြား ဝေဖန်နေပြီး သစ္စာရှိ anti fanတစ်ယောက် ဖြစ်အောင် ကြိုးစားနေတာက နင့်ဆီကနေ အာရုံစိုက်ခံချင်လို့ပေါ့လေ"
ယွီနျန်၏ မျက်လုံးများထဲ၌ အပြုံးများ တလက်လက်တောက်သွားသည်။
"တကယ့်အမှန်က ဒီထက်ပို ရှုပ်ထွေးတယ်"
သူက ယွီချင်းကို မျက်နှာချင်းဆိုင်လိုက်ရင်း အနည်းငယ် ပို၍ ရှင်းပြလိုက်သည်။
"ရွှယ်ယုံရဲ့ အခြေအနေက သိပ်မအေးချမ်းဘူး... သူလုပ်တာတွေ အားလုံးက ကျွန်တော့်ကို ကာကွယ်ဖို့ပဲ"
နှစ်ယောက်လုံးက လူချမ်းသာ မိသားစုများမှ ဆင်းသက်လာကြသူများဖြစ်၍ အာဏာအတွက် ယှဥ်ပြိုင်မှုများနှင့် ရက်စက်မှုများကို ငယ်စဥ်ကတည်းက မျက်မြင်တွေ့ကြုံထားပြီးသား ဖြစ်သည်။ ယွီချင်းက ချက်ချင်း နားလည်သွားလေသည်။
"သူက ရွှယ်မိသားစုရဲ့ ဒါရိုက်တာ တစ်ယောက်မို့လား"
ယွီနျန် အတည်ပြုလိုက်သည်။ "ဟုတ်တယ်"
ယွီချင်းက ထိုင်ခုံနောက်မှီထံ ပုခုံးများကို ဖြေလျှော့လိုက်ရင်း ပြောလိုက်သည်။
"အံ့သြစရာ မရှိတော့ပါဘူး... ရွှယ်ယုံက ငယ်သေးတာတောင် ဥာဏ်နီဌာဏ်နက်များပြီး သူ့ရဲ့ လုပ်နိုင်စွမ်းကိုလည်း ဖုံးကွယ်ထားနိုင်တယ်... အရင်တုန်းက ငါ့အဖေက ညစာစားပွဲ တစ်ခုမှာ ပြောပြခဲ့ဖူးတယ်... ကြည့်ရတာ ရွှယ်ယုံက အစတုန်းက ဆန့်ကျင်ဘက်လူတွေကို လမ်းကြောင်းတစ်ခုမှ ချန်ထားမပေးဘဲ ဖြည်းဖြည်းချင်း ခွာထုတ်ဖို့ စီစဥ်ထားပုံပဲ... ပြီးမှ သူက အရင်မျိုးဆက်တွေကနေ ဆက်ခံလာခဲ့တဲ့ အင်အားတွေကို အစစ်အမှန် ကာကွယ်နိုင်မယ်ပေါ့...
ဒါပေမယ့် ဘာတွေက သူ့ကို စိုးရိမ်စေလဲ မသိပါဘူး... သူက ချဥ်းကပ်တဲ့နေရာမှာ ပိုပြီး သွေးရူးသွေးတန်း ဖြစ်လာတယ်... နည်းနည်း လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာတော့ ငါတို့လို အပြင်လူတွေတောင် ဝေးဝေးကနေ အာဏာလုပွဲကို ကြည့်နေရင်း စိုးရိမ်စိတ် ဝင်လာရတော့တာပဲ"
ယွီနျန် ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ ဦးလေးရှန်းလို စောင့်ကြည့်နေတဲ့သူတွေတောင် ကြောက်လန့်လာစေတယ်တဲ့... ရွှယ်ယုံ အဲ့ဒီအချိန်တုန်းက ဘယ်လို အခက်အခဲတွေ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရပါလိမ့်...
ရွှယ်ယုံ သူ့အိမ်အပြင်ဘက်၌ ဖြူဖျော့နေသော မျက်နှာဖြင့် ရပ်စောင့်နေခဲ့ပြီး သူ့ကို ဖက်ကာ "နျန်နျန်... ကိုယ့်ခေါင်းတွေ နာနေတယ်"ဟုပြောခဲ့သော ညကို အမှတ်ရမိသည်။
ထိုမှတ်ဥာဏ်များက သူ့လည်ချောင်းထဲတွင် နာကျင်မှုများဖြင့် ဆို့နင့်လာစေသည်။
ယွီချင်းက အတွေးများကို စုစည်းကာ ပြောလိုက်သည်၊ "ပြီးတော့ အဲ့ဒီစိုးရိမ်စိတ်က နင်ဖြစ်နေတာပေါ့လေ"
ယွီနျန်ထံမှ အဖြေမရခင်မှာပင် သူမက ဆက်ပြောလိုက်သည်။
"ဒါဆို အခုရှင်းသွားပြီ... ထန်းရှောင်ခယ် နင့်ကို ကားနဲ့ တိုက်ဖို့လုပ်တုန်းက လမ်းကြောင်းပြောင်းပြီး ကွန်ကရစ်လက်ရန်းကို တိုက်မိသွားတယ်... ငါဗီဒီယိုကို ကြည့်တုန်းက သံသယ ဝင်နေခဲ့တာ... ဒါဆို ရွှယ်ယုံဘက်ကတစ်ယောက်က ကားတာယာကို သေနတ်နဲ့ ပစ်ခဲ့တာမလား"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း... ကျွန်တော့်ကို ကယ်ခဲ့တဲ့လူက ရွှယ်ယုံ့ဘက်ကပဲ"
ယွီချင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယွီနျန်က နူးနူးညံ့ညံ့ ပြောလာသည်။
"မမ... ကျွန်တော့်ကို ကားတိုက်ခါနီး အချိန်တုန်းကလေ သူကျွန်တော့်ကို ကယ်ဖို့အတွက် သူ့အသက်ကို ရင်းဖို့ မတွန့်ဆုတ်ခဲ့ဘူး"
သူပြောနေရင်း လည်ချောင်းခြောက်လာခဲ့သည်။
"သူ့ဘေးက ဘော်ဒီဂတ်က တုံ့ပြန်ချက်မြန်ပြီး ကားတာယာကို ခွဲလိုက်တာကြောင့်သာ မဟုတ်ရင် ကားက လမ်းကြောင်းဖယ်ပြီး အလယ်ကနေ ကာလိုက်လို့ ကျွန်တော်တို့ နှစ်ယောက်လုံး အတိုက်ခံလိုက်ရမှာ... သူက သူ့ဘဝနဲ့ ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာ"
သူ့အသံက ပို၍ပင် နူးညံ့လာသည်။
"သူ့ဘဝကို ရင်းပြီးတော့တောင် ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာ"
ဗီဒီယိုထဲမှ မြင်ကွင်းကို ပြန်စဥ်းစားမိသွားသောအခါ ယွီချင်းသည်ပင် ကြောက်လန့်မိလာခဲ့သည်။ သူမက စီးကရက်ကို စုတ်ဖြဲလိုက်ပြီး ဆေးရွက်ကြီးအနံ့ကို ရှူရှိုက်လိုက်သည်။
"နျန်နျန်... ဒီလမ်းကြောင်းက ဘယ်လောက်ခက်ခဲမလဲဆိုတာ နင်လည်း သိမှာပါ... ဒီဆက်ဆံရေးကြောင့်နဲ့ နင် ဝေဖန်မှုတွေ အများကြီး ခံရလိမ့်မယ်"
“ကျွန်တော် သိတယ်... ဒီဆက်ဆံရေးက ကျွန်တော့အတွက် ဘယ်လောက် အဖိုးတန်လဲ ဆိုတာကိုလည်း သိနေတယ်... နောက်မှ ဖြစ်လာမဲ့ အခက်အခဲတွေနဲ့ သူများတွေဆီက ဝေဖန်ခံရတာတွေကြောင့်နဲ့ လက်လျှော့လိုက်ရင် ကျွန်တော့်တစ်ဘဝလုံး နောင်တရမိနေတော့မှာ"
ယွီနျန်က အကြည့်လွှဲလိုက်ပြီး ပြတင်းပေါက်မှ ဖောက်ဝင်လာသော အလင်းရောင်နှင့် အရိပ်များကို ကြည့်နေမိသည်။
"ပြီးတော့ သူဝမ်းနည်းနေမှာကို ကျွန်တော် မကြည့်ရက်ဘူး"
ယွီချင်းက နောက်ထပ် စီးကရက်တစ်လိပ် ထုတ်လိုက်ပြီး မီးညှိကာ ခပ်ပြင်းပြင်း ရှူလိုက်ပြီး ဖွာလိုက်ပြန်လေသည်။
"ငါ့မိဘတွေက စီးပွားရေးပူးပေါင်းမှုတွေကြောင့် လက်ထပ်ခဲ့ရတာ ငါသိနေခဲ့တယ်... ငါ့အမေက အဖေ့ကို သဘောကျပေမယ့် ငါ့အဖေက ခြေမငြိမ်ဘဲ အပြင်မှာ ပျော်ပါးနေပြီးတော့ အပျော်ချစ်သူတွေလည်း ရှိနေသေးတယ်... အဲ့အချိန်တုန်းက ငါ့အမေက သူနှလုံးသား နာကျင်နေခဲ့ရတော့ ထွက်သွားပြီး မိုင်ပေါင်းထောင်ချီ ခရီးထွက်သွားတယ်... ပြီးတော့ မတော်တဆမှုဖြစ်ပြီး ခန္ဓါကိုယ်ကိုပဲ အနီးအနားမှာ ရှာတွေ့ခဲတာ... အဲ့ဒီအချိန်တွေတုန်းက ငါ့အဖေ ဘယ်လောက်တောင် ငိုနေခဲ့ပြီးတော့ သနားစရာကောင်းနေတာကို ငါမှတ်မိနေတုန်းပဲ... သူ နောင်တရသွားတယ်... ပြီးတော့မှ သူ အမေ့ကို တကယ်ချစ်မှန်း နားလည်သွားခဲ့ပေမယ့် နောက်ကျသွားပြီလေ...
ဒီနှစ်တွေထဲ သူ အငယ်အနှောင်းတွေ ရှာပြီး လက်တွဲဖော်တွေလည်း တစ်ယောက်ပြီး တစ်ယောက်ပြောင်းပြီး အပြင်မှာ ဟိတ်ဟန်များတဲ့ ပုံစံတွေ ထုတ်လေ့ရှိတတ်တယ်... ညကျရင်တော့ အိမ်ကို မူးမူးရူးရူးနဲ့ အရက်ပုလင်းကိုင်ပြီး ပြန်ရောက်လာတယ်... ပြီးတော့ သူငိုပြီး ပြောတယ် သိလား 'ယန်ယန်... ကိုယ်မင်းကို စိတ်ပျက်အောင် လုပ်မိပြန်ပြီ... အိမ်မက်ထဲမှာ ကိုယ့်ကို လာဆူပေးပါဦးလားတဲ့'"
ယွီချင်းက စီးကရက်ဘူးကို အိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။
"နင်သိပါတယ်... ငါ ဆယ်ကျော်သက်အရွယ်မှာ ဒီကိစ္စနဲ့ပဲ သူနဲ့ စကားများရတယ်... အခုတော့ ငါဆက်ပြီး စိတ်ရှုပ်မခံချင်တော့ဘူး... ပြီးသွားရင် ခံစားချက်တွေအကြောင်း ရောက်လာတာနဲ့ လွယ်လွယ် ရှင်းပြလို့ မရတော့ဘူးလေ"
ယွီနျန် သူမအား စိုက်ကြည့်နေသည်ကို မြင်သောအခါ ယွီချင်း မျက်ခုံးပင့်လိုက်သည်။
"နင့်မမ လက်မခံမှာ ဒီလောက်စိုးရိမ်နေတာလား... ပြီးတော့ ငါလက်မခံရင် ငါသူ့ကို သဘောမကျတာကြောင့်နဲ့ ရွှယ်ယုံကို လမ်းခွဲဖို့ လုပ်မဲ့ ပုံစံ လုပ်မနေစမ်းနဲ့
ယွီနျန် ပြုံးလိုက်သည်။
"မဟုတ်ဘူး... ကျွန်တော် သူနဲ့ လမ်းမခွဲဘူး... ကျွန်တော် သူ့ကို သဘောကျနေတာကို ရပ်သွားမှာ မဟုတ်ဘူး"
"ဟမ့်" ယွီချင်း မျက်လုံးလှိမ့်လိုက်လေသည်။
"ငါ့မောင်လေး အချစ်မှာ ချစ်ကျွမ်းဝင်နေတာက ရေတွေ ပေါက်ထွက်နေသလိုပါပဲလား"
ယွီချင်းက သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ယွီနျန်၏ ဂျယ်ဖြင့် ပုံသွင်းထားသော ဆံပင်များကို ဖွကာ အသံကလည်း နူးညံ့လာသည်။
"နင့်အဘိုးအဘွားတွေသာ အသက်ရှိနေသေးရင် သေချာပေါက် ကန့်ကွက်ကြမှာ မဟုတ်ဘူး... အဲ့ဒီအစား နင်နောက်ဆုံးမှာ ချစ်ရမဲ့လူတွေ့သွားပြီဆိုပြီး စိတ်တွေလှုပ်ရှားနေကြဦးမယ်"
"အဟမ်း"
ယွီချင်းက လက်ပြန်ရုတ်လိုက်ပြီး ရှည်လျားဖြောင့်စင်းနေသော ခြေထောက်များကို ချိတ်ကာ စိတ်အေးလက်အေး ပြောလိုက်သည်။
"အင်း... ငါကတော့ ဒီလို ရိုမန့်တစ်ဆန်တဲ့ လမ်းကြောင်းနဲ့ မကိုက်ပါဘူး... ဘာပဲဖြစ်ဖြစ် နင့်ကိုနင် ဂရုစိုက်နော်... နင် လမ်းခွဲလိုက်ရပြီးတော့ နှလုံးသားတွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားမှ ငါ့ဆီလာမငိုပြနဲ့... မဟုတ်ရင် ငါ သံပိုက်လုံးကောက်ပြီး ရွှယ်ယုံကို သွားရိုက်ဖို့ ထိန်းထားနိုင်မှာ မဟုတ်ဘူး"
ထိုမြင်ကွင်းက အရောင်စုံလွန်းလှသဖြင့် ယွီနျန်မှာ မထိန်းနိူင်ဘဲ ရယ်မောမိလေတော့သည်။
ယွီချင်းက ခပ်မတ်မတ် ထိုင်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"စကားမစပ်... ဝမ်နင်းရွှယ်နဲ့ ဘယ်လိုငြိသွားတာလဲ"
“ကျွန်တော် သူနဲ့ မရင်းနှီးပါဘူး... ရိုက်ကူးရေး လုပ်တုန်းကတောင် စကားတစ်ခွန်းမှ ပြောခဲ့ဖူးပုံ မရဘူး"
ယွီနျန် အသေအချာ ပြန်စဥ်းစားကြည့်လိုက်သည်။ "သူက တော်တော်လေး အနေဝေးတယ်... ကျွန်တော် သူ့ကို ပထမဆုံး 'ဂွတ်မောနင်း'လို့ နှုတ်ဆက်တုန်းကတောင် လျစ်လျူရှုထားခဲ့တာ... ပြီးတော့ ဆက်မပြောဖြစ်ကြတော့ဘူး"
“သူက နင့်ကို ဒီလောက်ထိ အေးတိအေးစက် ဆက်ဆံတယ်ပေါ့... ငါ့ရှေ့မှာကျတော့ စိတ်အားထက်သန်တဲ့ ပုံစံနဲ့... မှန်းကြည့်ဖို့တောင် မလိုဘူး... သူ နင့်ကို အထင်သေးလို့ နင်နဲ့ အသိအကျွမ်း မလုပ်ချင်တာ ဖြစ်မယ်... ယခု နင်ပိုပိုပြီး နေရာရလာတာကို သူမြင်နေရပြီလေ... ရွှေထင်းရှူးပွဲမှာတောင် တစ်ခါတည်းနဲ့ ဆုနှစ်ဆုရတာဆိုတော့ ခါးသီးနေတော့မှာပေါ့"
ယွီချင်းက လှောင်ပြုံးပြုံးလိုက်သည်။
"နင် ဒုတိယဆုကို ယူဖို့ သွားတော့ သူက တမင်တကာ ဟန်ချက်မညီအောင် လုပ်ပြီး နင့်ဆီကိုတောင် ပစ်လဲကျမတတ်လေ... နင်သာ ချက်ချင်း တုံ့ပြန်ပြီး ခြေလှမ်းမဆုတ်လိုက်ရင် ငါပြောတာယုံ... မနက်ဖြန်ကျ နင်သူနဲ့ hot searchတွေပေါ် ရောက်နေလောက်ပြီ"
"ယုံတယ်" ယွီနျန်ကလည်း တုံးအမနေပေ၊
"သူက 'ကျွန်တော်တို့က 'ရှေးဟောင်းလမ်းမ' ရိုက်နေရင်း ချစ်မိသွားကြပြီးတော့ ရိုက်ကူးရေးပြီးတဲ့အချိန်မှာလည်း အဆက်အသွယ် ရှိခဲ့ကြတယ်လို့တောင် ပြောလောက်တယ်... ဒါမှမဟုတ်... ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ရိုက်ကူးရေးပြီးတော့ ပြီးဆုံးသွားခဲ့ပေမယ့် ဆုပေးပွဲအတွင်းမှာ အရင်အချစ်ဟောင်းလေးတွေ ပြန်ပြီး မီးတောက်လာခဲ့တယ်လို့ ပြောမယ်"
ယွီချင်း တီးတိုး ရယ်မောလိုက်သည်။
"အိုး... နင်က တော်တော်လေး ပါးနပ်သားပဲ"
“အစ်ကိုမုန့်က ကျွန်တော့်ကို ထရိန်နင်ဆင်ပေးထားပြီးသား"
"မုန့်ယွမ်က တော်တော်ကောင်းတာပဲ"
ယွီချင်းက နှစ်စက္ကန့်လောက်ထိ တွေးလိုက်ပြီးနောက် ပြောလိုက်သည်။
"အဲ့ဒီဝမ်နင်းရွှယ်... နင်သူနဲ့ ဝေးဝေးနေသင့်တယ်... သူ ဖျော်ဖြေရေးလောကထဲ ဝင်လာကတည်းက လူသိများဖို့ ကြိုးစားလာခဲ့တာ... ဒါပေမယ့် ဘယ်လောက်ထိ လုပ်လုပ် ဘယ်မီးစကိုမှ မဖမ်းမိနိုင်သေးဘူး... သူက ဒီတစ်ခေါက် 'ရှေးဟောင်းလမ်းမ'ထဲကို တစ်နည်းနည်းနဲ့ ဖျစ်ညှစ်ဝင်လာခဲ့တာ... ဒါပေမယ့် သူက နင်ရယ်၊ အမျိုးသားဇာတ်ဆောင်ရယ်၊ ပြီးတော့ ငါ့ကြောင့်နဲ့ အရိပ်မိုး ခံလိုက်ရတယ်လေ... သူဒါကို လက်ခံနိုင်မှာ မဟုတ်ဘူး"
ယွီနျန်က သူမပြောချင်သည့်စကားကို သိလိုက်သည်။ "အစ်ကိုမုန့်ကို အသိပေးလိုက်မယ်"
အိမ်ပြန်ရောက်သောအခါ အတော်လေး ညနက်နေလေပြီ။ ယွီနျန်က လန်းဆန်းသွားစေရန် ရေချိုးလိုက်ပြီးနောက် စကားလုံး တစ်မျက်နှာကို တည်တည်ငြိမ်ငြိမ် ရေးလိုက်သည်။ သို့သော်ငြား မသိလိုက်ပါဘဲနှင့် ရွှယ်ယုံ၏ အမည်ကို ထပ်ကာထပ်ကာ ရေးမိနေသည်။
ယွီနျန်က စုတ်တံကို ချထားလိုက်ပြီး တွေဝေမနေတော့ဘဲ ရွှယ်ယုံကို ဗီဒီယိုကော ခေါ်လိုက်သည်။
ဗီဒီယိုကောက ချက်ချင်းနီးပါး ပြန်ဖြေလာခဲ့သည်။
ယွီနျန်က သူနိုင်လာသော ဆုတံဆိပ် နှစ်ခုကို ယူကာ ကင်မရာကို ပြလိုက်သည်။
"အထင်ကြီးစရာပဲမလား... နှစ်ခုတောင်နော်... တော်တော်လေး လေးတယ်"
ရွှယ်ယုံက လည်စီးကို ဖြေလျော့ကာ နှုတ်ခမ်းထက်၌ အပြုံးဖျော့ဖျော့လေး ပေါ်လာခဲ့သည်။
"နျန်နျန်က အံ့သြဖို့ကောင်းလိုက်တာ"
“ကျွန်တော်နဲ့ အစ်ကိုမုန့်က အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ခြွင်းချက်မရှိ ကျွန်တော်ပဲ ရမယ်လို့ ခန့်မှန်းထားပြီးသား... ဒါပေမယ့် နှစ်ဆုတောင် ရလာမယ်လို့ မထင်ထားဘူး" ယွီနျန် ပြုံးလိုက်ပြီး မျက်လုံးလေးများက စိတ်လှုပ်ရှားမှုကြောင့် ကွေးတက်လာခဲ့သည်။
"စကားမစပ်... ကျွန်တော် လက်ရေးလှလေ့ကျင့်နေတုန်း ခင်ဗျား လာလာနှောက်ယှက်နေတယ်"
ရွှယ်ယုံမှာ သိပ်နားမလည်ခဲ့။ "ကိုယ်လား"
"ဒါပေါ့... သေချာပေါက် ခင်ဗျားပဲလေ"
ယွီနျန်က ကင်မရာထံ စာရွက်ကို ထိုးပြလိုက်သည်။
"ကြည့်လေ... ကျွန်တော် ရေးမိလိုက်တိုင်း ခင်ဗျားနာမည်ပဲ ဖြစ်နေတာ"
ရွှယ်ယုံက စာရွက်ပေါ်မှ ဆက်တိုက်ရေးထားသော သူ့နာမည်စာလုံးများကို ကြည့်၍ ညင်သာသော အသံဖြင့် ပြောလိုက်သည်။
"အင်း... ကိုယ့်အမှားပါ"
ဤရက်ပိုင်းအတွင်း ရွှယ်ယုံ အလုပ်များနေ
ပြီး ပြည်ပ အစည်းအဝေးများကို ညနက်သည်အထိ လုပ်နေရသည်ကို သိနေသဖြင့် ယွီနျန်က များများစားစား မပြောတော့ပေ။ သူတို့က အတိုချုံးစကားပြောလိုက်ကြပြီးနောက် ဗီဒီယိုကောကို အဆုံးသတ်လိုက်သည်။