အပိုင်း၂၂၃
Viewers 39k

🍵Chapter 223

မင်းရဲ့စကားကိုပြန်ပြောလိုက်စမ်း



သူ့သား၏စကားကိုကြားသောအခါ အမေရှန့်သည် သူတို့ဘက်မှ အသာရသွားသောကြောင့် ချက်ချင်းပင် လေသံက မာသွားသည်။


"ရှင်တို့ကြားလား...ကျွန်မသားက ရှင်တို့သမီးကို တွန်းလိုက်တာမဟုတ်ဘူး...သားလေးက လှမ်းဖမ်းဖို့တောင်ကြိုးစားသေးတာ...ရှင်တို့သမီးကသာ သေချာမကိုင်ထားလိုက်တာလေ...အဲဒါကို ဘာဖြစ်လို့ သားလေးကို ထိုးကြိတ်နေရတာလဲ..."


အဖေဖန်၏မျက်နှာသည် ဒေါသဖြင့် သကြားမုန်လာကဲ့သို့ နီရဲသွားလေသည်။

"ရှန့်ဖန်း မင်းရဲ့စကားကို ပြန်ပြောလိုက်စမ်း..."


ရှန့်ဖန်းက တုန်လှုပ်၍ သူ့အမေနောက်သို့ ပြေးပုန်းလိုက်သည်။


"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကျင်းယွမ်ကို မတွန်းခဲ့ဘူးလေ...ရဲစခန်းရောက်ရင်ရောက်ပါစေ ကျွန်တော်ကတော့ ကျွန်တော့်စကားကို ပြင်မှာမဟုတ်ဘူး..."


အမေရှန့်က ရင်ဘတ်ကိုကော့ကာ ဒေါသဖြင့် ရုတ်တရက် လှုပ်ရှားလိုက်သည်။

"ရှင် ကျွန်မသားကိုထိုးတာ...ကျွန်မသားကို ထိုးတာ!...ရှင့်ကို ကျွန်မ သတ်မယ်..."


အမေရှန့်သည် အော်ဟစ်ရင်းဖြင့် လက်ကိုဆန့်ကာ အဖေဖန့်၏မျက်နှာကို ကုတ်လိုက်လေသည်။


ထိုအမျိုးသမီးသာ ယောင်္ကျားဖြစ်နေပါက အဖေဖန့် ဆွဲထိုးနေပြီဖြစ်သည်။ သို့သော် ယခုတွင်တော့ အမျိုးသမီးဖြစ်နေသောကြောင့် အဖေဖန့် ဘာမှပြန်မလုပ်နိုင်ဖြစ်နေသည်။


အဖေဖန်သည် ရှောင်တိမ်းရင်းဖြင့် အနောက်သို့ဆုတ်လိုက်သော်လည်း အကြိမ်အနည်းငယ်တော့ အကုတ်ခံသွားရမိသေးသည်။


ထုံရွှယ်လူက အနားသို့လျှောက်လာကာ ပြောလိုက်သည်။


"ဦးလေးဖန်...သူက ရဲစခန်းရောက်ပါစေ မမှုဘူးဆိုတော့ ကျွန်မ အခုပဲ ရဲစခန်းမှာ အမှုသွားဖွင့်လိုက်တော့မယ်..."


ထို့နောက် ဆေးရုံထဲမှ ထွက်သွားရန်ပြင်လိုက်သည်။


ရှန့်ဖန်းက ထိုစကားကြားသောအခါ လန့်ဖြန့်သွား၍ အမြန်လှမ်းအော်လိုက်သည်။


"အဖေ သူ့ကို အမြန်တား...သူ့ကို ရဲစခန်းဆီအရောက်ခံလို့ မဖြစ်ဘူး..."


အဖေဖန်က သား၏စကားနားထောင်ကာ ထုံရွှယ်လူနောက်သို့ပြေးသွား၍ ထုံရွှယ်လူ၏လက်ကို လှမ်းဆွဲရန်ပြင်လိုက်သည်။


သို့သော် ထုံရွှယ်လူ၏ အင်္ကျီလက်ကို ထိလိုက်ရုံပင်ရှိသေးချိန်မှာပင် ထုံရွှယ်လူက အနောက်သို့ ချာခနဲလှည့်ကာ အဖေရှန့်၏ပါးကို ရိုက်ချလိုက်တော့သည်။


"ရွံစရာအဖိုးကြီး...ရှင့်သားနဲ့တူတူ ရှင်ပါ ရဲစခန်းရောက်သွားချင်လို့လား..."


ထုံရွှယ်လူ၏ရိုက်ချက်ကြောင့် အဖေရှန့်၏မျက်နှာက ရွဲ့ပင်ရွဲ့သွားကာ ရိုက်ပြီး အတော်ကြာသည့်အထိပင် သူ၏ဘယ်ဘက်ပါးက တစစ်စစ်နေနေသည်ကို ခံစားနေရသည်။


ပိုဆိုးသည်က သူတို့နားသို့ လူများ ဝိုင်းလာကာ အဖေရှန့်အား လက်ညှိုးများဝိုင်းထိုး၍ တီးတိုးပြောနေကြခြင်းဖြစ်သည်။ အဖေရှန့်မျက်နှာသည် လူအုပ်ကြား၌ ဖြူလိုက် နီလိုက် ဖြစ်နေတော့သည်။


အဖြစ်အပျက်ကိုမြင်သောအခါ အမေရှန့်သည် အဖေဖန်အား တိုက်ခိုက်နေသည်ကိုရပ်၍ ထုံရွှယ်လူဆီသို့ ပြေးလာတော့သည်။


"စောက်ခွေးမလေး ..ငါ နင့်ကို သတ်မယ်..."


အနောက်မှ ရှန့်ဖန်းကတော့ နှလုံးက ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် လန့်သွားကာ အော်ပြောလိုက်သည်။


"အမေ သူ့ကို မရိုက်နဲ့...သူ့အဖိုးက ဗိုလ်မှူးကြီး..."


!!!


အမေရှန့်က သူ့သားအော်သံကို ကြားသောအခါ လက်ရွယ်နေရာမှ ချက်ချင်း ရပ်လိုက်သောကြောင့် ကြည့်ရသည်မှာ ရယ်စရာဖြစ်သွားသည်။


ဟင်း...စိတ်ဝင်စားစရာတော့ကောင်းနေပြီ

ထုံရွှယ်လူက မျက်ခုံးကို ပင့်လိုက်သည်။


နေ့လယ်စာစားစဉ်က ရှန့်ဖန်းက ထုံကျန်းကျန်းအကြောင်း ထပြောစဉ်တည်းက ထုံရွှယ်လူ့စိတ်ထဲ တစ်မျိုးဖြစ်‌သွားခြင်းဖြစ်သည်။


ထို့နောက် ဖန်ကျင်းယွမ် မတော်တဆဖြစ်သွားသော‌ကြောင့် ဘာကြောင့် တစ်မျိုးဖြစ်သွားသည်ကို သေချာမစဉ်းစားလိုက်ရချေ။ ယခု ထုံရွှယ်လူ၏နောက်ခံကိုပါ ရှန့်ဖန်းက ထည့်ပြောလိုက်သောကြောင့် ပို၍ပင် မသင်္ကကာဖြစ်သွားတော့သည်။


ရန်ဖြစ်နေကြသည်ကို သတိထားမိသွားသောကြောင့် သူနာပြုတစ်ယောက်က အနားလာ၍ အော်လိုက်သည်။


"ဒါ ဆေးရုံနော်...ရန်ဖြစ်ရမယ့်နေရာမဟုတ်ဘူး...ရှင်တို့ ရန်ဆက်ဖြစ်နေမယ်ဆိုရင် ဒီကနေ ဆွဲထုတ်ရလိမ့်မယ်..."


ထို့‌ကြောင့် မိသားစုနှစ်ခုသည် တစ်ယောက်ကိုတစ်ယောက် မျက်စောင်းများထိုးနေကြသော်လည်း လက်တော့ ထပ်မပါကြတော့ချေ။


ရှန့်ဖန်းက ပြောလိုက်သည်။

"အဖေ အမေ သေချာစဉ်းစားကြည့်ရင် ဖြစ်သွားတာတွေက အရမ်းမြန်တော့ သေချာမမှတ်မိတော့ပေမယ့် ကျင်းယွမ်ကို ကျွန်တော် တွန်းလိုက်မိတယ်ထင်တယ်...ဒါပေမယ့် ကျွန်တော် တမင်ရည်ရွယ်ပြီး မလုပ်တာတော့ တကယ်ပါ...သူက ကျွန်တော့်ချစ်သူပဲလေ..."


"ချီးကို မင်းချစ်သူလားကွ..."


အဖေဖန်က ဒေါသတကြီးအော်လိုက်ပြန်သည်။

"အခုအချိန်ကစပြီး မင်းနဲ့ ငါ့သမီးနဲ့ ဘာမှ မပတ်သတ်တော့ဘူး..."


သူ၏သမီးက ထိုကောင်အား မည်မျှပင်ကြိုက်နေပါစေ အဖေဖန်သည် သဘောမတူနိုင်တော့ပေ။ ထိုကောင်နှင့် လက်ထပ်ပေးမည့်အစား ဒုက္ခိတဖြစ်၍ တစ်သက်လုံး အလုပ်မလုပ်ပဲ သူ့အား မှီခိုနေသည်ကိုမှ တော်ဦးမည်။


အမေရှန့်ကလည်း ရင်ကိုကော့၍ ပြန်ပြောလိုက်သည်။

"ရှင့်သမီးရဲ့ ချစ်သူမဖြစ်တော့ရော ဘာဖြစ်သေးလဲ...ကျွန်မသားက ဂရုစိုက်မယ်ထင်လို့လား...ဖန်းလေးက သဘောလည်းကောင်းတယ် ရုပ်လည်းချောတယ် အလုပ်အကိုင်ကောင်းကောင်းလည်းရှိတယ်...သူ့ကို လက်ထပ်ချင်တဲ့မိန်းကလေးတွေများ တန်းစီလို့...ရှင့်ရဲ့သမီးကသာ ရိုင်းစိုင်းနေတာ..."


အဖေဖန်၏မျက်လုံးများပြူးသွားကြသည်။

"ခင်ဗျား ဘာစကားပြောတာလဲ..."


အမေရှန့်ကလည်း မကြောက်ပေ။ သူမ၏ရှေ့မှ လူဖလံလေးအား နည်းနည်းမှပင် ကြောက်စိတ်မရှိချေ။


"မှန်တာတွေ ပြောနေတာလေ...ရှင့်သမီးက ပထမဆုံးစတွေ့တဲ့နေ့မှာတင် ကျွန်မသားရှေ့မှာ အီးပေါက်လိုက်တာ...ဘယ် ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးမျိုးက အဲဒီလိုအပြုအမူမျိုးလုပ်မှာလဲ...ရှင်က ဘာတွေ ကြည့်နေတာလဲ...ကျွန်မကို လက်ပါရဲရင် ပါကြည့်လိုက်လေ...လုပ်လိုက်စမ်းပါ..."


အဖေဖန်ကလည်း စိတ်ရှိတိုင်းသာဆို ရိုက်ပြီးပြီဖြစ်သည်။ သို့သော် ထိုသို့ လက်ပါခြင်းက ရဲစခန်းဆီသို့ရောက်လျှင် ပိုဆိုးမည်သာဖြစ်သည်။ ထို့ကြောင့် ဒေါသဖြင့် ရင်ဘတ်သာ နိမ့်ချည် မြင့်ချည် ဖြစ်နေတော့သည်။


ထုံရွှယ်လူက သတိပေးလိုက်သည်။

"ဦးလေးဖန် ဒီကိစ္စကို ရဲစခန်းတိုင်ချင်လား သူတို့ဆီက နစ်နာကြေးပဲတောင်းချင်လား..."


အဖေဖန်လည်း ထိုအခါမှပင် အသိစိတ်ဝင်ကာ သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။

"ခင်ဗျားတို့ရဲ့သားက ကျုပ်သမီးကို တွန်းလိုက်တာ...ခင်ဗျားတို့ နစ်နာကြေးမပေးဘူးဆိုရင် ကျုပ်တို့ ရဲစခန်းတိုင်ရလိမ့်မယ်..."


တကယ်တော့ ရဲစခန်းသို့သွားလျှင်တောင် ရှန့်ဖန်းသည် အဖမ်းခံရမည်မဟုတ်ချေ။ သို့သော်လည်း နှစ်ဖက်လုံးက ရဲစခန်းရောက်သည်အထိ မဖြစ်ချင်ကြပေ။


အပြန်ပြန် အလှန်လှန် အချေအတင် ဆွေးနွေးပြီး နောက်ဆုံးတွင်မှ ရှန့်မိသားစုဘက်မှ ယွမ် ၁၀၀ ပေးမည်ဟူသောသဘောတူချက်ဖြင့် အဆုံးသတ်သွားလေသည်။


အမေရှန့်က ပိုက်ဆံကို ဆွဲထုတ်လိုက်ပြီးနောက် မြေကြီးပေါ်သို့ တံတွေးထွေးချကာ ပြောလိုက်သည်။

"ရှင်တို့လိုမိသားစုနဲ့ တွေ့ရတာ ကျွန်မတို့အတွက်တော့ ကံဆိုးမှုတစ်ခုပါပဲ..."


ထို့နောက် သူတို့၏သားကိုခေါ်ကာ ထွက်သွားကြတော့သည်။


အဖေဖန်သည် ပိုက်ဆံကို လက်ကကိုင်ထားရင်းနှင့် ဒေါသထွက်လွန်းကာ မျက်နှာပင် စိမ်းဖန့်ဖန့်ဖြစ်၍ ရင်ဘတ်ထဲမှလည်း တင်းကျပ်ကျပ်ဖြစ်သွားလေသည်။


🍵


ရှန့်မိသားစု၏လုပ်ရပ်ကို ကြားသောအခါ အမေဖန်သည်လည်း အလွန်ဒေါသထွက်လွန်း၍ နှလုံးပင်အောင့်သွားသည်။

"သူတို့တွေက ဒီလို အမျိုးအစားတွေဆိုတာကိုသာ သိခဲ့ရင် ကျင်းယွမ်ကို အဲဒီကောင်နဲ့ သွားမတွေ့ခိုင်းခဲ့ပါဘူး..."


ထိုအခိုက်မှာပင် ဖန်ကျင်းယွမ်က သတိပြန်ရလာ၍ အမေဖန်၏စကားကိုကြားသွားလေတော့သည်။ ဖန်ကျင်းယွမ်သည် ခဏငြိမ်သက်ပြီးသွားသောအခါမှ မျက်ရည်များက ပါးပေါ် စီးကျလာလေသည်။


ဖန်ကျင်းယွမ်သတိရလာသည်ကို မြင်သောအခါ အမေဖန်လည်း ပွစိပွစိပြောနေသည်ကို ရပ်၍ အနားသို့ပြေးသွားလိုက်သည်။


"ဘယ်လိုနေသေးလဲ ကျင်းယွမ် ..ဟင် ဘာဖြစ်လို့ငိုနေတာလဲ သမီး...နာလို့လား..."


ဖန်ကျင်းယွမ်က နှုတ်ခမ်းကိုစူကာ အသံထွက်ငိုလိုက်သည်။


"အမေ သူက ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားရတာလဲ...အစ်ကိုရှန့်က အရင်တုန်းက အဲဒီလို မဟုတ်ပါဘူး..."


အမေဖန်က သူ့သမီးကို ချော့မော့နှစ်သိမ့်လိုက်သော်လည်း ဖန်ကျင်းယွမ်ကတော့ မရပ်ပဲ ဆက်ငိုနေလေသည်။ အမေဖန်သည် သမီးအတွက် စိတ်လည်းမကောင်း ဒေါသလည်းထွက် ဖြစ်နေတော့သည်။ ထို့ကြောင့် ထုံရွှယ်လူကို အကူအညီတောင်းလိုက်ရတော့သည်။


ထုံရွှယ်လူက လူနာခန်းထဲသို့ ဝင်လာသောအခါ ငိုနေဆဲဖြစ်သော ဖန်ကျင်းယွမ်ကို မြင်လိုက်ရသည်။


"နင် အခု အငိုတိတ်မယ်ဆိုရင် နင့်ကို စွံပလွံနဲ့ သစ်ကြားသီးသကြားလုံး နှစ်ထုပ်ပေးမယ်..."


ဖန်ကျင်းယွမ်က ချက်ချင်းပင် အငိုရပ်သွား၍ မျက်တောင်တစ်ချက်ခတ်ကာပြောလိုက်သည်။


"ပြီးတော့ စွံပလွံသီးကိတ်မုန့်လည်းပေးရမယ်...ငါ့ရဲ့ ကွဲနေတဲ့ နှလုံးသားလေးကို နင့်ရဲ့မုန့်တွေနဲ့ ကုစားမှရတော့မယ်..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ရတယ်လေ..."


ဖန်ကျင်းယွမ်လည်း မျက်ရည်များကို သုတ်တာ သက်ပြင်းချလိုက်သည်။

"အေးပါ...ငါ အခုပဲ အငိုတိတ်ပါတော့မယ်..."


တံခါးဝမှ အမေဖန်: "...."


မျက်နှာမှ ကုတ်ခြစ်ရာများနှင့် အဖေဖန်: "...."


သူတို့၏သမီးသည် ဒီလို မုန့်ပေးရုံနှင့် အငိုတိတ်ကာ ကျေအေးသွားမည်ဆိုလျှင် ခုန သူတို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ရသည်မှာ ဘာများ အကျိုးရှိပါတော့သနည်း။


ထုံရွှယ်လူက ပြောလိုက်သည်။

"နင် သူ့ကို လက်မထပ်ခင် သူက ဒီလိုလူဆိုတာ သိသွားရတာ ကောင်းပါတယ်...လက်ထပ်ပြီးမှသိတယ်ဆိုရင် ပိုပြီး ဆိုးမှာပေါ့..."


မျက်တောင်မှ မျက်ရည်စများ တွဲလွဲခိုနေဆဲရှိသော ဖန်ကျင်းယွမ်က မျက်တောင်ကို ခတ်ကာ ပြောလိုက်သည်။

"နင်ပြောတာ မှန်ပါတယ်...နောက်ဆိုရင် အဲဒီလို ရုပ်ချောတဲ့လူမျိုးနဲ့ ဘယ်တော့မှ မတွဲတော့ဘူး...အခုကစပြီး ရုပ်ဆိုးတဲ့လူတွေနဲ့ပဲ တွဲတော့မယ်..."


ထုံရွှယ်လူ: "..."


ငါပြောချင်တာ အဲဒီအဓိပ္ပာယ်မဟုတ်ဘူးလေ...


ထိုအခိုက်၌ ချွေးများရွှဲစိုနေသော ဖန်ဝမ်ယွမ် ရောက်လာလေသည်။

"အမေ အဖေ ကျင်းယွမ်ရဲ့အခြေအနေ ဘယ်လိုလဲ..."


အမေဖန်: "ခေါင်းကို နည်းနည်းတော့ချုပ်လိုက်ရပေမယ့် အခုတော့ သတိရနေပါပြီ...ဒဏ်ရာက အမာရွတ် ထင်မလား မထင်မလားတော့ အမေတို့လည်း မသိသေးဘူး..."


အမေဖန်သည် ပြောရင်းဖြင့် ဒေါသထပ်ထွက်လာမိပြန်သည်။


ဖန်ဝမ်ယွမ်သည် လူနာခန်းထဲသို့ ဝင်သွားရာ ထုံရွှယ်လူနှင့် မျက်နှာချင်းဆိုင် ဆုံမိသွားသောကြောင့် ကြောင်အသွားမိလေသည်။


ဖန်ဝမ်ယွမ်သည် ထုံရွှယ်လူက သူ့အပေါ် ချစ်ခင်စိတ်မရှိတော့သည်ကို နောက်ဆုံးတော့ လက်ခံလိုက်ပြီဖြစ်သည်။ သို့သော် ထိုနောက်ပိုင်း၌ ထုံရွှယ်လူအကြောင်းကို အဘယ်ကြောင့် ခဏခဏစဉ်းစားမိနေလဲ ကိုတော့ အဖြေရှာမရချေ။


ဖန်ကျင်းယွမ်က လှမ်းပြောလိုက်သည်။

"ကိုကို...ရွှယ်လူ့ကို စိုက်ကြည့်မနေပါနဲ့တော့...ရွှယ်လူ့မှာ ရည်းစားကြီးနဲ့...ပြီးတော့ သူက ကိုကို့ကိုလည်း ကြိုက်တော့တာ မဟုတ်ပဲနဲ့..."


ဖန်ဝမ်ယွမ်: "..."


ဤကဲ့သို့စကားများပြောနေနိုင်သော ဖန်ကျင်းယွမ်တစ်ယောက် ဘာဒဏ်ရာမှပြင်းပြင်းထန်ထန်မရနိုင်သည်ကို သိလိုက်ရလေပြီ။


ထုံရွှယ်လူက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

"နားလိုက်ဦး ကျင်းယွမ်...ငါ နောက်မှ ပြန်လာခဲ့တော့မယ်..."


ဖန်ကျင်းယွမ်က ထုံရွှယ်လူအား မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။

"နင့်လက်ရာ မုန့်လေးတွေ ယူခဲ့ဖို့မမေ့နဲ့နော်..."


ထုံရွှယ်လူက ဘာပြန်ပြောရမှန်းမသိသောကြောင့် ခေါင်းသာငြှိမ့်ပြလိုက်သည်။ ထို့နောက် ဖန်ဝမ်ယွမ်နားမှဖြတ်သောအခါ ပြောလိုက်သည်။

"ရဲဘော်ဖန်...ရှင့်ကို ကျွန်မ မေးစရာတစ်ခုရှိလို့...အပြင်ကို လိုက်ခဲ့ပေးလို့ရမလား..."


ဖန်ဝမ်ယွမ်က အံ့ဩသွားကာ နှလုံးပင် တဒုတ်ဒုတ်ခုန်လာမိသည်။

"ရပါတယ်..."


ထုံရွှယ်လူက အရင်ထွက်သွားကာ အပြင်ရှိ ပန်းခြံထဲ၌ စောင့်နေလိုက်သည်။


ဖန်ဝမ်ယွမ်က အနောက်မှ လိုက်ထွက်လာသည်။


နွေဦးရာသီ၏နေရောင်က ထုံရွှယ်လူ၏ဖြူဝင်းသောမျက်နှာပေါ်သို့ ဖြာကျနေသည်။ နဖူးပေါ်မှ ဆံစလေးများကလည်း လေပြေတိုက်နေသောကြောင့် ညင်သာစွာ လွင့်နေကြသည်။ ထုံရွှယ်လူ၏မျက်လုံးအောက်မှ မှဲ့နီလေးကလည်း ဝင်းပကာ ထုံရွှယ်လူ၏မျက်နှာနှင့် အလွန်ပနံရနေလေသည်။ ဖန်ဝမ်ယွမ်၏ရင်က ပို၍ပင် ခုန်လာသည်။


ဖန်ဝမ်ယွမ်သည် ယခင်က ထုံရွှယ်လူ၏မျက်လုံးအောက်ရှိ မှဲ့နီလေးကို မုန်းခဲ့မိသော်လည်း ယခုတွင်တော့ သူ့မျက်လုံးထဲ၌ ထိုမှဲ့လေးက အလွန်ပင် လှပနေတော့သည်။