အပိုင်း ၁၁၇
Viewers 16k

Chapter 117

ယွီနျန်က ဥက္ကဌရွှယ်နဲ့အတူ ပြန်လာခဲ့တာလား




ယွီနျန် သူ့ဘေးမှ တီးတိုးစကားများ ကြားလိုက်ရချိန်တွင် အချိန်မည်မျှ ရှိသွားခဲ့သည်ကိုပင် မသိတော့ပေ။ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကာ အမှတ်တမဲ့ ခေါ်လိုက်မိသည်။ 


"ရွှယ်ယုံ"


"ကိုယ်ရှိတယ်"


ရွှယ်ယုံက ယွီနျန်၏ မျက်လုံးကို လက်ဖြင့် အုပ်ကာ အလင်းရောင်မှ ကာပေးလိုက်သည်။ ယွီနျန် တဖြည်းဖြည်း ကျင့်သားရသွားသည့် အချိန်မှသာ သူ့လက်ကို ဖယ်ပေးလိုက်လေသည်။ 


စကားပြောနေသူမှာ ဟယ်ရှန်း ဖြစ်သည်။ ယွီနျန် ရွှယ်ယုံကို မေးလိုက်မိသည်။ 


"ဒီနေ့ ပဲရစ်ကနေ နျင်းမြို့ကို မောင်းလာတဲ့ လေယာဥ် မတော်တဆ ဖြစ်သွားလို့"


ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားသောအခါ ယွီနျန် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။


 "လေယာဥ်.. ပျက်ကျတာလား"


"အင်း"


အဖြေကြားလိုက်ရသောအခါ ယွီနျန်၏ လက်ဖဝါးများ အေးစက်လာခဲ့သည်။ ပျက်စီးလွယ်ပြီး လေဒဏ် ရေဒဏ် မခံနိုင်သည့် 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း' လက်ရေးစာမူကို ပြန်ယူသွားရမည့် တာဝန်ကြောင့်သာ မဟုတ်ခဲ့ပါက ထိုလေယာဥ်ပေါ်တွင် မုန့်ယွမ်နှင့် ရှစ်ရော့တို့နှင့်အတူ သူပါ လိုက်စီးသွားမိမည် ဖြစ်သည်။


သေခြင်းတရားနှင့် လက်တစ်ကမ်းအကွာမှာသာ...


ရွှယ်ယုံကလည်း ၎င်းကို နားလည်နေသည့်အတွက် ဟယ်ရှန်းကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ အခန်းထဲတွင် သူတို့ချည်းသာ ရှိနေကြသောအခါ ရွှယ်ယုံ ကိုယ်ကို ကိုင်း၍ ယွီနျန်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိသည်။ 


ယွီနျန်ကလည်း ရွယ်ယုံ၏ ကျောပြင်ကြီးကို ပြန်လည်ဖက်တွယ်ကာ နှစ်သိမ့်ပေးသည့်အလား ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ 


"အဆင်ပြေသွားပြီ... ကျွန်တော် ဒီမှာ ရှိနေတယ်လေ"


ရွှယ်ယုံက ယွီနျန်၏ လည်ပင်းလေးကို အကြိမ်များစွာ နမ်းရှိုက်လိုက်ပြီးမှ ငြင်ငြင်သာသာ ပြန်ဖြေလိုက်သည်။


 "တော်သေးလို့"


ထိုအခိုက် ဝေ့ပေါ်တွင် လူသိများသော အင်တာတိန်းမန့် ဘလော့ဂါ တစ်ယောက်က ဦးဆုံး ပိုစ့်တင်ခဲ့ပြီး ပဲရစ်မှ နျင်းမြို့သို့ ပျံသန်းလာသည့် လေယာဥ် မတော်တဆ ဖြစ်ခဲ့ကြောင်း ရေးသားထားသည်။ ယွီနျန်၏ လက်ထောက်မှ ယွီနျန် တရုတ်ပြည်သို့ ပြန်လာတော့မည့်အကြောင်း တင်ထားသည့် စာအရ အချိန်နှင့် နေရာကို အခြေခံ၍ ပျက်ကျသွားသည့် လေယာဥ်ပေါ်တွင် ယွီနျန် ပါလာနိုင်ရန် အတော်လေး ဖြစ်နိုင်ချေများသည်ဟု ရေးသားထားခဲ့သည်။ 


[တိတ်စမ်း... မားကတ်တင်းအကောင့်တွေ... တိကျတဲ့ သက်သေ မရှိနဲ့ လာမပြောကြစမ်းနဲ့... အိုး မဟုတ်သေးပါဘူး... ယွီနျန် လေယာဥ်ပျက်ကျတဲ့အထဲ ပါသွားနိုင်ချေရှိတာကို တွေးလိုက်မိတိုင်း ငိုချင်လာတယ်]


[နျန်နျန် အန္တရာယ်ကင်းကင်း ပြန်လာဖို့ ဆုတောင်းပေးပါတယ်... အမလေး နျန်နျန်ရေ မားမား နင့်ကို ဘာမှ ဖြစ်ခွင့်မပြုဘူးနော်... singleအသစ်လည်း မထုတ်ရသေးဘူး... နင့်သီချင်းတွေလည်း ဆိုမပြရသေးဘူးလေ]


တစ်ဖက်တွင် ကျန့်ကျောက်ရှီမှာ ထိုသတင်းများကို ကြားသောအခါ ရယ်မော၍ ပြောလိုက်သည်။


 "သူသေသွားရင် အကောင်းဆုံးပဲ"


သူ့မန်နေဂျာ နစ်ခ်ဝမ်က အသိဝင်သွားပြီး ချက်ချင်းပင် မည်သူမှ မကြားလိုက်ကြောင်း အတည်ပြုပြီးမှ ခါးသီးနေသော မျက်နှာဖြင့် ပြောလိုက်သည်။ 


"ဘိုးဘေးလေးရယ်... အဲ့လိုတွေးလည်း အဆင်ပြေပါတယ်... အကျယ်ကြီးတော့ မပြောနဲ့လေ... အပြင်မှာ ပေါက်ကြားသွားရင် သေချာပေါက် သတင်းကြီးကြီး ဖြစ်သွားမှာပဲ"


ကျန့်ကျောက်ရှီ စိတ်ရှုပ်သွားပြီး ဖုန်းကို ပြန်ပိတ်ကာ စိတ်မကျေမနပ် ဖြစ်နေပုံလည်း ပေါ်နေသည်။


 "ကျွန်တော် မပြောသင့်ဘူးပေါ့.... ဒါဆို ဒီအကြောင်းကို ပြောမယ်... သိုက်ပေါ်က ဘာဖြစ်ချင်နေတာလဲ... trending topicက ပုံတွေကို မတွေ့ဘူးလား... ယွီနျန်က စလစ်မန်းဘေးမှာ ထိုင်နေပြီး စလစ်မန်းဘေးမှာ လေဒီသိုက်ပေါ်လေ"


နစ်ခ်ဝမ်ကလည်း ဒေါသတကြီး ဖြစ်သွားသည်။


 "အရင်ကတည်းက သိုက်ပေါ်နဲ့ စာချုပ်ချုပ်ဖြစ်နိူင်မှာ မဟုတ်ဘူးလို့ ငါ မပြောခဲ့ဘူးလား... မင်းသာ ကလပ်သွားတာကို နှစ်ကြိမ်ထက်မက အမိခံရပြီး မသင့်တော်တဲ့ လူတွေနဲ့ ညကို ကုန်ဆုံးခဲ့တာကို ဖမ်းမိသွားရင် ငါတို့ နှစ်ယောက်လုံး တောက်ပတဲ့ အနာဂါတ်ဆိုတာ ရှိမှာ မဟုတ်တော့ဘူးကွ" 


နေ့လည်ပိုင်းတွင် ယွီနျန်တစ်ယောက် နျင်းမြို့သို့ အန္တရာယ်ကင်းကင်း ပြန်ရောက်ကြောင်း သတင်းတက်လာသည်။ မုန့်ယွမ်နှင့် ယွီနျန်တို့ နှစ်ယောက်လုံး ဝေ့ပေါ်တွင် ပိုစ့်တင်ကာ ကံအကောင်း အကြောင်းမလှခဲ့သည့် လေယာဥ်နှင့် မလိုက်မိခဲ့ကြောင်း ပြော၍ ဖန်များကို နှစ်သိမ့်ပေးခဲ့ပြီး စိုးရိမ်ပူပန်မှုများကို ငြိမ်းအေးစေခဲ့သည်။


နာရီဝက်ခန့်အကြာ မူလက ယွီနျန် လေယာဥ်ပျက်ကျသည့်အထဲ ပါသွားခဲ့သည်ဟု တင်ခဲ့သည့် အင်တာတိန်းမန့် ဘလော့ဂါက ပိုစ့်ထပ်တင်လိုက်ပြန်သည်။ 


“နောက်ဆုံးရ အတွင်းသတင်းတွေ ရထားတယ်.... လေဆိပ်မှာ စောင့်နေခဲ့ကြတဲ့ ဖျော်ဖြေရေးသတင်းထောက်တွေက ယွီနျန်ကို ဖမ်းမမိခဲ့ဘူး... အကြောင်းကတော့ သူက သာမန်ထွက်ပေါက်ရော VIPထွက်ပေါက်ရော အသုံးမပြုခဲ့လို့ပါတဲ့... သူက စီးပွားရေးလုပ်ငန်းသုံး ဆိုက်ရောက်ဧရိယာကို အသုံးပြုခဲ့တယ်... ကိုယ်ပိုင်လေယာဥ်တွေမှာ သီးသန့်လမ်းကြောင်း ရှိပြီးသားလေ... ထပ်ပြီးတော့ အချို့ ရှိနေတဲ့လူတွေက အဲ့ဒီအချိန်လောက်က သီးသန့်လမ်းကြောင်းမှာ ဆိုက်လာတဲ့ ကိုယ်ပိုင်လေယာဥ်တစ်စီးကို မတော်တဆ ဓါတ်ပုံ ရိုက်မိထားတယ်... ကိုယ်ပိုင်လေယာဥ်ဆိုလို့ တစ်စီးပဲ ရှိနေတာနော်[ပုံ]"


[ပုံက တကယ် ဝါးနေပြီးတော့ မျက်လုံးတောင် ပျက်စီးတော့ မတတ်ပဲ... ပြောချင်တာကဘာလဲ.... ရှင်းလင်းပေးဖို့ အမြင်ကောင်းတဲ့ တစ်ယောက်ကို စောင့်နေပါတယ်]


[!!!! ငါ ယှဥ်ထားတဲ့ ပုံတွေ ကြည့်ပြီးပြီ... ကြည့်ရတာ ဒါ[ပုံ] ဖြစ်မဲ့ပုံပဲ... လူတိုင်း ကြည့်လိုက်ကြပါ.... ပုံနှစ်ပုံရဲ့ ကိုယ်ထည်နဲ့ အမြီးပိုင်းက တံဆိပ်က မတူပေဘူးလား... ငါအခု စိတ်လှုပ်ရှားလာပြီ... လျှိုဝှက်ချက်အကြီးကြီးတစ်ခုပေါ် ခြေချမိသလို ခံစားနေရတယ်... ငါ တိတ်တိတ်လေး နေတော့မယ်]


[ဖန်တွေက တစ်ယောက်ယောက်ကို အတင်းအကျပ် ဆွဲသွင်းနေကြတာလား... ဒီလို စိတ်ပျက်စရာ ခန့်မှန်းချက်တွေ ထုတ်နေတာ ရပ်ပေးလို့ရမလား... ရှက်စရာ ကောင်းလိုက်တာ]


[OMG... OMG... ယုံယွီမလေး ကိုယ်ပိုင် နာမည် ရချင်တယ်နော်... ဥက္ကဌရွှယ်ရဲ့ သစ္စာရှိဖန်ဟောင်းတစ်ယောက်အနေနဲ့ ငါ အာမခံပေးမယ်... ဒါက ဥက္ကဌရွှယ်ရဲ့ လေယာဥ်ပဲ...သူပဲနော်... မဟုတ်ရင် ငါ့ဦးထုပ်ကို စားပြလိုက်မယ်... စိတ်လျှော့ စိတ်လျှော့... မရဘူး... ငါ တကယ် စိတ်လျှော့လို့ မရတော့ဘူး... ယွီနျန်က ဥက္ကဌရွှယ်ရဲ့ လေယာဥ်နဲ့ ပြန်လာခဲ့တာလား... CPဆောင်းပါးတွေတောင် ဒီလိုမျိုး မရေးရဲလောက်ဘူး]


နောက်တစ်ရက်တွင် ယွီနျန် "သီချင်းဆိုပါရစေ" ရိုက်ကူးရေး လုပ်ရန် ရောက်လာသောအခါ အသက်အကြီးဆုံး ဖြစ်ပြီး အဖွဲ့ဝင်များကို စုစည်းပေးလေ့ရှိသည့် ဝေလုက အလျင်အမြန်ဖြင့် လျှောက်လာနေပြီး သူ့ကို ဖက်၍ ပြောလိုက်သည်။


 "မင်းကို ပြန်တွေ့ရတာ ကောင်းတယ်"


စွန်းမုန့်ဇယ်ကလည်း တတွတ်တွတ် ဝင်ပြောလေသည်။ "ငါ သတင်းတွေ တွေ့တော့ အရမ်းလန့်သွားတာ... ဟုတ်နေရင်ရော... ဟာ မဟုတ်လောက်ပါဘူးနဲ့"


ယွီနျန်မှာ ထိုသူတို့က သူ့အား အစစ်အမှန် စိတ်ပူပေးနေကြခြင်း ဖြစ်ကြောင်း ပြောနိုင်သဖြင့် အသေးစိတ်ကျကျ ရှင်းပြပေးလိုက်သည်။


 "ကျွန်တော်အစက အဲ့လေယာဥ်နဲ့ ပြန်လာဖို့ လက်မှတ်ကြိုမှာထားပြီးသား... နောက်ဆုံးမိနစ်လောက်မှ အစီအစဥ်ပြောင်းပြီး မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်ပိုင်လေယာဥ်နဲ့ ပြန်လာခဲ့တာ... လေယာဥ်ဆိုက်တော့ ကျွန်တော့် လက်ထောက်ဆို ကြောက်လွန်းလို့ အစ်ကိုမုန့်ကို ဖက်ပြီး အော်ငိုရော.... ပြီးတာနဲ့ အိမ်မက်ဆိုးတွေ မက်တော့တာပဲ"


လူတိုင်းက ယွီနျန် ဆိုလိုသည့် "မိတ်ဆွေ"က မည်သူ ဖြစ်ကြောင်း အကြမ်းဖျဥ်း ခန့်မှန်းမိသဖြင့် ဆက်မမေးကြတော့ပေ။ ပိုင်ယန်က ယွီနျန်၏ ပုခုံးကို ဖွဖွလေး ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။


 "နျန်နျန်... မင်းက တကယ် ပြဿနာကောင်လေးပဲ... ငရဲမင်းကြီးကတောင် ခေါ်မသွားချင်ဘူး ထင်တယ်"


လူတိုင်းက ထိုမှတ်ချက်အပေါ် ရယ်မောလိုက်ကြသည်။ 


ထိုခေါင်းစဥ် အခြေကျသွားသောအခါ ဆက်သွားကြရသည်။ ပရိုဂရမ်၏ အချိန်စာရင်းများက သူတို့ဆီ ကြိုတင်ပေးပို့ထားပြီးသား ဖြစ်ပြီး ပိုင်ယန်က မိတ်ကပ်ပြင်သည့် ခုံတွင် ထိုင်ကာ ဆံပင်ပုံသွင်းနေခဲ့သည်။ 


"ရှိုးရဲ့ အကြံပြုချက်အရ... အစ်ကိုကြီးစွန်းက တက်ကြွတဲ့လေထုကို ဖန်တီးဖို့ တာဝန်ယူပြီး ဟာသတွေ ပြောပေးရမယ်... ကျန်တာကတော့... ကျွန်မတို့ လက်တန်းပြောရမယ်လို့ ပြောထားတာလား... ဘယ်လို အစီအစဥ်လဲ... သူတို့က ကျွန်မတို့ကို အရမ်း ယုံကြည်နေတာလား"


စွန်းမုန့်ဇယ်က မကျေမနပ် ဖြစ်သွားချင်ယောင်ဆောင်လိုက်သည်။


 "ငါတို့ လေးယောက်ထဲမှာ ဘာလို့ ငါ့နာမည်ကိုပဲ ပြောထားရတာလဲ"


ယွီနျန်က မျက်လုံးများ မှိတ်ထားလျက် မိတ်ကပ်ဆရာမလေးက မျက်ကွင်းညိုများကို ဖုံးပေးနေခဲ့သည်။ သူ ပြုံး၍ စကားဝိုင်းတွင် ဝင်ပါလိုက်သည်။ 


"အစ်ကိုစွန်း... ကျွန်တော်လည်း နာမည်တပ်ခံချင်တယ်" 


ဝေလု ရယ်မောလိုက်သည်။


 "ငါရောပဲ... အနည်းဆုံးတော့ ဘာလုပ်ရမလဲ ဆိုတာ သိသေးတယ်"


"သီချင်းဆိုပါရစေ"က သာမန်လူများအကြား ထူးချွန်သော အဆိုတော်များကို ရှာဖွေသည့် အစီအစဥ် ဖြစ်သည်။ အလှည့်တစ်ခုစီတွင် ပြိုင်ပွဲဝင် ခုနစ်ယောက်က ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး အကောင်းဆုံး သုံးယောက်ကို ရွေးချယ်မည် ဖြစ်သည်။ အလှည့်ငါးကြိမ် ပြီးနောက် ကျန်ရစ်သူ ဆယ့်ငါးယောက်က စတိတ်တစ်ခုတည်းတွင် ယှဥ်ပြိုင်ကြရမည် ဖြစ်သည်။ ပြီးနောက် အောင်မြင်သူ ခုနစ်ယောက်အပြင် ထုတ်ပယ်ခံရသော်လည်း ပြန်လည် ဝင်ရောက်လာနိုင်မည့် လူတစ်ယောက် အပါအဝင် လူရှစ်ယောက်က ကွာတားဖိုင်နယ်ကို ယှဥ်ပြိုင်ကြရမည်။ ထို့နောက် ကျန်ရစ်သူ လေးယောက်အဖြစ် ပိုပြီး လူလျှော့လာပြီးနောက် အောင်မြင်သူ သုံးယောက်က ဖိုင်နယ်ပွဲသို့ အသီးသီး ဝင်ရောက်သွားကြမည် ဖြစ်သည်။


ပိုင်ယန်က ယှဥ်ပြိုင်သူများ၏ ကိုယ်ရေးအကျဥ်းများကို ကြည့်ထားပြီးသား ဖြစ်သည်။


 "ပထမဆုံးအကျော့ရဲ့ ပြိုင်ပွဲဝင် ခုနစ်ယောက်မှာ တက္ကသိုလ် ဆရာတစ်ယောက်၊ သာမန် ရုံးဝန်ထမ်းတစ်ယောက်၊ ဂီတကောလိပ် ကျောင်းသားတစ်ယောက်တို့ကလွဲရင် ကျန်တဲ့ လေးယောက်က ကုမ္ပဏီအသေးလေးတွေက သင်တန်းသားတွေပဲ ..."


စွန်းမုန့်ဇယ် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ်... သူတို့အားလုံးက ကုမ္ပဏီ အသေးတွေကနေ ပို့လိုက်တဲ့ သင်တန်းသားတွေ... သူတို့ အမြင်ကောင်းရအောင် လုပ်နိုင်ရဲ့လား စမ်းသပ်တာပဲ... တကယ်လို့ လုပ်နိုင်ခဲ့ရင် အရင်းအမြစ်တွေက သူတို့အပေါ် ဦးတည်လာတော့မှာပေါ့"


ဒိုင်တစ်ယောက်အနေဖြင့် အတွေ့အကြုံ မရှိသေးသည့် ယွီနျန်မှာ ဝင်မပြောနိုင်ဘဲ တိတ်တဆိတ် နားထောင်နေခဲ့သည်။ 


“ဒီအလှည့်မှာ ဘယ်သူ့ကိုမှ ရွေးဖို့ တောင်းဆိုထားတာ မရှိဘူး... တကယ်ပဲ ငါတို့ ကြိုက်သလို လုပ်လို့ရတယ်" 


ဝေလု ထပ်ပေါင်းပြောလိုက်ပြီးနောက် ယွီနျန်ဘက်သို့ လှည့်လိုက်သည်။ 


"နျန်နျန်... ဒီတစ်ခါက မင်းအတွက် ဒိုင်လုပ်ရတာ ပထမဆုံးအကြိမ် ဖြစ်နေမှာပဲ... ဒါပေမယ့် စိတ်တအားကြီး ပူမနေနဲ့နော်... မင်းလိုချင်တာ မှန်သမျှ ပြောလိုက်... ငါတို့ သုံးယောက်က မင်းရဲ့ စီနီယာတွေပဲ... ဒါကြောင့် မင်းကို ထောက်ခံပေးမှာ... မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်လာရင် အတူတူ ဆွေးနွေးကြတာပေါ့" 


ရှိုး၏ အဖွင့်ဖျော်ဖြေမှုက ယွီနျန် ပြန်လည်ပြင်ဆင်ထားသည့် "ကျော့ရှင်းသော"၏ ဗားရှင်းအသစ် ဖြစ်သည်။ သူတို့လေးယောက်လုံးက ပြောင်မြောက်လှသော အဆိုအရည်အချင်းများနှင့် စင်အတွေ့အကြုံလည်း ရှိကြသဖြင့် သူတို့၏ ဖျော်ဖြေမှုက ကြည့်ရှုသူများ၏ စိတ်လှုပ်ရှားမှူများကို မီးစာထည့်ပေးနေခဲ့သည်။


ယွီနျန်က ဒိုင်လူကြီးများနေရာတွင် ဝင်ထိုင်လိုက်ရင်း အစပိုင်းတွင် စိတ်လှုပ်ရှားနေသော်လည်း တဖြည်းဖြည်းဖြင့် အသားကျသွားသည်။ မကြာမီ စွန်းမုန့်ဇယ်နှင့် ဝေလုတို့က ယွီနျန်မှာ ကြွားဝါခြင်းကို သဘောကျတတ်သူ မဟုတ်ဘဲ သီချင်းဖန်တီးရာ၌ ထူးခြားပြောင်မြောက်လှသော အရည်အချင်းများ ရှိရုံသာမက အဆိုအရည်အချင်း၌လည်း အခြေခံကောင်းကောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ 


“…မင်းရဲ့ အဆိုဟန်က ပေါ့ဂျက်ဇ်ဘက်ကို သွားတယ်နော်... ဂျက်ဇ်ဂီတရဲ့ ရိုးရာဆန်ဆန် အသံနိမ့်နိမ်နက်နက်ရှိုင်းရှိုင်း ဖြစ်ရုံမကဘူး ကွေးနေတဲ့ အသံမျဥ်းတွေနဲ့ စိတ်အေးလက်အေး ဖြစ်ပြီး လေးတွဲတွဲ စတိုင်မျိုးပဲ"


ယွီနျန် တလေးတနက် ဖြစ်နေချိန်တွင် အကြည့်များက သာမန်ထက် စူးရှနေခဲ့ပြီး ပြိုင်ပွဲဝင်များ၏ သီဆိုမှုကို အသေအချာ နားထောင်ပေးနေခဲ့သည်။ မှတ်ချက်ပေးရသည့်အခါတွင် မှတ်စုမလိုဘဲ ပြောနိုင်ခဲ့သည်။ 


“အစပိုင်းအသံက တော်တော်လေး နိမ့်ပြီး မင်းရဲ့အသံက နက်ပြီးတော့ နူးညံ့တယ်...အားရစရာအကောင်းဆုံး ရှုထောင့်ကတော့ မင်းက ဂျက်ဇ်ဂီတရဲ့ လှုပ်ခါနေတဲ့ စည်းဝါးတွေကို ကောင်းကောင်း ဖမ်းမိနိုင်တာပါပဲ... အကြားအာရုံနဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေမှာ ကွဲကြေနေတဲ့ ဆက်တိုက်ဖြစ်လာတဲ့ ခံစားချက်ကို ဖန်တီးပေးနေတယ် ...."


ဝေလုကလည်း ပြောသည်။


 "ဒါက ဂျက်ဇ်သီဆိုမှုရဲ့ လက္ခဏာရပ်တွေပဲ... ပြီးတော့ စိန်ခေါ်မှုများတဲ့ အရည်အချင်းတစ်ခုပဲ... မင်းရဲ့ အခြေခံတွေက အရမ်းခိုင်မာတယ်"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။


 "အစ်ကိုဝေ ပြောတာ မှန်ပါတယ်... ဒါကြောင့်မို့ မင်းရဲ့ သီဆိုဖျော်ဖြေမှုက တကယ် ပြောင်မြောက်ပါတယ်"


စင်ပေါ်မှ ပြိုင်ပွဲဝင်က တင်းဝေ့ဟု အမည်ရပြီး အဖြူရောင် ဂါဝန်ရိုးရိုးကို ဝတ်ဆင်ထားသည်။ သူမက မိုက်ကရိုဖုန်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ အကဲဖြတ်ဒိုင်များ၏ ထိုင်ခုံဘက်သို့ ဦးညွှတ်၍ ပြောလိုက်သည်။


 "ကျေးဇူးတင်ပါတယ်... လေးစားရတဲ့ အကဲဖြတ်ဒိုင်များရှင့်"


တင်ဆက်သူက မိုက်ခရိုဖုန်းနားထံ ချဥ်းကပ်လာပြီးနောက် မေးလိုက်သည်။ 


"မင်းရဲ့ ဖျော်ဖြေမှုကို လေးစားရတဲ့ အကဲဖြတ်ဒိုင် သုံးယောက်ဆီကနေ အသိအမှတ်ပြုခံခဲ့ရတယ်... ဒါကြောင့် မင်း ပထမဆုံးအလှည့်မှာ အောင်သွားပါပြီ... မင်းအနေနဲ့ ပြောချင်တဲ့စကားများ ရှိမလား"


"ကျွန်မမှာ ဆန္ဒတစ်ခု ရှိပါတယ်"


တင်ဆက်သူက အလွန်အမင်း ချဲ့ကားသည့် အမူအယာဖြင့် မေးလိုက်သည်။ 


"ဘယ်လို ဆန္ဒမျိုးလဲ သိခွင့်ရှိမလား"


တင်းဝေ့က ခပ်ရှက်ရှက် ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်မ မိသားစု၊ ကျွန်မမိဘတွေနဲ့ ကျွန်မရဲ့ ညီမလေးတို့အားလုံးက ယွီနျန်လောင်ရှီးရဲ့ ဖန်တွေပါ... ဒါကြောင့်မို့ ယွီနျန်လောင်ရှီးကို သီချင်း စာသားအချို့ live ဆိုပြပေးနိုင်မလားလို့ တောင်းဆိုလို့ရမလား..."


စွန်းမုန့်ဇယ်က အလျင်အမြန် တုံ့ပြန်လာပြီး ဒိုင်များ၏ ထိုင်ခုံနေရာမှ ထရပ်ကာ ပရိတ်သတ်များဘက် မျက်နှာမူလိုက်သည်။ သူ အသံကို မြှင့်လိုက်လေသည်။ "ပရိတ်သတ်များ... ကြားချင်ကြလား"


“ကြားချင်ပါတယ်" ပရိတ်သတ်များထံမှ စိတ်အားထက်သန်လှသော အဖြေများ ထွက်ပေါ်လာသည်။ 


စွန်းမုန့်ဇယ် ရယ်မောလိုက်သည်။ "ကောင်းပါပြီ... 'တောင်တန်းပေါ်က နှင်းစက်' ဆိုခိုင်းကြရင်ရော... ကောင်းလား"


နောက်တစ်စက္ကန့်တွင် ပရိတ်သတ်များက 'တောင်တန်းပေါ်က နှင်းစက်' ဟူပြီး အားပေးသံတသောသောဖြင့် ပြန်ဖြေလာကြသည်။ 


ယွီနျန်က ခပ်ရှက်ရှက်ဖြင့် ပြုံးနေပြီး မျက်လုံးလေးများက ကြည်လင်သန့်ရှင်းနေကာ ကင်မရာကလည်း အနီးကပ်ရိုက်ချက်များ ရိုက်လာခဲ့သည်။ သူက တစ်ခဏမျှ အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


 "ကျွန်တော်သာ 'တောင်တန်းပေါ်က နှင်းစက်'ကို liveဆိုရရင် အမြင့်သံတွေ မထိနိုင်တဲ့အခါ မရယ်ပါဘူးလို့ ကတိပေးကြပါ... ပြီးတော့ ဒါရိုက်တာကြီးရေ... မျက်နှာပြင်အကြီးကြီးထက်မှာ စာသားတွေ ပြပေးဖို့ ဒုက္ခပေးလို့ ရမလားဗျ"


ပရိတ်သတ်များက တသောသော ရယ်မောကြလေသည်။


Screenအကြီးကြီးထက် စာသားများ ထွက်ပေါ်လာသောအခါ ယွီနျန်မှာ ဒိုင်လူကြီးခုံနေရာ၌ ရှိနေဆဲ ဖြစ်သည်။ နားကြပ်ကိရိယာကို ချိန်ညှိလိုက်ပြီးနောက် မျက်လုံးများက စာသားများအပေါ် မြဲမြံနေလျက် စတင်သီဆိုလေတော့သည်။ သူက တည်ငြိမ်နေသောအသံဖြင့် စတင်လိုက်ပြီး အသံအနိမ့်အမြင့်ကို အတိအကျ ထားကာ ကြည်လင်၍ရှင်းလင်းနေသော အသံဖြင့် သံဆိုနေပြီး နှာသံဖျော့ဖျော့နှင့် ယှက်နွယ်နေသာ အသံအနိမ့်အမြင့်က တောင်တန်းပေါ်က လေပြေအေးလေးနှင့် ဆင်တူနေလေသည်။ တစ်ခဏအတွင်း တောင်ထိပ်ရှိ ဘယ်တော့မှ အရည်ပျော်သွားမည် မဟုတ်သော နှင်းအလွှာလေးများက လူတိုင်း၏ နှလုံးသားထက် တဖွဲဖွဲ ကျဆင်းလာလေတော့သည်။ 


ဤနေရာမှာ သူ့အိမ်ကြမ်းပြင် မဟုတ်ကြောင်း သိနေသည့် ယွီနျန်က အပိုင်းတိုလေး သီဆိုပြီးနောက် ရပ်တန့်လိုက်သည်။ တင်ဆက်သူက သူ့ကို အားတက်သရော ချီးမွမ်းလာသည်။


 "ဒီလို အမြင့်သံမျိုးကို ထိုင်နေရင်း အမူအယာ မပြောင်းဘဲ ဆိုဖို့ကတော့... ဒါက ဒိုင်လူကြီးတစ်ယောက်ရဲ့ ဒဏ္ဍာရီလာ အင်အားဆိုတာ ဖြစ်နိုင်မလား"