အပိုင်း ၁၂၂
Viewers 16k

Chapter 122

ရွှယ်ရှောင်ယုံ...မင်းရဲ့ နျန်နျန်က သွားပြီကွ



သူက တံတွေးမြိုလိုက်ရင်း ဂရုတစိုက်နှင့် စကားလုံးရွေးချယ်လိုက်ပြီး " ရွှယ်ယုံက သူများတွေနဲ့ မတူဘူး...သူက ရွှယ်မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီးတော့ သူ့အဖေနဲ့ အစ်ကိုကလည်း သူ့ကို ကောင်းကောင်းဆက်ဆံတယ်... သူ ငယ်ငယ်လေးတုန်းက ပိုပြီးတော့တောင် သတ္တိရှိသေးတယ်...သန်းချီတန်တဲ့ တန်ဖိုးကြီး ရှေးဟောင်းပန်းအိုးတစ်ခုကို မတော်တဆခွဲမိလို့ သူ့ကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်တာတောင် သူက ဝန်ခံခဲ့တယ်..."


"သူ အရွယ်ရောက်လာတော့ မိသားစုစီးပွားရေးမှာ မပါဝင်ပဲ သူ့ဘဝကို စန္ဒယားတီးရင်းနဲ့ပဲ ဖြတ်သန်းချင်ခဲ့တယ်... သူက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တော့ သူ့မိသားစုကလည်း ထောက်ပံ့ပေးတယ်လေ... အဲ့ဒါကြောင့် အဲ့ဒီအချိန်တုန်းက ရွှယ်ယုံက သူ့ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖော်ပြတယ်... သူ့စိတ်ထဲရှိတာ ပြောတယ်...ပြီးတော့ သူလုပ်ချင်တာကိုပဲ လုပ်တယ်... သူ့မှာ မိသားစုအထောက်အပံ့နဲ့ နောက်ခံရှိတာကိုး..."


ယွီနျမ်က ခေါင်းညိမ့်ပြလာသည် 

" ကျွန်တော် နားလည်ပါတယ်"


"တကယ်လား...ဟားဟား...ဒါဖြင့် ငါ့ရဲ့ ပြောဆိုဆက်ဆံတတ်တဲ့ အရည်အချင်းက ငါ့အစ်ကို ပြောသလောက်လည်း မဆိုးတဲ့ပုံပဲ..." 


ချူရှောင်းရန်က စိတ်အေးသွားဟန် သက်ပြင်းချလိုက်ရင်း စကားဆက်သည်


 " အဲ့ဒီနောက်ပိုင်းမှာ သူ့မိသားစုက မတော်တဆ ဖြစ်သွားခဲ့တယ်... အဲ့ဒီကတည်းက ရွှယ်ယုံက အရင်လိုပုံစံမျိုး မဖြစ်နိုင်တော့ဘူး... 

စစချင်းမှာ သူက ပြောင်းလဲသွားပြီး ဝေးကွာသွားသလို ခံစားရလို့ ငါနားမလည်ခဲ့ဘူး... နောက်တော့ ငါ့အစ်ကိုက သဘောပေါက်အောင် နှိုင်းယှဥ်ပြောခဲ့တယ်... ငါ့အစ်ကို ပြောခဲ့တာက သူ့ဖိနပ်ပေါ်ကို တက်ကြည့်လိုက်ပါလားတဲ့...အဲ့ဒါမှ ငါလည်း သူက အရင်တိုင်း မဟုတ်နိုင်တော့မှန်း နားလည်သွားခဲ့တယ်... သူက ရွှယ်မိသားစုရဲ့ အရေးပါတဲ့သူတစ်ယောက် ဖြစ်လာပြီ... ပြီးတော့ စိတ်ခံစားချက်အပိုင်းမှာလည်း ပုံမှန်အတိုင်း သူ့ကိုယ်သူ နေလို့မဖြစ်တော့ဘူးလေ မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေကြတာဆိုတော့လေ...  

ပြီးတော့ သူ ပြောချင်တာလည်း ပြောလို့မရတော့ဘူးလေ သူ အသိအမှတ်ပြုထားတဲ့ တချို့ လက်အောက်ခံ လူတွေကို တင်းကျောက်ရှန်က နောက်တစ်နေ့မှာ ဆင်ခြေသုံးပြီး ထုတ်ပစ်လို့ရနေလို့လေ... သူ အိမ်ရောက်တဲ့အချိန်မှာလည်း သူ့အမေပဲ ကျန်တော့လို့ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်မပြောနိုင်ခဲ့ဘူး... သူက မြိုသိပ်ထားရပြီး သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းရတာ"


ချူရှောင်းရန်က သူ့ခွက်ထဲသို့ ရေနွေးထပ်ထည့်လိုက်ရင်း ယွီနျန့်ခွက်ထဲသို့လည်း ထည့်ပေးလိုက်သည်။


ယွီနျန်က လက်ဖက်ရည် တစ်ငုံသောက်လိုက်ရင်း လျှာပေါ်တွင် ခါးသက်သက်အရသာကို ခံစားလိုက်ရသည်။


"ဒါကြောင့် ရွှယ်ယုံက စကားနည်းသွားပြီး သူ့နှလုံးသားကလည်း တင်းတင်းကျပ်ကျပ် ပိတ်ခံထားရတဲ့ အခွံတစ်ခုလို ဖြစ်လာတယ်... သူ ဘာတွေးနေတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး" 


ချူရှောင်းရန်က ဆက်ပြောလာသည် 

" သူက မင်းအလုပ်လုပ်နေတဲ့အချိန်ဆို ဘယ်တော့မှ မဆက်သွယ်ဖူးတာကို သတိထားမိလား"


ထိုစကားကြားသောအခါ ယွီနျန်က ယင်းက မှန်နေမှန်း စဥ်းစားမိသည်။


ချူရှောင်းရန်က ထိန်းမထားတော့ပဲ သူ့ညီအစ်ကို၏ လျှို့ဝှက်ချက်ကို ပြောပြလာသည် 


" သူက မင်းရဲ့ အလုပ်ခွင်ကို လာပြီး မင်းနဲ့ အကြိမ်ပေါင်းများစွာ တွေ့ချင်ပေမယ့် မင်းကို နှောင့်ယှက်မိမှာ စိုးလို့တဲ့လေ... ဒါကြောင့် သူက အမြဲတမ်း သူ့ရုံးခန်းမှာပဲ နေတာ..."


" သူက မင်းဆီ မက်ဆေ့ချ်ပို့တဲ့အခါမှာလည်း များများစားစား မပို့တာ သတိထားမိလား" 


ယွီနျန်က ထပ်ပြီး ခေါင်းညိမ့်ပြလာသည်

 " ကျွန်တော့်ဘက်ကပဲ အမြဲတမ်း စပြောရတာ...ပြီးမှ သူက ပြန်စာပို့ပြီး စကားပြောလာတာ"


ချူရှောင်းရန်က သူ့ပေါင်ကို ရိုက်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလာသည်


 " အဲ့ဒါ အမှန်ပဲ... ငါ ပြောဦးမယ်... မင်း ရွှယ်ယုံ့အိမ်ကို အလည်သွားရင်လေ သူ့အိပ်ခန်းဘေးက အခန်းကို သွားစစ်ကြည့်လိုက်...မင်းအတွက် ချုပ်ပေးထားတဲ့ အဝတ်တွေ အပြည့်ထည့်ထားတဲ့ အဝတ်ဗီရိုကြီး တစ်ခု ရှိလိမ့်မယ်... ဒါပေမယ့် သူက မင်း မကြိုက်မှာ စိုးလို့တဲ့...ဒါကြောင့် မင်းကို မပေးရသေးတာ... ပြီးတော့ မင်း ကြိုက်တတ်တာလေးတိုင်း စုထားတဲ့ အဆင်တန်ဆာဗူးလေးတစ်ခုလည်း ရှိတယ်... ပြီးတော့ စုတ်တံတွေရယ် မင်တုံးတွေနဲ့ ရွှမ်းစက္ကူလို ပစ္စည်းလေးတွေလည်း ရှိတယ်" 


ယွီနျန့် လက်ချောင်းများက ဖြေးဖြေးချင်း တင်းကျပ်သွားပြီး နူးနူးညံ့ညံ့လေသံနှင့် မေးလာသည် 


" သူက ကျွန်တော် မကြိုက်မှာ စိုးလို့တဲ့လား...ဒါကြောင့် သူက ကျွန်တော့်ကို မပေးရဲတာပေါ့"


"အတိအကျပဲ"


ချူရှောင်းရန်က သူ့ပေါင်ကို ရိုက်ချလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားဟန် ဆက်ပြောလာသည်


 " ပြီးတော့ တစ်ခြားတစ်ခု ရှိသေးတယ်... သူက မင်းကို ဖွင့်ပြောဖို့အတွက် ရည်းစားစာကို ပုံစံအမျိုးမျိုးနဲ့ စာရွက်ကြီးကြီးတွေမှာ အများကြီး ရေးခဲ့တာ... ဒါပေမယ့် ကြည့်ရတာ အဲ့ဒါတွေ မသုံးခဲ့ရဘူး ထင်ပါတယ်"  


ခပ်ဆွေးဆွေး မျက်နှာနှင့် ချူရှောင်းရန်က လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်ပြီး ခဏကြာတွင် စကားဆိုလာသည်


 " မင်းတို့နှစ်ယောက် အတူတူ မရှိချိန်တုန်းက သူက မင်းကို တိတ်တိတ်လေး သဘောကျခဲ့ရတာ... မင်းတို့ တွဲပြီးသွားကြတော့လည်း သူက သတိထားနေရတယ်... မင်း စိတ်ညစ်သွားမလား သူ့ကို လမ်းခွဲလာမှာလား သူ့ကို ငြင်းပယ်လာမှာလား စိုးရိမ်နေခဲ့တာ... မင်းဆီက ရိုးရိုးအနမ်းလေးတစ်ပွင့်ကတောင် သူ့ကို အကြာကြီး ပျော်ရွှင်စေတယ်...သူက ရူးမိုက်တယ်လို့ မထင်ဘူးလား ...."


အသံတိတ်နေရာမှ ယွီနျန်က လက်ချောင်းတစ်ဝိုက်က လက်စွပ်လေးကို ပွတ်သတ်လိုက်ရင်း တိုးတိုးလေး ပြန်ဖြေလာသည်


 "သူက ရူးမိုက်တယ်"


ထိုခဏ တံခါးလက်ကိုင် ဖွင့်သံ ကြားလိုက်ရပြီး ရုံးခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။ ရွှယ်ယုံက ဝင်လာသော်လည်း အနားကပ်ရန် တွန့်ဆုတ်နေသည်။ သူက ဤနေရာသို့ အလျင်စလို လာခဲ့သည့်ပုံစံနှင့် ရင်ဘတ်က မြင့်ချည်နိမ့်ချည် ဖြစ်နေပြီး ဆံပင်က အနည်းငယ် မသပ်မရပ်ဖြစ်နေသည်။ 


ချူရှောင်းရန်က တံခါးတွင် ရပ်နေသော ရွှယ်ယုံ့ကို ကြည့်လိုက်ရင်း နှလုံးနာရန် ပြောလိုက်သည်


 " မင်းလာတာ နောက်ကျသွားပြီ... ငါ ဘာမှ မဖုံးကွယ်ခဲ့ဘူး...ယွီနျန့်ကို အကုန်ပြောပြလိုက်လို့ သူ အခု သိသွားပြီ"


ထိုစကားကြားသော် ရွှယ်ယုံ့မျက်ဆံများက ချက်ချင်း စုတန်းသွားရင်း ယွီနျန့်ကို စိုးရိမ်တကြီး ကြည့်လာသည်။ သူ့မျက်နှာထက် သွေးရောင်သန်းသွားပြီး စကားဆိုလာသည်


 " နျန်နျန်..."


ယွီနျန်က ရွှယ်ယုံနှင့် အကြည့်ချင်း ဆုံသွားစဥ် သူ့လက်ချောင်းများက တင်းကျပ်သွားရသည်။ ခဏအကြာတွင် သူက မျက်လုံးလှန်လိုက်ပြီး ချူရှောင်းရန်ကို ကြည့်လိုက်သည်


 " ဥက္ကဌချူ...ဒီနေ့မှာ ဒါတွေ အကုန်လုံး ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" 


"ဟားဟား... ငါ့ကို ဥက္ကဌချူလို့ မခေါ်ဖို့ မပြောခဲ့ဘူးလား... သူစိမ်းဆန်တယ်လေ" 


ချူရှောင်းရန်က စိတ်အေးသွားသလို ခံစားရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက သက်သက်သာသာ ဖြစ်သွားကာ အပြုံးလေးနှင့် လက်ယမ်းပြလာသည် 


" ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး...ဒါ သဘာဝပါပဲ"


ယွီနျန်က နှုတ်ခမ်းတို့ တွန့်ကွေးသွားရင်း ခပ်ဖွဖွ ပြုံးပြီး စကားဆိုလာသည် " ကျွန်တော့်မှာ နောက်ထပ် ချိန်းထားတာ ရှိသေးလို့ နောက်ကျလို့ မဖြစ်ဘူးရယ်...ဒါကြောင့် အခုတော့ သွားလိုက်ပါဦးမယ်"


နောက်ထပ် ချိန်းထားတာလား...သွားတော့မှာလား...


ချူရှောင်းရန်၏ စိတ်က ဗလာဖြစ်သွားပြီး မတုံ့ပြန်နိုင် ဖြစ်သွားရသည်


 " အာ...ကောင်းပြီလေ"


ယွီနျန်က ခေါင်းညိမ့်ပြရင်း မတ်တပ်ရပ်ပြီးနှုတ်ဆက်လိုက်ကာ တံခါးဘက် လှည့်ပြီး လျှောက်သွားလိုက်သည်။ သူက ရွှယ်ယုံနား ဖြတ်သွားသည့်အချိန် လမ်းလျှောက်နှုန်းပင် နှေးမသွားသလို ရွှယ်ယုံ့ကို ကြည့်ပင် ကြည့်မသွားချေ။ သူက တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ရင်း တံခါးဖွင့်ပြီး ထွက်သွားလေသည်။


တံခါးပိတ်သံ ထွက်လာသည်ထိ ချူရှောင်းရန်က ဝေခွဲမရ ဖြစ်နေဆဲပင်။ ဒီတိုးတက်မှုက နည်းနည်း မမှန်သလိုပဲ...။ သူက တံခါးနံဘေးတွင် တုံ့ပြန်ချက်မရှိ ရုပ်တုတစ်ခုလို မတုန်မလှုပ်ရပ်နေသော ရွှယ်ယုံ့ကို ကြည့်လိုက်သည်။ တံခါးအပြင်ဘက်ကို ညွှန်ပြရင်း ချူရှောင်းရန်က ပြောလာသည် 


"ဟေ့...ရွှယ်ရှောင်ယုံ မင်းမိသားစုရဲ့ နျန်နျန်လေးက အခုလေးတင် ထွက်သွားပြီနော်...."


ရွှယ်ယုံက ပြန်ဖြေမလာချေ။


ချူရှောင်းရန်က စိတ်ပူလာ၍ ရွှယ်ယုံ့နား အမြန်ကပ်လာရင်း ပြဿနာကို အဖြေရှာလိုက်သည်။


"သောက်ချီး...ရွှယ်ရှောင်ယုံ ကျေးဇူးပြုပြီး အသက်ရှူပါဦး...မင်းကိုယ်မင်း သတ်သေဖို့ လုပ်နေတာလားကွ"


ရွှယ်ယုံ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး သူ၏ ဆုံးရှုံးသွားသော သမာဓိက ယခုလေးတင် အသိဝင်လာသည်။ သူ့မျက်လုံးများက စိုးရိမ်သောကတို့ ပြည့်နှက်နေပြီး စကားပြောရင်း အသံပင် တုန်ယင်လာ၏။


 " နျန်နျန်ရေ..."


ချူရှောင်းရန်က သူဖြစ်နေသော ပုံစံကို သည်းမခံနိုင်၍ လေသံပြင်းပြင်းနှင့် သတိပေးလာသည်


 "ယွီနျန်က ထွက်သွားပြီ... သူက အခုလေးတင် တံခါးဖွင့်ပြီး ပြန်ပိတ်လို့ ထွက်သွားပြီလေ ဟေ့ကောင်"


သူက ရွှယ်ယုံ့ပုခုံးကို ရိုက်ချလိုက်ရင်း " မင်းက ငါ့ရုံးခန်းထဲမှ သတ်သေသွားရင်တောင် မင်းရဲ့ နျန်နျန်လေးက မင်းကို ဘယ်တော့မှ ပြန်ကြည့်တော့မှာ မဟုတ်ဘူး... အခု ဘာဖြစ်သွားတာလဲ မင်းသိလား... ယွီနျန်က ဒေါသထွက်နေတာကွ အဲ့ဒါက..." 


ချူရှောင်းရန်က နာမဝိသေသန တစ်ခုကို စဥ်းစားမရဖြစ်သွား၍ " အဲ့ဒါက ဘာပဲဖြစ်ဖြစ် ဒေါသပြင်းပြင်း ထွက်နေတာကွာ... မင်း အခု ဘာလုပ်ရမလဲ သိလား"  


ရွှယ်ယုံ၏ ချထားသော လက်က ထိန်းချုပ်မရစွာ တုန်ယင်နေပြီး လည်ချောင်းကလည်း ထုံထုံထိုင်းထိုင်း ခံစားရသည်။ သူက အက်ကွဲနေသော လေသံနှင့် မေးလာသည်


 " ငါ ဘာလုပ်သင့်လဲ"


ချူရှောင်းရန်က အချည်းအနှီးဖြစ်သွားသလို နာဖူးပွတ်လိုက်ရင်း " သေချာပေါက် မင်းက သွားပြီးတော့ သူ့ကို ပြန်ချော့ရမှာလေ...သူ့ကို သွားချော့ချေ...တောင်းပန်တယ်လို့ပြော...ယွီနျန်က အခု မင်းကို ဒေါသထွက်နေတာနော် ပြီးတော့ ဒေါသထွက်တာမျိုးက လမ်းခွဲဖို့ထိတောင် ဦးတည်နိုင်တယ်"


ထိုသို့ပြောလိုက်ပြီး ချူရှောင်းရန်ကလည်း ပဟေဠိဖြစ်သွားသည်။ နားလည်မှုလွဲတာကို ဖြေရှင်းပြီးပြီ မဟုတ်ဘူးလား...။ ယွီနျန်က ဘာလို့ ဒေါသထွက်နေသေးတာလဲ...။ သူ့မျက်နှာပုံစံက တစ်ခုခု ဖြစ်နေသလိုမျိုးပဲ...။


"လမ်းခွဲ"ဆိုသည့် စကားလုံးက ရွှယ်ယုံ့ကို အပ်ကို ရေခဲရေထဲ ရောလိုက်သလို နှလုံးသားက ကျင်ခနဲ ခံစားသွားရသည်။ အသက်ရှူရခက်လာပြီး သူ၏ ခန္ဓာကိုယ်ကပင် ထိန်းချုပ်မရစွာ တောင့်တင်းလာသည်။


သူ့စကားလုံးက ပြင်းထန်သွားမှန်း နားလည်သွား၍ ချူရှောင်းရန်က အခြေအနေ မပျက်စီးသွားရန် တိုက်တွန်းလာသည် 


" အမြန်လုပ်လေ... သူ့ကို ပျောက်မသွားရခင် အမြန်သွား..." 


ရွှယ်ယုံက တံခါးဖွင့်ပြီး အပြေးအလွှား ထွက်သွားလေသည်။ ချူရှောင်းရန်က ရေတစ်ငုံ သောက်လိုက်ပြီး ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် ရေရွတ်နေသည်


 " ဘုရားရှင်တို့ ကာကွယ်ပေးတော်မူပါ...ရွှယ်ယုံ့တို့ရဲ့ ဆက်ဆံရေး တကယ်ကြီး ပြိုကွဲမသွားဖို့ မျှော်လင့်မိပါတယ်...မဟုတ်ရင် သူက ညလယ်ကြီး မျက်လုံးပေါက်ထွက်မတတ် ငိုနေမှာ မို့လို့ပါ... သူ့မျက်ရည်တွေကြောင့် သူ့ခေါင်းအုံးတောင် စိုရွှဲနေလောက်တယ်..."


 သူက ကြာကြာ မရေရွတ်လိုက်ရပဲ တံခါးက ပြန်ပွင့်လာပြီး ရွှယ်ယုံက ဝင်လာသည်။


ချူရှောင်းရန်က ရွှယ်ယုံ့နောက်ကို ကြည့်လိုက်ရာ မည်သူမျှ မရှိချေ။ သူ့ နှလုံးသားလေး နှစ်မြုပ်သွားရသည်


 " သေစမ်းဟ... ယွီနျန်က ဘယ်မှာလဲ... သူက မင်းနဲ့အတူ ရှိနေရမှာ မဟုတ်ဘူးလား"


ရွှယ်ယုံက နေရာမှာတင် ရပ်နေပြီး အားမရှိသလို ပြောလာသည် "သူ ထွက်သွားပြီ"


တံတွေးမြိုချလိုက်ရင်း ချူရှောင်းရန်က ရင်တုန်ပန်းတုန် မေးလာသည် " သူ့နောက် လိုက်သွားခဲ့ပြီးတော့ သူ့ကို မတွေ့ခဲ့ရဘူးလား"


ရွှယ်ယုံက ခေါင်းညိမ့်ပြလာသည်။


ချူရှောင်းရန်က ဆက်မေးလာသည် " သူက အလုပ်ကိစ္စ အချိန်မှီဖို့အတွက် ထွက်သွားခဲ့တာလား"


ရွှယ်ယုံက ထပ်ပြီး ခေါင်းညိမ့်ပြလာသည်။


ထိုကဲ့သို့ ရွှယ်ယုံ၏ လမ်းပျောက်သလို ဖြစ်နေသော ပုံစံကို မကြည့်ရက်၍ ချူရှောင်းရန်က အကြောင်းအရာအချို့ ရှာလိုက်ပြီး နှစ်သိမ့်လိုက်သည်


 " သူက အလျင်လိုလို့ နေမှာပါကွာ...ဒါကြောင့်..."


"ရှောင်းရန်" 

ရွှယ်ယုံက အသက်တစ်ရှိုက်အတွင်း ခွန်အားတို့ ဆုံးရှုံးသွားသလို အသံနှင့် ချူရှောင်းရန်ကို ကြားဖြတ်ပြောလာသည်။ သူက မျက်လွှာချလိုက်ရင်း အကြည့်တို့က နက်ရှိုင်းနေပြီး တောက်ပမှုကင်းမဲ့ကာ တစ်ခုခု ဆုံးရှုံးသွားသလိုမျိုး ဖြစ်နေသည်။


 "နျန်နျန်က ...တကယ်ပဲ ငါ့ကို မလိုချင်တော့ဘူးလား"


မုန့်ယွမ်က နန်နီကားထဲ ဝင်လိုက်ပြီး ကားတံခါးပိတ်လိုက်ရာ "ဒုန်း"ဆိုသည့် အသံ ထွက်လာသည်။ သူက ယွီနျန်၏ စိတ်ရှုပ်နေသော အမူအရာကို ကြည့်လိုက်ပြီး တိုက်ရိုက်လည်း မမေးရဲချေ


" နျန်နျန် ဥက္ကဌချူနဲ့ စကားပြောကြည့်တာ ဘယ်လိုနေလဲ"


"ကျွန်တော်တို့ စကားကောင်းကောင်း ပြောခဲ့ရပါတယ်" ယွီနျန်က မုန့်ယွမ် မေးချင်သည့် အရာကို သိ၍ ရေးရေးလေး ပြုံးပြလာသည်။


 "ဥက္ကဌချူက ရွှယ်ယုံ ကျွန်တော့်ကို ဖုံးကွယ်ထားရတဲ့ အကြောင်းပြချက်ကို ရှင်းပြခဲ့တာပါ"


မုန့်ယွမ်က နားလည်မှုလွဲသွားခြင်း ဖြစ်မှန်း ချက်ချင်း သိသွား၍ စိတ်အေးသွားရသည်။


 "အဲ့ဒါကောင်းတယ်...အဲ့ဒါ ကောင်းတယ်... ဒါဖြင့် မင်း ဒီည အလုပ်စောစော အပြီးသတ်ပြီး အိမ်ပြန်ချင်လား"


"မလိုပါဘူး" ယွီနျန်က လက်ချောင်းထိပ်က လက်စွပ်လေးကို ပွတ်သတ်လိုက်ရင်း မုန့်ယွမ်ကို ပြောလိုက်သည်


 " အစ်ကိုမုန့်... "လိမ္မော်သီး အင်တာတိန့်မန့်"က "ရှေးဟောင်းလမ်းမ"နဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ခွေ အသစ်ထွက်ဖို့အကြောင်း အင်တာဗျူးချင်တာလို့ ပြောခဲ့တယ် မို့လား...အချိန်ဇယားက ဒီနေ့ ညနေ ၅နာရီနော်..." 


မုန့်ယွမ်က ဝေခွဲမရ ဖြစ်သွားသည် "ဟမ်... မင်း ဒီည ဥက္ကဌရွှယ်နဲ့အတူတူ ညစာစားပြီး စကားလေးဘာလေး ပြောကြတော့မှာလားလို့"


"အဲ့လို မရှိပါဘူး" ယွီနျန်က ခေါင်းခါပြလာသည်။


"ဘာလို့ မရှိတာလဲ"


"ကျွန်တော် စိတ်ဆိုးနေလို့" 

ယွီနျန်က ပြတ်ပြတ်သားသား ဖြေလာသည်။


ထိုအချိန် မုန့်ယွမ်၏ ဖုန်းမြည်လာ၏။ သူက ငုံ့ကြည့်လိုက်ပြီး ယွီနျန့်ကို ပြောလာသည် 


" ဥက္ကဌချူပဲ... ငါ ဖြေလိုက်ရမလား"


ယွီနျန်က အသံတိတ်မြဲ ဖြစ်နေသည့် သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ သူက သွက်သွက်လက်လက် ပြန်ဖြေလာသည်


 "မလိုပါဘူး"


 မုန့်ယွမ်က ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေရင်း ယွီနျန့်ကို မော့ကြည့်လာပြီး ဆုံးဖြတ်ချက်ချလာသည်။ သူက မဆိုင်းမတွပင် ဖုန်းချလိုက်သည်။


*****


နေ့လည်ပိုင်းတွင် အိုမူတံဆိပ်နာရီ၏ နှစ်ပတ်လည်ပွဲကို တက်ရောက်ပြီးနောက် ယွီနျန်က "လိမ္မော်သီး အင်တာတိန့်မန့်"မှ နျဲ့မင်ရှင်းနှင့်အတူ အင်တာဗျူးတစ်ခု ရှိနေသည်။ နျဲ့မင်ရှင်းက မုန့်ယွမ်၏ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်ပြီး ယခုအကြိမ်က တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်၍ အချင်းချင်း ရင်းနှီးနေပြီဖြစ်သည်။


ပြင်ဆင်နေကြစဥ် ယွီနျန်က ဆိုဖာတွင် ထိုင်နေရင်းပေါ့ပေါ့ပါးပါး မေးလာသည် 


" အစ်မ မင်ရှင်း... ကျွန်တော် သိချင်တာ ရှိတယ်...ကျန့်ကျောက်ရှီသတင်းက အမှန်ပဲလား"


နျဲ့မင်ရှင်းက အခြားသူမရှိမှန်း သိ၍ ဖုန်းကွယ်မနေတော့ပဲ ခေါင်းညိမ့်ပြလာသည်။ "ဟုတ်တယ်...အမှန်ပဲ ဒါပေမယ့် အစ်မတို့ ဖျော်ဖြေရေးနယ်ပယ် မှာတော့ အရာရာတိုင်းက မရိုးရှင်းမှန်း သိကြတယ်လေ... ပျံ့သွားတဲ့ သတင်းက ဇာတ်လမ်းတစ်ခုလုံး မဟုတ်သေးဘူး"


"ဇာတ်လမ်းတစ်ခုလုံး မဟုတ်ဘူးပေါ့"


"အင်း...အမှန်ပဲ" 

နျဲ့မင်ရှင်းက ယွီနျန် သိချင်စိတ်ပြင်းပြနေမှန်း တွေ့လိုက်၍ အသေးစိတ် ပြောပြလာသည် " 


ကျန့်ကျောက်ရှီက စောစောတုန်းက အဖွဲ့ဝင်သုံးယောက်ပါတဲ့ အဖွဲ့တစ်ခုမှာ ပွဲဦးထွက်ခဲ့တာ... ပြီးတော့ သူက သုံးယောက်လုံးမှာ နာမည်အကြီးဆုံးလေ... အဲ့ဒီတုန်းက သူ့ကို စင်နောက်မှာ ထောက်ပံ့ပေးနေတဲ့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်လို့ ကောလဟာလထွက်ဖူးတယ်...နောက်ပိုင်းမှာ သူက တစ်ကိုယ်တော် ထွက်တာ အောင်မြင်သွားတော့ သူ့ရဲ့ လက်ရှိ မန်နေဂျာ နစ်ခ်ဝမ်နဲ့ တွေ့ခဲ့တယ်... နစ်ခ်ဝမ်က စျေးကွက်ဆင်းတဲ့ နေရာမှာ ဆရာကြီးလေ... ပြီးတော့ သူက ကျန့်ကျောက်ရှီရဲ့ ပုံရိပ်ကို အောင်အောင်မြင်မြင် ဖန်တီးပေးနိုင်ခဲ့တယ်... သူက ရသစုံရှိုးတွေမှာ ပါတယ်...တစ်ကိုယ်တော်ခွေတွေ ထုတ်တယ်... ဖန်တွေနဲ့ အဆက်အသွယ်တွေ လုပ်ပြီး အရာရာတိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ထားတာ... အဲ့ဒီအချိန်အတွင်းမှာ လူချမ်းသာ အမျိုးသမီးကိုလည်း ခွာလိုက်

ပြီလေ... ဘယ်လိုပဲဖြစ်ဖြစ် ကျန့်ကျောက်ရှီက သူ့ရဲ့ လွတ်လပ်မှုကို ပြန်ရတော့ အချစ်ရေးမှာ အရှုပ်အထွေးတွေ ရှိလာခဲ့တယ်... နစ်ခ်ဝမ်က သူ့ရဲ့ ပုံရိပ်ကို ကာကွယ်ပေးဖို့အတွက် ခက်ခက်ခဲခဲ ကြိုစားပြီး ဖုံးဖိပေးခဲ့ရတာ..."