အပိုင်း၂၂၁
Viewers 39k

🍵Chapter 221

 "သူ့နာမည်ကို ဘယ်သူလို့ပြောလိုက်တာလဲ"



တနင်္ဂနွေနေ့ရောက်သောအခါ ထုံရွှယ်လူသည် ဆိုင်အတွက် လိုအပ်သည်များဝယ်ပြီး ကလေးများကို ကုန်တိုက်သို့ခေါ်သွားရန်အတွက် ခွင့်ယူလိုက်သည်။


သူတို့လေးယောက်လုံး ဈေးဝယ်ထွက်ကြခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ကလေးများအားလုံး စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြသည်။


ကုန်တိုက်သို့ရောက်သောအခါ ကလေးသုံးယောက်လုံးသည် ဆိုင်များကို မနားတမ်းလိုက်ကြည့်နေကြတော့သည်။ ကံကောင်းစွာပင် ထိုခေတ်က ဆိုင်ရှင်များက မော်ဒန်ခေတ်ကလိုပင် ဘာမှမပြောပဲ ကြည့်ခွင့်ပေးကြ၍ တော်သေးသည်။


သို့သော် ဤနေရာက ကလေးများအတွက် ဗဟုသုတ ကောင်းကောင်းရစေသည့်နေရာဟု ထုံရွှယ်လူ မထင်မိပေ။ စားသောက်ဆိုင်မှ အလုပ်ထွက်ပြီးလျှင် ကလေးများကို နေရာစုံ ခေါ်သွားပေးမည်ဟု တွေးလိုက်သည်။


ထိုစဉ် ထုံကျားရှင်းက ရုတ်တရက် အော်လိုက်သည်။

"ကိုကို ဟိုမှာကြည့်ဦး...ဖိနပ်တွေရောင်းတဲ့နေရာ...လာ မြန်မြန်သွားကြည့်ကြရအောင်..."


ထုံရွှယ်လူကပြောလိုက်သည်။

"အေးပါ သွားကြည့်ကြမယ်...ဒါပေမယ့် နောက်ဆို လူကြားထဲမှာ ဒီလိုအကျယ်ကြီး မအော်ရဘူးနော် ကြားလား..."


ထုံကျားရှင်းက အနည်းငယ်ရှက်သွားကာ မျက်နှာနီသွားသည်။

"ဒါပေမယ့် တခြားလူတွေလည်းအော်နေကြတာပဲလေ..."


ထုံရွှယ်လူ: "သူတို့က သူတို့...သားကသားပဲ...ဟုတ်ပြီလား...မမက သားကို ယဉ်ကျေးတဲ့ကလေးတစ်ယောက် ဖြစ်လာစေချင်တာ..."


ထုံကျားမင်နှင့် ထုံမျန်မျန်တို့နှစ်ယောက်လုံးက ခေါင်းငြှိမ့်လိုက်ကြသည်။ ထုံကျားရှင်းသည်လည်း ဘာမှပြန်မပြောပဲ ခေါင်းညိတ်လိုက်သည်။


သူ့အစ်ကိုနှင့် ညီမလေးတို့ လုပ်သည့်အတိုင်း လိုက်လုပ်လျှင် ထုံကျားရှင်းတစ်ယောက် ဒုက္ခမရောက်နိုင်ပေ။


ဖိနပ်ရောင်းသည့်နေရာသို့ရောက်သောအခါ ထုံကျားရှင်း၏အကြည့်များက ဟွေ့လီဖိနပ်များထံမှ မခွာတော့ပေ။ သူ၏ မျက်ဆံများသည်ပင် နေရာ‌မရွေ့ဖြစ်နေကြတော့သည်။


ထုံရွှယ်လူက အရောင်းဝန်ထမ်းအားပြောလိုက်သည်။

"ဆိုဒ် ၃၅ ဖိနပ်အဖြူတစ်ရံလောက် ပြပေးပါ..."


အရောင်းဝန်ထမ်းက မှန်ဗီရိုထဲမှ အဖြူရောင်အပြေးဖိနပ်တစ်ရံကို ဆွဲယူကာ ဆောင့်ဆောင့်အောင့်အောင့်လေသံနှင့်ပြောလိုက်သည်။


"စီးကြည့်လို့မရဘူး‌နော်...ခြေထောက်ဘေးကနေပဲ တိုင်းကြည့်လို့ရမယ်..."


ထုံရွှယ်လူ: "တော်ကြာ ဝယ်ပြီးမှ မ‌တော်ရင် ဘယ်လိုလုပ်မလဲ..."


အရောင်းဝန်ထမ်း: "ကိုယ်ဝတ်နေတဲ့ ဖိနပ်ဆိုင်ဒ်ကို ကိုယ်သိတာပဲ မဟုတ်ဘူးလား...ဒါဆို တော်မှာပဲလေ..."


အရောင်းဝန်ထမ်း၏အပြုအမူကြောင့် ထုံရွှယ်လူ တော်တော်အံ့ဩသွားမိသည်။


ထို့ကြောင့် မျက်လုံးကို ဝေ့ကာပြောလိုက်သည်။

"ကျွန်မက အရှေ့လေပြေစားသောက်ဆိုင်ရဲ့ မန်နေဂျာပါ...ကျွန်မ ဘာဖြစ်လို့ မာလာထန်ကို စရောင်းခဲ့လဲ ဆိုတာ ရှင်သိလား..."


ထုံရွှယ်လူက အရှေ့လေပြေ‌စားသောက်ဆိုင်၏မန်နေဂျာဆိုသည်ကို သိသွားသည်နှင့်တစ်ပြိုင်နက် အရောင်းဝန်ထမ်း၏မျက်လုံးများက နွားမျက်လုံးကဲ့သို့ ပြူးကျယ်လာလေသည်။

"ရှင်က တကယ်ပဲ အရှေ့လေပြေစားသောက်ဆိုင်ရဲ့ မန်နေဂျာလား..."


ထုံရွှယ်လူက သူမ၏ဝန်ထမ်းကတ်ပြားကို ထုတ်ပြလိုက်သည်။

"ကျွန်မက ဘာဖြစ်လို့ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး လိမ်ရမှာလဲ..."


အရောင်းဝန်ထမ်း၏မျက်လုံးများက တလက်လက်တောက်ပသွားကြသည်။


"ဒါဆို ရှင်က ယောင်္ကျားမန်နေဂျာတွေ စားဖိုမှူးတွေအများကြီးကို အနိုင်ယူခဲ့တဲ့ မန်နေဂျာထုံပေါ့...ရှင့်ရဲ့ အမဲသားလုံးတွေကို ကျွန်မ အရမ်းကြိုက်တာပဲ...ဖိနပ်ကိုလည်း စီးကြည့်လို့ရပါတယ်...ရှင်ကြိုက်သလိုလုပ်ပါ..."


ထုံရွှယ်လူ: "..."


ထုံရွှယ်လူသည် အရောင်းဝန်ထမ်းအား သူမ မာလာထန် စရောင်းခဲ့ရသည့်အကြောင်းအရင်းကို ပြောပြ၍ နားချရန် ကြံစည်ထားခြင်းဖြစ်သည်။


ယခုတွင်တော့ ဘာမှမပြောရသေးခင်မှာပင် ယခုကဲ့သို့ ဖြစ်သွားသောကြောင့် ထုံရွှယ်လူသည် ဂွမ်းထုပ်ကို ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


သို့သော်လည်း အရောင်းဝန်ထမ်းက သူမ လိုချင်သည်ကိုခွင့်ပေးနေမှတော့ စကားဆက်ပြောနေလျှင်လည်း အကြောင်းမထူးတော့ချေ။


ထုံရွှယ်လူ၏ယခုအခြေအနေကြောင့် အခြားလူများကို သူမဘက်ပါလာအောင် ဆွဲဆောင်ရန် လက်ဖက်စိမ်းတိုက်ကွက်များပင် ထုတ်သုံးစရာမလိုတော့ချေ။


ထိုအဖြစ်အပျက်ကြောင့် ထုံကျားမင်နှင့် ထုံကျားရှင်းတို့က အလွန်အံ့ဩသွားကြလေသည်။


လူတစ်ယောက်၏ရာထူးအခြေအနေကြောင့် အခွင့်အရေးများရနိုင်သည်ဟူသော အတွေးက ထုံကျားမင်၏ဦးနှောက်ထဲ၌ တစ်ချိန်ချိန်၌ ရှင်သန်လာမည့်မျိုးစေ့အဖြစ် အမြစ်တွယ်သွားလေသည်။


ဖိနပ်များဝယ်ပြီးသောအခါ ထုံရွှယ်လူသည် ကလေးသုံးယောက်အား စာရေးကိရိယာနေရာသို့ခေါ်သွား၍ စာရေးကိရိယာများစွာ ဝယ်ပေးလိုက်သည်။ နောက်ဆုံးတွင်တော့ နို့သကြားလုံးအချို့ဝယ်ကာ အိမ်သို့ ပြန်လာကြတော့သည်။


🍵


နာရီဝက်ခန့်ကြာသောအခါ အသားနှင့် အသီးအရွက်များနှင့်အတူ ဖန်ကျင်းယွမ် ရောက်လာလေ၏။


သူမနှင့်အတူပါလာသူက အသက် ၂၅-၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။


ထိုအမျိုးသားသည် ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်းနှင့် ရုပ်ရည်ကလည်း သင့်တင့်ကာ အသားရောင် ခပ်လတ်လတ်ဖြစ်သည်။ ထိုအမျိုးသားသည် မိန်းမချောချောကာ ကြည့်ကောင်းသူဖြစ်လေသည်။


သို့သော်လည်း ထုံရွှယ်လူ ကြိုက်သည့်ပုံစံတော့မဟုတ်ချေ။


ဖန်ကျင်းယွမ်က မျက်နှာနီနီနှင့် သူတို့နှစ်ယောက်အား မိတ်ဆက်ပေးလိုက်သည်။

"ရွှယ်လူ ဒါ ငါ့ချစ်သူလေ ရှန့်ဖန်းတဲ့...အစ်ကိုရှန့် ဒါ ကျွန်မရဲ့ သူငယ်ချင်း ရဲဘော်ထုံ ပါ..."


ရှန့်ဖန်းကပြုံးကာ ပြောလိုက်သည်။

"ကျင်းယွမ်က ရဲဘော်ထုံအကြောင်း ခဏခဏကို ပြောပါတယ်...အခုလိုတွေ့ရတာ ဝမ်းသာပါတယ်..."


ရှန့်ဖန်း၏နှုတ်ခမ်းများက နီရဲ၍ ပြုံးလိုက်သောအခါ ဖြူဖွေးသောသွားများ ပေါ်လာကြသည်။ သူသာ မိန်းကလေးအဝတ်အစားများဝတ်လိုက်ပါက တကယ်ပင် မိန်းကလေးတစ်ယောက်နှင့်တူသွားမည်ဖြစ်သည်။


ထုံရွှယ်လူကလည်း ပြန်ပြုံးပြလိုက်သည်။

"ကျွန်မကလည်း တွေ့ရတာ ဝမ်းသာပါတယ်ရှင်...အပြင်မှာ လေတိုက်တယ်...အထဲဝင်ကြရအောင်..."



အိမ်ထဲသို့ ဝင်လာကြပြီးသောအခါ ထုံရွှယ်လူက ဧည့်သည်နှစ်ယောက်အတွက် ရေနွေးပြင်ပေးကာ အချိုပွဲအချို့လည်း ချကျွေးလိုက်သည်။


ဖန်ကျင်းယွမ်က အနီရောင်စွံပလွံသီးကိတ်မုန့်များကို မြင်သောအခါ မျက်လုံးများ တောက်ပသွားကြသည်။

"နင်က ဘယ်လိုတောင် တော်နေတာလဲ ရွှယ်လူ...ဟင်းချက်လည်းတော်တဲ့အပြင် မုန့်တွေ အချိုပွဲတွေလည်း ကောင်းကောင်းလုပ်နိုင်သေးတယ်...ငါ ဒီမှာပဲ နင်နဲ့ တူတူနေချင်လိုက်တာ..."


ထုံရွှယ်လူက ပြုံးလိုက်သည်။

"နင်သာ ဒီမှာ နေမယ်ဆိုရင် နင့်မိဘတွေက တစ်နာရီတောင်မကြာဘူး ရောက်ချလာကြမယ်ထင်တယ်..."


ထုံရွှယ်လူက ပြောရင်းဖြင့် ရှန့်ဖန်းအား လှမ်းကြည့်လိုက်သည်။


ရှန့်ဖန်းသည်ပြုံးနေသော်လည်း ဖန်ကျင်းယွမ်အား ကြည့်မနေချေ။


ဖန်ကျင်းယွမ်ကတော့ ရှန့်ဖန်းအား ရှက်သွေးဖြာနေသည့်ပုံလေးဖြင့် မကြာခဏ လှည့်လှည့်ကြည့်နေလေသည်။


ထိုနှစ်ယောက်၏အပြုအမူများအရ ဖန်ကျင်းယွမ်ကသာ ချစ်စိတ်များစွာနှင့် အသည်းအသန်ဖြစ်နေသော်လည်း ရှန့်ဖန်းကတော့ ဖန်ကျင်းယွမ်ချစ်သလောက် မချစ်သည့်ပုံပေါက်နေသည်။


သို့သော်လည်း အချို့လူများသည် သူတို့၏ခံစားချက်များကို ထုတ်မပြတတ်သည်ဖြစ်စေ ရင်းနှီးလာရန် အချိန်ယူရသည်ဖြစ်စေ စသည်တို့ကြောင့် အေးစက်စက်နိုင်သည့်ပုံပေါက်နေတတ်သောကြောင့် ထုံရွှယ်လူလည်း ခေါင်းထဲ သိပ်မထည့်လိုက်ချေ။


"ပညာရေးဌာနမှာ အလုပ်လုပ်ရတာ ဘယ်လိုလဲ ရဲဘော်ရှန့်..."

ထုံရွှယ်လူက မေးလိုက်သည်။


ရှန့်ဖန်းက ပြုံးကာ ခေါင်းငြှိမ့်လိုက်သည်။

"တော်တော်တော့ အလုပ်ရှုပ်တယ်ဗျ...ကျွန်တော်က အတွင်းရေးမှူးဆိုတော့ သူဌေးနောက်ပဲ လိုက်နေရပြီး သူဌေး နားနေရင်တောင် ကျွန်တော်က မနားရဘူးလိုဖြစ်နေတာကိုး..."


ဖန်ကျင်းယွမ်က နားထောင်နေရင်းဖြင့် မကျေနပ်သည့်အသံလုပ်လိုက်သည်။

"အစ်ကိုရှန့်က တကယ်ကို သူ့သူဌေးထက် အလုပ်ပိုရှုပ်တယ်...ငါတို့ ပြီးခဲ့တဲ့လက စတွေ့ပြီးတည်းက လေးခါပဲ ထပ်တွေ့ရသေးတယ်...အဲဒါ ဒီနေ့တွေ့တာကိုပါ ထည့်တွက်ပြီးသားနော်...ဒီနေ့ ငါ့မွေးနေ့သာမဟုတ်ရင် သူ အလုပ်ရှုပ်နေဦးမှာပဲ..."


ရှန့်ဖန်းက တောင်းပန်လိုက်သည်။

"အဲဒါ ကိုယ့်အပြစ်တွေပါ...နောက်ကျရင် အားချိန်ပိုရအောင် လုပ်ပေးမယ်နော်..."


ဖန်ကျင်းယွမ်က မျက်နှာနီကာရှက်သွားသော်လည်း နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"ပြီးရော..."


ထုံရွှယ်လူသည် ဖန်ကျင်းယွမ် မည်မျှရှက်နေသည်ကို အကဲခတ်၍ ဤတစ်ခေါက်တော့ ဖန်ကျင်းယွမ်တစ်ယောက် အတည်တကျတွဲပြီဟု တွေးလိုက်သည်။


သုံးယောက်သား စကားအနည်းငယ်ပြောပြီးသောအခါ ထုံရွှယ်လူက ချက်ပြုတ်ရန် မီးဖိုထဲသို့ ဝင်လာလိုက်သည်။


ဖန်ကျင်းယွမ်ကလည်း ထ၍ ထုံရွှယ်လူနောက်သို့လိုက်လာရာ ရှန့်ဖန်းတစ်ယောက်တည်း ဧည့်ခန်းထဲ၌ ကျန်ခဲ့လေသည်။


ထုံရွှယ်လူသည် ကြက်သားကင်နှင့် ဖန်ကျင်းယွမ်အတွက် မွေးနေ့ခေါက်ဆွဲလုပ်ပေးရန် စီစဉ်ထားသည်။ ထိုအဓိကဟင်းလျာများအပြင် အသားကြော်၊ ကြက်ဥနှင့်ခရမ်းချဉ်သီးမွှေကြော် ကိုလည်း လုပ်၍ အချိုပွဲအတွက် ကိတ်မုန့်လုပ်လိုက်လျှင် လုံလောက်မည်ဖြစ်သည်။


ဖန်ကျင်းယွမ်က ထုံရွှယ်လူ၏အစီအစဉ်ကိုကြားသောအခါ သွားရည်ယိုသွားသည်။

"နင်က ငါ့အပေါ်အရမ်းကောင်းတာပဲ ရွှယ်လူ..."


ယခင်က သူတို့နှစ်‌ယောက်သည် နေ့တိုင်းနီးပါး ရန်ဖြစ်ခဲ့ကြဖူးသည်ကို ပြန်စဉ်းစား၍ ထုံရွှယ်လူသည် ဤမျှသဘောကောင်းသောလူတစ်ယောက်ဖြစ်ကြောင်းကို မမြင်ခဲ့မိသည့်အတွက် ဖန်ကျင်းယွမ်သည် သူမကိုယ်သူမ အပြစ်တင်နေမိလေသည်။ ထိုသို့မမြင်ခဲ့သောကြောင့် အရသာရှိသော အစားအသောက်များစွာကို လက်လွှတ်ခဲ့ရသည်မဟုတ်လား။


ထုံရွှယ်လူသည် ကြက်သားများကို ကျွမ်းကျင်စွာ လှီးဖြတ်ကာ ရေဆေး၍ ညှီနံ့ပျောက်ရန် စိမ်ထားလိုက်သည်။


ထို့နောက် အာလူး၊ ငရုတ်ပွအနီနှင့် အစိမ်း၊ ကြက်သွန်များကို အခွံခွာ၍ လှီးလိုက်သည်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် အနီရောင်ငရုတ်သီးများကိုလည်း ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လှီးထားလိုက်သည်။


ဖန်ကျင်းယွမ်က ဘေးမှ ကူစရာရှိသည်များကို ကူပေးနေသည်။

"ရွှယ်လူ...ငါ့ကောင်လေးကို နင်ဘယ်လိုမြင်လဲဟင်..."


ထုံရွှယ်လူက အိုးပြားထဲသို့ ပဲငံပြာရည်ကိုထည့်ကာ စမွှေလိုက်သည်။

"မဆိုးပါဘူး...နင် အခုလောလောဆယ်တော့ သူ့ကို မယူသေးဘူးမလား..."


ဖန်ကျင်းယွမ်၏ပါးများ နီသွားကြသည်။

"သူက မငယ်တော့ဘူးဟ...သူ့မိသားစုကလည်း အမြန်လက်ထပ်ဖို့ တိုက်တွန်းနေကြတော့ သူကလည်း မြန်နိုင်သမျှ အမြန်ဆုံး ယူချင်နေပြီ...နောက်လကျရင် ငါ့အိမ်ကိုလာပြီး ငါ့ကို တောင်းယူတော့မယ်တဲ့..."


ထုံရွှယ်လူသည် ထိုစကားကိုကြားသောအခါ တံတွေးနင်၍ သီးတော့မလိုပင်ဖြစ်သွားသည်။

"အဲဒီလောက်တောင်မြန်နေတာလား...နင့်ရဲ့ ဘဝတစ်လျှောက်လုံးကို သူနဲ့ဖြတ်သန်းသွားချင်တာ သေချာပြီလား..."


ဖန်ကျင်းယွမ်က ခပ်ရှက်ရှက်လေး ခေါင်းငြှိမ့်လိုက်သည်။

"သူက အရမ်းချောတာပဲဟယ်...သူ့ရဲ့မျက်နှာလေးမြင်တိုင်း ငါ ရင်အေးတယ်..."


ထုံရွှယ်လူ: "..."


ဖန်ကျင်းယွမ်သည် ထုံရွှယ်လူထက်ပင် ပို၍ အပေါ်ယံဆန်နေပါလား။


"ငါကတော့ အရမ်းမြန်နေတယ်လို့ ထင်တယ်...နင်နဲ့သူက အခုမှ လေးခါပဲ တွေ့ရသေးပြီး တစ်ယောက်အကြောင်း တစ်ယောက်တောင် သေချာသိသေးတာမဟုတ်ဘူးလေ...နင်တို့ ဒီ့ထက် ပိုအချိန်ယူသင့်တယ်လို့တော့ ငါထင်တယ်..."


ဟင်းများမှ ရနံ့များဖြင့် မီးဖိုတစ်ခုလုံး မွှေးကြိုင်လာလေသည်။


ထုံရွှယ်လူသည် အိုးထဲသို့ ပဲပိစပ်အနှစ်ကိုထည့်ကာ ဆီနီများကိုမြင်ရသည်အထိ မွှေလိုက်သည်။ ထို့နောက် ကြက်သားကို အိုးပြားထဲသို့ ထည့်ကြော်လိုက်သည်။ အရောင်ထွက်လှစေရန်အတွက် သကြားနှင့် ပဲငံပြာရည်ကိုထည့်ကာ နောက်ဆုံးတွင်တော့ ရေတစ်ခွက်ထည့်ကာ ဆယ်မိနစ်ခန့်နှပ်ထားလိုက်သည်။


ဖန်ကျင်းယွမ်က ပြောလိုက်သည်။

"အစ်ကိုရှန့်အကြောင်း ငါသိပါတယ်...သူက အရမ်းချစ်ဖို့ကောင်းတာပဲ...ငါက အစားကောင်းတွေ ကြိုက်တတ်တာသိတော့ ငါတို့တွေ့တဲ့အခါတိုင်း အစားအစာတွေ ယူယူလာပေးတယ်...ငါ့အကျင့်တွေကိုလည်း သူက သည်းခံပေးတယ်...ငါကတော့ ငါတို့နှစ်ယောက် အဆင်ပြေမယ်လို့ထင်တာပဲ..."


ထုံရွှယ်လူက မျက်လုံးကိုဝေ့လိုက်သည်။


ကာယကံရှင်ကိုယ်တိုင်က ဤသို့ပြောနေမှတော့ ထုံရွှယ်လူ ဘာပြောနိုင်တော့မည်နည်း။