အပိုင်း ၁၂၁
Viewers 16k

Chapter 121

: ငါ ယွီနျန့်ကို အကုန် ပြောပြလိုက်ပြီ




ထိုအကြောင်း ကြားလိုက်သောအခါ ရှစ်ရော့က ဓါတ်ပုံကို အမြန် ကြည့်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်


 " ဒီ ဒီဓါတ်ပုံက photoshopလုပ်ထားတာပဲ ဖြစ်ရမယ်... သေချာပေါက်ပဲ"  


ကျန့်ကျောက်ရှီကို ကားပါကင်တွင် တွေ့ခဲ့ရသည်ကို ပြန်စဥ်းစားမိရင်း သူမက ယွီနျန့်မျက်နှာအခြေအနေကို အကဲခတ်၍ မည်သို့နှစ်သိမ့်ရမှန်း မသိတော့ပေ။ 


မုန့်ယွမ်က ဖုန်းကို ယူလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ဓါတ်ပုံကို သေချာစစ်ဆေးလိုက်သည်။ တစ်ဆယ်စက္ကန့်ကြာပြီးနောက် သူက ကောက်ချက်ချလာသည် 


" ဒီဓါတ်ပုံက photoshopလုပ်ထားတာ မဟုတ်ဘူး... ဒါပေမယ့် အနီးကပ်ကြည့်ရင် ထောင့်နားလေးမှာ ပုံရိပ်ယောင် အလှဓါတ်ပုံတစ်ခုကို တွေ့ရလိမ့်မယ်... ပုံနှစ်ပုံကို သေသေသပ်သပ် တစ်ထပ်တည်းကျအောင် လုပ်ထားပြီး ထောင့်နားမှာ ကလိမ်ကကျစ်ကျထားတာ...အရည်အသွေးနိမ့်တဲ့ ရုပ်ပုံကြောင့် စစချင်းကြည့်မိရင် နမ်းနေတဲ့ပုံလို့ ထင်ရတာ"  


သူ့စကားဆုံးသွားသောအခါ မျက်နှာထား တင်းမာနေသည့် ယွီနျန့်ကို ကြည့်လိုက်ရင်း အကြံတစ်ချို့ ပေးလိုက်သည် 


" နျန်နျန်...ဒီဓါတ်ပုံက တစ်ယောက်ယောက်က မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်... ပြီးတော့ မင်းကို ဥက္ကဌရွှယ်ကို နားလည်မှုလွဲသွားအောင် လုပ်နေတာ... တကယ်တမ်း ဆက်ဆံရေးတစ်ခုမှာ ကြောက်စရာအကောင်းဆုံးအရာက သံသယနဲ့ ယုံကြည်မှုမရှိတာပဲ" 


သူက ထပ်ပြောလာသည်

 " ထောင်ချောက်ထဲ ကျမသွားစေနဲ့"


ရှစ်ရော့ကလည်း မုန့်ယွမ်နည်းတူ ပြောလာသည်

 " ဟုတ်တယ်...ဇာတ်ကားတွေထဲမှာလည်း ဒီနည်းလမ်းအတိုင်း သရုပ်ဆောင်တာတွေ ရှိတယ်မဟုတ်ဘူးလား... ဇာတ်လိုက်က သူ့ချစ်သူကို ဥာဏ်နီဥာဏ်နက်များတဲ့ အရန်ဇာတ်ကောင်နဲ့ အတူတူ တွေ့လိုက်ရတဲ့အခါ အသည်းကွဲသွားပြီး လမ်းခွဲဖို့ လုပ်တော့တာလေ... ဒါပေမယ့် တကယ်တမ်းကျ အဲ့ဒါအားလုံးက ကလိမ်ကကျစ် အရန်ဇာတ်ကောင်ရဲ့ အကြံအစည်တွေ ဖြစ်နေခဲ့တာ"  


ယွီနျန်က ဖုန်းချထားလိုက်ပြီး ဓါတ်ပုံကို ပြန်မကြည့်တော့ပေ။ သူက ကုလားထိုင်တွင် မှီလိုက်ရင်း လက်ချောင်းပေါ်က လက်စွပ်လေးကို ပွတ်သတ်လိုက်ပြီး ပြောလာသည်


 " ကျွန်တော်က ရွှယ်ယုံ့ကို သံသယမဖြစ်ပါဘူး... သူ့ကို ယုံတယ်... ကျွန်တော့်ကို ဖုန်းကွယ်ထားလို့သာ ဒေါသထွက်ရုံပါ"


ထိုအချိန် မုန့်ယွမ်၏ ဖုန်းက မြည်လာသည်။ သူက ပြန်ဖြေလိုက်သည်


 " ဥက္ကဌချူလား"


တစ်ဖက်က ဘာပြောလိုက်သည် မသိရပဲ မုန့်ယွမ်က ပြန်ဖြေလာသည် 


" သူက အခု အလုပ်မများပါဘူး" 


ထို့နောက် သူက ယွီနျန့်ဆီ ဖုန်းပေးလာရင်း တိုးတိုးကပ်ပြောလာသည် "


 နျန်နျန်...ဥက္ကဌချူက မင်းကို ရှာနေတာ"


ချူရှောင်းရန်လား...။


 ယွီနျန်က ဖုန်းယူလိုက်ရင်း ပြောလိုက်သည် 


" ဟယ်လို...ယွီနျန်ပါ"


ချူရှောင်းရန်၏ အသံက တွန့်ဆုတ်တွန့်ဆုတ်နှင့် ထွက်လာသည် 

" အမ်... ငါ့မှာ အားခဲထားတာ... မင်းနဲ့ လူကိုယ်တိုင် တွေ့ဖို့ လိုတယ် ထင်လို့လေ"  


သူတို့က အပြင်တွင် တွေ့ရန် မချိန်းတော့ပဲ ယွီနျန်က မုန့်ယွမ်နှင့်အတူ ရှင်းယောင်အင်တာတိမ်းမန့်သို့ တိုက်ရိုက်သွားလိုက်သည်။ ရောက်သွားသည်နှင့် ရှင်းယောင်အဆောက်အဦး၏ ၅၁ထပ်မြောက်သို့ ဓါတ်လှေကား စီးသွားလိုက်သည်။ 


ရုံးခန်းတံခါးကို ခေါက်လိုက်ပြီး ယွီနျန်က လမ်းလျှောက်ရင်း ဝင်လာခဲ့သည်။ အပြာရောင် ဆိုဖာပေါ် ထိုင်နေသည့် ချူရှောင်းရန်က ယွီနျန် ဝင်လာသည်ကို တွေ့သည်နှင့် အလျင်အမြန် ထရပ်လာသည်။ သူက ရုတ်တရက် ဆိုဖာပေါ် ပြန့်ကျဲနေသည့် ကာတွန်းစာအုပ်များ၊ ဂိမ်းစက်နှင့် နားကြပ်တို့ကို အမှတ်ရသွား၍ အမြန် ကုန်းပြီး ရှင်းလိုက်ရသည်။ 


အခင်းတစ်စုံ ယူလိုက်ပြီး အရှုပ်ထုပ်များကို ဖုံးလိုက်ပြီးနောက် ချူရှောင်းရန်က ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရင်း အပြုံးလေးနှင့် ယွီနျန့်ကို နှုတ်ဆက်လာသည်


 "ဟေး..."


ယွီနျန်က ပြန်လည်ပြုံးပြလိုက်သည်

 " မတွေ့ရတာကြာပြီ" သူက ချူရှောင်းရန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။


“ကြာပြီပေါ့...ငါ့အစ်ကိုက ပတ်ပြီး ဆွဲခေါ်နေမှတော့ ဒီနေရာကိုလည်း မရောက်ဖြစ်တော့ဘူး...ကြည့်လေ"


 ချူရှောင်းရန်က သူ့ခေါင်းထိပ်ကို ညွှန်ပြလာရင်း " တွေ့လား...ငါ့ဆံပင်တွေ ဖြူနေပြီမို့လား...ဆံသားတွေလည်း ကြမ်းနေလောက်ပြီ"


ယွီနျန်က မရယ်မိအောင် ကြိုးစားလိုက်ရင်း ပြောလာသည်

 " အခုလေးတင် ဆေးဆိုးထားတာ မဟုတ်ဘူးလား"


“သိသာနေလား...ငါ့အစ်ကိုကို အရူးလုပ်ဖို့ စီစဥ်ထားတာ..."


 ချူရှောင်းရန်က တစ်ခုခုကို တွေးမိဟန် ဆိုဖာပေါ် မတ်မတ်ထိုင်လိုက်ပြီး ယွီနျန့်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း လည်ချောင်းရှင်းလာသည်


 " စကားမစပ် ရွှယ်ရှောင်ယုံက ပြောတယ် မင်းက ကော်ဖီ မကြိုက်ပဲ လက်ဖက်ရည် ဒါမှမဟုတ် သစ်သီးဖျော်ရည်တွေ ပိုကြိုက်တာဆို ဒါကြောင့် ငါ့အတွင်းရေးမှူးကို လက်ဖက်ရည်ဖျော်ခိုင်းထားတာ"


ယွီနျန်က လက်ဖက်ရည်ခွက်ကို ယူလိုက်ရင်း တစ်ငုံသောက်လိုက်သည် 


"ကျေးဇူးတင်ပါတယ်"


“ရပါတယ်"

 ချူရှောင်းရန်က သာမန်မျှ ပြောလိုက်သည်


 " ပြောရမယ်ဆို အရင်တုန်းက ရွှယ်ရှောင်ယုံနဲ့ စကားပြောတုန်းက သူက အခွန်းတိုင်းလိုလို မင်းအကြောင်း ထည့်ထည့်ပြောတတ်တာ...မင်းရဲ့ လက်ရေးလှက ဘယ်လောက်ကောင်းကြောင်း... မင်း ချက်ပြုတ်ပေးတာတွေက ဘယ်လောက် အရသာရှိကြောင်း ပြီးတော့ မင်းရဲ့ စွပ်ပြုတ်အရသာက အရမ်း အံ့သြဖို့ကောင်းတယ် ဆိုတဲ့ အကြောင်းတွေ... စက္ကန့်တိုင်း သူ ချစ်ခင်ရတဲ့အကြောင်း ပြပြတတ်တာ..."


ယွီနျန်က တိတ်တိတ်လေး နားထောင်နေသည်ကို တွေ့ရ၍ ချူရှောင်းရန်က စကားရပ်လိုက်သည် 


" ဒါမှမဟုတ် ငါ ဝေ့လည်ကြောင်ပတ် လုပ်မနေပဲ လိုရင်းကို သွားတာ ကောင်းမယ် ထင်တယ်" သူက မဝံ့မရဲ မေးလာသည် " ယွီနျန်... ငါ မင်းကို ရှာရတဲ့ အကြောင်းပြချက်ကို သိလား" 


ယွီနျန်က ပြန်ဖြေလာသည် 

"ဥက္ကဌချူက ကျန့်ကျောက်ရှီအကြောင်း ပြောချင်တာ မို့လား"


“ဥက္ကဌချူလို့ ခေါ်စရာ မလိုပါဘူး...သူစိမ်းဆန်တယ်လေ" 

ချူရှောင်းရန်က လက်ယမ်းပြရင်း ယွီနျန် ပြောလိုက်သည့် စကား၏ ဒုတိယတစ်ဝက်ကို နားလည်သွားသည် 


" မင်းက ဒီအကြောင်း တကယ်ကြီး သိထားတာလား"


စိတ်လှုပ်ရှားလာ၍ ချူရှောင်းရန်က ကော်ဖီခွက် ကျကွဲမတတ် ဖြစ်သွားသော်လည်း အမြန် ထိန်းထားလိုက်နိုင်သည်


 " ငါ သိပြီ...ရွှယ်ရှောင်ယုံက တစ်ခုခုကို ဖုံးကွယ်ထားတော့ သေချာပေါက် ပြဿနာတွေ ဖြစ်လာတော့တာပေါ့" 


လက်ဖက်ရည်ခွက် ကိုင်ထားသည့် ယွီနျန့်လက်က တုံ့ဆိုင်းသွားရင်း မေးလာသည်


 " သူက ကျွန်တော့်ကို ဘာတွေ ဖုံးကွယ်ထားတာလဲ"


“ကျန့်ကျောက်ရှီ အကြောင်းပေါ့" 

ချူရှောင်းရန်က ပြန်ထိုင်ချလိုက်ရင်း ပြောလာသည်


 " နောက်ပိုင်း ကျန့်ကျောက်ရှီမှာ ခက်ခဲတဲ့ အချိန်တွေ ရှိလာတာကို သတိထားမိလား"


ထိုမေးခွန်းကို မေးလာသောအခါ ယွီနျန်က ခေါင်းခါပြလိုက်သည် 


" ကျွန်တော်က အခုနောက်ပိုင်း အလုပ်များနေတာ ဆိုတော့ သူ့အခြေအနေကို သိပ်အာရုံမစိုက်မိဘူး...အစ်ကိုမုန့်က တစ်ခုခုပဲလို့ ပြောတာတော့ ကြားလိုက်တယ်... ဒါပေမယ့် သူ့မှာ ဘာတွေဖြစ်နေလို့လဲ"


"တစ်ခုခုပဲ မဟုတ်ဘူး...တော်တော်လေးကို ဆိုးတယ်" ချူရှောင်းရန်က လက်ယမ်းပြလာသည် 


" ကျန့်ကျောက်ရှီက အကြပ်အတည်းကာလကို ရောက်နေတာ... သူက သရုပ်ဆောင် နှစ်နေရာနဲ့ ကြော်ငြာ သုံးခု ဆုံးရှုံးလိုက်ရတယ်...သူ့ရဲ့ တစ်ကိုယ်တည်းသမားဆိုတဲ့ ထောက်ခံချက်လည်း ပိတ်သိမ်းလိုက်ပြီးပြီ... ပြီးတော့ သူ့ရဲ့ လူပေါင်းစုံနဲ့ လိင်ဆက်ဆံတဲ့ ကိစ္စကလည်း လူသိရှင်ကြားဖြစ်သွားပြီလေ... မကြာသေးခင်က သူက လူသိပ်မသိတဲ့ ဆယ်လီသုံးယောက်နဲ့ တစ်ပြိုင်တည်း တွဲနေတော့ သူ့ရဲ့ သီးသန့်ဘဝလည်း လုံးဝ ကစဥ့်ကလျားဖြစ်သွားရပြီ... သူက အစကတော့ မိန်းကလေးဖန်တွေ များတဲ့ နာမည်ကြီး အိုင်ဒေါတစ်ယောက်ပုံစံအတိုင်း သွားပေမယ့် အခုတော့ သူ့ပုံရိပ်က လုံးဝ စုန်းစုန်းမြုပ်သွားပြီ...ဖန်တွေ အများကြီး ဆုံးရှုံးသွားရတာရယ် သတင်းတွေလည်း ဖော်ထုတ်ခံရတော့ သူ့ အောင်မြင်မှုလမ်းကြောင်းကတော့ လုံးဝ သွားပြီပေါ့" 


ယွီနျန်က ချူရှောင်းရန် ပြောချင်သည်ကို သဘောပေါက်လိုက်သည်


 " အဲ့ဒါ ရွှယ်ယုံ လုပ်တာလား"


ချူရှောင်းရန်က ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ပြလာသည် " ဟုတ်တယ် ...ရွှယ်ယုံပဲ"


စက္ကန့်အနည်းငယ်ကြာ စဥ်းစားပြီးနောက် ယွီနျန်က ထပ်မေးလာသည်


 " ရွှယ်ယုံက ဘယ်အချိန်က လုပ်လိုက်တာလဲ"


"မင်းနဲ့ ကျန့်ကျောက်ရှီတို့ နားတဲ့နေရာမှာ အငြင်းပွားတုန်းကလေ... ရွှယ်ရှောင်ယုံက မင်းက တစ်ယောက်ယောက်ကို ရိုက်ရတဲ့ထိ ဒေါသထွက်ခဲ့မှန်း သိသွားတော့ ကျန့်ကျောက်ရှီကို လူလွှတ်ပြီး စုံစမ်းထားခိုင်းခဲ့တာ... စုံစမ်းလိုက်တော့ မူမမှန်တဲ့ ကိစ္စလေးတွေ ထွက်လာတယ်လေ"  


ယွီနျန်က မမေးလိုက်ရခင် ချူရှောင်းရန်က ဆက်ပြောလာသည် 


" စရမယ်ဆိုရင်တော့ ကျန့်ကျောက်ရှီက ရွှယ်ရှောင်ယုံရဲ့ ကားကို တမင်သက်သက် ဝင်ဆောင့်ခဲ့တာ" 


ယွီနျန့် စိတ်ထဲ အမြန် ဆက်စပ်ကြည့်လိုက်ရာ အဖြေထွက်လာသည်


 " ရွှယ်ယုံ့မွေးနေ့မှာ မို့လား" သူက ထိုနေ့က ဖြစ်ရပ်ကို သတိရသွားသည်။ သူက ရွှယ်ယုံ့ကို မက်ဆေ့ချ်ပို့ပြီး ပြန်လာမည့်အချိန်ကို မေးထားသော်လည်း ရွှယ်ယုံ့ပြန်စာက ပုံမှန်ထက် ပိုနှေးနေသည်။


ထိုအကြောင်း တွေးရင်း ယွီနျန်က ထိုနေ့က ရရှိခဲ့သည့် ဓါတ်ပုံကို ထုတ်လိုက်ပြီး ချူရှောင်းရန်ကို ပြလိုက်သည်။


“ဘုရားရေ...သူတို့က ဒါကို ဓါတ်ပုံတွေနဲ့ လုပ်ထားတယ်ပေါ့...ဒီလို ဓါတ်ပုံတွေ ရှိနေတာလား" 


ချူရှောင်းရန်က အရေးတကြီး ပြောလာသည်


 " ယွီနျန်...ဒီဓါတ်ပုံတွေကြောင့် အရူးလုပ်မခံရစေနဲ့... အဲ့ဒီအချိန်တုန်းက ရွှယ်ရှောင်ယုံက အလုပ်ပြီးတာနဲ့ ချက်ချင်းလာတွေ့ဖို့ စီစဉ်ထားတာ... ဒါပေမယ့် ကားက ထွက်ပြီးတာနဲ့ အတိုက်ခံလိုက်ရတယ်လေ... သူက မင်းကို တွေ့ချင်ဇောနဲ့မို့ တခြားကား ပို့ခိုင်းလိုက်တယ်... ရွှယ်ရှောင်ယုံက ကားထဲက ထွက်လာတဲ့အချိန် တစ်ဖက်က ကားပိုင်ရှင်ကလည်း ဆင်းလာပြီး လျော်ကြေးပေးပါ့မယ်လို့ အထပ်ထပ် တောင်းပန်လာတယ်... ရွှယ်ရှောင်ယုံက ဂရုမစိုက်ပဲ သူ့သက်တော်စောင့်တွေကို ဖြေရှင်းခိုင်းလိုက်တယ်... ကားအသစ်ရောက်လာတော့ သူက မောင်းပြီး ထွက်သွားတော့တာပဲ... ငါတော့ ဒီဓါတ်ပုံက အဲ့ဒီအချိန်တုန်းက ရိုက်ထားတာ ဖြစ်မယ်လို့ ထင်တယ်"


ယွီနျန်က ခေါင်းညိမ့်ပြလာသည် 

" ဒါဆို ကျန့်ကျောက်ရှီဘက်က တမင်သက်သက် ကားကို ဝင်ဆောင့်မှန်း သိသွားတော့ ဘာဖြစ်သွားသေးလဲ"


“အဲ့ဒီကိစ္စပြီးတော့ အရာရာတိုင်းက နားလည်ရခက်လာတယ်... ကျန့်ကျောက်ရှီက မင်းဆီကနေ အကန်ခံရပေမယ့် ထိခိုက်ဒဏ်ရာက ရှာလို့မတွေ့ဘူး ဖြစ်နေတယ်လေ... ကြည့်ရတာ သူက မျက်နှာပန်းရှုံးသွားတယ်လို့ ခံစားရလို့ မင်းကို အခဲမကြေဖြစ်သွားတာ... နောက်ပိုင်းမှာ တစ်ယောက်ယောက်က သူ့ဆီ ချဥ်းကပ်လာပြီး မင်းကို ပြန်ပေးဆပ်ခိုင်းစေချင်လားလို့ မေးခဲ့တယ်... ကျန့်ကျောက်ရှီက ငတုံးမှ မဟုတ်တာ... ရွှယ်ရှောင်ယုံက မင်းနောက်မှာ ရှိနေမှန်း သိလို့ မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဓါတ်ပုံနှစ်ပုံ ရိုက်ဖို့ စဥ်းစားခဲ့တယ်... သူက ဖျော်ဖြေရေးနယ်ပယ်ထဲမှာ တော်တော်ကြီးကို ကလိမ်ကကျစ်ကျရဲနေတယ်...ပြီးတော့လည်း အကြံအစည်တွေနဲ့ ကစားနေတာ...ဒါပေမယ့် တစ်ခုက သူ့မှာ သတ္တိမရှိဘူး"   


ယွီနျန်က အလေးအနက် နားထောင်နေသည်။


ချူရှောင်းရန်က ဆက်ပြောလာသည်

 " ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ချဥ်းကပ်လာတဲ့သူက ပြောခဲ့တယ်...သူ့ဘက်က တစ်ခုပဲ လုပ်ပေးဖို့ လိုတယ်...ကျန်တဲ့ကိစ္စ သူနဲ့ ဘာမှ ပတ်သက်မှာ မဟုတ်ဘူး ဆိုပြီး ပြောခဲ့တာ"


“သူက ဘာလုပ်ပေးဖို့ လိုတာလဲ"


"မင်းတို့တွေ ယဥ်ကျေးမှုလစဥ်ပွဲအတွက် အတူတူဖျော်ဖြေရသေးတယ် မို့လား... စင်ပေါ်မှာ သီချင်းဆိုရတာလေ... အဲ့ဒီလူက ကျန့်ကျောက်ရှီကို ပွဲပြီးတာနဲ့ မင်းကို တစ်နေရာ ခေါ်ခဲ့ဖို့ ပြောခဲ့တာ... ပြီးတော့ ကျန်တာ အဲ့ဒီလူရဲ့အပိုင်း သူလုပ်လိမ့်မယ်...ကျန့်ကျောက်ရှီနဲ့ မဆိုင်တော့ဘူး ပြောလို့ ကျန့်ကျောက်ရှီကလည်း သဘောတူခဲ့တာ" 


ချူရှောင်းရန်က လည်ချောင်း စိုစွတ်ရန် ရေတစ်ငုံသောက်ပြီး ပြောလာသည်


 " ရလဒ်အနေနဲ့ ရွှယ်ရှောင်ယုံက ကျန့်ကျောက်ရှီက တင်းကျောက်ရှန်ရဲ့ ထွက်သွားတဲ့ လက်အောက်ငယ်သား တစ်ယောက်နဲ့ ဆက်သွယ်နေတာ အချိန်တော်တော်ကြာပြီ ဆိုတာကို သိသွားခဲ့တယ်" 


ယွီနျန့်နောက်ကျောက အလိုလို ဆန့်တက်သွားလေသည် " တင်းကျောက်ရှန်လား"


"ဟုတ်တယ်...အဲ့ဒီ မြေခွေးအိုကြီး တင်းကျောက်ရှန်ပဲ"


 ချူရှောင်းရန်၏ မျက်နှာသည်လည်း မည်းမှောင်သွားကာ တင်းကျောက်ရှန်အကြောင်း ပြောလိုက်ချိန် အံတင်းတင်းကြိတ်ထားလေသည်။ ထိန်းထားရသည့် လေသံနှင့် သူက ဆက်ပြောလာသည်


 " အဲ့ဒီလူက ကျန့်ကျောက်ရှီကို သုံးပြီး မင်းကို ပြန်ပေးဆွဲချင်နေတာ ပြီးတော့ ရွှယ်ရှောင်ယုံကို ခြိမ်းခြောက်မလို့လေ"  


ယွီနျန်က စကားဝိုင်းထဲ ဝင်ပါလာသည်


 " ဒါပေမယ့် ရွှယ်ယုံက ကျန့်ကျောက်ရှီကို စုံစမ်းနေတာ ဆိုတော့ ပြောရရင် ဒီကိစ္စကို သိလောက်မှာပါ"


ချူရှောင်းရန်က ခေါင်းညိမ့်ပြလာသည်


 " အတိအကျပဲ... သူက ပူးပေါင်းကြံစည်နေတာကို မတော်တဆ သိလိုက်ရတယ်...အဲ့ဒါနဲ့ သူတို့က အဆက်အသွယ်တွေနဲ့ လိုက်ရှာရင်း မင်းကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတဲ့သူကို တွေ့ခဲ့ကြတယ်... ရွှယ်ရှောင်ယုံက သူကိုယ်တိုင် ဖြေရှင်းခဲ့တာ ဆိုပေမယ့် သူ ဘယ်လို ဖြေရှင်းလိုက်မှန်းတော့ ငါ မသိဘူး... ဒါပေမယ့် ကျန့်ကျောက်ရှီဘက်က ဘာဖြစ်သွားလည်း ဆိုတာတော့ ငါ သိတယ်" 


ချူရှောင်းရန် ပါးစပ်က ခြောက်သွေ့လာ၍ ရေတစ်ငုံနှစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလာသည် 


" ကျန့်ကျောက်ရှီက ပူးပေါင်းကြံစည်မှုကို နားမလည်ခဲ့ပေမယ့် မင်းကို အန္တရာယ်တွင်းထဲ ရောက်စေတဲ့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေခဲ့တယ် ...ဒါကြောင့် ရွှယ်ရှောင်ယုံက တစ်ခုခု လုပ်ခဲ့တယ်... ကျန့်ကျောက်ရှီက တစ်ခုခု မှားနေမှန်း သတိထားမိသွားတယ်လေ...သူ့အပေါ် ကုမ္ပဏီဘက်က သဘောထားက မသေချာမရေရာနဲ့ သူ့နေရာကို တစ်ခြားသူတွေ ယူဖို့ အားပေးနေကြတာကိုပေါ့... သူက အဲ့ဒီအချိန်တုန်းက အရမ်း တုန်လှုပ်သွားပြီးတော့ ရွှယ်ရှောင်ယုံကို သူ့အတွက် လမ်းဖယ်ပေးစေချင်ခဲ့တာ...ရွှယ်ရှောင်ယုံက သူ့ကို မတွေ့တာနဲ့ ကျန့်ကျောက်ရှီရဲ့ အေးဂျင့်က ငါ့ကိုတောင် လာတွေ့ပြီး သနားညှာတာပေးပါလို့ ပြောခဲ့တာ... ကျန့်ကျောက်ရှီက သူ့ထက် ပိုသာတဲ့ မင်းနဲ့ ရင်မဆိုင်နိုင်ဘူး...ဒါပေမယ့် သိုက်ပေါ်ကြော်ငြာကို ရဖို့အတွက် မင်းနဲ့ ပြိုင်နေရတာကြောင့် မင်းကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားစေချင်ခဲ့ရုံပါပဲ လို့ ပြောခဲ့တာ" 


ယွီနျန်က ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွား၍ မေးလာသည်


 " ကျန့်ကျောက်ရှီက မနေ့က ရွှယ်ယုံ့ကို ပြန်သွားတွေ့သေးသလားလို့"


ချူရှောင်းရန်က စိတ်ပျက်အံ့အားသင့်သွားပြီး ခေါင်းခါပြလာသည် 


" အဲ့ဒါတော့ မသိဘူး...ဒါပေမယ့် ဖြစ်နိုင်ချေ တစ်ခုတော့ ရှိတယ်...ရွှယ်ယုံက သေချာပေါက် သူ့ကို တွေ့မှာမဟုတ်ဘူး"


ယွီနျန်က စကားတစ်ခွန်းမဆိုပဲ ခေါင်းညိမ့်ပြလာသည်။ သူ့ဆံပင်ကို လိမ်လိုက်ရင်း ချူရှောင်းရန်က စိတ်ပူပန်သလို ကြည့်လာသည်


 " ရိုးရိုးသားသား ပြောရရင် မင်းကို ပြောချင်တာက ငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ...ရွှယ်ယုံ မသိဘူး" 


“အင်း" 

ယွီနျန်က ပြန်ဖြေလိုက်ပြီး " သူက ကျွန်တော့်ကို ဖုံးကွယ်ထားချင်တာ"


"အတိအကျပဲ...သူက မင်းကို ဖုံးကွယ်ထားချင်ပေမယ့် ငါထင်တာတော့ သူသာ မင်းအပေါ် ဖုံးကွယ်ထားရင် ပြဿနာတွေ ဖြစ်လာလိမ့်မယ်"


 ချူရှောင်းရန်က ဆိုလိုက်ရင်း " အခုလိုမျိုးပေါ့ မင်း စိတ်အခြေအနေမကောင်းဘူးလို့ ငါပြောနိုင်တယ်"


"ကျေးဇူးတင်ပါတယ်" 

ယွီနျန်က ပြုံးပြလိုက်သော်လည်း သူ့အပြုံးက သူ့မျက်လုံးထိ ရောက်မသွားပေ။ 


" ကျွန်တော် သူ့ကို ကျန့်ကျောက်ရှီအကြောင်း မေးကြည့်သေးပေမယ့် သူက မဖြေပဲ ရှောင်နေတာ... သူက ကျွန်တော့်ကို ကျန့်ကျောက်ရှီကြောင့် ဖုံးကွယ်ထားချင်တာ မဟုတ်ပဲ တင်းကျောက်ရှန်ရဲ့ နောက်လိုက်တွေနဲ့ ပတ်သတ်နေလို့ မို့လား"


"ဟုတ်တယ်...အမှန်ပဲ"


 ချူရှေ

ာင်းရန်က ယွီနျန့်ကို အဖြေထုတ်နိုင်သည့်အတွက် အထင်ကြီးသွားရသည်။ သို့သော်လည်း သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ယွီနျန်က မည်သည့်ခံစားချက်မှ ပြမလာ၍ သူတို့ ညီအစ်ကိုဆက်ဆံရေး မပျက်သွားလောက်ဟု အာရုံခံမိသည်။