အပိုင်း၂၂၀
Viewers 39k

🍵Chapter 220

“သူမနာမည်က ဘာလို့မင်းပြောလိုက်တာ၊ တစ်ချက်ပြန်ပြောပါလား” 



ဝမ်ရူကွေ့ကသူမကို မျက်ဝန်းနက်များဖြင့် ကြည့်လာ၏။ သူပြောပြတော့မည့်အချိန်တွင် အပြင်ဘက်မှကျိုးရန်နှင့် ဟွမ်ချီမင်တို့၏အသံထွက်လာသည်။


အခန်းထဲမှ ပန်းရောင်ပူဖောင်းများကချက်ချင်း ပေါက်ထွက်သွားသည်။


ထုံရွှယ်လူက အမြန်ထရပ်လိုက်သောအခါ သူတို့ဆီသို့လာနေသော ယောက်ျားနှစ်ယောက်ကို မြင်လိုက်ရသည်။


သူမက ဟွမ်ချီမင်ကိုတွေ့ဖူး၏။ သူမကပြုံးကာနှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ရဲဘော်ဟွမ် ‌နောက်တစ်ကြိမ်ထပ်တွေ့ရတာ ဝမ်းသာပါတယ်”


ဟွမ်ချီမင်က အံ့ဩသလိုပျော်လည်းပျော်သွားသည်။

“ရဲဘော်ထုံက ကျွန်တော့်ကိုမှတ်မိနေဦးမယ်လို့ မထင်ထားဘူး ရူ‌ကွေ့ဆီလာလည်တာလား”


ထုံရွှယ်လူကခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် သူဒဏ်ရာရသွားတယ်ဆိုတာကြားတော့ အရမ်းစိတ်ပူလို့လေ၊ အဲ့ဒါကြောင့် အဖိုးဝမ်တို့နဲ့ တစ်ခါတည်းလိုက်ခဲ့တာ ဒီရက်တွေမှာ ရူကွေ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်”


ဟွမ်ချီမင်က လက်ခါသည်။

“မလိုပါဘူးဗျာ ‌ရူကွေ့ကကျွန်တော့်သူငယ်ချင်းလေ သူ့ကိုဂရုစိုက်တာက ဖြစ်သင့်တာပါဘဲ”


ကျိုးရန်က သူ့ကိုတံတောင်ဖြင့်တွတ်ကာ တိုးတိုးပြောလာ၏။

“မြန်မြန် ငါနဲ့မိတ်ဆက်ပေးဦးလေ”


ဟွမ်ချီမင်က ကျိုးရန်ကိုမိတ်ဆက်ပေးလိုက်သည်။

“ဒါကကျိုးရန်တဲ့ သူလည်းရူ‌ကွေ့နဲ့သူငယ်ချင်းဘဲကျွန်တော်တို့သုံးယောက်က အရမ်းရင်းနှီးကြတာ”


ထုံရွှယ်လူက ပြုံးပြလိုက်သည်။

“မင်္ဂလာပါ ရဲဘော်ကျိုး ဒီအချိန်တွေအားလုံးမှာ ရူကွေ့ကိုကူညီခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်”


“ကျေးဇူးတင်စရာမလိုပါဘူးဗျာ”


ခနလောက်စကားပြောပြီးနောက် ထုံရွှယ်လူကဖူကျန့်ယိနှင့်အတူ မြို့တော်သို့ပြန်ရန်လုပ်လိုက်သည်။


အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့က ဝမ်ရူကွေ့ကိုဂရုစိုက်ရန်အတွက် ဌာနတွင်နေခဲ့ကြမှာဖြစ်သည်။


ဌာနတွင် အခန်းလွတ်များရှိသောကြောင့် သူတို့နေလျှင်လည်း ပြသနာမရှိပေ။


ထုံရွှယ်လူက ဝမ်ရူကွေ့ကိုကောင်းကောင်းအနားယူပြီး ဘာကိုမှမစိုးရိမ်ရန်ပြောလိုက်သည်။ သူသက်သာသွားသောအခါမှ စေ့စပ်သည့်ကိစ္စကိုပြောကြမည်ဟုဆို၏။


ထုံရွှယ်လူလာမလည်ခင်တွင် ဝမ်ရူကွေ့က ကလေးမရနိုင်တော့ဘူးဟုတွေးကာ အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ အခုတွင် ထုံရွှယ်လူက ဒီလိုအခြေအနေမျိုးတွင်တောင်မှ သူ့ဘေးတွင်ရှိနေမည်ကို သိလိုက်ရသောအခါ အလွန်စိတ်အားတက်ကြွသွားသည်။


ထုံရွှယ်လူပြန်သွားပြီးနောက်တွင် ကျိုးရန်နှင့် ဟွမ်ချီမင်တို့က ဝမ်ရူကွေ့၏မျက်နှာပေါ်မှ အချစ်ရနံ့များကို ကောင်းကောင်းရနေ၏။


ကျိုးရန်က အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့ဘေးအခန်းအားသန့်ရှင်းရေးလုပ်နေချိန်တွင် အလျင်အမြန်မေးလာ၏။

“မင်းကောင်မလေးကို မင်းကလေးရအောင်မလုပ်နိုင်တော့တဲ့အကြောင်းပြောပြလိုက်လား”


ဝမ်ရူကွေ့က ခေါင်းညိတ်သည်။

“ပြောပြလိုက်တယ် သူမက ပြသနာမရှိဘူးတဲ့”


မိန်းကလေးကအပေါ်တွင်နေနိုင်သည့် ကိစ္စကိုမူ သူ၏အလိုလိုသိစိတ်က အခြားသူများအားမမျှဝေရန်ပြောနေသဖြင့် မပြောပြလိုက်ပေ။


ကျိုးရန်နှင့်ဟွမ်ချီမင်တို့က မနာလိုဖြစ်သွားကာ ရင်ထဲထိသွားသည်။

“ရဲဘော်ထုံက မင်းအပေါ်အရမ်းကောင်းတာဘဲ”


ဝမ်ရူကွေ့ကပြုံးလိုက်သည်။

“သူမက အရမ်းကောင်းတာ”


ကောင်းလွန်းလို့ သူမအတွက် တစ်လောကလုံးကို ငွေပန်းကန်ထဲထည့်ပြီး ပေးချင်တဲ့အထိဘဲ။


🍵


ဝမ်ရူကွေ့အဆင်ပြေသည်ကိုသိသွားသောအခါ ထုံရွှယ်လူက စိတ်အေးသွားသည်။


သူစိတ်ရှုပ်ထွေးနေသည်များကို ပြန်တွေးကြည့်လိုက်သောအခါ သူမကရယ်ချင်သွား၏။


သူမမျက်နှာမှအပြုံးကိုမြင်သောအခါ ဖူကျန့်ယိကမေးလာ၏။

“ရဲဘော်ထုံ အသားကင်စားတဲ့နေ့ပြီးတဲ့နောက်မှာ ရဲဘော်ကျောင်းနဲ့တွေ့မိသေးလား”


ထုံရွှယ်လူကမျက်ခုံးပင့်လိုက်သည်။

“ဘာဖြစ်လို့မေးတာလဲ”


ဖူကျန့်ယိက ပြောပြရန်ရှက်နေ၏။

“သူမက မိန်းမကောင်းလေးလို့ ခံစားမိလို့ပါ”


ထုံရွှယ်လူ :“ရှင်က သူမကိုပိုးပန်းချင်တယ်လို့ပြောနေတာလား”


ဖူကျန့်ယိ:“အဲ့ဒီလိုဖြစ်နိုင်မယ်ဆိုရင်တော့ အရမ်းဆန္ဒရှိတာပေါ့ဗျာ၊ ဒါပေမယ့် သူမဘက်ကဘယ်လိုခံစားချက်ရှိမလဲဆိုတာကို မသိဘူး”


ထုံရွှယ်လူ :“ကျွန်မနဲ့သူက အရမ်းမရင်းနှီးတော့ သူမကရှင့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ကျွန်မမသိဘူး ဒါပေမယ့် သူမက အစ်မတန့်ဟုန်နဲ့တော့ ရင်းနှီးတယ် ရှင်နဲ့အစ်မတန့်ဟုန်ကြားများဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် ရဲဘော်ကျောင်းက ရှင့်အပေါ်နွေးထွေးပြီး‌ဇဝေဇဝါခံစားချက်တွေရှိနေမယ်လို့တော့ ကျွန်မမထင်ဘူး”


ဖူကျန့်ယိက နှုတ်ခမ်းကိုက်လိုက်သည်။

“ကျွန်တော်မှားတာပါ အဲ့ဒီတုန်းက ကျွန်တော်လက်လွတ်စပယ်မပြောလိုက်သင့်ဘူး ဒါပေမယ့် အခုကျွန်တော့်အမှားကိုသိပါပြီ ရဲဘော်ကျန်းက ကျွန်တော့်အပေါ်အခုထိစိတ်ဆိုးနေတာတော့ မဟုတ်လောက်ပါဘူးနော်”


ထုံရွှယ်လူ:“ အစ်မတန့်ဟုန်က စိတ်ထိခိုက်သွားမှာဘဲ၊ တစ်လောကလုံးက သူမကိုနားမလည်ပေးနိုင်ရင်တောင်မှ သူမရဲ့သူငယ်ချင်းတွေကတော့ သူမအပေါ်နားလည်ပေးသင့်တယ်၊ ရှင်အစ်မတန့်ဟုန်ကို တောင်းပန်ဖို့အကြွေးတင်နေတယ်”


ကျန်းတန့်ဟုန်က ထုတ်လုပ်ရေးအသင်းမှထွက်လာနိုင်ပြီး သူမ၏ဦးလေးကို အောင်မြင်စွာ အပြစ်ပေးနိုင်သည့်ကိစ္စတွင် ဖူကျန့်ယိလုပ်ပေးခဲ့သည်များက ဝမ်ရူကွေ့ထက်ပိုများ၏။


ကျန်းတန့်ဟုန်က ဖူကျန့်ယိအိမ်တွင်တောင် ခနနေခဲ့သေးသည်။ ဖူကျန့်ယိ၏မဆင်မခြင်ပြောဆိုမှုကြောင့်သာမဟုတ်ပါက ကျန်းတန့်ဟုန်က သူ့ကိုအလွန်ကျေးဇူးတင်နေလိမ့်မည်။


အခုတွင် ထိုကျေးဇူးတင်မှုက စွန်းထင်းသွားသည်။


ကျန်းတန့်ဟုန်က ဖူကျန့်ယိ၏မိဘများနှင့် အဆက်အသွယ်ရှိကာ မကြာခနလက်ဆောင်များဝယ်သွားပေးတတ်သည်။သို့သော် သူမက ဖူကျန့်ယိအပေါ်ကို အေးစက်ပေသည်။


ဖူကျန့်ယိက သေချာတွေးကြည့်လိုက်သည်။

“ကောင်းပြီ ကျွန်တော်မင်းပြောချင်တာကို နားလည်သွားပြီ အချိန်တစ်ခုရှာပြီး ရဲဘော်ကျန်းကိုသွားတောင်းပန်လိုက်ပါ့မယ်”


ထုံရွှယ်လူမြို့တော်သို့ပြန်ရောက်သောအခါ မိုးချုပ်နေပြီဖြစ်သည်။ အရှေ့လေပြေစားသောက်ဆိုင်က ပိတ်သွားပြီဖြစ်သဖြင့် ထုံရွှယ်လူက အိမ်တန်းပြန်လိုက်သည်။


သူမအိမ်ထဲသို့ဝင်ဝင်ချင်းမှာပင် ထုံမျန်မျန်ကခြေထောက်တိုတိုလေးများဖြင့် အပြေးရောက်လာ၏။

“မမကြီး ဒီနေ့ကျမှဘာလို့အရမ်းနောက်ကျနေတာလဲ”


ထုံရွှယ်လူက သူမလေး၏ခေါင်းကိုပွတ်ပေးလိုက်သည်။

“မမကြီးက ဒီနေ့လုပ်စရာလေးတစ်ခုရှိလို့လေ မျန်မျန်ကရော ဒီနေ့ဘာတွေလုပ်ခဲ့လဲ”


ထုံမျန်မျန်က သူမလက်ချောင်းများကို ကစားလာ၏။

“အဖွားရှန်က 'The Red Star Over Our Head when we Fight'ဆိုတဲ့သီချင်းကိုသင်ပေးတယ် မျန်မျန်က တစ်ပုဒ်လုံးရသွားပြီ”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“ဝိုးး မမကြီးတို့ရဲ့ မျန်မျန်က အရမ်းဉာဏ်ကောင်းတာဘဲ မမကြီးကိုဆိုပြချင်လား”


ထုံမျန်မျန်က ရှက်ရှက်ဖြင့်ပြန်ဖြေသည်။

“ဟုတ်”


ထိုသို့ပြောပြီးနောက် ထုံမျန်မျန်က ခေါင်းမော့ကာ သီချင်းဆိုလာသည်။

“ဝါးဖောင်လေးများက မြစ်ထဲတွင်ရွက်လွင့်နေ/ ခမ်းနားတဲ့အစိမ်းရောင်တွေက ဘေးနှစ်ဖက်မှာဝန်းရံလို့ / သိမ်းငှက်ကတောင်ပံဖြန့်လိုက်မည်ဆိုလျှင်/ လေတွေမိုးတွေထန်နေလျှင်တောင်မှ/ တော်လှန်ရေးတာဝန်ကို ငါ့ပုခုံးပေါ်တင်ထားကာလို့ /ပါတီ၏သင်ကြားမှုများ စိတ်ထဲမှာအမြဲရှိနေလေ..”


ထုံမျန်မျန်၏အသံက စူးရှကာချိုသာ၏။ အသံကကလေးသံလေးလိုချိုအီနေသော်လည်း အနာဂတ်တွင် တိုင်းပြည်တွင်းမှာသာမက နိုင်ငံတကာကထိပါ လူသိများလာမည့် အဆိုတော်တစ်ယောက်၏ အရိပ်အယောင်များပါဝင်နေပေသည်။


ထုံရွှယ်လူက ထုံမျန်မျန်တစ်ယောက် ဘယ်လိုနာမည်ကြီးခဲ့သည်ကို နောက်ဆုံးတွင်သဘောပေါက်သွားသည်။သူမ၏အဆိုစွမ်းရည်က အလွန်ကောင်းပေသည်။


ငယ်သေးသော်လည်း သီချင်းကိုသံစဉ်မှန်ကာ ခံစားချက်များဖြင့် ဆိုတတ်နေပြီဖြစ်သည်။၎င်းက ပါရမီပင်။


သီချင်းဆိုပြီးသောအခါ ထုံမျန်မျန်က မျက်လုံးဝိုင်းကြီးများဖြင့် သူမ၏မမကြီးကိုကြည့်လာပြီး ချီးကျူးခံရရန်မျှော်လင့်နေ၏။


ထုံရွှယ်လူက သူမလေးကိုဖက်နမ်းလိုက်သည်။

“မျန်မျန်သီချင်းဆိုတာက အရမ်းအံ့ဩဖို့ကောင်းလိုက်တာ”


ထုံမျန်မျန်ကပျော်လွန်းသဖြင့် ရှက်သွေးဖြာသွားသည်။သူမလေးက ရင်ဘတ်ကိုကော့ထားတာ ဂုဏ်ယူနေသလို တစ်ချိန်တည်းတွင် ရှက်လည်းရှက်နေ၏။


ဤမြင်ကွင်းကိုမြင်သောအခါ ထုံကျားရှင်းကခေါင်းငုံ့ပြီး မပျော်မရွှင်ဖြစ်သွားသည်။


ထုံရွှယ်လူက မျက်လုံးထောင့်မှနေ၍ ထုံကျားရှင်းကိုမြင်လိုက်သည်။သူမက မျက်တောင်ခတ်ကာ ဘာမှမပြောလိုက်ပေ။


ထုံရွှယ်လူက မောင်နှမများအိမ်စာလုပ်ပြီးကာ ထုံကျားမင်ရေသွားချိုးသည်အထိစောင့်ပြီးမှ ထုံကျားရှင်းဆီသွားလိုက်သည်။


“နင်ကဘာလို့တစ်ညလုံး အသံတိတ်နေတာလဲ အိမ်စာက အရမ်းခက်လို့လား”


ထုံကျားရှင်းက သူမကိုတစ်ချက်ကြည့်ပြီးနောက် ခေါင်းငုံ့ကာ စာအုပ်ကိုပြန်ကြည့်လိုက်သည်။


“မမကြီး ကျွန်တော်က အရမ်းကိုအသုံးမကျတာဘဲလား”


ဒုတိယအစ်ကိုက ကျောင်းစာတော်ကာ အခက်အခဲမရှိစာလေ့လာနိုင်၏။ ညီမလေးကလည်း သီချင်းဆိုတော်၏။သူ့ကျတော့ ဘာတစ်ခုမှာမှ မထူးချွန်နေပေ။


ထုံရွှယ်လူ:“ ဘယ်သူပြောလဲ လူတိုင်းကကိုယ့်အားသာချက်နဲ့ကိုယ်ရှိကြတာဘဲ ကျားရှင်းကပုံဆွဲတာတော်တယ်မဟုတ်ဘူးလား”


သူမစကားကိုကြားသောအခါ ထုံကျားရှင်းကပို၍တောင် စိတ်ဓာတ်ကျသွားသည်။


“ဆရာမက စာအုပ်ထဲမှာပုံပေးမဆွဲဘူး အဲ့ဒါက အလဟသတ်အချိန်ဖြုန်းနေတာတဲ့”


ထုံရွှယ်လူ :“အခြားစာအုပ်တစ်အုပ်ထဲမှာဆွဲလို့ရတယ်‌လေ အစ်မကတော့အဲ့ဒါကိုအချိန်ဖြုန်းတာလို့မထင်ပါဘူး နင်အိမ်စာလုပ်ပြီးရင် ဆွဲချင်တဲ့ပုံကိုဆွဲလို့ရတယ် အတိတ်တုန်းကဆိုရင် လူတွေကပန်းချီဆရာလုပ်နိုင်တယ် အခုချိန်မှာပန်းချီဆရာမရှိတော့ပေမယ့် အထည်ချုပ်စက်ရုံတွေကတော့ ဒီဇိုင်းဆွဲဖို့လူတွေလိုအပ်နေတုန်းလေ အဲ့ဒါကြောင့်မလို့ ပုံ‌ဆွဲတာက အသုံးမဝင်တာမဟုတ်ဘူး”


ထုံကျားရှင်း၏မျက်လုံးများက ‌အရောင်တောက်လာသည်။

“မမကြီး ကျွန်တော်သာပုံဆွဲနိုင်ရင် အထည်ချုပ်စက်ရုံမှာ တကယ်ဘဲဒီဇိုင်းနာတစ်ယောက်ဖြစ်လာမှာလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။

“ဒါပေမယ့် အရင်ဆုံး ပညာတတ်ဖို့လိုတယ် စက်ရုံအများစုက တ‌ဖြေးဖြေးနဲ့ အလယ်တန်းနဲ့အထက်တန်းအောင်တွေကိုဘဲ အလုပ်ခန့်လာကြတာ၊ အဲ့‌ဒါကြောင့် အလုပ်ကောင်းကောင်းတစ်ခုရချင်ရင် စာကြိုးစားမှရမယ်”


ထုံကျားရှင်းက စာလုပ်ရတာမုန်းသော်လည်း သူ့ဇာတိသို့ပြန်ကာ ဥတွေလိုက်ကောက်မည့်အစား ဒီဇိုင်းနာအဖြစ်အလုပ်ရနိုင်သည်ကို သိလိုက်ရသောအခါ ရုတ်တရက်ပင် စာလုပ်ရတာက အဲ့ဒီလောက်မဆိုးပါဘူးဟု တွေးမိသွားသည်။


“မမကြီး ကျွန်တော့်ဆီမှာ မှတ်စုစာအုပ်မရှိတော့ဘူး အသစ်တစ်အုပ်လောက်ဝယ်ပေးပါလား”


ထုံရွှယ်လူကပျာပျာသလဲပြောလာ၏။

“‌ဒါပေါ့ အစ်မက နင့်အတွက် ပုံဆွဲဖို့အတွက်အထူးတလည်ကို ထုတ်ထားတဲ့စာအုပ်ဝယ်ပေးမယ်၊ ဒါပေမယ့် အိမ်စာပြီးမှပုံဆွဲရမယ် ပြီးတော့ စာမေးပွဲကိုလည်း အောင်အောင်လုပ်မယ်လို့ ကတိပေးရမယ်နော်၊ အဲ့လိုလုပ်ပေးနိုင်လား”


ထုံကျားရှင်းက စိတ်အားထက်သန်စွာခေါင်းညိတ်လိုက်သည်။

“အိမ်စာတွေလည်းပြီးအောင်လုပ်မယ်၊စာမေးပွဲကိုလည်းအောင်ရမယ်လို့ ကတိပေးပါတယ်”


သူက အရင်တုန်းက စာကောင်းကောင်းမလုပ်ခဲ့ရုံသာဖြစ်‌သည်။ သူသာစာကောင်းကောင်းလိုက်လုပ်သ‌ရွေ့ စာမေးပွဲအောင်ရန်မခက်ပေ။


ထုံရွှယ်လူက သူ့ကိုအဆင့်ကောင်းကောင်းများရအောင်မလုပ်ခိုင်းပေ။ သူမက သူတို့နှစ်ယောက်ပြောခဲ့သည်များကို စိတ်ထဲမှတ်ထားလိုက်သည်။