Chapter 109
သူတို့ တွဲမနေတာ သေချာရဲ့လား
ရှောင်ထင်းက အပြုံးတစ်ခု ချိတ်ဆွဲ၍ ထိုသူနှင့် လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သည်။
မထင်မှတ်ထားစွာပင် ထိုသူက သူ့ရှေ့တွင် ရပ်သွားပြီးနောက် လက်မြှောက်ကာ ယွီနျန်၏ လည်ပင်းတွင် ဆွဲထားသည့် လည်ဆွဲကို ခပ်ဖွဖွ ပြန်ညှိပေးလာခဲ့သည်။ သူက အလွန်ညင်သာသော အသံဖြင့် ပြောလိုက်လေသည်။
"ဒီနေ့ ပင်ပန်းနေပြီလား"
ယွီနျန်၏ နှုတ်ခမ်းလေး ကွေးတက်လာခဲ့သည်။
"နေ့လည်က ဟာဆီမှာ အဝတ်ပြန်ပြင်ဖို့ သွားခဲ့တာ... အေးအေးဆေးဆေးပါပဲ... မပင်ပန်းဘူး... ခင်ဗျားကရော"
ရွှယ်ယုံက ခေါင်းကို ခါယမ်းလိုက်သည်။
"မင်းဖုန်းခေါ်လာတုန်းက အစည်းအဝေးတစ်ခု ပြီးကာစလေ... နည်းနည်းနောက်ကျသွားလို့ တောင်းပန်ပါတယ်နော်"
ပြောပြီးနောက် ရွှယ်ယုံက ရှောင်ထင်းထံ အကြည့်ပို့လိုက်ပြီး သူ့အသံကလည်း အေးတိအေးစက် ဖြစ်သွားသည်။
"ခင်ဗျားက ရှောင်ထင်းပဲ ဖြစ်ရမယ်
ရှောင်ထင်းက ထိုသူ နှစ်ယောက် ပြောဆိုဆက်ဆံနေသည်ကို ကြည့်ကာ ရွှယ်ယုံ၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် သတိထား၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော် ရှောင်ထင်းပါ"
ပြီးနောက် သူ့ညာလက်ကို ဆန့်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်"
ရွှယ်ယုံက ရှောင်ထင်း၏ ညာလက်ကို တစ်ခဏလောက် ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ သူ့နောက်မှ မန်နေဂျာထံ လှည့်ပြောလိုက်သည်။
"ပိုးသားနွယ်ပင်နဲ့ တိမ်မျှင်တွေပါတဲ့ ကိတ်တစ်ပန်းကန်ယူလာခဲ့... နျန်နျန်က အဲ့ဒါကို ကြိုက်တယ်"
သူက အမိန့်ပေးပြီးနောက် ယွီနျန်၏ လက်ကို ဆွဲကာ ရှေ့မှ လျှောက်လာခဲ့သည်။ လမ်းလျှောက်နေရင်းဖြင့် ယွီနျန်ကို အသံတိုးတိုးနှင့် မကျေမနပ် ပြောလိုက်သေးသည်။
"ငါးကြင်းနှပ်က တကယ် မစားရတော့ဘူးလား"
ယွီနျန် တိုးဖွဖွ ရယ်လိုက်သည်။
"စောစော ပြန်ရောက်ရင် ချက်ပေးမယ်လေ... ဒီလိုဆိုရင်ရော"
ရွှယ်ယုံ၏ မျက်လုံးများ ဝင်းပသွားလေသည်။
"ကောင်းတယ်"
ထိုစကားများကို ခြေနှစ်လှမ်း အကွာမှ ကြားနေရသည့် ရှောင်ထင်းနှင့် ဝီလီယန်က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ အတွေးများကို မချိန်ဆဘဲ မနေနိုင်တော့ပေ။
လေးယောက်သားက "ယွီကျန်း"ဟုခေါ်သည့် သီးသန့်ခန်းလေးထဲတွင် နေရာဝင်ယူလိုက်ကြသည်။ ရွှယ်ယုံက စားပွဲထိုးထံမှ ကြွေလက်ဖက်ရည်ပွဲလေးကို ယူကာ ယွီနျန်အတွက် လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်သည်။ သူက လက်ဖမိုးဖြင့် အပူချိန်စမ်းပြီးမှ ယွီနျန်၏ ရှေ့တွင် ချပေးလိုက်သည်။
ယွီနျန်က လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် ခွက်ကို ပြန်ချထားလိုက်လေသည်။
ရွှယ်ယုံ မေးလိုက်သည်။
"နျန်နျန်... အရမ်းပူနေလို့လား"
ယွီနျန် ခေါင်းကို ခါယမ်းလိုက်သည်။
"မဟုတ်ပါဘူး... အနေတော်ပါပဲ"
ထိုမှသာ ရွှယ်ယုံ စိတ်အေးသွားလေသည်။
ရွှယ်ယုံ၏ အကြည့်များက ဝီလီယန်ဝူထံ ကျရောက်သွားပြီး ယဥ်ကျေးနေခြင်း မရှိဘဲ တဲ့တိုးသာ ပြောလိုက်သည်။
"မင်းက ယွမ်ကျန်းလေလံအိမ်မှာ နျန်နျန်ရဲ့လမ်းကို ပိတ်ခဲ့တဲ့သူပဲ... ဟုတ်တယ်မလား"
ရှောင်ထင်းက ကြားဝင်ပြောလိုက်သည်။
"အဲ့ဒါ ကျွန်တော်ပါ... ကျွန်တော်က ပန်းချီကား ဝယ်လိုဇောနဲ့ လက်လွတ်စပယ် ပြုမူမိတာပါ"
ရွှယ်ယုံ၏ အမူအယာက များများစားစား ပြောင်းလဲမသွားဘဲ သူ့အသံက ပို၍ပင် အေးစက်လာခဲ့သည်။
"အရင်တစ်ခေါက်က ခင်ဗျားရဲ့ အဖေနဲ့ EGA စီးပွားရေးဖိုရမ်မှာ တွေ့ဖူးတယ်"
ရှောင်ထင်း ပြုံးပြလိုက်သည်။
"အဖေ ပြန်လာတော့ ခင်ဗျားအကြောင်းကို ကျွန်တော်တို့ ညီအစ်ကိုတွေရှေ့မှာ ပြောဖူးပါတယ်... ပြီးတော့ လှိက်လှိက်လှဲလှဲကို ချီးကျူးနေခဲ့တာပါ"
ရှောင်ထင်းက ပြောနေရင်း နှလုံးသားထဲမှ ခါးသီးမှုများကို ခံစားလိုက်ရသည်။ ယွီနျန် ခေါ်လာမယ့်သူက ရွှယ်ယုံ ဖြစ်နေမယ်လို့ သူလည်း မထင်ထားမိဘူးလေ...
သူ့အဖေက ရွှယ်ယုံကို အမှန်ပင် မြင့်မြင့်မားမား ချီးကျူးခဲ့ပါ၏။ သို့သော်လည်း နောက်ထပ် စကားအချို့ ဆက်ပြောသေးသည်။ "အဲ့ဒီရွှယ်ယုံကလေ... မင်းတို့ထဲက ဘယ်သူကမှ သူ့လမ်းကို မတော်တဆ သွာဖြတ်မကူးမိစေနဲ့... သူ့နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ... အဲ့ဒီလူရဲ့ ဥာဏ်နီဥာဏ်နက်နဲ့ စီမံနိုင်မှုတွေက သွားပြိုင်လို့ မရဘူး... အခုတင်မကဘူး နောက်ထပ်ဆယ်နှစ်လောက်အထိပဲ... မြင်းစီးပြီးလိုက်ရင်တောင် မှီနိုင်မှာ မဟုတ်ဘူး... အဆုံးမှာ မင်းတို့ရဲ့ အရိုးတွေ အကြောတွေ ဆွဲထုတ်ခံရပြီး နောင်တရနေရမှာထက်စာရင် သူနဲ့ ဝေးဝေးနေလိုက်တာ အကောင်းဆုံးပဲ"
ထိုသူ၏ လမ်းကို ဖြတ်ကူးရန် တစ်ခါမှ ရည်ရွယ်မထားခဲ့ဖူးသော်လည်း ပန်းချီကားလေး ဝယ်ရုံ ကိစ္စတစ်ခုလေးက ရွှယ်ယုံကိုပါ ပါဝင်ပတ်သတ်စေမည်ဟု သူ မထင်ထားခဲ့ပါပေ။
သူ ရွှယ်ယုံနှင့် ယွီနျန်အကြား ဆက်ဆံရေးကို ကြည့်ရသလောက် သေချာပေါက် လုံးဝ မရိုးရှင်းနိူင်ပေ။ လက်ဖက်ရည်ငှဲ့စဥ် ရေထည့်ပေးစဥ်က ရွှယ်ယုံ ပြသလာသော ဂရုစိုက်သည့်ပုံစံများအပေါ် အခြေခံ၍ သူ သတိလက်လွတ် ဖြစ်နေ၍ မရပေ။
ရွှယ်ယုံ၏ မျက်နှာထက် သဘောကျသည့် အမူအယာ ပြမလာပေ။ သူက ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလာသည်။
"အင်း"
စားပွဲထိုးလေးက အချိုပွဲအချို့ ယူလာပေးခဲ့ပြီး ရွှယ်ယုံက ထိုအထဲမှ တစ်ခုကို ယူကာ ယွီနျန်၏ လက်ဖက်ရည်ခွင်ဘေးတွင် မချပေးခင် အလွယ်တကူ စားနိုင်လောက်မည့် အတုံးသေးသေးလေးများဖြစ်အောင် အကူကိရိယာလေးဖြင့် လှီးပေးလိုက်သည်။
ရှောင်ထင်းက တစ်ခဏမျှ တွေးတောကြည့်ပြီးနောက် လာရင်းရည်ရွယ်ချက်ကိုသာ တန်းပြောလိုက်ရန် ဆုံးဖြတ်လိုက်သည်။
"မစ္စတာရွှယ်... ခင်ဗျားလည်း ကြားဖူးမယ် ထင်ပါတယ်... ကျွန်တော့်ရဲ့ အဘွားက စုဆောင်းမှုလက်ရာတွေကို တကယ်ချစ်မြတ်နိုးတယ်... အထူးသဖြင့် ရှေးဟောင်းပန်းချီကားတွေပါ... အဘွားက လင်းချန်ကျိရဲ့ လက်ရေးလှတွေကို အထူးနှစ်သစ်တယ်.. အထူးသဖြင့် 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ပန်းချီကားပါ... ခင်ဗျားအနေနဲ့ အဲ့ဒီပန်းချီကားကို ရောင်းပေးနိုင်မလား သိချင်ပါတယ်"
ရွှယ်ယုံ ပြန်ဖြေလိုက်သည်။
"ပန်းချီကားက နျန်နျန်ပိုင်တာပဲ... သူ့ကို မေးသင့်တယ်"
ရှောင်ထင်း၏ မျက်နှာထက်၌ ယခင်က ရှိခဲ့သော အထင်အမြင်သေးမှုများ ကွယ်ပျောက်သွားခဲ့လေပြီ။ သူ ယွီနျန်ကို ကြည့်ကာ ယဥ်ယဥ်ကျေးကျေး မေးလိုက်သည်။
"မစ္စတာယွီ... ခင်ဗျား အနေနဲ့ ကျွန်တော့်အဘွားရဲ့ ဆန္ဒလေးကို ဖြည်းဆည်းပေးနိုင်မလား"
ယွီနျန်၏ အပြုံးက ဖျော့တော့နေပြီး အဖြေကလည်း ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်နေသည်။ "မရောင်းပေးနိုင်ပါဘူး"
ရှောင်ထင်းက တဲ့တိုး အငြင်းခံလိုက်ရသဖြင့် စိတ်ပျက်သွားသော်လည်း မျက်နှာထက်၌ အပြုံးလေးတစ်ခုကို ထိန်းထားဆဲပင်။
"စျေးနှုန်းက ကိစ္စမရှိပါဘူး... ဂဏန်းကိုးလုံးလောက်အထိ ပေးနိုင်ပါတယ်... ဒီလို အရာတွေ ဝယ်တယ်ဆိုတာ စုဆောင်းဖို့အတွက်တင် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံဖို့လည်း ပါတယ်လေ... ပြီးတော့ ခင်ဗျားက ယွမ်ကျား လေလံအိမ်မှာ 'အိပ်မပျော်နိုင်သူ စာလိပ်'ကို လေလံဆွဲဖို့ ငွေသန်းနှစ်ရာ သုံးလိုက်ရတာ ကျွန်တော် သိထားတယ်... စျေးက မနည်းလှဘူးလေ... ခင်ဗျားအနေနဲ့ ကုန်သွားတဲ့ ငွေတွေ ပြန်ဖြည့်ဖို့နဲ့ အားပြန်ဖြည့်ဖို့လည်း လိုမှာပဲမလား"
"ကျွန်တော် 'အိပ်မပျော်နိုင်သူ စာလိပ်'ကို သန်းနှစ်ရာနဲ့ လေလံဆွဲခဲ့တယ် ဆိုတာကို သိနေရင် ကျွန်တော့်မှာ ငွေပြတ်မနေဘူးဆိုတာလည်း ခင်ဗျား သိသင့်တာပေါ့" ယွီနျန်က မလှုပ်မရှား ရှိနေဆဲပင်။
"တောင်းပန်ပါတယ်... ကျွန်တော့် အဖြေက မပြောင်းနိုင်တော့ဘူး"
ရွှယ်ယုံ ရှိနေသည်ကြောင့်သာ မဟုတ်ခဲ့ပါက ရှောင်ထင်းမှာ သူ့အတွက် မည်သည့်လမ်းက ကောင်းမည်ကို မသိရကောင်းလားဟု ဆူပူလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ယောက်က ပိုက်ဆံပေးဖို့ ဆန္ဒရှိနေတယ်ဆိုတာ မင်းကို တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ... မင်းက ဘယ်သူမို့ လာတုံ့ဆိုင်းပြနေတာလဲ...
သို့သော်လည်း သူ့အနေဖြင့် ရွှယ်ယုံကို ဆန့်ကျင်ရန် မစွမ်းသာကြောင်း သိနေသဖြင့် သည်းခံကာ စိတ်ရှည်လက်ရှည် ပြောပြပေးနေခဲ့သည်။
"မစ္စတာယွီ... ခင်ဗျား လိုချင်တဲ့ အခြေအနေတွေကို ပြောပါ... ကျွန်တော့်အနေနဲ့ အကုန် ဖြည့်ဆည်းပေးနိုင်ပါတယ်"
ယွီနျန်က ရွှယ်ယုံ သူ့အတွက် ပြင်ဆင်ပေးထားသော အချိုပွဲကို လက်စသတ်ကာ ခေါင်းယမ်းပြလိုက်သည်။
"ကျွန်တော့်ဘက်က ပန်းချီကားကို ရောင်းမှာ မဟုတ်တဲ့အတွက် ဘာအခြေအနေမှ မရှိဘူး"“
ရှောင်ထင်းက လက်ဖက်ရည်ကို စိမ်ပြေနပြေ သောက်နေပြီး တိတ်ဆိတ်နေဆဲ ဖြစ်သည့် ရွှယ်ယုံကို ကြည့်လိုက်သည်။ အဆုံးတွင် သူ ပြောလိုက်လေသည်။
"ကောင်းပါပြီ... ကမန်းကတန်း နှောက်ယှက်လိုက်ရလို့ တောင်းပန်ပါတယ်"
သီးသန့်ခန်း၏ တံခါး ပိတ်သွားသည်နှင့် ရွှယ်ယုံက လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်သည်။
"နျန်နျန်... နောက်လအထိ ဘယ်သွားသွား မင်းဘေးမှာ ဘော်ဒီဂတ်တွေ ခေါ်သွားမှ ဖြစ်မယ်နော်"
"သူတစ်ခုခု လုပ်မှာ စိတ်ပူလို့လား"
“အင်း”ရွှယ်ယုံက လက်လှမ်းကာ ယွီနျန်၏ မျက်လုံးအောက်မှ မှဲ့လေးကို ထိလိုက်သည်။
"အမွေဆက်ခံခွင့် ပြိုင်ပွဲရဲ့ တိုကင်ပြားအတွက်ဆို သူအလျော့မပေးဘဲ ပြဿနာ လာရှာမှာကို ကိုယ်စိုးရိမ်တယ်... ကိုယ်က တစ်ချိန်လုံး မင်းကို ကာကွယ်မပေးနိုင်ဘူးလေ... ဒါပေမယ့် ဘော်ဒီဂတ်တွေနဲ့ဆို... ကိုယ်လည်း နည်းနည်း တော့စိတ်အေးရတာပေါ့"
ယွီနျန် မငြင်းလိုက်ပေ။
"ကောင်းပြီလေ... ကျွန်တော့်အတွက် လူတွေ စီစဥ်ပေးထားလေ" သူ အချိန်ကြည့်လိုက်သည်။
"အခုထိ 7နာရီတောင် မထိုးသေးဘူး"
ရွှယ်ယုံက မြန်မြန် ပြန်ဖြေလာခဲ့သည်။
"ကိုယ်တို့အခု သွားကြတော့မလား"
“ရတာပေါ့... ကျွန်တော် အစ်မရော့ရော့ကို ငါးလတ်လတ်ဆတ်ဆတ်တွေ ဝယ်ခိုင်းထားတယ်... ဒါကြောင့်မို့ ညစာ နောက်မကျလောက်ဘူး"
*****
လေလုံခန်းထဲကလို ကိစ္စများ ရှိမလာတော့ပေ။ ပထမဆုံး နျင်းချန်ပြတိုက်၏ ဒါရိုက်တာ ကန်ကျိုးက ပန်းချီကား ရောင်းပြီးပြီလားဟု သတိထား၍ မေးလာသည်။ မကြာခင် ရုန်ယွဲ့ကလည်း ဖုန်းခေါ်လာခဲ့ပြီး "ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်" အကြောင်းဆွေးနွေးရန် ယွီလန်သီးသန့်ကလပ်၌ ရှောင်ထင်းနှင့် တွေ့ခဲ့သည်လား... အခြေအနေ မည်သို့ ဖြစ်သွားခဲ့သနည်းဟု မေးလာသည်။
ယွီနျန်ကလည်း ပန်းချီကား မရောင်းချရသေးသည့်အကြောင်း ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
ရုန်ယွဲ့က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ ကောလဟာလတွေက အမှန်ပဲထင်တယ်... ပန်းချီကားကို သီးသန့် ဝယ်ချင်နေကြတဲ့ လူအများကြီးက မင်းကို ကာကွယ်ပေးနေတဲ့သူ ရှိပြီး နောက်ခံကလည်း အရမ်းကြီးတယ် ဆိုတာ ကြားတော့ လက်လျှော့သွားကြတယ်... ရှောင်ထင်းတောင် ဘာမှ ရမသွားဘူး... ဒါက အကောင်းဆုံးပဲ ဖြစ်မယ်... မဟုတ်ရင် မင်းက သူတို့ကို အဆက်အသွယ် လုပ်ချင်တာတောင် မဟုတ်ဘူး"
ယွီနျန်က ရှပ်အင်္ကျီ အဖြူ၏ လက်ကို ပင့်တင်နေသည့် ရွှယ်ယုံကို ကြည့်လိုက်ပြီးနောက် ရုန်ယွဲ့၏ စကားများထဲမှ နောက်ပိုင်းစကားလုံးများကို စိတ်ထဲတွင်သာ ပြောလိုက်သည်။ "ဟုတ်တယ်... အဲ့ဒီလိုပဲ ဖြစ်သွားတယ်"
ငါးကြင်းမြီးကွက်၏ အသားက နူးညံ့လှသော်လည်း အရိုးမွလွန်းသည်။ ရွှယ်ယုံက တူကိုင်ထားရင်း ငါးအရိုးများကို တစ်ခုချင်း ဆွဲထုတ်ကာ သန့်စင်ထားပြီးသား ငါးအသားကို ယွီနျန် ရှေ့တွင် ချပေးလိုက်သည်။
ယွီနျန်မှာ မွန်းလွဲပိုင်းတွင် ယွီလန်၌ အချိုပွဲများသာ စားခဲ့ရစဥ်ကတည်းက ဗိုက်ဆာနေခဲ့ရသည်။ သူက ရွှယ်ယုံ ရှေ့တွင် ထိန်းမထားဘဲ ထမင်း နှစ်ပန်းကန်ကို မြန်မြန် စားပြီးသွားလေသည်။ ရွှယ်ယုံက သူ့ကို အာလူးနှင့် စွပ်ပြုတ် ဟင်းချို ထည့်ပေးလာခဲ့သည်။
"မနင်အောင် သတိထားဦး"
ယွီနျန်က စွပ်ပြုတ်ကို နှစ်ဇွန်းသောက်လိုက်ပြီးနောက် မေးလိုက်သည်။
"ခင်ဗျား ခုနက လက်ထောက်ချင်နဲ့ ဖုန်းပြောနေတာ ကြားလိုက်ရတယ်... အရေးကြီး ကိစ္စ ရှိလို့လား"
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း... ကိုယ် ဥရောပကို ညတွင်းချင်း သွားရမယ်... သတ္တုတွင်းနေရာမှာ မတော်တဆမှုတစ်ခု ဖြစ်သွားလို့ နေရာမှာ ဖြေရှင်းပေးဖို့ လိုနေတယ်... ပြီးရင် အစည်းအဝေးတစ်ခုလည်း ရှိနေသေးတော့ တစ်ပတ်လောက် ကြာသွားနိုင်တယ်"
“တစ်ပတ်လား... အဲ့လောက်ကြာတယ်လား"
ယွီနျန်က တူကို ပြန်ချကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း ချက်ချင်းပင် ပျော်ရွှင်သွားပြန်ပြီး လက်ချောင်းများကို ရေတွက်နေလေသည်။
"ကြည့်ရအောင်... နောက်လကျရင် ကျွန်တော် ဟာဆီရဲ့ ကြော်ငြာနဲ့ ‘V+’ မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓါတ်ပုံကို ဥရောပမှာ ရိုက်ရမှာ... ကျွန်တော်တို့ အဲ့ဒီမှာ တွေ့ချင်တွေ့နိုင်သေးတယ်"
ရွှယ်ယုံက သူ့နှုတ်ခမ်းကို သုတ်လိုက်ပြီး ထရပ်ကာ ယွီနျန်၏ မေးကို လက်ဖဝါးပေါ် တင်၍ ခပ်ဖွဖွလေး နမ်းလိုက်သည်။ ယွီနျန် ပြုံးကာ နောက်ဆုတ်လိုက်သည်။
"ကျေးဇူးပြုပြီး ခင်ဗျားရဲ့ငါးကို စားနေတဲ့ နေရာမှာပဲ အာရုံစိုက်ထားပါလား"
ရွှယ်ယုံက စနောက်လိုက်လေသည်။ "ဒါပေါ့... ကိုယ်လည်း 'ယွီ'(ငါး) စားနေတဲ့ နေရာမှာ သေသေချာချာ အာရုံရိုက်နေတာပဲ"
ရွှယ်ယုံ ဆိုလိုသည့် "ယွီ"ကို သဘောပေါက်သွားသည့် ယွီနျန်က ချောင်းဟန့်လိုက်သည်။
"လာလေ... စွပ်ပြုတ် သောက်ကြရအောင်ပါ"
နေ့လည်စာ စားပြီးနောက် ယွီနျန်က အပြာရောင် ကြွေထည် လက်ဖက်ရည်ပွဲလေးကို ထုတ်၍ စိတ်ကြည်သွားစေရန် လက်ဖက်ရည် နှပ်လိုက်သည်။ ရွှယ်ယုံက လက်ဖက်ရည် သောက်ပြီးသွားသောအခါ ထရပ်လာခဲ့ပြီး ယွီနျန်၏ ခုံဘေးတွင် ရပ်လိုက်သည်။ သူ့လက်တစ်ဖက်ကို ထိုင်ခုံနောက်ကျောတွင် တင်ကာ တစ်ဖက်က ယွီနျန်၏ မေးကို ပင့်၍ နူးညံ့ပြီး ယှက်နွယ်နေသည့် အနမ်းတစ်ပွင့် ပေးလိုက်သည်။ လက်ဖက်ရည်အနံ့က သူတို့၏ နှုတ်ခမ်းများအကြား တရစ်ဝဲဝဲ ဖြစ်သွားခဲ့လေသည်။
****
23ရက်နေ့ မနက်တွင် ယွီနျန် ကုမ္ပဏီကို စောစော ရောက်လာခဲ့ပြီး အကစတူဒီယိုထဲတွင် နှစ်နာရီမျှ အကလေ့ကျင့်ခဲ့သည်။
ယွီနျန် ထွက်လာသည်ကို မြင်သောအခါ ရှစ်ရော့က ရေတစ်ဘူး မြန်မြန် ကမ်းပေးလာခဲ့လေသည်။
"နျန်နျန်... ခုနက မင်း အကလေ့ကျင့်နေတာကို အစ်မ ဘေးနားလေးကနေ ဗီဒီယို ရိုက်ပေးထားတယ်"
ယွီနျန် ရေသောက်လိုက်သည်။
"ကျေးဇူးပါ.. အစ်မရော့ရော့" သူ ဖုန်းကို ယူကာ သူကထားသည့် ဗီဒီယိုကို ဖွင့်ကြည့်လိုက်ပြီးနောက် စကားပြောခန်းကို ဖွင့်ကာ ရွှယ်ယုံထံ ပို့ပေးလိုက်သည်။
ရှစ်ရော့က ဆက်ပြောလေသည်။
"ဒရိုင်ဘာက အောက်ထပ်မှာ စောင့်နှင့်နေပြီ... ဒီတစ်ကြိမ် မုန့် ကောက 'သီချင်းဆိုပါရစေ' ရိုက်ကူးရေး အတွက် အစ်မတို့ကို ကိုယ်ပိုင် စတိုင်လစ်နဲ့ မိတ်ကပ်ပညာရှငိတွေ ခေါ်ပေးထားတယ်.. လီနာနဲ့ အခြားသူတွေလည်း အတူတူသွားကြရမှာ"
ယွီနျန်က နဖူးမှ ချွေးများကို သုတ်လိုက်သည်။
"ကောင်းတာပေါ့... အစ်ကိုမုန့်လည်း ကျွန်တော်တို့နဲ့ အတူ လိုက်ခဲ့မှာလား"
ရှစ်ရော့ ခေါင်းငြိမ့်ပြလိုက်သည်။
"အစ်မတို့ အတူသွားကြမှာ... အစ်ကိုမုန့်က ရိုက်ကူးရေးနေရာကို ရောက်နှင့်နေပြီ... စကားမစပ် 'ရှေးဟောင်းလမ်းမ'ရဲ့ ပရိုမိုးရှင်း သီချင်းကို မနေ့က အဓိက သီချင်းပလပ်ဖောင်း သုံးခုမှာ တင်ပြီးသွားပြီ... ပြီးတော့ ရလဒ်ကလည်း အတော်လေး ကောင်းတယ်... ထုတ်လုပ်ရေးအဖွဲ့က ပရိုမိုးရှင်းအတွက် ရက်ရက်ရက်ရောရော ငွေသုံးပေးထားတာ... ပြီးတော့ ရလဒ်ကလည်း ခန့်မှန်းထားတာနဲ့ နီးစပ်နေပြီ"
ကားထဲသို့ ဝင်လိုက်ကြသောအခါ ယွီနျန်က ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်ပါသော်လည်း များစွာသော မက်ဆေ့ချ်များကြောင့် appက ထစ်နေလေ၏။ ရေပန်းစားအကြောင်းအရာများအကြောင်း ဖွင့်ကြည့်လိုက်သောအခါ tagများကို ကြည့်ကာ မနေနိုင်ဘဲ ရယ်မောမိသွားခဲ့လေသည်။
[#ယွီနျန်ကသူကိုယ်တိုင်နဲ့ပြိုင်နေရတယ်# ငါ့အတွက် နျန်နျန်ရေ ငါ့ကိုလည်း ခေါ်ပါ... 'ရှေးဟောင်းလမ်းမ'က အဓိက သီချင်းဇယားတွေမှာ နံပါတ်သုံးနေရာနဲ့ ပွဲဦးထွက်တယ်... ဟုတ်တယ်နော်... နံပါတ်သုံးနေရာပဲ... အကြောင်းကတော့ ထိပ်ဆုံး နံပါတ်နှစ်ခုမှာ 'ကျော့ရှင်းသော'နဲ့ 'တောင်တန်းပေါ်ကနှင်းစက်'ကပဲ ဗိုလ်ဆွဲနေလို့ပေါ့... ဟားဟားဟား]
[#ယွီနျန်ကသူကိုယ်တိုင်နဲ့ပြိုင်နေရတယ်# နျန်နျန့်ကို သနားရမလား မသနားရဘူးလား ဆိုတာကိုတောင် မသိတော့ဘူး... ပထမဆုံးနေရာအတွက် သူကိုယ်တိုင်နဲ့ ပြိုင်နေရတာ သူ့အတွက် အနိူင်မရနိုင်ဖို့ ကံကြမ္မာက သတ်မှတ်ပေးထားတာများလား... ဒါပေမယ့် ဒီသီချင်း မထွက်ခင်တုန်းက အခြား အနုပညာရှင်တွေ နံပါတ်သုံးနေရာ ရနိုင်ကြသေးတယ်... အခုတော့ သူတို့ခမျာ နံပါတ်လေးနေရာအတွက်ပဲ ပြိုင်ကြရုံပေါ့]
[#ယွီနျန်ကသူကိုယ်တိုင်နဲ့ပြိုင်နေရတယ်# သူ့အသံလေးက အရမ်းလှတာပဲ... သီချင်းဆိုတဲ့ စတိုင်ကလည်း အံ့လောက်ဖွယ်ရာပဲ... ရုပ်ရှင်ရဲ့ အကြိုပြကွက်ကို ကြည့်ပြီးတော့ ရုပ်ရှင်ကို သုံးကြိမ်လောက် ကြည့်ဖို့ စီစဥ်ထားပြီးပြီ... 'သီချင်းဆိုပါရစေ'နဲ့ တစ်ကိုယ်တော် သီချင်းသစ်အတွက် စောင့်နေပါမယ်]
ယွီနျန်က ဝေလုနှင့်အတူတူပင် ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာခဲ့သည်။ သူတို့နှစ်ယောက်က မတိုင်မီကလည်း talk showတစ်ခုတွင် အတူပါဝင်ဖူးကြသဖြင့် ပြန်လည်တွေ့ဆုံမိကြသောအခါ နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ကြသည်။ သူတို့နှစ်ယောက်ကို ဝန်ထမ်းလေးတစ်ယောက်က စင်အနောက်ဘက် နေရာကို ခေါ်
သွားပေးခဲ့ပြီး ပိုင်ယန်ကလည်း ရောက်ရှိနေလေပြီ။သူမက ယွီနျန်ကို မြင်သောအခါ စိတ်အားထက်သန်စွာ နှုတ်ဆက်လာခဲ့သည်။
"မင်းရဲ့ သီချင်းအသစ် အဆင့် မြင့်မြင့် ချိတ်လို့ ဂုဏ်ပြုပါတယ်နော်"
ယွီနျန် ပြုံး၍ သူမကို ကျေးဇူးတင်လိုက်သည်။