အပိုင်း ၁၁၃
Viewers 16k

Chapter 113

နျန်နျန်... ကိုယ်မဟုတ်ရပါဘူး... တကယ်ပါ



ညစာစား၍ ရေချိုးကြပြီးနောက် ယွီနျန်က အနက်ရောင် ပိုးသား ဝတ်စုံကို ဝတ်ကာ တစ်ဆက်တည်း အကြိမ်များစွာ သမ်းဝေလိုက်သည်။ 


သူ့အသားအရည်က ပင်ကိုယ်အတိုင်းကပင် ကြွေထည်လေးကဲ့သို့ ဖြူဝင်းနေခြင်း ဖြစ်သည်။ ရေပူဖြင့် ချိုးပြီးနောက် အသားအရည်က ပန်းရောင်ဖျော့ဖျော့ သမ်းသွားပြီး အနက်ရောင်ဝတ်စုံနှင့် ယှဥ်လိုက်သောအခါ အတော်လေး မျက်စိဖမ်းစား ဖွယ်ရာပါပင်။


ရွှယ်ယုံ၏ အကြည့်များ မည်သည့် နေရာတွင် ကျရောက်နေသည်ကို သတိမထားမိဘဲ ယွီနျန် မေးလိုက်သည်။


 "ကျွန်တော်တို့ အတူတူ အိပ်ကြမှာလား"


ရွှယ်ယုံ နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။


 "ဒီမှာ... အခန်းတွေ အများကြီး ရှိတယ်"


သူ ယခင်က အိမ်ထဲတွင်အခန်းတစ်ခုတည်းသာ ရှိသဖြင့် အတူတူ အိပ်ရမည် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို အမှတ်ရမိသောအခါ ယွီနျန် သူ့စကားကို နားလည်သွားသဖြင့် တမင်သက်သက် ပြောလိုက်သည်။ 


"ဒါပေမယ့် ခင်ဗျားကို မတွေ့ရတာ အရမ်းကြာနေပြီလေ... အိပ်ရာအတူတူ အိပ်ပြီး စကားပြောကြရအောင်"


ရွှယ်ယုံ မေးလိုက်သည်။ "စကား ပြောရုံပဲလား"


ယွီနျန်က ရွှယ်ယုံဘက်သို့ တိုး၍ မှီကာ ခပ်ညစ်ညစ် မေးလိုက်သည်။ 


"ဒါပေါ့... ဘာလုပ်စရာ ရှိသေးလို့လဲ"


ရွှယ်ယုံ ပြန်မဖြေဘဲ သူအသက်ရှူသံများက ယွီနျန်၏ နွေးထွေးပြီး စွတ်စိုနေသော အရှိန်အဝါတို့ကို သယ်ဆောင်လာပေးသည်။ 


"ဒါဆို အတူတူ အိပ်ကြတာပေါ့"


သို့သော်လည်း သူတို့ အိပ်ရာပေါ် လဲလျောင်းလိုက်ကြသောအခါ ယွီနျန်က ချက်ချင်းပင် ငိုက်မြည်းလာလေတော့သည်။ မျက်လုံးများပင် ဖွင့်မထားနိုင်တော့ဘဲ အခြားကိစ္စများက ဝေလာဝေးပင်။ သူက လက်မောင်းကို ချလိုက်သဖြင့် ပိုးသားဝတ်စုံ၏ လည်အဟိုက်ခပ်လျော့လျော့က ကျဆင်းလာကာ မျက်စိကျိန်းလောက်ဖွယ် ရင်ဘတ်နှင့် လက်မောင်း ဖြူဖြူလေးများကို ဖော်ပြလာခဲ့သည်။


ယွီနျန်မှာ အသားအရည် များစွာဖော်ပြမိသည်ကို သတိမထားမိတော့ဘဲ အိပ်ချင်မူးတူးဖြင့် ရွှယ်ယုံဘက်သို့ တိုးဝှေ့ကာ အနမ်းပေးလိုက်ပြီး ဂွတ်နိုက်ဟူသော စကားကို ပလုံးပထွေး ရေရွတ်လိုက်သည်။ 


ရွှယ်ယုံမှာ အသက်အောင့်ထားရပြီး လျှောကျနေသော ယွီနျန်၏ ဝတ်စုံကို ခပ်ဖွဖွ ဆွဲတင်၍ ထောင်ချောက်ဆင်နေသော မြင်ကွင်းကို ဖုံးကွယ်ပေးလိုက်သည်။ ထို့နောက် ကိုယ်လေးကို ဖက်ကာ မီးမှိတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ 


"ကောင်းကောင်းအိပ်... ဂွတ်နိုက်"


ယွီနျန် အိပ်နေရာမှ နိုးလာသောအခါ ပင်ပန်းနွမ်းနယ်မှုများ ကွယ်ပျောက်သွားလေပြီ။ သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ မျက်လုံးများ တင်းတင်းစေ့၍ အိပ်ပျော်နေသော ရွှယ်ယုံ ဖြစ်နေသည်။ ယွီနျန်မှာ ရွှယ်ယုံအား နှောက်ယှက်မိမည်ကို စိုးရိမ်သဖြင့် ခပ်ဖွဖွလေး အသက်ရှူတော့မည်အပြု တစ်စုံတစ်ခုက သူ့ပေါင်ကို လာထိနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။


သဘာဝအလျောက် အနည်းငယ် ရွှေ့လိုက်မိသောအခါ ရွှယ်ယုံ၏ မျက်တောင်ထူထူတို့မှာ တုံ့ပြန်ဟန်ဖြင့် တုန်ယင်သွားလေသည်။ 


ယွီနျန်၏ မျက်လုံးများထဲတွင် ခပ်ညစ်ညစ် အပြုံးလေးတစ်ခု ပေါ်လာခဲ့ပြီး မည်သည်ကိုမှ ဖော်ပြမလာဘဲ သူ့ပေါင်ကိုသာ သာမန်ကာလျှံကာဖြင့် အကြိမ်အနည်းငယ် ပွတ်တိုက်နေလိုက်သည်။ မကြာခင် ရွှယ်ယုံလည်း ထပ်ပြီး မခုခံနိုင်တော့ဘဲ မျက်လုံးများ ပွင့်လာပြီး အသံကလည်း အက်ရှ၍ ဆွဲဆောင်မှု ရှိနေလေသည်။ 


"နျန်နျန်...."


ယွီနျန် သူ့မျက်နှာကို ခေါင်းအုံးပေါ်တွင် ဖိနှစ်ထားပြီး လုံးဝ အပြစ်ကင်းချင်ယောင်ဆောင်နေသော်လည်း သူ့အပြုအမူလေးများမှာ အတော်လေး ဖြားယောင်းသွေးဆောင်မှု ပြုနေသည်ကို သတိထားမိသွားသောအခါ ရွှယ်ယုံ အသက်ရှူသံများ ကြမ်းတမ်းလာခဲ့သည်။ အဆုံးတွင် သူ ထရပ်ကာ ရေချိူးခန်းထဲသို့ အလျင်အမြန် လျှောက်သွားလေတော့သည်။ 


ယွီနျန်က ဖိနပ်ပါးစီး၍ လိုက်ကြည့်လေရာ ရေချိူးခန်းတံခါး ပိတ်ထားပြီး အထဲမှ ရေကျသံ ထွက်လာနေသည်ကိုသာ တွေ့လိုက်ရသည်။ 


ယွီနျန် ဆံပင်ရှုပ်ရှုပ်လေးများကို ဖွ၍ တွေးလိုက်မိသည်။ သူစတာ အရမ်း လွန်သွားပြီလား...


မနက်ပိုင်းတွင် ရွှယ်ယုံက စာကြည့်ခန်းထဲတွင် ရုံးအလုပ်ကိစ္စများအား မရပ်မနား ကိုင်တွယ်နေရချိန်၌ ယွီနျန်မှာ စာအုပ်စင်မှ စာအုပ်နှစ်အုပ် ယူလာပြီး ကော်ဇော်ပေါ်တွင် ဇိမ်ကျကျ ထိုင်ကာ ခြေချိတ်ထိုင်လိုက်ပြီး ခြေဗလာဖြင့် စာဖတ်နေလေသည်။ နွေရာသီ မနက်စောစော၏ လေအေးလေးများက ပြတင်းပေါက်မှ တဆင့် တိုးဝင်လာပြီး ခြံဝင်းထဲမှ သစ်ပင်များ၏ ရနံ့လေးများကို သယ်ဆောင်လာပေးရာ လေထုကို ကြည်လင်အေးမြစေသည်။ 


သူ့လက်ထဲရှိ စာအုပ်များမှာ စာအုပ်စင်တွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်းကြောင့် ဖြစ်မည်။ ယွီနျန်မှာ စာမျက်နှာတစ်ခုချင်းစီကို ဂရုတစိုက် လှန်နေရသည်။ တစ်ခဏမျှ ဖတ်ပြီးသွားသောအခါ ယွီနျန် မေးလေးမော့လာ၍ ပြုံးပြလာခဲ့သည်။ 


" အရာအားလုံးကို ဘေးဖယ်ထားပြီး စာအုပ်တွေကို ဒီလိုမျိုး စိတ်အေးလက်အေး မလှန်ရတာ အတော်ကြာပြီ"


ရွှယ်ယုံ၏ အကြည့်များက ကွန်ပြူတာ မျက်နှာပြင်ထက်မှ လွဲဖယ်လာခဲ့ပြီး သူသည်လည်း စိတ်အေးလက်အေး ဖြစ်နေပုံပင်။ သတိထားမိသူ တစ်ယောက်အနေဖြင့် ယွီနျန်မှာ သူ့ကိုယ်သူ အလွန်တင်းကျပ်လေ့ ရှိပြီး အမြဲတမ်း အစွန်အဖျားပေါ် ရပ်နေကာ အလွန် အလုပ်များသော အချိန်စာရင်း ရှိပြီး အနားယူရန် အချိန်သိပ်မပေးသည်ကို သူသတိထားမိသည်။ 


ထိုအခိုက် ဆိုဖာပေါ်တွင် ကြုံရာကျပန်း လွှင့်ပစ်ခံထားရသည့် ယွီနျန်၏ ဖုန်းမြည်လာခဲ့သည်။ သူ့မျက်နှာ မဲမှောင်သွားလေသည်။ "ဘာအလုပ်မှ မရှိဘူး ပြောရုံရှိသေး... တစ်ခုခု ရောက်လာပြန်ပြီ... အစ်ကိုမုန့်ပဲနေမှာ... ကျွန်တော် လောင်းရဲတယ်"


ဖုန်းကို လှမ်းယူ၍ မျက်နှာပြင်ကို ကြည့်လိုက်သောအခါ အမှန်ပင် မုန့်ယွမ်၏ အမည်ကို ဖော်ပြနေလေသည်။ 


ယွီနျန်က ပျင်းရိပုံပေါ်နေသည်မှာ ရှားလှသော်လည်း ဖုန်းကို စပီကာ ဖွင့်၍ ပြန်ချထားလိုက်ပြီး ကောဇောပေါ်တွင် ထိုင်ကာ ဆိုဖာကို မှီ၍ မေးလိုက်သည်။


 "အစ်ကိုမုန့်... ဘာကိစ္စလဲ"


မုန့်ယွမ်က အဓိကအချက်ကိုသာ တန်းပြောလိုက်သည်။ "အမျိုးသမီးကြီးတစ်ယောက်က ငါ့ကို ဆက်သွယ်လာတယ်... မင်းနဲ့ တွေ့ချင်တယ်လို့ ပြောနေတယ်"


ယွီနျန် ပဟေဠိ ဖြစ်သွားလေသည်။ "ဘယ်သူလဲ သိလား... အစ်ကိုမုန့်"


“မသိဘူး... ဒါပေမယ့် လိပ်စာနဲ့ အမှာစကား ချန်ထားတယ်... သူ့နာမည်ကို ဖုန့်ထုံပိလို့ ပြောတာပဲ... စိတ်ဝင်စားရင် လာတွေ့လို့ ရတယ်တဲ့" 


မုန့်ယွမ်က အမှာစကားပေါ် မူတည်၍ မေးလိုက်သည်။ "နျန်နျန်... မင်း သူ့ကို သိလား.... အဲ့ဒီအမျိုးသမီးကြီးက အကျင့်သိက္ခါကြီးတဲ့ ပုံပေါ်ပြီး ကြင်နာတတ်တဲ့ အမူအရာလည်း ရှိသေးတယ်... သူက ရည်မွန်ကျော့ရှင်းတဲ့ပုံပဲ... လူချမ်းသာ မိသားစု တစ်ခုက ဖြစ်မဲ့ပုံ"


ဖုန့်ထုံပိ... ဖုန့်မိသားစုလား... 


ယွီနျန် ပြုံးလိုက်သည်။


 "ကျွန်တော် အဲ့ဒီအမျိုးသမီးကြီးကိုတော့ မသိပေမယ့် နာမည်ကို ကြားဖူးပါတယ်... အစ်ကိုမုန့်... ချန်ပေးထားတဲ့ လိပ်စာကို ပို့ပေးလို့ ရမလား"


မုန့်ယွမ် လက်ခံလိုက်သည်။ "ဒီနေ့ သွားတွေ့မလို့လား"


"ဟုတ်... ကျွန်တော် သူ့ဆီ သွားလည်ရမယ်... မနက်ဖြန်အလုပ်ကို နှောင့်နှေးလို့ မဖြစ်ဘူး"


ဖုန်းချလိုက်ပြီးနောက် ရွှယ်ယုံ မေးလာသည်။


"ကျင်းမြို့က ဖုန့်မိသားစုလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 

"ဟုတ်လောက်မယ်... ကျွန်တော့် အဘိုးဆီကနေ ကြားခဲ့ဖူးတယ်... ဘိုးဘိုးတို့ မျိုးဆက်မှာ ကျင်းမြို့ရဲ့ ဖုန့်မိသားစုက ထုံပိလို့ ခေါ်တဲ့ သမီးတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်တဲ့... အချိန်တွေ ပြောင်းလဲလာတော့ တဖြည်းဖြည်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ကြတာလေ" 


ရွှယ်ယုံက ဖုန်းခေါ်ဆိုမှုအချို့ ပြုလုပ်ကာ အချိန်စာရင်းကို ချိန်ညှိလိုက်ပြီး အရေးကြီးသော အလုပ်များကို တာဝန်လွှဲပေးလိုက်သည်။ ထို့နောက် ယွီနျန်ကို ပြောလိုက်လေသည်။


 "မင်းတစ်ယောက်ထဲ သွားမှာ စိတ်မချဘူး... ကိုယ်လည်း အတူလိုက်ပေးမယ်"


မုန့်ယွမ် ပို့ပေးလာသော လိပ်စာအတိုင်း လာခဲ့သောအခါ ဒရိုင်ဘာက သူတို့ကို ဆင်ခြေဖုံးနေရာတစ်ခုဆီ ခေါ်သွားပေးခဲ့သည်။ အမိုးခုံးပါသော ဗီလာတစ်ခုနှင့် ကောင်းမွန်စွာ ထိန်းသိမ်းထားသော ဥယျာဥ်လေးပင်။ တွယ်တက်နေသော နှင်းဆီပန်းများက ခြံစည်းရိုးကို ဖုံးကာထားပြီး လေထုထဲတွင် ၎င်းတို့၏ အနံ့များဖြင့် ပြည့်နှက်သွားစေသည်။ ဒရိုင်ဘာက အနီးအနားတွင် ပါကင်ထိုးလိုက်ပြီး ရွှယ်ယုံနှင့် ယွီနျန်တို့က ကားထဲမှ ထွက်ကာ တံခါးခေါက်လိုက်ကြသည်။


တစ်ခဏအကြာ အသက်ရှစ်ဆယ်အရွယ် အမျိုးသမီးကြီးတစ်ယောက်က ဥယျာဥ်လမ်းကြားလေးကို ဖြတ်၍ သူတို့ထံသို့ တဖြည်းဖြည်း လျှောက်လာနေခဲ့သည်။ သူမက ကော်လာအဖျားတွင် ပန်းထိုးထားသော အပြာရင့်ရောင် ဝတ်စုံ၊ ပုလဲလည်ဆွဲနှင့် လက်ကောက်ဝတ်တွင် ကျောက်စိမ်းလက်ကောက်တို့ကို ဝတ်ဆင်ထားသည်။ သူမ၏ အပြုအမူများက ကျော့ရှင်းနေပြီး အချိန်များက လမ်းကြောင်းအမျိုးမျိုးတို့ကို ဖြတ်ပြေးလာသည့် ရှင်းမပြနိုင်သော ခံစားချက်တစ်ခု ရစေသည်။ 


အမျိုးသမီးကြီးက တံခါးကို ဖွင့်ကာ ယွီနျန်ကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်သည်။ "မင်းက ယွီမိသားစုကလား"


ယွီနျန်က သူမ အသေအချာ ကြားနိုင်ရန်အတွက် ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီးနောက် တလေးတစား ပြောလိုက်သည်။ 


"ဟုတ်ပါတယ်... ကျွန်တော် ယွီနျန်ပါ... ဒီနှစ်မှာ အသက် 22နှစ် ရှိပါပြီ... ကျွန်တော့်အဘိုးက ယွီရှို့နျင်း ဖြစ်ပြီး အမေကတော့ ယွီထိုက်ယွဲ့ပါ... ဒါက ကျွန်တော်နဲ့ အတူလိုက်လာပေးတဲ့ ရွှယ်ယုံပါ" 


နားထောင်ပြီးနောက် အမျိုးသမီးကြီးက ဘေးကို ကပ်၍ ပြောလိုက်သည်။


 "ကောင်းပါပြီကွယ်... အဘွားနဲ့ လိုက်ခဲ့ပါ"


အိမ်အတွင်းပိုင်းက ရိုးရှင်းပြီး တောက်ပနေသည်။အမျိုးသမီးကြီးက သူတို့အတွက် ရေနွေးတစ်အိုး တည်ခင်းပြီးနောက် ယွီနျန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ကျော့ရှင်းနေကာ နူးနူးညံ့ညံ့နှင့် ခပ်နှေးနှေး စကားပြောလာသည်။ "သားက 'အိပ်မပျော်နိုင်သူ စာလိပ်'၊ နွေဦးမှာ ယစ်မူးနေတဲ့မြင်းက ဦးတည်ရာမဲ လျှောက်သွားနေတယ်'၊ 'ကျန်းရှန်းမှာ အဆက်မပြတ်ရွာတဲ့မိုး' အပြင် ပန်းအိုးနှစ်အိုးနဲ့ ခွက်တစ်လုံးကို ပြန်ဝယ်လာနိုင်ခဲ့တယ်ဆို... အမှန်ပဲလား"


ယွီနျန်က မတ်မတ် ထိုင်နေပြီး လက်ဖက်ရည်နံ့လေးကို မွှေးကြူကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်ပါတယ်... အားလုံးကို လတ်တလော နှစ်တွေအတွင်း ကျွန်တော် လေလံဆွဲပြီး ပြန်ဝယ်ထားတာပါ... အဲ့ဒီအပြင် 'အမျိုးသမီးတစ်ယောက်ရဲ့ ပုံတူပန်းချီ'လို့ ခေါ်တဲ့ ပန်းချီကား တစ်ချပ်လည်း ပါပါသေးတယ်"


"ကျောက်ကျယ် ဆွဲထားတဲ့ဟာလား"


"ဟုတ်ပါတယ်"


အမျိုးသမီးကြီးက ခေါင်းငြိမ့်၍ မေးလိုက်သည်။


 "အဲ့ဒီအထဲမှာ 'အိပ်မပျော်နိုင်သူ စာလိပ်'ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးအနေနဲ့ အမြဲတမ်း သတ်မှတ်ထားတာ.... သားအမြင်အရ ဒါကို ကျော်နိုင်မဲ့အရာ ရှိနိုင်လား"


ယွီနျန် စက္ကန့် အနည်းငယ်ကြာ တွေးလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ "ကျွန်တော့် အမြင်အရဆို တစ်ခု ရှိပါတယ်"


"ဘယ်ဟာလဲ"


“‘ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'”


ယွီနျန်၏ အဖြေကြောင့် အံ့အားသင့်သွားပုံပေါ်သည့် အမျိုးသမီးကြီးက လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်သည်။


 "လက်ရေးက သိပ်ကြည့်မကောင်းပါဘူး"


“အဲ့ဒါက အလှအပ အမြင်မှာတော့ စိတ်ကျေနပ်လောက်စရာမရှိဘူး... တော်တော်လေး အရုပ်ဆိုးနေလိုက်သေးတယ်... ဒါပေမယ့် ကျွန်တော့်ဘိုးဘိုး တစ်ခါ ပြောဖူးတယ်... အဲ့ဒီစာရဲ့ စုတ်ချက်တိုင်းက သမိုင်း၊ ယဥ်ကျေးမှု၊ ပြီးပြည့်စုံမှုနဲ့ စစ်ပွဲတွေ၊ ပြိုကွဲမှုတွေရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို ဖော်ပြပေးနိုင်တယ်... မင်စက်ထင်ရာ နေရာတိုင်းက သွေးနဲ့ချွေးတွေကို သယ်ဆောင်ပေးတယ်... နိုင်ငံတစ်ခု မိသားစုတစ်ခုရဲ့ ပျက်သုန်းမှုတွေကိုရောပေါ့"


"ဟုတ်ပါ့... အဲ့ဒါက မစ္စတာရှို့နျင်း ပြောလောက်မယ့် စကားပါပဲ" အမျိုးသမီးကြီးက ရွှင်လန်းသွားလေသည်။ " 'အိပ်မပျော်နိုင်သူ စာလိပ်'နဲ့ ယှဥ်လိုက်ရင်ရော"


" 'အိပ်မပျော်နိုင်သူ စာလိပ်'က အထူးလှပပါတယ်... လက်ရေးလှ အနုပညာရဲ့ အထွဋ်အထိပ်ပါပဲ... 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'က အခြားတစ်ဖက်မှာပဲ... နာကျင်မှုတွေ၊ ခွဲခွာမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို ကိုယ်ရေးကိုယ်တာ အဆင့်အတန်းတစ်ခုနဲ့ ဖြည့်တင်းထားတယ်"


 ယွီနျန်က တုံ့ဆိုင်းမနေဘဲ ဆက်ပြောလေသည်။


 "ဒီနှစ်ခုကို နှိုင်းယှဥ်စရာ မလိုအပ်ပါဘူး... နှစ်ခုလုံးက သမိုင်းရဲ့ စာလိပ်ရှည်ကြီးကို အတူတကွ ပေါင်းစပ်ပေးမဲ့ အပိုင်းအစတွေပါပဲ... ပထမတစ်ခုက လက်ရေးလှ ပညာရပ်ရဲ့ ကြီးကျယ်လှပပုံကို ဖော်ပြနိုင်တဲ့ အချိန်မှာ နောက်တစ်ခုက လက်ရေးလှစာတွေကြား လူသားတွေရဲ့ ကမ္ဘာကြီးကို ဖော်ပြပေးနေတယ်" 


ဖုန့်ထုံပိက ကောင်းသည်ဆိုးသည် မှန်သည်မှားသည် မဝေဖန်ပေ။ ထိုအစား ရှေးဟောင်း နာရီကြီးကို ကြည့်၍ ပြောလိုက်သည်။


 "ဒီနေ့အတွက်တော့ ရပ်လိုက်ကြရအောင်... တစ်ယောက်ယောက်နဲ့ လက်ဖက်ရည်အတူသောက်ဖို့ ချိန်းထားသေးလို့"


ယွီနျန် နားလည်သွားပြီး ပြောလိုက်သည်။ 


"ဒါဆိုရင် ဒီနေ့ ကျွန်တော် အိမ်ပြန်လိုက်ပြီး နောက်ရက်အနည်းငယ်လောက်မှ ပြန်လာလည်ပါ့မယ်"


ဖုန့်ထုံပိက ငြင်းဆန်ခြင်း မရှိဘဲ ခေါင်းငြိမ့်ကာ ရွှယ်ယုံထံ အကြည့်ပို့၍ မေးလိုက်သည်။


 "ပြီးတော့ သူက ဘယ်သူများလဲ"


ယွီနျန်က တစ်ဖက်လူ မေးသောအရာကို သိလိုက်သဖြင့် ပွင့်ပွင့်လင်းလင်း ပြုံးပြလိုက်သည်၊ "သူက ကျွန်တော့်ရဲ့ ချစ်သူ ရွှယ်ယုံပါ... ကျွန်တော့်ကို စိတ်ပူလို့ အတူလိုက်လာပေးတာ"


ဖုန့်ထုံပိ ခေါင်းငြိမ့်လိုက်ပြန်သည်။ "သူကလည်း လူကောင်းလေးပဲ... အဘွားတို့ ခုနက စကားပြောနေကြတုန်းက သားအပေါ်မှာပဲ အလုံးစုံ အာရုံစိုက်ထားတာ... သူသားကို နက်နက်ရှိုင်းရှိုင်း ဂရုစိုက်နေတာပဲ"


ယွီနျန် အနည်းငယ် ရှက်ရွံ့သွားသော်လည်း အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး နှုတ်ဆက်စကား ပြောလိုက်သည်။


ကားထဲသို့ ပြန်ရောက်သောအခါ ယွီနျန်က မုန့်ယွမ် ပို့ပေးလာသော ဓါတ်ပုံများကို လက်ခံရရှိခဲ့သည်။ ရွှယ်ယုံ သူတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။


 "အဝတ်အစားတွေလား"


ယွီနျန်က ရွှယ်ယုံ၏ မေးခွန်းကို ပြန်ဖြေရင်းဖြင့် ပြောလိုက်သည်။ 


"ဟုတ်တယ်... ဇွန်လ 1ရက်နေ့ကျ ဟာဆီရဲ့ ဧည့်ခံပွဲမှာ ဝတ်ရမဲ့ အဝတ်အစားတွေလေ... ဘရန်းဘက်က ရွေးစရာ ငါးခု ပေးထားတယ်... အစ်ကိုမုန့်နဲ့ ကျွန်တော်က ဝတ်ရမဲ့ဟာကို ရွေးရမှာ... ကြည့်ရတာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်ခဲ့တာတွေနဲ့ အခုထိ မထုတ်ရသေးတဲ့ ဒီဇိုင်းတွေပဲ ဖြစ်မယ်... ကျွန်တော်က ဒီဝတ်စုံကို ပထမဆုံး ဝတ်ရမဲ့သူ ဖြစ်မှာပေါ့" 


ယွီနျန်က မုန့်ယွမ်နှင့် အသေးစိတ်အချက်များ ဆွေးနွေးနေစဥ် ရွှယ်ယုံတစ်ယောက် သူ့ဖုန်းထက်မှ မက်ဆေချ့်တစ်ခုကို ခပ်မြန်မြန် ပိတ်လိုက်ပြီး တစ်စုံတစ်ရာအား ဖုံးကွယ်ရန် ကြိုးစားနေသည်ကို သတိပြုမိလိုက်သည်။


ယွီနျန် မမေးတော့ဘဲ စကားပြောမည်အပြု 'တင်း' ဟူသော အသံကို ကြားလိုက်ရပြီး ရွှယ်ယုံ၏ ဖုန်းထဲသို့ နောက်ထပ်မက်ဆေချ့်တစ်ခု ဝင်လာခဲ့သည်။ မက်ဆေချ့်က တိုတောင်းပြီး စာကြောင်းတစ်ကြောင်းသာပါကာ နှစ်ယောက်လုံးက ပါသော စာများကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ကြရသည်။ 


“ကျွန်တော် ဟာဆီကို ဆက်သွယ်ပြီးတော့ ဒီဝတ်စုံအတွက် ဒီဇိုင်းအသေးစိတ်ကို ထုတ်ဝယ်လို့ ရခဲ့ပါပြီ" 


ယွီနျန်က အဓိက စကားလုံး ဖြစ်သည့် "ထုတ်ဝယ်လိုက်တယ်" ဟူသော စကားကို မြန်မြန် ဖမ်းမိသွားလေသည်။ သူ တစ်ခဏမျှ အေးခဲသွားပြီးနောက် သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ဖြတ်ပြေးသွားကာ ချက်ချင်း မေးလိုက်သည်။ 


"ဖလောရင့် ပုံရိပ်ယောင်ပင်လယ် နှုတ်ခမ်းနီ ကြော်ငြာထဲမှာ သုံးခဲ့တဲ့ အကန့်အသတ်ထုတ် မြေခွေးအမြီးကိုလည်း... ခင်ဗျားပဲ ဝယ်ခဲ့တာလား"


ရွှယ်ယုံ စိတ်ပူပန်လာပြီး ချက်ချင်း ငြင်းဆန်လိုက်သည်။


 "မဟုတ်ပါဘူး... ကိုယ်မဟုတ်ရပါဘူး... တကယ်ပါ"