အပိုင်း၂၁၆
Viewers 39k

🍵Chapter 216

-"အဲ့ဒီလိုဆို မင်းက ကလေးရအောင်လုပ်နိုင်တော့မှာမဟုတ်ဘူး"



ကျောင်းဖွင့်သည့်နေ့တွင် ထုံရွှယ်လူက စက်ဘီးဖြင့် ကျောင်းကိုလိုက်သွားပြီး ထုံကျားမင်၏ကိစ္စကို အတန်းပိုင်ဆရာမအား ပြောပြလိုက်သည်။


ထုံကျားမင်၏ အတန်းတွင်းရလဒ်များကို လူတိုင်းသိကြသည်။ သူ့အတန်းပိုင်ဆရာမက အတန်းကျော်တက်ဖို့ အကြံမပြုသည်မှာ ထုံကျားမင်က ကျောင်း၏စာရင်း၀င်အရေအတွက်ကို မြှင့်တက်အောင်လုပ်နိုင်မည်ဟု မျှော်လင့်ထားသောကြောင့်ဖြစ်သည်။


အခုတွင် ထုံကျားမင်ကိုယ်တိုင်က အတန်းကျော်တက်ချင်လာပြီး အုပ်ထိန်းသူကလည်း လူကိုယ်တိုင် လာပြောနေပြီဖြစ်ရာ ဆရာမအနေဖြင့် ကန့်ကွက်စရာဘာအကြောင်းမှ မရှိပေ။


ထို့အပြင် ထုံရွှယ်လူကလည်း နန်််မြို့တော်မူလတန်းကျောင်းတွင် အတော်လေးနာမည်ကြီးပေသည်။ ဘယ်သူကမှ သူမကို ထိပါးလိုစိတ်မရှိကြပေ။


ကျောင်းဘက်မှ ထုံရွှယ်လူအား သူတို့က နန်မြို့တော် အထက်တန်းကျောင်းကို အသိပေးကာ ထုံကျားမင်အတွက် စာမေးပွဲစစ်ရန်စီစဥ်ခိုင်းလိုက်မည်ဟု အသိပေးလာသည်။


ထုံရွှယ်လူ ရုံးခန်းထဲမှထွက်လာသောအချိန်တွင် မိုးရွာလာ၏။


နွေဦီးအချိန်တွင် မိုးရွာသည်မှာ ရှားပါးလှသည်။ သစ်ပင်၏သစ်ကိုင်းများပေါ်တွင် ရွက်သစ်များဖြာနေသည်မှာ မျှော်လင့်ချက်၏ အရိပ်အယောင်များလိိုပင်ဖြစ်သည်။


မိုးရွာပြီးသောအခါ လေထုက မြေသင်းနံ့များသင်းနေ၏။ထုံရွှယ်လူက ချမ်းပြီးဆတ်ခနဲတုန်သွားသည်။သူမက ကျန်းတန့်ဟုန်ဆီမှ ထီးငှားသွားရမလား စဥ်းစားနေချိန်တွင် ထောင့်နားမှ စကားပြောသံများကို ကြားလိုက်ရသည်။


“ဆရာမကျန်း ကျွန်မပြောပြမယ် ရဲဘော်အန်းက မကောင်းတဲ့ရွေးချယ်မှုမျိုးမဟုတ်ပါဘူး သူကဆရာမထက် အသက်နှစ်ဆယ်လောက်ကြီးတယ်ဆိုပေမယ့် သူ့သားတွေအားလုံးက အရွယ်ရောက်နေကြပြီ ဆရာမက ကိုယ့်ဘာသာကိုယ်ကလေးမွေးစရာတောင်မလိုဘူး ချက်ချင်းယောက္ခမဖြစ်သွားမှာနော် အဲ့ဒါကမကောင်းဘူးလား” 


“ဆရာမချင် ကျွန်မက နောက်အိမ်ထောင်ပြုဖ်ို့ ဆန္ဒမရှိဘူးဆိုတာကို ရှင်းလင်းအောင်ပြောပြီးပြီလို့ထင်ပါတယ် အကယ်၍ကျွန်မက နောက်အိမ်ထောင်ပြုမယ်ဆိုရင်တောင်မှ ကျွန်မလက်ထပ်ချင်တဲ့သူကိုဘဲ လက်ထပ်မှာပါ ရဲဘော်အန်းက ကျွန်မအတွက် သင့်တော်တယ်လို့မထင်ဘူး”


“ကောင်းပြီလေ ဒါဆိုလည်း သူကဘာဖြစ်လို့ မသင့်တော်တာလဲဆိုတာကို အတိအကျပြောပြပါလား ကျွန်မက သူ့ကိုအဖြေတစ်ခုတော့ ပေးမှရမယ်”


“သူ့အသက်ဘဲ သူ့အသက်က ကျွန်မအတွက် အရမ်းကြီးလွန်းနေတယ်လို့ ထင်တယ် ပြီးတော့သူ့မိသားစုက အရမ်းရှုပ်ထွေးလွန်းတယ် ကျွန်မက ရိုးရှင်းတဲ့ မိသားစုကိုဘဲ လိုချင်တာ”


“ဆရာမကျန်း ရှင်သေချာတွေးကြည့်ပါ ရှင်ကအိမ်ထောင်တစ်ခါပြုထားပြီးသား အရင်ကလို အပျိုဟုတ်တော့ဘူး ပြီးတော့ ရှင့်ခင်ပွန်းဟောင်းနဲ့ ယောက္ခထီးကိုလည်း ထောင်ကျအောင်လုပ်ခဲ့သေးတယ် လောင်အန်းက ရှင့်ကိုလက်ထပ်ချင်တာကလည်း ရှင့်မှာအိမ်တစ်လုံးရှိနေလို့ဘဲ”


 ကျန်းတန့်ဟုန်၏ မျက်နှာက နီီရဲသွားသည်။  

 “ကျွန်မကို ဘယ်သူမှလက်မထပ်ချင်လဲ ဘာမှမဖြစ်ဘူး ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မကလည်း လက်ထပ်ချင်နေတာမဟုတ်ဘူး အဲ့ဒီလိုလူမျိုးကို လက်ထပ်ရမှာထက်စာရင် ကျွန်မက တစ်သက်လုံးတစ်ယောက်တည်းဘဲ နေသွားလိုက်မယ်”


ဆရာမချင်က စေတနာဖြင့်လုပ်ပေးသည်ကို အငြင်းခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။ သူမက ဆောင့်အောင့်စွာထွက်သွားလိုက်သည်။ 


“၀င်ပါမိလို့ ခွင့်လွှတ်ပါ၊ နောက်တစ်ခါနင့်ကိစ္စတွေကို ၀င်ပါမိရင် ငါ့ကိုမိုးကြိုးပစ်ပါစေတော်” 


“နင့်အခြေအနေနဲ့ ယောက်ျားငယ်ငယ်ကိုလိုချင်နေသေးတယ် ဟားးအဲ့ဒီအိမ်ကြောင့်သာမဟုတ်ရင် အသက်၈၀အရွယ်အဖိုးကြီးတောင်မှ နင့်ကိုတစ်ချက်ကြည့်ချင်မှာမဟုတ်ဘူး၊ လက်မထပ်ချင်ဘူးဆိုမှတော့ တစ်သက်လုံး အဲ့ဒီအိမ်မှာဘဲ တစ်ယောက်တည်းနေလိုက်တော့”


ကျန်းတန့်ဟုန်က အံကြိတ်လိုက်ကာ ဒေါသဖြင့် အသက်ရှူမြန်လာသည်။ သူမက နောက်သို့လှည့်လိုက်သောအခါ မမျှော်လင့်ဘဲ ထုံရွှယ်လူကိုတွေ့လိုက်ရသည်။


ထုံရွှယ်လူက နည်းနည်းရှက်သွားသည်။

“အစ်မတန့်ဟုန် ကျွန်မကခိုးနားထောင်ဖို့ မရည်ရွယ်ပါဘူး မိုးရွာနေလို့ ဒီမှာခနရပ်စောင့်နေတာပါ”


ကျန်းတန့်ဟုန်က လက်ခါပြလိုက်သည်။

“အစ်မက နင့်ကိုအပြစ်မတင်ပါဘူး၊ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေကိုလည်း ညီမမြင်ဖူးတာဘဲလေ”


ထုံရွှယ်လူ:“ အဲ့ဒီဆရာမကဘာဖြစ်တာလဲ၊ အစ်မကသူ့ကိုအိမ်ထောင်ဖက်ရှာခိုင်းထားတာလား”


အောင်သွယ်တော်၏ယုံကြည်စိတ်ချရမှုသည် အလွန်အရေးကြီး၏။ တစ်ချို့လူများက အမြင်မကောင်းရုံတင်မကဘဲ သူတို့၏နှလုံးသားကပါ ကျိုးကြောင်းမမြင်နိုင်ကြပေ။


သူမက ဒီနေရာသို့မကူးပြောင်းလာခင်တွင် လူတစ်ယောက်က သူမ၏ပလက်စတစ်လိုညီအစ်မတစ်ယောက်အား အောင်သွယ်ပေးခဲ့သည်ကိုသတိရသွားသည်။


ထိုအောင်သွယ်တော်က ယောက်ျားလေးသည် အရပ်1.8မီတာလောက်ရှည်ပြီး နာမည်ကြီးကြယ်ပွင့်များထက်ပင် ခန့်ညားသည်ဟုအာမခံလာ၏။သူမ၏ပလက်စတစ်လိုညီအစ်မကလည်း အလွန်စိတ်လှုပ်ရှားသွားသည်။ သို့သော် သူမကထိုယောက်ျားနှင့် အပြင်တွင်တကယ်တွေ့လိုက်ရသောအခါ ထိုလူက 1.6-1.7မီတာတောင်မပြည့်ပေ။ထို့အပြင် သူကလုံးလုံးကိုမခန့်ညားနေပေ။


ကျန်းတန့်ဟုန်က ခေါင်းခါလိုက်ကာ သူမမျက်လုံးထဲတွင် စက်ဆုပ်မှုအရိပ်အယောင်များပေါ်လာသည်။


“မဟုတ်ဘူး သူမဘာသာလုပ်‌လာတာ၊ အစ်မက စိတ်ဝင်စားဘူးလို့ အတန်တန်ပြောပေမယ့် သူမက အဲ့ယောက်ျားနဲ့သွားတွေ့စေချင်နေတုန်းဘဲ”


ကျန်းတန့်ဟုန်က ကျောင်းတွင်ဂုဏ်သတင်းသိပ်မကောင်းပေ။သူမက ငြင်းဆန်ရာတွင် အလွန်တဲ့တိုးဖြစ်သွားမည်ကို စိုးရိမ်မိသည်။ထိုသို့ဆိုပါက ကိစ္စများကပိုဆိုးလာနိုင်သည်။ ထို့ကြောင့် သူမက နောက်ဆုံးတွင် နောက်သို့တစ်လှမ်းဆုတ်ပေးပြီး ထိုယောက်ျားကို တစ်ခါလောက်‌သွားတွေ့လိုက်သည်။


ထိုအန်းမျိုးနွယ်ယောက်ျားက သူမအဖေအရွယ်လောက်ရှိရုံသာမက စက်ရုံတစ်ခုမှ လုံခြုံရေးအစောင့်သာဖြစ်သည်။ အရေးကြီးဆုံးမှာ သူ့တွင်သားသုံးယောက်ရှိနေ၏။ သူက သူမကိုမြင်မြင်ချင်းပင် သူမတို့လက်ထပ်ပြီးသည်နှင့် သူတို့တစ်မိသားစုလုံးက သူမ၏အိမ်ကိုပြောင်းလာမည်ဟု ပြောလာခဲ့သည်။


ကျန်းတန့်ဟုန်က သူမဦးလေး၏အိမ်ကိုရောင်းလိုက်ကာ မြို့ထဲတွင် သူမဘာသာအိမ်တစ်လုံးဝယ်ထားလိုက်သည်။ သူမကကျောင်းအဆောင်တွင် ဆက်မနေတော့ပေ။


ထုံရွှယ်လူသည်လည်း အကြောင်းစုံကိုကြားလိုက်ရသောအခါ စက်ဆုပ်သွားသည်။


“ကျွန်မလည်း အစ်မခုနကပြောလိုက်တာကို သဘောတူတယ် အဲ့ဒီလိုအမှိုက်မျိုးကို လက်ထပ်မှာထက်စာရင် တစ်သက်လုံးတစ်ယောက်တည်းနေသွားတာက ပိုကောင်းတယ်”


မော်ဒန်ကအမျိုးသမီးအများစုက လက်ထပ်ရမှာကိုကြောက်နေကြတာ မအံ့ဩတော့ပါဘူး။ ယောက်ျားအများစုက စက်ဆုပ်ဖို့ကောင်းရုံတင်မကဘူး၊ လက်ထပ်လိုက်တာကအမျိုးသမီးတွေကို သူတို့ရဲ့ရပိုင်ခွင့်၊ ကာကွယ်မှုတွေကို မပေးနိုင်ဘူး။


ကျန်းတန့်ဟုန်သာ အဲ့ဒီလောင်အန်းကိုလက်ထပ်လိုက်ပါက သူမသည် အဖိုးကြီးတစ်ယောက်ကို ပြုစုရရုံတင်မကဘဲ သူ့တစ်မိသားစုလုံးကိုလည်း ခေါင်းပေါ်တင်ပြီး သူတို့ကို သူမ၏အိမ်အားအပိုင်စီးခွင့်ပေးလိုက်ရမှာဖြစ်သည်။ သူမက ဘာလို့အဲ့ဒီလိုလုပ်ရမှာလဲ။


သူက အိုနေပြီ၊ ပြီးတော့ရုပ်ကဆိုးသေး။


ထိုစကားကိုကြားသောအခါမှ ကျန်းတန့်ဟုန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

“ရွှယ်လူ နင်က အခြားသူတွေနဲ့ကွဲပြားတယ်ဆိုတာ အစ်မသတိထားမိတယ်၊ နင်ရော ရဲဘော်ဝမ်ရောက လူကောင်းတွေပါ”


အမှန်တွင် ကျန်းတန့်ဟုန်သည်လည်း မိသားစုကောင်းတစ်ခုရရန် မျှော်လင့်မိသည်။ သို့သော်သူမက ဒီအတိုင်းတွေ့ကရာလူနှင့်တော့ လက်မထပ်လိုက်ချင်ပေ။


သူမ၏ပထမအိမ်ထောင်ရေးကို ဖိအားပေးခံခဲ့ရ၏။အကယ်၍သူမသာ နောက်အိမ်ထောင်ပြုရမည်ဆိုပါက သူမတကယ်လက်ထပ်ချင်သောသူကိုသာ ရှာချင်သည်။


ထုံရွှယ်လူ:“ အစ်မကလည်း အရမ်းကိုထူးခြားပါတယ်၊ တစ်နေ့မှာ အစ်မအတွက်သင့်တော်တဲ့ လက်တွဲဖော်ကိုရှာတွေ့နိုင်မယ်လို့ ကျွန်မယုံတယ်”


ထုံရွှယ်လူက ကျန်းတန့်ဟုန်နှင့်အတူ အဆောင်သို့လိုက်သွားပြီး သူမပြန်သောအခါ ထီးတစ်ချောင်းငှားသွားလိုက်သည်။


🍵


ရက်အနည်းငယ်ကြာပြီးနောက် ထုံကျားမင်၏အတန်းကျော်စာမေးပွဲရလဒ်ထွက်လာ၏။


သူက နန်မြို့တော်အထက်တန်းကျောင်းသို့အောင်အောင်မြင်မြင် ၀င်နိုင်သွားကာ နောက်နေ့မှစ၍ကျောင်းစတက်နိုင်ပြီဖြစ်သည်။


ထုံကျားရှင်းက ထိုသတင်းကိုကြားသောအခါ အလွန်၀မ်းနည်းသွားသည်။

“အဲ့လိုဆို ကျွန်တော်က အကိုကြီးနဲ့ ကျောင်းတူတူသွားလို့မရတော့ဘူးပေါ့ ”


ထုံကျားမင်က ခေါင်းညိတ်လိုက်သည်။

“အခုကစပြီး မင်းကကိုယ့်ဘာသာကျောင်းသွားရတော့မှာ အတန်းထဲမှာ စာကိုသေချာလိုက်နားထောင် ရန်မဖြစ်နဲ့”


ထုံကျားရှင်းကနှုတ်ခမ်းစူကာ စိတ်အားငယ်သွားသည်။


အမှန်တွင် ထုံကျားရှင်းက ထုံကျားမင်ကို ထုံမျန်မျန်ထက်ပိုတွယ်တာ၏။သူကယောကျ်ားလေးဖြစ်နေသောကြောင့်သာ ထုတ်မပြခြင်းဖြစ်သည်။


ထိုနေ့ညတွင် ထုံရွှယ်လူအိမ်ပြန်လာသောအခါ ဤသတင်းကိုလျင်မြန်စွာသိသွားသည်။


သူမက ပြုံးကာထုံကျားမင်ကိုမေးလိုက်သည်။

“ဘာလိုချင်လဲဆိုတာကို စဥ်းစားပြီးပြီလား”


ထုံကျားမင်ကအနည်းငယ်ရှက်နေ၏။

“ကျွန်တော် စစ်သည်တော်တံဆိိပ် ရှူးဖိနပ်တစ်ရံလောက်လိုချင်တယ်”


ထုံရွှယ်လူက မစဥ်းစားနေဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပြီလေ ဒီတပတ်ကျောင်းပိတ်ရက်ရောက်ရင် အစ်မနဲ့အတူတူ အစိုးရစတိုးဆိုင်မှာ သွား၀ယ်ကြမယ်”


စစ်သည်တော်တံဆိပ် ဖိနပ်တစ်ရံသည် ယခုခေတ်ကာလတွင် ၈ယွမ်ရှိ၏။သံသယ၀င်စရာမလိုစွာပင် ၎င်းကဇိမ်ခံပစ္စည်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဖြူရောင်ရှူးဖိနပ်သည် အလွန်ဖက်ရှင်ကျ၏။


ကျောင်းတွင် ကျောင်းသားလက်တစ်ဆုပ်စာလောက်ကသာ အဖြူရောင်ရှူးဖိနပ်ကိုစီးနိုင်ကြသည်။ 


ထုံရွှယ်လူက ပထမဆုံးအကြိမ်အဖြစ် ထုံကျားမင်၏ အသက်အရွယ်နှင့် လိုက်ဖက်ညီသောအပြုံးကို မြင်လိုက်ရသည်။

“ကျေးဇူးတင်ပါတယ် မမကြီး”


ထုံကျားရှင်းက မနာလိုဖြစ်လာသည်။

စစ်သည်တော်တံဆိပ်ဖိနပ်ကို သူဘယ်လောက်တောင်လိုချင်လိုက်လဲ။

 

သ်ို့သော် သူ၏အမှတ်များကို တွေးကြည့်လိုက်သောအခါချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။


သူ့အမှတ်များနှင့်ဆိုလျှင် သူကဘယ်သောအခါမှဖိနပ်ရတော့မည်မဟုတ်ပေ။


သူက သူ၏ဒုတိယအကို ဖိနပ်နှင့်မတော်တော့သောအချိန်ကိုသာ စောင့်ပြီးထိုအချိန်တွင် သူကဖိနပ်ကိုဆက်စီးနိုင်လိမ့်မည်။


ထိုအတွေးက သူ့ကိုတစ်ဖန်ပျော််ရွှင်သွားစေသည်။


ထုံကျားရှင်း၏မျက်နှာပေါ်မှ တခဏအတွင်းပြောင်းလဲမှုများကို မြင်လိုက်ရသောအခါ ထုံရွှယ်လူက ဆွံ့အသွားလေသည်။


🍵


ဒီနေ့က မီးပုံးပွဲတော်နေ့ဖြစ်သည်။


ထုံရွှယ်လူက ထန်ယွမ်(ဆန်မုန့်လုံး)များအပြင် ဖက်ထုပ်အနည်းငယ်ကိုလည်း လုပ်လိုက်သည်။


ဖက်ထုပ်ရွက်များကပါးကာ အဆာသွပ်သုံးမျိုးအထိပြုလုပ်ထား၏။ ဖက်ထုပ်များက လုံး၀န်းနေသဖြင့် ပြောမပြတတ်လောက်အောင် ချစ်စရာကောင်းနေပေသည်။


ဖက်ထုပ်ထဲမှ မျှစ်များက ကြွပ်ရွပြီး အရသာရှိကာ မှိုအရသာလည်း ပါ၀င်၏။ ၀က်ဆီဖြင့်ကြော်ထားရာတစ်ကိုက်ကိုက်လိုက်ရုံဖြင့် အရသာရှိမှုကပါးစပ်တစ်ခုလုံးပျံ့နှံ့သွားသည်။


သူမက ထန်ယွမ်သုံးမျိုးလုပ်လိုက်သည်။ နှမ်း၊မြေပဲနှင့် ပဲနီလေးအဆာသွပ်ဟူ၍သုံးမျိုးဖြစ်သည်။


ထန်ယွမ်၏အသားက ၀ါးလိုက်သောအခါ ပါးစပ်ထဲပျော်၀င်သွား၏။ ဆန်မုန့်အသားကို ကိုက်လိုက်သောအခါ အဆာသွပ်များက စိမ့်ထွက်လာပြီး အရသာက ပါးစပ်ထဲ၌ပျံံ့နှံံ့သွားသည်။

 

ထုံမောင်နှမများက စားတာမရပ်နိုင်တော့ပေ။


အတိတ်တုန်းကဆိုလျှင် သူတို့ကမီးပုံးပွဲတော်၌ ထန်ယွမ်မစားခဲ့ရပေ။သူတို့အိမ်၌ တစ်ခါလုပ်စားဖူးသော်လည်း အထဲကအဆာသွပ်မပါပေ။ထိုအချိန်တုန်းက ၎င်းကိုအရသာရှိသည်ဟုသာတွေးခဲ့ကြသည်။ယခုတွင် တကယ်အရသာရှိသည်က ဘယ်လိုဆိုသည်ကို သဘောပေါက်သွားကြသည်။


ထုံရွှယ်လူက အများအပြားပြုလုပ်ထား၏။ သူမက ဝေ့မိသားစုအိမ်ကို သွားပို့ရုံတင်မက အဖိုးဝမ်ဆီကိုလည်း အနည်းငယ်ယူသွားလိုက်သည်။


အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့က မျက်လုံးများပျောက်သည်အထိပြုံးလိုက်ကြသည်။


အဖိုးဝမ်က သူအစောကတည်းကပြင်ဆင်ထားသည့် စာအိတ်နီကိုပေးလာ၏။

“လိမ္မာတဲ့ကောင်မလေး ဒီမှာသမီးအတွက် စာအိတ်နီ”


ထုံရွှယ်လူ:“ အဖိုးဝမ် အဖိုးကသမီးကို နှစ်သစ်ကူးတုန်းက စာအိတ်နီပေးပြီးသွားပြီလေ”


အဖိုးဝမ်က လက်ခါလိုက်သည်။

“အိုင်းယားး သမီးနားမလည်ပါဘူး၊ မီးပုံးပွဲတော်မှာ စာအိတ်နီပေးတာက အဖိုးရဲ့မွေးရပ်မြေကဓလေ့ဘဲ မြန်မြန်လက်ခံလိုက် မဟုတ်ရင်ကံဆိုးသွားလိမ့်မယ်”


ထုံရွှယ်လူ “……”

အဖိုးဝမ်က သူမကိုပိုက်ဆံပေးဖို့ ခက်ခက်ခဲခဲကိုကြိုးစားနေ‌တော့တာပဲ။


အဖိုးဝမ်က သူမကိုငြင်းခွင့်မပေးဘဲ စာအိတ်နီကို သူမ၏လက်ထဲသို့ထိုးထည့်လိုက်သည်။


‌အခြားရွေးစရာမရှိသဖြင့် နောက်ဆုံးတွင်ထုံရွှယ်လူက လက်ခံလိုက်ရသည်။


သူမက ဝမ်အိမ်တွင် နာရီဝက်ကြာအောင်နေခဲ့၏။


သူမပြန်သွားပြီးသိပ်မကြာခင်မှာဘဲ ဝမ်ရူကွေ့ကဌာနမှပြန်ရောက်လာသည်။


အဖိုးဝမ်က ဝမ်ရူကွေ့ကိုမြင်လိုက်ရသောအခါ လန့်သွားသည်။

“မင်းကဘယ်လိုဖြစ်ပြီးပြန်ရောက်လာတာလဲ ရွှယ်လူက လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကဘဲပြန်သွားတာ သူမနဲ့ မဆုံဘူးလား”


ဝမ်ရူကွေ့က အနည်းငယ်လန့်သွားပြီးမှ ခေါင်းခါပြသည်။


“ဟင့်အင်း ကျွန်တော်မတွေ့ဘူး၊ ရွှယ်လူနဲ့လွဲသွားတာဖြစ်မယ်”


“ရူကွေ့ ရွှယ်လူကမိန်းမကောင်းလေးပါ၊ ဒီအခွင့်အရေးကိုလက်လွှတ်မခံနဲ့နော် မြန်မြန် သူမကိုလက်ထပ်ဖို့လုပ်တော့”


အဖိုးဝမ်က ဖက်ထုပ်တစ်ခုကိုယူပြီး ဆော့စ်ထဲနှစ်လိုက်သည်။ ၎င်းကဘယ်လိုတောင်အရသာရှိနေသည်ကို အဖိုးဝမ်ကစကားနှင့်တောင် မဖော်ပြနိုင်တော့ပေ။


ပုံမှန်အားဖြင့် အဖိုးဝမ်ကဤကိစ္စအကြောင်းပြောလာသောအခါ ဝမ်ရူကွေ့က ဆိတ်ဆိတ်နေရင်နေ၊သို့မဟုတ် ထုံရွှယ်လူ၏အမြင်ကိုမေးရဦးမည်ဟုသာ ပြန်ပြောလေ့ရှိသည်။


သို့သော် ဒီတစ်ကြိမ်တွင်မူ အဖိုးဝမ်ပြောပြီးပြီးချင်းပင် ဝမ်ရူကွေ့၏ပြန်ဖြေသံကိုကြားလိုက်ရသည်။


“အဖိုး ကျွန်တော်ထုံမိသားစုဆီကို လက်ထပ်ခွင့်တောင်းဖို့သွားချင်တယ်”


ဘုတ်။။။


အဖိုးဝမ်လက်ထဲမှဖက်ထုပ်က ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။