🍵Chapter 224
- သူ့ကို ငယ်ငယ်တည်းက တခြားလူတွေကို ကူညီပေးဖို့သင်ထားတာပါ
ထုံရွှယ်လူက ခြေသံကြားသောအခါ လှည့်ကြည့်လိုက်သည်။
"ရဲဘော်ဖန် ရှင့်ကို ကျွန်မ မေးချင်တာ တစ်ခုရှိလို့..."
ဖန်ဝမ်ယွမ်က ထုံရွှယ်လူ၏မှဲ့နီလေးထံမှ အကြည့်ကို မနည်းလွှဲလိုက်သည်။
"မေးလေ..."
"ကျွန်မတို့ နေ့လယ်စာစားနေတုန်းက ရှန့်ဖန်းက ထုံကျန်းကျန်းက အမျိုးသမီးလဲ့ဖုန်းဖြစ်နေတယ်လို့ ပြောလိုက်တယ်...အဲဒီကိစ္စနဲ့ပတ်သတ်လို့ ရှင်တစ်ခုခု သိထားတာရှိလား..."
ဖန်ဝမ်ယွမ်သည် ထုံရွှယ်လူမေးမည့်အကြောင်းက သူနှင့်သက်ဆိုင်သည့်အကြောင်းဟုသာထင်ထားမိခြင်းဖြစ်သည်။ ယခုကဲ့သို့ ထုံကျန်းကျန်းအကြောင်းမေးမည်ဟု မထင်ထားခဲ့ချေ။
"ရှိတယ်...လွန်ခဲ့တဲ့နှစ်ရက်လောက်က ထွက်ခဲ့တဲ့ သတင်းစာမှာပါတာ...ထုံကျန်းကျန်းက လယ်တောမှာ ရေနစ်နေတဲ့ သားအမိနှစ်ယောက်ကို ကယ်ခဲ့တာ...သူတို့ကိုကယ်ရင်းနဲ့ ထုံကျန်းကျန်း ကိုယ်တိုင်တောင် ရေစီးထဲမျောပါတော့မလို ဖြစ်သွားသေးတယ်တဲ့...နောက်တော့ အဲဒီသားအမိက အရမ်းကျေးဇူးတင်လွန်းလို့ သူတို့ကိုယ်တိုင် သတင်းထောက်သွားရှာပြီး အဲဒီအကြောင်းကိုပြောပြလိုက်တာ..."
ထုံကျန်းကျန်းက တခြားလူကိုကယ်ဖို့ သူ့ကိုယ်သူ အနစ်နာခံခဲ့သည်တဲ့လား။
ထိုဇာတ်လမ်းသည် ထုံရွှယ်လူအတွက်တော့ အနည်းငယ်မှပင် ယုံချင်စရာမကောင်းပေ။
မော်ဒန်ခေတ်မှလာခဲ့သူဖြစ်သောကြောင့် ထုံရွှယ်လူသည် ထိုကဲ့သို့သော ဇာတ်လမ်းမျိုးကို ရင်းနှီးပြီးသားဖြစ်နေသည်။
လယ်တောသို့အပို့ခံရသည့် လူဆိုးမှ အမျိုးသမီးသူတော်စင်လဲ့ဖုန်းဖြစ်သွားသည့် ဇာတ်လမ်းမျိုးက ရိုးနေပေပြီ။ ထုံကျန်းကျန်းသည် လူထု၏အမြင်ဖြင့် သူမ၏ဂုဏ်သတင်းကို ပြောင်းလဲရန် ကြိုးစားနေခြင်း ဖြစ်လေသည်။
ထုံကျန်းကျန်းက တကယ်ပင် ရေနစ်နေသည့်သားအမိကို ကယ်ခဲ့သည်ပဲ ထားပါတော့...သာမာန် အညတရလူမျိုးက ထိုအကြောင်းကို တခုတ်တရပြောရန် သတင်းထောက်ကို သွားရှာနေမည်မဟုတ်ချေ။
ရေနစ်သည်ကို ကယ်သည်မှစ၍ သတင်းထောက်ကို သွားရှာသည်အဆုံး အကုန်လုံးသည် တမင်သက်သက် အကွက်ချထားခြင်းသာဖြစ်မည်ကို ထုံရွှယ်လူ သေချာသိလိုက်သည်။
သို့သော်လည်း ထုံကျန်းကျန်းက လယ်တောသို့ရောက်နေသည်ဖြစ်သောကြောင့် ထိုကိစ္စများကို သူမကိုယ်တိုင် စီစဉ်နိုင်မည်မဟုတ်ချေ။ သူမကို နောက်ကွယ်မှ ကူညီနေသူ ရှိရပေဦးမည်။
ထုံရွှယ်လူက ဘာမှမပြောပဲ တိတ်နေသည်ကို မြင်သောအခါ ထုံကျန်းကျန်းတစ်ယောက်လွတ်လာပါက သူမအတွက် အခက်အခဲဖြစ်တော့မည်ဖြစ်ကြောင်း တွေးနေခြင်းဖြစ်သည်ဟု ဖန်ဝမ်ယွမ် ထင်လိုက်သည်။
"ထုံကျန်းကျန်းက မင်းကို လက်စားပြန်ချေမှာကို စိတ်ပူနေစရာမလိုပါဘူး..."
ထုံရွှယ်လူက ခေါင်းခါလိုက်သည်။
"ကျွန်မ အဲဒါကို စိတ်မပူပါဘူး...သူက ဘယ်လိုဖြစ်လို့ ရုတ်တရက် အမျိုးသမီးလဲ့ဖုန်း ဖြစ်သွားတာလဲကို စဉ်းစားနေတာပါ...အဲဒီ ရှန့်မိသားစု...အထူးသဖြင့် ရှန့်ဖန်းဆိုတဲ့လူကို ကြည့်ရတာ ပုံမှန်မဟုတ်ဘူး...သူတို့အကြောင်းကို ရှင် တစ်ယောက်ယောက်ကိုလွှတ်ပြီး စုံစမ်းခိုင်းသင့်တယ်..."
ဖန်ဝမ်ယွမ်က နားမလည်ဖြစ်သွားသည်။
"ပုံမှန်မဟုတ်ဘူးဆိုတာ ဘာကိုပြောတာလဲ..."
ထုံရွှယ်လူက ခဏမျှတိတ်နေပြီးမှ ပြောလိုက်သည်။
"သူက ကျင်းယွမ်နားကို အကြံအစည်နဲ့ ချဉ်းကပ်လာတယ်လို့ထင်တာပဲ...ပြီးတော့ သူက မိန်းမတွေကို မကြိုက်ဘူး လို့လည်း ကျွန်မ ထင်မိတယ်..."
???
ဖန်ဝမ်ယွမ်တစ်ယောက် ပို၍ပင် နားမလည်ဖြစ်သွားသည်။
ထုံရွှယ်လူက ရှင်းပြလိုက်သည်။
"သမိုင်းထဲမှာ တခြားယောင်္ကျားတွေကိုပဲကြိုက်တဲ့ အမျိုးသားတွေအကြောင်း ရှင်မကြားဖူးဘူးလား...ရှန့်ဖန်းက အဲဒီလို ယောင်္ကျားမျိုးလို့ ကျွန်မထင်တယ်..."
ရှန့်ဖန်းသည် ဖန်ဝမ်ယွမ်အား သိပ်ကြင်နာပုံမပြသည်ကို သတိစထားမိစဉ်က ထုံရွှယ်လူသည် လိင်တူကြိုက်နှစ်သက်ခြင်းအကြောင်းကို မစဉ်းစားမိသေးချေ။ သူတို့ချစ်သည်ကို ထုတ်မပြတတ်သော လူများလည်း ရှိတတ်သောကြောင့် ထိုသို့ဖြစ်မည်သာ ထင်နေခဲ့မိသည်။
သို့သော် ဖန်ဝမ်ယွမ်က သူ့ဘက်သို့ လဲကျလာသည်ကို မြင်သောအခါ၌ ဖြစ်သွားသည့် ရှန့်ဖန်း၏ပုံစံသည် အလွန်လန့်သွားကာ အလွန်ရွံရှာဖွယ်ကောင်းသည့် သတ္တဝါတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း ရှန့်ဖန်းသည် ဖန်ဝမ်ယွမ်အား ဘာမှသေချာမစဉ်းစားပဲ တွန်းထုတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုစဉ်က ထုံရွှယ်လူရပ်နေသည့်နေရာမှ ရှန့်ဖန်း၏မျက်နှာအား ကောင်းစွာ မြင်နေခဲ့ရသည်။ ထို့ကြောင့် ရှန့်ဖန်းသည် ဖန်ဝမ်ယွမ်အပေါ် ချစ်စိတ်မရှိသည်သာမက မိန်းမကိုပါ မုန်းတီးသည့် လိင်တူချစ်ကြိုက်တတ်သူတစ်ဦးဖြစ်နေသည်ကို ထုံရွှယ်လူ သေချာသိလိုက်သည်။
ထိုသို့ ဖြစ်နေလျက်နှင့် ဖန်ဝမ်ယွမ်ကို ချဉ်းကပ်ခဲ့သည့်အကြောင်းကတော့ သူ့မိဘများထံမှ ဖိအားပေးခြင်းနှင့် ပတ်ဝန်းကျင်မှ မိန်းကလေးတစ်ဦးအား မြန်မြန်လက်ထပ်ခိုင်းနေခြင်းတို့ကြောင့်ဖြစ်လိမ့်မည်။ ထို့အပြင် ထုံရွှယ်လူသည် သူမကြောင့်လည်း အနည်းငယ် ဖြစ်နိုင်သည်ဟု ထင်နေမိသည်။
ဖန်ဝမ်ယွမ်: "..."
ထုံရွှယ်လူ: "ရှင်က ကျင်းယွမ်ရဲ့အစ်ကိုပဲ...ဒီကိစ္စကို သေချာစုံစမ်းလိုက်ပါ..."
ဖန်ဝမ်ယွမ်လည်း စိတ်ကို ပြန်ထိန်းကာ ခေါင်းငြှိမ့်ပြလိုက်သည်။
"ငါကြည့်လိုက်ပါမယ်..."
ထုံရွှယ်လူကပြောလိုက်သည်။
"ကျွန်မပြန်တော့မယ်...ကလေးတွေ အိမ်မှာ စောင့်နေကြလို့..."
ဖန်ဝမ်ယွမ်က ဆေးရုံသို့ရောက်လာသောအခါ အဖွားရှန်ဝမ်ရုံတစ်ယောက်တည်း ကလေးများ မနိုင်မနင်းဖြစ်နေမည်စိုးသောကြောင့် ထုံရွှယ်လူသည် အဖိုးဝေ့အား အိမ်သို့ပြန်ခိုင်းလိုက်သည်။
ပြန်ရန် လှည့်သွားသော ထုံရွှယ်လူကိုကြည့်နေရင်းဖြင့် ဖန်ဝမ်ယွမ်သည် ရုတ်တရက် တစ်မျိုးခံစားလာရကာ ထုံရွှယ်လူအား လှမ်းခေါ်လိုက်သည်။
"ထုံရွှယ်လူ..."
ထုံရွှယ်လူက လှည့်ကြည့်လိုက်သည်။
"ဘာလဲ..."
ထုံရွှယ်လူ၏နှုတ်ခမ်းများကိုကြည့်၍ ဖန်ဝမ်ယွမ်၏နှလုံးသားက တဒိတ်ဒိတ်ခုန်လာဟ်ြ။
"မင်း ဘာဖြစ်လို့ ငါ့ကို ရုတ်တရက်ကြီး မကြိုက်တော့တာလဲ..."
ထုံရွှယ်လူ၏နှုတ်ခမ်းများက အနည်းငယ် တင်းသွားကြသည်။
"သူ့ကိုမကြိုက်တဲ့လူတစ်ယောက်ကို ဘယ်မိန်းကလေးက အချိန်ကုန်ခံပြီး လိုက်နေတော့မှာလဲ..."
ထို့နောက် ထုံရွှယ်လူသည် လှည့်ထွက်လာလိုက်တော့သည်။
ဖန်ဝမ်ယွမ်ကတော့ ထုံရွှယ်လူ၏လှပသောခန္ဓာကိုယ်လေးက သူနှင့်တဖြည်းဖြည်းဝေးသွားသည်ကို ငေးကြည့်ရင်းဖြင့် ရင်ဘတ်ထဲ၌ တစ်ခုခုပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။
ဖန်ဝမ်ယွမ်သည် အတိတ်က ထုံရွှယ်လူအပေါ် သူဆက်ဆံခဲ့သလို မဆက်ဆံတော့ပဲ သူ၏လုပ်ရပ်များအတွက်လည်း နောင်တရနေသည်ဆိုလျှင် သူ့အတွက် အခွင့်အရေးနောက်တစ်ခေါက် ထပ်ရှိနိုင်ဦးမည်လားဟု မေးချင်ခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင်တော့ ဖန်ဝမ်ယွမ် ထိုစကားများကို တစ်ခွန်းမှ မပြောနိုင်ခဲ့ပါချေ။
ဖန်ဝမ်ယွမ်ဖြစ်နေသည်ကို ထုံရွှယ်လူက ဂရုမစိုက်ချေ။
တကယ်တော့ ဖန်ဝမ်ယွမ်သည် ဝတ္ထု၏ အဓိက အမျိုးသားဇာတ်လိုက်ဖြစ်သည်။ သို့သော် ထုံရွှယ်လူ ဝတ္ထုထဲ ရောက်လာသည့်အတွက် ဆင့်ကဲ့ဖြစ်စဉ်များဖြစ်ကာ ယခုဆိုလျှင် ထုံကျန်းကျန်းနင့် ဖန်ဝမ်ယွမ်တို့က ချစ်ကြိုက်ရန်မပြောနှင့် တစ်ယောက်နှင့်တစ်ယောက် ဆုံဖို့ပင် လမ်းမမြင်တော့ချေ။
ထိုသို့ဆိုလျှင် ထုံကျန်းကျန်းကို ကူညီနေသည်မှာ မည်သူနည်း။
🍵
ထုံရွှယ်လူ အိမ်သို့ ပြန်ရောက်သောအခါ ထုံမျန်မျန်က အိပ်ပျော်နေပြီဖြစ်သည်။
ဝေ့မိသားစုအား ဆေးရုံမှ နောက်ဆုံးအခြေအနေကို သတင်းပေးပြီးသောအခါ ထုံရွှယ်လူသည် ထုံမျန်မျန်ကို ချီ၍ အိမ်သို့ ပြန်လာလိုက်သည်။
ထုံကျားမင်က အိမ်ထဲရှိ သွေးများကို သန့်ရှင်းရေးလုပ်ထားသောကြောင့် ထုံရွှယ်လူလည်း သူ့မောင်နှစ်ယောက်လုံးကိုချီးကျူးလိုက်သည်။
ညလယ်ဘက်တွင် ထုံမျန်မျန်က ငိုရင်း နိုးလာကာ ကိုယ်လည်း အနည်းငယ် ပူနေလေသည်။
ထုံရွှယ်လူက ဆေးအမြန်တိုက်၍ ပြန်ချော့သိပ်လိုက်ရသည်။
နောက်တစ်နေ့၌ ထုံရွှယ်လူအလုပ်သွားသောအခါ မျက်ကွင်းများညို၍ တစ်နေ့လုံး သမ်းဝေနေတော့သည်။
ထိုအချိန်တွင် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနဝန်းထဲမှ ထုံမိသားစုကတော့ နှစ်သစ်ကူးချိန်ကဲ့သို့ အလွန်ပျော်ရွှင်နေကြလေသည်။
ထုံကျန်းကျန်းသည် အိမ်ဝန်းထဲဝင်လာသည်နှင့် သူမ၏မိသားစုများကို ဝိုင်းလာတော့သည်။ အခြားလူများကလည်း ထုံကျန်းကျန်းကိုမြင်သောအခါ အနားသို့ရောက်လာကြသည်။
"ကျန်းကျန်း နင်ပြန်ရောက်လာပြီပဲ...ငါ ဟိုနေ့က နင် လူတွေကို ကယ်တယ်ဆိုတာကို သတင်းစာထဲ ဖတ်လိုက်ရတယ်...ကျန်းကျန်း...နင်က တကယ်ကို သတ္တိရှိတာပဲ..."
"ကျွန်မလည်း ဖတ်လိုက်ရတယ်...ကျန်းကျန်းက တကယ်ကို အမျိုးသမီးလဲ့ဖုန်းပဲ...ကျန်းကျန်းအတွက် တစ်မျိုးလုံး ဂုဏ်ယူနေကြရပြီ..."
"နင် အဲဒီတုန်းက ဘယ်လိုသတ္တိနဲ့များ ဆင်းကယ်ခဲ့တာလဲ...အဲ့အချိန်မှာ ရေစီးက အရမ်းကောင်းနေတာ...နင်မကြောက်ဘူးလား..."
ထုံကျန်းကျန်းက ပြုံး၍ နှိမ်ချစွာ ပြောလိုက်သည်။
"အဲဒီအချိန်တုန်းကတော့ ကျွန်မတွေးမိတာက ရေစီးနဲ့မျောပါတော့မယ့် သားအမိနှစ်ယောက်ကို ကယ်ဖို့ပါပဲ...တခြား ဘာမှ ခေါင်းထဲမရှိပါဘူး..."
တကယ်တော့ ထိုအကြောင်းအရာများအားလုံးက သတင်းစာထဲ ပါပြီးသားဖြစ်သည်။ သို့သော်လည်း လူတိုင်းက ထုံကျန်းကျန်း၏ပါးစပ်မှ ထွက်သည့်စကားကို မကြားရမချင်း မကျေနပ်နိုင်သကဲ့သို့ ထိုအကြောင်းကိုပင် ထပ်ခါထပ်ခါ မေးနေကြလေသည်။
ထုံကျန်းကျန်းကလည်း ထိုသို့သော အခြေအနေ၌ အပြုအမူများက အလွန်သိမ်မွေ့နူးညံ့၍ စိတ်မရှည်သည့်ပုံစံ အနည်းငယ်မှပင် မရှိချေ။
ထို့ကြောင့် လူတိုင်းက ထုံကျန်းကျန်းအား ပို၍ပင် အထင်ကြီးသွားကြတော့သည်။
"ကျန်းကျန်းက တကယ်ကို ချောမောပြီး ကြင်လည်း ကြင်နာတတ်တာပဲ...ငါတို့အကုန်လုံး သူ့ရဲ့ ကိုယ်ကျိုးစွန့်တဲ့ အပြုအမူကို ချီးကျူးကြသင့်တယ်..."
"ဟုတ်တယ်...ကျန်းကျန်းရဲ့အကြောင်းကို လူတိုင်းသိအောင် လုပ်ကြရမယ်..."
"အဒေါ်ထုံ...ဒီလိုသမီးလေးမျိုးရထားတာ အရမ်းကံကောင်းတာပဲနော်..."
ထိုစကားများကိုကြားသောအခါ အမေထုံသည်လည်း ဝမ်းသာလွန်း၍ မျက်နှာပင် နီရဲနေလေသည်။
"အဲဒီလောက်လည်းမဟုတ်ပါဘူးရှင်...ဒါ သူလုပ်သင့်တဲ့အလုပ်ပဲလေ...ကျန်းကျန်းကို ငယ်ငယ်တည်းက ဒုက္ခရောက်နေတဲ့လူတွေကို ကူညီပေးဖို့ သင်ပေးထားတာ..."
ငယ်ငယ်တည်းက...
အမေထုံ၏စကားရွေးချယ်မှုမှားသွားသည်ကို တော်တော်များများက သတိထားလိုက်မိသော်လည်း ယခုအခြေအနေ၌ ဘာမှမပြောချင်သောကြောင့် တိတ်တဆိတ်သာ နေနေလိုက်ကြသည်။
လူအုပ်ကြီးသည် ထုံကျန်းကျန်းနား၌ အချိန်အတော်ကြာ စုဝေးနေပြီးမှ လူစုခွဲသွားကြသည်။
ထုံမိသားစုဆီသို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ထုံကျန်းကျန်းသည် လကို ကြယ်များက ဝန်းရံနေသကဲ့သို့ အခြားလူများ၏ဝန်းရံခြင်းကို ခံနေရတော့သည်။
ချိုင်ချွန်းလန်က သူကိုယ်တိုင် ရေခပ်လာကာ ထုံကျန်းကျန်းကိုပေးလိုက်သည်။
"ကျန်းကျန်း စကားတွေအများကြီးပြောထားရတာ ရေဆာနေရောပေါ့...ဒီမှာ ရေလေးသောက်လိုက်ဦး..."
ထုံကျန်းကျန်းက ရင်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးကာ စိတ်ကြီးဝင်နေသော်လည်း အပြင်ပန်းကတော့ ယဉ်ကျေးနှိမ်ချသည့်ပုံစံကို ဖမ်းထားဆဲဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အစ်မ...ကျွန်မလည်း တော်တော်ရေဆာနေတာ..."
ချိုင်ချွန်းလန်က ချန်ယွဲ့လင်အား လှောင်သည့်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်၍ ဆက်ပြောလိုက်သည်။
"ဒါဆို ဒီရေလေးမြန်မြန်သောက်လိုက်လေ...မဝသေးရင် အစ်မ ထပ်ခပ်ပေးမယ်..."
ချန်ယွဲ့လင်က ဘာမှမပြောသောအခါ အမေထုံက စိတ်အလိုမကျဖြစ်သွားသည်။
"အဲဒီမှာရပ်ပြီး ဘာလုပ်နေတာလဲ...ကျန်းကျန်းပြန်ရောက်လာတာ မမြင်ဘူးလား...ဆိုင်ကနေ အသားတွေ အမြန်သွားဝယ်စမ်း..."
ချန်ယွဲ့လင်က ပြန်ပြောလိုက်သည်။
"အမေ ညစာစားချိန် မရောက်သေးဘူးလေ..."
အမေထုံက ထပ်အော်ရန်ပြင်နေဆဲမှာပင် ထုံကျန်းကျန်းက ဝင်ပြောလိုက်သည်။
"အမေ သမီးလည်း ဗိုက်မဆာသေးပါဘူး...အစ်မချန် နောက်မှသွားလည်းရပါတယ်..."
ထုံကျန်းကျန်းက သူမကို ကာကွယ်ပေးပြီး ပြောလိုက်သောကြောင့် ချန်ယွဲ့လင် အံ့ဩသွားသည်။
ထုံကျန်းကျန်းက ချန်ယွဲ့လင်အပေါ် သဘောကောင်းနေသည်ကို မြင်သောအခါ ချိုင်ချွန်းလန်က သူလည်း အမှတ်ကောင်းဝင်ယူရန် အမြန်ပြောလိုက်သည်။
"ကျန်းကျန်းက တကယ်ကို အမေတူသမီးပါပဲ...ထုံရွှယ်လူသာ ကျန်းကျန်းကို မစွပ်စွဲခဲ့ဘူးဆိုရင် ကျန်းကျန်းက လယ်တောကို အပို့ခံရမှာမဟုတ်ဘူး..."
ထိုစကားကြောင့် အခန်းတစ်ခုလုံး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားလေသည်။
ချိုင်ချွန်းလန်၏စကားက အမေထုံအား ထုံရွှယ်လူကိုမကောင်းပြောနေစဉ်လူမိသွားသည့်အချိန်ကို ပြန်သတိရသွားစေသည်။
"ဘာဖြစ်လို့ ရုတ်တရက် ထုံရွှယ်လူအကြောင်း ပြောလိုက်တာလဲ..."
ချိုင်ချွန်းလန်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။
"ဒေါသထွက်လို့ပေါ့ အမေရယ်...သူ့ကြောင့် ကျန်းကျန်းက လယ်တောဆီသွားနေရတဲ့အချိန်မှာ သူကတော့ စားသောက်ဆိုင်မှာ မန်နေဂျာဖြစ်ပြီး အစားကောင်း အသောက်ကောင်းတွေ စားနေရတာ...ကျန်းကျန်းသာ အခုလို လူတွေစိတ်ဝင်စားအောင် မလုပ်လိုက်ဘူးဆိုရင် ကျွန်မတို့မိသားစု အခုထိ လူတွေရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေရမှာ..."
ထုံကျန်းကျန်း၏မျက်လုံးများ၌ အလွန်အဆိပ်ပြင်းသော မနာလိုမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ထိုခံစားချက်ကို ထိန်းချုပ်ကာ ပြောလိုက်သည်။
"ပြီးခဲ့တာတွေလည်း ပြီးပါစေတော့...ကျွန်မလည်း ထုံရွှယ်လူကို မမုန်းတော့တာမို့လို့ အတိတ်ကအကြောင်းတွေ မပြောကြပါနဲ့တော့..."
ထုံကျန်းကျန်း၏စကားကြောင့် လူတိုင်း အံ့အားသင့်သွားကြကာ ထုံကျန်းကျန်းသည် လုံးဝကိုပြောင်းလဲသွားပြီဟု ခံစားလိုက်ကြရသည်။
ချိုင်ချွန်းလန်က တစ်လုံးချင်း သေချာပြန်မေးလိုက်သည်။
"ကျန်းကျန်းက တကယ်ပဲ ထုံရွှယ်လူကို မမုန်းတော့ဘူးလား..."
ထုံကျန်းကျန်းက ခေါင်းခါလိုက်သည်။
"ကျွန်မ အရင်တုန်းကလည်း သူ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး...ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် စိတ်မကောင်းဖြစ်ခဲ့တာပဲရှိတာပါ...တကယ်တော့ ကျွန်မတို့နှစ်ယောက်က ဆုံကိုဆုံကြရမှာပဲလေ...နောက်ကျရင်လည်း ကျွန်မတို့တွေ သူငယ်ချင်းဖြစ်သွားကြဖို့ မျှော်လင့်မိပါတယ်..."
အခြားလူများ: "...."