Chapter 124
“ရှူး...“
ရွှယ်ယုံက တံခါးအပြင်ဘက်တွင် ရပ်နေသည်။
သူက ပုံမှန်အတိုင်း အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားရင်း အဖြူရောင်ရှပ်အင်္ကျီကော်လာက သပ်သပ်ရပ်ရပ် မီးပူတိုက်ထားသော်လည်း ထိပ်ဆုံးက ကြယ်သီးက ဖြုတ်ထား၍ ဆွဲဆောင်မှုရှိသော အာဒမ်ပန်းသီးကို လှစ်ဟာပြသလို ဖြစ်နေသည်။ သူ့ကျောပြင်က သံမဏိချောင်း ထောက်ထားသည့်နှယ် ဖြောင့်တန်းနေသော်လည်း သူ့မျက်လုံးအောက်တွင် အပြာရိပ်များ ရေးရေးထင်နေသည်။
ရွှယ်ယုံက ယွီနျန်၏ မျက်နှာအစိတ်အပိုင်းတစ်ခုစီကို လောဘတကြီး စိုက်ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက အက်ကွဲနေသော အသံနှင့် ခေါ်လာသည်
" နျန်နျန်"
ယွီနျန့် နှလုံးသားလေး လေးလံပြီး ခါးသက်သွားရသည်။ သူ တွေးထားသည်က ယခင်ကအတိုင်း ရွှယ်ယုံက သူ့ကို ဝေ့ပေါ်တွင် လှောင်ရယ်ပြီးသည်နှင့် ဆင်ခြေသုံးပြီး ဟယ်ရှန်းကို သူ့အတွက် အစားအစာနှင့် လက်ဆောင်ပစ္စည်းများ ပို့ခိုင်းမည်ဟူ၍ပင်။
သူက စွပ်ပြုတ်ဗူးကိုပင် တစ်ပုံစံတည်း တူသည့် တစ်ခုနှင့် တိတ်တိတ်လေး အစားထိုးခဲ့ပြီး သူ့ကို ပြန်ပို့ပေးခဲ့လေသည်။
သူ သဘောကျသည့်သူက အမှန်ပင် ရူးမိုက်လှသည်။
လက်ချောင်းများကို ဖြေးဖြေးချင်း ကွေးလိုက်ရင်း ယွီနျန်က အသံတိတ်နေလျက် သူ့အတွက် လမ်းဖယ်ပေးလိုက်သည်။
ရွယ်ယုံက အခန်းထဲ ဝင်လာ၏။
ယွီနျန်က ချည်သားရှပ်အဖြူပျော့ပျော့လေး ဝတ်ထားပြီး ဆံပင်များကလည်း ပြေကျနေသည်။ သူက မြေပြင်ပေါ်တွင် ရောယှက်နေသော ပုံရိပ်နှစ်ခုကို ကြည့်လိုက်ရင်း ရွှယ်ယုံ စကားပြောလာမည်ကို စောင့်နေလိုက်သည်။
သို့သော်လည်း ရွှယ်ယုံက ရုတ်တရက် လက်ဆန့်လာပြီး သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာ၍ အံ့အားသင့်သွားရသည်။ သူ့ဘက်က မတုံ့ပြန်နိုင်ခင် ရွှယ်ယုံ့ဦးဆောင်မှုနောက်လိုက်ရင်း ခြေနှစ်လှမ်းဆုတ်ပြီး နံရံနှင့် ကျောကပ်သွားရသည်။
ရွှယ်ယုံက ယွီနျန့်ခါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာပြီး မှီချလာကာ ယွီနျန့်နှုတ်ခမ်းကို သည်းကြီးမည်းကြီး နမ်းရှိုက်လာ၏။
ချက်ချင်းပင် သူတို့၏ အသက်ရှူသံများက ရောထွေးသွားပြီး သွားချင်းကိုက်နေသည့် ပုံစံနှင့် နှစ်ဦးသား လိမ်ယှက်နေကြသည်။ ထို့အချိန် ယွီနျန်က သူတို့၏ နှုတ်ခမ်းနှင့်သွားကြားထဲမှ အရက်အရသာကို ခံစားလိုက်ရသည်
...ရွယ်ယုံက သောက်လာတာလား။
သို့သော်လည်း အတွေးစတို့က တစ်ဖက်လူမှ ကျုးကျော်ဝင်ရောက်လာသည့် လျှာနှင့် ကိုက်ချက်တို့ကြောင့် အမြန်ကွယ်ပျောက်သွားလေသည်။ ရင်ဘတ်က တောက်လောင်နေသော အပူနှင့် နှလုံးခုန်သံပြင်းပြင်းရောပြီး မောဟိုက်နေသော အသက်ရှူသံတို့က အာရုံခံစားမှုကို ချဲ့ထွင်ပေးလိုက်၍ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေသည်။ ဤသို့ ပြင်းထန်လှသည့် အနမ်းကြောင့် အာရုံကြောများပင် ရုတ်တရက် နှိုးထလာသလားဟု ခံစားရသည်။
အရက်နံ့က ပျံ့နှံ့လာ၍ သောက်ထားသည့် ရွှယ်ယုံနှင့်အတူ ယွီနျန်လည်း မူးဝေလာ၏။
အနမ်းကြမ်းကြမ်းကြောင့် သူ့နှုတ်ခမ်းများက နာကျင်နေပြီး ယွီနျန်က ညည်းညူသံလေးပင် ထွက်လာသည်။ ရွှယ်ယုံ့ခွန်အားတို့ ပြေလျော့သွားပြီး အနမ်းတို့က အောက်သို့ သက်ဆင်းသွားရင်း ယွီနျန့်အာဒမ်ပန်းသီး(လည်စိ)လေးကို အသာထိကာ ဖွဖွကိုက်ရန် နှုတ်ခမ်းဟလိုက်သည်။
ယားကျိကျိနှင့် ဆစ်ခနဲ နာကျင်သွားမှုက သွေးကြောထဲတွင် အမျိုးသားဟော်မုန်းများ ပြည့်နှက်သွားပြီး ဖြန့်ကျက်သွားသလို ခံစားရသည်။ အပူလှိုင်းက သူ၏ ကြောရိုးတစ်လျှောက် တိုးဝင်လာ၍ ယွီနျန်က ရွှယ်ယုံ့လက်မောင်းကို အလိုလို ဆုပ်ကိုင်လိုက်ရင်း တွန်းထုတ်ခြင်း မပြုမိချေ။ ရွှယ်ယုံက သူ၏ အာဒံပန်းသီးကို ကိုက်လာ၍ သူ့မေးစေ့ကို စောင်းလိုက်ပြီး အားနည်းလှသော လည်တိုင်လေးကို လှစ်ဟာပြထားလိုက်သည်။ သူ့မျက်လုံးများက တဖြေးဖြေး ပိတ်သွားပြီး မျက်တောင်စိပ်စိပ်လေးများကလည်း လေတိုက်၍ ပန်းပွင့်လွှာလေးများ တုန်ခါသွားသလို တုန်ယင်နေသည်။
ရွှယ်ယုံ့ လက်ဖဝါးက ယွီနျန့် ကျောအောက်ပိုင်းကို နိမ့်ဆင်းသွားပြီး အားသွန်ခွန်စိုက်နှင့် သူ့ဘက်ကို ဆွဲကပ်လိုက်သည်။ သူ့နှုတ်ခမ်းများက အနမ်းတို့ လောင်ကျွမ်းနေလျက် ယွီနျန့် နားသန်သီးလေးကို လျှာနှင့် ဖွဖွလျက်ပြီး စိုစွတ်စေကာ နောက်ဆုံး နားရွက်ဖျားလေးကို နမ်းရှိုက်ပြီးမှသာ အဆုံးသတ်သွားလေသည်။
“နျန်နျန်...."
ရွှယ်ယုံ့အသံက ပိုပြီး သြရှလာ၍ ယွီနျန့် နားစည်များပင် တုန်ခါသွားရသည်။
ယွီနျန်က ရွှယ်ယုံ့ကို တွယ်ကပ်ထားပြီး မသဲမကွဲလေသံနှင့် ပြန်ဖြေလာသည်
"အင်း..."
သူ့လေသံက သကာရည်ဆမ်းထားသည့်အတိုင်း ချိုမြနေသည်။
ရွှယ်ယုံက သူ့ခြေထောက်နှစ်ဖက်ကို ယွီနျန့်ခြေထောက်ကြား တိုးဝင်လိုက်ရင်း သူနှင့် ပိုပြီး နီးကပ်စေရန် ယွီနျန့်ကို ဖိထားလိုက်ကာ သူ့လက်ဖဝါးက ယွီနျန့်ကျောအောက်ပိုင်းကို နှောင့်ယှက်နေသည်။
သူ့လေသံတွင် ရှက်ရိပ်တို့ စွန်းထင်းမနေပဲ အခိုင်အမာပြောလာသည်
"မင်း ကိုယ့်ကို ချစ်ပါတယ်"
သူ့နှုတ်ခမ်းများက ယွီနျန့် နားရွက်အနီးရှိ နူးနူးညံ့ညံ့အရေပြားလေးကို နမ်းရှိုက်လိုက်ရင်း သောက်လိုက်သည်နှင့် ချက်ချင်း မူးဝေသွားစေမည့် နှစ်ချို့ဝိုင်လို လေသံနှင့် စကားဆိုလာသည်
" ကိုယ် မင်းကို လွမ်းလွန်းလ်ို့ ကိုယ့်ရဲ့ အရိုးတွေတောင် နာကျင်နေရတယ်"
ယွီနျန့် အသက်ရှူသံက တည်ငြိမ်သွားပြီး ရွှယ်ယုံက သူ့ကို ဆက်ပြီး ပြင်းပြင်းရှရှ နမ်းရှိုက်လာသည်ကို ခွင့်ပြုပေးထားလိုက်သည်။
"ခင်ဗျား သောက်လာတာလား"
"ဟုတ်တယ်"
ရွှယ်ယုံက ဝမ်းနည်းနေသည့် လေသံနှင့် ပြန်ဖြေလာသည်။
"မင်းကို စိတ်မသက်မသာ ဖြစ်စေလို့လား"
သူ့နာဖူးကို ယွီနျန့်နာဖူးပေါ် တင်လိုက်ရင်း နှစ်ကြိမ်ခန့် ပွတ်လိုက်ပြီး ယွီနျန့်လက်ကို ယူ၍ သူ၏ဝဲဘက်ရင်အုံထက် တင်ပေးလိုက်သည်။
"ဒီနေရာက မသက်သာဘူး...နျန်နျန်...တကယ်ကို မသက်မသာ ဖြစ်နေတယ်"
ယွီနျန်က သူ့လက်ကို ရုတ်သိမ်းမသွားသလို နှစ်သိမ့်စကားလည်း ဆိုမလာချေ။ ထိုအစား မေးလာသည်
" ကျွန်တော်က ခင်ဗျားကို ချစ်မှန်း ဘယ်လိုသိလဲ"
"မင်းက ကိုယ့်ကို စိတ်ဆိုးသွားတယ်...ထွက်သွားပြီးတော့ လိုက်ရှာလို့မရအောင် လုပ်သွားတာလေ...ဒါပေမယ့် မင်းက ကိုယ့်အတွက် တံခါးဖွင့်ပေးထားပြီးတော့ ကိုယ့်ကို နမ်းရှိုက်နေတုန်းပဲ"
နှစ်စက္ကန့်မျှ စကားရပ်သွားပြီးနောက် သူက ဆက်ပြောလာသည်
" ကိုယ်က မင်းကိုယ့်ကို တကယ်ပဲ ထပ်မလိုချင်တော့ဘူးလို့ ထင်ခဲ့တာ"
ယွီနျန်က စကားပြောမလာသေး၍ ရုတ်တရက် ရွှယ်ယုံက သူ့ကို မ,ချီလိုက်သည်။ဧည့်ခန်းက မှောင်နေသော်လည်း ရွှယ်ယုံက အခန်းနှင့် ရင်းနှီးနေ၍ ယွီနျန့်ကို ဆိုဖာဆီသို့ ခေါ်သွားလိုက်သည်။
သူက ယွီနျန့် တစ်ဖက်တစ်ချက်စီတွင် လက်ထောက်လိုက်ရင်း ပိုင်ဆိုင်လိုစိတ်ပြင်းနေသည့်ပုံစံနှင့် ယွီနျန့်တစ်ကိုယ်လုံးကို သိမ်းယူလိုက်သည်။
ရွှယ်ယုံက ယွီနျန့် နှုတ်ခမ်းစွန်းလေးကို နမ်းလိုက်ရင်း စကားဆိုလာသည်
" ဒါပေမယ့် မင်းလေး ကိုယ့်ကို စိတ်ဆိုးတာပဲဖြစ်ဖြစ် ကိုယ့်ကြောင့် ဝမ်းနည်းသွားတာပဲဖြစ်ဖြစ် ကိုယ့်ကို စိတ်ပျက်သွားတာပဲဖြစ်ဖြစ် ....ကိုယ့်ကို ချစ်နေတုန်းပဲလေ"
နှစ်စက္ကန့်မျှ စကားရပ်သွားပြီး သူက ဆက်ပြောလာသည်
" နျန်နျန်... ကိုယ့်ကိုချစ်ဖို့အတွက် မင်းကိုပဲ မှီခိုနေရတာပါ"
ပြတင်းပေါက်အပြင်ဘက်မှ နီယွန်မီးရောင်များက ဖြာကျနေ၍ အမှောင်ထုထဲတွင် တစ်ယောက်နှင့်တစ်ယောက် ပုံရိပ်ကို မသဲမကွဲမြင်နေရသည်။ ယွီနျန်က ခေါင်းလှည့်လိုက်ရင်း သူ့ဘက်ကစ၍ ရွှယ်ယုံ့လက်ကောက်ဝတ်ကို ယူပြီး အသာအယာ နမ်းရှိုက်လိုက်သည်။
"ဟုတ်ပါပြီ" သူက ပြောနေရင်း လေသံက ဖြေးဖြေး ပျော့ပျောင်းလာသည် " ရွှယ်ယုံ...ခင်ဗျားကို ချစ်ဖို့အတွက် ကျွန်တော့်ကို မှီခိုထားလို့ရပါတယ်...ကျွန်တော်က ခင်ဗျားကို လက်လွှတ်ပေးမှာမဟုတ်လို့ပဲ"
ရွှယ်ယုံ့အသက်ရှူသံက လည်ချောင်းထဲတွင် တစ်သွားလေသည်။ အမှောင်ထုထဲတွင် သူက ယွီနျန့်ကို အချိန်အတော်ကြာသည်ထိ ကြည့်နေပြီး သူ့လက်ကို အားလျှော့လိုက်ရင်း ယွီနျန့် လည်တိုင်တစ်ဝိုက် ခေါင်းကို တိုးဝင်လျက် ပွေ့ဖက်လာသည်။
သစ်ကတိုးနံ့ဖျော့ဖျော့လေးက လေထုထဲ သင်းပျံ့နေပြီး သူတို့ပတ်ပတ်လည်တွင် ကွေ့ဝိုက်ကာ နေရာယူလာသည်။ ယွီနျန်က ရွှယ်ယုံ့ကို ဖက်ခွင့်ပေးထားပြီး စိတ်လှုပ်ရှားနေ၍ အပူလှိုင်းက သွေးကြောများကြား ပျံ့နှံ့သွားသည်။
နူးညံ့ပြီး ကြည်လင်ပြတ်သားသည့် လေသံနှင့် သူ့ဘက်က စကားဆိုလာသည်
" ခင်ဗျားကို ချစ်ဖို့အတွက် ကျွန်တော့်ကို မှီခိုထားလို့ရပါတယ်...ကျွန်တော့်ကို ဝေဖန်နိုင်တယ် စိတ်ဆိုးလို့ရတယ်...ကျွန်တော်က ခဏလောက် စိတ်မကောင်းဖြစ်သွားနိုင်ပေမယ့် ခင်ဗျားကို ချစ်နေတုန်းပါပဲ...ခင်ဗျားရဲ့ ခက်ခဲမှုတွေ ကြောက်ရွံ့မှု သဝန်တိုတာ ပိုင်ဆိုင်ချင်တာတွေ ကျွန်တော့်ကို ပြပေးလို့ရတယ်...ကျွန်တော်က ခင်ဗျားနှင့်အတူ ရှိနေပေးမှာ နှစ်သိမ့်ပေးမှာ...ခင်ဗျားကို နားလည်ဖို့ အကောင်းဆုံး ကြိုးစားပေးမှာပါ...
ကျွန်တော့်ကို လာတွေ့ချင်လည်း တွေ့လို့ရတယ်... ကျွန်တော့်ကို အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာတွေ ပြောချင်လည်း ခင်ဗျား ကြိုက်သလောက် ပို့လို့ရတယ်... ကျွန်တော်က စိတ်ပျက်စရာလို့ တွေးမှာမဟုတ်ဘူး... ကျွန်တော့်ဘက်က အရာရာတိုင်းကို မြတ်နိုးပြီး တန်ဖိုးထားပေးမှာ..."
ထိုသို့ပြောနေရင်း ယွီနျန်က နှုတ်ခမ်းတို့ ကွေးလိုက်ရာ အပြုံးရေးရေး ပေါ်လာသည်
" ကျွန်တော့်ကို ယုံကြည်ဖို့ ခင်ဗျား ထပ်စမ်းကြည့်လိုက်လို့လည်း ရတယ်...ခင်ဗျားရဲ့ ဆွဲဆောင်မှုက ကျွန်တော့်အပေါ် ဘယ်လောက်အားပြင်းတယ်ဆိုတာ ယုံကြည်ပေးဖို့... ခင်ဗျားအပေါ် ကျွန်တော့်ရဲ့အချစ်က ဒီလိုကိစ္စတွေကြောင့် လျော့နည်းသွားမှာ မဟုတ်ဘူးဆိုတာ ယုံကြည်ပေးဖို့...ကျွန်တော်က ပြီးပြည့်စုံမှုမရှိတဲ့ ခင်ဗျားရဲ့ ပုံစံအစစ်ဖြစ်တဲ့ ခင်ဗျားရဲ့ အရာအားလုံးကို မြင်ဖူးသွားရင်တောင် ခင်ဗျားကို ချစ်နေဦးမှာပဲ...ပိုပြီးတော့တောင် ချစ်နေဦးမယ်"
“ဟုတ်ပြီလား...ရွှယ်ယုံ"
ရွှယ်ယုံ့ အသက်ရှူသံက ပိုပြီး ပေါ့ပါးလာကာ အချိန်တစ်ခုကြာမှ တုန်ယင်နေသော အသံနှင့် ပြန်ဖြေလာသည်
"အင်း"
ဧည့်ခန်းထဲတွင် မီးများ ပြန်ဖွင့်လိုက်သောအခါ ယွီနျန်က မေးလာသည်
" ညစာစားပြီးပြီလား"
ရွှယ်ယုံက ခေါင်းခါပြလာသည်
" ဟင့်အင်း"
သူက ထပ်ပြောလာ၏။
" နျန်နျန် ကိုယ် တကယ် ဗိုက်ဆာနေတာ"
ယွီနျန်က မီးဖိုချောင်ဘက် လှည့်ထွက်သွားလေသည်။ သူက ရွှယ်ယုံလိုက်လာမှန်း သတိထားမိ၍ မေးပင့်ပြီး ပြောလာသည်
"မစ္စတာရွှယ်...ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးလို့ရမလား... ခင်ဗျားဖုန်းထဲမှာ ကျွန်တော့်ကို မပို့ဖြစ်တဲ့ ခင်ဗျားရေးထားတဲ့ မက်ဆေ့ချ်တွေအကုန်လုံး ပို့ပေးထားပါ...လုပ်ပေးနိုင်မလား"
ရွှယ်ယုံ့နားရွက်များက ချက်ချင်း ရဲတွတ်သွားသည်။ သူက နှုတ်ခမ်းတင်းတင်း စေ့လိုက်ရင်း ပြန်ဖြေလာသည်
" ကောင်းပါပြီ"
အချိန်အနည်းငယ်
ကြာပြီးနောက် ဘေးတွင် ချထားသည့် ယွီနျန့်ဖုန်းက အဆက်မပြတ် မြည်လာသည်။ အရံဟင်းပွဲများကို ပြန်နွှေးလိုက်ပြီးနောက် ယွီနျန်က ရွှယ်ယုံကို တူတစ်စုံ ပေးလိုက်ပြီး မျက်စောင်းထိုးနေရာတွင် ဝင်ထိုင်လိုက်ရင်း မက်ဆေ့ချ်ဖတ်ပြီး သူနှင့်နေပေးလိုက်သည်။
“နျန်နျန်ရေ...ဒီနေ့ ကော်ဖီက တကယ် ကောင်းတယ်"
"နျန်နျန်ရေ...ဒီနေ့ အစည်းအဝေးက ကြာလိုက်တာ အစီရင်ခံစာတွေကလည်း ဘာမှအဓိပ္ပါယ်မရှိတာတွေ...ကိုယ် ဗိုက်ဆာလှပြီ"
"နျန်နျန်ရေ... မိုးရွာပြန်ပြီနော်...ထီးရော ဆောင်ထားရဲ့လား"
"နျန်နျန်ရေ... ဒီနေ့ မှတ်တမ်းတွေ များလိုက်တာ ကိုယ်ပင်ပန်းနေပြီ"
"နျန်နျန်ရေ...ကိုယ်မင်းကို လွမ်းတယ်...မင်း ရိုက်ကူးရေးလုပ်နေရတာ မို့လား"
ယွီနျန်က ဂရုတစိုက် ဖတ်လိုက်ပြီးနောက် တစ်ခုချင်းစီကို စာပြန်ပေးလိုက်သည်။ သူက မက်ဆေ့ချ်အားလုံးကို ဖတ်ပြီးသောအခါ ရွှယ်ယုံလည်း အဆာပြေစားပြီးသွားပြီး ပန်းကန်ဆေးရန် မီးဖိုချောင်ထဲ ဝင်သွားပြီဖြစ်သည်။
ဖုန်းချလိုက်ရင်း ယွီနျန်က သာမန်ကာလျှံကာ မေးလိုက်သည်
" ဘယ်သူ အရင်ဆုံး ရေချိုးမလဲ...ခင်ဗျားလား ကျွန်တော်လား"
ရွှယ်ယုံ တိတ်နေမှန်း တွေ့လိုက်၍ ယွီနျန်က လက်ပေါ်မေးထောက်လိုက်ပြီး ကုလားထိုင်နောက်ကျောကို မှီလိုက်သည်
" ဒီည ခင်ဗျား မပြန်နဲ့တော့လေ"
ရွှယ်ယုံက သူ့အကြည့်ကို ရှောင်နေရင်း ပြောလာသည် "...မင်း အရင်ချိုးလိုက်ပါ"
နောက်တစ်နေ့မနက်တွင် ယွီနျန်က သူ၏ ဇီဝနာရီအတိုင်း အိပ်ရာနိုးလာချိန် ရွှယ်ယုံက သူပျောက်သွားမှာစိုးသည့်နှယ် သူတို့ကြား အကွာအဝေးတစ်ခုမှ မခြားစေပဲ တင်းတင်းကျပ်ကျပ် ဖက်ထားမှန်း တွေ့လိုက်ရသည်။
ယွီနျန်က ဟိုလှုပ်သည်လှုပ် လုပ်လာ၍ ရွှယ်ယုံက နိုးလာသည်။ အိပ်တစ်ဝက် နိုးတစ်ဝက်အနေအထားနှင့် လက်မောင်းထဲရှိ လူသားလေး၏ နာဖူးကို နမ်းရှိုက်လိုက်သည်။ သူက အိပ်ရာနိုးကာစဖြစ်၍ အသံက သြရှနေသည်
" နျန်နျန်..."
ယွီနျန်က သူ့မျက်တောင်များကို လှမ်းပိတ်လာရင်း "ရှူး"ဟု လုပ်ပြလာသည်။
စောင်ပါးလေးတစ်ထည်က သူတို့နှစ်ယောက်ပေါ် သေသေသပ်သပ် နေရာယူလာသည်။ ရွှယ်ယုံ့အသက်ရှူသံက ပြောင်းလဲလာချိန် ယွီနျန်က အနားတိုးကပ်ပြီး မှီလိုက်ရင်း ရွှယ်ယုံ့နှုတ်ခမ်းထောင့်လေးကို နမ်းရှိုက်ပြီး တောက်တောက်ပပ ပြုံးလာသည်
" မင်္ဂလာနံနက်ခင်းပါ"
*****
ယွီနျန်က မုန့်ယွမ်နှင့် တွေ့သောအခါ မုန့်ယွမ်က မျက်ခုံးပင့်ပြီး ပြုံးပြလာသည်
" အို့...ငါတို့ နျန်နျန်လေးက သွေးအပြည့်နှင့် အသက်ဝင်လာပြီပေါ့..."
ယွီနျန်က ပွင့်ပွင့်လင်းလင်း ခေါင်းညိမ့်ပြလာသည်
" ဟုတ်ကဲ့"
မုန့်ယွမ်က ထပ်ပြီး မေးမလာတော့ချေ။ ယွီနျန်၏ ပြုံးနေသော မျက်နှာကို တွေ့လိုက်၍ ပြဿနာအကြီးအသေးအားလုံး ဖြေရှင်းသွားပြီးပြီဟု ယူဆလိုက်သည်။ သူက အချိန်မဖြုန်းချင်တော့၍ ပြောလာသည် "လာလာ...ငါတို့ ဒီည နောက်ကျတဲ့အထိ နေရမှာ...'ရှေးဟောင်းလမ်းမ'က ညလယ်မှ ပြမှာလေ... ဒါ မင်းရဲ့ သီချင်း...ပြီးတော့ မင်းက ရုပ်ရှင်ထဲမှာဆို ဇာတ်ရံနေရာမှာ ရှိတာပေါ့"
ယွီနျန်က အချိန်ဇယားကို ယူလိုက်ပြီး အလျင်အမြန် တစ်ချက်ကြည့်လိုက်သည်။ သူက စိတ်အခြေအနေကောင်းနေဟန် ပြောလာသည်
"ကိစ္စမရှိဘူး...ကျွန်တော့အစ်မကို တွေ့ပြီးကတည်းကဆို အချိန်တော်တော်ကြာပြီရော..."
မုန့်ယွမ်က နောက်ထပ် စာလိပ်တစ်ခု ကမ်းပေးလာသည်။
"ရွှေတေးသွားဆုက ၅ရက်နေ့မှာနော်...မင်း စံကာတင်စာရင်းထဲ နေရာဘယ်လောက်များများ ဝင်ထားလဲ တွက်ကြည့်လိုက်ဦး"
ယွီနျန်က သေသေချာချာ ကြည့်လိုက်ရာ အံ့အားသင့်သွားရသည်
"အကောင်းဆုံး အမျိုးသား တေးသံရှင်ဆု... တစ်နှစ်တာ အကောင်းဆုံးသီချင်းဆု... အကောင်းဆုံး အယ်လ်ဘမ်ဆု... အကောင်းဆုံး တည်းဖြတ်ဆု... အကောင်းဆုံးတေးရေးဆု...အကောင်းဆုံး သီချင်းစာသားဆု...အကောင်းဆုံး အမျိုးသားအနုပညာရှင်ဆု...လူကြိုက်အများဆုံး အမျိုးသားအဆိုရှင်ဆု...ဘာလို့ တအားများနေတာလဲ...ကျွန်တော်က ဒါတွေအကုန်လုံး စံကာတင်ဝင်ထားတာလား"
"ငါလည်း တွေ့သွားတဲ့အချိန်တုန်းက အရမ်း လန့်သွားတာပဲ...ဒါပေမယ့် စဥ်းစားကြည့်လေ ...မင်းရဲ့ သီချင်းတွေက အဓိကသီချင်းပလက်ဖောင်းမှာ ထိပ်ဆုံးသုံးနေရာကို အကြာကြီး ယူထားခဲ့တာ... ပြီးတော့ မင်းရဲ့ အယ်လ်ဘမ် ရောင်းရနှုန်းကလည်း နံပတ်တစ်ပဲ ... မင်းသာ စံကာတင်မဝင်ခဲ့ရင် ရွှေတေးသွားဆုပေးပွဲရဲ့ နောက်ကွယ်မှာ သမာသမတ်မကျတဲ့ စီးပွားရေးရှိနေမယ်လို့ လောင်းရဲတယ်..."
မုန့်ယွမ်က သူ ပိုပြီး စိတ်ငြိမ်လာမှန်း ခံစားမိ၍ ယွီနျန့်ကို အနုပညာရှင်တစ်ယောက်အဖြစ် စပြီး စီမံပေးတော့သည်
" ခေါင်းစဥ်အချို့လောက်ပါပဲ..ဂဏန်းနှစ်လုံးလောက်တောင် မရှိဘူး"
သူက အပြုံးလေးနှင့် ထပ်ပြောလာသည်။
ယွီနျန်က သူနှင့်အတူ ရယ်မောလိုက်သည်။
အချိန်ဇယားအကြောင်း ဆွေးနွေးပြီးနောက် မုန့်ယွမ်က အချိန်ကို တစ်ချက်ကြည့်လိုက်သည်
" ငါ အများကြီး မပြောရသေးပါဘူး...ဘာလို့ နောက်ကျနေပြီလဲ...သွားကြစို့...ငါတို့ အခု ထွက်ဖို့ လိုပြီ...ဒီနေ့ မင်းရဲ့ အချိန်ဇယားက ၁၀နာရီ ၃၀မိနစ်မှာ စမှာ"
သူတို့က အပြင်ဘက် လမ်းလျှောက်သွားလိုက်ရင်း ယွီနျန်က မေးလာသည် " ယဥ်ကျေးမှုပရိုမိုရှင်းလရဲ့ လူထုဝန်ဆောင်မှု ကြော်ငြာရိုက်ကူးရေးအတွက်လား"
"ဟုတ်တယ်...အဲ့ဒီတစ်ခုပဲ...အနုပညာရှင်တွေအများကြီး ပါဝင်ကြမှာ... ပြီးတော့ တစ်ယောက်ချင်းစီကလည်း screen timeကို စက္ကန်နည်းနည်းပဲ ရတာဆိုတော့ ဒုက္ခမများတော့ဘူးလေ...မြန်မြန်ပြီးတာပေါ့"
လမ်းတွင် သူတို့က မီးနီအချို့ ကြုံရသော်လည်း ယာဥ်အသွားအလာမကျပ်၍ နျင်းချန်မြို့၏ ရှေးဟောင်းလမ်းကလေးပေါ်သို့ စီစဥ်ထားသည်ထက် ၁၀မိနစ်ခန့် စောရောက်သွားသည်။
မုန့်ယွမ်က ယွီနျန့်နောက်က လိုက်ခဲ့ရင်း ဘေးပတ်လည်ကို ကြည့်နေသည်
" ငါ ဒီနားတစ်ဝိုက်မှာ ဖလောရင့်ရဲ့ ကြော်ငြာရိုက်ကူးတုန်းက အချိန်ကို မှတ်မိပါသေးတယ်...ဒီနေရာကို ချင်းကျန်းလမ်းမလို့ ခေါ်တယ်...ဟိုဘက်ခြမ်းက ချင်းရှီလမ်းမ မို့လား"
ယွီနျန်ရပ်နေသည့် နေရာမှ အဆောက်အအုံနိမ့်နိမ့်နှစ်ခုကြားရှိ စီနျင်းအိမ်တော်၏ ခေါင်းမိုးကို မြင်နေရသည်။ သူက အကြည့်တို့ ရုတ်သိမ်းလိုက်ရင်း ပြန်ဖြေလာသည်
" ဟုတ်တယ်...အဲ့ဒီတစ်ခေါက်က ကျွန်တော်တို့ စီနျင်းအိမ်တော်ရဲ့ ညာဘက်ဘေးမှာ ကြော်ငြာရိုက်ခဲ့တာလေ..."
မုန့်ယွမ်က ရုတ်တရက် သတိထားမိသွားသည် " စီနျင်းအိမ်တော်...စီနျင်း...တိုက်ဆိုင်လိုက်တာ ...မင်းနဲ့ နာမည်တူနေတယ်...မင်းလည်း စီနျင်းပဲလေ"
ယွီနျန်က ခေါင်းညိမ့်ပြလာသည်
" ဟုတ်တယ်...အတူတူပဲ"
နာမည်တူသည်က တွေ့ရများသောအရာ ဖြစ်ပြီး အထူးသဖြင့် ထိုနာမည်နှစ်ခုလုံးက တွေ့နေကျနာမည်များ ဖြစ်သည်။ မုန့်ယွမ်က များများစားစား မစဥ်းစားတော့ချေ။
ထိုအချိန် ကြော်ငြာရိုက်ကူးမည့် ဒါရိုက်တာလည်း ရောက်လာသည်။ အချင်းချင်း နှုတ်ဆက်ကြပြီးနောက် ဒါရိုက်တာက ပြောလာ၏
" ဒီရိုက်ကူးရေးက ရိုးရိုးရှင်းရှင်းပါပဲ... ယွီနျန် မင်းက ရှေးဟောင်းလမ်းမရဲ့ အစွန်းတစ်ဖက်ကနေ နောက်တစ်ဖက်ကို လမ်းလျှောက်သွားရုံလေးပဲ... ဘာမှ ဇာတ်ကွက်တွေ မပါဘူး... ပုံမှန်ခရီးသွားတစ်ယောက်လို လုပ်သွားရမှာ...အချိန်လေးယူပြီး ရှေးဟောင်းလမ်းကလေးကို ခြေကျင်လျှောက်သွားပြီး ဆိုင်ခန်းလေးတွေကနေ ခင်းကျင်းပြထားတဲ့ အရာတွေကို ကြည့်ရမှာမျိုး..."
ဒါိရိုက်တာက လက်ဟန်အမူအရာနှင့် ရှင်းပြပေးနေရင်း ယွီနျန့်ကို မေးလာသည်
" နားလည်ပြီလား" “
ယွီနျန်က ပြန်ဖြေလာသည်
"
ကျေးဇူးပါ...ဒါရိုက်တာကြီး...ကျွန်တော် နားလည်ပါပြီ"
သင့်တော်မည့် အဝတ်အစားများ လဲဝတ်လိုက်ပြီး ကျောပိုးအိတ်လွယ်လိုက်ပြီးနောက် ကင်မရာသမားများကလည်း အဆင်သင့်ဖြစ်ပြီ ဖြစ်၍ ဒါရိုက်တာက ကင်မရာနောက်တွင် ရပ်နေရင်း အသံချဲ့စိတ်နှင့် အော်လာသည်
" အက်ရှင်"