အပိုင်း ၁၁၁
Viewers 16k

Chapter 111

ဒီလူက သဝန်တိုတတ်ရုံတင်မကဘူး... အလွန်အမင်း ကာကွယ်ပေးတတ်သေးတယ်



သူတို့၏ ပါဝင်မှု အခကြေးငွေကို ရရှိခဲ့ပြီးနောက် သူတို့လေးယာက်သားက အစမ်းလေ့ကျင့်ရန် အလွန် စိတ်အားထက်သန်နေခဲ့ကြသည်။ တစ်ခဏအကြာ စကားပြောကြပြီးနောက် အသေးစိတ်အချက်အလက်များကို အတူတကွ ဆွေးနွေးခဲ့ကြပြီး တစ်ယောက်စီက သီချင်း၏ အပိုင်းတစ်ပိုင်းစီကို သီဆိုကြမည် ဖြစ်သည်။ 


ပိုင်ယန်က စာသားကို တစ်ချက် ကြည့်လိုက်သည်။


 "နျန်နျန်... မင်းရဲ့ အတွေးက ဘယ်လောက်တောင် တီထွင်ဖန်တီးနိုင်စွမ်း ရှိလိုက်လဲ... မူလ 'ကျော့ရှင်းသော'က ကောင်းနေပြီးသားလို့ ငါတွေးမိတာတောင် မင်းပြန်ပြင်လိုက်တော့ လုံးဝ မတူကွဲပြားတဲ့ နှစ်လိုဖွယ်ရာကောင်းမှု ရှိသွားတယ်... ဒီသီချင်းတစ်ပုဒ်ထဲနဲ့တောင် ငါတို့ရဲ့ရှိုးက အော်သံတွေ လှိုက်ခါနေတော့မှာပဲ" 


“အစ်မပိုင်... ကျွန်တော့်ကို ထပ်မမြှောက်ပါနဲ့တော့... မဟုတ်ရင် ကျွန်တော် အရမ်း ဖောင်းကားလာတော့မှာ" ယွီနျန်က ရယ်မောကာဖြင့် စက်ဝိုင်းပုံအကြီးကြီး လုပ်ပြလိုက်သည်။ 


"ဟောဒီလောက်"


စွန်းမုန့်ဇယ်က ကိုယ်ကို လှည့်ကာ ကင်မရာကို လက်ညှိုးထိုးပြလိုက်သည်။ 


"ဒါကို ရိုက်ထားကြနော်... သူ့ကိုယ်သူ ဒီမှာ အငယ်ဆုံးဆိုပြီး ချစ်စရာကောင်းအောင် လုပ်ပြနေတယ်... ဒဏ်တပ်ရမှာပါ"


သူက ယွီနျန်၏ အမူအယာကိုလည်း အတုခိုးပြလိုက်သေးသည်။ 


"ဟောဒီလောက်ထိ ပွလာအောင်" 


“ဒီအတုခိုးပြကွက်အတွက် အနှုတ်အမှတ်ပေးတယ်"


 ပိုင်ယန်က သူမ၏ ပေါင်ကို ရိုက်ကာ ရယ်မောလိုက်ပါသော်လည်း မကြာမီ တအံ့တသြ ဆိုလိုက်သည်။ 


"အိုး... အသစ်ဆိုးထားတဲ့ လက်သည်းလေး ကျိူးသွားတော့မလို့"


ခပ်သော့သော့ ဆွေးနွေးကြပြီးနောက် မီးအလင်းအမှောင်နှင့် ကင်အရာအနေအထားတို့ကိုလည်း အတည်ပြု ဆုံးဖြတ်လိုက်ကြသည်။ လေးယောက်သားက အနားယူရန်အတွက် ကြည့်ရှုသူများ နေရာတွင် ထိုင်လိုက်ကြပြီး နောက်ဆုံး အကြမ်းဖျဥ်းရိုက်ကွက်အတွက် စတိတ်ပြကွက်များအပေါ် ဒါရိုက်တာ၏ သုံးသပ်ချက်ကို စောင့်နေလိုက်ကြသည်။


ယွီနျန်က သူ့ဖုန်းကို ထုတ်လိုက်သော်လည်း ပိုင်ယန်ထံမှ ခပ်ဖွဖွ အတွန်းခံလိုက်ရသည်။


 "နျန်နျန်... မင်းတော့ ကိစ္စတစ်ခုမှာ ပါလာပြန်ပြီ"


ယွီနျန် ပဟေဠိ ဖြစ်သွားလေသည်။


 "ဘာတွေ ဖြစ်နေတာလဲ"


စွန်းမုန့်ဇယ်က ဝေ့ပေါ် ဖွင့်ထားပြီးသား ဖြစ်၍ ပြောလိုက်သည်။ 


"ကြည့်ရတာ ဝမ်နင်းရွှယ်က မင်းအပေါ် မျက်စိကျနေတယ် ထင်တယ်... ဟုတ်တယ်မလား"


ဝေလုကလည်း ဝင်ပြောလာသည်။ 


"သူ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူးဆိုသာ ရှင်းနေတာပဲ... သူက သိသိသာသာကြီး ဇာတ်လမ်းထွင်ဖို့ ကြိုးစားနေတာ... မင်းနဲ့သူက ရင်းနှီးတဲ့သူတွေ မဟုတ်တာတောင်လေ... သူက အတော်လေး စိတ်ကူးယဥ်နေတာပဲကွ"


ယွီနျန် ဝေ့ပေါ်သို့ ဝင်လိုက်စဥ်မှာပင် "ဝမ်နင်းရွှယ်က အင်တာဗျူး လုပ်နေတုန်း ငိုခဲ့တယ်" ဟူသော သတင်းခေါင်းစဥ်ကို တွေ့လိုက်ရသည်။ သူ တုံ့ဆိုင်းသွားသော်လည်း သတင်းကို ဝင်ကြည့်လိုက်သည်။


ပိုင်ယန်က သက်ပြင်းချလေသည်။


 "ဒီသတင်းက သေချာပေါက် သူ့ကုမ္ပဏီရဲ့ PRအဖွဲ့က ရေးထားတဲ့ သတင်းပဲ... ပြောထားတာက 'ယွီနျန်က သူတို့ကိစ္စကို လူသိရှင်ကြား ရှင်းလိုက်တဲ့အပေါ် မေးမြန်းလိုက်တဲ့အခါ ဝမ်နင်းရွှယ် တိတ်ဆိတ်သွားပြီး အပြုံးတွေလည်း တဖြည်းဖြည်း ပျောက်သွားတယ်... သူမရဲ့ မျက်လုံးတွေ ရဲလာပြီး မျက်ရည်တွေ ပြည့်သွားတယ်' ဆိုတာမျိုးတွေ ပြောထားတယ်... မင်းသမီးတစ်ယောက်အနေနဲ့ သူက စိတ်ရှိတိုင်း မျက်ရည်ကျပြလို့ ရတာပေါ့... အဲ့ဒါကို အသာထား သူ့ရဲ့ အငိုပြကွက်က ထိပ်တန်းပဲ"


သူတို့ သုံးယောက်က ဖျော်ဖြေရေးလောကတွင် ကျင်လည်ခဲ့ကြသည်မှာ အချိန်အတော်ကြာနေပြီဖြစ်၍ အနိမ့်အမြင့် အတက်အကျများစွာကို ကြုံတွေ့ဖူးသူများ ဖြစ်ကြသည်။ စွန်းမုန့်ဇယ်က ပွင့်ပွင့်လင်းလင်း စကားဆိုလာခဲ့သည်။


 "နျန်နျန်... ငါကတော့ မင်းက ဖန်တွေနဲ့ အတော်လေး တွဲဖက်ညီတယ်လို့ ထင်တယ်... စကားနည်းနည်းလောက် ထပ်ပြောချင်တယ်... ငါစကားများတာကို စိတ်မရှိနဲ့နော်"


ယွီနျန်က အလောတကြီး ပြန်ဖြေလိုက်သည်။


 "ဘယ်လိုလုပ် စိတ်ရှိရမှာပဲ... အစ်ကိုမုန့် ကျွန်တော့်ကို စကား ပြောပေးချင်စိတ် ရှိနေတာကိုပဲ ကျေးဇူးတင်ရမှာပါ" 


“ဒါဆိုလည်း ကောင်းပြီလေ... ငါ့အမြင်ကို ပြောပြမယ်" 


စွန်းမုန့်ဇယ်က လက်ကောက်ဝတ်မှ အရိုးခေါင်းပုံ အဆင်တန်ဆာလေးကို ဖျစ်ညှစ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


 "ဒီလိုအခြေအနေမျိုးမှာဆိုရင် ဒီအရှုပ်တွေကို မြန်မြန်နဲ့ ပြတ်ပြတ်သားသား ဖြတ်ချလိုက်တာ အကောင်းဆုံးပဲကွ... မင်းက ဘယ်လို ပါဝင်ပတ်သက်မှုမျိုးမှ မရှိပါဘူးလို့ ငြင်းလိုက်တော့ ဝမ်နင်းရွှယ်ဘက်က မတရားခံရပါတယ် ဆိုပြီး ဒရာမာချိုးပြလာနိုင်တယ်... ဘာစကားမှ ပြောစရာ မလိုဘူးနော်... ကင်မရာရှေ့မှာ ငိုပြလိုက်ရုံပဲ"


ပိုင်ယန် ထောက်ခံလိုက်သည်။


 "ဟုတ်ပါ့... မျက်ရည်က အားကောင်းတဲ့ လက်နက်တစ်ခုပဲ"


စွန်းမုန့်ဇယ် ဆက်ပြောသည်။ 


"သူက ဘာကိုမှ ပြောစရာ မလိုရတဲ့အကြောင်းအရင်းက သူ့အဖွဲ့ကနေပြီး ဇာတ်လမ်းတွေ ထွင်ပြီး လုပ်ကြံပြောဆိုမယ်... မင်းကို သူနဲ့ အတူအိပ်ပြီးတာတောင် မသိချင်ယောင်ဆောင်တဲ့ သစ္စာမရှိတဲ့ကောင်ဆိုပြီး လက်ညှိုးထိုးလိမ့်မယ်... သူ့ဖန်တွေက သူ့ကို သနားနေမယ်... ဇာတ်လမ်းတွေ ဆင်ပြီး မင်းကို ရိုက်ချကြတော့မယ်... ဘေးကကြည့်နေတဲ့ လူတွေက အလှည့်အပြောင်းတွေ လှည့်ကွက်တွေကို ဂရုစိုက်ကြမှာ မဟုတ်ဘူး... မင်းကို ဖမ်းမိတာနဲ့ အပြင်းအထန် ကြိမ်းမောင်းကြတော့မှာပဲ... မင်းက စိတ်ပျက်စရာကောင်းတဲ့သူ ဖြစ်လာပြီး ဒီကိစ္စမှာ ရောပါသွားမယ်... ပြီးရင် ပြင်းပြင်း ထန်ထန် ထိုးနှက်ခံရမှာ"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "အမှန်ပါပဲ"


စွန်းမုန့်ဇယ်က ဆက်ပြောလေသည်။ 

"ဒါဆို... သူက ဘာလို့ ဒီလိုလုပ်နေရတာလဲ... သူ့ကို ဘာကိုမှ မပေးဘဲ သူ့လမ်းတွေလဲ ဖြတ်ချပစ်လိုက်တော့"


ပိုင်ယန်က စွန်းမုန့်ဇယ်၏ ဆိုလိုရင်းကို နားလည်နေသည်။ 


"အစ်ကိုစုန့်... နျန်နျန့်ကို ဝမ်နင်းရွှယ်ရဲ့ အရင်းအမြစ်တွေကို တိုက်ရိုက် ဖြတ်ချပစ်လိုက်ဖို့ ပြောနေတာလား"


စွန်းမုန့်ဇယ် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ်... ပြဿနာရဲ့ အရင်းအမြစ်ကို ဖြတ်ချပြီးတော့ မင်းနဲ့ ပတ်သက်ပြီး ကောလဟာလ ဖန်တီးဖို့ ကြိုးစားနေတာက သူ့ကို ဘယ်လို အာရုံစိုက်မှုတွေ အရင်းအမြစ်တွေမှ ရနိုင်မှာ မဟုတ်ဘဲ သူ့ရဲ့ ရှိပြီးသား အရင်းအမြစ်တွေတောင် ဖြတ်တောက် ခံရနိူင်တယ်ဆိုတာကို သိသွားပါစေ... နျန်နျန်... ကိုယ့်ကိုယ်ကိုယ် တွေးကြည့်လိုက်... ဒီနည်းလမ်းကို သုံးချင်လား မသုံးချင်ဘူးလား ဆိုတာကိုလေ"


ဝေလုကလည်း ပြောလာခဲ့သည်။ 


"ငါလည်း ထောက်ခံတယ်... မင်းရဲ့ အောင်မြင်ကျော်ကြားမှုကို လိုက်စီးချင်ရုံလောက်နဲ့ ဇာတ်လမ်း တစ်ခုလုံး လက်တစ်ဖက်တည်းနဲ့ ရေးနိုင်တဲ့သူလို လူမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ နှလုံးသား နူးညံ့နေလို့ မရဘူး"


ပိုင်ယန် စနောက်လိုက်လေသည်။


 "နျန်နျန်... ဒါက မင်းကို ဆရာစွန်းနဲ့ ဆရာဝေတို့ သင်ပေးတဲ့ ပထမဆုံး သင်ခန်းစာပဲနော်"


ယွီနျန်ကလည်း စကားဝိုင်းကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ပြီး အပြုံးတစ်ခုဖြင့် ကျေးဇူးတင်လိုက်သည်။


 "ဆရာနှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"


စတိတ်စင်ပေါ်၌ နောက်ထပ် အစမ်းလေ့ကျင့်မှုတစ်ခုကို လုပ်ခဲ့ပြီးနောက် ဒါရိုက်တာက မီးစိမ်းပေးလာပြီး ယနေ့အလုပ်ကိစ္စများလည်း ပြီးဆုံးသွားခဲ့လေပြီ။ စွန်းမုန့်ဇယ်က အကြံပြုသည်။ 


"ငါတို့က မတူညီတဲ့ အသက်အရွယ် အပိုင်းအခြားတွေမှာ ရှိနေကြပေမယ့် အဆင်ပြေပြေ ပေါင်းသင်းနိုင်တယ်... ထမင်းတစ်နပ်လောက် အတူစားကြရင်ရော"


မည်သူကမှ မငြင်းဆိုကြသဖြင့် လေးယောက်သားက သူတို့၏ ကားများထဲသို့ အသီးသီး ဝင်လိုက်ကြသည်။ ယွီနျန်၏ နောက်သို့ ဘော်ဒီဂတ်များ လိုက်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ပိုင်ယန်နှင့် အခြားသူများက မေးခွန်းများ ဆက်မမေးကြပေ။ သူတို့က စွန်းမုန့်ဇယ် ဖွင့်ထားသည့် ကလပ်တစ်ခုသို့ ရောက်လာခဲ့ကြပြီး ၎င်းက များစွာသော နာမည်ကျော်များ မကြာခဏတွေ့ရလေ့ရှိကာ လုံခြုံရေး တင်းကျပ်လှသည့် နေရာလည်း ဖြစ်သည်။ 


သီးသန့်အခန်းအတွင်း ယွီနျန် ဆိုဖာပေါ် ဝင်ထိုင်လိုက်သောအခါ ယွီချင်းက ဗီဒီယိုကော ခေါ်လာခဲ့သည်။ 


"ငါ နင့်အမြင်ကို မေးစရာ တစ်ခု ရှိလို့"


ယွီနျန်က ပေါက်ပေါက်များကို ပါးစပ်အတွင်း ထည့်လိုက်ရင်း သီးခြားအခန်းလေးထဲသို့ ဝင်သွားပြီးနောက် တံခါးပိတ်၍ မေးလိုက်သည်။ 


"ဘာကိစ္စလဲ"


ယွီချင်းက မီးခြစ်နှင့် ဆော့ကစားနေပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။ 


"နင့်မမက ဝမ်နင်းရွှယ်ရဲ့ အိမ်ကို နေ့တိုင်းစောင့်ကြည့်ဖို့ သီးသန့်စုံထောက်တစ်ယောက် ငှားထားခဲ့တာ... သူတို့ ဘာတွေ မိထားလဲ ခန့်မှန်းကြည့်ပါလား"


ထိုအခိုက် ဝီချက်မှ မက်ဆေချ့်ဝင်လာသဖြင့် ယွီနျန် ဖွင့်ကြည့်လိုက်ရာ ဓါတ်ပုံအတွဲလိုက် တွေ့လိုက်ရသည်။ သူ ယွီချင်း၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။


 "သူတို့က ဝမ်နင်းရွှယ် ယောကျာ်းတစ်ယောက်နဲ့ မနက်အစောကြီး အိမ်ပြန်လာတာကို ရိုက်မိထားတာလား"


ယွီချင်း အံ့သြသွားရသဖြင့် မီးခြစ်နှင့် ကစားနေခြင်းကို ရပ်လိုက်သည်။


 "နျန်နျန် နင်ဘယ်လိုသိသွားတာလဲ"


ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။ "အခုလေးတင် ရွှယ်ယုံ ဓါတ်ပုံတွေ ပို့ပေးလာတာ... ကျွန်တော်တို့ လိုအပ်ရဲ့လား မေးကြည့်လိုက်ဦးမယ်"


"အား... ဒေါသထွက်လိုက်တာ" ယွီချင်းက မီးခြစ်ကို သူမရှေ့မှ စားပွဲပေါ် ပစ်ချလိုက်သည်။


 "ငါကတော့ ပထမဆုံး သိရတဲ့သူ ဖြစ်မယ်ထင်လို့ နင့်ကို ချက်ချင်း ဖုန်းခေါ်လိုက်တာ... အခုတော့ ကောင်းရော... ပုံတွေကလည်း အတူတူပဲ ဖြစ်မယ်ဆိုတာ ငါခန့်မှန်းမိတယ်"


သူမ စိတ်လျှော့လိုက်သည်။


 "ဘာပဲဖြစ်ဖြစ်... နင်သုံးချင်တယ်မလား... အဲ့မိန်းမ ကင်မရာ ရှေ့မှာ ငိုပြီး သနားကမား ဟန်ဆောင်ပြီးတော့ နင့်အပေါ် ရေဆိုးရေညစ်တွေ ပစ်ဖို့ ကြိုးစားတာကို တွေ့တိုင်း မနေနိုင်ဘဲ ပိတ်ထိုးပစ်ချင်နေတာ"


ယွီနျန်က တုံ့ဆိုင်းမနေတော့ဘဲ ပြောလိုက်သည်။ 


"ကျွန်တော် အစ်ကိုမုန့်ကို ပို့လိုက်မယ်"


ယွီနျန် လက်စားပြန်ချေရန် စီစဥ်ထားကြောင်း သိလိုက်ရသဖြင့် ယွီချင်း ပျော်သွားသည်။ 


"အိုကေ... မမက နင့်ကို စိတ်ပိုင်းဆိုင်ရာ အားတက်သွားအောင် အားပေးမယ်"


ယွီနျန် ဖုန်းချပြီးနောက် ရွှယ်ယုံ ပို့ပေးလာသော ပုံများ အားလုံးကို မုန့်ယွမ်ထံ ပြန်ပို့ပေးလိုက်သည်။ 


မိနစ်လေးဆယ်အကြာတွင် ပိုင်ယန်က မိုက်ကိုင်ထားရင်း screenထက်၌ သူမ၏ သီချင်းကို သီဆိုနေလေသည်။ သူမက စွန်းမုန့်ဇယ်နှင့် ဝေလုတို့ သူတို့၏ ဖုန်းများကို ကြည့်နေရင်း ဘေးချင်းကပ်ထိုင်ကာ တစ်ခုခု ဆွေးနွေးနေကြောင်း သတိပြုမိသွားသည်။ ပိုင်ယန် မိုက်ကို ပြန်ချ၍ မေးလိုက်သည်။


 "ဘာလို့ နှစ်ယောက်သား ဒီလောက်ထိ တက်တက်ကြွကြွ ပြောနေကြတာလဲ"


"ဝမ်နင်းရွှယ် ပြန်ခံနေရပုံပဲ... ငါတို့က ရှိုးကြည့်နေကြတာလေ" စွန်းမုန့်ဇယ် ပြန်ဖြေလေသည်။ 


ဖျော်ဖြေရေး သတင်းတစ်ပုဒ် အရင်တက်လာပြီး အခိုင်အမာ ဆိုထားသည်မှာ မနေ့ညက မနက်သုံးနာရီခန့်တွင် ဝမ်နင်းရွှယ် ယောကျ်ားတစ်ယောက်နှင့်အတူ အိမ်ပြန်လာသည်ကို ကင်မရာ၌ ဖမ်းမိထားသည်။ သူတို့က လွန်စွာ ချစ်ကျွမ်းဝင်နေကြပုံပေါ်ပြီး အနမ်းများပင် ဖလှယ်နေကြသေးသဖြင့် နှစ်ယောက်သား ချိန်းတွေ့နေကြသည်လားဟု ထင်ကြေးများ ပေးနေခဲ့သည်။ 


သတင်းတက်လာသည်နှင့် ယွီနျန်၏ ဖန်များ ဒေါသပုန်ထသွားကြလေတော့သည်။


[ဒါက ကောင်းကောင်းမွန်မွန် ကစားထားတဲ့ ကတ်တစ်ခု ဖြစ်နေတာပဲကိုး... အရင်တစ်ညက သူ့ရဲ့ တိတ်တိတ်ပုန်း ကောင်လေးနဲ့ ဖက်နမ်းနေပြီးတော့ နောက်တစ်နေ့လည်းရောက်ရော မျက်ရည်အပြည့်နဲ့ ကင်မရာမှာပေါ်လာတယ်... နျန်နျန့်ဆီက စွန့်ပစ်ခံလိုက်ရပါတယ်ဆိုတဲ့ အမူအယာနဲ့... ဇာတ်ညွှန်းက ဘယ်သူရေးတာများလဲ...သူတို့က အကောင်းဆုံး ဇာတ်ညွှန်းဆုရဖို့တောင် ထိုက်တန်နေသေးတယ်နော်] 


[သေစမ်း... နျန်နျန်က ဒီလို ဆွဲသွင်းခံရပြီး အပြစ်ပုံချခံရဖို့ ရှစ်ဘဝလောက် သွေးလွှမ်းနေတဲ့ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပဲ... ပုံတွေ ဗီဒီယိုတွေ ထွက်လာပြီ... သူက အားလုံး အတုတွေပါလို့ ငြင်းချင်နေသေးတာလား... သူက ကောင်းကောင်းလည်း သရုပ်မဆောင်တတ်ဘူးနော်... သူ့ရဲ့ ဇာတ်ကောင်ကို ပိုပြီး ဆိုးမယ်လို့တောင် ထင်မထားဘူး]


[နျန်နျန်ရဲ့ ဖန်တွေက သူ့ရဲ့ အရည်အချင်းကို တန်ဖိုးထားတာနော်... အချစ်ရေးကိစ္စ ရှိမရှိက သူ ဂီတကောင်းတွေကို ဆက်လုပ်နေသ၍ အရေးကြီး ကိစ္စမဟုတ်ဘူး... ဒါပေမယ့် တစ်ယောက်ယောက်ကသာ ကောလဟာလတွေ ဖြန့်ပြီး နစ်နာသူ ဟန်ဆောင်လို့ သူတို့ရဲ့ အကျိုးအမြတ်အတွက် ယွီနျန်ကို အသုံးချချင်နေကြတာက ဒေါသထွက်စရာပဲ... လူတွေက သူတို့ကိုယ်တိုင်ပဲ အလုပ်ကြိုးစားသင့်တယ်နော်... နားလည်လား @ဝမ်နင်းရွှယ်]


ထိုအခိုက် အခြားနေရာတစ်ခုတွင် ဝမ်နင်းရွှယ်၏ မန်နေဂျာက ဖုန်းကို သူမရှေ့မှစားပွဲပေါ်သို့ ပစ်လွှင့်လိုက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။


 "ဘာတွေ ဖြစ်နေတာလဲ... ငါ မင်းကို ဒီကာလအတွင်း မင်းကောင်လေးနဲ့ မတွေ့ဖို့ ပြောထားတာ မဟုတ်ဘူးလား"


ဝမ်နင်းရွှယ်ကလည်း မကျေမနပ် ပြောလိုက်သည်။ "ကျွန်မ သူ့ကို မတွေ့ရတာ ကြာပြီလေ... ပြီးတော့ ဒီလောက်ညနက်တဲ့အထိ တစ်ယောက်ယောက်က စောင့်ကြည့်နေလိမ့်မယ်လို့ ကျွန်မက ဘယ်လို သိမှာလဲ"


မန်နေဂျာက ဒေါသကို မထိန်းနိုင်တော့ဘဲ စားပွဲကို နှစ်ကြိမ်ရိုက်ကာ ပြောလိုက်သည်။


 "မင်းမှာ မင်းရဲ့ ကျော်ကြားမှုလှိုင်းကြီးကို လိုက်စီးဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေး ရှိနေပါလျက်နဲ့ အခုတော့ အရှုပ်တွေ လုပ်ချလိုက်ပြီ... မင်း အရင်က အားထုတ်ထားခဲ့သမျှ သဲထဲ ရေသွန် ဖြစ်မသွားတော့ဘူးလား" 


“အားလုံး အလဟဿ ဖြစ်သွားတာမှ မဟုတ်တာ" 


ဝမ်နင်းရွှယ်က ဝံ့ကြွားနေလေသည်။


" ယွီနျန်ရဲ့ ကျော်ကြားမှုကို သုံးပြီး သတင်းဖန်တီးတာက တကယ် အကျိုးရှိတာပဲလေ... သိပ်မကြာခင်က ကျွန်မကို သူတို့ရဲ့ ပြောရေးဆိုခွင့် ရှိသူ အဖြစ် လက်မှတ်ထိုးဖို့ တုံ့ဆိုင်းနေကြတဲ့ ကုမ္ပဏီတွေက ကျွန်မနဲ့ စာချုပ်ချုပ်ဖို့ ကိုယ်တိုင် လာတောင်းဆိုနေကြပြီလေ... ပြီးတော့ သဲထိတ်ရင်ဖို ဇာတ်ကား 'ကြယ်ပွင့်လေးတို့ရဲ့ အိမ်မက်'ကလည်း ကျွန်မကို ဇာတ်လိုက်နေရာအတွက် လူတွေ့ဖြေဖို့တောင် ခွင့်မပြုခဲ့ဘူးလေ... အခုတော့ ကျွန်မကို ဒုတိယအမျိုးသမီး ဇာတ်လိုက်နေရာအတွက် ရွေးဖို့ စိတ်အားထက်သန်နေကြပြီ"


မန်နေဂျာ၏ ဒေါသများက အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ 


"အဟုတ်ပဲ... အလုပ်ဖြစ်တယ်... မင်းရဲ့ လတ်တလော ကျော်ကြားမှုနဲ့ဆို ဒုတိယအမျိုးသမီး ဇာတ်လိုက်နေရာအတွက် ကြေးမြှင့်လိုက်လို့ ရတယ်... အဲ့လိုသာဆို နောက်ကျရင် ငါတို့မှာ အခွင့်အရေးတွေ အများကြီး ရလာတော့မှာ"


ဝမ်နင်းရွှယ်က ဂရုမထားဘဲ သူမ၏ လက်သည်းများကို ခေါက်နေသည်။


 "နောက်ကျရင် ကျွန်မမှာ အခွင့်အရေးတွေ ရှိလာတာနဲ့ ကျော်ကြားဖို့အတွက် ယွီနျန်ကို မှီခိုစရာ မလိုတော့ဘူး"


ထိုအခိုက် တံခါးက နှစ်ကြိမ်အခေါက်ခံလိုက်ရပြီး တွန်းဖွင့် ခံလိုက်ရသည်။ ဝမ်းနင်းရွှယ် မျက်မှောင်ကြုတ်၍ ငေါက်ငမ်းလိုက်လေသည်။ 


"ဘာလို့ ဒီလို အလောတကြီး ဝင်လာရတာလဲ"


လက်ထောက်လေးက စိုးရိမ်ပူပန်နေပုံပေါ်ပြီး ပြောလာသည်။


 "အဲ့ဒါက 'ကြယ်ပွင့်လေးတို့ရဲ့ အိမ်မက်'က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အစ်မက ဒုတိယအမျိုးသမီး ဇာတ်လိုက်နေရာအတွက် အရွေးမခံခဲ့ရဘူး"


ဝမ်နင်းရွှယ်၏ အမူအယာ အေးခဲသွားပြီးနောက် ထရပ်လိုက်သည်။


 "ထပ်ပြောလိုက်စမ်း"


လက်ထောက်က ပြောရန် တုံ့သွ

ားပြီး မန်နေဂျာကလည်း မျက်ခုံးများကို ကျုံ့လျက် သူ့ဖုန်းပေါ်မှ နောက်ဆုံး မက်ဆေချ့်ကို ကြည့်လိုက်သည်။


"ဘာတွေ ဖြစ်နေတာလဲ... ငါတို့ သဘောတူထားတဲ့ ပြောရေးဆိုခွင့်ရှိသူ နေရာကိုလည်း ပြန်ရုတ်သိမ်းသွားပြီ"