အပိုင်း ၁၁၅
Viewers 16k

..Chapter 115

"မင်းကို ဆေးလိမ်းပေးမယ်လေ"



“ဟုတ်တယ်... မှတ်ဥာဏ်တွေလည်း မကောင်းတော့ပါဘူး"


 မစ္စဖုန့်က သူမ၏ နှုတ်ခမ်းများကို လက်ကိုင်ပုဝါဖြင့် ထပ်သုတ်ကာ စိမ်ပြေနပြေ ဆက်ပြောနေသည်။


 "မင်းအမြင်အရဆို ဘယ်အရာကများ 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'က ထူးခြား ပြောင်မြောက်စေတယ်လို့ ထင်လဲ"


ယွီနျန်က မေးခွန်းကို မဖြေခင် စကားလုံးများကို စဥ်းစားလိုက်သည်။


 "ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရရင် တကယ်ပဲ ရှည်လျားလှပါတယ်... ဒါပေမယ့် သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် ဒီသမိုင်းကြောင်းက ဘုရင်နဲ့ မင်းဆွေမင်းမျိုးတွေနဲ့ပဲ ပတ်သက်နေပြီးတော့ သာမန်လူတွေနဲ့ မဆိုင်တာကို တွေ့ရမှာပါ... လူတစ်ယောက်ချင်းစီတိုင်းက သဲပွင့်လေးတွေ လိုပါပဲ... သမိုင်းကို မှတ်တမ်းတင်ကြသူတွေက သူတို့ရဲ့ ရှုထောင့်ကနေ ဒေါင်လိုက်ဖြစ်စေ အလျားလိုက်ဖြစ်စေ အလှမ်းကွာဆုံး အနိမ့်အမြင့်တွေကို အကဲဖြတ် သုံးသပ်ပြီး ကမ္ဘာကြီးရဲ့ အနိမ့်အမြင့် အတက်အကျတွေနဲ့ မျိုးဆက်အဆက်ဆက် ကံကြမ္မာကောင်းတွေ နိမ့်ကျမှုတွေကို ဆက်သွယ်ပေးတယ်... အဲ့ဒီအချိန်တွေမှာ လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေလူတွေက နှိမ့်ချခံရတယ်"


မစ္စဖုန့်က အသေအချာ နားထောင်နေသည်။ "ကျေးဇူးပြုပြီး ဆက်ပြောပေးပါ"


ယွီနျန်က လက်ချောင်းများဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ 


"ဒါပေမယ့် 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'က ကွဲပြားတယ်... ထျန်းတဲ့ကာလမှာတောင် ကြွယ်ဝချမ်းသာမှုတွေက မင်းဆက်တစ်ဆက်တည်းမှာပဲ ပြောင်းပြန်လှန်သွားတယ်... ပုန်ကန်မှုတွေ ထကြွလာပြီး နယ်မြေတွေကလည်း မီးတောက်တွေကြားထဲမှာ နစ်မြုပ်သွားခဲ့တယ်... အဲ့ဒီအချိန်မှာ လျောင်မြို့ရဲ့ အုပ်ချုပ်သူက မြို့ကို အသေအကြေ ကာကွယ်ပေးခဲ့ပြီး ရန်သူတွေကို ဘယ်တော့မှ လက်နက်မချခဲ့ဘူး... မြို့ထဲက သာမန်လူတွေ အားလုံးက အသက်ရှင်ဖို့ အာမခံချက် မရှိတော့ဘဲ မြို့နဲ့အတူ သေဆုံးသွားကြရတယ်လေ...


အဝိုင်းခံရတဲ့ ဆယ့်နှစ်ရက်မြောက်နေ့မှာ ဖရိုဖရဲ ပစ်နေတဲ့ မြားတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ အဆင့်နိမ့်တပ်သားတွေကို ပြန်သယ်လာခဲ့ကြတယ်... အဲ့ဒီအချိန်မှာ ဖုန့်ကျိုးက ဝမ်းနည်းကြေကွဲမှုတွေ မခံမရပ်နိုင် ဖြစ်မှုတွေ ပြည့်နေတဲ့ အဲ့ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး ဒီစကားလုံးတွေကို ရေးခဲ့တယ်... ကောင်းကင်ဘုံမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားတွေ အတွက် ဆုတောင်းပြီး သာမန်လူတွေအတွက် ငြိမ်းချမ်းရေးရအောင် တောင်းဆုပြုခဲ့တယ်... လက်ရေးစာမူထဲမှာ တပ်သားတွေရဲ့ အမည်တွေကို အလေးအနက် ချရေးပြီး နန်းပုလ္လင်က လက်လွှဲပြောင်းနေချိန် နယ်မြေကတော့ သွေးတွေ စွန်းထင်းနေပြီးတော့ သာမန်ပြည်သူတွေ ခက်ခဲပင်ပန်းကြရတယ်လို့ ဝမ်းနည်းစွာ မှတ်တမ်းတင်ထားခဲ့တယ်"


လက်ဖက်ရည်ပူပူ တစ်ငုံသောက်ပြီးနောက် ယွီနျန် ဆက်ပြောလိုက်သည်။ 


"စာရွက်ပိုင်း အလိပ်တစ်လိပ်အတွက်တော့ စုတ်ချက်တွေ အံ့လောက်ဖွယ် ကောင်းလောက်အောင် လှနေရင်တောင် စာရွက်ပိုင်းလေးပါပဲ... အတွေးအခေါ်၊ ခံစားချက်တွေ၊ မျက်ရည်တွေ သွေးတွေနဲ့ သမိုင်းကြောင်းတွေ လောင်းထည့်လိုက်ရင် မှေးမှိန်မသွားဘဲ နှစ်ထောင်ပေါင်းများစွာ တောက်ပနေရတဲ့ အကြောင်းအရင်းဖြစ်သွားပြီ"


အခန်းက တစ်ခဏမျှ တိတ်ကျသွားပြီး မစ္စဖုန့်က ယွီနျန်ကို မေးလာခဲ့သည်။


 "စားပြီးသွားပြီလား"


ယွီနျန် ပြန်ဖြေလိုက်သည်။ "ဟုတ်... စားပြီးပါပြီ"


မစ္စဖုန့် ထရပ်လိုက်သည်။


 "အနီးအနားကို လမ်းလျှောက်ကြမလား... လူငယ်လေး"


ယွီနျန် ခပ်မြန်မြန် ထရပ်လိုက်သည်။ 


"ရတာပေါ့ဗျာ"


သူတို့က မြို့လယ်မှ ပန်းခြံအသေးလေးတွင် တစ်ခဏမျှ လမ်းလျှောက်ကြပြီးနောက် ပေါင်မုန့်အချို့ဝယ်ရန် မုန့်ဖိုတစ်ခုစီ သွားခဲ့ကြသည်။ လမ်းတလျှောက် ယွီနျန်၏ ကလေးဘဝအကြောင်း ပြောနေခဲ့ကြသည်။ မှောင်စပြုလာသောအခါ မစ္စဖုန့်၏ အိမ်သို့ ပြန်လာခဲ့ကြလေသည်။ သူမက ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် ယွီနျန်ကို မေးလိုက်သည်။ 


"သားလည်း အဘွားဘယ်သူဆိုသာ သိပြီးလောက်ရောပေါ့"


“ဟုတ်... ကျွန်တော် ငယ်ငယ်တုန်းက ဘိုးဘိုး ပြောပြဖူးပါတယ်... ကျင်းမြို့ရဲ့ ဖုန့်မိသားစုက ပြီးပြည့်စုံတဲ့ သမိုင်းကြောင်းရှည်ကြီး ရှိပြီး မျိုးဆက်အဆက်ဆက် ချမ်းသာကြွယ်ဝလာကြတာပါတဲ့" ယွီနျန် ပြန်ဖြေလိုက်သည်။ 


“သားက ဥာဏ်ကောင်းသားပဲ... ပြီးရင် သားလည်း အဘွားရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိလောက်ပြီ" မစ္စဖုန့် ပြောလိုက်သည်။ 


မစ္စဖုန့်၏ ရှေ့တွင် ထိုင်လိုက်ပြီးနောက် ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်"


မစ္စဖုန့်၏ အသံမှာ တစ်စုံတစ်ခုကို အမှတ်ရမိသွားသည့်အလား အတိတ်ကို လွမ်းဆွတ်တမ်းတမှုများဖြင့် နူးညံ့သွားလေသည်။


 "အဘွားငယ်ငယ်တုန်းက မိသားစုကလည်း ထိပ်ပိုင်းရောက်နေတော့ ကြွယ်ဝချမ်းသာတဲ့ ဘဝကို ရခဲ့တာပေါ့လေ... နောက်ပိုင်း အဘွားချစ်တဲ့သူနဲ့ လက်ထပ်ရတော့လည်း ဂုဏ်ရည်တူတဲ့မိသားစုကပါပဲ... ကံမကောင်းစွာနဲ့ အသက်ငယ်ငယ်နဲ့ သူဆုံးပါးသွားတော့ အဘွားကို အသက်ရှည်ရှည် နေသွားဖို့ မှာသွားတယ်...


ဒါကြောင့်မို့ အဘွားလည်း အဲ့ဒီကတည်းက တစ်ယောက်တည်း ဖြစ်သွားတာ့တာပဲ... ဒီနှစ်တော့ အဘွားရဲ့ အချိန်တွေက အကန့်အသတ်ရောက်လာပြီလို့ ပိုပိုပြီး ခံစားလာရတယ်... အိပ်ပျော်ပြီးသွားရင် တစ်နေ့ကျ နိုးလာနိုင်တော့မှာ မဟုတ်ဘူးလို့ပေါ့"


ယွီနျန်က အသေအချာ နားထောင်ပေးနေသည်။


"အဘွား လက်ထပ်တုန်းက အဘွားအဖေက အဘွားကို အရမ်းချစ်တော့ 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'ကို ခန်းဝင်အနေနဲ့ ထည့်ပေးခဲ့တယ်... စာလိပ်က အဘွားဆီမှာ ရာစုနှစ်တစ်ဝက်လောက်ထိ ရှိနေခဲ့တာ... အဘွားမှာ မျိုးဆက်မရှိတော့ ကြုံရာလူကိုလည်း မပေးလိုက်ချင်ဘူး"


 မစ္စဖုန့်က ယွီနျန်ကို ချစ်ခင်တွယ်တာမှုများဖြင့် ကြည့်လိုက်သည်။


 "သားက လူကောင်းလေးပဲ... သားငယ်ငယ်လေးကတည်းက မစ္စတာရှို့နျင်းဆီကနေ သင်ကြားပြသခံထားရတာ... ဒါကြောင့် သားကို ယုံကြည်ချင်မိတယ်... သား ဒါကို မီးပဲရှို့ရှို့ လက်ဆင့်ပဲကမ်းကမ်း လှူပဲလှူလှူ အဘွားဆုံးသွားရင် သားအပိုင် ဖြစ်သွားလိမ့်မယ်"


ယွီနျန် အံ့အားသင့်သွားရသည်။ သူက မစ္စဖုန့်၏ ရည်ရွယ်ချက်ကို ခန့်မှန်းထားမိပြီးသား ဖြစ်သော်လည်း သူမက သူ့ကို အဖိုးမဖြတ်နိုင်သည့် 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'ကို လက်ဆောင်ပေးလာမည်ဟု ထင်မထားခဲ့ပေ။ 


ယွီနျန် ပြောစရာ ရှိနေသည်ကို မြင်သောအခါ မစ္စဖုန့်က သူ့ကို ကြိုပိတ်ထားလိုက်သည်။ 


"ငွေအတွက် စိတ်မပူပါနဲ့... အဘွားမှာ အများကြီး ရှိသေးတယ်... နောက်ထပ် ဆယ်နှစ်လောက် နေရဦးမယ်ဆိုရင်တောင် လုံလောက်တာထက် ပိုသေးတယ်" 


သူမ ပြုံးလိုက်ပြီး ပေါင်ပေါ်တွင် လက်ကို ယှက်ကာ ကျော့ရှင်းစွာဖြင့် ဝင်ထိုင်လိုက်သည်။ 


"အဘွားငယ်ငယ်တုန်းက အဘိုးရဲ့ သင်ကြားပြသမှုတွေကို နားထောင်ခဲ့ရတယ်... သူတစ်ခါ ပြောဖူးတယ်... ယဥ်ကျေးမှု ဆိုတာ ကျယ်ပြောတဲ့ အယူအဆ မဟုတ်ဘူး... ဒီစာလိပ်တွေ၊ ကြွေထည်အပိုင်းအစတွေ၊ ဝါးတိုင်လေးတွေ၊ သစ်သားပြားတွေကို တစ်ခုချင်းစီ အတူတကွ ပေါင်းစပ်ရတာတဲ့... 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'က အဘွားဆီမှာ ရှိနေတာ အရမ်းကြာနေပြီ... အခု ပြန်သွားရမဲ့အချိန်ပဲ ...."


ယွီနျန် ထပ်မငြင်းတော့ဘဲ တလေးတစား ထရပ်ကာ မစ္စဖုန့်ကို အရိုအသေ ပေးလိုက်သည်။ 


မစ္စဖုန့်က ဆိုဖာပေါ်မှ ထရပ်လာပြီး အရိုအသေပြုမှုကို လက်ခံလိုက်သည်။ 


“V+” မဂ္ဂဇင်း၏ မျက်နှာဖုံးအတွက် ရိုက်ကူးရေး လုပ်ကြသောအခါ မုန့်ယွမ်က ယွီနျန်၏ မျက်လုံးများရှေ့တွင် လက်ယမ်းပြလိုက်သည်။ 


"ဘာဖြစ်နေလို့လဲ... အရမ်းပင်ပန်းနေလို့လား... ဘာလို့ ဒီနှစ်ရက်ထဲ စိတ်ကူးယဥ်နေသလို ပုံစံမျိုး ဖြစ်နေရတာလဲ" 


ယွီနျန် အစစ်အမှန်လောကကို ပြန်ရောက်လာခဲ့သည်။ "ဘာမှ မဟုတ်ပါဘူး... တစ်ခုခု စဥ်းစားနေလို့ပါ"


မုန့်ယွမ် ထပ်မမေးတော့ဘဲ ယွီနျန်ကို နူးနူးညံ့ညံ့ သတိပေးလိုက်သည်။ 


"မျက်နှာဖုံး ဓါတ်ပုံရဲ့ ဓါတ်ပုံဆရာက တကယ် ပါရမီ ရှိတယ်... သူက အသက်ဆယ့်ကိုးနှစ်မှာတောင် နိုင်ငံတကာဆုတွေ အများကြီး ရထားတာ... ဒါပေမယ့် သူက တသီးတခြားဆန်ပြီး ပြောရဆိုရ မလွယ်ဘူး... ငါထင်တာ သူက ရာထူးအဆင့်အတန်းအပေါ် အာရုံပြင်းပြင်း ရှိတယ်ထင်တယ်"


ယွီနျန် နားမလည်ပေ။


 "ရာထူးအဆင့်အတန်းလား"


"အင်း... ဖက်ရှင်လောကထဲမှာ အရှုပ်အထွေးတွေ အများကြီး ရှိတယ်လေ.. ပြီးတော့ သူက အဆင့်အတန်း ဘယ်လိုခွဲလဲဆိုတာ ငါလည်း မသိဘူး... ဒါပေမယ့် မင်း အခက်အခဲတွေ ကြုံရရင်လည်း သည်းသာခံနေလိုက်... ငါတို့ပိုင်နက်လည်း မဟုတ်ဘူးလေ" 


မုန့်ယွမ် ရှင်းပြလိုက်သည်။


"ကောင်းပြီ... ကျွန်တော် နားလည်ပါပြီ"


ဤနှစ်၏ ရေပန်းစားနေသော အကြောင်းအရာက Retroစတိုင် ဖြစ်ပြီး “V+” မဂ္ဂဇင်း၏ ပုံရိပ်ကလည်း အနုပညာဆန်သည့် ခေတ်ဟောင်းစတိုင် ဖြစ်သည်။ သူတို့က ယွီနျန်ကို ယခင်ရာစုနှစ်မှ ဝတ်စုံများ ဝတ်ဆင်စေပြီး သစ်တောထဲတွင် မြင်းစီးရန် တောင်ဆိုးထားသည်။ 


ပြီးနောက် အမှန်ပါပင် မုန့်ယွမ်၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ယွီနျန်က မြင်းပေါ်သို့ အကြိမ်များစွာ တက်လိုက်ဆင်းလိုက်ဖြင့် ပွတ်တိုက်မှုကြောင့် ပေါင်အတွင်းပိုင်းများ နာကျင်လာခဲ့ရလေသည်။ မနက်ပိုင်းတစ်ခုလုံး ကုန်သွားသည်အထိ ဓါတ်ပုံတစ်ပုံပင် မရိုက်ရသေးပေ။ 


ဓါတ်ပုံဆရာက အလင်းအမှောင်ပညာရှင်နှင့် စကားပြောနေသည်ကို တွေ့သောအခါ ယွီနျန် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ရှစ်ရော့အား ဖုန်းယူလာပေးရန် ပြောလိုက်သည်။ ဓါတ်ပုံဆရာ သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ရန် လုပ်ဆောင်ပြီးမှ ယွီနျန်က ဒါရိုက်တာမက်ဆာကို ဖုန်းခေါ်လိုက်ပြီး တစ်လုံးချင်းစီ ပြတ်ပြတ်သားသား ပြောလိုက်သည်။ 


"မစ္စတာမက်ဆာ... အနှောက်အယှက်ပေးမိတဲ့အတွက် အားနာပါတယ်... ကျွန်တော် အတည်ပြုစရာလေး ရှိလို့ပါ... မစ္စတာစလစ်မန်းရဲ့ ဆလွန်းက ဒုတိယမြောက်ရက် ညနေ ခုနစ်နာရီမှာနော်"

[T/Nဒီနေရာရဲ့ ဆလွန်းဆိုတာက တွေ့ဆုံပွဲပါ]


စလစ်မန်း၏ ဖက်ရှင်ဆလွန်းက တစ်ကြိမ်တွင် လူဆယ့်တစ်ယောက်သာ ဖိတ်ကြားပြီး အတူစုစည်း၍ ဧည့်ခန်းတွင် စကားပြောကြပြီး ဖက်ရှင်လောကထဲမှ မရေတွက်နိုင်သော လူပေါင်းများစွာ ခြေချချင်နေကြသော နေရာလည်း ဖြစ်ပေသည်။ 


"စလစ်မန်း" ၏ နာမည် ပြောသည်ကို ကြားသောအခါ ဓါတ်ပုံဆရာက သူရှိရာဘက်သို့ သိသိသာသာ လှမ်းကြည့်လာခဲ့သည်။ 


ယွီနျန်က အပြုံးလေးတစ်ခုဖြင့် ဖုန်းဆက်ပြောနေခဲ့သည်။ အကျိုးသက်ရောက်မှုက ချက်ချင်း ပေါ်လာပြီး ရိုက်ကူးရေးတစ်ခုလုံး ချောချောမွေ့မွေ့ လျင်လျင်မြန်မြန် ပြီးဆုံးသွားခဲ့သည်။ သူတို့က နေ့လည် သုံးနာရီခွဲတွင် အလုပ်ပြီးသွားခဲ့လေသည်။


အနီးအနားတွင် အပြင်လူများ မရှိကြသောအခါ မုန့်ယွမ်က သူ့လျှာကို သပ်လိုက်မိသည်။


 "အမြဲတမ်းလိုလို ဥာဏ်ကောင်းနေတာပဲ... ဘယ်လို တွေးမိသွားတာလဲ"


ယွီနျန် ရှင်းပြလိုက်သည်။ 

"တကယ်တော့ တော်တော်လေး ရိုးရှင်းပါတယ်... ဓါတ်ပုံဆရာက အရမ်းပါရမီ ရှိတော့ သူ ကျွန်တော့်ကို အသေအချာ လေ့လာအကဲဖြတ်နေလောက်တယ်... ပထမဆုံး သူနဲ့ တွေ့တဲ့အကြိမ်ဆိုတော့ ရိုက်ကူးရေး ကြာနေတာပါ... တမင်တကာ ခက်ခဲအောင် လုပ်တာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်က ဒီလောကထဲက သူလေးစားရတဲ့ထိပ်တန်းပုံရိပ်က ကျွန်တော့်ကို ထောက်ခံထားတယ်ဆိုတာ သူ့ကို သိအောင် ပြပေးရမယ်လေ... ပြီးတာနဲ့ သူ ကျွန်တော့်ကို မသိစိတ်ကနေ လက်ခံပေးလိမ့်မယ်"


"ဒါဆိုရင် ရိုက်ကူးရေးက ချောချောမွေ့မွေ့ ပြီးသွားမှာလား"


“အင်း... ပုံတွေ ကြည့်ပြီးသွားပြီ... တော်တော် ကောင်းတယ်... သူပြောတာ ပုံတွေကို အဖြူနဲ့ အမည်းပုံ ပြန်ပြင်လိုက်မယ်တဲ့... ကျွန်တော် နောက်ဆုံး ရလဒ်အတွက် စောင့်နေရုံပဲ" ယွီနျန် သက်ပြင်းချ၍ လေအေးများ ရှုထုတ်လိုက်သည်။


 "ကျွန်တော့်ပေါင်တွေက တက်လိုက် ဆင်းလိုက် လုပ်ရလွန်းလို့ ပွန်းပဲ့နေပြီ"


ယွီနျန်က မုန့်ယွမ်နှင့်အတူ ဟိုတယ်သို့ ပြန်လိုက်သွားရမည့်အစား ဘော်ဒီဂတ်များ ခြံရံလျက် ရွှယ်ယုံ၏ နေရာသို့ သွားလိုက်သည်။ သူထိုင်ချလိုက်သည်နှင့် ရွှယ်ယုံလည်း ပြန်ရောက်လာခဲ့သည်။


ယွီနျန် အံ့အားသင့်သွားလေသည်။


 "ဒီနေ့ ဘာလို့ စောစော ပြန်လာတာလဲ"


ရွှယ်ယုံက အသက်ရှုရပ်မတတ် ခပ်မြန်မြန် လျှောက်လာနေသည်။ 

"မင်းထိခိုက်သွားတယ်"


ယွီနျန်မှာ ထိုင်နေဆဲဖြစ်ပြီး မလှုပ်ရှားရဲပေ။ 

"ဟုတ်တယ်... ရိုက်ကူးရေး လုပ်နေတုန်း မြင်းကျောပေါ် စီးနေရင်း ပေါင်ပွန်းသွားလို့"


ရွှယ်ယုံမှာ သိသိသာသာပင် စိုးရိမ်ပူပန်နေလေသည်။ "မင်းကို ဆေးလိမ်းပေးမယ်လေ"


ယွီနျန်၏ မျက်လုံးများတွင် အပြုံးရိပ်လေး ထင်လာခဲ့သည်။ "အင်း"


သို့သော်ငြား ရွှယ်ယုံတစ်ယောက် ဒဏ်ရာက ပေါင်အတွင်းပိုင်းတွင် ရှိနေကြောင်း တွေ့လိုက်ရချိန်တွင် တစ်စုံတစ်ခုကို သတိရမိသွားပုံပေါ်ပြီး လက်များကပင် ပူနွေးလာသလို ခံစားလိုက်ရသည်။ သူက လက်ထဲမှ ဂွမ်းစလေးကို ညှစ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ တယုတယ မေးလိုက်သည်။ 


"ယွီနျန်... မင်း... မင်းခြေထောက်လေးတွေကို ကားပေးလို့ ရမလား"


ယွီနျန်ကနာခံစွာပင် ခြေတံဖြောင့်လေးများကို ကားပေးလိုက်ပြီး ပေါင်အတွင်းပိုင်းမှ ပွန်းပဲ့ရာများကို လှစ်ဟပြလိုက်သည်။ ထပ်ကာထပ်ကာ ပွတ်တိုက်ခံထားရသော နေရာလေးမှာ ပွန်းပဲ့နေပြီး သွေးခြေများပင် ဥနေလေ၏။


ရုတ်တရက်ပင် ရွှယ်ယုံက ဂွမ်းစလေးကို ဖျစ်ညှစ်မိသွားပြန်သည်။


ရွှယ်ယုံတစ်ယောက် အသက်အောင့်ထားရင်းဖြင့် ကော်ဇောပေါ်တွင် ဒူးတစ်ဝက်ထောက်ကာ အနားသို့ တိုးကပ်လိုက်ပြီး ခွန်အားကို ထိန်း၍ ယွီနျန်၏ ပေါင်ထက်မှ ပွန်းပဲ့ရာလေးများကို လိမ်းဆေးဆီဖြင့် ခပ်ဖွဖွ လိမ်းပေးလိုက်ရင်း ဂရုတစိုက် မေးလိုက်သည်။


 "နျန်နျန်... နာနေလား"


အပူချိန်က အတော်လေး မရေမရာ ဖြစ်လာနေပြီးလေထုကလည်း မသဲမကွဲ ဖြစ်လာနေကြောင်း ခံစားလိုက်ရသည့် ယွီနျန်က ခေါင်းလေးကို လှည့်ကာ မျက်လုံးများ ပိတ်ထားလိုက်ရင်း ပြန်ဖြေသည်။


 "မနာပါဘူး" သူ့အသံကလည်း မထင်မှတ်ထားစွာပင် အက်ကွဲ၍ နေလေသည်။ 


လိမ်းဆေး လိမ်းပေးပြီးနောက်တွင် ရွှယ်ယုံ၏ နဖူးထက် ချွေးများ ပြန်နေလေပြီ။ သူ အလျင်အမြန် ထရပ်ကာ ယွီနျန်ကို ထပ်မကြည့်ရဲတော့။ 


"ကိုယ် ရေချိူးခန်းထဲ သွားလိုက်ဦးမယ်"


ခြေလှမ်း အန

ည်းငယ် လှမ်းပြီးနောက် ရွှယ်ယုံ ပြန်လှည့်ကာ စိတ်ပြင်ဆင်လိုက်ပြီး ကောဇောပေါ် ဒူးထောက်ချ၍ ယွီနျန်၏ ဖြူဝင်းနေသောဒူးလေးကို နမ်းလိုက်ပြီးမှ အလျင်အမြန် ပြေးထွက်သွားလေသည်။