Chapter 118
ကိုယ့်မွေးနေ့ကို တစ်ဝက်ခွဲပေးမယ်
ထိုအပိုင်း လွှင့်သောအခါ "ယွီနျန်ကဘာလဲ... ယွီနျန်က အင်အားပဲ" ဟူသော စကားသည် အင်တာနက်တခွင် ပျံ့နှံလာခဲ့လေသည်။
[#ယွီနျန်ကဘာလဲ# အား... နျန်နျန်ရေ မိုက်လိုက်တာ... စိတ်လှုပ်ရှားနေတာ ထိန်းမရတော့ဘူး... အဖွင့်ဖျော်ဖြေမှုကို အကြိမ်တစ်ရာလောက် ရစ်ကြည့်ပြီးသွားပြီ... ပိုင်ယန်နဲ့ အတူတွဲဆိုရတဲ့ အမြင့်သံက အသက်ရှူသံကိုပါ ယူသွားတော့မလိုပဲ... 'တောင်တန်းပေါ်က နှင်းစက်'ကို liveဆိုတာကလည်း အံ့အားသင့်သွားစေတယ်... အော်နေပါပြီ]
[#ယွီနျန်ကဘာလဲ# သူ့ရဲ့အင်အား... ယွီလောင်ရှီးက အရမ်း ပရော်ဖက်ရှင်နယ်ဆန်တယ်နော်... ငါ့အဖေက တက္ကသိုလ်က ဂီတဆရာပဲ... ပြီးတော့ သူပြောတယ်... ယွီနျန်ရဲ့ ပရော်ဖက်ရှင်နယ် ဗဟုသုတက ထိပ်တန်းဖြစ်ပြီး ဝေဖန်ချက်တွေကလည်း ဒက်ထိပဲတဲ့... ဂုဏ်ယူလိုက်တာ နျန်နျန်ရေ... အလုပ်ကြိုးစားခဲ့တယ်နော်]
[#ယွီနျန်ကဘာလဲ# အင်အား... အမှန်တကယ်ပါပဲ... ယွီနျန်က တန်ဖိုးထားစရာ ကောင်းလိုက်တာ... သူက တယဥ်တကျေးနဲ့ လေးလေးစားစား စကားပြောတယ်... စီနီယာတွေကိုလည်း တစ်ခါမှ စကားဖြတ်မပြောဖူးဘူး... သူရဲ့ ဝေဖန်ချက်တွေကလည်း သင့်လျော်ပြီး တစ်ခါမှ သည်းမခံနိုင်လောက်အောင် မပြောဖူးဘူး... ရှိုးတလျှောက်လုံး ကျောမတ်မတ် အနေအထားနဲ့ နေရာမှာပဲ တစ်ချိန်လုံး ထိုင်နေတာ... ငါကတော့ ဖန်အကြီးစားကြီး ဖြစ်လာပါပြီနော်... အယ်လ်ဘမ်ဝယ်ဖို့ ဝက်ဘ်ပေချ့်တစ်ခု တိတ်တိတ်လေး ဖွင့်လိုက်ပြီ... 'တောင်တန်းပေါ်က နှင်းစက်'ရဲ့ တူရိယာမပါတဲ့ ဗားရှင်းကလည်း ကောင်းလွန်းချက်]
"သီချင်းဆိုပါရစေ"၏ ပထမဆုံးအပိုင်း ထုတ်လွှင့်သောအခါ hot search၏ ငါးနေရာလောက်ကို လွှမ်းမိုးသွားခဲ့ပြီး ကြီးမားသော အောင်မြင်မှု ရရှိခဲ့လေသည်။
ဌာနမှ ထုတ်ပေးထားသော ဒေတာ ခွဲခြမ်းစိတ်ဖြာမှုများကို ဖတ်ပြီးနောက် မုန့်ယွမ် လက်ခုပ်တီး၍ ရယ်မောလိုက်သည်။
"ကြည့်ရှုနှုန်းက အချိန်အတူတူလောက်မှာ လွှင့်တဲ့ရှိုးတွေထဲ အမြင့်ဆုံးပဲ... နောက်တစ်ပိုင်းမှာ ပိုတောင် မြင့်သွားလိမ့်ဦးမယ်... ကြော်ငြာဝင်တဲ့အချိန်တောင် ကြည့်ရှုသူတွေလျော့မသွားကြဘူး"
ယွီနျန်က သတင်းစာ ထုတ်ပြန်ချက်မလုပ်ဘဲ တစ်နာရီခွဲ အကသင်တန်းကို ချွေးပြိုက်ပြိုက်ကျလျက် ပြီးဆုံးသွားခဲ့သည်။ ရှစ်ရော့ ကမ်းပေးလာသည့် တဘက်ကို ယူ၍ လည်ပင်းကို သုတ်လိုက်သည်။
"အစ်ကိုမုန့်... နိုင်ငံထဲကို ပြန်လာတုန်းက သတင်းတွေကရော"
“မင်းမေးမယ်ဆိုတာ သိနေတယ်"
မုန့်ယွမ် tabletကို ပြန်ချထားလိုက်သည်။
"အဲ့အချိန်တုန်းက ဆွေးနွေးငြင်းခုံကြတာတွေပြီးသွားတော့ မီးသေသွားတာပဲ... ဒါပေမယ့် အခု မင်း ဥက္ကဌရွှယ်ရဲ့ လေယာဥ်နဲ့ လိုက်စီးတာ မစီးတာက မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပဲ ဖြစ်သွားပြီ... ယုံတဲ့သူတွေကလည်း ယုံကြတယ်... တချို့ကလည်း တိုက်ဆိုင်တာလို့ပဲ ယုံထားကြတယ်... ဝါးနေတဲ့ ပုံတွေက အတည်ပြုရခက်တယ်လေ"
ရုံးခန်းထဲတွင် အပြင်လူများ မရှိသည့်အခါမှ မုန့်ယွမ် မေးခွန်းအနည်းငယ် ထပ်မေးလိုက်သည်။
"နျန်နျန်... ငါတို့ချည်းပဲ ပြန်လာတယ် ဆိုတဲ့ သတင်းထုတ်လိုက်ရင်ရော"
ယွီနျန် တဘက်ကို ပြန်ချထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်"
မုန့်ယွမ်က ယွီနျန်၏ ရည်ရွယ်ချက်ကို သိနေသဖြင့် ဆက်ပြီး မတိုက်တွန်းတော့ပေ။ သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
" 'ရှေးဟောင်းလမ်းမ' ထုတ်လွှင့်မဲ့ရက်က နွေရာသီမှာ သတ်မှတ်ထားတယ်... ဂျူလိုင်လ1ရက်နေ့ပဲ... မင်းနည်းနည်းလောက် အလုပ်ကြိုးစားပြီး ပရိုမိုးရှင်းမှာ ပါဝင်မှ ဖြစ်မယ်... ဒါပေမယ့် အချိန်စာရင်းကို ငါစစ်ကြည့်လိုက်ပြီးပြီ... ဝမ်နင်းရွှယ်နဲ့ အတူတူ စင်ပေါ် တက်စရာ မလိုဘူး"
ရှစ်ရော့ကလည်း တွေးတွေးဆဆ ပြောသည်။ "ဒါရိုက်တာရှုက အရမ်း တွေးပေးတတ်တာပဲ"
"နျန်နျန်ရော ယွီချင်းရောက ဝမ်နင်းရွှယ်ကို သဘောမကျတဲ့အကြောင်း သူတို့ရဲ့ အမြင်ကို ဖော်ပြပြီးသွားပြီ... 'ရှေးဟောင်းလမ်းမ'က ပရိုမိုးရှင်းအတွက် အဲ့ဒီလိုကောလဟာလမျိုးတွေ ထုတ်စရာ မလိုဘူး... ဒါရိုက်တာရှုက ဘယ်ဘက်မှာ နေရမလဲ ဆိုတာသိပြီးသား... ဝမ်နင်းရွှယ်တစ်ယောက်အတွက်နဲ့ ယွီချင်းနဲ့ နျန်နျန်ကို ဆန့်ကျင်မှာ မဟုတ်ဘူး...”
မုန့်ယွမ် ဆက်ပြောလိုက်သည်။
"အဓိကပွဲကြီးတွေက ဂျူလိုင်မှာ ဖြစ်မဲ့ပုံပဲ... ပြီးရင် ရွှေတေးသွားဆုပေးပွဲ ရောက်လာတော့မယ်... မင်းက ခေါင်းစဥ်အများကြီးမှာ ဆန်ကာတင်ဝင်ထားတယ်"
ယွီနျန် အချက်တစ်ခုချင်းစီ မှတ်စု ရေးထားလိုက်ပြီး မုန့်ယွမ် ထပ်ပြီး ပြောစရာမလိုတော့ရန်အတွက် သေချာလုပ်ထားလိုက်ပြီးမှ မေးလိုက်သည်။
"ဒါဆို အခု ကျွန်တော် သွားလို့ ရပြီလား"
ပြတင်းပေါက်အပြင်ဘက်မှ နေလုံးကြီးကို ကြည့်ရင်းဖြင့် မုန့်ယွမ် အတော်လေး အံ့အားသင့်သွားပုံရသည်။
"အခုထိ သုံးနာရီတောင် မထိုးသေးဘူး... ဒီနှစ်ရက်အတွင်း မင်းလေ့ကျင့်ရေးအခန်းထဲမှာပဲ နေ့တိုင်း အဆိုကျင့်နေခဲ့တာ မဟုတ်ဘူးလား... ဘာလို့ ဒီနေ့ စောစောမှ ပြန်ချင်နေရာတာလဲ"
ရှစ်ရော့က မုန့်ယွမ်၏ အင်္ကျီလက်ကို ဆွဲ၍ တိုးတိုး ပြောပြလိုက်သည်။
"အစ်ကိုမုန့်... ဒီနေ့က ဥက္ကဌရွှယ်ရဲ့ မွေးနေ့လေ"
"အဲ့လိုလား"
မုန့်ယွမ် ပါးစပ်ပြန်ပိတ်ထားလိုက်သည်။
"စောစောပြန်... စောစောပြန်... ငါဘာမှ မပြောမိလိုက်ဘူးလို့ပဲ ထားလိုက်တော့"
ယွီနျန် နေ့လည်ပိုင်း အိမ်ပြန်သည်က ရှားပါးလှပြီး ရွှယ်ယုံ၏ မွေးနေ့ပွဲအတွက် ရက်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ပထမဆုံး စွပ်ပြုတ် ချက်လိုက်ပြီးနောက် သူဝယ်လာသော ပါဝင်ပစ္စည်းများကို ထုတ်ကာ နူးနူးညံ့ညံ့ ကိတ်လေးတစ်လုံးကို ကိုယ်တိုင်ပြုလုပ်ရန် ပြင်သည်။ ပြီးနောက် ၎င်းအပေါ်တွင် "မွေးနေ့မှာ ပျော်ရွှင်ပါစေ ရွှယ်ယုံ"ဟူသော စကားလုံးများကို အသီးယိုဖြင့်ဂရုတစိုက် ရေးလိုက်သည်။
ယွီနျန်က အချိန်များစွာ ရသေးကြောင်း သိလိုက်ရသဖြင့် အခန်းထဲတွင် ရိုးရိုးရှင်းရှင်း ပြင်ဆင်လိုက်သည်။ အရာအားလုံး အဆင်သင့်ဖြစ်သောအခါ ရွှယ်ယုံထံ မည်သည့်အချိန်တွင် ရောက်လာမည့်အကြောင်း မေးရင်းဖြင့် မက်ဆေချ့် ပို့လိုက်လေသည်။
ဒီတစ်ကြိမ်၌ ရွှယ်ယုံက မိနစ်အနည်းငယ်ကြာမှ ပြန်ဖြေလာခဲ့သည်
"လုပ်စရာ တစ်ခုပေါ်လာလို့... 6နာရီ ခွဲမှ လာဖြစ်တော့မယ်"
ယွီနျန် ပြန်ပို့လိုက်သည်။
"ကောင်းပါပြီ"
ယွီနျန် မွေးနေ့ ဖယောင်းတိုင်များ စီစဥ်ပြီးသွားသောအခါ ဆိုဖာပေါ်တွင် ကြုံရာကျပန်း ပစ်လွှင့်ထားသည့် ဖုန်းက ရုတ်တရက် အသိပေးချက်များ အဆက်မပြတ် မြည်လာခဲ့သည်။ ယွီနျန် ဖယောင်းတိုင်များ စိုက်ပြီးသွားသောအခါ ဖုန်းကိုယူ၍ မက်ဆေချ့်များ ဖွင့်ကြည့်မိသည်။ အမည်မသိ နံပါတ်တစ်ခုမှ ဖြစ်နေပြီး စာမပါဘဲ တွဲလျက် ပုံများ ခုနစ်ပုံ ရှစ်ပုံခန့်သာ ပါနေသည်။
ဓါတ်ပုံများ ဖွင့်ကြည့်လိုက်သောအခါ ယွီနျန် ချက်ချင်းပင် အနက်ရောင် အော်စတွန်မာတင် ကားဘေး၌ ကင်မရာကို ကျောပေးကာ ရပ်နေသည့် ရွှယ်ယုံကို မှတ်မိသွားသည်။ သူ့ဘေးတွင် ထသွားထလာ အဝတ်အစားများ ဝတ်ထားပြီး မျက်နှာဘေးတိုက်ပုံသာ ပါသည့် လူတစ်ယောက်လည်း ရှိနေသည်။
သိုက်ပေါ် စာချုပ်ကိစ္စကြောင့် ယွီနျန်မှာ ကျန့်ကျောက်ရှီ၏ လေဆိပ်ဓါတ်ပုံများနှင့် မုန့်ယွမ်ပြလာသည့် ကြော်ငြာ ပိုစတာများလည်း တွေ့ထားပြီးသား ဖြစ်သည်။ ယွီနျန် အသေအချာ ကြည့်လိုက်ပြီးနောက် ပုံထဲကလူမှာ အမှန်ပင် ကျန့်ကျောက်ရှီ ဖြစ်နေကြောင်း အကြမ်းဖျဥ်း ကောက်ချက်ချလိုက်သည်။
ဘာလို့ ကျန့်ကျောက်ရှီက ရွှယ်ယုံနဲ့ အတူရှိနေရတာလဲ...
ယွီနျန် တစ်ခဏမျှ တွေးကြည့်လိုက်ပြီးနောက် ပေးပို့လာသူ၏ နံပါတ်ကို နှိပ်ကာ ဖုန်းပြန်ခေါ်ရန် ကြိုးစားလိုက်ပါသော်လည်း တစ်ဖက်လူက ဖုန်းပိတ်ထားလေသည်။
6နာရီခွဲတိတိအချိန်တွင် ရွှယ်ယုံ အိမ်ပြန်လာသည်။ အခန်းထဲမှ အပြင်အဆင်များကို တွေ့သောအခါ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် မျက်နှာအမူအယာများက ပျော့ပျောင်းလာခဲ့သည်။
ယွီနျန် တန်းမေးလိုက်သည်။
"ဒီနေ့ ကျန့်ကျောက်ရှီနဲ့ တွေ့ခဲ့သေးလား"
ရွှယ်ယုံမှာ ပဟေဠိ ဖြစ်နေပုံရလေသည်။
"ကျန့်ကျောက်ရှီက ဘယ်သူလဲ"
ရွှယ်ယုံမှာ ကျန့်ကျောက်ရှီ မည်သူဖြစ်မှန်းကို အမှန်ပင် မသိကြောင်း အတည်ပြုပြီးသွားသောအခါ ယွီနျန် ဆက်မပြောတော့ပေ။ ရွှယ်ယုံ ကုတ်အင်္ကျီ ချွတ်လိုက်ပြီးနောက် ယွီနျန်က သူ့ခါးကို ဖက်၍ စားပွဲဆီသို့ အတူလျှောက်သွားခဲ့ကြသည်။
ယွီနျန်က ဖယောင်းတိုင်တစ်ချောင်းစီကို မီးလိုက်ထွန်းလိုက်ပြီး မွေးနေ့သီချင်းကိုလည်း အားရပါးရ သီဆိုပေးခဲ့သည်။ ပြီးနောက် ရွှယ်ယုံအတွက် ပြင်ဆင်ပေးထားသော မွေးနေ့လက်ဆောင်ဘူးလေးကို ထည့်ပေးလိုက်သည်။
ယွီနျန်တစ်ယောက် ရွှယ်ယုံအား မွေးနေ့ဆုတောင်း၍ ဖယောင်းတိုင်များ မှုတ်ရန် ဆော်သြတော့မည့်ဆဲဆဲ လေးထောင့်လက်ဆောင်ဘူးလေးတစ်ခုက သူ့လက်ထဲသို့ ရောက်လာခဲ့လေသည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ"
အခန်းက သိပ်မလင်းဘဲ ပြင်ပမှ နီယွန်မီးရောင်များနှင့် သူတို့ရှေ့မှ ဖယောင်းတိုင်မီးများကသာ အမှောင်ထုကို ခပ်သဲ့သဲ့ လွင့်ပါးသွားစေသည်။
ရွှယ်ယုံ၏ ချောမောလှသော မျက်နှာအစိတ်အပိုင်းများမှာ နွေးထွေးသော ဖယောင်းတိုင်မီးကြောင့် အရိပ်ထင်နေပြီး သိမ်မွေ့သော အနားသတ်မျဥ်းလေးများ ဖြစ်ပေါ်စေသည်။ သူ့အသံက တိုးရှပျော့ပျောင်းနေလေသည်။
"ကိုယ့်မွေးနေ့က ဇွန်လ11ရက်နေ့... လွန်ခဲ့တဲ့ ရာစုနှစ်တွေက ပါရမီရှင်စန္ဒယားပညာရှင်တစ်ယောက်နဲ့ မွေးနေ့အတူတူပဲ... ကိုယ်ကလေးဘဝတည်းက ဒီရက်စွဲကို သဘောကျခဲ့တာ... စန္ဒယားလေ့ကျင့်ရလွန်းလို့ ကိုယ့်လက်တွေ နာကျင်နေလည်းပဲ ဒီရက်စွဲကနေ ခွန်အားတွေရတယ်လို့ ခံစားရတယ်"
ယွီနျန် အနည်းငယ် အာခြောက်လာခဲ့သည်။
ရွှယ်ယုံ၏ မျက်လုံးများက နွေးထွေးမှုများပြည့်နေပြီး စကားမပြောခင် စကားလုံးများကို ဂရုတစိုက် စုစည်းလိုက်သည်။
"နျန်နျန်... မင်းမွေးနေ့ကို ဘယ်တုန်းကမှ မကျင်းပခဲ့ဘူးလေ... ဒါဆိုရင် ကိုယ့်ရဲ့ မွေးနေ့ကို တစ်ဝက်ခွဲပေးမယ်လေ... အဆင်ပြေလား"
အသက်ရှုသံများကို တစ်ခဏလောက် ဆွဲထားမိပြီး ယွီနျန် ချက်ချင်းဆိုသလို မေးလိုက်သည်။
"ဘယ်လို"
ရွှယ်ယုံက ယွီနျန်၏ မျက်လုံးထောင့်လေးကို ခပ်ဖွဖွ နမ်းလိုက်သည်။
"ကိုယ့်မွေးနေ့ကို တစ်ဝက်ခွဲပေးမယ်... ရမလားလို့"
သူက အနည်းငယ် ရှက်ရွံ့နေပုံပေါ်ပြီး အကြည့်ချင်းမဆုံမိအောင် ရှောင်ကာ အသံကို နှိမ့်လိုက်သည်။
"သူများတွေမှာလည်း ရှိရင် ကိုယ့်နျန်နျန်လည်း ရှိရမှာပေါ့"
ယွီနျန်၏ မျက်တောင်လေးများ တုန်ယင်သွားပြီး ခေါင်းငုံ့၌ ရွှယ်ယုံ့လက်ထဲမှ လက်ဆောင်ကို လှမ်းယူလိုက်သည်။
"အင်း... ကောင်းပြီလေ"
တစ်ခဏအကြာ ခေါင်းမော့၍ ရွှယ်ယုံနှင့် အကြည့်ချင်းဆုံလိုက်ပြီး နှုတ်ခမ်းထောင့်လေးများ ကွေးတက်လာခဲ့သည်။ ဖယောင်းတိုင်မီး၏ ရောင်ပြန်ဟပ်မှုကြောင့် တစ်ဖက်လူ၏ ပုံရိပ်က သူ့မျက်လုံးထဲတွင် ထင်ဟပ်လာပြီး တီးတိုးပြောမိသွားသည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ"
နှစ်ယောက်သားက ဖယောင်းတိုင်မီးများကို အတူတကွ မှုတ်လိုက်ကြပြီးနောက် တစ်ဖက်လူ၏ မွေးနေ့ဆုတောင်းကို မမေးဘဲ အချင်းချင်း ကြည့်လိုက်ကြသည်။
နှစ်ဆယ့်နှစ်နှစ်အတွင်း ပထမဆုံး ရခဲ့ဖူးသည့် မွေးနေ့လက်ဆောင်ကို ကိုင်ကာ ယွီနျန်မှာ ဖွင့်ကြည့်ရန် တုံ့ဆိုင်းနေမိလေသည်။ သူက လက်ဆောင်ဘူး၏ မျက်နှာပြင်ကို ခပ်ဖွဖွ ပုတ်ကာ နောက်လှည့်လိုက်ပြီးနောက် နှစ်စက္ကန့်အကြာတွင် ပြန်လှည့်လာကာ ရွှယ်ယုံကို ညွှန်ကြားလိုက်သည်။
"ကျွန်တော့်ဘာသာ တိတ်တိတ်လေး ကြည့်ချင်တယ်"
ယွီနျန် နောက်လှည့်သွားသည်ကို အခွင့်ကောင်းယူ၍ ယိုနှင့် ခရင်မ်များကို တိတ်တိတ်လေး ကော်စားလိုက်သည့် ရွှယ်ယုံမှာ မထင်မှတ်ထားစွာပင် ချက်ချင်း ဖမ်းမိသွားခဲ့ရလေသည်။
ယွီနျန် မပြုံးမိအောင် တင်းထားရင် ဘာကိုမှ မမြင်လိုက်ချင်ယောင်ဆောင်ကာ လက်ဆောင်ကို လှည့်ဖောက်နေလိုက်သည်။
သို့သော်ငြား လေးထောင့်ဘူးလေးထဲမှအရာကို တွေ့လိုက်ရသောအခါ နှလုံးခုန်သံများပင် စည်းချက်လွဲသွားခဲ့သည်။ သူရွှယ်ယုံထံသို့ ခြေနှစ်လှမ်းမျှ လျှောက်လာပြီး မေးရန်အတွက် ထိုင်ခိုင်းလိုက်သည်။
ရွှယ်ယုံကလည်း နာနာခံခံဖြင့် ထိုင်လိုက်သည်။ ထို့နောက် ယွီနျန်က ရွှယ်ယုံ၏ ဘောင်းဘီစကို လိပ်တင်လိုက်ရာ ဒူးထက်တွင် ဒဏ်ရာများဖြင့် ဖုံးနေသည်ကို အမှန်ပင် တွေ့လိုက်ရသည်။
ဘောင်းဘီစ ကိုင်ထားသော သူ့လက်များမှာ အမှတ်တမဲ့ တင်းကျပ်သွားပြီး လက်ဆစ်များမှာလည်း ဖိအားကြောင့် ဖြူဖျော့လာခဲ့သည်။ ယွီနျန်၏ လည်ချောင်း တင်းကျပ်သွားလေပြီး ဖွင့်ဟလာသည့် အသံတို့ကလည်း တုန်ယင်လာခဲ့သည်။
"ဘာလို့ ဒီလောက် ရူးရတာလဲ"
ရွှမ်းချင် ဘုရားကျောင်း၏ ဆရာတော် ကိုယ်တိုင် ဖန်တီးသော ဘေးကင်းအဆောင်မှာ ရရှိရန် ခက်ခဲပေသည်။ အဆောင်လေးတစ်ခုကို ရရှိရန်အတွက် သုံးရက်ဆက်တိုက် မနက်ခုနစ်နာရီတိတိအချိန်တွင် ဘုရားကျောင်း၏ အရှေ့မှ ကျောက်တုံးလှေကားထစ်များပေါ်တွင် လေးဆယ့်ကိုးကြိမ်မျှ စိတ်ရင်းဖြင့် ရိုးသားဖြောင့်မတ်စွာ ဦးချရန်လိုပေသည်။
ယွီနျန်က သတင်းများထဲတွင် ရွှယ်ယုံ၏ ရှူးများမှာ ဘယ်သောအခါမှ ဖုန်ပေနေခြင်းမရှိဘဲ အကြောင်းမှာ သူခြေချလိုက်သည့်နေရာတိုင်းက သန့်ရှင်းစင်ကြယ်၍ နေခဲ့ကြောင်း ကြားဖူးသည်။ သို့တိုင်အောင် ထိုလူတစ်ယောက်တည်းကပင် ယွီနျန်အတွက် အကာအကွယ်အဆောင် ရရှိရန် ဒူးများ ပွန်းပဲ့ အနာတရ ဖြစ်သည်အထိ ဒူးထောက်ပေးခဲ့သည်။
ယွီနျန်၏ မျက်လုံးများ နီရဲလာသည်ကို မြင်သောအခါ ရွှယ်ယုံတစ်ယောက် ရတတ်မအေး ဖြစ်လာသည်။
"နျန်နျန်"
သူ ယွီနျန်၏ လက်ကို ကိုင်၍ တယုတယ ချော့မော့လိုက်သည်။
"သူတို့ ပြောကြတာ ဒီအဆောင်က အရမ်း အစွမ်းထက်ပြီး ကိုယ့်ရဲ့ နျန်နျန်လေးကို အန္တရာယ်ကင်းပြီး ကျန်းမာစေဖို့ သေချာပေါက် ကာကွယ်ပေးလိမ့်မယ်တဲ့"
ယွီနျန် သူ့ကို ကြည့်လာသောအခါ ရွှယ်ယုံ လက်မြှောက်၍ ယွီနျန်၏ မျက်လုံးထောင့်မှ မျက်ရည်စများကို ခပ်ဖွဖွ သုတ်ပေးလိုက်သည်။ ပြီးနောက် သူဆက်ပြောလိုက်လေသည်။
"တကယ်တော့... ကိုယ် အဲ့ဒီလို အရာတွေကို မယုံကြည်ခဲ့ဖူးဘူး... ဒါပေမယ့် ကားမတော်တဆမှုပဲ ဖြစ်ဖြစ် လေယာဥ်ပျက်ကျတာပဲ ဖြစ်ဖြစ် ကိုယ်အရမ်းကြောက်နေခဲ့တာ"
“ကိုယ် မင်းကို ဆုံးရှုံးရမှာ ကြောက်တယ်... ဒီပစ္စည်းက အသုံးမဝင်နိုင်မှန်း သိနေတာတောင် သန်းပေါင်းများစွာထဲက အခွင့်အရေးတစ်ခု ရနိုင်နေသရွေ့ ကိုယ်ကြိုးစားကြည့်ချင်တယ်"
ယွီနျန်မှာ မျက်ရည်များအပြည့်ဖြင့် တိတ်ဆိတ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ ရွှယ်ယုံက အိတ်ကပ်ထဲမှ စာရွက်ပိုင်းလေးတစ်ခု ထုတ်ယူလိုက်ပြီး သူ့ကို ကမ်းပေးလာခဲ့သည်။
"ကြည့်လေ... ကိုယ့်မှာလည်း အဆောင်ရှိတယ်... မင်းကိုယ်တိုင် ကိုယ့်အတွက် ရေးပေးထားတာလေ"
စာရွက်ပေါ်တွင် ယွီနျန်၏လက်ရေးဖြင့် "ခင်ဗျား အန္တရာယ်ကင်းပါစေ" ဟု ရေးသားထားလေသည်။ မကြာခဏ ထိတွေ့မှုကြောင့် ဖြစ်နိုင်သည်။ စာရွက်မှာ တွန့်ကြေနေပြီး အစွန်းများမှာလည်း အနည်းငယ် ဖွာလန်နေလေသည်။
ရွှယ်ယုံ၏ မျက်နှာထက်မှ ဖုံးကွယ်ရန် ကြိုးစားနေရသည့် စိတ်ပူပန်နေသော အရိပ်အယောင်များကို ကြည့်ကာ ယွီနျန် နှာရှုံ့လိုက်ပြီး လက်ထဲမှ ဘေးကင်းအဆောင်လေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သ
ည်၊ "ကျွန်တော် အမြဲတမ်း ဆောင်ထားမယ်"
ထိုမှသာ ရွှယ်ယုံတစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ယွီနျန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်း၍ ဆံနွယ်လေးများကို နမ်းရှိုက်လိုက်လေသည်။