🍵Chapter 217
"အဲ့ဒီလိုဆို မင်းက ကလေးရအောင်လုပ်နိုင်တော့မှာမဟုတ်ဘူး"
အဖိုးဝမ်ကပြုတ်ကျသွားသော ဖက်ထုပ်ကိုကြည့်ကာ ဝမ်းနည်းသွားသည်။ သူကငါးစက္ကန့်စည်းကမ်းကိုအတိုင်း ဖက်ထုပ်ကိုပြန်ကောက်ရန်လုပ်လိုက်သည်။ သို့သော်သူ့မြေးကကြည့်နေသဖြင့် နောက်ဆုံးတွင် ထိုအကြံကိုလက်လျှော့လိုက်ရသည်။
(Tn: ငါးစက္ကန့်စည်းကမ်းဆိုတာက စားစရာတစ်ခုပြုတ်ကျသွားပြီး ငါးစက္ကန့်မကျော်သေးရင် ပြန်ကောက်စားလို့ရတယ်လို့ဆိုလိုတာပါ)
“မင်းဘာပြောလိုက်တာ ထုံအိမ်ကိုလက်ထပ်ခွင့်သွားတောင်းဖို့ဟုတ်လား”
ဝမ်ရူကွေ့၏နားရွက်ဖျားများက နီရဲသွားသည်။
“ဟုတ်ပါတယ် ကျွန်တော်အဲ့ဒီကိစ္စကို အဖိုးနဲ့လာတိုင်ပင်တာ”
အဖိုးဝမ်က ပျော်လွန်းသဖြင့် ဖက်ထုပ်များကိုတောင် ဆက်မစားနိုင်တော့ပေ။
“ဘုရားရေ နောက်ဆုံးတော့မင်းသဘောပေါက်သွားပြီပေါ့ ငါကဖြင့် မင်းလက်ထပ်တာကို ဒီတစ်သက်မမြင်ရဘူးလို့တောင် ထင်ထားခဲ့တာ”
သူက ဝမ်ရူကွေ့ကိုမြန်မြန်လက်ထပ်ပြီး ကလေးယူရန် အမြဲတိုက်တွန်းနေခဲ့သည်။သို့သော် ဤနှစ်များတွင် သူက တိုက်တွန်းသည်ကလွဲလျှင် ဘာဖိအားမှမပေးခဲ့ပေ။
ထိုအချိန်ကဖြစ်ပျက်ခဲ့သည်များကြောင့် သူက ဝမ်ရူကွေ့အပေါ်ဖိအားမပေးရဲပေ။
သူက ရှောင်ဇုန်း(ဦးလေးဇုန်း)အား သူဆုံးသွားပါက ဝမ်ရူကွေ့ကိုသေချာဂရုစိုက်ပေးရန်တောင် မှာထားခဲ့သည်။ ဝမ်ရူကွေ့ကသူ့ဘာသာသူ ဇနီးတစ်ယောက်ရှာလာနိုင်မည်ဟု မထင်ထားခဲ့ပေ။
ထိုအကြောင်းကိုတွေးလိုက်မိသောအခါ အဖိုးဝမ်၏နှာခေါင်းက စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။
ဦးလေးဇုန်းကလည်း တစ်ဖက်တွင်မျက်ရည်များသုတ်နေ၏။
ဝမ်ရူကွေ့က ညင်သာစွာပြောလာသည်။
“ကျွန်တော်တောင်းပန်ပါတယ်၊ ဒီတစ်ချိန်လုံးမှာ အဖိုးကိုကျွန်တော့်အတွက်စိုးရိမ်နေရအောင်ဘဲ လုပ်ခဲ့မိတယ်”
အဖိုးဝမ်က သူ့ကိုစိုက်ကြည့်လိုက်သည်။
“မင်းကိုယ်မင်း အရူးတစ်ယောက်လိုဖြစ်ခဲ့တယ်ဆိုတာကို သိလို့ငါဝမ်းသာတယ်”
ဝမ်ရူကွေ့“……”
အဖိုးဝမ် :“မင်းရွှယ်လူရဲ့အမြင်ကိုမေးဖို့လိုသေးတယ် ပြီးတော့ အနောက်မြောက်ဘက်က ဟိုအဖိုးကြီးကိုလဲ အသိပေးရမယ်”
ဗိုလ်မှူးရှောင်းက ထုံရွှယ်လူ၏အဖိုးဖြစ်ကာ ထုံမိသားစု၏တစ်ဦးတည်းသော အကြီးအကဲဖြစ်သည်။ဤလက်ထပ်မှုအပေါ်သူ၏အသိအမှတ်ပြုမှုက အရေးပါ၏။
ဝမ်ရူကွေ့က ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်သိပါပြီ”
ဟွမ်ချီမင်က သူ၏ဘဝအတွေ့အကြုံများကို ဝမ်ရူကွေ့အား မျှဝေပေးမည်ဟုပြောခဲ့သည့်နေတွင် နှစ်နာရီကြာအောင်ပြောခဲ့သော်လည်း ဝမ်ရူကွေ့ကဘာအသုံးဝင်တာကိုမှ မသိလိုက်ရပေ။
အဖိုးဝမ်က စိတ်လှုပ်ရှားလာသည်။
“ရှောင်ဇုန်း အိမ်မှာဘာလက်ဆောင်မျိုးတွေရှိလဲဆိုတာကို တစ်ချက်သွားကြည့်လိုက်ဦး အဲ့ဒါတွေကိုထုံအိမ်ဆီယူသွားရမယ်”
ဦးလေးဇုန်းကလည်း လျင်မြန်စွာသဘောတူလာ၏။
“ကျွန်တော်အခုဘဲသွားကြည့်လိုက်မယ်”
ဦးလေးက သိုလှောင်ခန်းထဲတွင်ရှာဖွေပြီးနောက် မုယောနို့မှုန့်နှစ်ဘူးနှင့် မုန့်အိတ်နှစ်အိတ်ကိုထုတ်လာသည်။
“ကျွန်တော်တို့ဆီမှာ အခုဒါတွေဘဲရှိတယ်ဗိုလ်မှူး”
“ရပြီ အဲ့ဒါကအဆင်ပြေတယ် အခုဘဲသွားကြတာပေါ့”
အဖိုးဝမ်က ဤကိစ္စသည်အတော်လေးပေါ့ပါးနေသည်ဟု ခံစားမိသည်။သို့သော် အခုက တရားဝင်တင်တောင်းတာမျိုးမဟုတ်သေးပေ။ သူတို့ကတရားဝင်သွားတင်တောင်းပါက ကိစ္စများက ဒီလိုရိုးရိုးရှင်းရှင်းနှင့် ပြီးသွားမည်မဟုတ်ပေ။
သူတို့်မသွားခင်တွင် ဝမ်ရူကွေ့က မျက်နှာသွားသစ်ကာ ခေါင်းဖြီးလိုက်သည်။
ထုံရွှယ်လူက အိမ်ပြန်ရောက်ပြီး ထိုင်ရုံသာရှိသေးချိန်တွင် ဝမ်မိသားစုမှသူများရောက်လာ၏။
သူမက ဝမ်ရူကွေ့ကိုအံ့ဩတကြီးကြည့်လိုက်သည်။
“ရှင်ပြန်လာမယ်လို့လဲ ကျွန်မကိုမပြောပါလား”
သူမ၏ကြည်လင်သောမျက်လုံးများကိုကြည့်ကာ ဝမ်ရူကွေ့ကရင်ခုန်သွားသည်။
“ကိုယ်မင်းကို ပြောချင်တာတစ်ခုရှိတယ်”
ဘာပြောမလို့လဲ။
ထုံရွှယ်လူက မျက်တောင်ခတ်လိုက်ကာ ဇဝေဇဝါဖြစ်သွားသည်။
အဖိုးဝမ်က ဝမ်ရူကွေ့ကိုအနောက်မှတွန်းလိုက်သည်။
“အရူး အနည်းဆုံးတော့ အထဲဝင်ပြီးမှပြောသင့်တယ်လို့ မထင်ဘူးလား၊ အပြင်မှာဘဲပြောမှာတော့ မဟုတ်ပါဘူးနော်”
ထုံရွှယ်လူက ပိုလို့တောင်ဇဝေဇဝါဖြစ်သွားသည်။သူမက တံခါးပြန်ပိတ်ကာ သူတို့နှင့်အတူအထဲဝင်သွားလိုက်သည်။
ဧည့်ခန်းထဲသို့ရောက်သောအခါ အဖိုးဝမ်က ချောင်းဟန့်လိုက်သည်။
“ရူကွေ့ မင်းပြောတော့”
ဝမ်ရူကွေ့၏နားရွက်ဖျားများက အနည်းငယ်လောင်ကျွမ်းနေ၏။ သူက ထုံရွှယ်လူကိုကြည့်ကာ ပြောလိုက်သည်။
“ရွှယ်လူ ကိုယ်တို့တွေအချင်းချင်းသိခဲ့တာ ခြောက်လနဲ့ ရက်၂၀ကျော်သွားပြီ၊ ကိုယ့်တစ်ဘဝလုံးကို မင်းနဲ့ဘဲကုန်ဆုံးချင်တယ် အဲ့ဒီလိုအခွင့်အရေးမျိုး ကိုယ့်ကိုပေးနိုင်မလား”
! ! !
ထုံရွှယ်လူက ထိုစကားများကြောင့် ကြက်သေသေသွားသည်။
သူမက ဝမ်ရူကွေ့နှင့်ဝမ်မိသားစုသည် သူမကိုလက်ထပ်ခွင့်တောင်းဖို့ ရောက်လာသည်ဟု မထင်ထားခဲ့ပေ။
ပြောရလျှင် ဒါကရိုမန့်တစ်ဆန်သောတောင်းဆိုမှုမျိုးဖြစ်ရမှာပင်။
သူမမကူးပြောင်းလာခင်တွင် ရိုမန့်တစ်ဆန့်သည့်လက်ထပ်ခွင့်တောင်းမှုများစွာကို မြင်ခဲ့ဖူးသည်။ ပူဖောင်းများ၊ လက်စွပ်များ စသဖြင့် မျိုးစုံသောစပရိုက်များကိုမြင်ဖူး၏။
ထုံရွှယ်လူက စားပွဲပေါ်မှမုယောနို့မှုန့်နှစ်ဘူးကို ဘာလုပ်ရမလဲမသိတော့ပေ။
သို့သော်၎င်းက ယခုကာလ၏ထုံးတမ်းစဥ်လာသာဖြစ်သည်။ လူအများစုက တစ်ဖက်လူ၏သဘောထားကိုတောင် မမေးမြန်းကြပေ။ လက်ထပ်ထိမ်းမြှားမှုကို မိဘများကဆုံးဖြတ်ကြသည်။
ပြောရလျှင် သူမ၏ဘဝနှစ်ခုလုံး၌ တစ်ခေါက်သာလက်ထပ်ရမှာဖြစ်သည်။သူမက လက်ထပ်သည့်ကိစ္စကို အလွန်ဖြစ်ကတတ်ဆန်းမနိုင်စေချင်ပေ။
သူမက မတုံ့ပြန်သည်ကိုမြင်သောအခါ အဖိုး၀မ်က စိုးရိမ်လာသည်။
“ရွှယ််လူ ရူကွေ့က တစ်ခါတစ်လေကျ ရူးကြောင်ကြောင်နိုင်ပြီး စကားကောင်းကောင်းမပြောတတ်တာကို အဖိုးသိပါတယ် ဒါပေမယ့် သူကလိမ္မာပြီး ရိုးသားတဲ့ကလေးပါ သူကသမီးပေါ်ကို ကောင်းစေရမယ်လို့ အဖိုးကတိပေးတယ်၊သူသာသမီးအပေါ်ကိုမကောင်းရင် အဖိုးက အရင်သူ့က်ိုသေအောင်ရိုက်သတ်လိုက်မယ်”
၀မ်ရူကွေ့ “……”
အဖိုးက ကျွန်တော့်အဖိုးအရင်းတော့ဟုတ်ပါတယ်နော်။
ဦးလေးဇုန်းကလည်း ၀င်ထောက်ခံလာသည်။
“ရွှယ်လူ ဦးလေးက ရူကွေ့ကို သူငယ်ငယ်လေးကတည်းက သိခဲ့တာပါ ဒါက သူမိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် စိတ်၀င်စားဖူးတာဘဲ သူက သမီးအတွက်နဲ့ အိမ်ကကြက်တွေကိုတောင် ခိုးသွားသေးတယ် အဲ့ဒါတစ်ခုထဲနဲ့တင် သူကဘယ်လောက်တောင် ရိုးသားလဲဆိုတာကို သမီးသိမှာပါ”
၀မ်ရူကွေ့ “… … … …”
“ခွီ-–”
ထုံရွှယ်လူက သနားစရာရှောင်၀ူအကြောင်းတွေးမိသွားသောအခါ ရယ်လိုက်မိသည်။
သူမက ခနလောက်တွေးကြည့်ပြီးနောက် ပြောလိုက်သည်။
“အဖိုး၀မ် သမီးဒီကိစ္စကို အဖြေပြန်မပေးခင်မှာ သမီးရဲ့အဖိုးကို အရင်ပြောပြရဦးမယ်”
သူမတွင် အတွေးတစ်ခုရှိသော်လည်း အဖိုး၀မ်နှင့် ဦးလေးဇုန်းတို့ရှေ့တွင် ထုတ်မပြောချင်ပေ။
သူမက ၀မ်ရူကွေ့နှင့်သာ သီးသန့်ပြောလို၏။
ထိို့အပြင် သူမကိုလက်ထပ်ချင်ပါက လွယ်ကူသောကိစ္စမဟုတ်ပေ။
သူမထိုသို့ပြောလိုက်သောအခါ ၀မ်မိသားစု၏ယောကျ်ားတိုင်းက စိတ်ဓာတ်ကျသွားသည်။
သို့သော် သူတို့က ဒီလိိုမျိုးဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။ မိန်းကလေးတစ်ယောက်အနေဖြင့် သူမကရှေးရိုးဆန်သည်မှာဖြစ်သင့်၏။
၀မ်ရူကွေ့တို့က မပြန်ခင်တွင်ထုံအိမ်၌ညစာစားသွားကြသည်။
၀မ်ရူကွေ့က အဖြေအတိအကျ မရခဲ့သဖြင့် မိုးသီးကြွေကျခံလိုက်ရသည့် ခရမ်းသီးလိုပင် ဌာနသို့ပြန်ရောက်လာသည်။
သူပြန်ရောက်လာသောအခါ ကျိုးရန်က သူတို့၏ခေါင်းဆောင်ထက်ပင် ၀မ်ရူကွေ့အတွက် စိုးရိမ်နေ၏။
“ရူကွေ့ မင်းကောင်မလေးကဘာပြောလဲ သူမကလက်ခံတယ်တဲ့လား”
ဝမ်ရူကွေ့က နှုတ်ခမ်းစေ့လိုက်သည်။
“သူမက သူမအဖိုးနဲ့စကားပြောပြီးမှ ငါ့ကိုအဖြေပြန်ပြောမယ်တဲ့”
“စိတ်မပျက်သွားနဲ့ သားရီး ဆက်သာကြိုးစား ယောက်ျားလေးဆိုတာ အရေထူရတယ်ကွ”
ကျိုးရန်က နှစ်သိမ့်ပြီး ဝမ်ရူကွေ့၏ပုခုံးကိုပုတ်ပေးလိုက်သည်။ သူကတိတ်တိတ်လေးပျော်နေ၏။
ဝမ်ရူကွေ့လက်ထပ်ခွင့်တောင်းတာကမအောင်မြင်သွားဘူး။ ကံကြမ္မာက သူ့ဘက်မှာရှိနေတာဘဲ။
သူသည်လည်း ရက်အနည်းငယ်လောက်ခွင့်ယူပြီးလျှင် လက်ထပ်ခွင့်သွားတောင်းမှာဖြစ်သည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် သူက ဝမ်ရူကွေ့ထက်အရင်စေ့စပ်ခွင့်ရမှဖြစ်မည်။
ဝမ်ရူကွေ့က ညည်းညူပြီး စိတ်ဓာတ်ကျစွာဖြင့် အဆောင်သို့ပြန်သွားသည်။
နောက်တစ်နေ့တွင် ခေါင်းဆောင်ကျောင်းက ရုံးခန်းရွှေ့သဖြင့် ဝမ်ရူကွေ့ကသွားကူညီလိုက်သည်။
သို့သော် ဗီရိုတစ်ခုရွှေ့နေချိန်တွင် သူ့နောက်ကျောကိုခိုက်မိသွားပြီး အဆစ်လွဲသွားသည်။
ဒဏ်ရာကအတော်လေးပြင်းထန်ပြီး သူကမတ်မတ်တောင် မရပ်နိုင်ပေ။ မတ်မတ်ရပ်ဖို့ကြိုးစားတိုင်း နာလွန်းသဖြင့် ချွေးစေးများထွက်လာ၏။ မတတ်နိုင်သဖြင့် သူကအိပ်ရာထဲမှာသာ လှဲနေလိုက်ရသည်။
ဟွမ်ချီမင်နှင့် ကျိုးရန်က သူ့ဆီသို့အလည်လာကြသည်။
ဝမ်ရူကွေ့၏အခြေအနေကပြင်းထန်သည်ကိုမြင်သောအခါ ဟွမ်ချီမင်ကပြောလာ၏။
“ရူကွေ့ ငါတကယ်ပြောနေတာနော် နောက်ကျောဆိုတာ ယောက်ျားလေးတစ်ယောက်အတွက် အရမ်းကိုအရေးကြီးတယ် မင်းကဘာလို့ဒီလောက်တောင် ဂရုမစိုက်တတ်ရတာလဲ”
ဝမ်ရူကွေ့ရော ကျိုးရန်ပါဦးနှောက်ခြောက်သွား၏။
သူတို့နှစ်ယောက်က ဘယ်လိုတောင် ဖြူစင်နေသည်ကိုမြင်သောအခါ ဟွမ်ချီမင်၏မျက်နှာက နီရဲသွားသည်။
“မင်းတို့က အခုထိလူပျိုဆိုတော့ ငါပြောပြနိုင်တာက သိပ်မရှိဘူး”
“ပြောရရင်ကွာ ယောက်ျားလေးတစ်ယောက်ရဲ့ နောက်ကျောက မိန်းမတစ်ယောက်ရဲ့အစာအိမ်လိုဘဲအရေးကြီးတယ် ဒီလိုဒဏ်ရာမျိုးနဲ့ မင်းကအနာဂတ်မှာ အဲ့ဒါကိုလုပ်နိုင်ပါ့မလား ငါစိုးရိမ်မိတယ်”
ဝမ်ရူကွေ့က ပို၍တောင်ဦးနှောက်ခြောက်သွားသည်။
“ဘာကိုလုပ်ရမှာလဲ”
“မင်းသိပါတယ်ကွာ ယောက်ျားလေးကိစ္စလေ”
ဟွမ်ချီမင်က ရှက်ရှက်ဖြင့်ဆက်ပြောသည်။
“မင်းနားမလည်ဘူးလား အနာဂတ်မှာမင်းကလေးမရနိုင်တော့ရင် ဘယ်လိုလုပ်မလဲ”
ဝမ်ရူကွေ့“! ! !”
အမှန်ပင်သူသာ နောက်ကျောဒဏ်ရာရသွားပါက သူ့ဇနီးကို စိတ်ကျေနပ်အောင်ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။
ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်၏ဇနီးကို စိတ်ကျေနပ်အောင် မစွမ်းဆောင်နိုင်ခြင်းက *အဟမ်းး*ကိုမလုပ်နိုင်ဟု အဓိပ္ပါယ်ရ၏။ ဆိုလိုတာက သူက ကလေးရနိုင်တော့မည်မဟုတ်ပေ။
နည်းလမ်းကျကျပြောရလျှင် ဟွမ်ချီမင်မမှားပေ။
ဟွမ်ချီမင်ကခေါင်းကုတ်လိုက်ကာ သူ့မျက်နှာက ချက်ထားသောဝက်အသည်းလိုနီရဲလာ၏။
ကျိုးရန်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
“ခွေးဥဟွမ် အရမ်းကိုစိုးရိမ်ရတဲ့ပုံစံဖြစ်အောင် မလုပ်နဲ့တော့ ကလေးကို မိန်းမတွေကမွေးတာလေ အဲ့ဒါက ငါတို့ယောက်ျားတွေနဲ့ ဘာဆိုင်လို့လဲ”
ဟွမ်ချီမင်က သူ့ကိုအထင်သေးစွာကြည့်လိုက်သည်။
“ပါးစပ်ပိတ်ထား ချီးခေါင်းကျိုး လက်မထပ်ဘဲကလေးရသွားတဲ့ မိန်းကလေးမျိုး မင်းမြင်ဖူးလို့လား”
ကျိုးရန် “……” သူပြောတာက ဟုတ်သလိုလိုဘဲ။