Chapter 112
ဒီလူက သဝန်တိုတတ်ရုံတင်မကဘူး... အလွန်အမင်း ကာကွယ်ပေးတတ်သေးတယ်
နောက်တစ်နေ့တွင် ဝမ်နင်းရွှယ်က ကင်မရာထက်၌ နီရဲနေသော မျက်လုံးများဖြင့် ပေါ်လာပြီး တရှုံ့ရှုံ့ငိုကာ သူမက သူမ၏ အချစ်ရေး အစစ်အမှန်ကို ဖုံးကွယ်ထားချင်ခဲ့ပြီး ယွီနျန်နှင့် ရိုမန်တစ်ဆန်သည့် ပတ်သက်မှုများ ရှိနေသည့်အကြောင်းကို လိမ်ညာခဲ့ကြောင်း အရဲစွန့်၍ ထုတ်ဖော်ပြောကြားလိုက်သည်။ သူမက လတ်တလောတွင် ယွီနျန်အပေါ် ပြဿနာများ ဖြစ်စေခဲ့သည့်အတွက် အပြစ်ရှိစိတ်ကို ဖော်ပြခဲ့ပြီး စိတ်ရင်းဖြင့်တောင်းပန်ကာ သူ့ထံမှ ခွင့်လွှတ်မှု တောင်းခံခဲ့သည်။
လူအုပ်ကြီးက screenထက် စုဝေးလာကြပြန်သည်။
[PR အဖွဲ့က အလုပ်ကောင်းကောင်း မလုပ်ဘူး... သူတို့ လုပ်ထားတဲ့ ဆင်ခြေတွေက အဓိပ္ပါယ်ကို မရှိတာ]
[သူ့မှာ ကောင်လေး ရှိတယ်လို့ ဝန်ခံလိုက်တာလား... ယွီနျန်နဲ့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး တဖက်သတ် ကောလဟာလတွေ ဖန်တီးခဲ့တယ်လို့ ဝန်ခံလိုက်ပြီလား... ပြီးတော့ သူက ခွင့်လွှတ်ခံရဖို့ မျှော်လင့်နေတယ်လား... သူမျက်နှာက အရေထူလွန်းလို့ စိတ်လွတ်သွားတာများလား]
[ငါကတော့ ဘာမှ မပြောချင်ဘူး... နျန်နျန်အတွက် နှလုံးသား နာကျင်နေရပြီ]
ယွီနျန် ထိုဗီဒီယိုကို တွေ့သည့်အချိန်က လေဆိပ်တွင် စောင့်ဆိုင်းနေစဥ် ဖြစ်ပြီး ရှစ်ရော့ကလည်း အစမှ အဆုံးအထိ မမှိတ်မသုန် ကြည့်နေခဲ့သည်။ သူမက ရင်ဘတ်ကို ပုတ်လိုက်သည်။
"လူတစ်ယောက်ရဲ့ အပြစ်ကင်းမှုကို ကာကွယ်ရတာ မလွယ်ဘူးပဲ"
မုန့်ယွမ်က ဖုန်းဖြေနေသည်။
"ဟာဆီရုံးချုပ်က လူတွေနဲ့ ကားတွေရော မင်းကို စောင့်နေကြပြီ"
ပြီးနောက် သူက ရှစ်ရော့ကို လှည့်ပြောလိုက်သည်။
"ဟုတ်တယ်... ဒါပေမယ့် အခုကစပြီး လွယ်သွားတော့မှာပါ"
ယွီနျန် လက်ခံလိုက်ပြီးနောက် သူ့နှာခေါင်းထိပ်လေးကို ပွတ်လိုက်မိသည်။
"အဲ့လိုပဲ ထင်ရတာပါပဲ"
မုန့်ယွမ် ထိုင်ချလိုက်ပြီး သူ့ခြေထောက်များကို ချိတ်ကာ တဖြည်းဖြည်း ပြောလိုက်သည်။
"ထန်းရှောင်ခယ်လည်း ကျရှုံးတယ်... ဝမ်နင်းရွှယ်လည်း ကျရှုံးသွားတယ်... အခု ဒီလောကထဲက လူတိုင်း ယွီနျန့်နောက်မှာ အကောင်ကြီးကြီးတစ်ကောင် ရှိနေမှန်း သိသွားကြပြီ... အဲ့ဒီလူက သဝန်တို တတ်ရုံတင်မကဘူး... ပြင်းပြင်းထန်ထန် ကာကွယ်ပေးတတ်သေးတယ်"
ရှစ်ရော့က သူမ၏ နှုတ်ခမ်းလေးကို အုပ်ကာ ရယ်လိုက်သည်။
"ဥက္ကဌရွှယ်မှာ ကွယ်ဝှက်ထားတဲ့ ပါရမီမှုတွေ ပြည့်နေတာ အမှန်ပဲ"
ယွီနျန် ချောင်းဖွဖွ ဆိုးလိုက်သော်လည်း ပြန်မပြောခဲ့ဘဲ မုန့်ယွမ်ကိုသာ မေးလိုက်သည်။
"အစ်ကိုမုန်... လေယာဥ်ဆင်းရင် ရွှယ်ယုံက ကျွန်တော့်ကို လာကြိုဖို့ လူလွှတ်ပေးလိမ့်မယ်... ကျွန်တော် အစ်ကိုတို့နဲ့ အတူတူ ဟိုတယ်ကို မလိုက်တော့ဘူး"
“ကောင်းပြီလေ" မုန့်ယွမ် အချိန်တွက်ကြည့်လိုက်သည်။ "မင်းနောက်မကျဘူးဆိုရင် လေယာဥ်က ဒေသစံတော်ချိန် ငါးနာရီမှာ ထွက်ပြီး ကိုးနာရီမှာ ဆိုက်လိမ့်မယ်... ကြော်ငြာ ရိုက်ကူးရေးက 26ရက်နေ့မှာ... မဂ္ဂဇင်း မျက်နှာဖုံးက 31ရက်မှာ ရှိမယ်... ဟာဆီက ဇွန်လ တစ်ရက်နေ့မှာ ပွဲလုပ်ဦးမှာ... မင်းတက်ဖို့ လိုလိမ့်မယ်"
“ဒါဆို 25ရက် တစ်ရက်လုံးက ကျွန်တော့်ရဲ့ အားလပ်ချိန်ပဲမလား”
“သေချာတာပေါ့" မုန့်ယွမ် သက်ပြင်းချလိုက်သည်။ "မင်းရဲ့ သကြားတွေဖုံးနေတဲ့ မျက်နှာအမူအယာကို ကြည့်ရတာ ငါ့ကိုတောင် တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ချင်အောင် လုပ်နေပြီ"
ရှစ်ရော့က အရွှမ်းဖောက်လိုက်လေသည်။
"အစ်ကိုမုန့်... အစ်ကိုပဲ အရင်တစ်ခါက မြန်မြန် လက်ထပ်ပြီး မြန်မြန်ကွာရှင်းခဲ့ရပြီးတော့ ဘယ်တော့မှ လက်မထပ်ဖို့ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား"
မုန့်ယွမ် စိုက်ကြည့်လာသည်။
"မင်းပြောတာ များနေပြီ"
*****
လေယာဥ်က ချောချောမွေ့မွေ့ ဆင်းသက်လာခဲ့ပြီး မုန့်ယွမ်နှင့် ရှစ်ရော့တို့က ကားတစ်စီးပေါ်သို့ တက်သွားကြချိန်တွင် ယွီနျန်က ဟယ်ရှန်း၏ နောက်မှ လိုက်ကာ အနက်ရောင် Rolls-Royce Phantom ကားရှည်ကြီးပေါ် တက်လိုက်သည်။ အချိန်အကြာကြီး လေယာဥ် စီးခဲ့ရသဖြင့် ယွီနျန်က ပင်ပန်းနေပြီး မျက်လုံးပွတ်၍ ကားထိုင်ခုံတွင် အိပ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူက အကြာကြီး မအိပ်ခဲ့ရဘဲ နိူးလာခဲ့သည်။ ရွှယ်ယုံနှင့် တွေ့ရတော့မည်ဟူသော အတွေးက နှလုံးခုန်သံ မြန်ဆန်လာစေခဲ့ပြီး စိတ်အေးအေးထား၍ မရပါပေ။ ရှေ့ခုံမှ ဟယ်ရှန်းက ယွီနျန် နိုးလာသည်ကို မြင်သောအခါ ကားထဲမှ အလင်းရောင်ကို ဖွင့်ပေးလိုက်သည်။
"သခင်လေးယွီ... ရောက်ဖို့ နာရီဝက်လောက် လိုပါသေးတယ်"
"ကောင်းပါပြီ... ကျေးဇူးပါ"
သစ်ပင်ရိပ်လေးများကို ဖြတ်ကျော်လာသည့် ကားပြတင်းမှန်ကို ကြည့်နေရင်းဖြင့် ယွီနျန်က အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
မကြာမီ ကားက လမ်းချိုးတစ်ခုကို ကွေ့လိုက်ပြီး 'ကိုယ်ပိုင်သီးသန့်နေရာ မဝင်ရ' ဟူသော ဆိုင်းဘုတ်ကို ဖြတ်၍ ကိုယ်ပိုင်လမ်းလေးထဲ ဝင်လာခဲ့သည်။ စိမ်းမြနေသော တောအုပ်ငယ်လေးကို ဖြတ်သွားပြီးနောက် ဝင်ပေါက်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ ဟယ်ရှန်းက ကားထဲမှ ထွက်လာပြီး ယွီနျန်အတွက် တံခါးဖွင့်ပေးလာခဲ့သည်။ ယွီနျန် မြေပေါ်သို့ ခြေချလိုက်သောအခါ အကျင့်အတိုင်း ကျေးဇူးတင်စကား ပြောလိုက်လေသည်။
အဓိကလမ်းမကြီးကို လျှောက်လာပြီး သေသေသပ်သပ် ညှပ်ထားသော ခြံစည်းရိုးပင်စိမ်းများကို ဖြတ်သွားသောအခါ ယွီနျန် ကြက်သေသေသွားပြီး အသက်အောင့်ထားမိသည်။
ခြံဝင်းက အတော်လေး ကျယ်ဝန်းပေသည်။ နွေဦးအလယ်ပိုင်းတွင် ဖြစ်သော်လည်း အရာအားလုံးက စိမ်းလန်းစိုပြေနေသည်။ သို့သော်ငြား မြက်ခင်းပြင်များ၊ သစ်ကတိုးပင်များ၊ သန္တာရောင် သစ်ပင်များ၊ ခြုံပုတ်ပုပုလေးများ၊ ရေပန်းနှင့် ရှုပ်ထွေးကွေ့ကောက်သော ပုံစံများဖြင့် ပုံဖော်ထားသော ကျောက်ဆစ်ပန်းပုများနှင့် အဝေးတစ်နေရာမှ ဥရောပစတိုင် နှစ်ထပ်အဆောက်အအုံ၏ ခေါင်မိုးထပ်များအားလုံးတွင် အဖြူရောင် နှင်းပွင့်များဖြင့် ထူထူထဲထဲဖုံးအုပ်ထားလေသည်။
သိသာမြင်သာသော နေရာတွင် အဆောက်အဦး၏ အတွင်းပိုင်းကို ဦးတည်နေသည့် တလက်လက်တောက်ပနေသော အလင်းရောင်များဖြင့် ပြုလုပ်ထားသော လျှောက်လမ်းတစ်ခု ရှိနေသည်။
အလင်းရောင် ခပ်နွေးနွေးက အမှောင်ထုကို လွင့်ပြယ်စေပြီး ခြံဝင်းတစ်ခုလုံးက အဖြူရောင် နှင်းများဖြင့် ဖုံးအုပ်ထားသည်။ နတ်သမီးပုံပြင် ကမ္ဘာထဲသို့ မတော်တဆ ခြေချမိသလိုပါပင်။
ယွီနျန်က စက္ကန့်အနည်းငယ်လောက်ထိ နေရာမှာပင် ရပ်နေပြီးမှ နွေဦးတွင် နှင်းမကျနိုင်သည်ကို အမှတ်ရမိသွားသည်။ ဒါဆိုရင်... လူလုပ်ထားတဲ့ နှင်းတွေများ ဖြစ်နေမလား...
သူက ခြေထောက်ကို မဝံ့မရဲ မြှောက်လိုက်မိပြီး နှင်းများ ဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် ခြေရာတစ်ခု ချန်ထားခဲ့သည်။ လမ်းကြောင်းတလျှောက် လျှောက်လာပြီးနောက် ထင်းရှူးပင်ပုလေးထက်တွင် ရွှယ်ယုံ၏ လက်ရေးဖြင့် ရေးထားသော ကတ်တစ်ခုကို တွေ့လိုက်ရသည်။
"ဒီလမ်းအတိုင်းလာခဲ့...နျန်နျန် နှင်းလူသား လုပ်လို့ရတယ်"
ရင်းနှီးနေသော ရနံ့လေးက လေထုထဲတွင် ပျံ့နှံ့လာခဲ့ပြီး ရွှယ်ယုံက နောက်မှတဆင့် ယွီနျန်ကို ဖက်လာခဲ့ပြီး ကိုယ်ကို ကိုင်း၍ ရင်ခွင်ထဲမှ ယွီနျန်၏ ပါးလေးတစ်ဖက်ကို နမ်းလိုက်သည်။ သူ့နားရွက်လေးများက အနည်းငယ် နီရဲလာခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလာခဲ့သည်။
"သဘောကျရဲ့လား... နျန်နျန်"
ယွီနျန်က စကားမပြောဘဲ မေးလေးကို မော့ကာ ရွှယ်ယုံ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ တစ်ခဏတာ အကြည့်ချင်းဆုံပြီးနောက် ရွှယ်ယုံ တုံ့ပြန်လာခဲ့ပြီး ယွီနျန်၏ ခါးကို ဖက်ကာ အနမ်းများကို နက်ရှိုင်းစေလိုက်သည်။
ဖြူစွတ်စွတ် နှင်းများ ဖုံးနေသည့် မြေပြင်ပေါ်တွင် နှစ်ယောက်သား၏ ယှက်နွယ်နေသော ခြေရာများသာ ကျန်ရှိနေလေတော့သည်။ အလင်းရောင်အောက်တွင် အဖြူရောင် နှင်းများဖြင့် ဖုံးထားသော ထင်းရှူးပင်ပုလေးများဘေး၌ သူတို့၏ အရိပ်များက နွေးထွေးသော အရောင်သဲ့သဲ့ဖြင့် ထင်ဟပ်နေလေသည်။
နမ်းနေစဥ် အချိန်များက ရပ်သွားခဲ့ဟန်တူသည်။ ခြေထောက်များ ပျော့ခွေလာပြီး အနမ်းကြောင့် အောက်ဆီဂျင် ပြတ်၍ မူးဝေလာမှသာ ယွီနျန်က ရွှယ်ယုံ၏ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်၍ ပြောလိုက်သည်။
"ရွှယ်ယုံ..."
ယွီနျန်၏ ခါးထက်၌ ရှိနေသည့် ရွှယ်ယုံ၏ လက်များက အောက်သို့ ဆင်းလာပြီး ယွီနျန်၏ အဝတ်များအတွင်း လျှောဝင်ကာ ယွီနျန်၏ ခါးသွယ်သွယ်လေးထက် လက်ဖဝါးကို ရပ်တန့်လိုက်ပြီး နွေးထွေးမှုကို ထွက်ပေါ်လာစေခဲ့သည်။
ယွီနျန်၏ စကားများကို ကြားသောအခါ အက်ရှရှ လေသံဖြင့် ပြန်ဖြေလိုက်လေသည်။ "ဟင်"
ယွီနျန်က ထိုအသံကြောင့် သွေးပူလာခဲ့ပြီး ရွှယ်ယုံ၏ နှုတ်ခမ်းများကို ထပ်မံ နမ်းရှိုက်ကာ သူ့ခါးမှာလည်း ခပ်ဖွဖွ အထိအတွေ့တို့ကြောင့် အရည်ပျော်ကျမတတ် ခံစားလိုက်ရသည်။
နှုတ်ခမ်းများ ခွဲခွာမိကြသောအခါ ယွီနျန်က ရွှယ်ယုံ၏ ရင်ခွင်အတွင်း မှီ၍ မြန်ဆန်နေသော အသက်ရှူသံကို နားထောင်နေပြီးနောက် ခပ်ဖွဖွ ပြုံးလိုက်သည်။ ရွှယ်ယုံ၏ လက်မက ယွီနျန်၏ နှုတ်ခမ်းထောင့်တွင် စွန်းထင်းနေသည့် သွားရည်စများကို ခပ်ဖွဖွ သုတ်ပေးလိုက်ပြီး ကြည်နူးနေပုံ ပေါ်ကာ အကြည့်များကလည်း စူးရှနေလေသည်။
"နျန်နျန်... ကိုယ် မင်းကို နမ်းတာကို သဘောကျရဲ့လား"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း... သဘောကျတယ်"
ရွှယ်ယုံက ထိုခေါင်းစဥ်ကို တလေးတနက် လေ့လာနေပုံပေါ်ပြီး မေးလိုက်လေသည်။
"ဒါဆို နျန်နျန်က ဖွဖွလေး နမ်းတာကို ကြိုက်လား... ပြင်းပြင်းလေး နမ်းတာကို ကြိုက်လား"
ယွီနျန်မှာ သူ၏ တလေးတနက် အမူအယာကို ရယ်ချင်သွားရပြီး ရွှယ်ယုံ၏ နားအနားသို့ ကပ်ကာ ပြောလိုက်သည်။
"ခင်ဗျား နမ်းမယ်ဆို နှစ်ခုလုံး ကြိုက်တယ်"
ရွှယ်ယုံ၏ နားသန်သီးလေးများ ပူနွေးလာပြီးအနည်းငယ် ရှက်သွေးဖြာသွားရသည်။
သူ့ကိုယ်သူ ထိန်းလိုက်ပြီးနောက် ယွီနျန်၏ နှာခေါင်းထိပ်လေးကို ထိကာ အချိန်အကြာကြီး သူပြင်ဆင်ထားခဲ့ရသော စကားလုံးများကို ပြောလိုက်လေသည်။
"ဒီနေ့က ကိုယ်တို့ အတူရှိတာ တစ်လပြည့်တဲ့နေ့ပဲ"
ဧပြီ 25ရက်ကနေ မေလ25ရက်ထိ... တစ်လတိတိ ပြည့်သွားပြီ...
ယွီနျန်၏ မျက်လုံးများထဲမှ မျှော်လင့်စောင့်စားနေမှုများကို တွေ့လိုက်ရသောအခါ ရွှယ်ယုံ မထိန်းနိုင်တော့ဘဲ ယွီနျန်၏ မျက်လုံးထောင့်လေးကို နမ်းလိုက်ပြီးမှ ဆက်ပြောသည်။
"အခုကစပြီး ကိုယ့်ဘဝရဲ့ လတိုင်းလတိုင်းမှာ မင်းနဲ့ အတူရှိရဖို့ မျှော်လင့်တယ်"
သူ့အသံက ချိုမြမြ ဝိုင်တစ်ခွက်လို အက်ရှပြီး နက်ရှိုင်းနေသည်။ တစ်ငုံလောက် သောက်လိုက်ရခြင်းကပင် ရစ်ထွေထွေ ဖြစ်သွားစေပြီး ဆက်ပြီး သောက်ချင်လာရလေလေ ဖြစ်သွားစေသည်။
ရွှယ်ယုံ သူ့အား မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်သောအခါ ယွီနျန်၏ မျက်လုံးများနှင့် မျက်ခုံးများပါ အပြုံးများဖြင့် ပြည့်သွားလေသည်။
"ကျွန်တော်တို့ အတူရှိလာတာ တစ်လပဲရှိသေးပေမယ့် အချိန်ကုန်မြန်တယ်လို့ ခံစားရတယ်... အဲ့လိုဆိုရင်တောင် အချိန်အကြာကြီး ရှိနေခဲ့တာလို့ ခံစားနေရတုန်းပဲ"
ယွီနျန်က ရွှယ်ယုံ၏ လက်ကို သူ့လက်များဖြင့် တွဲကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"ခင်ဗျားနဲ့ တွေ့ဆုံရတာက ကျွန်တော့်ဘဝအတွက် အလှပဆုံးအရာပဲ... ကျွန်တော့်တစ်ဘဝလုံးစာ အတွက်တောင် ဖြစ်နိုင်တယ်"
ထိုကဲ့သို့သော စကားများမှာ ပြဇာတ်ဆန်လွန်းလှသည်ဟု တွေးခဲ့ဖူးသော်လည်း သူ့အလှည့်သို့ ရောက်လာသောအခါ ထိုစကားများကပင် သူ့ခံစားချက်များကို ပြည့်ပြည့်ဝဝ မဖော်ပြနိူင်ဟု ခံစားလိုက်ရသည်။
ယွီနျန်က ရွှယ်ယုံ သူ့အတွက် ပြင်ဆင်ပေးထားသော နှင်းများကို မဖြုန်းတီးစေရန်အတွက် နှင်းလူသားလေး တစ်ခုကို သေချာ တည်ဆောက်ခဲ့ပြီး နွယ်ပင်လေးများနှင့် ပန်းပွင့်များကိုသုံးကာ ပန်းသရဖူလေးတစ်ခုကို ရိုးရိုးရှင်းရှင်း လုပ်လိုက်သည်။ ရွှယ်ယုံက ယွီနျန်၏ လမ်းညွှန်ချက်နောက်ကို လိုက်ကာ ပန်းနှင့် သစ်ရွက်များ ကူညီ၍ ခူးပေးနေခဲ့သည်။
ပြီးသွားသောအခါ ယွီနျန် ထရပ်ပြီး ဝေ့ပေါ်တွင် တင်ရန် ဓါတ်ပုံရိုက်လိုက်သည်။ တရုတ်ပြည်တွင် မနက် 6နာရီခန့်သာ ရှိနေသေးသော်လည်း ဝေ့ပေါ်မှာ အချိန်မည်မျှရှိရှိ ဘယ်သောအခါမှ လူမပြတ်ပေ။
[တစ်ညလုံး နေပြီး အိပ်တော့မယ်လုပ်ကာမှ နျန်နျန်ရဲ့ ဝေ့ပေါ်ပိုစ့်ကို တွေ့လိုက်ရတယ်... မင်္ဂလာ နံနက်ခင်းပါ... မင်္ဂလာ နံနက်ခင်းပါ... ဝိုး... နျန်နျန်က ချောမောနေလိုက်တာ... နှင်းလူသားကလည်း ကြည့်ကောင်းနေတယ်]
[အချိန်ကွာခြားမှုပါတီကတော့ အော်နေပြီနော်... ကွန်မန့်ပေါင်း သုံးထောင်လောက် ရှိနေပြီ... နင်တို့တွေ မအိပ်ကြဘူးလား... ဒီလောက်မြန်မြန် ကွန်မန့်ရေးနိူင်အောင် ဝေ့ပေါ်မှာ အိမ်ဝယ်ထားကြတာများလား... ဒါပေမယ့် နေစမ်းပါဦး... နျန်နျန်က ပဲရစ်မှာ ရောက်နေတာမလား... ဘာလို့ နှင်းကျနေတာလဲ... နှင်းလူရုပ် လုပ်ရလောက်တဲ့အထိ ထူနေတာလား... ငါ ပြတင်းပေါက်အပြင်ကို စစ်ကြည့်ပြီးသွားပြီ... ဘာမှ မရှိဘူး... ငါ ဆောင်းဦးရာသီမှာ ခရီးမသွားဖူးဘူးလေ]
[OMG... နျန်ကော်မလေးက အဓိကအချက်ကို သတိပြုမိသွားပြီ... နျန်နျန့်အရိပ်က ဘယ်ဘက်ထောင့်အောက်မှာ...နှင်းလူရုပ်က အလယ်မှာဆိုရင်... ဘယ်သူ့အရိပ်လဲ... ညာဘက်ထောင့်အပေါ်မှာ ရှိနေတာကလေ... အားးးး နျန်နျန်က ဘယ်သူနဲ့ အတူ နှင်းလူရုပ် လုပ်နေတာလဲ... အစ်ကိုမုန့် ဖြစ်ပါစေလို့ တိတ်တိတ်လေး ဆုတောင်းမိနေပြီ]
ဝေ့ပေါ် ကွန်မန့်များ၌ ဆွေးနွေးနေမှုများက ပို၍ လှိုင်းထလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ယွီနျန်က ဒုတိယမြောက် နှင်းလူရုပ်တစ်ခုကို အားတက်သရော ဆောက်လုပ်နေခဲ့သည်။ ပြီးသွားသောအခါ နှင်းလူရုပ် နှစ်ခု၏ ရှေ့မှ မြေပေါ်တွင် "ယွီနျန်"နှင့် "ရွှယ်ယုံ" ဟူသော အမည်များကို ရေးလိုက်သည်။ ထို့နောက် လက်များကို ပုတ်၍ နှင်းများ ခါချလိုက်ပြီး လက်များပေါ်ကိုလည်း မှုတ်လိုက်သေးသည်။
"အားလုံး ပြီးသွားပြီ"
ရွှယ်ယုံက ယွီနျန်၏ ခါးကို ပွေ့ကာ လက်များကို သူ့လည်ပင်းတွင် ပတ်ထားစေခဲ့သည်။
"မင်းလက်တွေကို အနွေးဓါတ် ပေးရမယ်"
ယွီနျန်က မျက်လုံးထဲတွင် အပြုံးရိပ်များဖြင့် ပြောလိုက်သည်။
"ကြည့်... ကျွန်တော်တို့ နာမည်တွေကို ပထမဆုံး အတူတူရေးထားတာပဲ"
ရွှယ်ယုံက တစ်ခဏမျှ အကြည့်လွှဲလိုက်ပြီးနောက် တီးတိုးပြောလာခဲ့သည်။
"အခုကစပြီး...ကိုယ်တို့ နာမည်တွေကို အမြဲတမ်း အတူတူ ရေးကြရတော့မှာ"
ခြံဝင်းထဲတွင် လျှောက်ပတ်ကြည့်ပြီးနောက် နှစ်ယောက်သားက လမ်းတလျှောက်တွင်နှင်းဘောလုံးများစွာ ပြုလုပ်ခဲ့ကြပြီး ခြံဝင်းထဲမှ နှင်းတောင်ကုန်လေးဆီ သွားကာ နှင်းများပေါ်တွင် စွပ်ဖားလှည်း စီးခဲ့ကြသေးသည်။ ယွီနျန်က ကစားရင်း ပင်ပန်းလာသဖြင့် ရွှယ်ယုံ၏ နောက်မှတဆင့် အိမ်ထဲသို့ လိုက်လာပြီး မေးလိုက်သည်။
"အလုပ်ကိစ္စက ချောချောမွေ့မွေ့ ဖြစ်သွားရဲ့လား"
ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။
"ဖြေရှင်းပြီးသွားပြီ... ဒေသတွင်း အာဏာပိုင်တွေက အာမခံသူအဖြစ် ကြားဝင် စေ့စပ်ပေးတယ်... ထိခိုက်ထားတဲ့ အလုပ်သမားတွေရဲ့ စိတ်အခြေအနေကလည်း အခု တည်ငြိမ်သွားပြီ... လျော်ကြေးငွေ စီစဥ်မှုကိုလည်း လုပ်ပြီးသွားပြီ"
သူတို့က ကျောက်တုံး ခြေနင်းများအပေါ် နင်းလျှောက်လာခဲ့ကြပြီး ရွှယ်ယုံက ရုတ်တရက် ရပ်ကာ ပြောလာခဲ့သည်။
"နျန်နျန်"
ယွီနျန်လည်း လှေကားများထက် တစ်ဆင့်မြင့်သော နေရာတွင် ရပ်နေရင်း ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ"
"ကိုယ်နဲ့ အတူရှိရတာ ပျင်းစရာ ကောင်းတယ်လို့ မခံစားရဘူးလား"
ယွီနျန်က အရောင်ဖျော့ဖျော့ ဟူဒီ၊ ဂျင်းနှင့် အဖြူနှင့်အနက်ရောင် အားကစားဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူ့အပြုံးလေးများက တောက်ပနေပြီး ငယ်ရွယ်နုပျိုခြင်း၏ နှစ်လိုဖွယ်ရာကောင်းမှုကို ပေးစွမ်းနေသည်။ လက်များကို အိတ်ကပ်ထဲတွင် ထည့်ထားလိုက်ပြီး အရပ်အမြင့် ကွာခြားမှုနေကြောင့် ကိုယ်ကိုကိုင်းညွှတ်၍ ရွှယ်ယုံ၏ နှုတ်ခမ်းပါးများကို ခပ်ဖွဖွ အနမ်းပေးလိုက်သည်။
"ခင်ဗျား ဒီလောက်တောင် စိုးရိမ်နေရရင် ကျွန်တော်လည်း အတူတူပဲ ပူပန်နေရမှာပေါ့ .. ဒါပေမယ့် တကယ်ပါ... ကျွန်တော် လုံးဝ ပျင်းတယ်လို့ မခံစားရဘူး"
ထို့နောက် တီးတိုးရယ်၍ ပြောလိုက်သည်။
"လေယာဥ်ပေါ်က အစားအသောက်တွေက ဆိုးလွန်းတယ်
... ကျွန်တော် အရမ်းဗိုက်ဆာနေပြီ"
ရွှယ်ယုံ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ... မီးဖိုချောင်ထဲမှာ ညစာ အသင့်ဖြစ်နေပြီ... မင်းအကြိုက်ဆုံး အစားအသောက်တွေလေ... သွားရအောင်"