အပိုင်း ၁၁၀
Viewers 16k

Chapter 110



ပိုင်ယန်က အရပ်ရှည်ပြီး လက်ချောင်းထိပ်များတွင် ပုံဖော်ထားကာ တလက်လက်တောက်နေသော လက်သည်းနီ ဆိုးထားလေသည်။ သူမက ညင်သာလှသော အသံလေးဖြင့် မနှေးမမြန် အရှိန်ဖြင့် ပြောနေသည်။


 "မင်းဆီက ဝယ်ထားတဲ့သီချင်းကလေ... ငါတို့ရဲ့ စီစဥ်သူက စပြီး အလုပ်မလုပ်ရဲခင် တစ်ပတ်လောက်ထိ လက်ထဲက မချကိုင်ထားခဲ့တာ... ရလဒ်ကတော့ မျက်စိကျိန်းလောက်စရာပဲ"


ရောခ့်တီးဝိုင်းအဖွဲ့တစ်ခု၏ ပင်တိုင်အဆိုတော် ဖြစ်ပြီး ကိုယ်တိုင်ကလည်း တေးရေးဆရာတစ်ယောက် ဖြစ်သည့် စွန်းမုန့်ဇယ် ကလည်း ယွီနျန်၏ ပါရမီကို ချီးကျူးနေသည်။ ပိုင်ယန်၏ စကားများကို ကြားသောအခါ ပြက်လုံးထုတ်လိုက်သည်။ 


"ငါလည်း 'တောင်တန်းပေါ်က နှင်းစက်' နားထောင်ပြီး မင်းနဲ့ အလုပ်တွဲလုပ်ချင်လာတာ"


ပိုင်ယန်က ယွီနျန်ကို လှိက်လှိက်လှဲလှဲ ချီးကျူးနေသည်။


 "ယွီနျန်ရေ မင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ မြန်မြန်လေး လှုပ်ရှားလိုက်တော့နော်... နောက်မကျစေနဲ့... မင်းတို့ဆီကနေ ဒီသီချင်းကို ဝယ်ဖို့ အပေးအယူ ဖြစ်ပြီနော်"


ယွီနျန်က မြန်မြန် ပြန်ဖြေလိုက်လေသည်။


 "မစ္စတာစွန်းနဲ့သာ ပူးပေါင်းခွင့်ရရင် ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"


စွန်းမုန့်ဇယ်က ထိန်းမနိုင်သိမ်းမရ ပုံစံဖြင့် ရယ်ကျဲကျဲ လုပ်ကာ ပြောလိုက်လေသည်။


 "ဟုတ်လား... ဒါဆို ဟန်ဆောင်ပန်ဆောင် လုပ်မနေတော့ဘူး... ငါ့ရဲ့ အယ်လ်ဘမ်အသစ် ပြင်ဆင်တဲ့အခါကျရင် မင်းနဲ့ အတူ သီချင်းတစ်ပုဒ် အတွက် ပူးပေါင်းဖို့ လာရှာမယ်"


သိပ်မကြာခင် ဝန်ထမ်းလေးက မှတ်စုစာအုပ်တစ်အုပ် ယူလာပြီး ကင်မရာကလည်း စတင်လှည့်ပတ်လာခဲ့သည်။


လေးယောက်သားက အတူတူထိုင်လိုက်ကြသည်။ ဝေလုက အသက် အကြီးဆုံးဖြစ်၍ အစီအစဥ်ကဒ်ကို ဆွဲယူ၍ ကျယ်ကျယ်အော်ဖတ်ပြလိုက်လေသည်၊


 "အခု ဒိုင်လူကြီးမင်းများ မိမိတို့ရဲ့ စွမ်းရည်ကို ပြသပေးကြပါ" သူမော့ကြည့်၍ ပဟေဠိ ဖြစ်နေသည့် အမူအယာဖြင့် မေးလိုက်သည်။ 


"ငါတို့မှာ ဘယ်လို စွမ်းရည် ရှိမှာလဲ"


ပိုင်ယန်က လက်ပိုက်ထားပြီး လက်ချောင်းလေးများက ဆံပင်အဖျားလေးများကို လိမ်ကျစ်နေလေသည်။


 "ကျွန်မရဲ့ စွမ်းရည်ကတော့ လက်သည်းနီကို ညီညီညာညာ ဆိုးနိုင်တယ်... ပုံလေးတွေတောင် လှလှလေး ဖော်နိုင်သေးတယ်"


စွန်းမုန့်ဇယ်က ဆံသဆရာ ညှပ်ပေးထားသော ဆံပင်များကို ပုတ်ပြလိုက်သည်။ 


"ကျွန်တော်က ဆံပင်ညှပ်တတ်တယ်... လိုင်စင်ပါ ရထားပြီးသား"


ယွီနျန် တွေးကြည့်လိုက်သည်။


 "ကျွန်တော်က ဝရန်တာမှာထားတဲ့ အပင်တွေကို ညှပ်ပြီး ယုန်ပုံလေးတွေ တခြားပုံလေးတွေ ပုံဖော်တတ်တယ်... ကျွန်တော့်အတွက် မခက်ခဲဘူး"


ဝေလုက ဟက်ဟက်ပက်ပက် ရယ်မောလေတော့သည်။ "ငါ မင်းအတွက် လက်ထောက် လုပ်ပေးနိူင်တယ်"


သူတို့အားလုံး ရယ်မောလိုက်ကြသည်။


စွန်းမုန့်ဇယ်ကပြောလိုက်သည်။


 "အစီအစဥ်က ဒီလိုပြောထားတယ်ဆိုမှတော့ မျက်နှာပျက်အောင် လုပ်လို့ မရတော့ဘူး... ကဲ... ငါတို့ရဲ့ စွမ်းရည်တွေ ပြသလိုက်ကြရအောင်... အငယ်ဆုံးလေး အရင်သွားပါ"


ယွီနျန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ပြီး မျက်လုံးများ ပြူးကျယ်လာခဲ့သည်။


 "ကျွန်တော်လား"


ဝေလုက အားရပါးရ ရယ်မောလိုက်ပြန်သည်။

 "ဟုတ်တယ်... မင်း"


ယွီနျန် မငြင်းတော့ဘဲ ဝန်ထမ်းတစ်ယောက်ထံမှ ဂစ်တာ တစ်လက် တောင်းလိုက်သည်။ သူက ထိုင်ခုံမြင့်လေးပေါ်တွင် သာမန်ကာလျှံကာ ဝင်ထိုင်လိုက်သည်


ဂီတာကြိုးလေးများ ထိခတ်လိုက်သည်နှင့် ယွီနျန်က ပြုံးပြလာသည်၊


 "ကျွန်တော်က စာသားနဲ့ တီးလုံးကို လက်တန်းဆိုပြပါမယ်... အပိုင်းတိုတိုလေးပါ... သည်းခံပြီး ကြည့်ပေးကြပါဗျာ"


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ယွီနျန်က ဂစ်တာ၏ တေးသွားနှင့်လိုက်ကာ သီချင်းညည်းလိုက်သည်။ နူးနူးညံ့ညံ့ တိမ်တိုက်လေးလိုပင် နူးညံ့ပြီး အက်ရှရှ အသံလေး ကြည့်ရှုနေသူများ နှလုံးသားထက်သို့ တဖြည်းဖြည်း သက်ဆင်းသွားလေသည်။ 


ကြည်လင်နေသော အသံလေးက ဂီတာသံနှင့်အတူ ပေါင်းစပ်သွားလေသည်။


🎼“ငယ်ရွယ်စဥ်ကတော့ ငှက်ငယ်လေးတွေ များစွာ ခွဲခွာကြရတာကို မသိခဲ့ပါဘူး... ကမ္ဘာကြီးရဲ့ အရေးကိစ္စတွေက ငါတို့ကို ခွဲခွာဖို့ တွန်းအားပေးနေခဲ့... ငါတို့ ပြန်ရောက်လာချိန်မှာတောင် ရှင်းလင်းမနေခဲ့ဘူး... မင်းပြန်လာဖို့ တံခါးဝမှာ စောင့်ကြိုနေပါတယ်... မင်းနှုတ်ခမ်းတွေက လက်ဖက်ရည်ရနံ့ သင်းပျံ့လို့ အိမ်မက်ထဲထိ မိန်းမူးနေဆဲ"🎼


ကင်မရာက စွန်းမုန့်ဇယ်၏ ဒရမ်ဖျော်ဖြေမှုထံ ပြောင်းရွှေ့သွားသောအခါ ရှစ်ရော့ ရောက်လာပြီး တီးတိုး လာပြောလေသည်။


 "နျန်နျန်... ယွီလန် သီးသန့်ကလပ်ကနေ မင်းထွက်လာတုန်းက ပါပါရာဇီတစ်ယောက်ဆီကနေ ဓါတ်ပုံရိုက်ခံလိုက်ရတယ်"


ယွီနျန်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။


 "ဘယ်လိုရိုက်မိထားတာလဲ"


"မင်းနဲ့ ဥက္ကဌရွှယ်တို့ အတူတူ ထွက်လာတာကို ရိုက်မိထားတာ... ဒါပေမယ့် အကွာအဝေးက နည်းနည်း လှမ်းပြီးတော့ မင်းကလည်း ဦးထုပ်ဆောင်းထားသေးတယ်လေ"


ပါပါရာဇီ ရိုက်ထားသော ဓါတ်ပုံများတွင် ယွီနျန်နှင့် လူငယ်တစ်ယောက် ဘော်ဒီဂတ်များ ခြံရံလျက် ယွီလန် သီးသန့်ကလပ်ထဲမှ ထွက်လာသည်ကို ပြသနေသည်။ အသွင်အပြင်အရ ထိုသူမှာ ရွှယ်ယုံ ဖြစ်ပုံရသည်။


သို့သော်လည်း ထိုသတင်းမှာ ပြက်ရယ်ပြုခံလိုက်ရလေသည်။ 


[ဓါတ်ပုံ တိတ်တိတ်လေး ရိုက်ထားတဲ့ အဲ့ဒီပါပါရာဇီတွေက သူတို့နဲ့ ဇာတ်ကြောင်းနဲ့ နည်းနည်း လွဲမနေဘူးလား... ပုံတွေက ဝါးနေပေမယ့် နျန်နျန်နဲ့ အတူ လျှောက်လာတာကို မစ္စတာရွှယ်လို့ အခိုင်အမာ ပြောနေတုန်းပဲ... အရူးမှသာ ယုံလိမ့်မယ် (မျက်လုံးလှိမ့်)]


[ပါပါရာဇီတွေက ကန်းနေတာလား ဘာလား... ဥက္ကဌရွှယ်က ဝေ့ပေါ်မှာ ယွီနျန်ကို တစ်ကြိမ်ထက်မက ခဏခဏ ဝေဖန်နေတာ အားလုံးလည်း အသိပဲ... သူတို့သာ အတူတူ ညစာစားကြမယ်ဆိုရင် ဟင်းထဲမှာ အဆိပ်တွေတောင် ခတ်ထားလောက်တယ်... လက်ဖက်ရည်သောက်ရင်လည်း လက်ဖက်ရည်ထဲ အာဆင်းနစ်တွေ ထည့်ထားတာ ဖြစ်မလားပဲ] 


[ယွီလန် သီးသန့်ကလပ်... ဘုရားရေ.. အဲ့ဒီမဂ္ဂဇင်းရဲ့ ဧည့်တွေ့ခန်းတွေမှာ အကြံပြုပေးထားတဲ့ နေရာမဟုတ်လား... ကိုယ်ပိုင်ဂျက်လေယာဥ်တွေ၊ ရွက်လှေတွေ... ဘယ်လိုလူတွေ သွားကြတာ ဖြစ်မလဲ... စာရွက်လေးတစ်ရွက်အတွက် သန်းနှစ်ရာ သုံးထားတဲ့ ယွီနျန်ကို အဲ့မှာတွေ့တာက အံ့သြစရာတောင် မဟုတ်ဘူး... ဥက္ကဌရွှယ်ရဲ့ ကြွယ်ဝမှုကလည်း အံ့လောက်စရာ မဟုတ်သေးဘူး... ဒါပေမယ့် အင်း သူတို့ကို အတူတွေ့ခဲ့တာတဲ့လား... ကားတစ်စီးတည်း အတူစီးခဲ့တာတဲ့လား... သူတို့တွေ အသေအကျေ သတ်ကြဖို့ ကိုယ်ပိုင်ဘော်ဒီဂတ်တွေ ခေါ်လာတာ မဟုတ်တာ သေချာရဲ့လား]


ယွီနျန်နောက်မှ ကိုယ်ပျောက်လူသားကဲ့သို့ တိတ်တဆိတ်လိုက်နေသည့် ဘော်ဒီဂတ်မှာ ပါးစပ်ဟလာပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ 


"သခင်လေးယွီ... ကျွန်တော် ဒါကို ကိုင်တွယ်လိုက်ရမလား"


ဘော်ဒီဂတ်မှာလည်း ရင်းနှီးနေသည့် လူတစ်ယောက်ဖြစ်ပြီး ရွှယ်ယုံအတွက် ယခင်က အကြိမ်ပေါင်းများစွာ အစားအသောက် ပို့ပေးလာတတ်သည့် ဟယ်ရှန်းပါပင်။ ရွှယ်ယုံ အလေးအနက် ယုံကြည်ရသူလည်း ဖြစ်ပေသည်။ ထိုမေးခွန်းကို ကြားသောအခါ ယွီနျန်က တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ 


"မလိုပါဘူး"


ထို့နောက် သူ ရှစ်ရော့ဘက်သို့ လှည့်၍ ပြောလိုက်သည်။ "အစ်မရော့ရော့... ဒီသတင်းကို ဖိနှိပ်လိုက်ဖို့ မလိုဘူးလို့ အစ်ကိုမုန့်ကို သွားပြောပေးပါဦး... ဒီအတိုင်းပဲ ထားလိုက်ပါ"


ရှစ်ရော့ ခေါင်းငြိမ့်ကာ မြန်မြန် ထွက်သွားသည်။ 


ရှစ်ရော့က အခုလေးတင် ဖုန်းပြောပြီးသွားသည့် မုန့်ယွမ်ကို ရှာတွေ့သွားသည်။ သူမ ချဥ်းကပ်လာသည်ကို မြင်သောအခါ တစ်ခဏမျှ တောင့်တင်းသွားလေသည်။ 


"နျန်နျန် တစ်ခုခု ဖြစ်လို့လား"


"မဟုတ်ဘူး... မဖြစ်ပါဘူး" 

ရှစ်ရော့က သူမ၏ ဖုန်းကို မုန့်ယွမ်ထံ ကမ်းပေးလိုက်သည်။


 "ဓါတ်ပုံ ရိုက်နေတဲ့ ပါပါရာဇီတစ်ယောက်က နျန်နျန်နဲ့ ဥက္ကဌရွှယ်တို့ ယွီလန်ကနေ အတူထွက်လာတာကို ဓါတ်ပုံ ရိုက်မိထားကြတယ်... သူတို့က ကျွန်မတို့ဆီ ရောင်းရမဲ့အစား လိုင်းပေါ် တန်းတင်လိုက်ကြတယ်" 


မုန့်ယွမ်က ပုံများကို ကြည့်၍ ပြုံးလိုက်မိသည်။ 


"သူတို့နာမည်တွေ ပြောထားရင်တောင် လူတွေအများကြီး ယုံကြမှာ မဟုတ်လောက်ဘူး... ဟုတ်တယ်မလား"


ရှစ်ရော့ကလည်း ပြုံးလိုက်သည်။ 


"အတိအကျပဲလေ... သူတို့တွေ အင်တာနက်ပေါ်မှာ အလှောင်ခံနေရတာ"


“ဒီပါပါရာဇီက အလှောင်ခံရဖို့ ထိုက်တန်တယ်... ငါ ပုံထဲက ဘယ်ဟာကိုမှ မသိရသေးတာတောင် ငါ့ဦးနှောက်ကို ဆွဲဆန့်ပြီး ခန့်မှန်းကြည့်လိုက်ရတယ်... အမှန်တရားကို ကောက်ချက်ချပြီးတာတောင် မယုံကြည်နိုင်သေးဘူး" မုန့်ယွမ်က ရှစ်ရော့၏ အလျင်စလို ရောက်ရှိလာမှုကို နားလည်သွားပြီးနောက် မေးလိုက်သည်။


 "နျန်နျန်က ဘာလုပ်ဖို့ စီစဥ်ထားလဲ"


ရှစ်ရော့က ယွီနျန်၏ စကားကို ပြန်ပြောပြလိုက်သည်။ "နျန်နျန်က သတင်းကို ဖိနှိပ်စရာ မလိုဘူး... ဒီတိုင်း လွှတ်ထားလိုက်လို့ ပြောတယ်"


မုန့်ယွမ်က နှစ်စက္ကန့်လောက်ထိ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။


အနီးအနားတွင် မည်သူမှ မရှိသည်ကို တွေ့လိုက်ရသဖြင့် ရှစ်ရော့ အသံတိုးတိုးဖြင့် မေးလိုက်သည်။


 "အစ်ကိုမုန့်... နျန်နျန်က ထပ်ပြီး လျှို့ဝှက်မထားတော့မှာ သေချာနေပြီလား"


"အင်း... ကြည့်ရတာတော့ အဲ့ဒီလိုမျိုးပဲ... သူ့သဘောထားကို ကြည့်ပြီး ပြောနိုင်နေပြီ" 


မုန့်ယွမ်က ကူကယ်ရာမဲ့သည့် အရိပ်အယောင် တစ်ခုနှင့် လက်ခံလိုဟန် တစ်စွန်းတစ်စတို့ဖြင့် ဆိုလိုက်သည်။ 


"နျန်နျန်က စိတ်ပြင်ဆင်ထားပြီးပြီ... ဒါကို ဝမ်နင်းရွှယ်ရဲ့ ကိစ္စမှာ မြင်ခဲ့ပြီးသားပဲ... အခြားအနုပညာရှင်တွေသာဆိုရင် ဇာတ်ကားအတူတူ ရိုက်ခဲ့တဲ့ အမျိုးသမီး ဇာတ်ဆောင်တွေနဲ့ ချိန်းတွေ့တဲ့ ကောလဟာလကို လောင်စာ ထပ်ထည့်ပြီး ရုပ်ရှင်အတွက် လူသိများအောင် လုပ်ကြတော့မှာ... ပြီးမှ ချစ်ရေးချစ်ရာ ဆက်ဆံရေး မဟုတ်ကြောင်း ရှင်းလင်းဖို့ တရားဝင် ထုတ်ပြန်စာတွေ ထုတ်လိမ့်မယ်... ဒီနည်းလမ်းက အန္တရာယ်ထက် ကောင်းကျိုးတွေ ပိုရနိုင်တယ်... ဒါပေမယ့် နျန်နျန်က အဲ့ဒီလမ်းကို ဆင်းမသွားချင်ဘူး... သူက သူလုပ်သမျှ ကိစ္စတိုင်းမှာ ဥက္ကဌရွှယ်ကို ထည့်စဥ်းစားပေးတယ်"


ရှစ်ရော့ တုံ့ဆိုင်းနေသည်။ "အနာဂါတ်အတွက်ဆိုရင်..."


“အခုအချိန်မှာ လျှို့ဝှက်မထားရင် နောက်ဆို သေချာပေါက် ပိုပြီး ပွင့်ပွင့်လင်းလင်း ဖြစ်လာလိမ့်မယ်" 


မုန့်ယွမ်က ရှစ်ရော့၏ ပုခုံးကို ပုတ်လိုက်ပြီးနောက် စိုးရိမ်ပူပန်နေလေသည်။ 


"ငါတော့ ဘယ်လိုတွေ ဖြစ်လာဦးမယ် မသိဘူး... တွေးမိလိုက်တိုင်း အိမ်မက်ဆိုးတွေ မက်တယ်"


ရှစ်ရော့က နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ပြောလိုက်သည်။


 "ကျွန်မကတော့ နျန်နျန်ကို ထောက်ခံတယ်"


 ပြောပြီးနောက် မုန့်ယွမ်၏ အဖြေကို မစောင့်တော့ဘဲ လှည့်ပြေးသွားလေသည်။


ရှစ်ရော့ ပျောက်ကွယ်သွားသည်ကို ကြည့်၍ မုန့်ယွမ် သူ့ကိုယ်သူ တီးတိုးရယ်မောလိုက်သည်။


 "ငါကတော့ မကောင်းဆိုးဝါး မန်နေဂျာကြီး ဖြစ်နေပြီ"


ရိုက်ကူးရေးက ဆက်သွားခဲ့သည်။


တီးဝိုင်း၏ အဓိက အဆိုရှင်အနေဖြင့် စွန်းမုန့်ဇယ်ကမိုက်ကရိုဖုန်းကို ဘေးတွင်ချကာ အထင်ကြီးလောက်ဖွယ် ဒရမ်တီးခတ်မှုကိုပြလာပြီး ပိုင်ယန်ကပင် တီးဝိုင်းအဖွဲ့၏ ဒရမ်သမားနေရာကို အစားထိုးရန် တိတ်တိတ်လေး လေ့ကျင့်နေခဲ့ခြင်း ဖြစ်မည်ဟု အရွှန်းဖောက်လာခဲ့သည်။ 


တီးဝိုင်းအဖွဲ့နှင့် တီးခတ်နေကျ ဂစ်တာသမားဖြစ်သည့် ဝေလုက စတိုင်ပြောင်းကာ အင်္ဂလိပ်လို ရက်ပ်ဆိုပြရန်အတွက် ယွီနျန်၏ အနောက်ရောင် လျှာထိုး ဦးထုပ်ကို ငှားကာ ရိုက်ကွင်းမှ ဝန်ထမ်းများကို အံ့အားသင့်သွားစေခဲ့သည်။


ဟာသဥာဏ်ရွှင်သည့် ပိုင်ယန်မှာ ယွီနျန်ကို လက်တန်းရွတ်ဆိုရန် ဆွဲခေါ်လိုက်ပြီး ရုပ်ပြစာအုပ်များထဲမှ တစ်ကိုယ်တော် ဇာတ်ဝင်စကားများကို ပြောနေသည်။ စွန်းမုန့်ဇယ်က အားရပါးရ ရယ်မောလေတော့သည်။ 


စွန်းမုန့်ဇယ်က မူလအခြေအနေ ပြန်ရောက်ရန် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီးမှ ဝေလုကို မေးလာခဲ့သည်။ 


"အစ်ကိုဝေရေ... ကျွန်တော်တို့ ဘာဆက်လုပ်ရမှာတဲ့လဲ"


ဝေလုက ဇာတ်ညွှန်းကဒ်ကို ကြည့်၍ ပြောလိုက်သည်။ "ကတ်အရဆို ပရိုဂရမ်က ငါတို့လေးယောက်ကို အပိုင်းတစ်ခုရဲ့ အဆုံးသတ်တိုင်းမှာ ငါတို့ကို ကိုယ်စားပြုတဲ့ သီချင်းတစ်ပုဒ်စီ ဆိုဖို့ စီစဥ်ထားတယ်... သူတို့က ငါတို့ကို အဖွင့်အနေနဲ့ အတူတူ ဖျော်ဖြေစေချင်နေတာ"


ပိုင်ယန် မေးလိုက်သည်။ 


"ဒါဆို... ပထမဆုံးအပိုင်းမှာ ဘယ်သူ့သီချင်းကို ဆိုကြမလဲ" 


ပိုင်ယန် ပြန်ဖြေလိုက်သည်။ 


"ပထမဆုံးအနေနဲ့ အငယ်ဆုံးလေးရဲ့ သီချင်းကို ဆိုကြတာပေါ့... ကျွန်မတို့ ပထမဆုံးအပိုင်းမှာ ယွီနျန်ရဲ့ သီချင်းကို ဆိုကြမယ်"


စွန်းမုန့်ဇယ်က ချက်ချင်း ဆန္ဒပြလာခဲ့သည်။ "ကျွန်တော်ကတော့ 'တောင်တန်းပေါ်က နှင်းစက်'ကို ဆိုဖို့ ငြင်းတယ်နော်... လက်ရော ခြေရော နှစ်ဖက်လုံး သုံးပြီး ငြင်းမယ်"


ပိုင်ယန်က ဟက်ဟက်ပက်ပက် ထပ်ရယ်လိုက်ပြီး သူမလက်ကိုလည်း မြှောက်ထားသည်။ "ငါရော ဒုတိယ လိုက်ရမယ်"


ယွီနျန်က မကျေမနပ် ဖြစ်သွားသည့် ပုံပြုလိုက်သည်။ "ဘာလို့ လူတိုင်းက 'တောင်တန်းပေါ်က နှင်းစက်'ကို မကြိုက်ကြတာလဲ... ကျွန်တော် လက်မခံနိုင်ဘူး"


ဝေလုက ဇာတ်ညွှန်းကတ်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်ကာ မျက်ခုံးပင့်လိုက်သည်။


 "လက်မခံချင်လည်း လက်ခံရတော့မှာပဲ နျန်နျန်ရေ... မင်းကို တိတ်တိတ်လေး ပြောပြမယ်... မင်းအစ်ကိုကြီး စွန်းမုန့်ဇယ်က မင်းသီချင်း 'တောင်တန်းပေါ်က နှင်းစက်'ကို KTVမှာ ဆိုဖို့ တစ်ကြိမ် ကြိုးစားခဲ့ဖူးတယ်... သူက ကီးတွေ လွဲရုံမကဘူး... အမြင့်သံတွေပါ မဆိုနိုင်ခဲ့ရှာဘူး... သူ့မှာ ရှက်လွန်းလို့ မျက်နှာတွေ နီမတတ်ပဲ... သူက မောင်းကွဲကြီးလို အသံထွက်နေတာလေ... သူ့မှာ မျက်နှာ တော်တော် ပျက်သွားခဲ့တာကွ"


ပိုင်ယန်မှာ ထပ်ပြီး ရွှင်မြူးသွားပြန်လေသည်။


စွန်းမုန့်ဇယ်က ကင်မရာကို မျက်နှာမူလိုက်ပြီး လက်တစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ကာ လျှို့ဝှက်ချက်တစ်ခုကို တိုးတိုးလေး ပြောနေရသည့်အလား ခါးသီးနေသော အမူအယာဖြင့် ပြောလိုက်သည်။


 "ကြည့်ရှုသူတွေ အားလုံးကို အကြံပေးချင်ပါတယ်... KTVမှာ 'တောင်တန်းပေါ်က နှင်းစက်'ကို မဆိုကြပါနဲ့" သူက မကျေမနပ်ဖြင့် ရှုံ့မဲ့နေလေသည်။


 "မဟုတ်ရင် ခင်ဗျားတို့ရဲ့ အဆိုတော် အလုပ်မှာ အရောင်စုံတဲ့ အစွန်းအထင်းတွေ ဖြစ်လာလိမ့်မယ်"


ဤအပိုင်းကို ရိုက်ကူးပြီးသွားသောအခါ ဝန်ထမ်းများက သူတို့တစ်ယောက်ချင်းစီကို ဖိုင်တွဲတစ်ခုစီ ပေးလာခဲ့သည်။ အထဲတွင် "ကျော့ရှင်းသော" သီချင်း၏ ပြန်လည် ပြင်ဆင် ပြန်လည် ရေးသားထားသော စာသားနှင့် သံစဥ်များ ပါနေသည်။


ယွီနျန်က ခပ်ရှက်ရှက် ဖြစ်သွားပြီးနောက် ပြောလိုက်သည်။ 


"အစ်ကိုဝေ အစ်ကိုစွန်းနဲ့ အစ်မပိုင်... အစ်ကိုတို့အားလုံးက ကျွန်တော့်ထက် အသက်လည်း အများကြီး ကြီးတယ်... ဒီလောကထဲမှာ ကျင်လည်နေတာလည်း နှစ်အတော်ကြာနေပြီ... ကျွန်တော် အိမ်မှာ အစ်ကိုတို့ရဲ့ သီချင်းတွေကို နားထောင်ပြီးတော့ ဆိုဟန်နဲ့ စတိတ်စင်ဖျော်ဖြေမှုတွေကို အခြေခံပြီး သီချင်းကို ပြန်ပြီး စီစဥ်ထားပါတယ်... မကောင်းတဲ့ နေရာရှိရင် ကျေးဇူးပြုပြီး အသိပေးပါ"


ဝေလုနှင့် အခြားသူများက ထန်းရှောင်ခယ်တွင် ဖြစ်ပျက်သွားသည့် အရာများ၊ ရှိုး၏ ရင်းနှီးမြှုပ်နှံမှု အကြီးကြီးကို မည်သို့ သက်ရောက်သွားပုံနှင့် မည်သူက ထို့အတွက် တာဝန်ရှိနေသည်ကို အားလုံး ကောင်းကောင်း သတိပြုမိကြသည်။ ထို့အပြင် ရှိုး၏ ကြည့်ရှုနှုန်း သုံးပုံတစ်ပုံနီးပါးက ယွီနျန်၏ ကျော်ကြားမှုနှင့် ပါရမီကြောင့် ရရှိလာခြင်းဖြစ်၍ သူတို့အတွက် မလိုအပ်ဘဲ အပြစ် လိုက်ရှာနေစရာ မလိုပေ။ ပြီးနောက် ယွီနျန်၏ နှိမ့်ချတတ်သည့် သဘောထားနှင့် တလေးတစားရှိသည့် လေသံတို့က သူတို့ကို အသေးစိတ်ကျကျ ဆွေးနွေးရန်အတွက် သက်တောင့်သက်သာ ဖြစ်စေသည်။ 


ပိုင်ယန်က ပုခုံးထက်တွင် ကျနေသော ဆံနွယ်ရှည်များကို ကစားလိုဟန်ဖြင့် သပ်လိုက်ပြီး ပြောလေသည်။ 


"နျန်နျန်ရေ... မင်းဒီလောက် နှိမ့်ချနေစရာ မလိုပါဘူး... မင်းက သီချင်းနဲ့ စာသားကို ပြန်ပြင်ပေးခဲ့တယ်ဆိုမှတော့ အစ်မတို့လည်း မင်းကို ယုံကြည်ရမယ်လေ... ဟုတ်တယ်မလား"


စွန်းမုန့်ဇယ်ကလည်း ဝင်နှောက်သည်။


 "'တောင်တန်းပေါ်က နှင်းစက်' မဟုတ်ရင် ပြီးတာပဲ"


လူတိုင်း ရယ်မောလိုက်ကြသည်။


စွန်းမုန့်ဇယ်က သာမန်ကာလျှံကာ မေးလိုက်သည်။ 'စကားမစပ်... နျန်နျန်... မင်းက နှင်းကို သဘောကျတာလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်၊ 

"ဟုတ်... ကျွန်တော် သဘောကျတယ်... နှင်းလူသား လုပ်ရတာကို ပိုတောင် သဘောကျသေးတယ်... ဒါပေမယ့် နျင်းမြို့မှာ နှင်းကျတာ ရှားတယ်လေ... ဒါကြောင့်မို့ နှင်းကျတိုင်း စိတ်ကူးယဥ်ဆန်သလို ခံစားရတယ်...


ကျွန်တော် ကလေး ဘဝတုန်းက ကျွန်တော့် ဘိုးဘိုးနဲ့ နှင်းလူရုပ် လုပ်ခဲ့တာကို မှတ်မိနေတုန်းပဲ...တော်တော်လေး ပျော်ခဲ့ရတာ"


ဝေလုက ဝင်ပြောသည်၊ 


"နှင်းလူရုပ် လုပ်ရတာ မင်းရဲ့ ဝါသနာပဲလား... ကြည့်ရတာ မင်းက အခုထိ ကြီးပြင်းမလာသေးပုံပဲကွ"


သူတို့၏ ပါဝင်မှု အခကြေးငွေကို ရရှိ

ခဲ့ပြီးနောက် သူတို့လေးယာက်သားက အစမ်းလေ့ကျင့်ရန် အလွန် စိတ်အားထက်သန်နေခဲ့ကြသည်။ တစ်ခဏအကြာ စကားပြောကြပြီးနောက် အသေးစိတ်အချက်အလက်များကို အတူတကွ ဆွေးနွေးခဲ့ကြပြီး တစ်ယောက်စီက သီချင်း၏ အပိုင်းတစ်ပိုင်းစီကို သီဆိုကြမည် ဖြစ်သည်။