အပိုင်း ၁၂၀
Viewers 16k

Chapter 120

 အချစ်အကြောင်းမဟုတ်




သိပ်မကြာခင် ကျန့်ကျောက်ရှီ၏ ကိုယ်ရေးအချက်အလက်များက ရွှယ်ယုံ၏ ရှေ့သို့ ရောက်လာသည်။ လက်ထောက်ချင်းက နေရာမှာပင် ရပ်နေပြီး သတင်းပို့လိုက်သည်။ 


"သတိပြုရမဲ့ အချက်နှစ်ချက် ရှိပါတယ်"


ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ "ဆက်ပြောပါ"


“ပထမဆုံးကိစ္စကတော့ မနေ့ညက အကြောင်းပါ... ဥက္ကဌရဲ့ ကားထွက်သွားပြီး မကြာခင် အခြားကားတစ်စီးနဲ့ အသေးစား ကားတိုက်မှု ဖြစ်သွားခဲ့ပါတယ်... ဥက္ကဌကို စကားလာပြောတဲ့ ကားပိုင်ရှင်က ကျန့်ကျောက်ရှီပါပဲ"


ရွှယ်ယုံ၏ မျက်နှာအမူအယာက အနည်းငယ် မဲမှောင်သွားလေသည်။


 "မတော်တဆလား... တမင်လုပ်ခဲ့တာလား"


"ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်နိုင်ဖို့က ရှစ်ဆယ် ရာခိုင်နှုန်းပါ"


ရွှယ်ယုံ အေးစက်စွာ ဆိုလိုက်သည်။

 "ဆက်ပြောပေးပါ"


“ဒုတိယအချက်ကတော့ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ကျန့်ကျောက်ရှီက သိုက်ပေါ်နဲ့ ပြောရေးဆိုခွင့်ရှိသူ အသစ် ဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ အဆက်အသွယ်ရှိခဲ့ပါတယ်... ဟာဆီကြော်ငြာ ရိုက်ကူးရေးအတွင်းမှာ မစ္စသိုက်ပေါ်က သခင်လေးယွီကို ကိုယ်တိုင်လာကြည့်ခဲ့ပါတယ်"


နားထောင်ပြီးနောက် ရွှယ်ယုံ၏ မျက်လုံးများအတွင်း အေးစက်မှုများ ဖြတ်ပြေးသွားလေသည်။ ထိုအခိုက် သူ့ဖုန်းက မက်ဆေချ့်အသိပေးချက်တစ်ခု လက်ခံရရှိခဲ့ပြီး သူဖွင့်ကြည့်လိုက်သည့်အခါ မျက်နှာအမူအယာက သဘာဝကျကျ ပျော့ပြောင်းသွားလေသည်။ လက်ထောက်ချင်က ထိုမက်ဆေချ့်မှာ သခင်လေးယွီနှင့် ဆက်စပ်နေလောက်မည်ဟု သတိပြုမိလိုက်သည်။


ထင်ထားသည့်အတိုင်း ရွှယ်ယုံ ပြောလိုက်သည်။ 


"နျန်နျန် ရောက်လာပြီ" 

ပြောပြီးနောက် ထရပ်ကာ အပြင်သို့ ထွက်လာခဲ့ပြီး ခြေလှမ်းများက ပေါ့ပါးသွက်လက်နေလေသည်။ 


မုန့်ယွမ်က ကိုယ်တိုင် ဖြေရှင်းလိမ့်မည်ဟု ပြောထားပြီး သူကလည်း အမြော်အမြင်ရှိရှိ လုပ်ဆောင်ခဲ့သည်။ ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည့်တိုင် ယွီနျန်နှင့် ကျန့်ကျောက်ရှီတို့ ဧည့်တွေ့ခန်းထဲတွင် အငြင်းအခုံ ဖြစ်ကြသည့်အကြောင်း ပေါက်ကြားလာခြင်း မရှိပေ။ 


"သီချင်းဆိုပါရစေ"၏ ဒုတိယပိုင်း ရိုက်ကူးရေး လုပ်ပြီးသွားသောအခါ ဒိုင်လူကြီး လေးယောက်တို့က စင်နောက်တွင် နေ၍ သီးခြား အင်တာဗျူးများ လုပ်ခဲ့ကြရပြီး ရိုက်ကွင်းနောက်ကွယ် ရိုက်ချက်များလည်း ရိုက်ယူကြသည်။ 


ဝေလုက ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ရင်း ရှိုး၏ တံဆိပ်ကို ကျောပေး၍ မေးခွန်းများ ဖြေပေးနေခဲ့သည်။


 "ဘယ်ပြိုင်ပွဲဝင်ကို ထုတ်ပယ်ရတာက နောင်တအရဆုံးလဲလား"


 ထိုအခိုက် ယွီနျန်နှင့် အခြားသူများက ရိုက်ကူးပြီးသား ဖြစ်၍ အနီးအနားတွင် အနားယူနေကြသည်။ 


စွန်းမုန့်ဇယ်က ရှိုးမှ ပြင်ဆင်ပေးထားသော သစ်သီးပန်းကန်မှ သစ်သီးတစ်စိတ်ကို ယူ၍ ကွေ့ဝိုက်မနေတော့ဘဲ မေးလိုက်သည်၊ 


"မင်းကျန့်ကျောက်ရှီနဲ့ ရန်ဖြစ်ခဲ့တယ်လို့ ငါ ကြားတယ်"


ယွီနျန်က ပြုံး၍ ပြန်ဖြေလိုက်သည်။ 

"သတင်းပျံ့တာ မြန်သားပဲ"


ပိုင်ယန်ကလည်း အနားကပ်လာပြီး ထိုစကားကို စိတ်ထဲမထားလိုက်ပေ။ 


"ဟုတ်တာပဲ... ဖျော်ဖြေရေးလောကက သေးသေးလေးပဲလေ... မင်းနဲ့ ကျန့်ကျောက်ရှီက နှစ်ယောက်လုံး နာမည်ကြီးတွေဆိုတော့ သတင်းတွေက တောမီးလို ပျံ့လာတာပေါ့... အရင်ရန်စတာ ကျန့်ကျောက်ရှီလို့လည်း ကြားထားသေးတယ်... မင်းက ဒေါသထွက်ပြီး ကန်ချလိုက်တာတဲ့"


သူမက မျက်လုံးမှိတ်ပြလိုက်သည်။

 "ဒါပေမယ့် အစ်မရဲ့ ကောင်မလေးတွေကတော့ ကျန့်ကျောက်ရှီရဲ့ သရုပ်ဆောင်စကေးက မကောင်းဘူးလို့ ပြောနေကြတယ်... သူက တအားနာချင်ယောင်ဆောင်ပြီး မထဘဲ ကြမ်းပြင်ပေါ်မှာ အကြာကြီး လှိမ့်နေခဲ့တာတဲ့ ..."


ယွီနျန် ပြုံးရုံသာ ပြုံးနေသည်။ 


စွန်းမုန့်ဇယ်က ဆက်ပြောသည်။ 


"ငါလည်း ဘာတွေ ဆက်ဖြစ်သွားလဲ ကြားထားတယ်... ကျန့်ကျောက်ရှီရဲ့ မန်နေဂျာက သူ့ကို ဆေးရုံလိုက်ပို့ပေးခဲ့တယ်တဲ့... ဒေါသတကြီးနဲ့ ဆရာဝန်ရုံးခန်းတံခါးကိုတောင် ကန်လိုက်သေးတယ်ဆိုပဲ... သူ့ကို ထိခိုက်မသွားဘူးလို့ ပြောလို့ ဆရာဝန်တွေကို ရမ်းကုတွေဆိုပြီး စွပ်စွဲခဲ့သေးတယ်တဲ့"


ပိုင်ယန်ကလည်း ဝင်ပြောသည်။ 

"သူက အရမ်းဒေါသထွက်နေတာ"


 သူမက လက်သည်းနီဘူးလေးကို ပြန်ချထားလိုက်သည်။


 "ပြီးတော့ ရှိသေးတယ်... တစ်နေ့တည်းမှာပဲ ကျန့်ကျောက်ရှီက သူ့မန်နေဂျာနဲ့ လက်ထောက်နဲ့ အတူတူ ဆေးရုံငါးခုကို အပြေးသွားခဲ့ပေမယ့် ရလဒ်ကတော့ နေရာတိုင်းအတူတူ ဖြစ်နေတယ် ... အားလုံးက ထိခိုက်မသွားဘူးလို့ပဲ ပြောကြတာ... သူ့မျက်နှာကြီးက ဒေါသထွက်ရလွန်းလို့ မဲပြာသွားတယ်လို့ ကြားတာပဲ" 


စွန်းမုန့်ဇယ်က လက်ခုပ်တီးကာ ရယ်မောလိုက်လေသည်။


 "ပိုင်ယန်... မင်းကို အရမ်း သီးသီးသန့်သန့်နေတတ်တယ်လို့ ထင်ထားတာ... ဘာလို့ အပြင်မှာကျ အရမ်း အတင်းပြောတတ်တဲ့သူ ဖြစ်နေရတာလဲ"


ပိုင်ယန်က နီရဲနေသော နှုတ်ခမ်းလေးများကို တွန့်လိုက်သည်။ 


"အတင်းတုပ်တာ ပျော်စရာ မကောင်းလို့လား... ကျွန်မသာ ဖျော်ဖြေရေးလောကထဲ ဝင်မလာခဲ့ရင် လူပြိန်းကြိုက် သတင်းစာတွေမှာ သတင်းထောက် ဝင်လုပ်မိမှာ... ကျွန်မရဲ့ ပုံစံကို နည်းနည်းလေး ပြောင်းထားရတာပါနော်...


မဟုတ်ရင် ကျွန်မ မန်နေဂျာက အဖက်မလုပ်တတ်တဲ့ ပုံလုပ်ထား... အမှားမလုပ်မိအောင် စကားလျှော့ပြောဆိုပြီး လိုက်ပြောနေတော့မှာ"


 သူမက ယွီနျန်ကို ကြည့်လိုက်သည်။


 "ဒါပေမယ့် မစိုးရိမ်ပါနဲ့ အစ်မတို့သိနေပေမယ့် သတင်းက ဒီလောကထဲက လူတွေပဲ ပျံ့နေတာပါ... အပြင်ကို ရောက်မသွားဘူး"


စွန်းမုန့်ဇယ် ထပ်ပြောလိုက်သည်။ 


"ထိခိုက်ထားပါတယ်ဆိုတဲ့ သက်သေလည်း မရှိဘဲ ကျန့်ကျောက်ရှီ ဘက်က မင်းကို အရင်ရန်လာစတဲ့ ကိစ္စနဲ့ဆို ဘယ်သူ့ဘက်ကမှားလဲဆိုတာ သိကြပါတယ်... သူတို့ အခု ဒေါသကို မျိုသိပ်ထားရုံပဲ တတ်နိုင်မှာ"


*****


"သီချင်းဆိုပါရစေ"၏ ဒုတိယနှင့် တတိယပိုင်းများကို တစ်ခုပြီးတစ်ခု ထုတ်လွှင့်ခဲ့ပြီး ရေပန်းစားအကြောင်းအရာများ၏ တစ်ဝက်လောက်ကို ဆက်တိုက် နေရာယူထားခဲ့သည်။ ဒိုင်လူကြီးလေးယောက်လုံးက အတော်လေး အပေးအယူမျှကြပြီး ပြိုင်ပွဲဝင်များ၏ သီဆိုဖျော်ဖြေမှုကလည်း ကျေနပ်အားရဖွယ်ဖြစ်ကာ ရှိုးကို မိုးထိမက ကျော်ကြားသွားစေခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့၏ အကျိုးသက်ရောက်မှုရှိသော ပရိုမိုးရှင်းများကြောင့်လည်း ရှိုးမှာ ဤနှစ်၏ ရေပန်းအစားဆုံး အဆိုပြိုင်ပွဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြပြီး ဒုတိယ season အတွက်ကိုပင် စီစဥ်နေကြလေပြီ။ 


“ရှေးဟောင်းလမ်းမ"က ထုတ်လွှင့်တော့မည် ဖြစ်ပြီး ယွီနျန်ကလည်း အရေးပါသော ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေဖြင့် ရသစုံရှိုးများတွင် အဖွဲ့သားများနှင့်အတူ ပရိုမိုးရှင်းဆင်းနေရသည်။ ထပ်ပေါင်းပြောရလျှင် သူ၏ သီချင်းအသစ်ကလည်း ပရိုမိုးရှင်းကာလအတွင်း ရောက်ရှိတော့မည် ဖြစ်၍ ကျပ်သပ်နေသော အလုပ်အချိန်စာရင်းနှင့်အတူ ထပ်ပြီး အလုပ်များနေရတော့သည်။


*****


နာနီကားထဲတွင် ရှစ်ရော့က ယွီနျန်အား လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် အသီးဖျော်ရည်များ ကမ်းပေးလိုက်သည်။ ယွီနျန်၏ ပင်ပန်းနေသော မျက်နှာလေးကို မြင်လိုက်ရသည့်အခါ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။ 


"နျန်နျန်... မင်း နှစ်ညဆက်တိုက် မနက်တစ်နာရီ နှစ်နာရီထိ အလုပ်လုပ်ပြီး မနက်ခုနစ်နာရီမှ ထရတာ... သိပ်တောင် မအိပ်ခဲ့ရဘူး... ကားထဲမှာ ခဏနားမလား"


ယွီနျန်က သူ့နဖူးကို ထိလိုက်သည်။ 


"ရပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အိပ်လို့ရမှာ မဟုတ်ဘူး... အာရုံကြောတွေ တင်းနေတာနဲ့" 


သူက နိုးကြားသွားစေရန်အတွက် အသီးဖျော်ရည်တစ်ငုံ သောက်လိုက်သည်။ 


"အခု အိမ်မပြန်သေးဘူး... ရွှယ်ယုံဆီ ပို့ပေးပါလား... ဒီရက်ထဲ အလုပ်များလွန်းလို့ တွေ့ဖို့အချိန်ကို မရဘူး"


နာနီကားက လမ်းကြောင်းပြောင်းလိုက်ပြီး ဦးတည်ရာနေရာသို့ ရောက်ချိန်တွင် ညသန်းခေါင်ခန့် ရှိနေလေပြီ။


ယွီနျန်က ဘေ့စ်ဘော ဦးထုပ်လေးကို ထုတ်ကာ ဆောင်းတော့မည်အပြု ရှစ်ရော့၏ မျက်နှာအေးခဲသွားသည်ကို သတိပြုမိလိုက်သည်။


 "နျန်နျန် အခု အပြင်မထွက်သေးတာ ကောင်းမယ်... မဟုတ်ရင်..."


ရှစ်ရော့က တစ်ခုခုကို မြင်သွားခြင်း ဖြစ်ကြောင်း သတိပြုမိသည့် ယွီနျန်က ခေါင်းလှည့်ကာ ကားပြတင်းပေါက်ကို ကျော်၍ ကြည့်လိုက်သည်။


ကားပါကင်မှ အလင်းရောင်များက အေးစက်ဖြူဖျော့နေပြီး ညနက်နေပြီဖြစ်၍ အနီးအနားတွင် ကားနှင့်လူ အနည်းငယ်သာ ရှိနေသဖြင့် ခြောက်ကပ်၍နေလေသည်။ အကြည့်တစ်ချက်မှာပင် ယွီနျန် တွေ့လိုက်ရသည်။ 


"အဲ့ဒီလူက... ကျန့်ကျောက်ရှီ မဟုတ်ဘူးလား"


ရှစ်ရော့က အားတင်း၍ ပြုံးလိုက်ပြီး ငြင်းဆန်ရန် ကြိုးစားလိုက်ရသည်။


 "သူမဟုတ်လောက်ပါဘူး... ဒီအချိန်ကြီး ကျန့်ကျောက်ရှီက ဒီနေရာမှာ ရှိနေပါ့မလား... သူနဲ့ ရုပ်ဆင်တဲ့လူပဲ ဖြစ်လောက်တယ်နော်"


သူမက ပြောနေရင်း ယွီနျန်၏ မျက်နှာအမူအယာကို ကြည့်ကာ စိုးရိမ်ပူပန်လာလေသည်။ ဒီနေရာက ဥက္ကဌရွှယ်ရှိနေတဲ့ နေရာလေ... ဘာလို့ ကျန့်ကျောက်ရှီက ရှိနေရတာလဲ... အထူးသဖြင့် ဒီအချိန်ကြီးလေ... ညသန်းခေါင်တောင် နီးနေပြီကို...


ယွီနျန်၏ အကြည့်များက ကားတံခါးအပြင်ဘက်မှာသာ စွဲမြဲနေပြီး ခေါင်းလေးကို ဖြည်းဖြည်းချင်း ယမ်းလိုက်သည်။ 


"မဟုတ်ဘူး... သေချာပေါက် ကျန့်ကျောက်ရှီပဲ... သူ နေကာမျက်မှန် ဝတ်ထားရင်တောင် ကျွန်တော် အမှတ်မမှားလောက်ဘူး"


ရှစ်ရော့မှာ ထပ်မပြောရဲတော့ပေ။ တစ်ခဏအကြာ ကျန့်ကျောက်ရှီ၏ကား မောင်းထွက်သွားလေသည်။ ယွီနျန် အတွေးနစ်နေသည်ကို မြင်သောအခါ ရှစ်ရော့က သတိထား၍ မေးလိုက်သည်။


 "ဒါဆိုရင် နျန်နျန် အိမ်ပြန်မှာလား... ဥက္ကဌရွှယ်ကို သွားတွေ့မှာလား"


ယွီနျန် ကားထဲမှ ထွက်လာပြီး ရှစ်ရော့ကို ပြောလိုက်သည်။ "အစ်မလည်း ဒီရက်ပိုင်း အရမ်းအလုပ်များထားရတာ... ကျွန်တော့်ကို မစောင့်နဲ့တော့နော်... ပြန်ပြီး အနားယူတော့... မနက်ဖြန်မှ တွေ့မယ်" သူ ထပ်ပေါင်း ပြောလိုက်သည်။


 "အရမ်းနောက်ကျနေပြီ... အန္တရာယ်ကင်းအောင် ဂရုစိုက်နော်"


ဓါတ်လှေကားထဲသို့ ခြေချလိုက်ပြီး လက်ဗွေနှိပ်ပြီးသွားသောအခါ ယွီနျန်က အထပ်နံပါတ်များ ပြောင်းလဲနေသည်ကို ကြည့်၍ အတွေးနစ်သွားလေသည်။ ဓါတ်လှေကား ရပ်သွားသောအခါ ရွှယ်ယုံ၏ ရုံးခန်းအဝင်ဝတွင် ရပ်လိုက်မိသည်။ ခုံတွင် ထိုင်နေသူကို ကြည့်ရင်း တံခါးကို နှစ်ကြိမ်ခေါက်၍ ပြုံးပြလိုက်သည်။ 


"ကျွန်တော် အလုပ်ပြီးသွားလို့ ခင်ဗျားကို လာကြိုတာ"


ရွှယ်ယုံမှာ ယွီနျန် ရုတ်တရက်ကြီး ရောက်လာမည်ဟု မထင်မှတ်ထားသဖြင့် မျက်လုံးများ၌ ပျော်ရွှင်မှုများ ထင်ဟပ်လာခဲ့သည်။


 "ဒီနေ့ အလုပ်တွေ အပြည့်ရှိတယ်မဟုတ်ဘူးလား"


“ခင်ဗျားကို လွမ်းလို့ ဒီကို မောင်းခိုင်းလိုက်တာ" ယွီနျန်က စိတ်အေးလက်အေး ဖြစ်ပြီး အသံကလည်း ပို၍ ပျင်းတိပျင်းရွဲ ဖြစ်လာနေသည်။ သူက ရွှယ်ယုံ၏ ခုံဘက်သို့ လျှောက်လာနေရင်း တဲ့တိုးမေးလိုက်သည်။


 "ကျွန်တော် အခုလေးတင် ကားပါကင်မှာ ကျန့်ကျောက်ရှီကို တွေ့လိုက်ရတယ်... တစ်ယောက်ယောက်နဲ့ မှားမြင်တာလားတော့ မသိဘူး"


ထို့နောက် ရွှယ်ယုံ ပြန်မေးလိုက်သံကို ကြားလိုက်ရသည်။ 


"ကျန့်ကျောက်ရှီ... အရင်တစ်ခါက မင်းနဲ့ ရန်ဖြစ်ခဲ့တဲ့ တစ်ယောက်လား"


"ဟုတ်တယ်" 

ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။


 "ကျွန်တော် အခုတလော 'သီချင်းဆိုပါရစေ' ရိုက်ကူးရေးရယ် 'ရှေးဟောင်းလမ်မ'အတွက် ပရိုမိုးရှင်းရယ် လုပ်နေရတော့ သူနဲ့ ထိပ်တိုက်မတိုးမိဘူး... ဒါကြောင့် ခုနက ကားပါကင်မှာ တွေ့လိုက်ရတော့ တော်တော်လေး အံ့သြသွားတယ်"


“အင်း... အင်း" 

ရွှယ်ယုံက ပြန်မဖြေဘဲ အချိန်ကြည့်လိုက်သည်။ 


"ဆယ့်တစ်နာရီတောင် ထိုးတော့မယ်... သွားကြစို့"


ယွီနျန်မှာ ခံစားချက်များကို စကားလုံးများအဖြစ် မပြောင်းနိုင်တော့ပေ။ မမှည့်သေးသော အသီးကို စားလိုက်ရသလို လျှာနှင့် လည်ချောင်းထဲတွင် ခါးသက်သက် ဖြစ်သွားရသည့် ခံစားချက်မျိုး ဖြစ်နေပြီး နှလုံးသားထဲမှလည်း လေအေးများ ဖြတ်ပြေးသွားသကဲ့သို့ လစ်ဟာနေခဲ့လေသည်။ 


နောက်တစ်နေ့တွင် မုန့်ယွမ်က ယွီနျန်အား ပြောဆိုနေခဲ့သည်။


 “ ‘V+’ မဂ္ဂဇင်းရဲ့ ပထမဆုံး ထုတ်ဝေမှု ထွက်လာတော့မယ်ဆိုတော့ ရောင်းအားကို ကြည့်ထားကြရအောင်... မင်းရဲ့သီချင်းသစ်အတွက် ပရိုမိုးရှင်း အစီအစဥ်တွေ အပြီးသတ်ပြီးသွားပြီ... 'သီချင်းဆိုပါရစေ' ရိုက်ကူးရေးလုပ်တဲ့အခါ ထုတ်ပြောပေးဖို့ သတိရ... ပြီးတော့ ရွှေတေးသွား ဆုပေးပွဲအတွက် ဟာဆီရဲ့ အဝတ်တွေ ပို့ပေးလာပြီ... ဒီတစ်ခေါက် သိုက်ပေါ်ရဲ့ ရှူးဖိနပ်ကိုလည်း ဝတ်ရမယ်"


 မုန့်ယွမ်က ယွီနျန်၏ အခြေအနေကို သတိပြုမိပြီး မျက်ခုံး ကျုံ့လိုက်လေသည်။ 


"နျန်နျန်"


ယွီနျန် အသိပြန်ဝင်လာသည်။ 


"ဟုတ်..."


"မင်းနားထောင်နေရဲ့လား"


"နားထောင်နေပါတယ်... အစ်ကို မဂ္ဂဇင်း ထုတ်မှာရယ်၊ သီချင်းပရိုမိုးရှင်းနဲ့ ကော်ဇောနီဝတ်စုံတွေအကြောင်း ပြောနေတာမလား" 


ယွီနျန် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြုံး၍ တောင်းပန်လိုက်သည်။ 


"ကျွန်တော် တောင်းပန်ပါတယ်"


“တောင်းပန်ဖို့ မလိုပါဘူး... စိတ်အခြေအနေ မကောင်းတဲ့ အချိန်ဆိုတာ လူတိုင်းမှာ ရှိကြတာပဲ... ပြီးတော့ ဒီနှစ်ပတ်လောက် မင်း အရမ်း အလုပ်များနေခဲ့တာ... အာရုံမစိုက်နိုင်တာလည်း သာမန်ပဲလေ"


 မုန့်ယွမ် tabletကို ပြန်ပိတ်လိုက်သည်။

 "မင်းရဲ့ အလုပ်အချိန်စာရင်းကို ညှိပေးစေချင်လား... နေ့တစ်ဝက် ဖြစ်ဖြစ် တစ်ရင်လောက်ဖြစ်ဖြစ် ခွင့်ယူပြီး ကောင်းကောင်း အနားယူလိုက်မလား"


ယွီနျန် ခေါင်းယမ်းပြလိုက်သည်။ 

"မလိုပါဘူး... နည်းနည်းလောက် အလုပ်များနေတာလည်း အဆင်ပြေပါတယ်... မဟုတ်ရင် ကျွန်တော် အတွေးတွေ လွန်နေတော့မှာ"


ထိုစကားကို ကြားသောအခါ မုန့်ယွမ် ဆက်ပြောရန် တွေဝေသွားသော်လည်း အဆုံးတွင် စကားဟလိုက်သည်။ "ဥက္ကဌရွှယ်နဲ့ ပတ်သက်နေတာလား"


ယွီနျန် စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ 


နှလုံးသားရေးရာကိစ္စရပ်များ ပါဝင်လာသောအခါ မုန့်ယွမ် သတိထား၍ မေးလိုက်သည်။


 "သူ စိတ်တွေ ပြောင်းလဲနေတယ်လို့ သံသယဝင်နေတာလား"


"မဟုတ်ပါဘူး... သူ မလုပ်ပါဘူး" 

ယွီနျန် အခိုင်အမာ ပြောလိုက်သည်။ 


"သူ့ခံစားချက်တွေက ကျွန်တော့်အတွက်ပဲဆိုတာကို ကျွန်တော် ခံစားမိတယ်... သူ ဘာလို့ ကျွန်တော့်ကို မပြောပြရတာလဲ ဆိုတာကိုပဲ တွေးမိနေလို့ပါ"


မုန့်ယွမ်က အနည်းငယ် စိတ်အေးသွားပြီးနောက် ဆက်ပြောလိုက်သည်။ 


"သူက မင်းဆီကနေ တစ်ခုခု ဖုံးကွယ်ထားလို့လား"


"ဟုတ်တယ်... သူကိစ္စတစ်ခု ဖုံးကွယ်ထားတယ်... ဒါပေမယ့် အဆင်ပြေပါတယ်... ကျွန်တော် ခန့်မှန်းနိုင်တယ်... ကျွန်တော့် ခန့်မှန်းချက်အများစုက မှန်သွားတတ်တယ်"


သူတို့ အတူမရှိခင်အချိန်ကလိုပင် ရွှယ်ယုံ အန္တရာယ် ရှိသည့် အခြေအနေတွင် ကျရောက်တော့မည်ကို ခန့်မှန်းမိပြီး ရွှယ်ယုံ၏ ရည်ရွယ်ချက်များကိုလည်း ခန့်မှန်းနိုင်ခဲ့ကာ သူ့အပေါ် ရွှယ်ယုံ၏ ခံစားချက် အစစ်အမှန်များကိုလည်း ခန့်မှန်းနိုင်ခဲ့သည်ပင်။ 


သူ ထပ်ပြီး မခန့်မှန်းချင်တော့ရင်ရော... သူထပ်ပြီး ခန့်မှန်းလို့ မရတော့ရင်ရော...


ထိုအတွေးများကို ဘေးဖယ်၍ ယွီနျန်၏ အပြုံးများက ပုံမှန်လို နူးညံ့လာခဲ့သည်။


 "ကျန့်ကျောက်ရှီ ရွှယ်ယုံကို တမင်တကာ ကပ်ဖို့ ကြိုးစားနေတာ ကျွန်တော် သိပါတယ်... ပြီးတော့ ရွှယ်ယုံက ကျန့်ကျောက်ရှီနဲ့ ဟိုလိုလိုဒီလိုလို ဆက်ဆံရေး မရှိတာကိုလည်း ကျွန်တော် သိပြီးသားပဲ... ကျွန်တော် နားမလည်တာ ရွှယ်ယုံ ကျွန်တော့်ကို ကျန့်ကျောက်ရှီနဲ့ ပတ်သက်ပြီး ဘာကိုမှ မပြောပြတာကိုပဲ"


မုန့်ယွမ် မေးကိုပွတ်လိုက်သည်။ 


"မင်း ဥက္ကဌရွှယ်ကို ကျန့်ကျောက်ရှီအကြောင်း မေးပြီးပြီလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 

"မေးပြီပြီ... သူ မေးတာကို မဖြေဘူး"


ဤအခြေအနေမျိုးတွင် မုန့်ယွမ်သည်လည်း စိုးရိမ်လာရသည်။ သူ သက်ပြင်းချလိုက်မိသည်။ 


"ဒါကြောင့်ပဲ ငါ အလုပ်လုပ်ပြီး ငွေရှာရတာကို ပိုလုပ်ချင်တာကွ... ငါ့ဘဝမှာ ဘယ်လိုဒရာမာမျိုးမှ မရှိစေရဘူး"


ယွီနျန် တီးတိုး ရယ်မောလိုက်သည်။

 "ဟုတ်ပါ့... အစ်ကိုမုန့်ပြောတာ မှန်တယ်" 


သူ့မျက်လုံးလေးများ တောက်ပလာခဲ့သည်။

 "အချစ်ရေးတစ်ခု ရှိရတာ ဒုက္ခများပေမယ့် ကျွန်တော်ကတော့... သူနဲ့ အတူရှိချင်နေတုန်းပဲ"


မုန့်ယွမ် မျက်လုံးလှိမ့်လိုက်သည်။

 "ဝေးဝေးသွားစမ်း... တစ်နေ့လုံး အချစ်တွေ ပြနေရတာ မမောဘူးလား"


"လုံးဝ မမောဘူး" 

ယွီနျန် နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ ထပ်ပေါင်းပြောလိုက်သည်။ 


"တစ်ခုခုမှားနေမှန်း သိနေပေမယ့် ဘယ်လို ဖြေရှင်းရမလဲ မသိဘူး ဖြစ်နေတယ်"


တစ်ခဏမျှ စဥ်းစားပြီးနောက် မုန့်ယွမ်တစ်ခုခုကို ရုတ်တရက် တွေးမိသွားသည်။ 


"ငါ မင်းကို ပေးစရာ အကြံ များများစားစား မရှိဘူး... ဒါပေမယ့် မင်းကို အကြံပေးနိုင်မဲ့သူတော့ ရှိတယ်"


ယွီနျန် ပဟေဠိ ဖြစ်သွားပုံပေါ်သည်။ "ဘယ်သူလဲ"


“ဥက္ကဌချူလေ... ဥက္ကဌချူက သူနဲ့ ဥက္ကဌရွှယ်က နို့ဘူး တစ်ဘူးတည်း အတူသောက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေလို့ မပြောခဲ့ဖူးဘူးလား"


 မုန့်ယွမ်က ပြန်စဥ်းစားနေပြီးနောက် ရှစ်ရော့ကို မေးလိုက်သည်။ 


"ရော့ရော့... သူနောက်ထပ် ပြောသေးတာ ဘာတဲ့..."


ရှစ်ရော့က ကူပြောပေးလိုက်သည်။


 "ဒိုင်ဘာဝတ်ကတည်းက အတူတူကစားခဲ့ကြတဲ့ သူငယ်ချင်းဆက်ဆံရေး..."


“ဟုတ်တယ်... ဟုတ်တယ်... ပြီးတော့"


 မုန့်ယွမ် ယွီနျန်ကို မေးလိုက်သည်။

 "မင်း စမ်းကြည့်လိုက်ပါလား... ဥက္ကဌရွှယ်က အဖုံးပိတ်ထားတဲ့ ပုလင်းတစ်ခုလိုပဲ စကားများများ ပြောရတာ မကြိုက်ဘူး... ဥက္ကဌချူကတော့ ပြောင်းပြန်ပဲ... အမြဲတမ်း စကားပြောဖို့ အသင့်ဖြစ်နေတာ"


ထိုအခိုက် ယွီနျန်၏ ဖုန်းမြည်လာသည်။ screenထက်မှ မက်ဆေချ့်ကို ကြည့်လိုက်ရာ အမည်မသိ ဖုန်းနံပါတ်မှ ဖြစ်နေသည်။ 


အကြောင်းအရာမှာ မီးရောင်

မှိန်မှိန်အောက်တွင် ရိုက်ထားသည့် ခပ်ဝါဝါး ဓါတ်ပုံဖြစ်နေသည်။ ပုံထဲတွင် လူနှစ်ယောက်က အတူတကွ မှီတွဲနေပြီး အကြည့်တစ်ချက်မှာပင် နမ်းနေကြသည်ဟု ထင်ရသည်။ 


မုန့်ယွမ် အမှတ်တမဲ့ ကြည့်လိုက်ပြီးနောက် ပင့်သက်ရှိုက်မိသွားသည်။


 "ဒါ... ဥက္ကဌရွှယ်နဲ့... ကျန့်ကျောက်ရှီ မဟုတ်ဘူးလား"