အပိုင်း ၁၁၉
Viewers 16k

Chapter 119

နျန်နျန် ကိုယ်တိုင် အခြေအနေတွေကို ကိုင်တွယ်ရမယ်ဆိုရင် သူ့လက်လေး နာသွားရှာမှာ 



ရှစ်ရော့နှင့် မုန့်ယွမ်မှာ တွေ့တွေ့ချင်းပင် ယွီနျန်၏ ကိုယ်ထက်မှ အဆောင်အယောင်အသစ်ကို သတိပြုမိလိုက်ကြသည်။ ယွီနျန်၏ ဘယ်ဘက်လက်သန်းကြွယ်ထက်မှ လက်စွပ်တစ်ကွင်းကို တွေ့သောအခါ မုန့်ယွမ် သူ့ပါးကို သူ ပြန်ထိလိုက်သည်။ 


"မနက်စောစောမှာတောင် အချစ်တွေ ပြနေပြီ... အမလေး... ငါ့သွားတွေ"


ရှစ်ရော့ကလည်း တသောသော ရယ်လေတော့သည်။ "အစ်ကိုမုန့်ရဲ့ သရုပ်ဆောင်စကေးကတော့ ဆိုးဝါးချက်ပဲ" ပြီးနောက် သူမက ယွီနျန်ကို စပ်စုလေတော့သည်။


 "နျန်နျန်ရေ... ဒါ စုံတွဲလက်စွပ်လား"


“ဟုတ်" ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး မျက်လုံးများကလည်း နွေးထွေးနေလေသည်။ 


"ကျွန်တော့်မိသားစုရဲ့ အသိအကျွမ်းဟောင်းတစ်ယောက်က လက်ဝတ်ရတနာ လက်မှုပညာရှင်လေ... ကျွန်တော် သူ့ကို လက်စွပ် ဘယ်လိုလုပ်ရမလဲ သင်ပေးခိုင်းထာတာ... ကုန်ကြမ်းတွေ အများကြီး ကုန်သွားပေမယ့် စုံတွဲလက်စွပ် တစ်စုံတော့ လုပ်နိုင်ခဲ့တယ်လေ"


ရှစ်ရော့ တီးတိုးပြောလိုက်သည်။ 

"မင်းနဲ့ ဥက္ကဌရွှယ်လား"


ယွီနျန် ပြုံးပြလိုက်သည်။ "မဟုတ်ရင်ရော"


ရှစ်ရော့က သူမ၏ ရင်ဘတ်ကို ဖိကာ ဒရာမာဆန်ဆန် ပြောလိုက်လေသည်။ 


"အမြဲတမ်း အေးစက်ပြီး တည်တင်းနေတဲ့ ဥက္ကဌရွှယ်ကြီး တစ်နေ့မှာ စုံတွဲ ပစ္စည်းတွေ ဝတ်လိမ့်မယ်ဆိုတာကို တွေးကြည့်ဖို့ ခက်ခဲမှန်း သိသွားရုံလေးပါ"


မုန့်ယွမ်က သူမကို စနောက်လိုက်သည်။ 


"ဒါမှမဟုတ်... ဥက္ကဌရွှယ်ကြီး ဒိတ်နေတာကို ယုံကြည်ဖို့က ပိုခက်ခဲမှာ"


ရှစ်ရော့ အားတက်သရော ခေါင်းငြိမ့်ပြလိုက်သာ်။ "အတိအကျပဲ... ဥက္ကဌရွှယ် ဒိတ်နေတယ်... ပုံဖော်ဖို့ ခက်လိုက်တာ... ရိုးရိုးသားသားပြောရရင် အစ်မလေ မင်းနဲ့ ဥက္ကဌရွှယ်တို့ အရမ်း နီးကပ်နေလွန်းလို့ သူထုတ်လွှင့်လိုက်တဲ့ လေအေးတွေကြောင့် မင်း အေးခဲသွားမှာကို တကယ် စိုးရိမ်ခဲ့ရတာ..."


ယွီနျန် ရယ်မောလိုက်ပြီး ထပ်ပြီး အတည်ပြုပေးလိုက်သည်။


 "ဒါတကယ် ဖြစ်လာမှာ မဟုတ်ဘူး... သူကျွန်တော့်ကို အရမ်းကောင်းကောင်း ဆက်ဆံတယ်... အရမ်းအရမ်းကောင်းအောင်နော်"


ရယ်မောပြီးနောက် မုန့်ယွမ်က ယွီနျန်ထံ tabletကို ကမ်းပေးလိုက်သည်။ 


"ဒါက အမျိုးသားယဥ်ကျေးမှု ပရိုမိုးရှင်းကာလအတွက် သီချင်းလေ.. အနုပညာရှင်တွေ ဖျော်ဖြေရေးသမားဟောင်းကြီးတွေ ပါဝင်ကြမှာ... လူတစ်ယောက်စီက သီချင်းစာသား တစ်ကြောင်းစီ ဆိုရမယ် ပြီးရင် အဓိကအပိုဒ်မှာ ပေါင်းဆိုကြမယ်... ပြီးတာနဲ့ အဓိက ပလပ်ဖောင်းတွေမှာ တင်မှာ" 


သူတစ်ခဏမျှ တိတ်သွားလေသည်။

 "အဓိကအချက်ကလေ ကျန့်ကျောက်ရှီလည်း ပါဝင်ဖို့ အဖိတ်ခံထားရတယ်"


မနေ့က ရောက်လာသော ဓါတ်ပုံများထဲမှ ပုံရိပ်များက ယွီနျန်၏ စိတ်ထဲ ဖြတ်ပြေးသွားလေသည်။ သူခေါင်းငြိမ့်ပြလိုက်သည်။


 "အင်း... ကျွန်တော် သိပြီ"


မနေ့က ရောက်လာသော ပုံများအကြောင်း ဘေးဖယ်ထားလိုက်ပြီးနောက် ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။


 "အိုကေ"


ရှစ်ရော့က လက်ပေါ်တွင် မေးတင်၍ ပြောလိုက်သည်။ "ပုံမှန်ပုံစံအရဆို ပရိုမိုးရှင်းသီချင်း ထွက်ပြီးရင် ကျန့်ကျောက်ရှီရဲ့ အဖွဲ့က သေချာပေါက် စတိတ်စင်ကို အခွင့်ကောင်းယူပြီး သီချင်းထဲမှာ မင်းနဲ့ ကျန့်ကျောက်ရှီအကြား ဘယ်သူက ပိုကောင်းကောင်း ဖျော်ဖြေခဲ့လဲဆိုပြီး မီးပွားတွေ ဖန်တီးလိမ့်မယ်"


အသံသွင်း စတူဒီယိုသို့ ရောက်လာကြသောအခါ ယွီနျန်က စံပုံစံ အဖြူရောင်တီရှပ်ကို လှဲဝတ်လိုက်သည်။ အနားယူနေရာသို့ ပြန်လာသောအခါ ကျန့်ကျောက်ရှီကလည်း အခြားအဝတ်လဲခန်းထဲမှ ထွက်လာသည်ကို သတိပြုမိလိုက်ပြီး သူတို့၏ မျက်လုံးများ ဆုံတွေ့သွားကြသည်။ 


ယွီနျန်မှာ သူ့ကို အာရုံမထားရန် ကြံရွယ်ထားပါသော်လည်း မထင်မှတ်ထားစွာပင် ကျန့်ကျောက်ရှီက သူ့ဘက်ကို လျှောက်လာနေခဲ့သည်။ 


ကျန့်ကျောက်ရှီက ရန်စလာသည်။


 "ဒီအစက ကြမ်းလိုက်တာ... မင်းကတော့ ကျင့်သားရနေမှာပေါ့... ဘာပဲဖြစ်ဖြစ် မင်းအင်္ကျီ အများစုက အရမ်းစျေးပေါတဲ့ဟာတွေပဲလေ"


ယွီနျန်မှာ မတုန်မလှုပ်ရှိနေဆဲ ဖြစ်ပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်အမှန်ကို ကြားချင်နေလေသည်။


သေချာပေါက်ပါပင် ပြောပြီးနောက် ကျန့်ကျောက်ရှီက တဖြည်းဖြည်း တိုးကပ်လာပြီး မျက်နှာထက်၌ ခပ်ညစ်ညစ် အပြုံးတစ်ခု ရှိနေသည်။ သူက နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို ပင့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။


 "မင်းပါတနာရဲ့ အနံ့လေးက အရမ်းကောင်းတာပဲနော်"


ယွီနျန်၏ အကြည့်များ ရေခဲတမျှ အေးစက်သွားလေသည်။


ကျန့်ကျောက်ရှီ မတ်မတ်ရပ်လိုက်သည့်အခိုက် အော်သံစူးစူး တစ်ခု ထွက်လာပြီး တစ်ချိန်တည်းမှာပင် အားပြင်းပြင်းတစ်ခုက သူ့ဝမ်းဗိုက်ကို ထိခိုက်လာပြီးနောက် မချိမဆန့် နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ 


ယွီနျန်ထံမှ အားပြင်းပြင်း အရှိန်ကြောင့် ကျန့်ကျောက်ရှီ မြေပေါ်သို့ လဲကျသွားပြီး နာကျင်ရလွန်း၍ မြင်ကွင်းမှာလည်း စက္ကန့်အနည်းငယ်ကြာ မဲမှောင်သွားပြီးမှ ပြန်ရလာသည်။ 


ကျန့်ကျောက်ရှီက ခန္ဓါကိုယ်ကို ကွေးထားရင်း ဗိုက်ကို ရှုံ့ရှုံ့မဲ့မဲ့ဖြင့် အုပ်ထားမိသည်။ ကျန့်ကျောက်ရှီ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


"ယွီနျန် မင်းလုပ်ရဲတယ်"


ယွီနျန် ဒီလိုနေရာမျိုးမှာတောင် ကိုယ်ထိလက်ရောက် အကြမ်းဖက်လာမယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ဘူး...


အဝတ်လဲခန်းကို လူငါးယောက်က မျှသုံးရခြင်း ဖြစ်၍ အခြားလူ သုံးယောက်မှာလည်း ဘာဖြစ်သွားမှန်း မသိလိုက်ကြပေ။ တစ်ခဏအကြာ ကျန့်ကျောက်ရှီ၏ အသက်ရှူသံပြင်းပြင်းမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။


ယွီနျန် ထိုင်ချ၍ ကျန့်ကျောက်ရှီ၏ နာကျင်နေသော မျက်နှာကို စိုက်ကြည့်လိုက်သည်။ 


"ဘာလို့ ငါက မလုပ်ရဲရမှာလဲ"


 သူက ပုံမှန်ရှိနေကျ နူးညံ့သိမ်မွေ့မှူများကို ခဝါချထားလိုက်ပြီးနောက် အေးစက်စက် သတိပေးလိုက်သည်။


 "သူ့အနားကို သွားဖို့ စဥ်းတောင်မစဥ်းစားနဲ့ နားလည်လား"


ယွီနျန်က တဖန်ထရပ်လိုက်ရင်း ကျန့်ကျောက်ရှီကို ငုံ့ကြည့်လိုက်ပြီးနောက် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ 


"အဆင်ပြေရဲ့လား... နေမကောင်း ဖြစ်နေတာလား... လူနာတင်ကား ခေါ်ပေးရမလား"


ယွီနျန်နှင့် ကျန့်ကျောက်ရှီတို့ ကတောက်ကဆ ဖြစ်နေသည်ကို ကြည့်နေရင်းဖြင့် ဘေးလူများကပင် အရင် ရန်စသူမှာ ကျန့်ကျောက်ရှီ ဖြစ်ကြောင်း ပြောနိုင်ကြသည်။ တစ်ခဏအကြာ သူ့မန်နေဂျာနှင့် လက်ထောက်တို့က သူ့ကို လာခေါ် ထုတ်သွားလေတော့သည်။ လူတိုင်းက မတူညီသော အတွေးများ ရှိနေကြသော်လည်း ဘာမှ မဖြစ်သွားချင်ယောင်ဆောင်ကာ နောက်ဖြစ်လာမည့် အရှုပ်အထွေးများမှ ရှောင်ရှားလိုက်သည်။ 


မုန့်ယွမ်မှာလည်း ထိုကိစ္စအလှည့်အပြောင်းများကြောင့် ကြက်သေသေနေလေသည်။


သူ ယွီနျန်နှင့် အချိန်အကြာကြီး အလုပ်တွဲလုပ်ဖူးခဲ့ပြီး ယွီနျန်မှာ အနိုင်ကျင့်ခံမည့်လူ မဟုတ်ဘဲ အတော်လေး ခေါင်းမာတတ်ကြောင်းလည်း သိနေသည်။ သို့သော်လည်း သူက လူအများကို အတိုင်းအဆရှိပြီး တည်ငြိမ်အေးဆေးသော အမူအယာဖြင့်သာ ရင်ဆိုင်ဖြေရှင်းလေ့ရှိသည်


ဤတစ်ကြိမ်၌ လူတိုင်း၏ ရှေ့မှာပင် ယွီနျန် ကျန့်ကျောက်ရှီကို မျက်နှာသာမပေးဘဲ တန်း၍ ပြန်လုပ်လိုက်မည်ဟု ထင်မထားခဲ့ပေ။ 


ယွီနျန် လွှတ်ပေးလိုက်သော အင်အားပြင်းကန်ချက်ကို တွေးမိသွားသောအခါ မုန့်ယွမ် သူ့ကိုယ်သူ တိတ်တိတ်လေး အမှန်ပြန်ပြင်ပေးလိုက်သည်။ ဒါက "ခြေထောက်သုံးပြီး ပြန်လုပ်တယ်" ဆိုတာလို ဖြစ်နေမလား... 


မုန့်ယွမ်က ယွီနျန် အနား ချဥ်းကပ်လာရင်းဖြင့် အသံနှိမ့်ချလိုက်ပြီး စိတ်တည်ငြိမ်နေအောင် ထိန်းထားလိုက်ရသည်။ 


"ဘာဖြစ်သွားတာလဲ"


ယွီနျန်၏ မျက်လုံးများထဲမှ အေးစက်မှုများက ကွယ်ပျောက်မသွားသေးပေ။ သူ ပြန်ဖြေလိုက်သည်။


 "သူ့မှာ မသင့်တော်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်"


မုန့်ယွမ်၏ နှလုံးသားမှာ ယွီနျန်၏ အသံအနေအထားမှ အေးစက်မှုများကြောင့် တုန်ယင်သွားလေသည်။ ပထမဆုံးအကြိမ်အဖြစ် ယွီနျန်၏ အရှိန်အဝါများမှာ ရွှယ်ယုံ၏ အရှိန်အဝါနှင့် အတော်လေး ဆင်တူနေကြောင်း သတိပြုမိလိုက်ခြင်း ဖြစ်သည်။ သူတွေးမိသွားလေသည်။ ယွီနျန် ကြီးပြင်းခဲ့တဲ့ မိသားစုက ဘယ်လိုမိသားစုမျိုးမို့လဲ... သူ့ရဲ့ တည်ရှိမှုက ချိန်းခြောက်နိုင်စွမ်း ရှိလွန်းလို့ လူတွေကို ဖိနှိပ်ထားသလို ခံစားချက်ရနေတယ်... 


သို့သော်ငြား ချက်ချင်းဆိုသလိုပင် ယွီနျန်၏ အမူအယာများက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့လေသည်။ သူ မုန့်ယွမ်ကို ပြောလိုက်သည်။ 


"သီချင်းကို အရင်သွင်းရအောင်... ပြီးမှ ပြောကြတာပေါ့"


ကျန့်ကျောက်ရှီမှာ မန်နေဂျာထံမှ သတိပေးခံလိုက်ရသည်လား မသိရသော်လည်း အသံသွင်းစတူဒီယိုထဲသို့ ပြန်ဝင်လာသောအခါ ယွီနျန်ကို မမြင်ရသည့်အလား ဟန်ဆောင်နေပြီး ထပ်ပြီး ရန်မစတော့ပေ။ အသံသွင်းပြီးသည်နှင့် အလျင်အမြန် ထွက်ပြေးသွားသည်။ 


ယွီနျန် ရှစ်ရော့နှင့်အတူ နာနီကားထဲသို့ ဝင်လာခဲ့သည်။ ကားတံခါး ပိတ်သွားသောအခါ မုန့်ယွမ် အလောတကြီး မေးလိုက်သည်။


 "အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ"


ယွီနျန်မှာ မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ တန်းဖြေလိုက်သည်။ 


"ကျန့်ကျောက်ရှီက ရွှယ်ယုံအနားကို ရည်ရွယ်ချက် ရှိရှိ ကပ်ဖို့ လုပ်နေတယ်"


၎င်းကို ကြားမှသာ ယွီနျန်တစ်ယောက် ထိုမျှလောက် ပြင်းထန်လှသည့် တုံ့ပြန်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွားရလေသည်။


သူ ယခင်က ယွီနျန်ကို အကဲဖြတ်ကြည့်ခဲ့ပြီး ယွီနျန်မှာ ရွှယ်ယုံအပေါ် လေးနက်သော ခံစားချက်များမရှိဟု တွေးခဲ့ဖူးသည်။ ယခုတွင်မူ ခံစားချက် မရှိခြင်း မဟုတ်ဘဲ ယွီနျန်၏ ရင့်ကျက်မှုကြောင့် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခြင်းသာ ဖြစ်နိုင်ပုံပင်။ 


သေချာပေါက်ပင် ကျန့်ကျောက်ရှီက သူအထိမခံနိုင်သည့် အချက်ကို လာထိခဲ့သဖြင့် ချက်ချင်းဆိုသလို ယွီနျန်ထံမှ ချက်ကောင်းကို အကန်ခံလိုက်ရခြင်း ဖြစ်သည်။


မုန့်ယွမ် တွေးတောနေမိသည်။ 


"သူက ဘာလို့ ရွှယ်ယုံကို တမင်သက်သက် ကပ်ဖို့ လုပ်နေရတာလဲ"


ရှစ်ရော့က သတိကြီးကြီးဖြင့် ဝင်ပြောလာခဲ့သည်။ "အင်း... ကျန့်ကျာက်ရှီက လေဒီသိုက်ပေါ်ဆီကနေ ကိုယ်တိုင်ကိုယ်ကျ စာချုပ်ချုပ်ခံရတဲ့ နျန်နျန်ရဲ့ စွမ်းရည်က ဥက္ကဌရွှယ်ရဲ့ ပံ့ပိုးမှုကြောင့် ရလာတာဆိုပြီး တွေးနေလိမ့်မယ်လို့ မထင်ဘူးလား"


“လေဒီသိုက်ပေါ်နဲ့ ကြော်ငြာစာချုပ်လား"


 မုန့်ယွမ် တစ်ခဏမျှ တွေးလိုက်မိသည်။ 

"ဖြစ်နိုင်ချေရှိတယ်... နျန်နျန်က ဒီလောကထဲဝင်လာတာ တစ်နှစ်တောင် မရှိသေးဘူး... ဒါတောင် အံ့သြဖွယ်ရာ ရလဒ်တွေနဲ့ အောင်မြင်မှုတွေရနေပြီး ထိပ်တန်းနေရာတွေမှာ နေရာယူနိုင်ခဲ့ပြီ... ထပ်ပြီးတော့ 'သီချင်းဆိုပါရစေ' အထောက်အပံ့ကိစ္စကလည်း တော်ဝင်ခင်းကျင်းပြသမှုကလပ်မှာ ရှိနေတဲ့ အချိန်က မတော်တဆ ဖမ်းမိခံလိုက်ရတယ်... ကိုယ်ပိုင်လေယာဥ်ကိစ္စလည်း ရှိသေးတယ်...


ဒီလောကထဲက နလပိန်းတုံး မဟုတ်တဲ့ ဘယ်သူမဆို နျန်နျန်က ဥက္ကဌရွှယ်နဲ့ အဆက်အသွယ်ကောင်းကောင်း ရှိတာကို သိကြမှာပဲ" 


ရှစ်ရော့ ဆက်ပြောလိုက်သည်။ 


"ပြီးတော့ ကျန့်ကျောက်ရှီက သူ့ကိုယ်သူ အရမ်းအထင်ကြီးတာ လူတိုင်း သိကြတာပဲ... ဒါကြောင့်မို့ သူက နျန်နျန်ကို မကျော်နိုင်ဘူးဆိုတာ လုံးဝ ဝန်ခံမှာ မဟုတ်ဘူး... ပြီးရင် နျန်နျန်က သူ့ထက်ပိုကောင်းလို့ မဟုတ်ဘဲ သူကသာ အဆက်အသွယ်တွေသုံးပြီး ဖိနှိပ်ခံလိုက်ရတာဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ဖို့ ဆင်ခြေတွေအများကြီး ရှာရင်ရှာနေဦးမှာ"


"အဓိပ္ပါယ် ရှိတယ်" 

မုန့်ယွမ် ယွီနျန်အား ကြည့်လိုက်မိသည်။


 "သူ့ကို ကန်လိုက်တဲ့ကိစ္စကို ငါဖြေရှင်းလိုက်မယ်... သတင်း ထွက်လာမှာ မဟုတ်ဘူး... ဒါပေမယ့် နောက်တစ်ခါကျရင် ကိုယ်ထိလက်ရောက် မလုပ်ခင် အခြေအနေကို တွေးကြည့်ဦး"


ယွီနျန် ပြုံး၍ လက်ခံလိုက်သည်။ 


"ဟုတ်... ကျေးဇူးပါ အစ်ကိုမုန့်... နောက်တစ်ကြိမ်ကျ ကျွန်တော် သတိထားလိုက်ပါ့မယ်"


မုန့်ယွမ် အကြည့်လွှဲလိုက်သည်။


 "အဲ့ဒီလို မပြုံးစမ်းနဲ့... ကျောတွေချမ်းလာပြီ" 


သူလည်း သိချင်စိတ် ဖြစ်သွားရသည်။ 

"ငါ ကျန့်ကျောက်ရှီ အကန်ခံလိုက်ရပြီးသွားတော့ မြေပေါ်မှာ လဲနေတာ တွေ့လိုက်ရတယ်... ပြန်ထဖို့ အချိန်တော်တော် ယူလိုက်ရတာနော်... သူတကယ် နာသွားတာလား သရုပ်ဆောင်နေတာလား"


ယွီနျန်၏ မျက်နှာထက်မှ အပြုံးများ နက်ရှိုင်းလာလေသည်။ 


"တကယ်ပါ... ကျွန်တော်တို့ငယ်ငယ်တုန်းက ကျွန်တော့်မမနဲ့ သူ့မိသားစုက သူပြန်ပေးဆွဲခံရမှာကို စိတ်ပူနေခဲ့ကြတာလေ... ဒါကြောင့်မို့ သူက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ကိုယ်ခံပညာအပေါ် စိတ်ဝင်စားလာတယ်... တစ်ခါတစ်လေ... သူက ကျွန်တော့်ကိုပါ ခေါ်သွားတတ်တယ်... ကျွန်တော်က သိပ်မကျွမ်းပါဘူး... မမက အများကြီး ပိုတော်ပါသေးတယ်"


"အိုး... မင်းက မင်းကိုယ်မင်း နှိမ့်ချနေတာပဲ"


 မုန့်ယွမ်က ယွီနျန်၏ အမူအယာကို အကဲဖြတ်လိုက်ပြီးနောက် သူက ပြန်ချသည့်နေရာမှာပင် အသိစိတ်ရှိရှိ လုပ်ဆောင်တတ်မှန်း သိလိုက်ရသည်။ ၎င်းက သူ၏ တင်းအားများကို အတော်လေး ပြေလျော့စေသည်။ 


"ကြည့်ရတာ ရိုက်ကူးရေး ပြီးတာနဲ့ ကျန့်ကျောက်ရှီကို သူ့မန်နေဂျာက ဆေးရုံခေါ်ပေးသွားတယ်ထင်တယ်"


မုန့်ယွမ်၏ ဆိုလိုရင်းကို သိနေသည့် ယွီနျန်က ကောက်ကျစ်ဟန်ဖြင့် ပြုံးလိုက်လေသည်။ 


"သူ ကျန်းမာရေး စစ်ဆေးမှု လုပ်ရင်တောင် ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး... ကျွန်တော့်ကန်ချက်က တကယ်နာပေမယ့် သိသာတဲ့ ဒဏ်ရာ ဖြစ်မသွားစေဘူး... သူ ဒဏ်ရာရသွားပါတယ်လို့ ဓါတ်ပုံရိုက်ချင်ရင်တောင်လေ" 


ထိုမှသာ မုန့်ယွမ် အလုံးစုံ စိတ်အေးသွားပြီး ယွီနျန့်ကို မေးလိုက်သည်။


 "ဒီနေ့ အလုပ်ကလည်း ပြီးသွားပြီဆိုတော့ အခု ဘာလုပ်ဖို့ စီစဥ်ထားလဲ"


ယွီနျန်က ဘယ်ဘက်လက်ပေါ်မှ လက်စွပ်လေးကို ပွတ်ကာ ပြုံးလိုက်သည်။


 "ကျွန်တော့် ချစ်သူကို အလုပ်ကနေ သွားကြိုရမှာပေါ့"


ထိုအချိန်တွင် လက်ထောက်ချင်က ရုံးခန်းတံခါးကို ခေါက်ကာ ယွီနျန်နှင့် ကျန့်ကျောက်ရှီတို့၏ အချေအတင်ကိစ္စကို သတင်းပို့လိုက်သည်။ 


“ကျန့်ကျောက်ရှီလား" 


ရွှယ်ယုံ ထိုနာမည်ကို အမှတ်ရသွားသည်။ မနေ့ညက သူဝင်လာသည်နှင့် ယွီနျန် သူ့အား ကျန့်ကျောက်ရှီကို သိလားဟု မေးခဲ့သည်ပင်။ ရွှယ်ယုံက အစည်းအဝေး မှတ်တမ်းများထံမှ အကြည့်လွှဲကာ တိုတိုတုတ်တုတ် ပြောလိုက်သည်။


 "အဲ့ဒီလူကို စောင့်ကြည့်ထား"


လက်ထောက်ချင်က အမိန့်ကို လက်ခံပြီးနောက် ထွက်သွားသည်။ 


ရွှယ်ယုံမှာ ယွီနျန်တစ်ယောက် ရှင်းယောင်၏ အဆိုအကသင်တန်းများ တက်နေစဥ်က သင်တန်းသား တစ်ယောက်က သူ့အား ရန်လိုသော အမူအယာဖြင့် ရန်စခဲ့သည့်အချိန်ကို အမှတ်ရမိသွားသည်။ ဤတစ်ကြိမ်၌ ဟယ်ရှန်းအား

သူ့နောက်သို့ ဆက်လိုက်ခိုင်းထားပေးရန် ယွီနျန်နှင့် ဆွေးနွေးရမည်ပင်။ သို့မဟုတ်လျှင် နျန်နျန် ကိုယ်တိုင်ကိုယ်ကျ အခြေအနေကို ကိုင်တွယ်ရပါက ထိုအချိန်အတွင်း လက်ကလေးများ နာကျင်သွားမည်ကို သူစိုးရိမ်မိသည်။