🍵Chapter 218
“မိန်းကလေးက အပေါ်မှာနေလို့ရတယ်”
ဝမ်ရူကွေ့က သူလန့်သွားသည်ကိုဖုံးကွယ်ကာ မေးလိုက်သည်။
“ဆရာဝန်က ငါ့ကိုကလေးမရနိုင်တော့ဘူးလို့လဲ မပြောသွားပါဘူး မင်းဟာကသေချာရဲ့လား”
၎င်းက ကျိုးရန်ကိုအသိဝင်သွားစေသည်။ သူကလည်း ထောက်ခံလိုက်သည်။
“ဟုတ်တယ် ခွေးဥဟွမ် မင်းကဆရာဝန်မဟုတ်ဘူး၊ ငါတို့တွေမနက်ဖြန်ကျမှ ဆရာဝန်ကိုသွားမေးသင့်တယ်”
ဟွမ်ချီမင်က သူ့သွားများနာကျင်လာသည်ဟု ခံစားမိသွားသည်။
“……”
ဒီဦးနှောက်မရှိတဲ့ လူနှစ်ယောက်ကတော့။
သူတို့က သူ၏သြဇာအာဏာကို သံသယဝင်သည့်အတွက် ဟွမ်ချီမင်က အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
သူတကယ်ပြောလိုသည်မှာ နောက်ကျောဒဏ်ရာရသွားပါက သူတို့၏ကြင်ဖက်ကိုစိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးသည့်စွမ်းရည်ကို သက်ရောက်မှုရှိမည်ဟု ပြောပြလိုခြင်းဖြစ်သည်။ ၎င်းကို ဆရာဝန်တစ်ယောက်ကိုသွားမေးပါက အတော်လေးရှက်ဖို့ကောင်းလိမ့်မည်။
ဟွမ်ချီမင်က သူအမှန်တရားကိုပြောနေကြောင်း သက်သေပြကာ ဒီနှစ်ယောက်ကို ဉာဏ်အလင်းဖွင့်ပေးရန်အတွက် လုံခြုံရေးအစောင့်ဆီသို့သွားပြီး ခွေးများကိုခေါ်လာခဲ့လိုက်သည်။
ခွေးများကိုမြင်သောအခါ ကျိုးရန်ကပိုခေါင်းစားသွားသည်။
“ဒီခွေးတွေက ဘာလုပ်ဖို့လဲ ခွေးဥဟွမ်”
ဝမ်ရူကွေ့သည်လည်း နားမလည်နိုင်ဖြစ်နေ၏။
ဟွမ်ချီမင်က မကျေမနပ်ပြန်ပြောလိုက်သည်။
“အခု သေသေချာချာကြည့်ထားကြ”
ခွေးနှစ်ကောင်က အထီးနှင့်အမဖြစ်ကာ အခုချိန်ကလည်း နွေဦးကာလဖြစ်နေ၏။ နွေဦးက အပင်များရှင်သန်လာပြီး တိရစ္ဆာန်များက မိတ်လိုက်သောအချိန်ဖြစ်သည်။
ခွေးနှစ်ယောက်က အချင်းချင်းနီးသွားသောအခါ ချက်ချင်းပင် မီးတောက်တစ်ခုထတောက်လာသည်။ ခွေးထီးက ခွေးမအပေါ်တက်ကာ စတင်ထိုးသွင်းလာသည်။
“……”
ဝမ်ရူကွေ့ရော ကျိုးရန်ပါ ကြက်သေသေသွားကြသည်။
ယခုခေတ်တွင် ခွေးမွေးသောသူဟူ၍သိပ်မရှိသလို လမ်းဘေးခွေးများကလည်း အလွန်နည်းပါး၏။ သူတို့နှစ်ယောက်က ခွေးများကိုမြင်ဖူးသော်လည်း ဤကဲ့သို့လုပ်ဆောင်မှုမျိုးကိုမူ တစ်ခါမှမမြင်ဖူးပေ။
ကျိုးရန်က မျက်လုံးပြူးသွားသည်။
“ခွေးဥဟွမ် သူတို့က ဘာ ဘာတွေလုပ်နေကြတာလဲ”
ဟွမ်ချီမင်၏မျက်နှာက ရဲတက်လာသည်။
“ကလေးတွေလုပ်နေတာ၊ အမ် မဟုတ်ပါဘူး ခွေးပေါက်လေးတွေလုပ်နေတာ”
ဝမ်ရူကွေ့“……”
ကျိုးရန်“……”
၎င်းကအမှန်ပင် ဤခေတ်ကာလ၏ပြသနာဖြစ်သည်။ လူကြီးကားများကြည့်စရာမရှိသလို ဤကိစ္စအကြောင်းပါသည့် စာအုပ်များလည်းမရှိပေ။သေချာပေါက်ပင် သူငယ်ချင်းနှင့်မိသားစုဆီမှလည်း လိင်ပညာရေးအကြောင်း မသိရပေ။ သူတို့နှစ်ယောက်အတွက် ချက်ချင်းပင် လောကအသစ်တစ်ခုပွင့်လာခဲ့သည်။
ဟွမ်ချီမင်က သူတို့ကိုဆက်ပြီး ပညာပို့ချလာ၏။
“ကြည့်လေ တကယ်လို့ခွေးထီးသာကျောမှာ ဒဏ်ရာဖြစ်နေရင် သူအခုလုပ်နေတာကို ဆက်လုပ်နိုင်ဦးမယ်လို့ထင်လား”
ကျိုးရန်က ခေါင်းခါလိုက်ပြီး အလိုအလျောက်ပင် ဝမ်ရူကွေ့ကို ကရုဏာသက်စွာလှမ်းကြည့်လိုက်သည်။
သူ့အကြည့်များက ဤသို့ပြောနေသည်ဟုတောင် ထင်ရ၏။
“ငါမင်းအတွက် အရမ်းကိုစိတ်မကောင်းလိုက်တာ”
ဝမ်ရူကွေ့ “… … … … …”
သူပြောပြချင်သည်ကို ပြောပြပြီးသဖြင့် ဟွမ်ချီမင်က ခွေးများကို ပြန်ခေါ်သွားရန်လုပ်လိုက်သည်။
သို့သော် ခွေးနှစ်ကောင်က ကိစ္စအလယ်တွင်ရောက်နေသဖြင့် ကြားဖြတ်သော်လည်း အချင်းချင်းဆက်နွယ်နေကြသည်။
ခွေးမက အလွန်သနားစရာကောင်းစွာ တအီအီအော်လာ၏။
ထိုဆူညံသံများက အနားမှဖြတ်သွားသည့် ခေါင်းဆောင်ကျောင်းကို အာရုံစိုက်သွားစေသည်။
လူတိုင်းက အချင်းချင်းအကြည့်ဆုံသွားပြီး လေထုက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။
ဟွမ်ချီမင် :“ခေါင်းဆောင်ထင်သလိုမဟုတ်ပါဘူး ကျွန်တော်ရှင်းပြ.....”
“တိတ်စမ်း” ခေါင်းဆောင်ကျွမ်းက သူတို့ကိုဆွံ့အနေသောမျက်လုံးများဖြင့်ကြည့်လာ၏။
“မင်းတို့ဘာတွေလုပ်နေကြတာလဲ ဒီနေရာမှာခွေးနှစ်ကောင်မိတ်လိုက်နေတာကို ကြည့်နေရလား....မင်းတို့.....ငါ့နှယ် ဘာပြောရမှန်းတောင်မသိတော့ဘူး”
ဝမ်ရူကွေ့“… …”
ဟွမ်ချီမင်“… …”
ကျိုးရန်“… …”
သူတို့သုံးယောက်လုံး၏မျက်နှာများက အပြုတ်ခံထားရသည့် ပုစွန်လိုနီရဲနေပြီး ဘယ်လိုခုခံပြောရမလဲမသိတော့ပေ။
အိုင်းးးကို့ရိုးကားယားနိုင်လိုက်တာ။
🍵
အချက်အပြုတ်ပြိုင်ပွဲတွင် ထုံရွှယ်လူပထမရသွားကတည်းက စားသောက်ဆိုင်၏စီးပွားရေးသည် တိုးတက်ပြီးရင်း တိုးတက်လာသည်။
အထူးသဖြင့် သူတို့က နေရာအသစ်သို့ပြောင်းလိုက်ကတည်းကဖြစ်သည်။ တည်နေရာဖြစ်စေ၊ ဆိုင်အပြင်အဆင်ဖြစ်စေ အရာရာတိုင်းက အရင်ကထက်ပိုပြီးထူးခြားကာ အထက်တန်းဆန်လာ၏။
လူအများစုက အခြားသူများကို ညစာကျွေးရန်ဖြစ်စေ၊ ကုမ္ပဏီညစာစားပွဲအတွက်ဖြစ်စေ အရှေ့လေပြေစားသောက်ဆိုင်သို့ အထူးတလည်လာတတ်ကြသည်။
အရှေ့လေပြေစားသောက်ဆိုင်က အစိုးရပိုင်စားသောက်ဆိုင်ခွဲတစ်ခုဖြစ်နေသေးသဖြင့် သူတို့က ဆိုင်ဖွင့်သည့်အချိန်အကန့်အသတ်အတွင်းမှာသာ ရောင်းချကြသည်။ သူတို့က ဟင်းလျာများရောင်းကုန်သွားသည်နှင့် ထပ်မချက်တော့ဘဲ ဆိုင်ကိုအချိန်မှန်ပိတ်ကြသည်။ ထို့ကြောင့် သူတို့၏ဝင်ငွေများတိုးပွားရန်မှာ အလွန်နည်းပါးသည်။
တစ်ခုတည်းသောကောင်းချက်မှာ သူတို့ကဟင်းခတ်အမွှေးအကြိုင်ထုပ်များကို အများအပြားရောင်းနိုင်ခြင်းဖြစ်သည်။
ထုံရွှယ်လူက အရင်တုန်းကဆိုလျှင် အမဲသားလုံးများရောင်းရန် တွေးထားခဲ့၏။ သူမကပြိုင်ပွဲဝင်ခဲ့ရပြီး အခြားသောကိစ္စများကိုလည်း ကိုင်တွယ်နေရသဖြင့် ထိုအတွေးကိုချောင်ထိုးခဲ့ရသည်။
သို့သော်အခုချိန်တွင် သူမကအကြံအသစ်ရလာသည်။ သူမက အစိုးရ၏နာမည်အောက်တွင် စက်ရုံတစ်ခုဖွင့်ကာ ထုတ်ကုန်များကို တစ်နိုင်ငံလုံးအနှံ့ရောင်းချပါက အဆင်ပြေမည်လားသိချင်မိသည်။
သူမက အစိုးရစားသောက်ဆိုင်တွင် ရေရှည်နေရန်မစီစဉ်ထားပေ။ သို့သော်သူမ၏လုပ်ဆောင်ချက်များက အတွေ့အကြုံရကာ စီးပွားရေးကိုတိုးတက်စေသလို အထက်ပိုင်းမှအကြီးအကဲများကိုလည်း အမြင်ကောင်းရစေလိမ့်မည်။
ထိုသို့ဆိုလျှင် သူမဘာသာကိုယ်ပိုင်စီးပွားရေးလုပ်ပါက ကိစ္စများကပိုလွယ်ကူလာလိမ့်မည်။
စက်ရုံတစ်ခုဖွင့်ခြင်းက သေးသေးမွှားမွှားမဟုတ်ပေ။ ၎င်းက ကုန်သွယ်ရေးဌာန၏လုပ်နိုင်စွမ်းအတွင်းမရှိလျှင်တောင်မှ သူမက ရှောင်ကျိုး၏အဖေ(စုယွဲ့ရှန်း)ကို အကူအညီတောင်းလို့ရသည်။
သူမက နောက်ပိုင်းတွင် စုမိသားစုနှင့်သင့်တော်သည့် အကွာအဝေးတစ်ခုထားခဲ့သည်။ သူတို့နှင့်အဆက်အသွယ်ရှိသော်လည်း အချင်းချင်းအလွန်အမင်းရင်းနှီးသည်လောက်ထိမဟုတ်ပေ။
စုယွဲ့ရှန်းက သိပ်အသက်မကြီးပေ။သူမက သူနှင့်အလွန်ရင်းနှီးသွားပါက ကောလဟလများထွက်လာမည်ကိုမလိုချင်ပေ။
သို့သော်ငြား သူမကရှောင်ကျိုး၏ကယ်တင်ရှင်ဖြစ်သဖြင့် သူတို့ကအဆက်အသွယ်ရှိကြသည်။
သူမက စက်ရုံတစ်ခုဆောက်မည့်အကြောင်းအား ဘယ်လိုပြောရမည်ကို နည်းလမ်းရှာရန်အတွက် အချိန်တစ်ချို့တော့ယူရလိမ့်မည်။
အခုချိန်တွင် သူမဆီ၌လက်ဆုပ်လက်ကိုင်ထားနိုင်သည့် အကြံမရှိသေးသောကြောင့် ထိုအတွေးကိုဘေးပို့ကာ စာကိုဆက်ဖတ်နေလိုက်သည်။
သူမက ဒီတလောအတွင်းတွင် အားလပ်ချိန်တိုင်း၌ စာဖတ်နိုင်အောင်ကြိုးစားနေခဲ့ပြီး အထက်တန်းအဆင့်ပထမနှစ်၏ကျောင်းသင်ခန်းစာများကို နှံ့စပ်သွားပြီဖြစ်သည်။
သူမက အထက်တန်းဒုတိယနှစ်၏သင်ခန်းစာများကို စတင်လိုက်သည်။
သူမကမှတ်စုများထုတ်ကာ တစ်ချိန်တည်းတွင် အလွတ်မှတ်သည်။ ဝန်ထမ်းများ၏အကြည့်များက အခါအားလျော်သလို သူမဆီရောက်လာပြီး သူမအပေါ်သူတို့၏လေးစားမှုများက ကြီးထွားလာခဲ့သည်။
မန်နေဂျာထုံက ဒီလိုနေရာအထိရောက်လာပြီးတာတောင် သူမကိုယ်သူမတိုးတက်အောင်လုပ်ချင်နေတုန်း၊ သူမက မြန်မြန်ဆန်ဆန်နဲ့ အဝေးကြီးအထိရောက်အောင်လုပ်နိုင်တာ မအံ့ဩတော့ဘူး။
အဲ့ဒါတွေအားလုံးက သူမကအရည်အချင်းရှိသလို ကြိုးလည်းကြိုးစားလို့ဘဲ။
မုန့်ချင်းချင်းနှင့် ဝူလီကျူးတို့က အလွန်လေးစားနေကြသော်လည်း သူတို့၏စိတ်အတွင်းဆုံးထဲတွင် နားမလည်နိုင်ကြဆဲဖြစ်သည်။
ထို့ကြောင့် သူတို့ကနေ့လယ်ဘက်နားချိန်သို့ရောက်သောအခါ ထုတ်မေးလာကြသည်။
“မန်နေဂျာထုံက ဘာလို့အလယ်တန်းနဲ့အထက်တန်းစာတွေကို ပြန်လေ့လာနေတာလဲ မန်နေဂျာထုံက 'အလုပ်သမား၊လယ်သမားနှင့် စစ်သားတက္ကသိုလ်'ကို တက်ချင်နေတာလား”
လုပ်ဆောင်မှုကောင်းသူများသည် အလုပ်သမား၊လယ်သမားနှင့် စစ်သားတက္ကသိုလ်သို့တက်ခွင့်ရနိုင်၏။
ထုံရွှယ်လူက ခေါင်းခါလိုက်သည်။
“ငါက အဲ့ဒီတက္ကသိုလ်ကိုတက်ဖို့ အစီအစဉ်မရှိပါဘူး ဒီအတိုင်း..ငါတို့တွေကကျောင်းမှာစာသင်ဖို့အချိန်အများကြီးကုန်ခဲ့ပေမယ့် ကျောင်းပြီးသွားတာနဲ့ ငါတို့သင်ခဲ့သမျှစာတွေအားလုံးကို မေ့သွားတာက နှမြောဖို့ကောင်းတယ်လို့ တွေးမိလို့ပါ”
“ငါအရင်ကပြောခဲ့သလိုဘဲ အခွင့်အရေးဆိုတာ ပြင်ဆင်ထားတဲ့သူတွေကိုဘဲ အပ်နှင်းတတ်တယ်၊ ဒီအသိပညာတွေက တစ်နေ့က အသုံးဝင်လာမလားဆိုတာကို ဘယ်သူပြောနိုင်မှာလဲ၊ အဲ့ဒီအချိန်ကျရင် ဘယ်သူကအဲ့ဒီအခွင့်အရေးကိုအရယူနိုင်မယ်လို့ထင်လဲ ငါ့လိုပြင်ဆင်ထားတဲ့သူလား၊ ဒါမှမဟုတ်နင်တို့လို့မပြင်ဆင်ထားတဲ့သူလား”
မုန့်ချင်းချင်းတို့က တစ်ချိန်တည်းဖြေလာသည်။
“သေချာပေါက်ကို မန်နေဂျာထုံဘဲပေါ့”
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီသဘောတရားကိုနားလည်ရင် နင်တို့လည်းအားတဲ့အချိန်ကျ ဗဟုသုတတွေကို လိုက်စုဆောင်းသင့်တယ်”
အခွင့်အရေးက ဒီနှစ်ကုန်တွင်ရလာတော့မည်ဖြစ်သည်။ မုန့်ချင်းချင်းရော ဝေ့ကျူးကျူးပါ အထက်တန်းအောင်ထားသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေခွင့်ရှိသည်။
ရှောင်ထျန်းက အလယ်တန်းအောင်ထား၏။အကယ်၍သူသာပြင်းပြင်းထန်ထန်ကြိုးစားပါက သူသည်လည်းစာမေးပွဲဝင်ဖြေနိုင်လိမ့်မည်။သူ့တွင်ရှိသောဗဟုသုတများနှင့်ဆို သူကတက်ကုန်လက်ကုန်ကြိုးစားရလိမ့်မည်။
သူတို့စကားဝိုင်းပြီးသောအခါ မုန့်ချင်းချင်းတို့နှစ်ယောက်က သူတို့၏ပုံနှိပ်များကိုထုတ်ပြီး စတင်လေ့လာလိုက်ကြသည်။
လူတိုင်းက စာလေ့လာရာတွင် အားစိုက်နေကြသဖြင့် အလုပ်တွင် ဘယ်သူကမှ အလုပ်တွင်းအာဏာများအကြောင်းမတွေးနိုင်ကြပေ။
နေ့လယ်စာစားချိန်တွင် ဖန်ကျင်းယွမ်ကထပ်ရောက်လာသည်။
“ရွှယ်လူရေ ငါ့မွေးနေ့က နှစ်ရက်အတွင်းမှာဘဲ၊ နင်ငါ့မွေးနေ့ကိုလာပြီး တစ်လက်စတည်း ငါ့ကောင်လေးကိုပါ အကဲခတ်ပေးပါလား”
ဖန်ကျင်းယွမ်က ပြောရင်းဖြင့် ရှက်သွားကာ ပါးများကနီရဲလာသည်။
ထုံရွှယ်လူက ယောက်ျားများကို သူမ၏အနံ့ဆိုးသောလေလည်မှုနှင့် ခြောက်လန့်ခဲ့ကြောင်းကိုပြောပြသည့် ဖန်ကျင်းယွမ်ကိုသာ နေသားကျနေခဲ့သည်။ ဖန်ကျင်းယွမ်၏ဒီလိုပုံစံအသစ်က သူမအတွက်ဆန်းသစ်နေ၏။
“နင်က ငါ့ကိုနင့်အတွက်အရသာရှိတာတွေ လုပ်စေချင်တာပါ၊ နင့်ကောင်လေးကို လူကဲခတ်ပေးရမှာက ဒုတိယဘဲ”
ဖန်ကျင်းယွမ်က မျက်လုံးများကွေးညွှတ်သွားသည်အထိ ပြုံးလိုက်သည်။
“နင်ကအရမ်းဉာဏ်ကောင်းတာဘဲရွှယ်လူ၊ တကယ်ပါဘဲ နင့်ကိုဆို ငါဘာမှမဝှက်ထားနိုင်ဘူး”
ထုံရွှယ်လူက ထိုကိစ္စကိုခနလောက်တွေးကြည့်လိုက်သည်။
“ကောင်းပြီလေ ဖြစ်ချင်တော့ နင့်မွေးနေ့က တနင်္ဂနွေနေ့ဘဲ ငါ့အိမ်ကိုဘဲလာလိုက်ပါလား”
ဖန်ကျင်းယွမ်က ရင်ထဲထိသွားသည်။
“ရွှယ်လူ နင်ကဘာလို့ယောက်ျားမဟုတ်တာလဲ တကယ်လို့နင်သာယောက်ျားလေးဆိုရင် ငါကသေချာပေါက် လက်ရှိကောင်လေးထက် နင့်ကိုဘဲရွေးလိုက်မှာ”
ထုံရွှယ်လူက မျက်ဆံလှန်ပြလိုက်သည်။
ဖန်ကျင်းယွမ်ပြန်သွားပြီးသိပ်မကြာခင်မှာဘဲ ဖုန်းမြည်လာ၏။ထုံရွှယ်လူကဖုန်းကိုင်လိုက်ပြီးနောက် လန့်သွားသည်။
“ဦးလေးဇုန်း အသက်ပြင်းပြင်းရှူလိုက်ပါဦး ဦးလေးအခုဘဲဘာပြောလိုက်တာ”