Chapter 123
ကျန့်ကျောက်ရှီက စောစောတုန်းက အဖွဲ့ဝင်သုံးယောက်ပါတဲ့ အဖွဲ့တစ်ခုမှာ ပွဲဦးထွက်ခဲ့တာ... ပြီးတော့ သူက သုံးယောက်လုံးမှာ နာမည်အကြီးဆုံးလေ... အဲ့ဒီတုန်းက သူ့ကို စင်နောက်မှာ ထောက်ပံ့ပေးနေတဲ့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်လို့ ကောလဟာလထွက်ဖူးတယ်...နောက်ပိုင်းမှာ သူက တစ်ကိုယ်တော် ထွက်တာ အောင်မြင်သွားတော့ သူ့ရဲ့ လက်ရှိ မန်နေဂျာ နစ်ခ်ဝမ်နဲ့ တွေ့ခဲ့တယ်... နစ်ခ်ဝမ်က စျေးကွက်ဆင်းတဲ့ နေရာမှာ ဆရာကြီးလေ... ပြီးတော့ သူက ကျန့်ကျောက်ရှီရဲ့ ပုံရိပ်ကို အောင်အောင်မြင်မြင် ဖန်တီးပေးနိုင်ခဲ့တယ်... သူက ရသစုံရှိုးတွေမှာ ပါတယ်...တစ်ကိုယ်တော်ခွေတွေ ထုတ်တယ်... ဖန်တွေနဲ့ အဆက်အသွယ်တွေ လုပ်ပြီး အရာရာတိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ထားတာ... အဲ့ဒီအချိန်အတွင်းမှာ လူချမ်းသာ အမျိုးသမီးကိုလည်း ခွာလိုက်ပြီလေ... ဘယ်လိုပဲဖြစ်ဖြစ် ကျန့်ကျောက်ရှီက သူ့ရဲ့ လွတ်လပ်မှုကို ပြန်ရတော့ အချစ်ရေးမှာ အရှုပ်အထွေးတွေ ရှိလာခဲ့တယ်... နစ်ခ်ဝမ်က သူ့ရဲ့ ပုံရိပ်ကို ကာကွယ်ပေးဖို့အတွက် ခက်ခက်ခဲခဲ ကြိုစားပြီး ဖုံးဖိပေးခဲ့ရတာ..."
ဤနယ်ပယ်တွင် ကျင်လည်သည်မှာ နှစ်ချို့နေပြီဖြစ်၍ နျဲ့မင်ရှင်းက ကိစ္စတိုင်းကို ကျင့်သားရနေပြီး ချက်ကျလက်ကျ ဆက်ပြောလာသည်
" ဒါပေမယ့် မင်းက ညကြီး လမ်းထွက်လျှောက်လို့ရှိရင် သရဲတွေရဲ့ တွေ့ရမှာပေါ့...ဒီကိစ္စကလည်း ဘာမှ မကွဲပြားဘူး အဲ့ဒီလိုပဲ...သူက ယောကျ်ားမိန်းမ မရွေးပဲ လူပေါင်းများစွာနဲ့ တစ်ပြိုင်တည်း ဆက်ဆံခဲ့တယ်...ပြီးတော့ သက်သေတွေ ထွက်လာတော့ သူ ဂရုတစိုက် ပုံဖော်ခဲ့ရတဲ့ သူ့ပုံရိပ်က လုံးဝ စုန်းစုန်းမြုပ်သွားပြီလေ...အခုဆို နစ်ခ်ဝမ်က ကျန့်ကျောက်ရှီက လူချမ်းသာ အမျိုးသမီး တစ်ယောက်နဲ့ အတိတ်က ပတ်သတ်ခဲ့တဲ့ သတင်းကို ပျံ့မသွားဖို့ လိုက်ပြီး တားဆီးနေရတယ်"
မုန့်ယွမ်က နားထောင်နေရင်း ပြောလာသည်
" ငါလည်း အဲ့ဒီလို သတင်းမျိုး ကြားလိုက်တယ်...ဒီတစ်ခေါက်မှာ နစ်ခ်ဝမ်က မျက်ရည်ဖြိုင်ဖြိုင်ကျနေပြီ ဆိုတာလေ"
နျဲ့မင်ရှင်းက သဘောတူလာသည်
"အတိအကျပဲ... အခုခေတ်မှာ နာမည်ကြီးတွေက သူတို့ တစ်ယောက်တည်း မဟုတ်တော့ဘူး...သူတို့နောက်မှာ ဖန်တွေနဲ့ အားပေးသူတွေ အဖွဲ့လိုက်ကြီး ရှိကြတယ်...သူတို့က အချင်းချင်း အဆက်အသွယ်ရှိကြတယ်"
သူမက အသံကို နိမ့်ရင်း ပြောလာသည်
" ဒါပေမယ့် အစ်မတို့ အသိုင်းအဝိုင်းထဲက လုပ်ဖော်ကိုင်ဖက်တချို့ groupတစ်ခုမှာ ပြောထားကြတာက ကျန့်ကျောက်ရှီက တစ်ယောက်ယောက်ကို အပြစ်လုပ်မိတာ သေချာတယ်တဲ့...မဟုတ်ရင် အချိန်တိုအတွင်းမှာ လူထုထင်မြင်ချက်က ပြင်းပြင်းထန်ထန် ပြောင်းလဲသွားမှာ မဟုတ်ဘူးတဲ့..."
အချိန်ကို တစ်ချက်ကြည်လိုက်ရင်း မုန့်ယွမ်က သူမကို သတိပေးလာသည်
" ကောင်းပြီလေ...ဒီနေရာမှာပဲ ရပ်ကြတာပေါ့... အင်တာဗျူးဖို့ အချိန်မလောက်ပဲ နေမယ်"
ယွီနျန်က ဆိုဖာပေါ် ထိုင်နေရင်း ကုတ်အင်္ကျီဝတ်လိုက်ကာ နျဲ့မင်ရှင်း ကမ်းပေးလာသည့် မိုက်ကရိုဖုန်းကို လက်ခံယူလိုက်သည်။ သူက သူမကို ကျေးဇူးတင်စကား ပြောလိုက်ပြီး အင်္ကျီကော်လာတွင် ချိတ်လိုက်သည်။
နျဲ့မင်ရှင်းက သူမကိုယ်တိုင် ဇာတ်ညွှန်းရေးထားသည့် ထွေရာလေးပါးပြောပြီးနောက် အလုပ်ကိစ္စ အင်တာဗျူးကို စတင်လိုက်သည်။
ယွီနျန်၏ နောက်ထွက်မည့် တစ်ကိုယ်တော်ခွေအကြောင်း မေးနေရင်း နျဲ့မင်ရှင်းက ပြောလာသည်
" မင်းရဲ့ နောက်ထွက်မယ့် တစ်ကိုယ်တော်ခွေမှာ ရှေးခေတ်တူရိယာပစ္စည်းကို ပေါင်းစပ်အသုံးပြုထားတယ်လို့ ပြောတယ်နော်...အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးလို့ ရနိုင်မလား"
ဂျင်းဖျော့ရောင် ဘောင်းဘီနှင့် တီရှပ်အဖြူပေါ် အပြာဖျော့ရောင် လက်တိုရှပ်တစ်ထည် ထပ်ဝတ်ထားသည့် ယွီနျန်က နူးညံ့ပြီး အသားအရေလှသူ ဖြစ်သည်။ သူ၏ ရိုးရိုးရှင်းရှင်း အဝတ်အစားက သူ့ကို လန်းဆန်းတက်ကြွစေသည့် နွေရာသီ အငွေ့အသက်တို့ ပေးနေသည်။
"သေချာပေါက် ပြောပြပေးရမှာပေါ့...ကျွန်တော့်ရဲ့ နောက်ထွက်မယ့် သီချင်းမှာ ကျွန်တော်က ရှေးခေတ်ဂီတတူရိယာတစ်မျိုး သုံးထားတာ..သူ့ကို ဖုန့်ရှောင်းလို့ ခေါ်တယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်က သမိုင်းကြောင်း ရှိခဲ့တဲ့ တူရိယာပေါ့"
သူ သဘောကျနေသည့် အကြောင်းအရာမျိုး ပြောနေရလျှင် ယွီနျန့်မျက်လုံးလေးများက ကြယ်လေးများ သဖွယ် တလက်လက် တောက်ပနေသည်
" ဒဏ္ဍာရီလာအရဆိုရင် ဧကရာဇ်ရွှန်းက တေးဂီတဦးစီးမှူးတွေကို ဂီတတူရိယာတွေ ဖန်တီးဖို့ အမိန့်ပေးခဲ့တယ်...အဲ့ဒါနဲ့ တေးဂီတဦးစီးမှူးတွေကလည်း ဝါးကို အသုံးပြုပြီး "စန်းစစ်" ဆိုတဲ့ တူရိယာကို တီထွင်ခဲ့ကြတယ်... ဒီတူရိယာက အရှည်မတူတဲ့ ဝါးပိုက်တွေကို သုံးပြီး ဖွဲ့စည်းထားတာ..."စန်းစစ်ပုချီ" (参差不齐)ဆိုတဲ့ ဆိုရိုးစကားကနေ လာတယ်... "တသမတ်တည်းမရှိ" "ပြောင်းလဲနေတယ်" ဆိုတဲ့ အဓိပ္ပါယ်ရတယ်...နောက်ထပ် ဆိုရိုးစကားလည်း ရှိသေးတယ် "ဝါးလိုမျိုးပဲ စန်းစစ်ကလည်း ဖီးနစ်ငှက်တောင်ပံလို ညီညာမှုမရှိဘူး" တဲ့... ဒါကြောင့် ဒီတူရိယာကို "ဖုန့်ရှောင်း" (凤箫) လို့ ခေါ်တာ "ဖီးနစ်ပုလွေ"ပေါ့... ဖုန့်ရှောင်းမှာ သန့်စင်ပြီး လှပတဲ့ အသံရှိတယ်... ပြီးတော့ အသံက ငြိမ်ပြီးတော့ ကြည်လင်တယ်... သီချင်းထွက်တဲ့အခါ လူတိုင်းကို သီးခြားတေးသံပုံစံတစ်မျိုး နားဆင်ခံစားမိစေမယ်လို့ ကျွန်တော် ယုံကြည်တယ်"
ထို့နောက် နျဲ့မင်ရှင်းက မေးလာသည် " မင်းက မင်းရဲ့ သီချင်းအသစ်အတွက် ၁မီလီယံ ရင်းနှီးမြုပ်နှံခဲ့တယ်လို့လည်း သတင်းတွေ ထွက်နေတာ...အဲ့ဒါ အမှန်ပဲလား"
ယွီနျန်က ပြုံးလိုက်ရာ မျက်လုံးထောင့်ရှိ ချိုင့်ရာလေးက အပြုံးနှင့် ရောနှောသွားပြီး သူ့အကြည့်က မျက်လုံးထဲ စွဲထင်ကျန်ရစ်စေသည်။
ယွီနျန်က ရယ်သံစွက်ပြီး ထပ်ပြုံးလိုက်ရာ သူ့အကြည့်က နှစ်လိုဖွယ်အပြည့်နှင့် ကြည်နူးဖွယ်ကောင်းလှသည်။
သူက ခေါင်းခါပြလာသည်
" ၁မီလီယံ ရင်းနှီးမြုပ်နှံတာက သတင်းအမှားပါဗျာ...အများဆုံးမှ ယွမ်တစ်ရာလောက် ရင်းနှီးမြုပ်နှံခဲ့မှာပေါ့... ဖုန့်ရှောင်းမှုတ်တဲ့သူက ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေဟောင်းလေ... သူက ကျွန်တော့်အကြံဥာဏ်ကို ကြားတော့ အရမ်း သဘောကျသွားပြီး ပြောလာတယ်...ကျွန်တော်က အဓိပ္ပါယ်ရှိတဲ့ အရာကို လုပ်နေတာမို့ သူက အခကြေးငွေ မယူပါဘူးတဲ့... သီချင်းစာသားရယ် တေးရေးတည်းဖြတ် နောက်ခံသံစဥ်အတွဲအစပ်ကိုပါ ကျွန်တော်ကိုယ်တိုင် စီစဥ်ထားတာပါ"
နောက်တစ်နေ့တွင် အင်တာဗျူးဗီဒီယိုထွက်ပြီးနောက် လူအုပ်ကြီးနှင့် ကောမန့်တစ်ခွင်က ရယ်သံများနှင့် အပြည့်ဖြစ်နေသည်။
[ဟားဟားဟား...နျန်နျန်ကတော့ အရမ်းကို မှန်နေလိုက်တာ...ဒါကြောင့် "၂၀၀မီလီယံတန် စက္ကူကို ဝယ်ခြင်း"ရယ် " အပျော်အတွက် ၉၀၀မီလီယံ သုံးလိုက်ခြင်း" ဆိုတာရယ် အဲ့ဒီနှစ်ခု ပြီးသွားတော့ အခု "သီချင်းအသစ်ထုတ်ဖို့ ယွမ်တစ်ရာ ရင်းနှီးမြုပ်နှံလိုက်ခြင်း" ဆိုတာပါ ရှိလာပြီ]
[ဟားဟားဟား ...ကြိုက်သွားပြီ...နျန်နျန်ကတော့ သီချင်းစာသားနဲ့တေးရေးတည်းဖြတ် လွယ်အိတ်ကြီးပဲဟေ့... သဘောမတူရင် လာတွေ့နော်]
[ဟားဟားဟား... trending hashtag ကို အတည်ပြုလိုက်ပြီပေါ့...နျန်နျန်ရဲ့ သီချင်းသစ်ကို စောင့်နေပါတယ်နော်... 'ကျော့ရှင်းသော'နဲ့ 'တောင်တန်းပေါ်ကနှင်းစက်'ကို အကြိမ်ပေါင်းမနည်း ပြန်ပြန်နားထောင်နေတာ... နောက်ဆုံးတော့ နားထောင်ရမယ့် သီချင်းအသစ်တစ်ပုဒ် ရတော့မယ်... ပြီးတော့ လူကြီးမင်းများ 'ရှေးဟောင်းလမ်းမ'က ထွက်တော့မှာနော် ရုပ်ရှင်လက်မှတ် ဝယ်ဖို့ အချိန်ကျပြီ...သွားကြစို့]
ရှစ်ရော့က နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်ရင်း ပြောလာသည်
" နျန်နျန်ရေ...#သီချင်းအသစ်အတွက် ယွမ်တစ်ရာ ရင်းနှီးမြုပ်နှံခြင်း# က အခု တစ်နေ့လုံးမှာ trendingမှာ ထိပ်ဆုံးရောက်နေပြီရော...ကုမ္ပဏီဘက်က ပရိုမိုရှင်းဆင်းပေးတာကိုချန်လိုက်ရင် အခု တေးဂီတပညာရှင်တွေကလည်း အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေ တင်ပေးနေကြတာ... တချို့ဆို မင်းရဲ့ လက်ရာသစ်ကို မျှော်လင့်နေတဲ့အကြောင်း ပြောထားကြတာ...အချို့တွေကလည်း 'ကျော့ရှင်းသော'နဲ့ 'တောင်တန်းပေါ်က နှင်းစက်'က အမြင့်ဆုံးရောက်နေတော့ သီချင်းသစ်က သူတို့ကို မကျော်နိုင်မှာ စိုးရိမ်နေကြတာ..."
ယွီနျန်က စိတ်မပါလက်မပါနှင့် သူ့ဖုန်းကို လျှောက်ကြည့်နေရင်း "အင်း"ဟု ခပ်ဖွဖွ ပြန်ဖြေလာသည်။ ရှစ်ရော့က ယွီနျန် တစ်နေ့လုံး ဖုန်းကို တစ်ချက်မှ အကြည့်မခွာပဲ စိုက်ကြည့်နေသည်ကို သတိထားမိသည်။
ယွီနျန်က ရွှယ်ယုံ့ကို မျှော်နေမှန်း သတိထားမိ၍ ရှစ်ရော့က သူ့ဒဏ်ရာကို မထိစေရပဲ မည်သို့ နှစ်သိမ့်ရမှန်း မသိတော့ပေ။ ထိုအစား သူမက ပျော်ပျော်ရွှင်ရွှင်အသံနှင့် ပြောလာသည်
"စကားမစပ် နျန်နျန်ရေ...အစ်မ စားစရာ မှာလို့ရတဲ့ စားသောက်ဆိုင်ကောင်းကောင်း တစ်ခု ရှာတွေ့ထားတယ်...မင်း မှာကြည့်ချင်လား"
ယွီနျန်က ရှစ်ရော့ သူ့ကို စိတ်ပူနေမှန်း သိသည်။ သူက ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလာသည်
" တော်ပါပြီ... ကျေးဇူးပါ အစ်မရော့ရော့...ကျွန်တော် ဒီနေ့ အလုပ်စောစောသိမ်းပြီး အိမ်ပြန်ချက်စားမလို့"
ရှစ်ရော့က တွန်းအားမပေးတော့ပေ။
" ကောင်းပြီလေ...ကောင်းကောင်းနားပါ နျန်နျန်" သူမက ယွီနျန့်အခြေအနေကို စိတ်ပူသေး၍ မနေနိုင်ပဲ အနည်းငယ် သတိပေးမိသည်
" ဓါးတစ်လက်ကို သုံးတဲ့အချိန်မှာ နေ့ခင်းအိပ်မက်မက်မနေနဲ့(စိတ်လွင့်မနေနဲ့)နော်...မင်းကိုယ်မင်း ခိုက်မမိစေဖို့ ဂရုစိုက်ရမယ်"
ယွီနျန်က ခေါင်းညိမ့်ပြလာသည်
" ကျွန်တော် ဂရုစိုက်မှာပါ...အစ်မရော့ရော့ စိတ်မပူပါနဲ့"
ကားက ယွီနျန့်အိမ်ရှေ့ ရောက်သွားပြီဖြစ်၍ ရှစ်ရော့က ယွီနျန့်ပစ္စည်းကို ကူပြီး သိမ်းပေးလိုက်သည်။ ထိုခဏ သူမဖုန်းက "ဒင်" ဆိုသည့် အသံမြည်လာ၍ မျက်လုံးအပြူးသား ကြည့်လိုက်သည်။ သူမက ယွီနျန့်ကို စိုက်ကြည့်လာပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်
" နျန်နျန် အစ်မက ဥက္ကဌရွှယ်အတွက် စပရှယ်filterတစ်ခု ထောင်ထားတာ"
သူမက ရုတ်တရက် မည်သို့ ဆက်စပ်ပြောရမှန်း မသိတော့ချေ။
ယွီနျန်က သဘောပေါက်သွား၍ လွယ်အိတ်ကိုင်ထားသော လက်က အနည်းငယ် တုန်ယင်သွားသည် " သူ့ဝေ့ပေါ်မှာ အသစ်တင်လာလို့လား"
ရှစ်ရော့က ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ပြလာသည်။
ယွီနျန်က မေးလိုက်သည် " သူ ဘာတင်ထားတာလဲ"
ရှစ်ရော့က ခလုတ်နှိပ်လိုက်ပြီး ဖုန်းစက်ပိတ်လိုက်ကာ ပြန်ဖြေလာသည်
"ဘာမှမဟုတ်ပါဘူး"
ထို့နောက် သူမက နှုတ်ခမ်းကိုက်လိုက်ရင်း appကို ပြန်ဖွင့်လိုက်ရင်း ပြောလာသည်
"နျန်နျန်...မင်း တကယ် ကြည့်ချင်တာလား"
"အင်း...ကျွန်တော် ကြည့်ချင်တယ်"
ရှစ်ရော့က ယွီနျန့်ကို ဖုန်းပေးလိုက်သည်။
"အမ်...ဥက္ကဌရွှယ် သူက မင်းကို ပြန်ပြီး တိုက်ခိုက်လာလို့"
ဖုန်းမျက်နှာပြင်တွင် ပြထားသည်က "ရွှယ်ယုံ :#သီချင်းအသစ်အတွက် ယွမ်တစ်ရာ ရင်းနှီးမြုပ်နှံခြင်း# ဟက်... သီချင်းသစ်က 'ကျော့ရှင်းသော'နဲ့ 'တောင်တန်းပေါ်က နှင်းစက်'ကို ကျော်နိုင်ပါ့မလား"
ကောမန့်များက အမျိုးမျိုးအထွေထွေ ဝင်ရောက်လာသည်။
[ဥက္ကဌရွှယ်က အသစ်တင်ပြီဟေ့...သတင်းကြီးပဲ...သူက နောက်ဆုံးတော့ အသစ်တင်ပြီ...ဥက္ကဌရွှယ်က သူ့လျှို့ဝှက်နံပါတ်ကို မေ့နေတာလားလို့တောင် ထင်နေတာ...နေဦး ထပ်ပြီး ယွီနျန့်အကြောင်းပဲလား... ရွှယ်ယုံက ယွီနျန့်ကို တိုက်ခိုက်တာက တကယ်ကို နက်ရှိုင်းပြီး စိတ်နှစ်ထားတာပဲ...တိုက်ခိုက်ဖို့ကို စိတ်နှစ်ထားတာ]
[ ထူးဆန်းနေတဲ့ တစ်ခုခုကို တွေ့ကြလား...ဥက္ကဌရွှယ်ရဲ့ အသံအနေအထားက တစ်ခုခုပဲ... အမ် ငါတစ်ယောက်ပဲ တွေ့တာလား... ကြည့်ရတာ သူက ယွီနျန် ပါရမီမရှိဘူးလို့သာ ပြောနေပေမယ့် ယွီနျန်လေးမှာလည်း ထူးခြားတဲ့ ပါရမီရှိနေတယ်လေ... ဒါဆို ဥက္ကဌရွှယ်က ယွီနျန့်အရည်အချင်းကို ချီးကျူးပေးလိုက်တာလား.... တိုးတိုးလေးပြောလိုက်မယ် 'ယုံယွီမလေး'က ဘယ်တော့မှ အရှုံးမပေးဘူး]
[သူက သီချင်းတောင် မထုတ်ရသေးပဲနဲ့ ကြွားနှင့်နေပြီလား...သီချင်းက သူပြောသလောက် မကောင်းတဲ့အခါ အရှက်ရမှာ မကြောက်ဘူးလားမသိ...ဥက္ကဌရွှယ်က အကောင်းဆုံးလုပ်ခဲ့တယ်...ငါတော့ ယွီနျန်ရဲ့ သီချင်းသစ်ကို စောင့်နေပြီ]
ရှစ်ရော့က ယွီနျန်၏ မျက်နှာအခြေအနေကို သေချာအကဲခတ်လိုက်ချိန် ယွီနျန့်နှုတ်ခမ်းထောင့်က အနည်းငယ် ပြေလျော့လာပြီး မျက်လုံးထက် အပြုံးရိပ်တို့ ခိုတွဲနေမှန်း သတိပြုမိသွားသည်။ သူ့စိတ်ထဲ တင်းကျပ်နေသည့် အရာက ရေခဲနှင့်နှင်းစက်တို့ အရည်ပျော်သွားသလို
ပြေပျောက်သွား၍ သူမပင် အကြည့်မလွှဲနိုင်ဖြစ်သွားရသည်။
သူမ အသိစိတ်ပြန်ဝင်လာစဥ် ရှစ်ရော့က အတည်ပြုရန် မေးလာသည်
" နျန်နျန်...အဆင်ပြေရဲ့လား"
“ကျွန်တော် အဆင်ပြေပါတယ်...အစ်မရော့ရော့ ကျွန်တော့်ကို စိတ်ပူဖို့ မလိုပါဘူး"
ယွီနျန်က ရှစ်ရော့ကို ဖုန်းပြန်ပေးလိုက်သည်။ "ကျွန်တော် အခု ပြန်တော့မယ်"
ရှစ်ရော့က ခေါင်းညိမ့်ပြလာသည်
" ကောင်းပါပြီ...မနက်ဖြန်မှ တွေ့ကြတာပေါ့ နျန်နျန်"
အိမ်ပြန်ရောက်သောအခါ ယွီနျန်က ရေတစ်ခွက် ငှဲ့လိုက်ပြီး ဖိနပ်အပါးစီးကာ မီးဖိုချောင်ထဲသို့ သွားလိုက်ပြီး ညစာအတွက် ထမင်းချက်ပြီး ဟင်းသီးဟင်းရွက်တို့ကို ဆေးလိုက်သည်။ နာရီဝက်ပင်မကြာလိုက် သူက အသားဟင်းတစ်ခွက်နှင့် အသီးအရွက်ဟင်းတစ်ခွက် ချက်ပြီးသွားခဲ့သည်။
ညစာစားပြီး ပန်းကန်ဆေးပြီးနောက် ယွီနျန်က ဝရံတာမှ အပင်လေးများကို တစ်ပင်ပြီးတစ်ပင် ရေလောင်းနေလိုက်သည်။ ထို့နောက် သူ့ဖုန်းမြည်လာသောအခါ သူ့မျက်နှာက ဝင်းပသွားပြီး ဖုန်းမျက်နှာပြင်ထက်က နာမည်ကို ကြည့်လိုက်သည် ။ သို့သော်လည်း မက်ဆေ့ချ်ကို တွေ့လိုက်ရစဥ် တစ်ဖန်ပြန်ပြီး မှေးမှိန်သွားသည်။
"အစ်ကိုစွန်းလား"
ဖုန်း၏တစ်ဖက်တွင် စွန်းမုန့်ဇယ်က ရယ်မောနေရင်း " နျန်နျန်...မင်း အားရဲ့လား...အစ်ကိုဝေက ဒီည ငါတို့ကို ဟော့ပေါ့ကျွေးချင်လို့တဲ့လေ...မင်း လာချင်လား"
ယွီနျန်က အလိုလို တံခါးဆီ တစ်ချက်ကြည့်မိသွားရင်း ငြင်းဆိုလိုက်သည်
" ဆောရီးပါ ကျွန်တော်က ဒီည စီစဥ်ထားတာလေး ရှိလို့...နောက်တစ်ကြိမ်မှ အစ်ကိုစွန်းရယ် အစ်ကိုဝေနဲ့ ပိုင်ယန်တို့ကို အတူတူ ဖိတ်ကြွေးပါ့မယ်"
"ကောင်းပြီလေ...ငါ အခု ချလိုက်တော့မယ်နော်... ရိုက်ကူးရေးမှ ပြန်တွေ့ကြတာပေါ့"
ဖုန်းကျသွားသောအခါ ယွီနျန်က တစ်ခဏမျှ အသိစိတ်ပျောက်သလို ရပ်နေမိသည်။ ညနေခင်းလေညင်းက နေ့ခင်းအပူကို ဖယ်ထုတ်ရင်း တဖြူးဖြူးတိုက်ခတ်နေသည်။ သူက အသက်ဖွဖွရှူလိုက်ပြီးနောက် အယ်လ်ဘမ်အသစ်အတွက် သီချင်းပြင်ဆင်ရန် စာကြည့်ခန်းထဲ လှည့်သွားလိုက်သည်။
ည၁၀နာရီရှိပြီဖြစ်၍ အပြင်ဘက်ရှိ နီယွန်မီးတိုင်များက တလက်လက်တောက်ပနေသည်။ ယွီနျန်က ခဲတံကိုင်ပြီး သီချင်းစာသားရေးနေသော်လည်း သတိမထားမိစွာနှင့် အတွေးတို့ နစ်သွားလေသည်။
တစ်ရက်တောင် ရှိသွားပြီပဲ...။
ဤခံစားချက်က သည်းခံရန် ခက်ခဲလှကာ စက္ကန့်နှင့်အမျှ နာကျင်ရသည်။
ထိုအချိန် တိတ်ဆိတ်နေသော အခန်းထဲ တံခါးခေါက်သံက ထိုးဖောက်ဝင်ရောက်လာသည်။ ခဲတံကိုင်ထားသည့် လက်က ပြေလျော့သွားပြီး ခဲတံက စာရွက်ပုံထဲ ကျသွားလေသည်။ ထို့နောက် စားပွဲခုံပေါ် တလှိမ့်လှိမ့် ဆင်းသွားပြီး အသံဖွဖွထွက်ကာ မြေပြင်ပေါ် ကျသွားလေသည်။
ယွီနျန်က ထရပ်လိုက်ပြီး ခဲတံကောက်မနေပဲ စာကြည့်ခန်းထဲက မီးရောင်မှိန်မှိန်အောက် ရပ်နေပြီး စည်းချက်ညီညီထွက်နေသော တံခါးခေါက်သံကို နားထောင်နေလိုက်သည်။ တံခါးခေါက်သံ တစ်ခုချင်းစီက သူ့နှလုံးသားကို ရိုက်ခတ်နေသလို ခံစားရသည်။
အလွန်တိတ်ဆိတ်နေသည်။ လေသံ သူ၏အသက်ရှူသံနှင့် သူ့နှလုံးခုန်သံသာ ကြားရသည်။ တံခါးခေါက်သံက နှစ်မိနစ်ခန့် ဆက်ပြီး ထွက်ပေါ်လာချိန် ယွီနျန်က ခြေလှမ်းစပြီး ဧည့်ခန်းကို ကျော်ဖြတ်ကာ တံခါးပေါက်ဝတွင် ရပ်နေလိုက်သည်။
ညာလက်နှင့် တံခါးလက်ကိုင်ဘုကို ကိုင်လိုက်ပြီး ယွီနျန်က လက်ငါးချောင်းတွင် အားအနည်းငယ် စိုက်လိုက်ရင်း တံခါးဖွင့်လိုက်သည်။