🍵Chapter 219
“မိန်းကလေးက အပေါ်မှာနေလို့ရတယ်”
ဦးလေးဇုန်း :“ ရွှယ်လူရေ ရူကွေ့ကဌာနမှာ နောက်ကျောဒဏ်ရာရသွားတယ်၊ ဦးလေးကအခုဘဲ ဗိုလ်မှူးနဲ့ ဌာနကိုသွားမလို့ ရွှယ်လူရောလိုက်ချင်လား”
ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။
“အခြေအနေဆိုးလားဦးလေး ၊ သူကဘယ်လိုဖြစ်ပြီးထိခိုက်သွားတာလဲ”
“ဗီရိုနဲ့ရိုက်မိသွားတယ်လို့ကြားတာဘဲ၊ အခုသူကမလှုပ်နိုင်ဘူးတဲ့ ဦးလေးကသူ့ကို ရက်နည်းနည်းလောက် သွားဂရုစိုက်ပေးမလို့”
ထုံရွှယ်လူ :“သမီးလည်းလိုက်ခဲ့မယ်”
ဦးလေးဇုန်း :“ဒါဆိုဆိုင်အောက်မှာဘဲစောင့်နေနော် ဦးလေးတစ်ခါတည်းဝင်ခေါ်လိုက်မယ်”
ဖုန်းချပြီးသောအခါ ထုံရွှယ်လူက သူမခွင့်ယူမည့်အကြောင်း အခြားသူများကို အသိပေးပြီးနောက် ဆိုင်မှဖက်ထုပ်နှင့် စားစရာတစ်ချို့ကိုယူကာ သူတို့ကိုထပ်လုပ်ခိုင်းလိုက်သည်။
မိနစ်နှစ်ဆယ်လောက်ကြာပြီးသောအခါ ဖူကျန့်ယိ၏ကားရောက်လာသည်။
ထုံရွှယ်လူက အထဲဝင်လိုက်သောအခါ အဖိုးဝမ်က မျက်မှောင်ကြုတ်ပြီး အလွန်စိုးရိမ်နေသည့်ပုံစံပေါ်နေသည်ကို မြင်လိုက်ရသည်။
သူမက ရင်တုန်သွားသည်။
ဝမ်ရူကွေ့ရဲ့ ဒဏ်ရာကအရမ်းပြင်းထန်တာလား။
ထုံရွှယ်လူက ဝမ်ရူကွေ့အောက်ပိုင်းသေသွားသည်ဟု တွေးကြည့်လိုက်ရာ သူမကဖြူလျော်သွားသည်။
အဖိုးဝမ်က ထုံရွှယ်လူ၏ပုံစံကိုသတိမထားမိပေ။
သူက ဝမ်ရူကွေ့၏မိခင်သည် သူမ၏ခင်ပွန်းနှင့်အတူ မြို့တော်ကိုပြန်ရောက်လာနိုင်ချေရှိကြောင်းကို ခုနလေးတင်မှသိခဲ့ရသည်။
သူတို့ပြန်ရောက်လာသည်နှင့် ထိုအမျိုးသမီးက သေချာပေါက် ဝမ်ရူကွေ့ကိုလာရှာလိမ့်မည်။သူက သူမကို ဝမ်ရူကွေ့၏သာယာနေသောဘဝအား ဝင်နှောင့်ယှက်မည်ကို အဖြစ်ခံမှာမဟုတ်ပေ။
သူက သူတို့ကိုမြို့တော်ပြန်မလာနိုင်အောင် ဘယ်လိုတားဆီးရမလဲဆိုတာကို စဉ်းစားရလိမ့်မည်။
အဖိုးဝမ်၏မျက်နှာက တင်းမာနေ၏။ သူ၏ပုံစံက ထုံရွှယ်လူအားစိုးရိမ်သွားစေသည်ကို မသိပေ။
ဌာနသို့ရောက်သောအခါ။
ထုံရွှယ်လူက အဆောင်ထဲသို့ဝင်လာလာချင်းပင် ဝမ်ရူကွေ့ကအိပ်ရာထဲတွင်လှဲနေပြီးစောင်ခြုံထားကာ မျက်နှာတစ်ခုတည်းသာပေါ်နေသည်ကို မြင်လိုက်ရသည်။ သူမခေါင်းထဲတွင် ဒိန်းခနဲမြည်သွားသည်။
သူကတကယ်ဘဲ အောက်ပိုင်းသေသွားတာလား။
တကယ်လို့သူသာအောက်ပိုင်းသေသွားရင် သူ့ဘဝတော့သွားပြီဘဲ။
သူမ မကူးပြောင်းလာခင်အချိန်မှ ခေတ်မှီနည်းပညာနှင့်ဆိုလျှင်တောင် အောက်ပိုင်းသေနေသောသူကို မကုသနိုင်သေးပေ။ အကယ်၍ဝမ်ရူကွေ့သာထို့သို့ဖြစ်သွားပါက သူမတစ်သက်လုံးသူ့ကိုဂရုစိုက်သွားနိုင်မှာလား။
ထုံရွှယ်လူကိုကြည့်ကာ ဝမ်ရူကွေ့၏ခေါင်းထဲတွင်လည်း ဒိန်းခနဲမြည်သွားသည်။ သူကဟွမ်ချီမင်၏စကားများကိုသာ တွေးနေမိသည်။
“မင်းက ကလေးရအောင်မလုပ်နိုင်တော့ဘူး ကလေးမရနိုင်တော့ဘူး”
ဝမ်ရူကွေ့၏ပုံစံကိုကြည့်ကာ အဖိုးဝမ်က စိတ်မသက်မသာဖြစ်သွားသည်။
“မင်းက ပစ္စည်းလေးရွှေ့ပေးတာကို ဘယ်လိုဖြစ်လို့ ဗီရိုနဲ့ ရိုက်မိသွားတာလဲ ဟမ်”
ဦးလေးဇုန်းကလည်း စိတ်မသက်မသာဖြစ်လာသည်။သူက ယူလာသောပစ္စည်းများကိုထုတ်ကာ ဝမ်ရူကွေ့၏ကန်တင်းတွင် ရေရှိ၊မရှိသွားစစ်ဆေးလိုက်သည်။ ဦးလေးဇုန်းက ခေါင်းဖြတ်ခံရသောကြက်လို ပြေးလွှားနေ၏။
ဖူကျန့်ယိက သူ့ကိုမျက်စိမှိတ်ပြသည်။
“မြန်မြန်သက်သာလာတော့ ငါမင်းကိုပြောချင်တာရှိတယ်”
ဝမ်ရူကွေ့က သူဘာပြောချင်သည်ကို ချက်ချင်းသဘောပေါက်သွားသည်။
ဖူကျန့်ယိက အနည်းငယ်မဆင်မခြင်ပြောတတ်သော်လည်း အလုပ်အကိုင်ကောင်းရှိသည်။ သူ့မိဘနှစ်ယောက်လုံးက အစိုးရအလုပ်လုပ်ကြကာ အလွန်လည်းသဘောကောင်းကြသည်။
ကျောင်းယွင်ရှီးသာ ဖူကျန့်ယိနှင့်အဆင်ပြေသွားပါက သူ့ဆရာကဘာမှစိုးရိမ်စရာ မရှိတော့ပေ။
အဖိုးဝမ်က ခနလောက်ပွစိပွစိပြောပြီးနောက် ထုံရွှယ်လူက ဝမ်ရူကွေ့နှင့်ဘာမှမပြောရသေးသည်ကိုမြင်သောအခါ ထပြီးဖူကျန့်ယိနှင့်အတူထွက်သွားကာ လူငယ်နှစ်ယောက်ကို အချင်းချင်းစကားပြောခွင့်ပေးလိုက်သည်။
ထုံရွှယ်လူက အိပ်ရာဘေးတွင်ထိုင်ကာ ရှူပ်ထွေးနေသောခံစားချက်များဖြင့်ပြောလိုက်သည်။
“အရမ်းကြီးမစိုးရိမ်ပါနဲ့ ခနလောက်နားလိုက် သိပ်မကြာဘူးရှင်သက်သာသွားမှာ”
ဝမ်ရူကွေ့က သူမကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ကိုယ်တော့ ပြန်သက်သာလာမယ်လို့မထင်ဘူး”
ဒီတလောအတွင်းတွင် သူ့ခါးကအတော်လေးနာနေပြီး လှုပ်ဖို့ကြိုးစားတိုင်း ချွေးစေးများထွက်လာရသည်။သူက ထိုခွေးထီးလုပ်သောကိစ္စကိုလုပ်ဖို့မပြောနှင့်၊မတ်မတ်တောင်မထိုင်နိုင်ပေ။
ထုံရွှယ်လူက နှုတ်ခမ်းစေ့လိုက်သည်။
“အဆိုးဘက်ကချည်းဘဲ အရမ်းမတွေးနဲ့လေ၊ ထူးခြားဆန်းကြယ်တာတစ်ခုခုဖြစ်လာနိုင်တာဘဲ”
ဝမ်ရူကွေ့၏မျက်နှာကဖြူဖျော့နေ၏။
“ရွှယ်လူ ကိုယ်မင်းကိုဒီကိစ္စထဲဆွဲမထည့်နိုင်ဘူး၊ လက်ထပ်ခွင့်တောင်းတာကိုမေ့ပြီး မင်းအတွက်ကောင်းမွန်တဲ့ ယောက်ျားကိုဘဲသွားရှာလိုက်ပါ......”
ထုံရွှယ်လူက သူမ၏နှလုံးသားကို မမြင်နိုင်သောလက်ဖြင့်အဆိတ်ခံလိုက်ရသလို ခံစားမိလာသည်။
အစောပိုင်းတွင် သူမက ဝမ်ရူကွေ့ကိုတစ်သက်လုံးဂရုစိုက်ပေးနိုင်သည်အထိ သည်းခံစိတ်ရှိလား ကိုယ့်ကိုကိုယ်မသေချာခဲ့ပေ။ အခုတွင် သူ၏စကားများကိုကြားလိုက်ရသောအခါ သူမကဝမ်းနည်းလာပြီး သူနှင့်မခွဲချင်ပေ။
“စိတ်မပူပါနဲ့ ရူကွေ့၊ ရှင်ကအောက်ပိုင်းသေနေရင်တောင်မှ ကျွန်မရှင်နဲ့ဆက်ရှိနေမယ်”
သူမက တိုင်းပြည်ပြန်လည်ထူထောင်လာပြီး စီးပွားရေးလမ်းကြောင်းများပွင့်လှစ်လာသောအခါ ပိုက်ဆံအများကြီးရှာလိုက်မည်။ထို့နောက် သူ့ကိုကုသရန်အတွက် နိုင်ငံခြားသို့ခေါ်သွားပြီး အကောင်းဆုံးသောဆေးပညာများနှင့် ကုသပေးမည်။
အဆိုးဆုံးအခြေအနေဆိုလျှင် သူမက ပရော်ဖက်ရှင်နယ်ကျသည့် အစောင့်များကို ငှားရမ်းနိုင်သည်။
ဝမ်ရူကွေ့က စိတ်ရှုပ်ထွေးသွားသည်။
“ကိုယ်က အောက်ပိုင်းမသေပါဘူး.....”
သူပြောပြီးသောအခါ ထုံရွှယ်လူစိတ်ရှုပ်ထွေးရမည့် အလှည့်ရောက်သွားသည်။
“ရှင်ကအောက်ပိုင်းမသေဘူးလား၊ အဲ့ဒါဆိုဘာလို့ရှင်ကပြန်မကောင်းနိုင်ဘူးလို့ပြောပြီး ကျွန်မနဲ့လမ်းခွဲချင်တာလဲ”
ဝမ်ရူကွေ့က ရှက်ရွံ့သည့်ပုံစံပေါ်လာသည်။
“ကိုယ်... ကိုယ်က ကလေးမရကောင်းမရနိုင်တော့ဘူး၊ မင်းကိုကိုယ်နဲ့အတူ ဒုက္ခမခံစားစေချင်လို့ပါ”
ထုံရွှယ်လူက ချက်ချင်းပင်သူ့ခန္ဓာကိုယ်၏ထိုအစိတ်အပိုင်းကိုကြည့်ကာ မျက်လုံးပြူးသွားသည်။
ဗီရိုက အဲ့ဒီနေရာကိုလဲထိသွားတာလား။
သူတို့ဟိုတယ်တွင် နက်နက်ရှိုင်းရှိုင်းနမ်းခဲ့စဉ်က သူမကိုထောက်လာသည့် တစ်စုံတစ်ခုကို သေချာပေါက်ခံစားမိခဲ့သည်။
၎င်း၏ပုံစံက ........အတော်လေးအထင်ကြီးစရာပင်။
သူမက အဲ့ဒါကိုတောင်မခံစားရသေးဘူး၊ လုပ်ဆောင်ချက်ကပျက်သွားပြီလား။
ထုံရွှယ်လူက ပြောမပြနိုင်လောက်အောင် စိတ်ညစ်သွားသည်။
“ဆရာဝန်ကဘာပြောလဲ၊ ရှင်မစွမ်းဆောင်နိုင်ဘူးဆိုတာ သေချာရဲ့လား”
ဝမ်ရူကွေ့က ရှက်သွေးဖြာသွားသည်။
“ဆရာဝန်က ဘာမှမပြောပါဘူး၊ အဲ့ဒါက ကိုယ့်လုပ်ဖော်ကိုင်ဖက်ပြောတာ သူကကိုယ့်ရဲ့ ကလေးရအောင်လုပ်နိုင်တဲ့စွမ်းရည်ကို ထိခိုက်သွားပြီလို့ပြောလာတာ”
ထုံရွှယ်လူက မျက်တောင်ခတ်လိုက်သည်။
“ခနနေပါဦး ဒါဆိုရှင်ကနောက်ကျောကိုဘဲထိခိုက်သွားတာပေါ့၊ အခြားဘယ်နေရာမှမထိသွားဘူးလား”
ဝမ်ရူကွေ့က ခေါင်းညိတ်ပြသည်။
၎င်းက ထုံရွှယ်လူအတွက်ပိုပိုပြီးထူးဆန်းလာသည်။
“ရှင့်သူငယ်ချင်းက ဘာပြောခဲ့လဲဆိုတာကို ကျွန်မကိုအတိအကျပြန်ပြောပြ၊ သူပြောသမျှအားလုံးကိုပြောပြနော်”
ဝမ်ရူကွေ့က ရှက်ဖို့ကောင်းသည်ဟုထင်သော်လည်း ထုံရွှယ်လူကိုရှင်းပြသင့်၏။ထို့ကြောင့် သူကထိုနေ့ကဖြစ်ပျက်ခဲ့သည်များကို အကြောင်းစုံပြောပြလိုက်သည်။
ဇာတ်ကြောင်းအစုံကိုနားထောင်ပြီးသောအခါ ထုံရွှယ်လူက ဒီလိုပုံစံ(ಠ_ಠ)ဖြစ်သွားသည်။
သူမက ဝမ်ရူကွေ့သည် အလွန်ဖြူစင်သည်ကိုသိထားခဲ့၏။ သို့သော် ဒီလောက်ထိရိုးသားဖြူစင်နေမည်ဟု မထင်ထားခဲ့ပေ။
ဟုတ်တော့လည်းဟုတ်သည်။ ဤကာလများတွင် လိင်ပညာရေးစာအုပ်ကဲ့သို့သောအရာများမရှိပေ။ သူမကြားခဲ့ဖူးသည့် ဤခေတ်ကာလမှ Big Bang Theoryကဲ့သို့သော ရူးအပြီးချစ်စရာကောင်းသည့်ကိစ္စများကို ပြန်တွေးကြည့်လိုက်သောအခါ ဝမ်ရူကွေ့ဘာမှမသိသည်ကလည်း အဓိပ္ပါယ်ရှိပေသည်။
ထုံရွှယ်လူက နူးညံ့စွာပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ကျွန်မကတစ်နည်းမဟုတ်တစ်နည်းနဲ့ ရှင်နဲ့နေမှာပါ”
ဝမ်ရူကွေ့ကရင်ထဲထိသွားသည်။
“ဒါပေမယ့်......”
သူလည်း သူမနှင့်လမ်းမခွဲချင်ပေ။ သို့သော်သူမအားဤကိစ္စများကို မခံစားစေချင်ပေ။
ထုံရွှယ်လူက သူ့ကိုရှက်ကိုးရှက်ကန်းဖြင့်ကြည့်လာသည်။
“ကျွန်မရဲ့ မွေးစားအမေကပြောပြဖူးတယ် ယောက်ျားလေးဘက်ကမစွမ်းဆောင်နိုင်ရင် မိန်းကလေးက အပေါ်မှာနေလို့ရတယ်တဲ့”
ဝမ်ရူကွေ့ “! ! !”
သူမကို ကြောင်အစွာကြည့်ကာ ဝမ်ရူကွေ့၏ပါးများကဖြေးဖြေးချင်းနီရဲလာသည်။
သူတို့နှစ်ယောက်က အချင်းချင်းဘာမှမပြောလာဘဲ လေထုကတစ်မျိုးတစ်ဖုံထူးဆန်းလာသည်။
ထုံရွှယ်လူက လက်နှစ်ဖက်လုံးဖြင့် မျက်နှာကိုအုပ်လိုက်သည်။
“ဘုရားရေ ကျွန်မကအဲ့လိုကြီးရှက်ဖို့ကောင်းတာကို ပြောဖို့မရည်ရွယ်ပါဘူး ရှင်အတွေးလွန်တာက ရှင့်အတွက်မကောင်းမှာကိုစိုးရိမ်လို့ပါ၊ ဒီအတိုင်း ဘာကိုမှစိတ်မပူနဲ့တော့ ကျွန်မကရှင့်ဘေးမှာဘဲရှိနေမှာ”
အပေါ်ကနေရလည်း စိတ်မရှိပါဘူး။
ဝမ်ရူကွေ့က နီရဲလွန်းသဖြင့် သွေးများထွက်လာမည်ဟုတောင်ထင်ရသည်။
“မင်းကို ဒီလိုခက်ခဲတဲ့နေရာယူရအောင်လုပ်မိလို့ စိတ်မကောင်းပါဘူး ကိုယ်အတွေးမလွန်တော့ဘူးလို့ ကတိပေးတယ်”
သူတို့က ကလေးယူနိုင်သရွေ့ သူအောက်တွင်နေရလည်း ကိစ္စမရှိပေ။
သို့သော် သူ့ခေါင်းထဲမှာပုံဖော်ကြည့်လိုက်ရုံတင် သူ့ရင်ခုန်သံများကို စည်းချက်လွဲသွားစေသည်။ သူ့မျက်နှာက ခုနကထက်ပိုနီရဲလာ၏။
“ဒါဆို ဟိုတယ်မှာတုန်းက လုပ်ခဲ့တဲ့ နမ်းတာမျိုးကိုလည်း မင်းမွေးစားအမေဘဲသင်ပေးတာလား”
ဝမ်ရူကွေ့သည် ထုံရွှယ်လူ၏မွေးစားမိခင်က ဒီလိုကိစ္စများကိုပြောပြရလောက်သည်အထိ အရိုင်းဆန်တာလားဟု ခံစားမိသွားသည်။ သူက သူမ၏မွေးစားဖခင်သည် ထိုနှစ်များတွင်မစွမ်းဆောင်နိုင်ခဲ့သည်ကိုတွေးကာ စိတ်မကောင်းဖြစ်သွားသည်။
ထုံရွှယ်လူကသူ့ကိုရှက်ရွံ့စွာကြည့်လိုက်သည်။
“ဟင့်အင်း အဲ့ဒါတော့မပြောပြဘူး၊ အဲ့ဒါကဘာကြောင့်လဲဆိုတော့.......ရှင်က ကျွန်မအိပ်မက်ထဲမှာ အဲ့လိုလုပ်ခဲ့ဖူးလို့”
ဝမ်ရူကွေ့က ရင်တုန်သွားသည်။
“.....အဲ့ဒါဆို မင်းလည်း အဲ့ဒီလိုအိပ်မက်တွေမက်တယ်လား”
ဒီတစ်ခါတော့ ထုံရွှယ်လူမျက်လုံးပြူးရမည့်အလှည့်ဖြစ်သည်။
“ဒါဆိုရှင်လည်း အဲ့လိုအိပ်မက်မက်တယ်ပေါ့၊ မြန်မြန် ကျွန်မကိုပြောပြ၊ ရှင့်အိပ်မက်ထဲမှာ ကျွန်မအပေါ်အသားယူသေးလား”
ဝမ်ရူကွေ့၏နားရွက်များက ညို့ယူနိုင်စွမ်းရှိသည့်ပန်းရောင်အဖြစ်ပြောင်းသွားကာ ရင်ခုန်လွန်းသဖြင့် ကိုယ့်ကိုကိုယ်တောင် မထိန်းထားနိုင်တော့ပေ။
“ကိုယ့်အိပ်မက်ထဲမှာ မင်းကဘဲကိုယ့်ကိုအသားယူတာ ပြောရရင် ကိုယ်ကလည်း.....အဲ့လိုအခွင့်ကောင်းယူတာကို အလိုရှိတဲ့သူဘဲ”
ဘုရားရေ။
၎င်းက ထုံရွှယ်လူမထင်ထားသောအရာဖြစ်သည်။
“ဒါဆို ရှင့်အိပ်မက်ထဲမှာ ကျွန်မက အတိအကျဘာလုပ်ခဲ့တာလဲ”