🍵Chapter 222
မင်းရဲ့စကားကိုပြန်ပြောလိုက်စမ်း
ကြက်သား ကျက်ခါနီးသောအခါ ဒယ်အိုးထဲသို့ အခြားပါဝင်ပစ္စည်းများပါ ရောထည့်၍ မီးပြင်းပြင်းနှင့် ကြော်လိုက်သည်။ ဟင်းအနှစ်များ ပြစ်လာသောအခါတွင်တော့ မီးဖိုပေါ်မှချ၍ စားရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်၌ ဖန်ကျင်းယွမ်၏ခေါင်းထဲ၌ အရသာရှိသော အစားအစာများစားရတော့မည့်အကြောင်းသာ ရှိနေလေသည်။
ထုံရွှယ်လူလည်း ဖန်ကျင်းယွမ်ကို ကြည့်၍ ဘာမှမပြောပဲ နေနေလိုက်သည်။
ဟင်းပွဲများကို ထမင်းစားပွဲဆီသို့ ယူသွားသောအခါ ရှန့်ဖန်း၏မျက်လုံးများသည် ဟင်းပွဲများကိုကြည့်၍ ပထမဆုံးအကြိမ်အဖြစ် တောက်ပသွားကြသည်။
"ကျင်းယွမ်က ရဲဘော်ထုံကို အမြဲချီးကျူးနေတာလည်း မဆန်းတော့ပါဘူး...ရဲဘော်ထုံရဲ့ဟင်းချက်လက်ရာက တကယ်ပဲ အမြင်၊ အရသာနဲ့ အနံ့တို့ အကုန်ပေါင်းစပ်ပြီး ချက်ပြုတ်ထားတာပဲ...အနံ့နဲ့တင် တော်တော်ကို စားချင်စရာကောင်းနေပြီ..."
ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။
"ရဲဘော်ရှန့်က ချီးကျူးလွန်းနေပါပြီ...လာ စားကြစို့..."
ကြက်သားဟင်းက ထုံထုံစပ်စပ်နှင့် စားကောင်းလှကာ အာလူးများကလည်း အိထွေးနူးညံ့ကာ အနံ့က မွှေးကြိုင်နေသည်။ ထိုဟင်းလျာများကို စားခွင့်ရသည်ကပင် ကောင်းကင်မှပေးသည့် အခွင့်ထူးကဲ့သို့ ဖြစ်နေလေသည်။
ဟင်းအနှစ်နှင့် ထမင်းကို နယ်စားရုံနှင့်ပင် အခြားဘာမှမပါပဲ ထမင်းတစ်ဇလုံလောက် စားနိုင်နေကြသည်။
ထုံကျားရှင်းသည်လည်း ထမင်းနှင့်ဟင်းများကို အသက်မရှူတမ်း စားနေလေသည်။ မနက်တုန်းက ထုံရွှယ်လူက သူ့အား ပုံဆွဲစာအုပ်ဝယ်ပေးထားသဖြင့် အလွန်ပျော်နေမိသည်။ ယခု၌ ဤကဲ့သို့ အစားကောင်းများကို ထပ်စားရသည်ဖြစ်ရာ ထုံကျားရှင်းသည် သူ့ဘဝတစ်ခုလုံး ပြီးပြည့်စုံနေသကဲ့သို့ ခံစားနေရတော့သည်။
စားနေရင်းဖြင့် ရှန့်ဖန်းသည် တစ်နေ့က သတင်းစာထဲ၌တွေ့ထားသော သတင်းအကြောင်း စပြောလိုက်သည်။
"အခုတလော အမျိုးသမီးဟော်လဲ့ဖုန်းတစ်ယောက် နာမည်ကြီးနေလို့ကြားတယ်...ဪ သူကလည်း ရဲဘော်ထုံနဲ့ မျိုးရိုးနာမည်တူတူပဲ..."
[T/N: ဟော်လဲ့ဖုန်း (活雷锋; lit. "living Lei Feng") ဆိုတာ ကိုယ်ကျိုးကိုမကြည့်ပဲ အများအကျိုးအတွက်ကိုသာ ကြည့်သူ၊ ကိုယ့်ကိုယ်ကိုယ်တောင် ဒုက္ခအဖြစ်ခံပြီး အခြားလူများကို ကူညီပေးသူ ကို ခေါ်ခြင်းဖြစ်ပါတယ်]
ဖန်ကျင်းယွမ် စိတ်ဝင်စားသွားသည်။
"သူ့မျိုးရိုးနာမည်ကလည်း ထုံပဲလား...သူ့နာမည်က ဘာတဲ့လဲ...ရွှယ်လူတို့မိသားစုဝင်များ ဖြစ်နေမလား..."
ရှန့်ဖန်း: "သူ့နာမည်က ထုံကျန်းကျန်းတဲ့...မင်း သူ့ကို သိလား..."
"ဘာ?...သူ့နာမည်က ထုံကျန်းကျန်း ဟုတ်လား..."
ဖန်ကျင်းယွမ်သည် ထုံကျန်းကျန်းဟူသော နာမည်ကို ကြားလိုက်သောအခါ အလွန်လန့်ဖြန့်သွားသောကြောင့် သူ့ရှေ့မှ ခေါက်ဆွဲပန်းကန်အား တံတောင်ဆစ်နှင့် တိုက်မိသွားသည်။
ခေါက်ဆွဲပန်းကန်က မှောက်ကာ ဟင်းရည်ပူများက ဖန်ကျင်းယွမ်၏ပေါင်ပေါ်သို့ကျကုန်သည်။ ဟင်းရည်က ပူလွန်းသောကြောင့် ဖန်ကျင်းယွမ် ကုလားထိုင်ပေါ်မှ ခုန်ထလိုက်မိသည်။
"အား အား အား...ပူလိုက်တာ...သေတော့မှာပဲ..."
လူတစ်ယောက်သည် ကံဆိုးနေပါက ရေသောက်ရုံနှင့်ပင် သီးနိုင်ပေသည်။
ဖန်ကျင်းယွမ်သည် ခုန်ဆွခုန်ဆွလုပ်ကာ အော်နေရင်းဖြင့် ခေါက်ဆွဲများကို တက်နင်းသွားမိသွားရာ ခြေချော်၍ ရှန့်ဖန်းရှိရာသို့ လဲကျသွားလေတော့သည်။
ရှန့်ဖန်းသာ ဖန်ကျင်းယွမ်အား ဆီးဖမ်းလိုက်ပါက ဘာမှကြီးကြီးမားမားဖြစ်မည်မဟုတ်ချေ။ သို့သော် ဖန်ကျင်းယွမ်၏ခန္ဓာကိုယ်က သူ့အပေါ်သို့ ကျလာခါနီးမှပင် ရှန့်ဖန်းသည် ဖန်ကျင်းယွမ်အား ဘေးလို့တွန်းဖယ်လိုက်လေသည်။
ဖန်ကျင်းယွမ်လည်း ဟန်ချက်ပျက်သွားကာ ကြမ်းပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ဘုန်း..."
ဖန်ကျင်းယွမ်သည် ကြမ်းပြင်နှင့် ခေါင်း ဆောင့်မိသွားကာ သွေးများက ချက်ချင်းစိမ့်ထွက်လာ၍ ကြမ်းပြင်ကို ပေကုန်တော့သည်။
အခန်းတစ်ခုလုံး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားကြသည်။
မည်သူကမှ ဤသို့ဖြစ်သွားမည်ဟု မထင်ထားခဲ့ကြပေ။
အထူးသဖြင့် ရှန့်ဖန်းသည် ကြောင်အစွာ စိုက်ကြည့်နေလေသည်။
ဖန်ကျင်းယွမ်က သူ့ဘက်သို့ လဲလာစဉ်တုန်းက ရှန့်ဖန်းသည် ဘာမှသေချာမတွေးပဲ တွန်းဖယ်လိုက်မိခြင်းဖြစ်သည်။ ယခုကဲ့သို့ ကြမ်းပေါ်သို့လဲကာ ခေါင်းဆောင့်မိ၍ သွေးများထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
ရှန့်ဖန်းသည် အသိစိတ်ပြန်ဝင်လာသောအခါ တုန်ရီနေသောလက်များဖြင့် ဖန်ကျင်းယွမ်အား ထူပေးရန် လက်လှမ်းလိုက်သည်။
"ကျင်း..ကျင်းယွမ်...အဆင်ပြေရဲ့လား..."
"ရှင် သူ့ကို မထိနဲ့..."
ထုံရွှယ်လူက ပြေးလာ၍ ရှန့်ဖန်းအား ကန်လိုက်သည်။
မထင်ထားသော ရှန့်ဖန်းသည်လည်း အကန်ခံလိုက်ရ၍ ကြမ်းပေါ်သို့ လဲကျသွားကာ နာလွန်း၍ ပါးစပ်မှပင် အသံထွက်သွားသည်။
ထုံရွှယ်လူကတော့ ရှန့်ဖန်းအား ဂရုစိုက်မနေနိုင်ပဲ ထုံကျားမင်အားကြည့်၍ ပြောလိုက်သည်။
"ကျားမင်...စက်ဘီးနဲ့ ဆေးရုံကို အမြန်သွားပြီး လူနာတင်ကားခေါ်ခဲ့...မြန်နိုင်သမျှ အမြန်ဆုံးသွားနော်...ဒါပေမယ့် သတိလည်းထားဦး..."
ထုံကျားမင်လည်း အခုမှ အသိစိတ်ပြန်ဝင်လာကာ ခေါင်းတဆတ်ဆတ်ငြှိမ့်၍ တံခါးဆီသို့ ပြေးသွားသည်။
"ဟုတ်ကဲ့..."
ထုံရွှယ်လူသည် အခန်းထဲသို့ ပြေးဝင်၍ ဖန်ကျင်းယွမ်၏ခေါင်းကို စည်းထားပေးရန် လက်ကိုင်ပုဝါအသန့်တစ်ထည်ယူလိုက်သည်။
ဖန်ကျင်းယွမ်သည် သွေးထွက်လွန်ကာ သတိပင်လစ်နေပြီဖြစ်သည်။ ထုံရွှယ်လူသည် အရင်တစ်ခေါက် ရှောင်ကျူး ခေါင်းကွဲတုန်းက ဆေးရုံသို့ ချီသွားနိုင်သော်လည်း ဖန်ကျင်းယွမ်ကိုတော့ ချီနိုင်မည်မဟုတ်ပေ။
ချီနိုင်လျှင်တောင်မှ စက်ဘီးပေါ်တင်၍ ဆေးရုံသို့ သွားနိုင်မည်မဟုတ်ချေ။
ထုံမျန်မျန်ကတော့ မျက်လုံးများ ပြူးကာ ကြောင်ကြည့်နေလေသည်။ ပေါင်မုန့်လုံးလေးသည် အလွန်လန့်သွားသောကြောင့် ငိုဖို့ပင် မေ့နေခြင်းဖြစ်သည်။ နောက်ဆုံ ပြန်အသိဝင်သွားသောအခါမှ အော်ငိုတော့သည်။
ထုံရွှယ်လူက မော့ကြည့်၍ ချော့လိုက်သည်။
"မျန်မျန်...လိမ္မာတဲ့ကလေးလေး...ဘာမှမဖြစ်ဘူးနော်...မမကျင်းယွမ်က ချော်လေးပဲလဲသွားတာ...ကိုကိုလေးနဲ့တူတူ အဖွားရှန်ရဲ့အိမ်ကို ခဏသွားနေလိုက်နော်..."
ထုံမျန်မျန်သည် လန့်နေသော်လည်း လိမ္မာစွာ ခေါင်းငြှိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့..."
ထို့နောက် ထုံရွှယ်လူသည် ထုံမျန်မျန်ကဲ့သို့ပင် လန့်နေသော ထုံကျားရှင်းကိုလှည့်ကြည့်၍ ပြောလိုက်သည်။
"ကျားရှင်း...မျန်မျန့်ကိုခေါ်ပြီး အဖွားရှန်အိမ်မှာ သွားနေ..."
"ဟုတ်...ကျွန်တော်တို့ အခုပဲ သွားလိုက်ပါမယ်..."
ထုံကျားရှင်းလည်း ပြူးကျယ်သော မျက်လုံးများဖြင့် ခေါင်းငြှိမ့်ပြပြီး ထုံမျန်မျန်၏လက်ကိုဆွဲကာ နှစ်ယောက်အတူ ထွက်သွားကြတော့သည်။
ထုံကျားရှင်းက အကူအညီသွားတောင်းတော့မည်ကို မြင်သောအခါ ရှန့်ဖန်းလန့်သွားသည်။
"ရဲဘော်ထုံ...ကျွန်..ကျွန်တော် တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်..."
စကားမဆုံးသေးခင်မှာပင် ထုံရွှယ်လူက ဖြတ်ပြောလိုက်သည်။
"ရှင် တမင်ကို ရည်ရွယ်ပြီး လုပ်လိုက်မှန်း ကျွန်မသိပါတယ်..."
ရှန့်ဖန်း: "..."
ရှန့်ဖန်းက ဆက်၍ သူ့ကိုယ်သူ ကာကွယ်ပြောမည့်ဟန်ပြင်လိုက်သော်လည်း ထုံရွှယ်လူ၏အကြည့်တစ်ချက်ကြောင့် ပါးစပ်ပိတ်သွားရသည်။ ထုံရွှယ်လူက ရှန့်ဖန်းအား ကြည့်လိုက်သောအကြည့်မှာ အလွန်ကို ရွံစရာကောင်းလွန်းသည့်အမှိုက်ကို ကြည့်လိုက်သကဲ့သို့ဖြစ်နေကာ သူမ၏အမူအယာကလည်း ရှန့်ဖန်းအား "နင့်သောက်ပါးစပ်ကိုပိတ်ထားလိုက်..." ဟုပြောနေသည့်ပုံစံဖြစ်နေလေသည်။
ရှန့်ဖန်းသည် ထုံရွှယ်လူ၏အမူအယာကြောင့် စကားတစ်ခွန်းမှပင် ထပ်မပြောနိုင်တော့ပဲ မျက်နှာလည်း ဖြူဖျော့သွားတော့သည်။
ဝေ့မိသားစုက မတော်တဆမှုအကြောင်း ကြားသောအခါ အဖိုးဝေ့ကျီကောင်းနှင့် မြေးဖြစ်သူ ဝေ့ရန်တို့က အမြန်ပြေးလာကြသည်။ ကြမ်းပေါ်မှ သွေးများကို မြင်သောအခါ သူတို့ပင် ဘာလုပ်ရမည်မသိပဲ ထိတ်လန့်သွားကြသည်။
"ရွှယ်လူ...ဘာဖြစ်သွားတာလဲ..."
ထုံရွှယ်လူ: "အဖိုးဝေ့ ကျွန်မသူငယ်ချင်းက ကြမ်းပေါ်ကို တွန်းချခံလိုက်ရလို့ပါ...ကျားမင်ကိုတော့ လူနာတင်ကား သွားခေါ်ခိုင်းထားပြီးပြီ...အဖိုးတို့ကို အားတော့နာပါရဲ့...ကျွန်မ သူငယ်ချင်းရဲ့အိမ်ကိုသွားပြီး သူ့မိသားစုကို မတော်တဆဖြစ်သွားတဲ့အကြောင်း သွားပြောပေးလို့ရမလားဟင်..."
ဝေ့ကျီကောင်းက ခေါင်းငြှိမ့်လိုက်သည်။
"သူ့အိမ်ကို ရှောင်ရန် သွားပေးလိမ့်မယ်...အဖိုးက သမီးနဲ့တူတူ ဆေးရုံ လိုက်ခဲ့ပေးမယ်လေ..."
ဝေ့ရန်ကလည်း ခေါင်းငြှိမ့်လိုက်သည်။
"အဲဒီအစ်မရဲ့ အိမ်လိပ်စာပေးပါ အစ်မရွှယ်လူ...ကျွန်တော် အခုချက်ချင်း သွားပြောလိုက်မယ်..."
ထုံရွှယ်လူက ဝေ့ရန်အား အိမ်လိပ်စာပေးလိုက်သည်။ ဝေ့ရန်က အိမ်လိပ်စာအား ခေါင်းထဲစွဲသွားအောင် အခါအနည်းငယ် ဖတ်၍ စက်ဘီးပေါ်သို့တက်ကာ အမြန်နင်းသွားတော့သည်။
မိနစ် ၂၀ ခန့်ကြာသောအခါ လူနာတင်ကားရောက်လာ၍ ထုံရွှယ်လူသည် ဖန်ကျင်းယွမ်နှင့်အတူ ဆေးရုံသို့ လိုက်သွားသည်။
ရှန့်ဖန်းကတော့ အဖိုးဝေ့ အတင်းဆွဲခေါ်လာသောကြောင့် ဆေးရုံသို့ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာလေသည်။
ယနေ့က ဖန်ကျင်းယွမ်၏မွေးနေ့ဖြစ်သောကြောင့် ဖန်ကျင်းယွမ်၏အမေက ညကျလျှင် မိသားစုနှင့်အတူ မွေးနေ့ပွဲကျင်းပရမည်ဖြစ်သောကြောင့် အပြင်၌ အကြာကြီးမနေရန်ပင် ပြောနေခဲ့သေးသည်။
နောက် နာရီအနည်းငယ်ကြာသောအခါတွင် ဖန်ကျင်းယွမ်သည် ခေါင်းဒဏ်ရာဖြင့် ဆေးရုံပေါ်ရောက်နေမည်ဟု မည်သူက ထင်ခဲ့မည်နည်း။
ထိုသတင်းကိုကြားသောအခါ ဖန်မိသားစုဝင်များသည် အလွန်ထိတ်လန့်ကာ စိုးရိမ်သွားကြ၍ ပိုက်ဆံနှင့် လက်မှတ်များယူကာ ဆေးရုံသို့ အမြန်လိုက်လာကြတော့သည်။
ဖန်ကျင်းယွမ်က နဖူး၌ တော်တော်နက်နက်ကွဲသွား၍ ၇-၈ချက်လောက် ချုပ်လိုက်ရသည်။ ထို့အပြင် ခေါင်းကိုလည်း ထိသွားသောကြောင့် အခြေအနေစောင့်ကြည့်ရန် ဆေးရုံ၌ ရက်အနည်းငယ် ထားထားရဦးမည်ဟု ဆရာဝန်က ပြောလေသည်။
ဆရာဝန်က အခြေအနေအကြောင်းပြောပြီးချိန်မှာပင် ဖန်မိသားစုရောက်လာကြသည်။
အမေဖန်က နီရဲနေသောမျက်လုံးများဖြင့် ထုံရွှယ်လူ၏လက်ကိုကိုင်ကာမေးလိုက်သည်။
"ကျင်းယွမ် ဘယ်လိုနေလဲ ရွှယ်လူ...သူ အဆင်ပြေမှာပါနော်..."
ထုံရွှယ်လူက ဖန်ကျင်းယွမ်၏အခြေအနေကို ဖန်မိသားစုထံသို့ ဆရာဝန်အားထပ်ပြောပြခိုင်းလိုက်သည်။
ဖန်ကျင်းယွမ်က နဖူးကို ၇-၈ ချက် အချုပ်ခံလိုက်ရသည်ဟု ကြားသောအခါ အမေဖန်လည်း မထိန်းနိုင်ပဲ ငိုလိုက်မိတော့သည်။
"ကျင်းယွမ်က ငယ်ငယ်တည်းကသွေးမြင်ရင် ကြောက်တတ်တာ...အခု သူ့ဆီကနေ သွေးတွေထွက်တာမြင်လိုက်ရတော့ အရမ်းကြောက်နေမှာပဲ..."
ထို့နောက် အမေဖန်သည် သူနာပြုတစ်ဦးအား ဖန်ကျင်းယွမ်ရှိရာသို့ ခေါ်သွားခိုင်းလိုက်သည်။
အဖေဖန်သည်လည်း သူ့သမီးအတွက် စိတ်မကောင်းသော်လည်း အမေဖန်ထက်တော့ တည်တည်ငြိမ်ငြိမ်ရှိသေးသည်။
"ရွှယ်လူ ဦးလေးကို မှန်မှန်ပြောပါ...ကျင်းယွမ်က ဘယ်လိုဖြစ်ပြီး လဲကျသွားရတာလဲ..."
ထုံရွှယ်လူက အခန်းထောင့်၌ ရပ်နေသော ရှန့်ဖန်းအား လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ကျင်းယွမ်က ချော်လဲသွားတာ...အဲဒါကို ဒီ သူ့ရည်းစားဆိုတဲ့လူက ဆီးမဖမ်းပေးတဲ့အပြင် တွန်းတောင်တွန်းလိုက်သေးတယ်...အဲဒါကြောင့် ကျင်းယွမ်က လဲကျပြီး ခေါင်းနဲ့ ကြမ်းပြင်နဲ့ ဆောင့်မိသွားတာ..."
ရှန့်ဖန်း၏မျက်နှာတစ်ခုလုံး သွေးမရှိတော့သကဲ့သို့ ဖြူလျော်သွားလေသည်။ အဖေဖန်က သူ့အား ဒေါသတကြီးဖြင့်ကြည့်နေသည်ကို မြင်သောအခါ ထစ်အစွာ ပြောလိုက်သည်။
"ဦးလေးဖန်...ကျွန်တော် ရှင်းပြ..."
ခွပ်!
အဖေဖန်က ရှန့်ဖန်း၏မျက်နှာအား ထိုးလိုက်ခြင်းဖြစ်လေသည်။
ရှန့်ဖန်း၏မျက်နှာလည်း ရွဲ့စောင်းသွားကာ ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ အဖေဖန်က နောက်တစ်ကြိမ်ထပ်ထိုးဖို့ ပြင်နေဆဲမှာပင် ရှန့်ဖန်း၏မိသားစုကလည်း ဆေးရုံသို့ ရောက်လာကြတော့သည်။
"ရှင်ဘာလုပ်နေတာလဲ...ဘာဖြစ်လို့ ကျွန်မရဲ့သားလေးကို ထိုးနေရတာလဲ..."
အမေရှန့်ကပြေးလာကာ အဖေဖန်၏လက်ကို ဆွဲကိုင်၍ သူ့သားကို သူမ၏ခန္ဓာကိုယ်နှင့် ကာထားလိုက်သည်။
အဖေဖန်က အလွန်ဒေါသထွက်နေတာ မျက်လုံးများက နီရဲနေကြသည်။ သူသည် ရှန့်ဖန်းအားစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့သမီးက မင်းကြောင့် ခေါင်းမှာ ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သတိလစ်နေရပြီ...မင်းကို ငါ သေတဲ့အထိ မထိုးရသေးတာ ကံကောင်းတယ်လို့မှတ်ပါ..."
ထိုအချိန်၌ အဖေရှန့်ကလည်း အနားသို့ပြေးလာ၍ သူ့သားမျက်နှာပေါ်မှ ဒဏ်ရာများကို မြင်သောအခါ မျက်နှာကြီးနီသွားသည်။
"ကျွန်တော်တို့ လူကြီးတွေလို စကားပြောကြရအောင်ဗျာ...သားလေးက အမြဲတမ်း လူကြီးလူကောင်းဆန်ဆန် နေနေကျပါ...ခင်ဗျားတို့ပြောသလိုမျိုး လုပ်မယ့်လူစားမျိုး မဟုတ်ပါဘူး..."
ထို့နောက် အဖေရှန့်သည် သူ့သားဘက်သို့လှည့်ကာမေးလိုက်သည်။
"ဖန်းလေး ဘယ်လိုဖြစ်သွားတာလဲဆိုတာ အဖေ့ကို မှန်မှန်ပြောစမ်း..."
ရှန့်ဖန်းက မျက်နှာမှ နာကျင်နေသော ဒဏ်ရာများဖြင့် စကားကို မနည်းအားယူပြောလိုက်ရသည်။
"အဖေ သူ့ကို ကျွန်တော် တမင်သက်သက် မဖမ်းတာမဟုတ်ပါဘူး...သူက ရုတ်တရက် လဲကျလာတော့ ကျွန်တော်လည်း လန့်သွားလို့ပါ...ကျွန်တော် ဆီးမဖမ်းတာနဲ့ပဲ ကြမ်းပြင်ပေါ်လဲပြီး ခေါင်းထိသွားမယ်လို့ ဘယ်သူကထင်မှာလဲ..."
ကျစ် ကျစ်...
ထုံရွှယ်လူသည် အရှက်ကင်းမဲ့သည့်လူများကိုတွေ့ဖူးသော်လည်း ဤမျှလောက် အရှက်မရှိသည့်လူကိုတော့ တစ်ခါမှ မတွေ့ဖူးချေ။
ရှန့်ဖန်း၏အရှက်ကင်းမဲ့မှုကို ထုံရွှယ်လူ အတော်ပင် အံ့ဩသွားရသည်။
ဖန်ကျင်းယွမ်၏ချစ်သူသည် မည်ကဲ့သို့သော စိတ်ဓာတ်ရှိသည့် လူပါနည်း။