🍵Chapter 215
ထုံကျန်းကျန်းက ယုံကြည်ချက်ရှိစွာပြုံးလိုက်သည်။
ထုံရွှယ်လူသည် သူမကိုယ်သူမ ရန်ကျိုးခရီးတွင် အအေးမိသွားသည်ဟု ခံစားမိသည်။ ရာသီလာနေချိန်တွင် ကိုက်ခဲမှာကိုစိုးရိမ်သဖြင့် ဒီနေ့မှစကာ သကြားညိုနှင့်ချင်းပြုတ်ရည်သောက်နေခြင်းဖြစ်သည်။
နေ့လယ်ခင်းသို့ရောက်သောအခါ ဖန်ကျင်းယွမ်က ရာသီဥတုအေးအေးထဲတွင် နေ့လယ်စာစားရန်စက်ဘီးစီးလာ၏။
သူမအထဲဝင်လာလာချင်းပင် ထုံရွှယ်လူက သူမ၏ပါးများနီရဲနေသည်ကို မြင်လိုက်သည်။
ဖန်ကျင်းယွမ်က သိုးသားစွပ်ပြုတ်နှင့် ခေါက်ဆွဲတစ်ပွဲမှာလိုက်သည်။ သူမက စားပြီးပြီးချင်း မပြန်သွားပေ။ အမှန်တွင် သူမက ထုံရွှယ်လူ အားမည့်အချိန်ကိုစောင့်နေခြင်းဖြစ်သည်။
ထုံရွှယ်လူက ချက်ချင်းပင် ဖန်ကျင်းယွမ်ကတစ်ခုခုပြောစရာရှိနေကြောင်း သဘောပေါက်သွားသည်။
“ငါနဲ့အတူ အပေါ်ထပ်ကနားနေခန်းဆီလိုက်ခဲ့”
ချက်ချင်းဆိုသလိုပင် ဖန်ကျင်းယွမ်၏မျက်လုံးများက တောက်ပလာပြီး ခေါင်းတရစပ်ငြိမ့်ပြလာသည်။
“ဟုတ်ပြီ ငါအခုဘဲလိုက်လာခဲ့မယ်”
နားနေခန်းထဲသို့ရောက်သောအခါ ဖန်ကျင်းယွမ်က အခန်းထဲသို့တစ်ချက်ကြည့်လိုက်ပြီး မနာလိုစွာပြောလာ၏။
“အခန်းကသိပ်မကြီးပေမယ့် သေချာပေါက်ကိုသက်တောင့်သက်သာရှိမယ့်ပုံဘဲ၊ နင့်ဆီမှာဒီလောက်ကြီးတဲ့ နားနေခန်းမျိုးရှိတာ မနာလိုလိုက်တာ”
ထုံရွှယ်လူက ဖရဲစေ့အနည်းငယ်ကိုယူကာ စားပွဲပေါ်၌တင်လိုက်သည်။ သူမက ဖရဲစေ့ကိုက်ကာ မေးလိုက်သည်။
“ပြောပါဦး နင်ပြောချင်နေတာ ဘာကိစ္စလဲ”
ဖန်ကျင်းယွမ်က အင်းခနဲအသံပြုကာ ခနလောက်တိတ်နေပြီး ရုတ်တရက်ပင် သူမကရှက်သွေးဖြာလာသည်။
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“နင်အခု ရည်းစားရသွားပြီလား”
ဖန်ကျင်းယွမ်က မျက်လုံးပြူးသွားသည်။
“နင်ဘယ်လိုသိတာလဲ”
“ခန့်မှန်းကြည့်တာလေ”
ဖန်ကျင်းယွမ်က ပါးကိုအုပ်ကာ အရူးတစ်ယောက်လို ပြုံးဖြီးလာ၏။
“ဟုတ်တယ် နင်ပြောတာမှန်တယ် ငါအခုကောင်လေးရနေပြီ”
ထုံရွှယ်လူ:“ဂုဏ်ပြုပါတယ်၊ သူက တကယ်ကိုကြည့်ကောင်းရမယ် ဟုတ်တယ်မလား”
ဖန်ကျင်းယွမ်က ထုံရွှယ်လူကိုလေးစားစွာကြည့်လာသည်။
“ရွှယ်လူ နင်ကအရမ်းအံ့ဩဖို့ကောင်းလိုက်တာ၊ နင်ပြောတာထပ်မှန်ပြန်ပြီ၊ ရဲဘော်ရှန်က အရမ်းချောတာ၊ ငါပြောပြမယ် သူ့အသားအရေက ငါ့ထက်တောင်ကောင်းသေးတယ် ပြီးတော့ လက်ချောင်းတွေကလည်း သွယ်လျနေရော တကယ်ကိုဆွဲဆောင်မှုရှိတဲ့သူ”
ဖန်ကျင်းယွမ်က သူမအရင်တစ်ခါအိမ်ထောင်ဖက်တွေ့ခဲ့သည့်လူကို အာလူးနှင့်တူသည်ပြောခဲ့ကတည်းက ထုံရွှယ်လူက ဖန်ကျင်းယွမ်သည်လည်း သူမလိုပင် မျက်နှာကြည့်ကြိုက်သောသူဖြစ်မည်ဟု ထင်တော့ထင်မိပြီးသားဖြစ်သည်။
“သူရဲ့ အလုပ်ကဘာလဲ၊ သူ့အကြောင်းတစ်ခုခုသိလား”
ဖန်ကျင်းယွမ်က ကြက်သွန်ဖြူထောင်းနေသလို ခေါင်းညိတ်ပြသည်။
“သူက ငါ့ဒုတိယအဒေါ်ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့သား၊ သူကပညာရေးဌာနမှာအလုပ်လုပ်နေတာ၊ အခုချိန်မှာ အတွင်းရေးမှူးဘဲဖြစ်သေးပေမယ့် သူကအရမ်းကိုအရည်အချင်းရှိတဲ့သူဟ”
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
“သူ့ရဲ့ပုံပန်းသွင်ပြင်နဲ့ လုပ်ရည်ကိုင်ရည်က အဓိကမကျဘူး အရေးကြီးဆုံးက သူ့ရဲ့ကိုယ်ကျင့်စရိုက်ဘဲ၊ နင်တို့လက်မထပ်ခင်မှာ သူ့အကြောင်းတွေသေချာသိအောင် လုပ်ထားသင့်တယ်”
ယနေ့ခေတ်ယနေ့အချိန်တွင် လူအများစုက အိမ်ထောင်ဖက်တွေ့ကြည့်ပြီး သိပ်မကြာခင်မှာဘဲ လက်ထပ်လိုက်ကြသည်။ သူတို့က အောင်သွယ်တော်ဆီမှ သိထားသည်ကလွဲလျှင် တစ်ဖက်လူအကြောင်း ဘာမှကောင်းကောင်းမသိကြပေ။
သူတို့လက်ထပ်ပြီးသွားမှ တစ်ဖက်လူက လူကောင်းမဟုတ်တာ၊ သို့မဟုတ် အရည်အချင်းမရှိတာကို သိလိုက်ရပါက နောင်တရဖို့နောက်ကျသွားပြီဖြစ်သည်။ထိုအခါ သူတို့ကရွေးစရာမရှိဘဲ ရှေ့ဆက်သွားရလိမ့်မည်။အကယ်၍သူတို့သာ အချင်းချင်း ညှိညှိနှိုင်းနှိုင်းရှိပါက ဆယ်စုနှစ်တစ်ချို့စာလောက်တော့ ကောင်းမွန်စွာဖြတ်သန်းနိုင်လိမ့်မည်။
ဖန်ကျင်းယွမ်၏မျက်လုံးများက တလက်လက်တောက်ပနေသည်။
“သူက အရမ်းကောင်းတဲ့သူပါ ငါ့အပေါ်ကိုလည်း အရမ်းကောင်းတယ်၊ ပထမအကြိမ်သွားတွေ့တုန်းက ငါက သူ့ကိုရုပ်ဆိုးဆိုးယောက်ျားဘဲဖြစ်နေမယ်ထင်ပြီး မသွားခင် ကန်စွန်းဥတွေအများကြီးစားသွားတာ၊ သူ့ရှေ့မှာငါလေလည်တာတောင် သူကစိတ်ထဲမထားဘူး၊ နင်ပြောကြည့် သူကအရမ်းအံ့ဩဖို့မကောင်းဘူးလား”
ထုံရွှယ်လူသည် ထိုယောက်ျားက လူကောင်းဟုတ်၊မဟုတ်ကို မသေချာသော်လည်း ဖန်ကျင်းယွမ်က ငတုံးဆိုတာကိုတော့ ကောင်းကောင်းသိသည်။
၎င်းကြောင့် ထိုယောက်ျားစိတ်အနှောင့်အယှက်မဖြစ်သည်မှာ အံ့ဩစရာပင်။
🍵
တစ်ချိန်တည်းတွင် တစ်နေရာရာမှ တစ်စုံတစ်ယောက်ကလည်း ရှက်သွေးဖြာနေ၏။
သူ့ရှေ့မှယောက်ျားကို ကြည့်ကာ ထုံကျန်းကျန်းက ရင်ခုန်လာသည်။
“နောက်ဆုံးတော့ ညွှန်မှူးရန်နဲ့တွေ့ရပြီ ကျွန်မအရမ်းဝမ်းသာမိပါတယ်”
ညွှန်မှူးရန်က ထုံကျန်းကျန်းကိုစူးရှစွာကြည့်လိုက်သည်။
“ရဲဘော်ထုံကျန်းကျန်း သမ္မတကချမှတ်လိုက်တဲ့‘Two Whatevers’ ပေါ်လစီက မှားယွင်းနေတယ်ဆိုတာကို မင်းဘယ်လိုသိသွားတာလဲ”
၎င်းက ထုံကျန်းကျန်း သူ့တူမှတစ်ဆင့်ပေးခိုင်းလိုက်သောစာတွင် ရေးထားသောအရာဖြစ်သည်။
‘Two Whatevers’က မှားယွင်းနေသည့်လက္ခဏာများသည် နှစ်သစ်ကူးမတိုင်ခင်တွင် ပေါ်ထွက်လာခဲ့သော်လည်း ၎င်းကို အလွန်လျှို့ဝှက်ထားပြီး အတွင်းပိုင်းမှလူတစ်ချို့သာသိကြသည်။ သူတောင်မှ သူ့ဆွေမျိုးတစ်ယောက် ဗဟိုအစိုးရဌာနတွင်အလုပ်လုပ်နေ၍ သိရခြင်းဖြစ်သည်။
စာဖတ်လိုက်ရသောအခါ သူထိတ်လန့်သွားခဲ့သည်။ စာထဲတွင် “သမ္မတသည် ‘Two Whatevers’ပေါ်လစီက အမှားတစ်ခုဖြစ်ကြောင်းကို 1977ခုနှစ် ဖေဖော်ဝါရီလ ခုနစ်ရက်တွင် လူသိရှင်ကြားဝန်ခံလိမ့်မည်”ဟုရေးထားခြင်းဖြစ်သည်။
သူမက ထိုစာကို ဇန်နဝါရီလတွင် သူ့တူဆီပေးခဲ့၏။ ထိုအချိန်တုန်းက သူလန့်သွားကာ ချက်ချင်းပင် သူမကိုလာရှာချင်ခဲ့၏။
ကံကောင်းစွာဖြင့် အပြင်သို့ထွက်လာလာချင်းပင် ဆောင်းတွင်းလေကြောင့် သူ့ခေါင်းကအေးစက်သွားသည်။ ထိုအစား သူက တစ်ယောက်ယောက်ကို စုံစမ်းခိုင်းပြီး ထုံကျန်းကျန်းကိုစောင့်ကြည့်ထားခိုင်းလိုက်သည်။
လွန်ခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီလခုနစ်ရက်တွင် သမ္မတသည် ‘Two Whatevers’ပေါ်လစီက အမှားတစ်ခုဖြစ်ကြောင်းကို သတင်းစာနှစ်စောင် နှင့် မဂ္ဂဇင်းတစ်အုပ်ထဲတွင် ထည့်ကြေညာခဲ့ရာ ညွှန်မှူးရန်က နောက်တစ်ကြိမ်အံ့အားသင့်ခဲ့ရ၏။
သူက ဒီကိစ္စကိုအောက်ခြေအထိသိရှိနိုင်ရန်အတွက် ထုံကျန်းကျန်းနှင့်တွေ့ချင်လာသည်။
ထုံကျန်းကျန်းက အပြင်ဘက်ကို တစ်ချက်စစ်ကြည့်လိုက်သည်။ အနားမှဘယ်သူမှမရှိသည်ကို သေချာသွားမှ သူမကအသံတိုးတိုးဖြင့်ပြောလာ၏။
“ညွှန်မှူးရန် ရှင်က သာမာန်မဟုတ်တဲ့ကိစ္စတွေကိုယုံကြည်လား”
ညွှန်မှူးရန်က သူမကိုကြည့်ကာ ဘာမှပြန်မဖြေပေ။
ထုံကျန်းကျန်းက ထိုသို့စိုက်ကြည့်ခံလိုက်ရသည့်အတွက် အနည်းငယ်တုန်လှုပ်သွားသော်လည်း သူမက သတ္တိမွေးကာ ဆက်ပြောလိုက်သည်။
“ကျွန်မက အနာဂတ်ကိုမြင်နေရတယ်လို့ပြောရင် ညွှန်မှူးရန်ယုံမလား”
ညွှန်မှူးရန်၏နှုတ်ခမ်းများက အနည်းငယ်စေ့သွားသည်။
“မင်းရဲ့ဒီစွမ်းရည်ကို အခြားဘယ်သူသိသေးလဲ”
ထုံကျန်းကျန်းကခေါင်းခါလိုက်သည်။
“ဘယ်သူမှမသိဘူး ကျွန်မကညွှန်မှူးရန်ကိုဘဲ ပြောပြတာပါ”
ညွှန်မှူးရန်က ဟက်ခနဲရယ်လိုက်သည်။
“ဒါဆိုမင်းကဘာလို့ ငါ့ကိုဘဲပြောပြတာလဲ၊ မင်းငါ့ဆီက ဘာလိုချင်တာလဲ”
ထုံကျန်းကျန်း :“ညွှန်မှူးရန်က အရမ်းကိုအရည်အချင်းရှိတဲ့သူပါ၊ ရှင့်မှာမရှိတာဆိုလို့ နည်းနည်းလေးလောက်ဘဲ ကံဆိုးနေတာ၊ ကျွန်မသာရှင့်ဘေးမှာရှိရင် ညွှန်မှူးရန်က သေချာပေါက် ဒီထက်ပိုမြင့်တဲ့နေရာဆီသွားနိုင်လိမ့်မယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်မတစ်ခုဘဲတောင်းဆိုချင်တယ်”
“ပြောပါ”
ထုံကျန်းကျန်းက သူ့ကိုကြည့်ကာ သတ္တိမွေးလိုက်သည်။
“ရှင်ကျွန်မကို လက်ထပ်ရမယ်”
သူမက ရန်မင်အလည်မလာခင်အထိ ညွှန်မှူးရန်အကြောင်းမသိခဲ့ပေ။
ရန်မင်နှင့်သူမသည် အလယ်တန်းအတူတူတက်ခဲ့ကြပြီး သူမပြန်လည်မမွေးဖွားခင်တွင် သူကသူမကိုသဘောကျနေခဲ့သည်။ သို့သော်သူတို့၏မိသားစုအခြေအနေများက လိုက်ဖက်မှုမရှိသောကြောင့် ကျောင်းပြီးသောအခါ အနေဝေးသွားကြသည်။
သူမက ရန်မင်ကို ပြန်လည်ပြုပြင်ရေး လယ်ယာထဲသို့ လာလည်မည်ဟုမထင်ထားခဲ့ပေ။ သူမက သူ့ဆီမှ သတင်းအချက်အလက်များစွာရခဲ့၏။
ထိုအချက်များထဲမှ အရေးကြီးဆုံးမှာ ရန်မင်တွင် တော်လှန်ရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဦးလေးတစ်ယောက်ရှိနေခြင်းဖြစ်သည်။ ထိုသူက ရန်မင်ထက်ဆယ့်ငါးနှစ်သာကြီးပြီး အသက်ငယ်ငယ်ကတည်းက အလွန်အရည်အချင်းရှိသောသူတစ်ယောက်ဖြစ်သည်။
စုယွဲ့ရှန်းတို့မိသားစုသာ ပြန်လည်ရာထူးခန့်အပ်ခြင်းမခံရပါက ဤဦးလေးဖြစ်သူသည် တော်လှန်ရေးကော်မတီ၏ နောက်လာမည့် လက်ထောက်သမ္မတဖြစ်လာမှာဖြစ်သည်။
ထိုအကြောင်းကိုသိလိုက်ရသောနေ့တွင် ထုံကျန်းကျန်းက ဆုံးဖြတ်ချက်ချလိုက်သည်။
သူမ ညွှန်မှူးရန်ကိုလက်ထပ်ရမယ်။
အခုချိန်တွင် သူမက ဒီနေရာသို့အပို့ခံထားရသောကြောင့် သူမအတွက်အလုပ်ကောင်း၊ ခင်ပွန်းကောင်းကိုရှာနိုင်မှာမဟုတ်ပေ။ ပြန်လည်ပြုပြင်ရေးကာလပြီးသောအခါ သူမကသေချာပေါက်ပင် ကိုယ့်စီးပွားရေးကိုယ်စတင်ရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူမက အရင်ဘဝတွင် အသက်၂၂နှစ်၌ အိမ်တွင်းအကြမ်းဖက်မှုဖြင့် သေဆုံးခဲ့ရသောကြောင့် စီးပွားရေးလုပ်ရာ၌ အတွေ့အကြုံမရှိပေ။ ထို့အပြင် စီးပွားရေးလုပ်ရသည်မှာ အလွန်ပင်ပန်းစရာကောင်း၏။
သူမက ထိုလောက်ထိအလုပ်ကို ကြိုးကြိုးစားစားမလုပ်ချင်ပေ။ သူမက ချမ်းသာမှုနှင့် ဂုဏ်သတင်းကိုသာ အလိုရှိသည်။
ထို့ကြောင့် သူမအတွက်အကောင်းဆုံးရွေးချယ်မှုမှာ အရည်အချင်းရှိသောယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်ခြင်းဖြစ်သည်။
သို့သော် ညွှန်မှူးရန်ကဲ့သို့ယောက်ျားတစ်ယောက်က သူမကိုလက်ထပ်ရန်မှာ မဖြစ်နိုင်ပေ။ထို့ကြောင့် သေချာစဉ်းစားကြည့်ပြီးနောက်တွင် သူမကအနာဂတ်ကိုမြင်နိုင်ကြောင်း သူ့ကိုစာဖြင့်ရေးပို့ရန် ဆုံးဖြတ်လိုက်သည်။
ညွှန်မှူးရန်က ရယ်လိုက်မိသည်။
“ငါကမင်းထက် ဆယ့်ငါးနှစ်လောက်အသက်ကြီးတာကိုရော သိရဲ့လား”
ထုံကျန်းကျန်းက ခေါင်းညိတ်သည်။
“အင်း ကျွန်မ သိပါတယ် ကျွန်မကရင့်ကျက်တဲ့ယောက်ျားတွေကို သဘောကျတယ်”
ညွှန်မှူးရန် :“ဒါဆို ငါကအိမ်ထောင်ကျပြီးလို့ ကလေးတွေတောင်ရှိနေပြီဆိုတာကိုရော သိလား”
ထုံကျန်းကျန်းက နောက်တစ်ကြိမ်ခေါင်းထပ်ညိတ်သည်။
“ရှင်ကွာရှင်းလိုက်လို့ရတယ်လေ ကလေးတွေကိုတော့ ကျွန်မက ကျွန်မကလေးအရင်းတွေလို ဆက်ဆံမှာပါ”
ညွှန်မှူးရန် :“ ငါ့ကိုတစ်ခုခုပြောပြ၊ အဲ့ဒါကိုအတည်ပြုပြီးရင် ငါမင်းကိုလွတ်အောင်လုပ်ပေးမယ်”
ညွှန်မှူးရန်က ထုံကျန်းကျန်း၏အဆောင်တွင် မိနစ်သုံးဆယ်ကြာအောင် အချိန်ဖြုန်းပြီးမှ ပြန်သွားသည်။
ညွှန်မှူးရန် သူမမြင်ကွင်းထဲကပျောက်သွားမှ ထုံကျန်းကျန်းက အလွန်ယုံကြည်ချက်ရှိနေသော အပြုံးဖြင့် သူမ၏အခန်းထဲသို့ ပြန်သွားလိုက်သည်။
🍵
ဌာနတွင်။
ရ်ိုမန့်တစ်ဆန်ရာတွင် အတွေ့အကြုံမရှိသည့် လူသစ်နှစ်ဦးနှင့် ကြက်ဝါကြီးတစ်ကောင်တို့သည် နေ့လယ်စာအတူစားနေကြသည်။
ဟွမ်ချီမင် :“ရူကွေ့ ငါတစ်နေ့ကပြောပြတဲ့ နည်းလမ်းက အလုပ်ဖြစ်တယ်မလား”
ဝမ်ရူကွေ့က ဒီနေ့တွင်လည်ပိတ်အင်္ကျီကိုဝတ်ထားသဖြင့် ပုံမှန်ထက်ပိုပြီးခန့်ညားနေသည်။
သူက ဟွမ်ချီမင်ကို အင်းဟုအသံပြုပြီးနောက် တူကိုချလိုက်သည် ။
“အဲ့ဒါအပြင် ငါမင်းကိုမေးချင်တာရှိသေးတယ်”
ဟွမ်ချီမင်က အားရကျေနပ်စွာပြောလာ၏။
“ပြောလေ”
ဝမ်ရူကွေ့ :“မင်းမိန်းမကို ဘယ်လိုလက်ထပ်ခွင့်တောင်းခဲ့တာလဲ”
SMACK!
ထိုမေးခွန်းကိုကြားသောအခါ ကျိုးရန်လက်ထဲမှတူက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ့မျက်လုံးက ခေါင်းလောင်းအရွယ်လောက်ထိပြူးလာ၏။
“ရူကွေ့ မင်းကလက်ထပ်ခွင့်တောင်းတော့မလို့လား ဘယ်လိုဖြစ်ပြီး အရမ်းမြန်နေတာလဲ”
ဝမ်ရူကွေ့၏ပါးများက ရှက်စိတ်ဖြင့်နီရဲလာသည်။
“အင်းးးသူမက ငါ့တစ်ဘဝလုံးကိုအတူတူဖြတ်သန်းသွားချင်တဲ့လူဆိုတာ ငါသိသွားပြီ၊အဲ့ဒါကြောင့် အခုမဟုတ်လည်း သိပ်မကြာဘူး ငါရွှယ်လူကို လက်ထပ်ခွင့်တောင်းတော့မှာ”
သူတို့က နမ်းပြီးသွားသလို တစ်ခန်းထဲတွင် နှစ်ရက်သုံးရက်လောက်အတူတူနေဖူးပြီးသွားပြီဖြစ်သည်။ သူက သူ့လုပ်ရပ်များအတွက် တာဝန်ယူရမည်။
ထိုကိစ္စကြောင့်မဟုတ်လျှင်တောင်မှ သူက သူ့တစ်ဘဝလုံးကို သူမနှင့်သာကုန်ဆုံးချင်၏။
“ရူကွေ့ မင်းကဘာလို့အရမ်းလောနေတာလဲ၊ မင်းတို့နှစ်ယောက်က အချင်းချင်းသိတာ သိပ်မကြာသေးဘူးလေ၊ မင်းကောင်မလေးကလဲ အဲ့လောက်ထိအသက်မကြီးသေးပါဘူး သူမကလက်ခံမယ်လို့တော့ ငါမထင်ဘူး”
ကျိုးရန်က အရမ်း၊အရမ်းတွေကို စိုးရိမ်နေပါပြီနော်။
သူကဖြင့် သူ့ကောင်မလေးလက်ကိုတောင် မကိုင်ရသေးတဲ့အချိန်မှာ ရူကွေ့က လက်ထပ်ခွင့်တောင်းတော့မယ်၊အဲ့ဒါကသူ့ကိုအရမ်းသိက္ခာကျစေတာဘဲ။
ဟွမ်ချီမင်က သူ့ကိုစိုက်ကြည့်လိုက်သည်။
“မင်းကဘာဖြစ်နေတာလဲ ချီးခေါင်းကျိုး ရူကွေ့က လက်ထပ်ခွင့်တောင်းမယ့်ဟာကို မင်းကဘာလို့ပွဲဖျက်နေတာလဲ”
ထို့နောက် သူက ဝမ်ရူကွေ့အားအလုပ်ပြီးသောအခါ သူ့အဆောင်သို့လာလည်ရန်ပြောလိုက်သည်။သူက သူသိသမျှလှည့်ကွက်တွေအားလုံးကို ပြောပြမှာပင်။