🍵Chapter 225
အခန်းတွင်းမှကျိုးရန်၏သနားစဖွယ်အော်သံများကို ကြားနေရပေသည်
ထုံရွှယ်လူသည် မန်နေဂျာလင်းအား စက်ရုံဆောက်မည့်ကိစ္စနှင့်ပတ်သတ်၍ ပြောချင်နေသော်လည်း ထုံကျန်းကျန်း၏ကိစ္စဖြစ်နေသောကြောင့် မတတ်နိုင်ပဲ နောက်သို့ ရွှေ့လိုက်ရပြန်သည်။
ထိုစဉ်က တိုင်းပြည်သည် ပြည်သူပိုင်စနစ်ကျင့်သုံးဆဲဖြစ်သောကြောင့် စက်ရုံထောင်လိုက်ပါက အရင်းရှင်ဟုစွပ်စွဲခံရနိုင်သည်။
ထုံကျန်းကျန်းသာ ပေါ်မလာပါက ထိုစက်ရုံကိစ္စကို ဖြစ်အောင်လုပ်နိုင်မည်ဟု ထုံရွှယ်လူ ယုံကြည်ထားသည်။ သို့သော် ထုံကျန်းကျန်းက ထင်ထားသည်ထက် ပိုစောလွတ်လာ၍ သူ့နောက်ကွယ်၌လည်း အကူအညီပေးနေသူတစ်ယောက်ယောက် ရှိနေသောကြောင့် ယခုလောလောဆယ် သတိထားနေသည်မှာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
စားသောက်ဆိုင်မှ အလုပ်သမားများသည် ထုံရွှယ်လူအား လေးစားကာ အားကျကြသော်လည်း လူတိုင်းက သူမအား ပို၍ ချစ်ခင်လာစေရန် ထုံရွှယ်လူသည် အရသာထုတ်မှရသည့်အမြတ်ငွေများကို ယခုမှစ၍ ခွဲဝေပေးရန် စိတ်ကူးလိုက်သည်။
"ပထမဆုံးအနေနဲ့ ကျွန်မတို့ရဲ့ စားဖိုမှူးနှစ်ယောက်က စားသောက်ဆိုင်မှ နေ့တိုင်း အရသာရှိတဲ့ အစားအသောက်တွေ ချက်ပြုတ်ပေးနေရတာမို့လို့ သူတို့က ဒီစားသောက်ဆိုင်ရဲ့ အဓိကထောက်တိုင်တွေဖြစ်ပါတယ်...အဲဒါကြောင့် သူတို့ကို တစ်ယောက်ကို ယွမ် ၂၀ စီ ဆုပေးပါမယ်..."
အပိုဆုငွေရမည်ဟု ကြားသောအခါ စားဖိုမှူးမုန့်က အလွန်အံ့အားသင့်သွား၍ စားဖိုမှူးလွီကတော့ မျက်နှာနီရဲသွားလေသည်။
စာဖိုမှူးလွီက ငိုချင်နေသောကြောင့် နီရဲနေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မန်နေဂျာထုံ...ကျွန်တော် အခုကစပြီး အလုပ်ကို ပိုကြိုးစားပါ့မယ်..."
စားဖိုမှူးလွီသည် သူ့မွေးရပ်မြေရှိအလုပ်မှထွက်၍ မြို့တော်သို့ ရောက်လာစဉ်က သူ၏လုပ်ဖော်ကိုင်ဖက်အသစ်များက သူ့ကို ပစ်ပယ်ခြင်း၊ လာစားသူများက သူ့ဟင်းချက်လက်ရာကို မကြိုက်ခြင်း စသည်တို့ဖြစ်လာမည်ကို စိတ်ပူနေခဲ့သည်။
ယခုကဲ့သို့ လုပ်ဖော်ကိုင်ဖက်များက နွေးထွေးစွာ ကြိုဆိုသည့်အပြင် အပိုဆုငွေများလည်းရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိချေ။
စားဖိုမှူးမုန်းကလည်း တုန်ယင်နေသောလက်များဖြင့်ပြောလိုက်သည်။
"ကျွန်တော်ရောပဲ...ကျွန်တော်ရောပဲ..."
ထုံရွှယ်လူက ခေါင်းငြှိမ့်ပြပြီးနောက် စားပွဲထိုးသုံးယောက်ဘက် လှည့်လိုက်သည်။
"မုန့်ချင်းချင်း...ကောင်းချွန်းယွီ...ဟူလီကျူး...ရှင်တို့သုံးယောက်က စားသောက်ဆိုင်ကို အမြဲတမ်း သန့်ရှင်းနေအောင် ဂရုစိုက်ပြီး လာစားတဲ့လူတွေကိုလည်း လိုလေသေးမရှိ စားပွဲထိုးပေးခဲ့တယ်...ပြိုင်ဖက်ဆိုင်တွေကြားမှာ ကျွန်မတို့စားသောက်ဆိုင်က အကောင်းဆုံးဂုဏ်သတင်းရနေတာ ရှင်တို့ကြောင့်လည်း အများကြီးပါပါတယ်...အဲဒါကြောင့် ရှင်တို့ကိုလည်း တစ်ယောက်ကို ၁၀ယွမ်စီ ဆုပေးပါမယ်..."
မုန့်ချင်းချင်းနှင့် ကျန်နှစ်ယောက်လည်း မျက်နှာများနီရဲသွားကြသည်။
စားပွဲထိုးသူများက စားဖိုမှူးများကြောင့် မရသော်လည်း ၁၀ယွမ်နှင့် ပစ္စည်းများစွာ ဝယ်လို့ရသေးသည်မဟုတ်ပါလား။
ထို့အပြင် ထိုပိုက်ဆံများသည် ပုံမှန်လစာမဟုတ်ပဲ အပိုရသည့်ပိုက်ဆံများဖြစ်သည်။ ထိုကဲ့သို့သော ပိုက်ဆံမျိုးရခြင်းသည် မိုးပေါ်မှကျလာသော ရွှေပြားများရသကဲ့သို့ ဝမ်းသာပျော်ရွှင်ဖွယ်ကောင်းလေသည်။
နောက်ဆုံး၌ ထုံရွှယ်လူက ကောင်းဝေ့ဖျင်နှင့် ရှောင်ထျန်းဘက် လှည့်လိုက်သည်။
"ရှင်တို့နှစ်ယောက်က စားဖိုမှူးနှစ်ယောက်ရဲ့လက်အောက်မှာ ကြိုးကြိုးစားစားနဲ့သင်ယူပြီး ကျွန်မနဲ့အတူ ဟင်းချက်ပစ္စည်းတွေဝယ်ဖို့ တစ်ယောက်တစ်လှည့်လိုက်ပေးခဲ့တယ်...အဲဒါကြောင့် ရှင်တို့ကို တစ်ယောက် ၇ယွမ်စီ ဆုပေးပါမယ်..."
ကောင်းဝေ့ဖျင်သည် အလွန်ဝမ်းသာကာ စိတ်များလှုပ်ရှားသွား၍ အော်ငိုတော့မတတ်ပင်ဖြစ်သွားသည်။
"ကျေးဇူးအများကြီးတင်ပါတယ် မန်နေဂျာထုံ...အခုကစပြီး ဒီစားသောက်ဆိုင်ကို ကျွန်တော့်အိမ်လို့သဘောထားပြီး အလုပ်ကို အများကြီး ပိုကြိုးစားပါ့မယ်..."
ကောင်းဝေ့ဖျင်သည် ယာယီအလုပ်သမားအဆင့်သာရှိသေးသောကြောင့် ဤကဲ့သို့ အပိုဆုရမည်ဟု မထင်ထားခဲ့ချေ။ သို့သော် မန်နေဂျာထုံကတော့ သူ့ကို မေ့မထားပါလား။
ရှောင်ထျန်းသည်လည်း ကောင်းဝေ့ဖျင်ကဲ့သို့ပင် စိတ်လှုပ်ရှားဝမ်းသာနေသည်။ ရှောင်ထျန်းသည် ဤစားသောက်ဆိုင်သို့ရောက်သည်မှာမကြာသေးသည့်အပြင် တိတ်တိတ်နေတတ်သောကြောင့် လူအများက သူ့ကို သတိမထားမိကြပေ။
အပိုဆုငွေများ ပေးပြီးသောအခါ ထုံရွှယ်လူကပြောလိုက်သည်။
"ရှင်တို့အားလုံးက ဒီစားသောက်ဆိုင်ရဲ့အဖွဲ့သားတွေဖြစ်တာကြောင့် စားသောက်ဆိုင်ကို ရှင်တို့ရဲ့အိမ်လိုပဲ မြတ်နိုးပြီး ဂရုစိုက်ပေးဖို့မျှော်လင့်ပါတယ်...ကျွန်မတို့ဆိုင်ရဲ့ ဂုဏ်သတင်းနဲ့ နာမည်ကြီးလာတာနဲ့အမျှ မနယလိုတဲ့လူတွေလည်း တဖြည်းဖြည်းများလာနေတယ်...ဒါ့ကြောင့် အနာဂတ်မှာ ကျွန်မတို့ ဂရုစိုက်ရမှာတွေရှိလာတယ်..."
ချက်ချင်းပင် ထုံရွှယ်လူ၏လေသံနှင့် အမူအရာက လေးနက်သွားသောကြောင့် အခြားလူများက ဘာပြန်ပြောရမည်မသိဖြစ်သွားကြသည်။
ထုံရွှယ်လူ: "ပထမဆုံး အရေးကြီးတာကတော့ သန့်ရှင်းမှုပဲ...ဆိုင်ကိုလာစားသူတွေအတွက် ဒီဆိုင်မှာစားရင် ကျန်းမာရေးနဲ့ပတ်သတ်လို့ ဘာအန္တရာယ်မှမဖြစ်စေရပါဘူး လို့ အာမခံနိုင်ဖို့ ရက်လွန်တာတွေ ပုပ်သိုးတာတွေကို ဘယ်တော့မှ မရောင်းရဘူး...အရင်တစ်ခေါက်က ဘာဖြစ်သွားလဲဆိုတာ အကုန်လုံး မှတ်မိကြသေးတယ်မလား..."
လူတိုင်းက ခေါင်းငြှိမ့်လိုက်ကြသည်။
"အဲဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူကြမယ်လို့ ထင်ပါတယ်...ပြီးတော့ တစ်ယောက်ယောက်က စားသောက်ဆိုင်အကြောင်းကိုမေးတာနဲ့ ကျွန်မကိုချက်ချင်းလာအသိပေးဖို့ တောင်းဆိုပါရစေ...တစ်စုံတစ်ယောက်က ရှင်တို့ကို ငွေပေးပြီး ဒီစားသောက်ဆိုင်ကိုဖြစ်စေ ကျွန်မကိုဖြစ်စေ တစ်ခုခုလုပ်ဖို့ခိုင်းတယ်ဆိုရင် လျှိုတုံချန်တစ်ယောက် ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ပြန်စဉ်းစားပြီး မဟုတ်တဲ့အလုပ်တွေ မလုပ်မိဖို့လည်း မျှော်လင့်ပါတယ်..."
စားဖိုမှူးမုန့်က ပြူးကျယ်သောမျက်လုံးများဖြင့်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ မန်နေဂျာထုံ...ကျွန်တော် မုန့်တ က မန်နေဂျာထုံအပေါ်သစ္စာရှိပါမယ် လို့ ပထမဆုံး သစ္စာဆိုပါ့မယ်...ကျွန်တော်သာ မန်နေဂျာထုံကိုဖြစ်ဖြစ် စားသောက်ဆိုင်ကိုဖြစ်ဖြစ် အန္တရာယ်ပြုဖို့ စဉ်းစားမိတယ်ဆိုတာနဲ့ ကျွန်တော့်ကို မိုးကြိုးဖြစ်ပါစေ..."
ကျန်လူများကလည်း စားဖိုမှူးမုန့်အတိုင်း လိုက်သစ္စာဆိုလိုက်ကြသည်။
ထုံရွှယ်လူသည် အယူသည်းသူမဟုတ်သော်လည်း အလုပ်သမားများ၏ ရိုးသားသစ္စာရှိမှုကြောင့် ရင်နင့်ကာ ဝမ်းနည်းသွားမိသည်။
"ကျွန်မတို့ အခုလို စည်းလုံးတဲ့အဖွဲ့တစ်ခုဖြစ်လာတာ ကျွန်မ အရမ်းဝမ်းသာပါတယ်...ကျွန်မတို့ ဒီလိုသာစည်းလုံးနေမယ်ဆိုရင် ဘယ်သူက ကျွန်မတို့ကို ဖျက်ဆီးနိုင်မှာလဲ..."
ကောင်းချွန်းယွီက ကျယ်လောင်စွာအော်လိုက်သည်။
"မဖျက်ဆီးနိုင်ဘူး...ဘယ်အရာကမှ မဖျက်ဆီးနိုင်ဘူး..."
အခြားလူများကလည်း ထိုကဲ့သို့လိုက်အော်လိုက်ကြသည်။ သူတို့၏အသံက ကျယ်လွန်းသောကြောင့် စားသောက်ဆိုင်ရှေ့မှ ဖြတ်သွားသူများပင် လန့်သွားကြရသည်။
ထုံရွှယ်လူက ကျေနပ်စွာခေါင်းငြှိမ့်လိုက်သည်။ သူမသည် စီးပွားရေး၌ ပါရမီပါသည်ဟု သူမဘာသာ စဉ်းစားလိုက်မိလေသည်။
🍵
ဆေးရုံ၌ ထုံရွှယ်လူနှင့် စကားပြောပြီးစဉ်တည်းက ဖန်ဝမ်ယွမ်သည် ရှန့်ဖန်းအကြောင်း စုံစမ်းနေခဲ့သည်။
စုံစမ်းသည်မှာလည်း အလဟဿမဖြစ်ခဲ့ပေ။
ရှန့်ဖန်းသည် အသက် ၂၇ နှစ်ရှိပြီဖြစ်သော်လည်း ရည်းစားတစ်ယောက်မှမရှိခဲ့ပေ။
တစ်ယောက်မှမရှိသည်တော့မဟုတ်ပေ။ အရင်က ရည်းစားနှစ်ယောက်ထားခဲ့ဖူးသော်လည်း ထိုနှစ်ယောက်လုံးနှင့် လဝက်မကြာခင် ပြတ်သွားသည်သာဖြစ်သည်။
ထို့ကြောင့် ထိုမိန်းကလေးများကို ရည်းစားဟုခေါ်၍မရပေ။ ထိုအချိန်ကာလက တစ်ယောက်အကြောင်းသိရန် စူးစမ်းနေကြဆဲဖြစ်သည်။
ရှန့်မိသားစုကတော့ ရှန့်ဖန်းသည် အလုပ်နှင့် လူအများအတွက်အကျိုးဆောင်ရသည်ကိုသာ ဦးစားပေးရ၍ သူ့ကိုယ်ပိုင်ဘဝကို အနောက်သို့ပို့ထားရသည်ဟု သတင်းလွှင့်ကြသည်။
ထိုသတင်းကို ဖန်ဝမ်ယွမ်လည်း အရင်က ကြားဖူးခဲ့သည်။ သို့သော် ထိုအချိန်တုန်းကတော့ ဘာမှထွေထွေထူးထူးမတွေးခဲ့မိပေ။ ယခု ထုံရွှယ်လူပြောမှပင် ထိုအကြောင်းများကို သေချာတွေးလေ ထူးဆန်းလာလေလေဖြစ်နေတော့သည်။
ဖန်ဝမ်ယွမ်သည် ထိုအကြောင်းကိုစုံစမ်းနေသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ရှန့်ဖန်းက လိင်တူချစ်ကြိုက်သူဟု လက်ဆုပ်လက်ကိုင်ပြရန် ဘာသက်သေမှမရသေးပေ။
စုံစမ်းရာမှာလည်း ပေါ်ပေါ်ထင်ထင်စုံစမ်း၍မရချေ။ ဖန်ဝမ်ယွမ်စုံစမ်းနေကြောင်းကို ရှန့်ဖန်းသိသွားပါက ဖန်ဝမ်ယွမ်အား ပြန်အကြပ်ကိုင်နိုင်ပေသည်။
ရှန့်ဖန်းက လိင်တူချစ်ကြိုက်သူ ဟုတ် မဟုတ် သက်သေမပြနိုင်သေးသော်လည်း ထုံကျန်းကျန်းနှင့်ပတ်သတ်ကြောင်းကိုတော့ စုံစမ်းနိုင်ခဲ့သည်။
ထုံမိသားစုအိမ်၏ဧည့်ခန်း၌ထိုင်၍ ဖန်ဝမ်ယွမ်သည် ထုံရွှယ်လူအားကြည့်၍ ပြောလိုက်သည်။
"ရှန့်ဖန်းက ပညာရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူးရဲ့ အတွင်းရေးမှူး...အဲဒီလက်ထောက်ညွှန်ကြားရေးမှူးရဲ့ ဝမ်းကွဲညီအစ်ကိုက ဘဏ္ဍာရေးဌာနရဲ့ ညွှန်ကြားရေးမှူး...အဲဒီ ဘဏ္ဍာရေးဌာနက ညွှန်ကြားရေးမှူးယန်က ထုံကျန်းကျန်း ရေနစ်နေတဲ့သားအမိကိုကယ်နေတာကို မြင်ခဲ့တဲ့ မျက်မြင်သက်သေတဲ့..."
ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။
"ညွှန်ကြားရေးမှူးယန် ဟုတ်လား...သူက အသက်ဘယ်လောက်ရှိပြီလဲ..."
ဖန်ဝမ်ယွမ်: "၃၅ ၃၆ နှစ်လောက်ရှိမှာပေါ့...သူက အလုပ်အကိုင်ကောင်းပေမယ့် သူလုပ်ချင်တာဆို စိတ်မြန်လက်မြန်နဲ့ တဇွတ်ထိုးလုပ်တတ်တဲ့လူလို့ သတင်းထွက်တယ်..."
တစ်ခုခုကို ခေါင်းအေးအေးထား၍ ဆုံးဖြတ်နိုင်ခြင်းက ရာထူးအမြင့်နေရာများကို ထိန်းထားနိုင်ရန် လိုအပ်သည့် အရည်အချင်းတစ်ခုဖြစ်သည်။ ထိုအရည်အချင်းကြောင့်လည်း စုယွဲ့ရှန်းက သူ့အစား တော်လှန်ရေးကော်မတီ၏လက်ထောက်ညွှန်ကြားရေးမှူးနေရာရသွားခြင်းဖြစ်သည်။
ထုံကျန်းကျန်းတစ်ယောက် ထိုကဲ့သို့သောလူနှင့် အဘယ်ကြောင့် ရုတ်တရက် အဆက်အသွယ်ရသွားလဲကို ထုံရွှယ်လူ စဉ်းစားမရချေ။
ထုံကျန်းကျန်းသည် ပြန်လည်မွေးဖွားလာသူဖြစ်သောကြောင့် ထိုကဲ့သို့သောလူနှင့် အဆက်အသွယ်ရနေသည်ဆိုပါက ထုံရွှယ်လူသည် ရှေ့လျှောက် တော်တော်ပင် သတိကြီးကြီးထားရတော့မည်ဖြစ်သည်။
ကိစ္စက ပို၍နက်နဲလာသောကြောင့် ထုံရွှယ်လူသည် ဖန်ဝမ်ယွမ်အား ဆက်မစုံစမ်းခိုင်းတော့ချေ။ ယခုအချိန်၌ အခြေအနေကို ဆက်၍ မထိန်းချုပ်ထားရန်မှာ အကောင်းဆုံးဖြစ်သည်ဟု ထုံရွှယ်လူ ဆုံးဖြတ်လိုက်သည်။
ဖန်ဝမ်ယွမ်သည် ထုံရွှယ်လူ၏အိမ်မှ ထွက်လာပြီးသောအခါ အိမ်သို့ မပြန်သေးပဲ တစ်နေရာသို့သွားကာ စိတ်ရှည်ရှည်နှင့်စောင့်နေလိုက်သည်။
သူသည် ရှန့်ဖန်းအကြောင်းစုံစမ်းရင်းနှင့် ရှန့်ဖန်း၏ အချိန်ဇယားကို အလွတ်ရနေပြီဖြစ်ရာ ယနေ့၌ ရှန့်ဖန်းတစ်ယောက် အလုပ်မှ နောက်ကျမှပြန်မည်ကို သိထားသည်။
နာရီဝက်ခန့်စောင့်ပြီးသောအခါ ရှန့်ဖန်းတစ်ယောက် လေတချွန်ချွန်နှင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။
ဖန်ဝမ်ယွမ်သည် ရှန့်ဖန်းကိုကြည့်ရင်းဖြင့် ထောင်းခနဲဒေါသထွက်သွားမိသည်။
ဖန်ကျင်းယွမ်က ခေါင်းဒဏ်ရာဖြင့် ခေါင်းများကိုက်နေချိန်၌ ဤသကောင့်သားက ပျော်ရွှင်နေသည်တဲ့လား။
ဖန်ဝမ်ယွမ်သည် စဉ်းစားလေလေ ပို၍ဒေါသထွက်လာလေလေဖြစ်နေသည်။ ထို့ကြောင့် ရှန့်ဖန်း အနားသို့ရောက်လာသောအခါ အုတ်ခဲတစ်လုံးကောက်၍ ရှန့်ဖန်းဆီသို့ ပစ်လိုက်တော့သည်။
အုန်း!
ဘာမှမသိလိုက်သောရှန့်ဖန်းသည် ခေါင်းသို့ အုတ်ခဲမှန်၍ ချက်ချင်းပင် သွေးများထွက်လာတော့သည်။
ရှန့်ဖန်းသည် ကြောက်လန့်သွားသဖြင့် ချက်ချင်းမအော်ပဲ အနည်းငယ်နောက်ကျမှအော်လိုက်သောကြောင့် သူ့အနားသို့ လူများရောက်လာချိန်တွင် ဖန်ဝမ်ယွမ်က ထွက်ပြေးသွားပြီဖြစ်သည်။
ရှန့်ဖန်း၏ဒဏ်ရာက ဖန်ကျင်းယွမ်ထက် ပိုဆိုးကာ ဆယ်ချက်ကျော်ပင် ချုပ်လိုက်ရသည်။
ဒဏ်ရာက ကြီးသောကြောင့် သေချာပေါက် အမာရွတ်ထင်မည်ဖြစ်ကာ ဦးနှောက်ကိုလည်း အနည်းငယ်ထိသွားသည်ဟု ဆရာဝန်ကပြောသည်။
ရှန့်ဖန်းသည် ခေါင်းခဏခဏကိုက်၍ မကြာခဏလည်း အန်နေသည်။ အလုပ်သို့လည်း တော်တော်နှင့် ပြန်မသွားနိုင်ပေ။ ထို့ကြောင့်ပညာရေးဌာနက ရှန့်ဖန်းအား ခွင့်ပေးကာ သူ၏အတွင်းရေးမှူးနေရာအတွက် နောက်တစ်ယောက်ကိုပင် ခန့်လိုက်ရသည်။
ရှန့်မိသားစုသည် ဤကိစ္စမှာ ဖန်မိသားစု၏လက်ချက်ဟု ထင်ကြသော်လည်း ပြစရာသက်သေမရှိသောကြောင့် ဘာမှမလုပ်နိုင် ဖြစ်နေကြသည်။
အဖေရှန့်နှင့် အမေရှန့်တို့သည်လည်း သားဇောနှင့် တစ်ယောက်ပြီးတစ်ယောက် နေမကောင်းဖြစ်ကုန်ကြကာ ရှန့်မိသားစုသုံးယောက်လုံး ဆေးရုံတက်နေကြရတော့သည်။