🍵Chapter 226
၀မ်ရူကွေ့၏နောက်ကျောသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်သည်။ အကြာကြီးထိုင်လျှင် အနည်းငယ် နာကျင်လာသည်ကလွဲ၍ မည်သည့်ပြဿနာမှ မရှိစွာ ထိုင်နိုင်ရပ်နိုင်၏။
ထိုနေ့မွန်းလွဲပိုင်းတွင် သူ ထုံရွှယ်လူကို ဖုန်းဆက်လိုက်သည်။
၀မ်ရူကွေ့က သူ အစိုးရိမ်ဆုံးကိစ္စကို မမေးမြန်းမီ သူတို့နှစ်ဦး အသေးအဖွဲကိစ္စများအကြောင်း စကားစမြည်ပြောဆိုကြသည်။
" လက်ထပ်ခွင့် နဲ့ပတ်သက်ပြီး အဘိုး က ဘာပြောခဲ့လဲ "
ထုံရွှယ်လူက " အဘိုးပြောတာက ကျွန်မသဘောပါတဲ့ "
၀မ်ရူကွေ့၏ နှလုံးခုန်သွားသည်။ " ပြီးတော့ မင်းရော ဘယ်လိုထင်လဲ "
ထုံရွှယ်လူက " လျိုပေ့က ကျူးကော်လျန့် သူ့အတွက် အလုပ်လုပ်ပေးဖို့ သုံးကြိမ်တိုင်တိုင် အလည်သွားခဲ့ရတာကို မှတ်မိတယ်မလား။ ရှင့်ရဲ့အဘိုးကို ကျွန်မနေရာဆီ ခေါ်လာပြီး ရှင်နဲ့ ဘဝတစ်ခုလုံးကို ဖြတ်သန်းဖို့ မေးမြန်းခိုင်းတာက ပေါ့ပေါ့တန်တန်နိုင်ပြီး ရိုမန့်တစ်မဆန်ဘူးလို့ ရှင် မထင်ဘူးလား "
၀မ်ရူကွေ့ မျက်တောင်ခတ်လိုက်သည်။
" ဒါဆို မင်း ကိုယ့်ကို မင်းနေရာဆီ သုံးခါလောက် လာစေချင်တာလား "
ထုံရွှယ်လူက နှုတ်ခမ်းများကို ဆူလိုက်သည်။
" မဟုတ်ဘူး၊ ရှင် ကျွန်မနေရာကို သုံးခေါက်လာဖို့ မလိုပါဘူး။ ဒါပေမယ့် ကွန်မ လိုချင်တာက ရိုမန့်တစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းမှု။ ဘယ်အရာက ရိုမန့်တစ်ဆန်လဲဆိုတာကတော့ ရှင့်ဘာသာရှင် အဖြေရှာရမယ် "
ဖုန်းချပြီးနောက် ၀မ်ရူကွေ့သည် နဖူးတွင် အဖုအထစ်တစ်ခုပင် ပေါ်ပေါက်လာေတာ့သည် ။
မည်သည်ကို ရိုမန့်တစ်ဖြစ်သည့် ချစ်ရေးဆိုခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်နည်း။
၀မ်ရူကွေ့မှာ တစ်နေ့ခင်းလုံး စဉ်းစားနေသော်လည်း ထိုကိစ္စကို အဖြေရှာမရသေးပေ။ ထိုကိစ္စက ရူပဗေဒ စမ်းသပ်မှုထက် ပို၍ဖြေရှင်းရခက်သည့် ပြဿနာပင်။
သူသည် ထိုနေ့ အလုပ်ဆင်းသည့်အခါ ဟွမ်ချီမင်ဆီသို့ တိုင်ပင်ရန် သွားသည်။ ဤတစ်ခါတွင် ဟွမ်ချီမင်ပင် အံသြသွားရသည်။
ဟွမ်ချီမင်က ခေါင်းကုတ်လိုက်သည်။
" ချစ်ရေးဆိုမှုက ဝက်သား အလေးချိန် ၂ ပေါင်ကို မင်းရည်းစားဆီ ယူသွားပြီး သူမကို လက်ထပ်ချင်တယ်လို့ ကြေညာတာလို့ ငါထင်ခဲ့တာလေ။ အဲဒီထက် ဘာရှိသေးလို့လဲ "
သူက ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းရန် ဝက်သား ၂ ပေါင် ယူလာပေးသည်။ နှစ်ဘက်လုံးက မိဘနှစ်ပါးလုံး အတူတူ ထိုင်ကြပြီး နေ့ရက် သတ်မှတ်ကြသည်။ သူ သိသည်က ထိုကဲ့သို့ပင်။
ဤ ရိုမန့်တစ် ဖြစ်သည်ဆိုသည်များက မည်သည်များဖြစ်သနည်း။ ဝက်သားနှင့် ချစ်ရေးဆိုမှုက အဘယ့်ကြောင့် မှားယွင်းနေရသနည်း။
၀မ်ရူကွေ့ "……"
ကျိုးရန်က အားလပ်ရက် အတည်ပြုမှု ရရှိပြီး လက်ထပ်ခွင့်တောင်းရန် ပြန်သွားသည်အထိ ဝမ်ရူကွေ့မှာ မည်သည်က ရိုမန့်တစ်ဆန်သည့် ချစ်ရေးဆိုခြင်းဖြစ်မည်ကို မသိရှိသေးချေ။
သူ(ကျိုးရန်)က ဟွမ်ချီမင်၏ အကြံပြုချက်ကို လိုက်နာပြီး သူ့ချစ်သူကောင်မလေးကိုလက်ထပ်ခွင့်တောင်းရန်အတွက် ဝက်သား ၂ ပေါင်နှင့် သူ့မိဘများကို ခေါ်ဆောင်သွားသည်။
သူက ပထမဆုံးအကြိမ်၌ပင် အောင်မြင်သွားလေသည်။
၀မ်မိသားစုနှင့် ကျိုးမိသားစုတို့က သူတို့နှစ်ဦးသည် အချိန်အတော်ကြာ ချိန်းတွေ့ခဲ့ကြပြီးဖြစ်သောကြောင့် လက်ထပ်ရန် အချိန်ကောင်းဟု ခံစားမိကြသည်။ သူတို့နှစ်ယောက်လုံးက လက်ထပ်ချင်ကြသောကြောင့် ဆုံးဖြတ်ချက်ချခဲ့ခြင်းမဟုတ်ပေ။
ကျိုးရန်မှာ အလွန်ပျော်နေသောကြောင့် သူ့ပါးစပ်မှာ နားရွက်များနှင့် ချိတ်မိလုမတတ် ဖြစ်နေသည်။
သူက သူ့ချစ်သူ၏လက်ကို မထိရသေးဟု တွေးမိသောအခါ ဂနာမငြိမ်ဖြစ် သွားသည်။ ထို့ကြောင့် အခွင့်အရေးကို အသုံးပြုကာ သူမလက်ကို ဆုပ်ကိုင်ထားလိုသည်။
၀မ်ရှောင်ယွင်သည် သူမတို့နှစ်ဦး လက်ထပ်တော့မည်ကို သိလိုက်ရသောအခါ ခေါင်းငုံ့လိုက်ပြီး ရှက်ရွံ့စွာ ကြည့်လာသည်။
ကျိုးရန်က အပြင်ဘက်သို့ ကြည့်ကာ အသက်ပြင်းပြင်းရှူပြီးနောက် သူမလက်ကို ကိုင်ရန် လက်ဆန့်ထုတ်လိုက်သည်။
သူမ၏လက်အား ထိလုနီးပါးတွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
" ရှောင်ယွင်၊ ကျိုးရန် နေ့လည်စာစားမှာလား မေးပေးပါဦး "
ကျိုးရန်က ကြောင်အသွားပြီးနောက် ၀မ်ရှောင်ယွင်၏လက်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည် ။
ဖက်။
" ဘယ်လောက်တောင်ကြီးလိုက်တဲ့ခြင်ကြီးလဲ "
၀မ်ရှောင်ယွင်လည်း ထိတ်လန့်သွားပြီး သူမ လက်ဖမိုးဆီမှ ပူလောင်ခြင်းကို ခံစားလိုက်ရသည်။
သူမက ငုံ့ကြည့်လိုက်ပြီး ခြင်အသေတစ်ကောင်ကိုမျှ မတွေ့ရသော်လည်း သူမ၏ လက် ရောင်ရမ်းလာသည်ကို သိသိသာသာ မြင်တွေ့ရသည်။
၀မ်ရှောင်ယွင် "……"
ကျိုးရန် "……"
နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြပြီး အခန်းက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
လျှင်မြန်စွာပင် ကျိုးရန်၏အော်သံ အိမ်အတွင်းမှ ထွက်ပေါ်လာသည်ကို ကြားနိုင်ကြပေသည်။
🍵
နွေဦးရာသီအစတွင် ချမ်းအေးနေသေးသော်လည်း လမ်းဘေးနှစ်ဖက်ရှိ သစ်ပင်များပေါ်တွင် အညှောင့်လေးကို မြင်တွေ့နိုင်ပြီး ၎င်းတို့က စိမ်းစိမ်းစိုစိုရှိကာ မြင်ရသည်က ကြည်နူးဖွယ် ကောင်းလှသည်။
ထုံရွှယ်လူသည် ရည်ရွယ်ချက်ရှိရှိ အလုပ်မှ စောစောပြန်လာခဲ့ပြီး အိမ်ပြန်ရောက်ပြီးနောက် ဖန်အိမ်နှင့် ၀မ်အိမ်ဆီသို့ မုန့်များယူဆောင်သွားရန် ထုံကျားမင်ကို ပြောလိုက်သည်။
ထုံကျားမင်က များများစားစား မတွေးချေ။ သူက စက်ဘီးပေါ်တက်ပြီး ပစ္စည်းများနှင့် ထွက်ခွာသွားသည်။
ထုံကျားမင် ထွက်သွားပြီးသည်နှင့် ထုံကျားရှင်းက သူမကို တိတ်တဆိတ် လာပြောသည် ။
" အစ်မ ကျွန်တော်တို့ ရဲ့ နောက်ထပ်ခြေလှမ်းက ဘာလဲ "
ထုံရွှယ်လူက " အိမ်မှုကိစ္စတွေကို ဂရုစိုက်ထား၊ ပြီးရင် အဘွားရှန် ဆီက စက္ကူညှပ်ထားတာတွေနဲ့ အိမ်ကို အလှဆင် "
" ရက်စ် မဒမ် "
ထုံကျားရှင်းက ဧည့်ခန်းကို သန့်ရှင်းရေး လုပ်ရန် တံမြက်စည်းမယူခင် သူမကို အလေးပြုလိုက်သည်။
ထုံမျန်မျန်နှင့် လမုန့်လေးက သူ၏နောက်မှ အမြီးလေးနှစ်ချောင်းကဲ့သို့ လိုက်သွားကြလေသည်။
ထုံရွှယ်လူသည်လည်း မီးဖိုချောင်တွင် ညစာကိုစတင်ပြုလုပ်လိုက်သည်။
သူမသည် မိုးခိုသားကို အတုံးသေးသေးလေးများလှီးပြီး ကြက်ဥ၊ ပြောင်းကော်မှုန့်နှင့် ပဲငံပြာရည်တို့ကို ထည့်လိုက်သည်။ ထို့နောက် ၎င်းတို့ကို သေချာရောမွှေထားပြီး တိုဟူးခြောက်များကို အတုံးသေးသေးလေးများ လှီးသည်။
အိုးပူလာသောအခါတွင် အသားများကို ထည့်လိုက်ကာ အရောင်ပြောင်းသည်နှင့် ချက်ချင်း ပြန်ခပ်ထုတ်ပြီး ပဲငပိအနှစ်နှင့် သကြားများကို ထည့်ကာ ဝက်သားများ အထဲသို့ ပြန်မထည့်ခင် ပူပေါင်းများထလာသည်အထိ ကြော်လိုက်သည်။ ဒယ်အိုးချခါနီးတွင် သခွားသီးအမြှောင်းလေးများနှင့် တို့ဟူးခြောက်ကို ထည့်လိုက်ပြီးနောက် ဟင်းလျာက အဆင်သင့်ဖြစ်လေပြီဖြစ်၏။
ထို့နောက် ဝက်နားရွက်ဟင်းနှင့် အခြားအရံဟင်းနှစ်မျိုးကို ပြုလုပ်သည်။ သူမသည် အနီရောင်စွံပလွံကိတ်မုန့်နှင့် သကြားလုံးအချို့ကိုလည်း ပြုလုပ်ခဲ့သည်။
ရှန်၀မ်ရုန်အထဲသို့ ဝင်လာချိန်တွင် ထုံရွှယ်လူက သကြားလုံးပြုလုပ်နေဆဲဖြစ်သည်။
ဂျုံမှုန့်ထဲသို့ ရေထည့်ကာ ထိုနှစ်ခုကို ရောမွှေသည်။ ရေမဆေးခင် မုန့်ညက်ထဲသို့ ထောပတ်ကို ထပ်ပေါင်းထည့်သည်။
ထုံရွှယ်လူ မည်မျှ ကျွမ်းကျင်သည်ကို မြင်သောအခါ ရှန်၀မ်ရုန်က အလွန်အားကျနေပြီး ချီးကျူးစကားဆိုလိုက်၏
" သမီးက အဘွားလိုမဟုတ်ဘဲ လက်ရာတွေက အရမ်းကောင်းတယ်။ အဘွားတော့ မင်းလိုမျိုး ဒီလိုအရသာရှိတဲ့ အစားအသောက် ဘယ်တော့မှ လုပ်နိုင်မယ်မထင်ဘူး "
ထုံရွှယ်လူက ဂျုံမှုန့်အနည်းငယ်ကို သကြားနှင့် ရောစပ်ပြီးနောက် ပြောလာသည်။
" အဖွားရှန်ရဲ့ လက်တွေက အဝတ်အစားလုပ်ဖို့အတွက်လေ။ ဟင်းချက်ဖို့ကို အဘိုးဝေ့ကိုပဲ လွှဲထားလိုက်ပါ "
ရှန်၀မ်ရုန်က ပါးစပ်ကို ဖုံးကာ ပြုံးလိုက်သည်။
" အိုး ဒါနဲ့ တပ်ကနေ ဟိုတလောက မင်းရဲ့အဘိုးကို ကြင်ဖက်ရှာပေးဖို့ ကြိုးစားခဲ့တယ်ဆိုတာ ကျူးကျူးအဘိုးဆီက ကြားခဲ့ရသေးတယ်။ မင်းအဘိုး အဲဒါကို သိသွားတုန်းက သူ နှလုံးဖောက်လုနီးပါး ဖြစ်သွားခဲ့တယ်တဲ့လေ "
ထိုစကားကိုကြားသောအခါ ထုံရွှယ်လူ တခစ်ခစ်ရယ်မောသည်။ " စီစဉ်ပေးတဲ့ ဒိတ်က အဲ့လောက်တောင်ကြောက်ဖို့ကောင်းတာလား "
သူမ အဖွားဆုံးပါးသွားခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။ သူမ၏အဘိုးက နောက်တစ်ယောက်ရှာလိုပါက သူမ ကန့်ကွက်မည်မဟုတ်ချေ။ ထိုလူသည် လူကောင်းတစ်ယောက်ဖြစ်ရန်သာ သူမ မျှော်လင့်သည်။
ရှန်၀မ်ရုန်က ပြုံးပြီးပြောသည်။
" သူမက အသက် ၄၀ အရွယ်ရှိပြီး အချက်အပြုတ်နဲ့ သန့်ရှင်းရေးမှာ အရမ်းတော်တယ်လို့ ကြားတယ်။ ကံမကောင်းစွာ မင်းရဲ့အဘိုးက ငြင်းခဲ့တယ်။ တပ်က သူ့ကို အတင်းမတိုက်တွန်းနိုင်ပါဘူး "
" အဘိုးက ဒီနှစ်မကုန်ခင် မြို့တော်ကို ပြောင်းရွှေ့ဖို့ မျှော်မှန်းထားတယ်လို့ နောက်ဆုံးပို့ခဲ့တဲ့စာမှာ ရေးထားခဲ့တယ် "
သူမ စကားပြောနေစဉ်တွင် ထုံရွှယ်လူသည် နှင်းဆီမုန့်ညက်ကို အလုံးများ ဆယ်လုံးကျော်အထိ လှီးဖြတ်သည်။ ရှည်လျားသည့်ပုံသဏ္ဍာန်ဖြစ်အောင် လှိမ့်လိုက်ပြီး အလယ်တွင် သကြားများထည့်ကာ အစွန်းများကို ဖိ၍ပိတ်သည်။ နောက်ဆုံးတွင် ၎င်းတို့ကို ရှည်လျားသည့် ပုံသဏ္ဍာန်သို့ ပြန်လှိမ့်လိုက်သည်။
သူမ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေသည့်အခါ နေ့စဉ်နေ့တိုင်း အိမ်မပြန်နိုင်တော့ပေ။ သူမ အဘိုးပြန်လာသည့်အခါ သူမ၏ မောင်နှမငယ်လေးများကို ပြုစုစောင့်ရှောက်ရာမှာ ကူညီပေးနိုင်ပေလိမ့်မည်။
ရှန်၀မ်ရုန်က " ကျူးကျူးအဘိုးဆီက ဒီအကြောင်းကိုလည်း ကြားခဲ့တယ်။ မင်းအဘိုးက မြို့တော်မှာ ခြံဝင်းအိမ်တစ်ခု ရှာနေတယ်ကြားတယ်။ အဘွားတို့ အိမ်နီးချင်းများဖြစ်ကြတာ တော်တော်လေးတောင်ရှိခဲ့ပြီ ၊အိမ်နီးချင်းအသစ်တွေ ရင်းနှီးဖို့ အချိန်အနည်းငယ်ကြာလိမ့်မယ်။ ထို့ကြောင့် အဘွား ကျူးကျူးအဘိုးကို ဒီအနားမှာ ခြံဝင်းအိမ်တစ်လုံးကူရှာပေးဖို့ ပြောထားတယ်။ ဒီအနီးနားက တစ်နေရာရာမှာ ရှာတွေ့နိုင်ရင် အကောင်းဆုံးပဲ "
ထုံရွှယ်လူသည် မုန့်ညက်၏မျက်နှာပြင်ပေါ်ရှိ ပျားရည်တစ်လွှာနှင့် နှမ်းတစ်လွှာကို သုတ်လိမ်းသည်။ သူမက ပြုံးပြီးနောက် ခေါင်းညိတ်သည်။
" အဲလိုဆို ကောင်းတာပေါ့။ သမီးလည်း အဖွားရှန်ရဲ့ အိမ်နီးနားချင်း ဖြစ်ချင်ပါတယ် "
အားလုံးပြီးစီးသည့်အခါ သူမက မုန့်ညက်များကို မီးဖုတ်ရန် မီးဖိုထဲသို့ ထည့်လိုက်သည်။
ထုံကျားမင် ပစ္စည်းပို့ဆောင်ခြင်းမှ ပြန်လာသောအခါ အဆာပြေမုန့်နှစ်ဗူးကို သယ်ဆောင်လာလေသည်။
ခြံဝင်းထဲကို ဝင်လိုက်သည်နှင့် ချက်ချင်းဆိုသလို သူ့အတွက် တစ်ခုခု ထူးဆန်း နေသည်ကို ခံစားလိုက်ရသည်။ အခန်းများ သို့မဟုတ် မီးဖိုချောင်တွင် မီးများ ထွန်းမထားချေ။ ထို့အပြင် ခြံဝင်းက အလွန်တိတ်ဆိတ်နေလျက်ရှိသည်။
အားလုံး ဝေ့မိသားစုဆီသို့ သွားကြသည်လား။
ထုံကျားမင်က အဆာပြေမုန့်နှစ်ဗူးကို သယ်လာရင်း ဧည့်ခန်းဆီသို့ လျှောက်လာသည်။ ဧည့်ခန်းထဲသို့ သူ ခြေချလိုက်သည်နှင့် မီးများက လင်းထိန်သွားပြီး ကောင်းချီးဩဘာပေးသံများ ထွက်လာလေသည်။
"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ "
ထုံကျားမင်က လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။ သို့သော် သူက မုန့်ဗူးများကို ပစ်မချဘဲ ကိုင်ထားလျက်ရှိသည်။
သူ ပြုံးလိုက်သောအခါတွင် ထုံကျားရှင်း၏ပါးစပ်က ဖွင့်ဟလာသည်။
" ဒုတိယအစ်ကို၊ မင်း လန့်သွားတာလား။ မမကြီးက မင်းကို စပရိုက်လုပ်ပေးချင်ပြောခဲ့တာ "
ထုံကျားမင်သည် သူ့အား ပြုံးနေသော လူတိုင်းကိုကြည့်ကာ နံရံပေါ်ရှိ " ပျော်ရွှယ်ဖွယ်မွေးနေ့ဖြစ်ပါစေ " ဟုရေးထားသော စာရွက်ကို တွေ့လိုက်ရသည့်အပြင် စားစရာများနှင့် ပြည့်နေသည့် စားပွဲတစ်လုံးလည်း ရှိပေသည်။
မုန့်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း နွေးထွေးမှုတစ်ခု သူ့နှလုံးသားကို ဖြတ်ကျော်သွားသလို ခံစားလိုက်ရသည်။
" အင်း၊ ငါ လန့်သွားခဲ့တယ်။ ဒါပေမယ့် အရမ်းပျော်တယ် "