Chapter 107
ပင်ပန်းနွမ်းနယ်လှသော တစ်နေ့တာပြီးနောက် ယွီနျန်က မုန့်ယွမ်ကို ဖုန်းဆက်ကာ ဝမ်နင်းရွှယ်နှင့် အခြေအနေကို ပြောပြီးနောက် အိပ်ရာဝင်လိုက်သည်။
သူက မနက်ပိုင်း ရှစ်နာရီခွဲတွင် နှိုးစက်ချကာ အိပ်ရာဝင်သော်လည်း မထင်မှတ်ထားရသည်မှာ မနက် ရှစ်နာရီ၌ ဖုန်းခေါ်ဆိုမှုနှင့် ဝီချက် သတိပေးချက်များကြောင့် နိုးသွားရသည်။
“အခုထိ အိပ်နေတုန်းပဲလား... မအိပ်နဲ့တော့... နင့်ရဲ့ လက်ထပ်စာချုပ် ပြန့်နေပြီ"
ယွီနျန်က အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။
"ဘာ လက်ထပ်စာချုပ်လဲ... ကျွန်တော် အခုထိ ရွှယ်ယုံနဲ့ လက်မထပ်ရသေးဘူးလေ"
“ဘယ်သူက နင့်ကို ရွှယ်ယုံနဲ့ လက်ထပ်တယ်လို့ ပြောလို့လဲ... ငါပြောနေတာ ဝမ်နင်းရွှယ်ဟဲ့" ယွီချင်းမှာ အလွန် ဒေါသထွက်နေပေသည်။
"ငါ ဒေါသထွက်ရလွန်းလို့ ပါးရေတွေ တွန့်တော့မယ်... လွန်ခဲ့တဲ့ ရက်တွေတုန်းက 'ရှေးဟောင်းလမ်းမ'က သရုပ်ဆောင်တွေအားလုံး အင်တာဗျူး လုပ်ခဲ့ရတာ မှတ်မိသေးလား"
ယွီနျန် ပြန်ဖြေလိုက်သည်။
"ကျွန်တော် မှတ်မိပြီ... 16ရက်နေ့တုန်းကမို့လား"
"အတိအကျပဲ... အင်တာဗျူး လုပ်တုန်းက သတင်းထောက်က စာရင်းအတိုင်း မေးခွန်းတွေ မေးတယ်လေ... 'အဲ့ဒီတုန်းက ရုပ်ရှင်ရိုက်တုန်းက ဘယ်လို ခံစားရလဲ... အမှတ်တရ ဖြစ်စရာ အခိုက်အတန့်လေးတွေ ရှိလား' ဆိုပြီးတော့လေ... ဝမ်နင်းရွှယ်က ဘယ်လို ပြန်ဖြေတယ်ထင်လဲ"
ယွီချင်းက နှာသံဖြင့် အတုခိုးကာ ပြောလိုက်သည်။ "ရိုက်ကွင်းက လူတွေ အားလုံး ကောင်းပါတယ်... အထူးသဖြင့် မမယွီချင်းက ကျွန်မကို ဂရုစိုက်ပေးပြီးတော့ ကျွန်မလည်း အများကြီး သင်ယူခဲ့ရတယ်... အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့်ကတော့ ရိုက်ကူးရေး လုပ်နေတုန်း မတော်တဆ ခြေချင်းဝတ်လည်သွားတဲ့ အချိန်ပါပဲ... အရမ်းနာလွန်းလို့ ညဆိုအိပ်မပျော်ဘဲ အခန်းထဲမှာပဲ တိတ်တိတ်လေး ငိုနေခဲ့ရတာ... ပြီးတော့ ယွီနျန်က ကျွန်မကို လိမ်းဆေးတွေ ယူလာပေးတယ်လေ... ကျွန်မ ရင်ထဲ အရမ်း နွေးထွေးသွားခဲ့ရတာ"
“ဒုန်း" ယွီချင်းဘက်က စားပွဲကို ထုလိုက်သည့်အလား အသံထွက်ပေါ်လာခဲ့သည်။ သူမက အသံကို မြှင့်လိုက်သည်။
"ငါက သူ့ကို ဂရုစိုက်ပေးတယ်... ငါ့ဆီကနေ အများကြီး သင်ယူခဲ့တယ်တဲ့လား... ငါသာ သူ့ကို ဂရုစိုက်ပေးခဲ့ရင် 'ရှန်းယွီချင်း' ဆိုတဲ့ ငါ့နာမည် ပြောင်းပစ်လိုက်မယ်... သူက ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီးတော့ ညအချိန်မှာ ဖြစ်ခဲ့တာကို အလေးပေးပြီး အဲ့ဒီအတင်းအဖျင်းတွေ လုပ်ချင်တဲ့ သတင်းထောက်တွေကို ကစားရအောင် ပြောပြနေတာပဲ"
ယွီနျန်၏ အကြည့်များက အနည်းငယ် နက်မှောင်သွားလေသည်။
"အင်တာဗျူးကို ထုတ်လွှင့်ပြီးပြီလား"
ယွီချင်းက ဒေါသတကြီး ဖြစ်နေလေသည်။
"ပြီးပြီလေ... ဝမ်နင်းရွှယ်ရဲ့ အဖွဲ့ဘက်က ကိုယ်တိုင် ပါဝင်နေတာ... သူတို့က hot search နှစ်ခုနဲ့ မားကတ်တင်းအကောင့်တွေဘက်က တင်တဲ့ သတင်းထုတ်ပြန်ချက်တွေ ဝယ်ထားပြီးပြီ... သူတို့က နင့်ကို အနိုင်ကျင့်နေကြတာလေ... နင်က ဘာလို့ အိပ်နေရသေးတာလဲ... မြန်မြန်ထပြီး မုန့်ယွမ်နဲ့ ဆွေးနွေးချည်တော့"
ယွီနျန် ဖုန်းခေါ်ပြီးပြီးချင်း မုန့်ယွမ်ထံမှ ဖုန်းဝင်လာခဲ့သည်။ "နျန်နျန်... ဝီချက် မြင်ပြီးပြီလား"
“မမြင်ရသေးဘူး... ဒါပေမယ့် ကျွန်တော့်မမ အခုလေးတင် ဖုန်းခေါ်လာပြီး ဝမ်နင်းရွှယ်အကြောင်း ပြောပြသွားတယ်"
"ငါအခုလေးတင် နိုးလာတာ... ထုံးစံအတိုင်း ဖုန်းဖွင့်ပြီး ဝေ့ပေါ် ကြည့်လိုက်တော့ မင်းနာမည်ကို သတင်းတိုင်းမှာ တွေ့လိုက်ရတာပဲ" မုန့်ယွမ် တစ်ခုချင်း ရေတွက် ပြလိုက်သည်။
"#ယွီနျန်ရွှေထင်းရှူးဆုပေးပွဲကော်ဇောနီလျှောက်လှမ်းမှု#
#ယွီနျန်ရွှေထင်းရှူးဆုပေးပွဲအောင်မြင်မှုနှစ်ဆ#
#ယွီနျန်ရှေးဟောင်းလမ်းမ#
#ယွီနျန်ကုရွှမ်းနင်# ဒီခေါင်းစဥ်တွေက ငါ့ကို တော်တော်လေး စိတ်ကောင်းဝင်စေတာပဲကွ... ပြီးလည်းပြီးရော #ယွီနျန်နဲ့ဝမ်နင်းရွှယ်ချစ်ကျွမ်းဝင်နေကြပြီ#တဲ့... ငါသေလောက်အောင် လန့်သွားတာ... ဒါပေမယ့် ငါစစ်ကြည့်လိုက်တော့... အဲဒါ ဝမ်နင်းရွှယ် လုပ်တာ ဖြစ်နေတယ်"
ယွီနျန်က နားထောင်နေရင်း မုန့်ယွမ် ပို့ပေးလာသော screenshotများကို ဖွင့်ကြည့်နေသည်။ ရေတပ်မှ ကြိုးကိုင်မှုများမှာ အတော်လေး သိသာနေသည်။
[tagကို ကြည့်လိုက်စမ်းပါ... ယွီနျန်နဲ့ ဝမ်နင်းရွှယ်တို့ 'ရှေးဟောင်းလမ်းမ'ရိုက်ကူးနေရင်း အဆင်ပြေပြေ ရှိနေခဲ့ကြပြီးတော့ အမြဲတမ်း ရယ်လိုက်မောလိုက် ဟာသတွေ ပြောလိုက် လုပ်နေကြတယ်ဆိုပြီး ကောလဟာလတွေ ထွက်ထားတာ မကြာသေးဘူးမလား... ဆေးပေးတယ်ဆိုတာ သာမန်အပြုအမူ ဟုတ်ပါ့မလား... ရွှေထင်းရှူးပွဲမှာတောင် နှစ်ယောက်သားက အတူတူ ထိုင်ခဲ့ကြသေးတယ်လေ]
[ဝိုး... ဝမ်နင်းရွှယ်က အင်တာဗျူးမှာ ရှက်နေတဲ့ မျက်နှာလေးနဲ့ ယွီနျန်အကြောင်း ပြောခဲ့တာနော်... ချိုမြနေလိုက်တာ... ရုပ်ချောတဲ့ ကောင်လေးနဲ့ မိန်းမလှလေးက ပြီးပြည့်စုံတဲ့ အတွဲလေးပဲ... သူတို့က လူထုကို ချပြဖို့ ပြင်ဆင်နေကြတာလား... သူတို့ကို ပျော်ရွှင်မှု ကိုးဆယ့်ကိုးအထိ ရရှိဖို့ ဆုတောင်းပေးနေမယ်]
[သူတို့တွေက ယွီနျန်ကို ပစ်မှတ်ထားပြီး လူသိများအောင် လုပ်ဖို့ ကြိုးစားနေကြတာပဲ... သူ့အပေါ်က နင့်လက်တွေကို ဖယ်လိုက်စမ်း... မိန်းမတွေ ဟိတ်ဟန်အတုတွေကနေပြီး လူသိများအောင် လုပ်နေတာတွေ ရပ်ပေးနိုင်မလား... ဆက်ဆံရေးတစ်ခုကို တစ်ဖက်သတ်ကြီး ပရိုမိုးရှင်း လုပ်နေတာ တကယ် ရွံစရာပဲနော်... နှစ်ယောက်လုံး ထုတ်ဖော်ခံလိုက်ရဖို့ မျှော်လင့်တယ်]
[အပြင်လူတစ်ယောက်ရဲ့ အမြင်အရ ရုပ်ရည်တစ်ခုတည်းကိုပဲ ကြည့်ရင်တောင် ဝမ်နင်းရွှယ်က ယွီနျန်လောက်တောင် ကြည့်မကောင်းဘူး]
မုန့်ယွမ်က ဖုန်းထဲမှ ဆက်ပြောနေသည်။
"အဲ့ဒီဝမ်နင်းရွှယ်က အစကတည်းက အစီအစဥ်ချထားတာပဲ... အခုမှ အစပဲ ရှိသေးတယ်... သူက 'ရှေးဟောင်းလမ်းမ'ရဲ့ ရုပ်ရှင် ပရိုမိုးရှင်းတွေအထိ ဆက်သွားလိမ့်မယ်... မင်းတို့ နှစ်ယောက်က ပွဲတွေကို အတူတူ တက်ရတော့မှာ... အဲ့ဒီအချိန်ကျ သူ့ဘက်က စန်းတင်ဖို့ ကုန်ကြမ်းတွေ ပြတ်လပ်နေမှာ မဟုတ်ဘူး... ရိုးရိုးသားသား မျက်လုံးချင်း ဆုံမိရင်တောင် ချစ်ကျွမ်းဝင်နေတဲ့ အကြည့်ဆိုပြီး ရေးကြလိမ့်မယ်လို့ ငါလောင်းရဲတယ်"
ယွီနျန်က ခေါင်းအုံးလေးကို ကျောဘက်သို့ ထည့်လိုက်သည်။
"အစ်ကိုမုန့်... ကျွန်တော် ရွှယ်ယုံကို အရင်ဖုန်းခေါ်လိုက်ဦးမယ်"
“ကောင်းပြီ... မင်းလည်း သူ့ကို အရင် အသိပေးသင့်တာကို သိသားပဲ... ဒါက ဆက်ပြီး အခြေအနေတွေ တိုးတက်လာမှာ... ငါ ဒီဘက်က ကိစ္စတွေကို သေချာစောင့်ကြည့်ထားလိုက်မယ်... မင်း အရင်ဆုံး သူ့ကို ခေါ်လိုက်... ခဏလေး"
မုန့်ယွမ်မှာ နှစ်စက္ကန့်လောက်ထိ အံ့အားသင့်သွားပုံရပြီးမှ စကားဆက်ပြောလိုက်သည်။
"မင်းရဲ့ သီးသန့် trending topicတွေတော့ ရှိနေတုန်းပဲ... ဝမ်နင်းရွှယ် ပါတာတွေတော့ အကုန် ဖယ်ခံလိုက်ရပြီ... ဒါ... ဒါကလေ ရင်းနှီးနေတဲ့ နည်းလမ်းပဲကွ"
Trending topicတွေ အဖျက်ခံလိုက်ရတာလား.... ယွီနျန် ရယ်ချင်သွားမိသည်။
"ဟုတ်မယ်... သူက ကျွန်တော့်နာမည်နဲ့ အခြားတစ်ယောက်ရဲ့ နာမည်ကို trending topicမှာ ဘေးချင်းယှဥ်ပြီး မတွေ့ချင်လို့ ဖြစ်မယ်"
“ဒါတင်မကသေးဘူး" မုန့်ယွမ်က အံ့သြထိတ်လန့်ဟန်ဖြင့် ပြောနေပြီး သူ့အသံများထဲတွင် အထစ်ထစ်အငင ဖြစ်လို့ နေသည်။
"လောင်စာထပ်ဖြည့်နေတဲ့ မားကတ်တင်းအကောင့်တွေ ဘန်းခံလိုက်ရပြီ"
ယွီနျန်၏ အပြုံး နက်ရှိုင်းသွားလေသည်။
"ကြည့်ရတာ ကျွန်တော့် ချစ်သူ သဝန်တိုနေပြီ ထင်တယ်"
မုန့်ယွမ်က အလျင်အမြန် ပြောလိုက်သည်။
"မြန်မြန်... မြန်မြန် ခေါ်လိုက်တော့... ရွှယ်ယုံက trending topicတွေကို လက်တစ်ဖက်တည်းနဲ့ ခြေဖျက်နိုင်လောက်တယ်"
ဖုန်းချပြီးနောက် ယွီနျန်က ရွှယ်ယုံ၏ နံပါတ်ကို ခေါ်လိုက်သည်။ ရွှယ်ယုံ ဖြေလာသောအခါ တစ်ဖက်တွင် တိတ်ဆိတ်နေလေသည်။
ယွီနျန်က အဓိကအချက်ကိုသာ တဲ့တိုးပြောလိုက်သည်။ "ကျွန်တော်က ဝမ်နင်းရွှယ်လို့ ခေါ်တဲ့တစ်ယောက်နဲ့ ဘယ်လိုဆက်ဆံရေးမှ မရှိပါဘူး"
"ကိုယ်သိတယ်" ရွှယ်ယုံ၏ အသံက အသက်နှစ်ခါလောက် ရှူထုတ်လိုက်ပြီးမှ ပေါ်ထွက်လာခဲ့သည်။
"ဒါဆိုရင်... မင်းက ဘယ်သူနဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာလဲ"
"ခင်ဗျား တစ်ယောက်တည်းနဲ့ပဲ"
ပြောပြီးနောက် ယွီနျန်က ရွှယ်ယုံ၏ ပြန်ဖြေသံကို စောင့်နေမိသည်။ မထင်မှတ်ထားစွာပင် ရွှယ်ယုံက ထူးမခြားနား အဖြေတစ်ခုသာ ပြန်ဖြေလာသည်။
"အိုး"
ထိုအချိန်တွင် ဖြစ်နေမည့် ရွှယ်ယုံ၏ အမူအယာကို တွေးကြည့်မိရင်း ယွီနျန် စိုးရိမ်လာမိသည်။
"ခင်ဗျား စိတ်ပျက်သွားတာလား"
ရွှယ်ယုံ ပြန်ဖြေသည်။ "မဟုတ်ဘူး"
"ဒါဆို သဝန်တိုနေတာလား"
"အင်း"
ယွီနျန် ပြုံးလိုကိသည်။
"ဒါဆိုရင် မစ္စတာရွှယ်... ဒီညအချိန်ရှိလား"
ဒီတစ်ကြိမ်တွင် ရွှယ်ယုံက အားတက်သရော ပြန်ဖြေလာခဲ့သည်။ "အင်း"
"ဒါဆိုရင် ဒီည ကျွန်တော့်အိမ်မှာ ညစာလာစားရင်ရော"
ရွှယ်ယုံက အမိန့်တစ်ခု ပေးလိုက်လေသည်။
"နျန်နျန်... ကိုယ် မန်ဒရင်းငါးနှပ် စားချင်တယ်"
“အိုကေ မစ္စတာရွှယ်... ဒါဆို ညမှ တွေ့ကြမယ်"
မုန့်ယွမ်၏ ဆက်သွယ်မှု ပြန်ရောက်လာသောအခါ မုန့်ယွမ်က စိုးရိမ်ပူပန်နေလေသည်။
"သေသေချာချာ ရှင်းခဲ့ပြီးပြီလား... မင်းတို့ ရန်ဖြစ်ခဲ့သေးလား"
ယွီနျန်က အေးအေးဆေးဆေး ဖြစ်နေသည်။
"ရန်မဖြစ်ပါဘူး... ဒီနေ့ည ညစာအတူတူ စားကြမှာ... သူက အမိန့်တောင် ပေးလိုက်သေးတယ်"
မုန့်ယွမ် ပဟေဠိ ဖြစ်သွားသည်။ "ရွှယ်ယုံလို အေးစက်ပြီး လွှမ်းမိုးတတ်တဲ့ လူမျိုးဆို မင်းကို မဲမှောင်နေတဲ့ အခန်းကျဥ်းလေးထဲ ပိတ်ထားတာမျိုးလို တစ်ခုခု လုပ်ရမှာ မဟုတ်ဘူးလား"
ယွီနျန် ရယ်လိုက်သည်။
"အစ်ကိုမုန့်... ဘာတွေ တွေးနေတာလဲ"
"ဖူး...ဖူး" မုန့်ယွမ်လည်း ရယ်လိုက်လေသည်။
"ငါဘာမှ မပြောဘူး"
သူက စကားလမ်းကြောင်း လွှဲလိုက်လေသည်။
" ငါအခုလေးတင်မှ ဝမ်နင်းရွှယ်ရဲ့ အဖွဲ့နဲ့ ဆက်သွယ်ထားတာ... သူတို့ဘက်က လူသိများဖို့ မင်းကို အသုံးချနေတယ်ဆိုတာကို အပြတ်ငြင်းထားတယ်... ဟမ့်... သူတို့က ငါ့ဆီကိုပဲ အပြစ်လာပုံချချင်နေကြတာပဲ... ငါ့ကို အရူးများ ထင်နေလားမသိ"
ယွီနျန်က ထိုစကားကို ကြားသောအခါ ဒေါသမဖြစ်မိပေ။ "ဒါဆို ကျွန်တော်တို့လည်း ငြင်းလိုက်ကြတာပေါ့"
မိနစ်နှစ်ဆယ်အကြာ ယွီချင်းက သူမ၏ ဝေ့ပေါ်၌ ပိုစ့်တင်လာခဲ့ပြီး သူမ၏ စကားလုံးများမှာ ထက်မြ၍ တဲ့တိုးဆန်သည်။
“ယွီချင်း: @ဝမ်နင်းရွှယ်... ငါနင့်ကို တစ်ခါမှလည်း ဂရုမစိုက်ဖူးဘူးနော်... ငါနင့်ကို "မမ"လို့ ခေါ်ခိုင်းလို့လား... နင်ခြေချင်းဝတ်လည်ပြီး ယွီနျန်က ဆေးဘယ်လိုယူလာပေးခဲ့တယ်ဆိုတဲ့ ကိစ္စကိုတော့ နေ့ရက်နဲ့ အချိန်ကို အတိအကျ ပြောလိုက်စမ်းပါ"
[ယွီချင်းက မိုက်ချက်... လုပ်တာကောင်းတယ်... ပြန်ရိုက်ချလိုက်စမ်း... နင့်ကိုနင် မရေရာတဲ့ အလိမ်အညာတစ်ခု ပြောလိုက်တာနဲ့ နျန်နျန်ရဲ့ ကျော်ကြားမှုကို လိုက်စီးနိူင်မယ် ထင်နေတာလား... အာ... နျန်နျန် မအောင်မြင်တုန်းကလည်း စိတ်ပူနေရတယ်... အခု သူ အောင်မြင်လာတော့ ပိုလို့တောင် စိုးရိမ်နေရပြီ]
[ပေါက်ပေါက် စားပြီး ကြည့်ရမဲ့ပွဲပဲ... ရုပ်ရှင်က အခုမှ ပရိုမိုးရှင်းကာလပဲ ရှိသေးတယ်... ဇာတ်ဆောင်တွေနဲ့ ဇာတ်ပို့တွေက အာရုံစိုက်ခံရဖို့အတွက်နဲ့ အချင်းချင်း စုတ်ဖြဲနေကြပြီ... မေးပါရစေ... 'ရှေးဟောင်းလမ်းမ'က ဘယ်အချိန် ထွက်မှာလဲ... ကြည့်ရဖို့ မစောင့်နိုင်တော့ဘူး]
[အား... ငါတော့ ယွီချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကို ချစ်တယ်... ယွီချင်းရဲ့ ကော်ဇောနီပုံတွေ ကြော်ငြာပါရစေ... ပြီးတော့ ရွှေထင်းရှူး ဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆုရတဲ့အချိန် သူပြောခဲ့တဲ့ အပြောင်မြောက်ဆုံး စကားတွေရောပါ 'ဒီဆုက သေချာပေါက် ငါ့အတွက် ဖြစ်ရမှာပေါ့'တဲ့... ချစ်တယ်နော်]
နေ့လည် နှစ်နာရီတွင် "လိမ္မော်သီး အင်တာတိန်းမန့်" မှ နျဲ့မင်ရှင်းနှင့် တိုက်ရိုက် အင်တာဗျူး အစီအစဥ် ဆောင်ရွက်ရသည်။ 'ရှေးဟောင်းလမ်းမ'အတွက် မျက်နှာသစ် သရုပ်ဆောင်ဆုနှင့် အကောင်းဆုံး ဇာတ်ဝင်တေးဆုအကြောင်းအပြင် အနာဂါတ်အတွက် အလုပ်အကိုင်အပေါ် သူ့အတွေးများကို မေးသောအခါ ယွီနျန် ပြန်ဖြေလိုက်သည်။
“ကျွန်တော်က ရုပ်ရှင်ရဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆုအတွက် ယှဥ်ပြိုင်ဖို့ ယုံကြည်ချက် ရှိပါတယ်... ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် မျက်နှာသစ် သရုပ်ဆောင်ဆု ရမယ်လို့တော့ မထင်ထားခဲ့ဘူး... နောက်ပိုင်း အလုပ်တွေ အတွက်ကတော့ ဂီတအပေါ်မှာပဲ အာရုံစိုက်ထားမှာပါ... လတ်တလော သီချင်းအသစ်အတွက် ပြင်ဆင်နေပြီး ဂျူလိုင်လ ပတ်ဝန်းကျင်လောက်မှာ ထုတ်လွှင့်ပါမယ်... သီချင်းသစ်က ကျွန်တော့်ရဲ့ အရင် အလုပ်တွေနဲ့ ယှဥ်ရင် စတိုင်ကွဲပါလိမ့်မယ်... ထပ်ပေါင်းပြောရရင် ကျွန်တော်ကိုယ်တိုင် တေးထုတ်လုပ်သူ ဖြစ်လာမယ့်အတွက်ကြောင့် ကျွန်တော့်အတွက် စိန်ခေါ်မှု ဖြစ်လာမှာပါ"
နျဲ့မင်ရှင်းက သီချင်းအသစ်အတွက် စိတ်လှုပ်ရှားနေသည့် အမူအယာ ဖော်ပြလာပြီး မုန့်ယွမ်၏ တောင်းဆိုချက်အတိုင်း မေးလိုက်သည်။
"မင်းနဲ့ ဝမ်နင်းရွှယ်တို့ကြား ဖြစ်ပေါ်နေတဲ့ မရေမရာ ဆက်ဆံရေး ကောလဟာလတွေအကြောင်း ပြောကြမလား"
ယွီနျန်၏ ပုံစံက စိတ်အေးလက်အေး ဖြစ်သွားသည်။ "ကျွန်တော့်မှာ သိုဝှက်ထားစရာ မရှိပါဘူး... ကျွန်တော့်မှာ ဝမ်နင်းရွှယ်နဲ့ အတူ ရိုက်စရာ ဇာတ်ကွက်တစ်ကွက်မှ မရှိလို့ ရိုက်ကူးရေး လုပ်နေတုန်းက သူနဲ့ စကား တစ်လုံးမှ မပြောခဲ့ဖူးဘူးလေ"
မိနစ်ငါးဆယ်ကြာ အင်တာဗျူးကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယွီနျန်ထံမှ ထိုစကားက ဖန်အသိုင်းအဝိုင်းကြား ပျံ့နှံ့သွားခဲ့လေသည်။ မကြာမီ မားကတ်တင်းအကောင့်များက အင်တာဗျူးမှ screenshotများနှင့် ပြောစကားများကို "ယွီနျန်က မရေမရာ ဆက်ဆံရေးကို ငြင်းဆိုလိုက်တယ်... ဝမ်နင်းရွှယ်နဲ့ စကားတစ်ခွန်းမှတောင် မပြောခဲ့ဖူးဘူးတဲ့"ဟူသော ခေါင်းစဥ်ဖြင့် တင်ပေးလာကြသည်။
ဝမ်နင်းရွှယ်နှင့် ပြတ်ပြတ်သားသား စည်းတားလိုက်ပြီးနောက် မုန့်ယွမ်က သူ့ကိုယ်သူ ရေအေးတစ်ခွက် လောင်းထည့်၍ သက်ပြင်းချလိုက်သည်။
"ပြဿနာအများဆုံးကတော့ ဝမ်နင်းရွှယ်လို လူမျိုးတွေပဲ... သူက မင်းဆီကို မျှော့လို လာတွယ်နေတာ... သူ့အဖွဲ့ကလည်း အကျင့်ပျက်နေလိုက်ကြတာ"
ရှစ်ရော့က အချို့ပစ္စည်းများကို စုစည်းနေပြီး တတွတ်တွတ် ပြောနေလေသည်။
"သူတို့က အာရုံစိုက်ခံရဖို့အတွက် အားလုံး လုပ်ရဲတယ်... ဒါပေမယ့် ဝမ်နင်းရွှယ် ခဏလောက်တော့ ငြိမ်သွားလောက်ပါတယ်နော်... ယွီနျန်နဲ့ ယွီချင်း တန်းပြောလိုက်တာတောင်လေ"
"ပြောရခက်တယ်... သူ့ကို မစိုးရိမ်ကြစို့" မုန့်ယွမ်က tabletကို ထုတ်ကာ အကြိမ်အနည်းငယ် ဆွဲကြည့်နေလေသည်။
"နျန်နျန်... မင်း ပြီးရင် ကြော်ငြာအတွက် ဒီဇိုင်းကို လက်စသတ်ဖို့ ဟာဆီရဲ့ စတိုင်လစ်ချုပ်နဲ့ သွားတွေ့ရမယ်... 22ရက်နေ့ သဘက်ခါကျရင် 'ရှေးဟောင်းလမ်းမ'ရဲ့ ပရိုမိုးရှင်းသီချင်းကို အဓိက မေဂျာပလပ်ဖောင်း သုံးခုမှာ တင်မှာ... ပြီးတော့ မင်းကလည်း ပြန်ကူးတင်ပြီး ကြေညာပေးရမယ်... 23ရက်နေ့ကျရင် 'သီချင်းဆိုပါရစေ'က ပထမဆုံးအပိုင်းအတွက် ရိုက်ကူးရေး လုပ်ဖို့ ပြင်ဆင်နေပြီ... ပြီးတော့ ဒိုင်တွေကလည်း အသံသွင်းဖို့အတွက် ရှိနေပေးရမယ်"
မုန့်ယွမ်က screenထက်မှ အကြည့်လွှဲ၍ ယွီနျန်ကို မေးလိုက်သည်။ "မနေ့က... မင်း ရွှေထင်းရှူး ဆုပေးပွဲမှာ မျက်နှာသစ်သရုပ်ဆောင်ဆု ရပြီးတာနဲ့ မင်းအတွက် ဆိုပြီး ဇာတ်ညွှန်းတွေအများကြီး ငါ့ဆီ ပို့လာကြတယ်... မင်းစဥ်းစားကြည့်ဦးမလား"
ယွီနျန် ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း... ကျွန်တော် မတွေးတော့ဘူး... လာမယ့် single အတွက် သီချင်းရေးတာကို အဆုံးသတ်ပြီးတာနဲ့ ပွဲဦးထွက် အယ်လ်ဘမ်ကို စပြီး ပြင်ဆင်တော့မယ်"
နှစ်ယောက်အကြားက အဆုံးအဖြတ်ပေးသူ နေရာမှာ တဖြည်းဖြည်း ပြောင်းပြန်ဖြစ်လာပြီး မုန့်ယွမ်က ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီလေ... မင်းစကားကို နားထောင်မယ်... 'သီချင်းဆိုပါရစေ'က ထန်းရှောင်ခယ်နဲ့ မင်းပါလာတာကြောင့် လူတွေအများကြီး အာရုံစိုက်နေကြတယ်... ထုတ်လုပ်ရေးအဖွဲ့က အရှုပ်တွေ လုပ်မလာသရွေ့ ကြည့်ရှုနှုန်း အဆင်ပြေနေလိမ့်မယ်"
ဟာဆီ၏ စတိုင်လစ်ချုပ် ကိန်းနှင့် အစည်းအဝေးက ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီး သူတို့က ကြော်ငြာအတွက် ဝတ်စုံဒီဇိုင်းကို မြန်မြန် အဆုံးသတ်လိုက်ကြသည်။