အပိုင်း ၁၀၈
Viewers 16k

Chapter 108

"ရှောင်ထင်းလို့ ခေါ်တဲ့ လူတစ်ယောက်က ကျွန်တော့်လမ်းကို ပိတ်နေတယ်



ဟာဆီ၏ စတိုင်လစ်ချုပ် ကိန်းနှင့် အစည်းအဝေးက ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီး သူတို့က ကြော်ငြာအတွက် ဝတ်စုံဒီဇိုင်းကို မြန်မြန် အဆုံးသတ်လိုက်ကြသည်။ ကိန်းက အရပ်ရှည်ရှည်နှင့် ပိန်ပါးသော ပုံရှိသည့် အိန္ဒိယ ဥရောပမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ပြီး အပြာရင့်ရောင် မျက်လုံးများ ရှိနေသည်။ သူက ယွီနျန်ကို ချီးကျုးလိုက်သည်။


 "ငါအဲ့ဒီ နွေဦးနဲ့ နွေရာသီ

စုဆောင်းမှု ရှိုးပွဲအတွက် မင်းကောဇောနီပေါ် လျှောက်ပေးခဲ့တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ကြည့်ပြီးသွားပြီ... အဝတ်အစားတွေက မင်းရဲ့ ပုံပန်းသွင်ပြင်နဲ့ လုံးဝ ကိုက်ညီနေတယ်... မင်းက ကြော်ငြာဆိုင်းဘုတ်အတွက် တကယ် အသက်ဝင်ပေးနေတဲ့သူပဲ" 

သူက တရုတ်စကားကို ပြောင်း၍ ပြောလိုက်သည်။


 "မင်းက တကယ့်ကို အံ့သြဖို့ကောင်းပါတယ်"


ယွီနျန် ပြုံးကာ ကျေးဇူးတင်လိုက်သည်။


 "ထောက်ခံပေးလို့ ကျေးဇူးပါ"


ကိန်းက ယွီနျန်ကို ဓါတ်လှေကားဆီ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့ပြီး လမ်းခွဲလိုက်ကြသည်။ သူတစ်ယောက်တည်း ရှိနေသောအခါ ယွီနျန်က မုန့်ယွမ်ကို မေးလာခဲ့သည်။ 


"အစ်ကိုမုန့်... အစ်ကို့မျက်နှာက အပျော်တွေ ဝေနေတာပဲ... ကောင်းတာတစ်ခုခု ဖြစ်ခဲ့လို့လား"


“ဒီလောက် သိသာနေတာလား" မုန့်ယွမ် တီးတိုးရယ်မောလိုက်ပြီး သူ့မျက်လုံးများက ပျော်ရွှင်မှုကြောင့် တလက်လက်တောက်နေခဲ့သည်။


 "အခုလေးတင် မင်းဝတ်စုံ စမ်းဝတ်ကြည့်နေတုန်းက ‘V+’ရဲ့ ဒါရိုက်တာ ဖုန်းခေါ်လာတယ်... သူတို့က မင်းကို မျက်နှာဖုံးဓါတ်ပုံ ရိုက်ဖို့ ဖိတ်ခေါ်နေတယ်" 


ရှစ်ရော့ကလည်း မနေနိုင်တော့ဘဲ အသံတိုးတိုးဖြင့် အံ့သြတကြီး ပြောလိုက်သည်။


 “V+လား... ပြည်တွင်းမှာ အကြီးဆုံး ဖက်ရှင် မဂ္ဂဇင်းလား"


ယွီနျန်ကလည်း အံ့အားသင့်သွားလေသည်။


 "သူတို့က ကျွန်တော့်ကို မျက်နှာဖုံးအတွက် ဖိတ်တာလား... အတွင်းဘက်ပုံတွေ အတွက်လား"


မုန့်ယွမ်က သူတို့၏ တုံ့ပြန်ချက်ကို အလွန် ကျေနပ်နေလေသည်


 "ဟုတ်ပါ့... ‘V+’ပဲ... မျက်နှာဖုံးအတွက်လေ... အဲ့ဒီအတွက် ပြဿနာများ ရှိလား"


ယွီနျန်နှင့် ရှစ်ရော့တို့ နှစ်ယောက်လုံး ခေါင်းခါလိုက်ကြသည်။ 


ဓါတ်လှေကားတံခါးက 'တင်း'ဟူ၍ ပွင့်လာပြီး ယွီနျန် ထွက်လာကာ ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးချိန်၌ မီးခိုးဖျော့ရောင် အနောက်တိုင်း ဝတ်စုံဝတ်ထားသည့် လူတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုသူက ယွမ်ကျား လေလံအိမ်မှ သူမှတ်မိနေသည့် လူတစ်ယောက်နှင့်အတူ လျှောက်လာနေသည်။


 ဝီလီယန်ဝူဟူသော လက်ထောက်ပင်။ 


မျက်နှာအစိတ်အပိုင်းများကို ကြည့်လိုက်ပါက သွေးနှောမှန်း သိသာနေပြီး နှာတံမြင့်မြင့်တို့ရှိသည့် ရှောင်ထင်းပါပင်။ သူပြုံးလိုက်သည့်အချိန်မှာပင် အမှတ်မမှားနိူင်သော စိတ်ကြီးဝင်မှုများ သယ်ဆောင်လာပေးသည်။ သူက နေရာမှာပင် ယဥ်ယဥ်ကျေးကျေး ရပ်နေပြီး ပြောလာသည်။


 "ငါ နောက်ဆုံးတစ်ခေါက် မင်းကို ရှာဖို့ ဝီလီယန်ကို ညွှန်ကြားလိုက်တုန်းက မင်းနဲ့တွေ့ဖို့ လျစ်လျူရှုမိသွားတယ်... ဒီတစ်ခေါက်တော့ ငါကိုယ်တိုင်လာပြီး ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ် ပန်းချီကား ကိစ္စကို ဆွေးနွေးချင်တယ်"


ဤနေရာတွင် သူ့ကို တားလိုက်ခြင်းက သူ၏ လွှမ်းမိုးနိုင်မှုနှင့် အရှိန်အဝါတို့ကို ပြသလိုသည့် စိတ်ကူးကြောင့် ဖြစ်နိုင်သည်။ နားထောင်ပြီးနောက် ယွီနျန်က အမူအယာမပြောင်းဘဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ထိုအစား သူ့ဖုန်းကို ထုတ်ကာ ရွှယ်ယုံ၏ နံပါတ်ကို ဖုန်းခေါ်လိုက်သည်။ 


"နျန်နျန်လား"


ယွီနျန်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး အပြုံးလေးတစ်ခု ဖြစ်ပေါ်လာသည်။


 "ဒီညတော့ မန်ဒရင်းငါးနှပ်စားဖို့ အခွင့်အရေး မရှိတော့ဘူးထင်တယ်"


ထိုစကားကို ကြားသောအခါ ရွှယ်ယုံ၏ အသံထဲမှ မကျေနပ်သည့် အရိပ်အယောင်တစ်ခု ခံစားလိုက်ရသည်။ "ဘာလို့လဲ"


ယွီနျန်က ရှောင်ထင်း၏ အကြည့်ကို မရှောင်ဘဲ တည့်တည့်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ 


"ရှောင်ထင်းလို့ ခေါ်တဲ့ လူတစ်ယောက်က ကျွန်တော့်လမ်းကို ပိတ်နေလို့လေ... ကျွန်တော့်ဆီက ပန်းချီကား ဝယ်ချင်လို့တဲ့... ဒါဆို ခင်ဗျား အခု လာပေးနိုင်မလား"


 


ယွီနျန်က ဖုန်းကို ပြန်ထားလိုက်ပြီး ရှောင်ထင်းထံ လှည့်၍ မေးလိုက်သည်။ 


"စကားပြောဖို့ တခြားနေရာတစ်နေရာ သွားကြရင်ရော"


ရှောင်ထင်းက ပြုံးလိုက်သည်။ 

"ငါလည်း သဘောထားတူတူပဲ"


နာနီကားက မောင်းထွက်လာပြီး ယာဥ်ကြောများထံ တိုးဝင်သွားသည်။ နောက်ကြည့်မှန်ကို ဖြတ်၍ နောက်ပါးမှ Rang Roverကားကို ကြည့်၍ မုန့်ယွမ် အဆုံးတွင် ပြောလာခဲ့သည်။


 "နျန်နျန်... အဲ့ဒီရှောင်ထင်းဆိုတဲ့ သူက ဘယ်သူလဲ... ကြည့်ရတာ သဘောကောင်းမဲ့ပုံ မပေါ်ဘူးနော်"


ရှစ်ရော့ကလည်း ဝင်ပြောသည်။ 


"ကျွန်မလည်း သူ့လက်က အကန့်အသတ်ထုတ် Vacheron Constantin နာရီကို သတိထားမိတယ်... ပြီးတော့ သူက စကားပြောနေရင်း ပြုံးနေပေမယ့် သူနဲ့ ပတ်သက်ပြီး တစ်ခုခုက ရင်တထိတ်ထိတ် ဖြစ်စေတဲ့ ခံစားချက် ရနေတယ်... သူက ပန်းချီကား ဝယ်ချင်ရုံ ရောက်လာတဲ့ပုံစံ မပေါ်ဘူး"


ယွီနျန်ကလည်း ဖုန်းကိုင်ထားရင် အတွေးနစ်နေလေသည်။ သူတို့၏ စပ်စုမေးမြန်းသော စကားများကို ကြားသောအခါ အခြေအနေကို အတိုချုံ့ ရှင်းပြလိုက်သည်။


 "အင်း... သူက ကနေဒါမှာ ရှိတဲ့ တရုတ်လူချမ်းသာ မိသားစုတစ်ခုရဲ့ ဆက်ခံသူတွေထဲက တစ်ယောက်ပဲ... သူက ဒီနေရာကို ရောက်လာတာ ပန်းချီကားကို လေလံဆွဲချင်လို့... ကျွန်တော့်မှာ 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ပန်းချီကား ရှိတော့ အဲ့ဒါကို အတင်းအကျပ် ဝယ်ချင်နေတာလေ"


မုန့်ယွမ်က ပါးစပ်ဟလိုက်သော်လည်း ထိုသူ၏ အစစ်အမှန်ပုံစံနှင့် ရည်ရွယ်ချက်ကြောင့် အံ့သြရမည်လား သို့မဟုတ် ယွီနျန်ထံတွင် "ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်" ပန်းချီကား အမှန်တကယ်ပင် ရှိနေသည်ကို ထိတ်လန့်နေရမည်လား သေချာမသိတော့ပေ။ 


သို့သော်လည်း ယွီနျန်က "ကျန်းရှန်းမှာ အဆက်မပြတ် ရွာနေတဲ့မိုး"ကို သန်း90နှင့် "အိပ်မပျော်နိုင်စာလိပ်"ကို သန်း200တို့ဖြင့် ဝယ်ယူခဲ့ကြောင်း အမှတ်ရမိသွားသောအခါ "ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်" ရှိနေခြင်းက လုံးဝထိတ်လန့်စရာ မဟုတ်တော့ပေ။ 


ထိုအရာများကို အလေ့အကျင့်ဖြစ်အောင် လုပ်ထားသင့်သည်ဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ 


နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီးနောက် မုန့်ယွမ် ထိုကိစ္စကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲရန် ဆုံးဖြတ်လိုက်သည်။ 


"မင်းက ဝမ်နင်းရွှယ်နဲ့ အဆက်အဆံ မရှိကြောင်း ငြင်းလိုက်တော့ လူထုအမြင်ကလည်း သတိပြုမိလောက်အောင် ပြောင်းလဲသွားတယ်... ကြည့်ရတာ မင်းဖန်တွေနဲ့ အခြားသူတွေက သူ့ကို ရက်ရက်စက်စက် ဝေဖန်နေကြတော့ ဝမ်နင်းရွှယ်ရဲ့ အဖွဲ့ကလည်း ခြေတစ်လှမ်းလောက် ဆုတ်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ"


 မုန့်ယွမ် သက်ပြင်းချလိုက်သည်။


 "ဝမ်နင်းရွှယ်အကြောင်း ပြောကာမှပဲ သူ့ရဲ့ အသိအမှတ်ပြုလောက်စရာ အလုပ်က မလွှင့်ရသေးတဲ့ 'ရှေးဟောင်းလမ်းမ'ပဲ ရှိတာ... သရုပ်ဆောင်စကေးနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန်တိုးတက်ဖို့ကျ မစဥ်းစားဘဲ ဒီလို မရိုးသားတဲ့ နည်းခမ်းတွေ သုံးဖို့ ရွေးချယ်ခဲ့တာပဲ"


သို့သော်လည်း သူကိုယ်တိုင်လည်း သိနေပေသည်။


 "ဒီလောကထဲမှာ လူအများစုက သာမန်လောက်ပဲ... ရည်မှန်းချက်လည်း မကြီးကြဘူး... ဒါပေမယ့် ကျော်ကြားမှုနဲ့ အနာဂါတ်ကောင်းကောင်း ရဖို့ ဘာမဆို လုပ်ရဲကြတဲ့ သူတွေလည်း ရှိတယ်"


 မုန့်ယွမ် သူ့မေးကို ပွတ်လိုက်သည်။ 

"ဒီတစ်ခေါက် ငါတို့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြထားဖို့လိုတယ်... မဟုတ်ရင် ဝမ်နင်းရွှယ်သာ အောင်မြင်သွားလို့ကတော့ အခွင့်အရေးသမားတွေ ဘယ်လောက်တောင် မင်းဆီ လိုက်လာကြမလဲ မသိဘူး"


ယွီနျန် သဘောတူလိုက်သည်။

 "ကျွန်တော်လည်း အတူတူပဲ တွေးထားတယ်... ပြီးတော့ ဆက်ဆံရေးတွေက အပြင်းအထန်တိုက်စားမှုတွေကို ကြံ့ကြံ့မခံနိုင်ဘူး... ကျွန်တော် ရွှယ်ယုံကို အလုပ်များ နေရတဲ့အချိန်မှာ ဒီလို အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကြောင့်နဲ့ စိတ်ရှုပ်မခံနိူင်ဘူး"


ရှစ်ရော့က မနေနိုင်ဘဲ ဖွင့်ပြောမိသွားသည်။

 "ဒါပေမယ့် မင်းက အနုပညာရှင်တစ်ယောက်လေ... ကောလဟာလတွေဆိုတာ မင်းထိန်းချုပ်နိုင်မဲ့ အရာမျိုးမှ မဟုတ်တာ"


ယွီနျန် ခေါင်းယမ်းပြလိုက်သည်။ 

"အဲ့ဒီအကြောင်း ပြောရရင် ရွှယ်ယုံရဲ့ အလုပ်၊ မိသားစုနောက်ခံနဲ့ချမ်းသာမှုက လူတွေကို ပိုဆွဲဆောင်နိုင်မယ် မဟုတ်ဘူးလား... ချမ်းသာတဲ့ မိသားစုကို လက်ထပ်ရဖို့ဆိုတာ လူတိုင်းရဲ့ အိမ်မက်ပဲလေ"


“ဟုတ်သလိုလိုပဲ.. ရွှယ်ယုံက ဆွဲဆောင်မှု ရှိရုံတင်မကဘူး... အရမ်း ချောနေသေးတယ်"

 ရှစ်ရော့ ပြန်တွေးကြည့်လိုက်သည်။ 


"အဲဒီလိုဆိုရင်တောင် ရွှယ်ယုံမှာ ဘာကောလဟာလမှ မရှိသလိုပဲ"


မုန့်ယွမ် ထပ်ပေါင်းပြောလိုက်သည်။

 "ရွှယ်ယုံက သူ့ဘေးက လူတိုင်းကို အေးခဲသွားစေနိုင်တဲ့ အေးစက်နေတဲ့ အရှိန်အဝါတွေ ထုတ်လွှင့်နေတာ... သူ ရှင်းယောင်ကို လာပြီး ဥက္ကဌချူကို လာတွေ့ချိန်တွေဆို ဧည့်ကြိုဝန်ထမ်းလေးတွေတောင် ဖြူဖျော့သွားကြတာလေ"


"သူကတကယ်တော့ နှစ်ကိုယ်ကြားမှာ ဒီလိုမျိုး မဟုတ်ပါဘူး"


မုန့်ယွမ်နှင့်ရှစ်ရော့တို့၏ "ငါတို့ကို လာမလိမ်နဲ့" ဟူသော မျက်နှာအမူအယာကို တွေ့လိုက်ရသောအခါ ယွီနျန် များများစားစား မပြောတော့ဘဲ ယွီချင်း၏ စကားများကို ငှားသုံးလိုက်သည်။


 "ဘာပဲဖြစ်ဖြစ်... ဒါ ကျွန်တော့်ရဲ့ သဘောထားပဲ... ကျွန်တော့် ဂုဏ်သတင်းကို ကာကွယ်ရမှာပဲလေ"


မုန့်ယွမ် တီးတိုး ရယ်မောလိုက်သည်။


 "ဟုတ်ပါ့... ဘယ်သူမှ မင်းရဲ့ ဂုဏ်သတင်းကို လာဖျက်လို့ မရဘူး"


နာနီကားက နျင်းဟယ်အဆောက်အအုံရှေ့တွင် ရပ်သွားသည်။ မုန့်ယွမ် စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။ "တစ်ယောက်တည်း သွားမှာ သေချာလား"


“အင်း... ခဏနေ ရွှယ်ယုံ ရောက်လာတော့မယ်... အစ်ကိုမုန့်... အစ်မရော့ရော့ အစ်မတို့ နှစ်ယောက်လုံး အနားယူသင့်တယ်... ဒီရက်တွေထဲ ပင်ပန်းနေကြတာလေ"


မုန့်ယွမ်တစ်ယောက်သာ ငိုက်မျဥ်းနေရသူ မဟုတ်ပေ။ "ဟုတ်ပြီ... ဒါဆိုရင် ငါတို့ ပြန်သွားတော့မယ်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"


ရှောင်ထင်း တွေ့ဆုံရန် စီစဥ်ထားသော နေရာက နျင်းမြို့၏ ထိပ်တန်း သီးသန့်ကလပ်တစ်ခု ဖြစ်ပြီး ယွီလန်ဟု ခေါ်ကာ နျင်းဟယ် အဆောက်အဦး၏ အထပ်ငါးဆယ်တွင် တည်ရှိသည်။ ထိုအခန်းက နျင်းမြို့တော်တစ်ခုလုံးကို 360 ဒီဂရီဖြင့် အပေါ်စီးမှ ရှုမြင်နိုင်သည်။ 


ဓါတ်လှေကားထဲသို့ ဝင်လာသောအခါ နံရံများက အထူးကောင်းမွန်သော သစ်သားခုံးများဖြင့် တန်ဆာဆင်ထားပြီး ကျော့ရှင်းလှပနေသော်လည်း အလွန်အမင်း တန်ဆာဆင်ထားခြင်း မရှိသည့် လေထုကို ဖန်တီးပေးနေသည်။ ရှောင်ထင်းက ယွီနျန်ကို ကြည့်၍ ယဥ်ကျေးသော အပြုံးလေးတစ်ခုဖြင့် မေးလိုက်သည်။ 


"နောက်ထပ်လာမဲ့ မင်းရဲ့ သူငယ်ချင်းက ငါးကြင်းမြီးကွက်နှပ်ကို တကယ်ကြိုက်တာတဲ့လား"


“ဟုတ်ပါတယ်" ယွီနျန်က ဒုတိယတစ်ကြောင်းကိုတော့ မပြောခဲ့... သူက ကျွန်တော် ချက်သမျှ ဟင်းပွဲတွေအားလုံးကို သဘောကျတာလို့ ပြောရမှာပဲ...


စကားအချို့ပြောပြီး အချိန်လေးမှာပင် ဓါတ်လှေကားတံခါး ပွင့်လာခဲ့ပြီး ကလပ်နေရာထဲသို့ ဝင်သွားကြသောအခါ ဝင်လုဆဲဆဲ နေလုံးကြီး၏ ရောင်ခြည်များက လက်လုပ်ကော်ဇောခင်း၏ မျက်နှာပြင်ကို ရွှေရောင်ဖျော့ဖျော့ ဖြန့်ကျက်နေကာ နံရံထက်မှ ကြေးနီမီးဆိုင်းများက စတင်ထွန်းလင်းလာလေသည်။ 


ရှောင်ထင်းက ရှပ်အင်္ကျီ၏ လက်ကြယ်သီးကို ချွတ်လိုက်ပြီး ယွီနျန်ကို ယဥ်ယဥ်ကျေးကျေး သတိပေးလိုက်သည်။


 "မင်းရဲ့ ဧည့်သည်က ဘယ်တော့လောက် ရောက်လာမှာလဲ... ငါ သူတို့ကို အရင်နှုတ်ဆက်ရဦးမှာလား... ဒီနေရာက အဖွဲ့ဝင်တွေ အတွက်ပဲ... အဖွဲ့ဝင်မဟုတ်တဲ့ လူတွေက အဖွဲ့ဝင်ကတ်မရှိဘဲ ဝင်လို့ မရဘူး"


ယွီနျန်၏ အပြုံးက မျက်လုံးများထံသို့ ရောက်မလာသေးပေ။ "ခင်ဗျားရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးပါ... ဒါပေမယ့် မလိုပါဘူး"


ရှောင်ထင်းပြုံး၍ ပုခုံးတွန့်လိုက်သည်။ "ကောင်းပြီလေ... မင်းအလိုအတိုင်းပေါ့"


သုံးယောက်သားက အထဲသို့ ခြေလှမ်း အနည်းငယ် လျှောက်ဝင်လာသောအခါ အနောက်တိုင်းဝတ်စုံနှင့် လည်စီး ဝတ်ထားသည့် ငယ်ရွယ်သော မန်နေဂျာလေးလေးယောက်က အလောတကြီး ဖြတ်ပြေးသွားကြပြီး ဝင်ပေါက်၏ ဘေးနှစ်ဖက်တွင် တလေးတစား သွားရပ်လိုက်ကြသည်။ 


ရှောင်ထင်းက နံရံပေါ်မှ ပန်းချီကားကို ကြည့်နေရာမှ လှည့်ကြည့်လိုက်ပြီး အိတ်ကပ်ထဲတွင် လက်ထည့်ထားလိုက်သည်။ သူက လမ်းပြပေးနေသော ဝိတ်တာလေးကို မေးကြည့်လိုက်သည်။ 


"ဘယ်သူ ရောက်လာတာလဲ"


ဝိတ်တာလေးက နှိမ့်ချသော အသံဖြင့် ပြန်ဖြေလေသည်။

 "ဘောစ့် ရောက်လာလို့ပါ"


ရှောင်ထင်းက စိတ်ဝင်စားသွားပုံပေါ်သည်။ 


"မင်းတို့ရဲ့ ဘောစ့်က ဘယ်သူများ ဖြစ်မလဲ"


စားပွဲထိုးလေးက ပြုံး၍သာ နေပြီး ပြန်မဖြေလာပေ။


ထိုအမူအယာကို တွေ့သောအခါ ရှောင်ထင်းက ဆက်မတိုက်တွန်းတော့ဘဲ ယွီနျန်ဘက်ကို လှည့်လိုက်သည်။ "ငါတို့ ဝင်သွားကြတော့မလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။

 "ဒါပေါ့"


ထိုအခိုက် ဝင်ပေါက်ဘက်မှ နှုတ်ဆက်သံ သဲ့သဲ့ ထွက်လာသည်။ 

"မင်္ဂလာ နေ့လည်ခင်းပါ"


ရှောင်ထင်းက ထိုသူမှာ ရောက်ရှိလာသည့် ယွီလန်၏ ဘောစ့်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ သူလှည့်ကြည့်လိုက်ရာ ကိုယ်တိုင်းဖြင့် ချုပ်ထားသည့် အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့် လူငယ်တစ်ယောက်က မလှမ်းမကမ်းမှ လျှောက်လာနေကြောင်း တွေ့လိုက်ရသည်။ ထိုသူက အေးစက်နေသော အမူအယာ ရှိပြီး မျက်စံခပ်နက်နက်တို့ဖြင့် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သော ချောမောလှပသည့် မျက်နှာတစ်ခု ရှိနေသော်လည်း ညနေခင်း နေရောင်ခြည်ကပင် သူ့အပေါ် အနွေးဓါတစ်စွန်းတစ်စမှ မထည့်သွင်းပေးနိူင်ပေ။ 


မန်နေဂျာငယ်လေး လေးယောက်က ရိုသေလေးစားသည့် အမူအယာများ ပြနေသည်ကို တွေ့သောအခါ ရှောင်ထင်းက ထိုသူမှာ ယွီလန်၏ နောက်ကွယ်မှ လျှို့ဝှက်ဆ

န်းကြယ်သည့် ပိုင်ရှင်ဖြစ်ကြောင်း သေချာသွားသည်။ 


သူတွေးနေစဥ်မှာပင် ထိုသူက သူတို့ ရှိနေရာ နေရာသို့ လှမ်းကြည့်နေခဲ့လေပြီ။ 


အဆုံးတွင် ထိုသူက သူတို့ရှိရာသို့ တန်း၍ လျှောက်လာခဲ့သည်။