Chapter 125
ယွီနျန်က ကင်မရာရှေ့တွင် သက်သက်သာသာပင်။ သူ့နောက်တွင် လူအုပ်လိုက် လိုက်ပါနေသော်လည်း သူက ဒါရိုက်တာ ညွှန်ကြားထားသည့် သာမန်ခရီးသွားတစ်ယောက် ပုံစံအတိုင်း ဟန်ဆောင်ရင်း စိတ်အေးလက်အေး ဖြစ်နေသည့်ပုံပေါ်သည်။
နျင်းမြို့တော်တွင် သမိုင်းကြောင်းရှည်ကြီး တစ်ခု ရှိခဲ့၍ ရှေးဟောင်းလမ်းကလေးကလည်း နှစ်ပေါင်းမနည်းတော့ပေ။ "ရှေးဟောင်း"ဆိုသည့် စကားအတိုင်း ဆိုင်ခန်းငယ်များကလည်း လက်ရေးလှ၊ ကြွေထည်ပစ္စည်းနှင့် ရှေးဟောင်းပစ္စည်းများ ရောင်းချကြလေသည်။
ကင်မရာမီးများက လိုက်ပါနေကြ၍ ယွီနျန်က ရှေးဟောင်းလမ်းကလေးတစ်လျှောက် ပြုပြင်မွမ်းမံထားသည့် အပြာရောင်ကျောက်ခင်းလမ်းလေးအတိုင်း လျှောက်သွားလိုက်သည်။ သူ့အကြည့်က စျေးရောင်းခုံတွင် တင်ထားသော အမျိုးမျိုးသော ကုန်ပစ္စည်းများအပေါ် ဝေ့ဝဲသွားရင်း မသိလိုက်စွာနှင့် စိတ်ထဲတွင် ပစ္စည်းနာမည်များ မှတ်ကြည့်နေသည်။
“အပြာနဲ့အဖြူစပ် ငှက်ပုံ ပန်းအိုး အတု... နှင်းဆီပန်းရှုခင်းပုံ ပန်းအိုး အတု... မင်ရည်ကွက်ပုံ ဖောင်တိန်အစွပ် အတု... နားရွက် နှစ်ထပ် ဒရယ်အကွက်ပါ ထည့်စရာခွက် အတု.... သို့ချိုက်ကြက် ...."
နေပါဦး...
သူ့အသက်ရှူသံ ရပ်တန့်သွားရင်း ယွီနျန်က ခြေလှမ်းနှေးလိုက်ပြီး တစ်နေရာကို အနည်းငယ် စူးစိုက်ကြည့်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ဒါရိုက်တာကလည်း ခဏနားမည်ဟု အော်လာပြီး မီးအလင်းအဖွဲ့ကို ပြန်လှည့်ခဲ့ရန် လက်ယမ်းပြလာသည်။ ယွီနျန်က တစ်ချက်မှ မရွေ့ပဲ စျေးရောင်းခုံတွင် ပြထားသည့် ရွှံ့စေးခြောက်နှင့် ဖုံးထားသည့် ကြွေထည်ခွက်များကို သေသေချာချာ စစ်ဆေးကြည့်နေလိုက်သည်။
ဆိုင်ပိုင်ရှင်က ယွီနျန် စိတ်ဝင်စားနေမှန်း သတိထားမိ၍ အမြန် စကားဆိုလာသည်
" ဒီကြွေထည်က ပို့ကုန်လေ...ဆံပင်တွေအကုန် ဖြူနေတဲ့ အမျိုးသမီးကြီး တစ်ယောက်က ယူလာခဲ့ပြီး သူမကိုယ်စား ရောင်းပေးဖို့ ပြောခဲ့တာ...သူမရဲ့ ခြံဝန်းထဲကနေ တူးပြီးရခဲ့တာတဲ့...အကြင်နာတရားရှိစွာနဲ့ သူမကို ကူညီပေးမယ်လို့ သဘောတူလိုက်တယ်"
ယွီနျန်က အကြည့်မလွဲပဲ မေးလာသည်
" ခြံဝန်းထဲကနေလား...ပစ္စည်းပို့လာတဲ့သူက ဒေသခံလား"
ဆိုင်ပိုင်ရှင်က ခေါင်းကုတ်လိုက်ရင်း သေသေချာချာ ပြန်စဥ်းစားလိုက်သည်
"အင်း...ကြည့်ရတာတော့ ဒေသခံပဲ...သူမက ပြောခဲ့သေးတယ်...အို့ ဟုတ်ပြီ...သူမ အမျိုးသားရဲ့ မိသားစုနာမည်က 'ရှောင်'ဆိုပြီး ပြောခဲ့သေးတယ်"
ယွီနျန်က ထပ်ပြီး စုံစမ်းမေးမြန်းလာသည်
"ဘယ်ရှောင်မိသားစုလဲလို့ မေးပါရစေ"
"ရှောင်ယွဲ့မိသားစုကပါ" ဆိုင်ပိုင်ရှင်က ပြုံးပြလာသည်။
"မင်းက ငါတို့ရဲ့ နျင်းမြို့တော်ယဥ်ကျေးမှုကို ကြော်ငြာပေးဖို့ ကြော်ငြာရိုက်ကူးရေး လုပ်နေတာကြောင့် မင်းကို လှည့်စားမှာ မဟုတ်ပါဘူး...ဒီကြွေထည်ပစ္စည်းက အများကြီး တန်တယ်လို့တော့ မထင်မိဘူး... ရွှံ့စေးကလည်း လောလောလတ်လတ် သုတ်ထားတာ ဖြစ်နိုင်တယ်...ပြီးတော့ ၂၅၀၀ယွမ်တောင် မရှိလောက်ပါဘူး... ဒါပေမယ့် အဲ့ဒီအမျိုးသမီးကြီးက သူမရဲ့ အိမ်ဝန်းထဲမှာ တူးဖော်ရရှိခဲ့တယ်လို့ အခိုင်အမာပြောနေပြီးတော့ ခွက်ပေါ်မှာ အညစ်အကြေးတွေလည်း ရှိနေတာကြောင့် တန်ဖိုးတော့ ရှိရမယ်... စျေးကိုလည်း ယွမ်၂၅၀၀၀ထိ မြင့်ပြီး ပြောထားသေးတယ်...ဘာမှကောင်းကောင်း သိပ်မသိတဲ့ ပိုက်ဆံပေါတဲ့ နုံနုံအအ ခရီးသွားတွေကို လှည့်စားဖို့ ဆုံးဖြတ်ထားတာနေမှာ...သူမက တကယ် ဥာဏ်များတယ်..."
သူက လက်ငါးချောင်းနှင့် လက်ဟန်အမူအရာလုပ်ပြရင်း နှစ်ကြိမ် လက်ယမ်းပြလာသည်
" ဒါပေမယ့် အခုခေတ်လူတွေက အရူးလုပ်ရ မလွယ်တော့ဘူးလေ... ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါ့မှာ ဒီပစ္စည်း ဒီနေရာရောက်နေတာ နှစ်လသုံးလလောက် ရှိတော့မယ်...ရောင်းမထွက်သေးဘူး...တစ်ယောက်မှ ဒီပစ္စည်းကို လှည့်လို့တောင် ကြည့်မလာဘူးလေ"
သူက ရယ်သွမ်းသွေးလိုက်သည်
" ငါ့ထင်မြင်ချက်အရဆို ယွမ်၂၅၀၀၀နဲ့ ဝယ်တဲ့သူက အရူးပဲ"
ယွီနျန်က ပါးစပ်ဟလာသည်
" ကျွန်တော် အဲ့ဒီပစ္စည်းကို ဝယ်မယ်"
ဆိုင်ပိုင်ရှင်က ဝေခွဲမရဖြစ်သွားပြီး ချင့်ချိန်စဥ်းစားကြည့်သည်။ ဒီလူက တုံးအပြီးတော့ ချမ်းသာတဲ့သူလား...။ ငါက သူ့ကို ကြိုစားပြီး တားနေတာကို ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့...။
သူက စိတ်အားထက်သန်စွာ ပြောလာသည်
" ငါ မင်းကို အားလုံး ရှင်းပြပေးပြီးပြီလေ...ဒါက တဆင့်ရောင်းပေးတာ...ပိုက်ဆံက ငါ့လက်ထဲ ရောက်သွားတာနဲ့ မင်း စိတ်ပြောင်းသွားရင်တောင် ပစ္စည်းက ငါ့ရှေ့မှာ ရှိနေရင်တောင်မှ ပြန်အမ်းပေးလို့ မရတော့ဘူးနော်..."
ယွီနျန်က ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလာသည်
" ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ကျွန်တော် ဒီခွက်ကို တကယ်ကို ဝယ်ချင်တာပါ"
သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ရင်း ဆိုင်ပိုင်ရှင်က သူ့ကို ထပ်ပြီး ဖျောင်းဖြမလာတော့ချေ။ စင်စစ် စျေးမရောင်းရလျှင် အလုပ်ဖြစ်မည်မဟုတ်။ သူက ဆိုလာသည်
" ကောင်းပြီလေ...ငါ မင်းကို ရောင်းပေးလိုက်မယ်... ငါ့ဆိုင်ကို လှည့်ကြည့်ပါဦးလား...မင်း လိုချင်တာရှိရင် ငါမင်းကို လျှော့စျေးနဲ့ ပေးလိုက်မယ်လေ... ဒီကြွေရည်သုတ်ပစ္စည်းလေးကို ကြည့်ကြည့်ဦး..."
စကားအနည်းငယ်ကို စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက် ယွီနျန်က ဖြတ်ပြောလာသည်
" တော်ပြီဗျ... ကျွန်တော်က ဒါလေးပဲ လိုချင်တာ...တခြားဟာတွေ မဝယ်တော့ပါဘူး"
"ကောင်းပြီလေ...ငါ မင်းအတွက် ထုတ်ပေးလိုက်မယ်" ဆိုင်ပိုင်ရှင်က မေးလာသည်
" မထုတ်ပိုးခင် အဲ့ဒီထိပ်နားလေးက ရွှံ့တွေကို သုတ်ပေးရဦးမလား"
“ကျေးဇူးပါ....ထုတ်သာ ထုတ်ပေးလိုက်ပါ ...သန့်ရှင်းပေးရသည်ထိ ဒုက္ခမပေးတော့ပါဘူး"
ထိုစဥ် ဒါရိုက်တာက မီးအလင်းအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးနေဆဲဖြစ်၍ ယွီနျန်က ကြွေခွက်လေး ကိုင်ထားရင်း မုန့်ယွမ်ကို သွားရှာလိုက်သည်။ သူက မေးလာသည်
" အစ်ကိုမုန့်... ကျွန်တော့်ကို ဒါလေး သိမ်းထားပေးလို့ရမလား"
ယွီနျန်က အတည်တကျ ပြောနေမှန်း တွေ့လိုက်ရ၍ မုန့်ယွမ်က သိချင်စိတ်နှင့် မေးလိုက်သည် " ရိုက်ကူးရေးလုပ်နေတုန်းက staffတစ်ယောက်က ပြောသွားတာ မင်းက ကြွေပန်းကန်လုံးအပဲ့လေးကို ဝယ်ဖို့ ယွမ်၂၅၀၀၀ သုံးလိုက်တာဆို ...အဲ့ဒါ ဒီတစ်ခုလား... တစ်ခုခု ထူးခြားတဲ့ အမှတ်အသားမျိုး ပါလို့လား"
“ပန်းကန်လုံး မဟုတ်ပါဘူး...ခွက်ပါ...ဒါပေမယ့် ကျွန်တော်ကတော့ တစ်ခုခု ထူးခြားတာပါတယ် ဆိုပြီး လုံးဝသေချာနေတာမျိုး မဟုတ်ပါဘူး...ကျွန်တော် အိမ်ရောက်မှ ပြန်ရှာကြည့်လိုက်မလို့"
ထိုအကြောင်း ကြားသောအခါ မုန့်ယွမ်က ပစ္စည်းက တော်တော်လေး ထူးခြားနေမှန်း သိလိုက်ပြီဖြစ်သည်။ သူက သဘောတူလိုက်သည်
" ကောင်းပြီလေ...မင်းက ကြော်ငြာရိုက်ကူးရေးကိုသာ အာရုံစိုက်ထား... မင်းအတွက် သိမ်းထားပေးမယ်...ကွဲမကျစေရဘူး မတိုက်မိစေရဘူးလို့ ကတိပေးတယ်"
သို့သော်လည်း ယွီနျန်က နျင်းမြို့ရှေးဟောင်းလမ်းကလေး၏ ဆိုင်တစ်ဆိုင်မှ ရှေးဟောင်း ကြွေပန်းကန်အလုံးလေး တစ်ခုကို ဝယ်ရန် ယွမ်၂၅၀၀၀သုံးလိုက်ခြင်း ဆိုသည့် သတင်းက မီဒီယာများတွင် ပျံ့နှံ့သွားလေသည်။
"နေ့စဥ် သတင်းထုတ်ပြန်ချက်" ဆိုသည့် အကောင့်တစ်ခုက ဝေ့ပေါ်တွင် ပိုစ့်တစ်ခုကို ပထမဆုံးအနေနှင့် စပြီးတင်လာသည် " သတင်းကတော့ ရိုက်ကူးရေးလုပ်နေစဥ်အတွင်း ယွီနျန်က ရှေးဟောင်းလမ်းကလေးထဲက ရှေးဟောင်းပစ္စည်းရောင်းတဲ့ဆိုင် တစ်ခုကနေ ကြွေပန်းကန်လုံးတစ်ခု ဝယ်ဖို့ ယွမ်၂၅၀၀၀သုံးလိုက်တယ် ဆိုတဲ့ အကြောင်းအရာပါပဲ...အဲ့ဒီကိစ္စအပေါ် မင်းတို့ရော ဘယ်လိုထင်မြင်မိကြလဲ"
[သူ့မှာ ပိုက်ဆံ သုံးဖို့ နေရာမရှိရအောင် ပေါများကြွယ်ဝနေတာလား...သူက ရှေးဟောင်းလမ်းကလေးတစ်ခုက ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး ယုံနိုင်ရတာလဲ...ပန်းကန်လုံးလေးတစ်ခု ဝယ်ဖို့ ယွမ်၂၅၀၀၀သုံးလိုက်တယ်...ငါတော့ ၂၅၀၀၀က အရမ်းစျေးကြီးလွန်းတယ်လို့ ထင်တယ်...သူ့မှာ ဦးနှောက်မရှိဘူးလား]
[သူက တကယ် လှည့်စားခံလိုက်ရပြီပဲ... ဆိုင်ပိုင်ရှင်က ရှေးခတ်ဧကရာဇ် အသုံးပြုထားတဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ဆိုပြီး စကားချိုချိုနဲ့ ပြောခဲ့လို့နေမှာ... တန်ဖိုးမြင့်အောင် အာမခံချက်တွေပါ ပေးထားခဲ့တာပဲ ဖြစ်မယ်... ငါ ဒီဇာတ်လမ်းရဲ့ ပုံစံတစ်ရာလောက် ထုတ်ပြနိုင်တယ်... ဖျော်ဖြေရေးနယ်ပယ်ထဲက နာမည်ကြီးတွေရဲ့ အာရုံခံနိုင်စွမ်းနဲ့ ဥာဏ်ရည်ကတော့ မေးခွန်းထုတ်စရာပဲ]
[ယွီနျန်က ပုံရိပ်တစ်ခု တည်ဆောက်ဖို့ အရမ်းခက်ခဲနေတာလား...သူက ခပ်ဆိုးဆိုး လူချမ်းသာကောင်လေးပုံစံနဲ့ စပြီး ပေါ်လာတယ်... စားစရာတောင် ဝယ်ဖို့ မတတ်နိုင်တဲ့သူ တစ်ယောက်အနေနဲ့ သတင်းမွှေးလာပြီးတော့ အတုယူရလောက်တဲ့ ပုံစံတစ်မျိုးကို ပြောင်းသွားပြန်တယ်... နောက်ပိုင်းကျတော့ အကြောင်းတစ်ချို့ကြောင့် သူက ကောလဟာလသတင်းတွေမှာ ပါဝင်ခဲ့တယ်...သူ့အဖွဲ့က သူ့ရဲ့ လူချမ်းသာကောင်လေးပုံရိပ်ကို လက်လွှတ်ပေးဖို့ တွန့်ဆုတ်နေလို့ ချမ်းသာတဲ့ ရှေးဟောင်းပစ္စည်းစုဆောင်းသူ တစ်ယောက်ပုံရိပ်ဘက်ကို ဦးတည်သွားပြန်တယ်... ဒါပေမယ့် ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုကနေ ပစ္စည်းတစ်ခုဝယ်ဖို့ ယွမ်၂၅၀၀၀သုံးလိုက်တာက အသိအမှတ်ပြုမခံရတဲ့ သူတစ်ယောက်အတွက် များလွန်းတာပေါ့]
သိပ်မကြာမီ ဖျော်ဖြေရေးသတင်းထောက်များက ရှေးဟောင်း လမ်းကလေးဆီသို့ သွားပြီး ရှေးဟောင်း ပစ္စည်းဆိုင်ပိုင်ရှင်ကို အင်တာဗျူးပြီး အသေးစိတ် စုံစမ်းမေးမြန်းခဲ့သည်။ ဆိုင်ပိုင်ရှင်က တစ်ခုမှ ဖုံးကွယ်မထားပဲ ယွီနျန်နှင့် ပြောခဲ့သည့် အကြောင်းအရာများကို အသေးစိတ် ပြန်လည်ပြောပြလာသည်။ အင်တာဗျူးကို ထုတ်ပြန်ပြီးသည်နှင့် #ယွီနျန်လှည့်စားခံလိုက်ရပြီ#ဆိုသည့် hashtagက အလျင်အမြန်ပင် trending topicတစ်ခု ဖြစ်လာသည်။
[#ယွီနျန်လှည့်စားခံလိုက်ရပြီ#အား.....နျန်နျန်ရေ...ငါတို့မှာ ပိုက်ဆံရှိတယ် ဆိုပေမယ့် အဲ့ဒီလိုမျိုးတော့ သုံးပစ်မှာ မဟုတ်ဘူး...ဆိုင်ပိုင်ရှင်က ပြောနေတာ ဒါဝယ်တဲ့သူက အရူးပဲတဲ့...မင်း ဘာလို့ အရမ်း အ,ရတာလဲ]
[#ယွီနျန်လှည့်စားခံလိုက်ရပြီ# ဆိုင်ပိုင်ရှင်က ပြောနေတာ ပိုက်ဆံကို အမျိုးသမီးကြီးဆီ ပေးလိုက်ပြီးပြီတဲ့...သူတို့ အခု ပြန်ရတော့မှာ မဟုတ်တော့ဘူးလေ...နျန်နျန်အတွက် ရင်တွေနာနေပါပြီ...ကောင်းပြီ ....သူက နည်းနည်းလေး ဆေးလိုက်ရင် ရေသောက်ဖို့အတွက် သုံးလို့တော့ ရလောက်မှာပါ...ဒါပေမယ့် မသုံးခင် ပိုးသတ်ဖို့တော့ လိုမယ်နော်...အဲ့ဒီ မရိုးသားတဲ့ အဘွားကြီးက ဒီပန်းကန်လုံးပဲ့ကို ဘယ်ကနေ တွေ့လာတယ် မသိပါဘူး]
[#ယွီနျန်လှည့်စားခံလိုက်ရပြီ# trending topic ဖြစ်သွားပြီလား...ငါ ပြောဦးမယ် ဒီကောင်လေးက အရမ်း ယုံကြည်ချက်ရှိလွန်းတယ် ... ဆိုင်ပိုင်ရှင်က လှည့်စားခံရမယ်လို့ သတိပေးပြီး သူ့ကို မဝယ်ဖို့ အကြံပေးပေမယ့် ယွီနျန်က တိုက်တွန်းနေလို့တဲ့လေ...ကောင်းပြီ သူက ပိုက်ဆံရှိတယ်...ပြီးတော့ သူ့အမြင်အာရုံက သဲထဲကနေ စိန်တွေ့နိုင်လောက်အောင် ထူးခြားတယ်လို့ တွေးနေတာလည်း ဖြစ်မှာပေါ့]
မုန့်ယွမ်က ကောမန့်များကို ဟိုပွတ်သည်ပွတ် ကြည့်နေရင်း အကျဥ်းချုပ်ပြောလာသည်
" မင်းရဲ့ဖန်တွေက မင်းရဲ့ပိုက်ဆံတွေအတွက် စိတ်မကောင်းဖြစ်နေကြတယ်...မင်း အလိမ်ခံရမှာ စိတ်ပူနေကြလို့ ပိုပြီး သတိကြီးကြီးထားပါလို့ တိုက်တွန်းနေကြတယ်... သူတို့အားလုံးက မင်းကို ပိုက်ဆံတွေ ဖြုန်းနေတာ ရပ်စေချင်ကြတာ... ထေ့ငေါ့လှောင်ပြောင်တဲ့ ကောမန့်တွေ အတွက်ကတော့ အဲ့တာတွေက လုပ်နေကျအကွက်တွေ သုံးတဲ့ ဘေးကရပ်ကြည့်တဲ့သူတွေ ဝေဖန်သူတွေဆီကပဲ အများဆုံးလာတာ"
သူက စကားပြောနေရင်း ယွီနျန်က ကြွေခွက်လေးကို သေသေချာချာ ကိုင်ပြီး ကြည့်နေမှန်း သတိပြုမိသွားသည်။ မုန့်ယွမ်က သိချင်လာသည်
" နျန်နျန် ဒီပစ္စည်းက တကယ်ပဲ ၂၅၀၀၀တန်တာလား"
ရှေးဟောင်းပစ္စည်း စုဆောင်းခြင်းနှင့် ရင်းနှီးမြုပ်နှံခြင်းတွင် ဆုံးရှုံးခဲ့ဖူးသည့် အတွေ့အကြုံကြောင့် မုန့်ယွမ်က တန်ဖိုးကို အကဲဖြတ်ရာတွင် သူ မတော်မှန်း သိလေသည်။သို့သော်လည်း သူက ယွီနျန့်အပေါ် ယုံကြည်မှုအချို့ ရှိသည်။ အဝတ်အစားကိုတောင် အရည်အတွက်နဲ့ ဝယ်တဲ့သူက ပိုက်ဆံကို အလဟဿ သုံးမှာမဟုတ်ဘူး။
ယွီနျန်က တည်တည်ငြိမ်ငြိမ် မျက်နှာထားနှင့် ကြွေခွက်အပေါ်တွင်သာ အကြည့်ရောက်နေသည်။
မုန့်ယွမ်၏ မေးခွန်းကို ကြားသောအခါ သူက ခေါင်းခါပြလာသည်
" အဲ့ဒါထက်တောင် ပိုပြီး တန်ဖိုးရှိတယ်"
မုန့်ယွမ်က မျက်လုံးများ ပင့်သွားရသည် " ပိုပြီးတော့တောင်လား...၂၅၀၀၀၀လောက် တန်တာလား...မင်း ဆယ်ဆလောက် အမြတ်ရသွားမှာပဲ"
ခေါင်းဆက်ခါပြရင်း ယွီနျန်က ပြုံးလိုက်ပြီး မျက်လုံးထက် ညစ်ညစ်ကျယ်ကျယ်ရိပ်တို့ ဖြတ်ပြေးသွားသည်
"ပိုသေးတယ်"
မုန့်ယွမ်က အသက်အောင့်ထားလိုက်ရင်း မဝံ့မရဲမေးလာသည်
" ၂.၅မီလီယံလား"
အဝေးသို့ ကြည့်နေရင်း ယွီနျန်က နှုတ်ခမ်းတွန့်သွားရင်း ဂဏန်းတစ်ခု ပြောပြလာသည်
"၂၅၀မီလီယံ"
မုန့်ယွမ်၏ မျက်လုံးတို့ ပေါလောပေါ်သလို ဖြစ်သွားဟန်ရှိကာ ခဏကြာမှ အသံထွက်လာသည်
" ဘယ်လောက်လို့....ပြောလိုက်တာ"
ယွီနျန်က စိတ်ရှည်ရှည်နှင့် ပြန်ဖြေလာသည်
" ၂၅၀မီလီယံ...ဒီတစ်ခုက သို့ချိုက်ကြက်နဲ့ ကျောက်တုံး အကွက်ပါ ပထမပုံစံ ခွက်လေ...လေလံတင်မယ်ဆိုရင် စပြီး ခေါ်တဲ့စျေးက ၁၈၀မီလီယံဝန်းကျင်လောက် ရှိတယ်....ဒါကြောင့် ကျွန်တော်က ၂၅၀လောက်လို့ ခန့်မှန်းထားတယ်...ပြီးတော့ နောက်ဆုံးသတ်မှတ်တဲ့ စျေးက ပိုပြီးတော့တောင် မြင့်နိုင်သေးတယ်...ဒါပေမယ့် ၃၀၀မီလီယံထက်တော့ မကျော်ပါဘူး"
["သို့ချိုက်ကြက်နှင့်ကျောက်တုံးအကွက်ပါ ခွက်" ရှေးခေတ် တရုတ်ကြွေထည် ခွက်တစ်ခု ဖြစ်သည်။ သို့ချိုက်က ကြွေထည်ပစ္စည်းများပေါ် အသုံးများသော ရိုးရာပန်းချီဆွဲနည်း တစ်မျိုးဖြစ်ပြီး ထန်မင်းဆက်နှင့် စုန့်မင်းဆက်တို့ မပျောက်ကွယ်မီ အတော်အတွင်း ရေပန်းစားခဲ့သည်။ သို့ချိုက်ကြွေထည်ပုံစံက ရောင်စုံဆေးရေးပန်းချီ ပုံစံဖြစ်ပြီး အနီ၊အစိမ်း၊အဝါ၊အပြာနှင့် အခြားအရောင်တို့ကို စုံစုံလင်လင် သုံးလေ့ရှိသည်။ ကြက်နှင့်ကျောက်တုံးအကွက်က သို့ချိုက်ပန်းချီပုံ ကြွေထည်ပစ္စည်းတွင် အသုံးများပြီး ကြက်က အဓိကအကွက်ဖြစ်ပြီး ကျောက်တုံး၏ ပုံရိပ်ကို ဖုံးလွှမ်းထား၍ ထိုနာမည် ခေါ်တွင်ရခြင်း ဖြစ်သည်။ ဤရှေးဟောင်း ကြွေခွက်က သူ၏ ထူးခြားပြောင်မြောက်လှသော လက်မှုပညာနှင့် အထင်ကြီးလောက်ဖွယ် လက်ရာတို့ကြောင့် အဖိုးတန်၍ စုဆောင်းကြလေသည်။ ]
အချိန်အတန်ကြာ ရပ်သွားပြီးနောက် မုန့်ယွမ်က ထေ့ထေ့ငေါ့ငေါ့ ပြောလာသည်
" မင်းနဲ့ အလုပ်စလုပ်ကတည်းက ငါ ခံစားမိတာကလေ ငွေပမာဏတွေအများကြီး မြင်ပြီး ငါ့ဝင်ငွေတောင် တိုးတိုးလာသလားလို့"
သူက အနာဂတ်တွင် ရွှေတောင်ကြီး ငွေတောင်ကြီးနှင့် ရင်ဆိုင်ရလျှင်ပင် တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်နေမည်ဟု ခံစားမိသည်။ စင်စစ်တွင် သူက ၂၅၀မီလီယံတန်ခွက်ကို နေ့တစ်ဝက်စာ ကိုင်ထားခဲ့ရလေသည်။
မုန့်ယွမ်၏ စကားကို ကြားသောအခါ ယွီနျန်က ရယ်မောလိုက်သည် " ဒါပေမယ့် ကျွန်တော်က ဒါက အစစ်လားဆိုတာ မသေချာသေးဘူး...ကျွန်တော် အိမ်ပြန်ပြီး ပြန်ရှာကြည့်မလို့"
မုန့်ယွမ်က အသံထွက်လာသည်
" လောင်းကြေးထပ်လိုက်တာလား"
"လောင်းကြေးထပ်လိုက်တာတော့ မဟုတ်ပါဘူး အစ်ကိုမုန့်...မူရင်းပုံစံနဲ့ တစ်ထည်တည်း တူတဲ့ တစ်ခုဆိုရင်တောင် လက်ရာက ၂၅၀၀၀တန်ရတဲ့အထိ အရမ်းကို ထူးခြားတယ်...ပြီးတော့ ပိုလည်းပိုနိုင်တာပေါ့"
ယွီနျန်က အခြေအနေက ထူးဆန်းသည်ဟု ခံစားမိ၍ မျက်မှောင်ကြုတ်မိသည်။ သူက ပြောလာသည်
" ဆိုင်ပိုင်ရှင်ရဲ့ စကားကို ကျွန်တော် သိပ်ဘဝင်မကျဘူး...ပစ္စည်းကို လာပို့ထားတဲ့သူက သို့ချိုက်ကြက်နဲ့ကျောက်တုံးအကွက်ပါ ခွက်ရဲ့ ပိုင်ရှင်အစစ်ဆိုရင် သူ့ရဲ့ တန်ဖိုးအစစ်ကို သတိမထားမိပဲ နေမှာမဟုတ်သလို ဒီလို ရှေးဟောင်းလမ်းမက ဆိုင်သေးသေးလေးမှာ လာပြီး တင်ထားမှာ မဟုတ်ဘူး...ထပ်ပြောရရင် ဆိုင်ပိုင်ရှင်ရဲ့ စကားကို အကဲခတ်ရသလောက် ခွက်ပိုင်ရှင်က သူ့အပေါ်ကို အမြင်မကြည်တဲ့ပုံပဲ..."
မုန့်ယွမ်က ဤအပိုင်းက်ို မစဥ်းစားမိချေ။ သူက ပြောလာသည်
" တကယ်လို့သာ ဒါက ပစ္စည်းအစစ်ဆိုရင် မင်း ဝယ်ခဲ့
တာ ကံကောင်းသွားတာပေါ့...မဟုတ်ရင် ဒီလို ရတနာတစ်ခုက အမှိုက်ပစ်တဲ့ဆီ ရောက်ချင်ရောက်သွားနိုင်တယ်...ဒါမှမဟုတ်ရင် အဆိုးဆုံး မတော်တဆ ကျကွဲသွားနိုင်တယ်...နှမြောစရာပဲ"