Chapter 116
ယွီနျန်က ဥက္ကဌရွှယ်နဲ့အတူ ပြန်လာခဲ့တာလား
ဇွန်လ 1ရက်နေ့တွင် ယွီနျန်တစ်ယောက် ဟာဆီ၏ ဖက်ရှင်ပွဲတော်ကို တက်ရောက်ပြီးနောက် ဇွန်လ 2ရက်နေ့တွင် စလစ်မန်း ဧည့်ခံကျင်းပသည့် ညနေပိုင်းနောက်ခံအပြင်အဆင် ဆလွန်းအတွက် စတင်ပြင်ဆင်ရလေတော့သည်။
ဘေးတွင် ရှစ်ရော့က ပန်းသီးခွာပေးနေရင်း ရေပန်းစားအကြောင်းအရာများကို ဖွင့်ကာ ယွီနျန်ကို ပြောပြပေးနေသည်။
“အစ်မချင်းက ရှိုးကို လာလည်ကြတဲ့ သတင်းထောက်တွေကို ရက်ရက်ရောရော ဖိတ်ခေါ်ပြီး ဟော့ပေါ့ ကျွေးခဲ့တယ်... ရှားမင်ရှီက ရိုက်ကူးရေးကြောင့် အပြင်းအထန် ဝေဖန်ခံနေရပြီးတော့ သူ့ရဲ့ သစ္စာရှိဖန်တွေက ဂရုစိုက်မှုတွေ ပြသနေကြတယ်...
ကျန့်ကျောက်ရှီရဲ့ လေဆိပ်ဓါတ်ပုံတွေမှာ သူဝတ်သမျှအားလုံးက သိုက်ပေါ်က အဝတ်အစားတွေချည်းပဲလို့ ပြနေတယ်... ပြီးတော့ မနေ့ညက ဟာဆီရဲ့ ပွဲကို မင်းတက်ခဲ့တာက hot search နံပါတ်7နေရာကို ရောက်နေပြီ... ဒါပေမယ့် မားကတ်တင်းအကောင့် တစ်ခုက ပွဲကမင်းပုံကို ယူပြီး ကျန့်ကျောက်ရှီရဲ့ ပုံတွေနဲ့ ယှဥ်ပြနေတယ်... ပြီးတော့ ဘယ်သူက ပိုကြည့်ကောင်းလဲ လိုက်မေးနေတော့ အငြင်းအခုံတွေ ဖြစ်နေကြတယ်လေ"
ရှစ်ရော့က ပန်းသီး တစ်ကိုက်ကိုက်ကာ သီချင်း ပလပ်ဖောင်းများဆီ ပြောင်းလိုက်သည်။
"ရှေးဟောင်းလမ်းမရဲ့ ပရိုမိုးရှင်းသီချင်းက နှစ်နေရာ ကျသွားတယ်... အခု နံပါတ်ငါးနေရာမှာ... 'ကျော့ရှင်းသော'နဲ့ 'တောင်တန်းပေါ်က နှင်းစက်'တို့က အခုထိ နံပါတ်တစ်နေရာမှာ ခေါင်းမာမာနဲ့ ရပ်နေတုန်းပဲ"
ပြည်တွင်းမှ သူ့အဖွဲ့နှင့် အွန်လိုင်းပေါ်တွင် ဆွေးနွေးနေသည့် မုန့်ယွမ်ကလည်း ရှစ်ရော့၏ စကားများကို ကြားပြီးနောက် မေးလာခဲ့သည်။
"အငြင်းပွားမှုတွေ ဖြစ်အောင် လုပ်နေတာ ဘယ်အကောင့်လဲ"
“ခဏလေး... ကြည့်ကြည့်လိုက်မယ်"
ရှစ်ရော့က ပိုစ့်များကို ပြန်လှန်ကြည့်လိုက်သည်။ "'အတင်းအဖျင်း သယ်ဆောင်သူ'လို့ ခေါ်တာပဲ... သူတို့ရဲ့ နောက်ဆုံးပိုစ့်မှာ မင်းရဲ့ ဖက်ရှင် အရင်းအမြစ်တွေကိုပြောထားတာ... မင်းကမြှောက်ကြွကြွ ဖြစ်နေပေမယ့် စကားထဲ ထည့်ပြောဖို့ တန်တာဆိုလို့ ဟာဆီရဲ့ စာချုပ် တစ်ခုပဲ ရှိတယ်တဲ့"
“ဟမ့်... တကယ်ပဲ"
မုန့်ယွမ် လှောင်ရယ်လိုက်သည်။
"ဒီအကောင့်ကို ကျန့်ကျောက်ရှီရဲ့ မန်နေဂျာ နစ်ခ်ဝမ်က စပွန်ဆာပေးထားတာ... သူတို့က တမင်တကာ လာဆွပြီး အငြင်းအခုံတွေ ဖန်တီးချင်နေတာပဲ... ဘာတိုက်ဆိုင်တာမှ မဟုတ်ဘူး"
တိတ်တဆိတ် နားထောင်နေသည့် ယွီနျန်က စကားဖြတ်ပြောလိုက်သည်။ "သိုက်ပေါ် စာချုပ်ကြောင့်လား"
"မဟုတ်ရင် ဘာများဖြစ်ရဦးမှာလဲ... မင်းနဲ့ သူက လုံးဝ မတူညီတဲ့ လမ်းကြောင်းမှာ ရောက်နေကြတာလေ... ကျန့်ကျောက်ရှီမှာ စံပြုရလောက်တဲ့ လက်ရာတွေ မရှိပေမယ့် အရမ်း ကျော်ကြားပြီးတော့ ပွက်ပွက်ညံအောင် လုပ်နိုင်တယ်လေ... သူက တန်ဖိုးကြီး တံဆိပ်နှစ်ခုနဲ့ စာချုပ်ချူပ်ခဲ့ဖူးတယ်... ဒါပေမယ့် အခု သက်တမ်းကုန်သွားပြီလေ... သိုက်ပေါ်ကလည်း သံတမန်တစ်ယောက် ရှာနေတော့ သူ့အပေါ် မျက်စိကျနေကြတာပေါ့"
မုန့်ယွမ် အလုပ်များကို ချထားပြီးနောက် ထပ်ပြောလိုက်သည်။
"သူတို့က တမျှော်မျှော် ဖြစ်နေခဲ့ပေမယ့် သိုက်ပေါ်ဘက်က သူနဲ့ စာချုပ်ချုပ်ဖို့ တုံ့ဆိုင်းနေတယ်လေ... အခု နှစ်ဝက်လောက် ရှိသွားပြီ... နစ်ခ်ဝမ် စိတ်ပူပန်နေပြီးတော့ သိုက်ပေါ်ရဲ့ လေဒီက မင်းကို ကိုယ်တိုင် လာကြည့်တာကြောင့်လို့ ကြားထားတယ်"
“နှစ်ဝက်လောက် တုံ့ဆိုင်းနေတာ" ရှစ်ရော့ အံ့အားသင့်သွားလေသည်။
"သူတို့က ဘာလို့ အဲ့ဒီတုန်းက ကျန့်ကျောက်ရှီနဲ့ လက်မှတ်မထိုးလိုက်တာလဲ"
မုန့်ယွမ် ရှစ်ရော့ကို ကြည့်လိုက်သည်။
"နိုင်ငံတကာ တံဆိပ်တွေက အလွယ်တကူ ရောက်လာနိုင်မယ်များ ထင်နေလား... သူတို့မှာ လူတိုင်းကို ရွေးပြီး ကြော်ငြာတွေ အထိန်းအကွက်မရှိ ပေးမယ်ထင်နေလား"
ရှစ်ရော့ လျှာထုတ်လိုက်သည်။
"ဒါဆို အစ်ကိုမုန့်... သိုက်ပေါ်က ကျန့်ကျောက်ရှီကို ဘာလို့ စာချုပ်မချုပ်သေးတာလဲ"
“ကျန့်ကျောက်ရှီက လူထုပုံရိပ်ကောင်း ရှိပေမယ့် အရှုပ်တော်ပုံတွေ အများကြီး ဝိုင်းနေတာ... ဒီနှစ်ကတည်းက သူ့ရဲ့ ကျော်ကြားမှုက သတိပြုမိလောက်အောင် ကျသွားတယ်... သူ့ရဲ့ အခြေခံကလည်း မခိုင်မာဘူး... အမှားလေးတစ်ခုက ကပ်ဘေးဆိုးပြီးဖြစ်သွားနိုင်တယ်လေ... ဒါကြောင့်မို့ သိုက်ပေါ်က သူနဲ့ လက်မှတ်ထိုးဖို့ တုံ့ဆိုင်းနေတယ် ထင်တာပဲလေ"
ရှစ်ရော့ နားလည်သွားလေသည်။
"ဒါပေမယ့် ကျန့်ကျောက်ရှီက နည်းနည်း ရှုပ်ပေမယ့် ထိပ်တန်းအဆင့် လွှမ်းမိုးနိုင်သူ တစ်ယောက် ဖြစ်နေတုန်းပဲ... ဒါကြောင့် သိုက်ပေါ်က အခုထိ ထည့်စဥ်းစားနေတာ"
မုန့်ယွမ်: “အတိအကျပဲ... ဒါကြောင့်မို့ အာဃာတတွေ ဖြစ်လာတာပေါ့... အကောင်းဆုံး အခွင့်အရေးတွေဆိုတာ အကန့်အသတ်ရှိတယ်လေ... အခု မင်းက နာမည်တက်လာတော့ တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို မလွဲမသွေ ချိန်းခြောက်ခံနေရတော့မှာပေါ့"
ယွီနျန်မှာ အဝတ်အစားနှင့် အဆင်တန်ဆာများ ရွေးနေခြင်းကို အဆုံးသတ်လိုက်ပြီး စကားဝိုင်းကို ဆက်နားထောင်နေသည်။
"အင်း... ကျန့်ကျောက်ရှီက ကျွန်တော့်ကို ရန်သူလို့ သတ်မှတ်လိုက်ပြီပဲ... ကိုယ်ကျင့်တရား ကြိုးကိုင်ခြယ်လှယ်တဲ့ ကိစ္စနဲ့ လူထုအမြင်ကို ထိန်းချုပ်တာပြီးရင် ဒီတစ်ခေါက် လှုပ်ရှားမှုတွေ ပိုပြီး လုပ်လာလိမ့်မယ်ထင်တယ်"
မုန့်ယွမ် ခြေချိတ်ထိုင်ရင်း ပြုံးရယ်လိုက်သည်။
"ငါက အလုပ်ကြိုးစားရမှာကို မကြောက်ဘူး... ဘာမှ လုပ်စရာ မရှိမှာကိုပဲ ကြောက်တာ... ဘယ်သူကမှ အာရုံလာမစားဘဲ တိတ်တိတ်လေး နေရတော့မယ်ဆိုရင် မကြာခင် အရေးမပါတဲ့လူ ဖြစ်သွားတော့မှာပေါ့... ကျော်ကြားဖို့ဆိုရင် အတင်းအဖျင်းတွေ ကောလဟာလတွေကိုလည်း ဆွဲဆောင်ရမယ်လေ"
ကောင်းကင်ကြီး တဖြည်းဖြည်း နက်မှောင်လာသောအခါ ယွီနျန်က ဘော်ဒီဂတ်များ ခြံရံလျက် ဆလွန်းအတွက် စလစ်မန်း၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ ပွဲ၏ အပြင်အဆင်မှာ "ရှေးဟောင်းရဲတိုက်" ဖြစ်သည့်အတွက် ယွီနျန်က ရှုပ်ထွေးပွေလီပြီး တန်ဖိုးကြီးသည့် ဝတ်စုံနှင့် အဆင်တန်ဆာအနေဖြင့် ကြိမ်လုံးတစ်လုံးကို ရွေးချယ်ခဲ့သည်။
သူတို့ ရောက်လာသောအခါ ဆိုဖာပေါ်မှ စလစ်မန်းက အသံကို မြှင့်ကာဖြင့် သူ့ကို နှုတ်ဆက်လာသည်။
"စလစ်မန်းရဲ့ ရဲတိုက်ကနေ ကြိုဆိုပါတယ်"
ယွီနျန် ပြုံး၍ သူ့ကို ဖက်လိုက်သော်လည်း အနီးအနားကို လှည့်ကြည့်လိုက်သောအခါ လေဒီသိုက်ပေါ်က အနက်ရောင် တရားရုံးစတိုင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ကျက်သရေ တင့်တယ်စွာဖြင့် အနီးအနားရှိ ကြက်သွေးရောင် ကတ္တီပါဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ယွီနျန်က သူမထံသို့ လျှောက်လာလိုက်ရင်း ကျော့ရှင်းလှသော လက်ဖမိုးကို အနမ်းပေးသည့် အပြုအမူ လုပ်ဆောင်လိုက်ပြီးနောက် ပြုံးလိုက်သည်။
"မင်္ဂလာ ညနေခင်းပါ မဒမ်"
လေဒီသိုက်ပေါ်က ခပ်ဖျော့ဖျော့ ပြုံး၍ တုံ့ပြန်လေသည်။
"မင်္ဂလာ ညနေခင်းပါကွယ်"
စလစ်မန်းက ပေါင်းသင်းဆက်ဆံရေးတွင် ဆရာကြီး ဖြစ်ပြီး ဖက်ရှင်လောကထဲမှ ဂုဏ်ပုဒ်ကိုလည်း ထည့်ပေါင်းလိုက်ပါက မည်သူကမှ ထိုအခိုက်တွင် သက်တောင့်သက်တာ မဖြစ်အောင် ဖန်တီးမည် မဟုတ်ပေ။ ယွီနျန် မရောက်လာခင်မှာပင် အိမ်စာ သေချာ လုပ်လာခဲ့ပြီး တက်ရောက်သူများအားလုံး၏ နာမည်များကို မှတ်သားထားပြီး ဖြစ်သည်။ သိပ်မကြာခင် ယွီနျန်တစ်ယောက် အုပ်စုနှင့်အတူ အဆင်ပြေပြေ ပါဝင် ရောနှောနိုင်သွားသည်။
ဆယ်နာရီအချိန်တွင် ပါတီအဆုံးသတ်သွားပြီး စလစ်မန်း၏ အိမ်တော်ထိန်းက အုပ်စုလိုက် ဓါတ်ပုံ ရိုက်ကြရန် အကြံပြုလိုက်သည်။ လေဒီသိုက်ပေါ်က စလစ်မန်း၏ ဘယ်ဘက်တွင် နေရာယူလိုက်ပြီး ညာဘက်တွင်တော့ လွတ်နေလေသည်
လူတိုင်းက သူတို့ကိုယ်သူတို့ မည်သို့ နေရာယူရမည်ကို တွေးတောနေဆဲမှာပင် စလစ်မန်းက ယွီနျန်ကို လက်ယပ်ခေါ်လိုက်သည်။
"လာလေ... အနားလာထိုင်"
တက်ရောက်ကြသူများအားလုံးမှာ အသိုင်းအဝိုင်းမြင့်သူများ ဖြစ်ကြပြီး မစ္စတာစလစ်မန်း၏ ယွီနျန်အပေါ် အလေးပေးမှုများကို ကောင်းကောင်း သတိပြုမိကြသည်။ သူတို့အားလုံး ပြုံးလျက် လမ်းဖယ်ပေးလိုက်ကြပြီး ယွီနျန်ကို မစ္စတာ စလစ်မန်း၏ ညာဘက်တွင် ထိုင်စေသည်။
ဓါတ်ပုံရိုက်ပြီးသွားသောအခါ လူတိုင်းက နှုတ်ဆက်စကား ပြောလိုက်ကြသည်။ ယွီနျန်က စလစ်မန်းကို ဖက်ကာ စိတ်ရင်းဖြင့် ဆိုလိုက်သည်။
"ဖိတ်ကြားပေးလို့ ကျေးဇူးပါ... ပျော်စရာကောင်းတဲ့ ညနေခင်းလေး ဖြစ်ခဲ့ပါတယ်"
စလစ်မန်းက သူ့တုတ်ကောက်ကို အားပြုကာ မျက်နှာအမူအယာကလည်း သိမ်မွေ့နေသည်။
"ငါ မင်းရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကို သဘောကျတယ်... မင်းရဲ့ အနုသုခုမ၊ အနုပညာ၊ သမိုင်း၊ အတွေးအခေါ် အယူအဆ ဒဿနတွေအပေါ် ထိုးထွင်းသိမြင်နိုင်မှုက အထင်ကြီးစရာ ကောင်းတယ်... မင်းက တောက်ပတဲ့ အနာဂါတ်ကို ရှေ့ဆက်လျှောက်ရလိမ့်မယ်လို့ ငါ အသေအချာ ယုံကြည်တယ်"
ယွီနျန်က ကျေးဇူးတင်မှုကို ထပ်ပြီး ဖော်ပြလိုက်သည်။ "ကျွန်တော် အလုပ်ကြိုးစားပါ့မယ်"
စလစ်မန်း၏ သီးသန့်ဆလွန်းကို တက်ရောက်ပြီးသွားသောအခါ လူအများက ဆိုရှယ်မီဒီယာတွင် အဖွဲ့လိုက် ဓါတ်ပုံများ တင်လိုက်ကြချိန်တွင် တရုတ်၌ မနက်စောစောသာ ရှိပေဦးမည်။ မနက် 7နာရီတွင် အကျော်ကြားဆုံး ဖိုရမ်တစ်ခု၏ ဖျော်ဖြေရေး ကဏ္ဍ၌ ပို့စ့်တစ်ခု တင်လိုက်လေသည်။ "ငါ ဘာတွေ မြင်နေရပါလိမ့်... အဲ့ဒါ ယွီနျန်လား... မင်းတို့ကိုscreenshotတွေ ပြမယ်"
အဓိကပိုစ့်က တိုတောင်းပါသော်လည်း screenshot ဆယ်ခု တွဲလျက်ပါနေသည်။ မကြာမီ ထိုပိုစ့်က ကွန်မန့်ပေါင်း ရာချီပြည့်သွားလေတော့သည်။
[ငါ အိပ်ရာ မနိုးသေးတာလား... သွေးလေချောက်ချားနေတာများလား... ဒီပုံထဲက လူတိုင်းက အကောင်ကြီးကြီးတွေချည်းပဲကွ... နိုင်ငံတကာ စူပါမော်ဒယ်တွေ ဖြစ်တဲ့ စီစီနဲ့ လီဆာ... လတ်တလောမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ရထားတဲ့ အယ်မလီ၊ လွန်ခဲ့တဲ့ နှစ်နှစ်က အကောင်းဆုံး ဇာတ်ဆောင်ဆု နှစ်ခုရခဲ့တဲ့ ဝီလျံ ပြီးတော့ နာမည်ကျော်တွေ၊ ဒီဇိုင်နာတွေ၊ အနုပညာရှင်တွေ... အထင်ကြီးစရာ အကောင်းဆုံးကတော့ အကြီးပိုင်းတွေ ဖြစ်တဲ့ မစ္စတာစလစ်မန်းနဲ့ အလယ်က လေဒီသိုက်ပေါ်...
ငါ့မျက်လုံးတွေတော့ လှည့်စားနေတာပဲ ဖြစ်ရမယ်]
[အရင်က အဲ့ဒီမားကတ်တင်း အကောင့်ကတော့ လက်သည်းကုပ်သွားတော့မှာပဲ... သူတို့ပဲ ယွီနျန်ရဲ့ ဖက်ရှင်အရင်းအမြစ်တွေက ပြတ်လပ်နေတဲ့ ပြောခဲ့ကြတာ မဟုတ်ဘူးလား... တရုတ်ပြည်က ဘယ်သူကများ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် စလစ်မန်းရဲ့ ဆလွန်းပွဲကို အရင်က သွားတက်ခဲ့ရဖူးလို့လား... ဒါကို ဘယ်လိုလုပ်ပြီး 'ပြတ်လပ်နေတယ်'လို့ ခေါ်ရမှာလဲ... သူက မစ္စတာ စလစ်မန်းရဲ့ ညာဘက်မှာ ထိုင်နေတာလေ... ဒါက 'ပြတ်လပ်နေတာ' ဖြစ်နေမလား]
[တကယ်ပါ... ယွီနျန်ရဲ့ ရုပ်ရည်နဲ့ အမူအယာတွေက အထင်ကြီးလောက်စရာပဲ... သူက အကောင်ကြီးကြီး တစ်စုကြားထဲမှာ ထိုင်နေတာတောင် အရှိန်အဝါတွေ အလွှမ်းမခံရအောင် နေနိုင်တုန်းပဲ... သူ့နေရာမှာ အခြားတစ်ယောက်သာဆို အရိပ်ထဲမှာ ပျောက်သွားလောက်ပြီ]
သိပ်မကြာခင် #ယွီနျန်အုပ်စုလိုက်ဓါတ်ပုံ#၊ #ယွီနျန်ဟာဆီဧည့်ခံပွဲ# ဟူသော hashtagများက hot search၏ ထိပ်ဆုံးငါးနေရာကို ဝင်ရောက်သွားသည်။ မုန့်ယွမ် ၎င်းကို မြင်သောအခါ စနောက်လိုက်သည်။
"ယွီနျန်... ထိပ်ဆုံး ငါးနေရာမှာ မင်းရဲ့ ကိုယ်ပိုင် trending topicကို ကန်ထုတ်ပြီး နောက်ထပ် တစ်ခုနဲ့ အစားထိုးလိုက်ရတာကို ဘယ်လို ခံစားရလဲ"
ယွီနျန် ခေါင်းလေးစောင်း၍ အပြောင်အပြက် ပြန်ဖြေလိုက်သည်။ "အရမ်းကောင်းတယ်"
ရှစ်ရော့ ရယ်မောလိုက်ပြီး ရှေ့သို့ စိတ်အားထက်သန်စွာ တိုးကပ်၍ ယွီနျန်ကို မေးလိုက်သည်။
"နျန်နျန်... အစ်မတို့ တကယ်ပဲ ဥက္ကဌရွှယ်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဥ် စီးပြီး ပြန်ရမှာလား"
“အင်း... ဟုတ်တယ်... ရွှယ်ယုံ့လေယာဥ်မှာ အခန်းကျယ်လေးတွေ ပါတယ်... 'သီချင်းဆိုပါရစေ' ရိုက်ကူးရေးမလုပ်ခင် တစ်ရက်အလိုမှာ ပြန်ကြမယ်လေ... ဒါဆို အစ်မတို့လည်း ခရီးမှာ အနားယူလို့ ရတာပေါ့"
"ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း" လက်ရေးစာမူအတွက် ဘွားဘွားဖုန့်ထံမှ ယုံကြည်စွာ တာဝန်ပေးအပ်ခံရသည်ကြောင့် ယွီနျန်မှာလည်း ၎င်းကို တရုတ်ပြည်သို့ ပြန်ယူသွားပေးရပေမည်။ ခရီးဆောင်အိတ်ကဲ့သို့သော အရာများက မလုံခြုံသဖြင့် ရွှယ်ယုံကလည်း အချိန်ညှိကာ ယွီနျန်နှင့် တစ်ရက်တည်းမှာပင် တရုတ်သို့ ပြန်လိုက်ခဲ့မည် ဖြစ်သည်။
ရှစ်ရော့က ဒရာမာဆန်ဆန် အသက်ပြင်းပြင်း ရှူ၍ ပြောလိုက်သည်။ "ဥက္ကဌရွှယ်နဲ့ တွေ့ရတော့မယ်လို့ တွေးကြည့်ရုံနဲ့တင် ကြောက်လာပြီ"
သို့သော်ငြား ရွှယ်ယုံနှင့် အမှန်တကယ် တွေ့လိုက်ရချိန်တွင် သူမက မုန့်ယွမ်ကို သတိကြီးကြီးဖြင့် ပြောလိုက်သည်။
"အစ်ကိုမုန့်... ကျွန်မဘာလို့ ဥက္ကဌရွှယ် နည်းနည်းလေး ပြောင်းလဲသွားတယ်လို့ ထင်နေရလဲ မသိဘူး"
မုန့်ယွမ် မေးလိုက်သည်။ "ဘယ်လိုပြောင်းတာလဲ"
ရှစ်ရော့က အသေအချာ စဥ်းစားနေသည်။
"သူ့ရဲ့ တည်ရှိမှုက မရင်းနှီးတော့သလိုပဲ... ဥက္ကဌရွှယ်က အခု နျန်နျန်နဲ့ အတူရှိနေတော့ ကြောက်စရာ သိပ်မကောင်းတော့သလိုပဲနော်... ကျွန်မပဲ စိတ်ထင်နေတာများလား"
မုန့်ယွမ်က ယခုအချိန်တွင် ယွီနျန်ရှေ့ ရပ်နေပြီး ပိုမို၍ ပျော့ပြောင်းနေဟန် ပေါ်သည့် ရွှယ်ယုံကို ကြည့်ကာ အလွန်နက်နဲသော အဓိပ္ပါယ်ဖြင့် ပြန်ဖြေလိုက်သည်။
"လူတိုင်းက သဘောကျတဲ့လူရှေ့မှာဆို.. သူတို့ရဲ့ အကောင်းဆုံးနဲ့ အညင်သာဆုံး ဘက်ခြမ်းပဲ ဖြစ်ချင်လို့ ဖြစ်ရမယ်"
အချိန်အကြာကြီး ပျံသန်းရသော လေယာဥ်ခရီးစဥ်က အမြဲတမ်းလိုပင် တောင့်ခံရန် ခက်ခဲပေသည်။ ယွီနျန်က ရွှယ်ယုံ၏ ဖေးမမှုဖြင့် အိပ်ပျော်အောင် ကြိုးစားလိုက်သော်လည်း နာရီဝက်ကြာသည်အထိ မအိပ်နိုင်သေးပေ။ သူက ပျင်တိပျင်းရွဲဖြင့် ရွှယ်ယုံအပေါ် မှီထားလိုက်ပြီး ရံဖန်ရံခါ စကားထပြောကာ စကားစများကို ဟိုဟိုသည်သည် ဖလှယ်နေခဲ့သည်။
"ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း" အကြောင်း ပြောကြသောအခါ ယွီနျန် ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော့်ဘိုးဘိုးသာ အသက်ရှိနေသေးပြီး 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'ကိုသာ တွေ့လိုက်ရရင် ဘယ်လောက်တောင် ပျော်နေမလဲ မသိဘူး"
သူ့အသံထဲတွင် ဆုံးရှုံးမှုနှင့် လွမ်းဆွတ်တမ်းတမှုများ ယှက်သိုင်းနေသည်ကို ကြားလိုက်ရသောအခါ ရွှယ်ယုံ သူ့လက်ကို မြှောက်၍ ယွီနျန်၏ မျက်နှာလေးကို ယုယုယယ ပွတ်သပ်ပေးလိုက်သည်။
ယွီနျန်က ရွှယ်ယုံ၏ ရင်ခွင်ထဲတွင် မှီနေပြီး ရွှယ်ယုံ၏ လက်ချောင်းများထက်မှ ထင်းထွက်နေသော လက်ဆစ်များကို စိတ်လွတ်ကိုယ်လွတ် ဆော့ကစားနေပြီးနောက် ဆက်ပြောလိုက်လေသည်။
"ကျွန်တော့်ဘိုးဘိုးသာ ရှိနေသေးရင် သူ့မိတ်ဆွေနဲ့ အတူ စာရင်းတစ်ခုကို လိုက်ရှာဖို့အတွက် ရက်တွေအများကြီး သုံးပြီး ဆွေးနွေးအငြင်းအခုံ ဖြစ်နေလောက်တယ်... ဆုံးရှုံးသွားခဲ့ရတဲ့ မတူးဖော်ရသေးတဲ့ ပြီးတော့ ရာစုနှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားမှာ ပျံ့နှံ့နေတဲ့ နိုင်ငံ့ရတနာစာရင်းပေါ့... အားလုံးပေါင်းရင် 31ခု ရှိတယ်"
ရွှယ်ယုံ၏ လက်ဖဝါးထက်မှ ရှင်းလင်းနေသော လက္ခဏာများကို လက်ချောင်းထိပ်ဖြင့် ပွတ်ဆွဲနေရင်းဖြင့် ယွီနျန် ဆက်ပြောသည်။
"ဘိုးဘိုး မဆုံးပါးခင်က အားလုံးထဲက 21ခုကို ပြန်ယူနိုင်ခဲ့တယ်... သူဆုံးပြီးသွားတော့ ဘွားဘွားက လေလံပွဲတစ်ခုကနေ ပစ္စည်းတစ်ခု ဝယ်ဖို့ ကျွန်တော့်ကို ဥရောပကို တစ်ခါ ခေါ်သွားခဲ့ဖူးတယ်"
ရွှယ်ယုံ ညင်ညင်သာသာ မေးလိုက်သည်။
"ဘယ်နှခု ပြန်ရခဲ့ပြီးပြီလဲ... နျန်နျန်"
"ခြောက်ခု... ဘွားဘွားဖုန့် အပ်လိုက်တဲ့ 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'ရောပါရင် ခုနစ်ခုပေါ့... 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'က စာရင်းမှာ ဒုတိယနေရာ ရှိတယ်... ကျွန်တော့် ဘိုးဘိုး တစ်ခါတုန်းက ဒီလက်ရေးစာမူကို စစ်ပွဲအတွင်းမှာ ဖျက်ဆီးခံလိုက်ရပြီး ကမ္ဘာပေါ်ကနေ ဆုံးရှုံးလိုက်ရပြီလို့တောင် ယုံကြည်ခဲ့ဖူးတယ်... သူ အဲ့ဒါကို အချိန်အကြာကြီး သက်ပြင်းတချချ ဖြစ်နေခဲ့ရရှာတာ"
ယွီနျန်၏ အပြုံးများက ရွှယ်ယုံအား ကြည့်လိုက်မိချိန်တွင် ပို၍ ကျယ်ပြန့်လာသည်။
"ကျွန်တော်က အရမ်းတော်တယ်မလား"
ရွှယ်ယုံ ခေါင်းငုံ့၍ ယွီနျန်ကို ခပ်ဖွဖွ အနမ်းပေးလိုက်ပြီးနောက် ချီးကျူးပေးလိုက်သည်။
"အင်း... အရမ်းတော်တယ်"
ယွီနျန်က ခြေတံရှည်များကို ဆန့်ထုတ်ကာ အပြုံးများ နက်ရှိုင်းလာသည်။
"ကျွန်တော်က အရမ်း ကံကောင်းတာပဲ... ဒီရတနာတွေက ဒီနှစ်တွေထဲ တစ်ခုပြီးတစ်ခု ပေါ်လာနေတာ... ကျွန်တော် ဝယ်ဖို့အတွက် အခွင့်အရေးတွေ ပေးခဲ့တယ်"
ယွီနျန်မှာ ရွှယ်ယုံ၏ တည်ရှိမှုကြောင့် သက်တောင့်သက်သာ ဖြစ်လာရသည်ထင်။ ယွီနျန် ဆက်ပြောနေရင်း တဖြည်းဖြည်း ငိုက်မြည်းလာ၏။
ရွှယ်ယုံက ကျိုးပဲ့လွယ်သည့် တစ်စုံတစ်ခုကို ကိုယ်တွယ်နေ
ရသည့်အလား အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ပင်ပန်းရင် သွားအိပ်လေ... ကိုယ်ဒီမှာ ရှိနေမယ်"
ယွီနျန်က အနေအထားပြောင်းလိုက်ရင်း ပလုံးပထွေး ပြန်ပြောလိုက်ပြီးနောက် အိပ်မောကျသွားလေသည်။