🍵Chapter 214
ထုံကျန်းကျန်းက ယုံကြည်ချက်ရှိစွာပြုံးလိုက်သည်။
ထုံရွှယ်လူ:“အတန်းကျော်တက်တာက ကောင်းပါတယ်၊ အစ်မကိုလာမပြောခင်မှာ ငါးတန်းကျောင်းပုံနှိပ်တွေကို အကုန်လေ့လာပြီးသွားရဲ့လား”
ထုံကျားမင်က ခေါင်းညိတ်ပြသည်။
“အတန်းဖော်ရဲ့အစ်ကိုဆီကနေ ငါးတန်းပုံနှိပ်တွေကို ငှားလိုက်တယ်၊ ဆောင်းရာသီအားလပ်ရက်မှာ အကုန်ဖတ်ပြီးပါပြီ”
ထုံကျားရှင်းက မျက်လုံးပြူးသွားသည်။
“အစ်ကိုဘယ်တုန်းက လုပ်လိုက်တာလဲ၊ ကျွန်တော်ဘာလို့မသိလိုက်တာလဲ”
ထုံကျားမင်က တည်ငြိမ်စွာေဖြသည်။
“နေ့ဘက်ဆို အတန်းချိန်တွေကြား နားချိန်ရရင်လေ့လာတယ်၊ ညဘက်ဆို အိမ်စာလုပ်ပြီးရင် လေ့လာတယ်လေ”
ထုံကျားရှင်းက သရဲတစ်ကောင်ကိုမြင်လိုက်ရသလို သူ့အစ်ကိုကိုကြည့်လာသည်။
“ကျွန်တော်တော့ လုံးဝကိုနားမလည်နိုင်ဘူး၊ အစ်ကို့လိုစာလုပ်ရတာကြိုက်တဲ့သူတွေက ဘယ်လိုလုပ်ပြီးရှိနိုင်တာလဲ”
ညဘက်တွင် သူ့အစ်ကိုက သူ့ကိုယ်ပိုင်အိမ်စာကိုလုပ်သည့်အပြင် သူနှင့်မျန်မျန်ကိုလည်း စာပြပေးသေးသည်။ သူ့အစ်ကိုက အားလပ်ချိန်တိုင်းကို နောက်တစ်တန်းကျော်တက်ဖို့ စာလုပ်နေမည်ဟု သူ မထင်ထားခဲ့ပေ။ ဘယ်လိုဖြစ်ပြီး အဲ့ဒီလိုလုပ်နိုင်တာလဲ။
ထုံရွှယ်လူက ထုံကျားမင်၏ကိုယ့်ကိုကိုယ်ထိန်းချုပ်နေထိုင်မှုကို အလွန်အထင်ကြီးသွားသည်။
“ကျားမင်ကအဆင်သင့်ဖြစ်နေပြီဆိုမှတော့ ကျောင်းဖွင့်ရင် အစ်မနင်နဲ့လိုက်ပြီး ဆရာမကိုပြောပေးမယ်”
လူတစ်ယောက်က အတန်းကျော်ချင်တိုင်းကျော်လို့မရပေ။ အတန်းကျော်မည်လျှင် အရင်ဆုံးစာမေးပွဲအောင်ရလိမ့်မည်။
ထုံကျားမင်က ပြုံးလာသည်။
“ကျေးဇူးပါ မမကြီး”
ထုံရွှယ်လူ:“ နင်တကယ်ဘဲ အောင်အောင်မြင်မြင် အတန်းကျော်တက်နိုင်ခဲ့ရင် လိုချင်တဲ့ဆု တောင်းလို့ရတယ်”
ထုံကျားမင်၏မျက်လုံးများက ပို၍တောက်ပလာသည်။
“ဘာမဆိုလား”
ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။
“အင်းး”
သူမက ကလေးသုံးယောက်လုံးကိုမျှတစွာဆက်ဆံသည်။ ကောင်းကောင်းလုပ်ဆောင်သည့်ဘယ်သူမဆို ဆုချီးမြှင့်ခံရမည်။ ကောင်းကောင်းမလုပ်သောဘယ်သူမဆို အပြစ်ပေးခံရလိမ့်မည်။
သူအစ်ကိုက ဆုရနိုင်သည်ကိုမြင်သောအခါ ထုံကျားရှင်းက မနာလိုမှုများ ပြည့်နှက်လာသည်။
ထုံမျန်မျန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူမသည်လည်း မနာလိုဖြစ်နေသည့်ပုံပေါ်၏။
“မမကြီး မျန်မျန်က ဘယ်အချိန်မှကျောင်းတက်လို့ရမှာလဲ မျန်မျန်လည်း အတန်းကျော်တက်ပြီး ဆုရချင်တယ်”
ထုံရွှယ်လူက နှာခေါင်းပွတ်လိုက်သည်။
“မျန်မျန်က အခုမှငယ်ငယ်လေးဘဲရှိသေးတာ၊ ကျောင်းတက်ဖို့ နှစ်နည်းနည်းလောက်လိုသေးတယ်”
ထိုစကားကိုကြားသောအခါ ထုံမျန်မျန်က လူကြီးတစ်ယောက်လို သက်ပြင်းချလာသည်။ သူမ၏ပါးများကို လက်ဖြင့်အုပ်ကာ ပြောလာ၏။
“မျန်မျန်က ရပ်ကွက်ထဲမှာလျှောက်သွားနေတာ လေးနှစ်ကြီးများတောင်ရှိနေပြီ၊ အဲ့ဒါတောင် အခုထိကျောင်းတက်လို့မရသေးဘူးတဲ့လား”
“ခွီ……”
ထိုစကားကိုကြားသောအခါ ထုံရွှယ်လူကအော်ရယ်လိုက်မိသည်။
ထုံကျားရှင်းက သူ့ညီမလေးတောင်မှ အလွန်ရည်မှန်းချက်ပြင်းပြနေသည်ကိုမြင်သောအခါ ခြိမ်းခြောက်ခံရသလို ခံစားမိလာသည်။
🍵
နှစ်သစ်ကူးပြီးသောအခါ စက်ရုံ၊ ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီ၊ စားသောက်ဆိုင်နှင့် အခြားစီးပွားရေးမျိုးစုံက ပြန်လည်ဖွင့်လှစ်လာသည်။
ထုံရွှယ်လူက ဧည့်သည်များကို ရန်ကျိုးအထိအဖော်ပြုခဲ့သည့် သတင်းကပျံ့နေပြီဖြစ်သည်။
သူမက နိုင်ငံခြားသားဧည့်သည်များကို ဧည့်ခံရရုံတင်မက သူတို့နှင့်အတူ အခြားစီရင်စုတစ်ခုဆီသို့ အဖော်ပြုပေးခဲ့၏။၎င်းက လူတိုင်းရနိုင်သော အခွင့်အရေးမျိုးမဟုတ်ပေ။
ကောင်းချွန်းယွီ:“ မန်နေဂျာထုံက အရမ်းအံ့ဩဖို့ကောင်းတာဘဲ၊ မန်နေဂျာနဲ့ယှဉ်ရင် ကျွန်မရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ လုပ်ခဲ့သမျှက ခြေဖျားတောင်မမှီဘူး”
အခြားသူများကလည်း သဘောတူစွာခေါင်းညိတ်ကြသည်။
ထုံရွှယ်လူက အခုမှဆယ့်ကိုးနှစ်သာရှိသေးသော်လည်း ပထမအဆင့်စားသောက်ဆိုင်၏ မန်နေဂျာဖြစ်နေပြီဖြစ်သည်။ ထို့အပြင် သူမက ပထမအဆင့်စားဖိုမှူးမှတ်ပုံတင်ကိုလည်းရထား၏။ အခုတွင် သူမက နိုင်ငံခြားသားဧည့်သည်များကို ဧည့်ခံနေရကာ ကုန်သွယ်ရေးဌာန၏အထက်ပိုင်းမှ မြင့်မြင့်မားမားသတ်မှတ်ခြင်းကို ခံထားရ၏။
မန်နေဂျာထုံက ပြောစရာမလိုလောက်အောင် အံ့ဩဖို့ကောင်းပေသည်။
အသက်ငယ်ငယ်နှင့် ဤသို့သောလုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သောသူမှာ အနာဂတ်တွင် သေချာပေါက် ဒီထက်မြင့်သောနေရာသို့သွားနိုင်လိမ့်မည်။
ထုံရွှယ်လူက ပြုံးလိုက်သည်။
“ယုံကြည်ချက်ရှိကြစမ်းပါ၊ ကိုယ့်ကိုကိုယ်အထင်မသေးနဲ့၊ အစ်မတို့ကအခွင့်ကောင်းကို ဖမ်းဆုပ်နိုင်ဖို့ဘဲလိုတာ အနာဂတ်မှာအလုပ်ကိုကြိုးကြိုးစားစားလုပ်ရင် အစ်မတို့ကရော မန်နေဂျာမဖြစ်လာနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ”
ထုံရွှယ်လူ၏စကားကိုကြားသောအခါ လူတိုင်းကခံစားချက်များဖြင့် မျက်နှာကနီရဲလာကြသည်။ ထုံရွှယ်လူ၏စကားက သေချာပေါက်ပင် အလွန်စိတ်ခွန်အားပေးနိုင်၏။
တွေးကြည့်ရလျှင် သူမသည်လည်း အစပိုင်းတွင် စားပွဲထိုးတစ်ယောက်သာဖြစ်သည်။ သူမက တစ်နေ့မှာ မန်နေဂျာတစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူကများထင်ခဲ့မှာလဲ။
သူတို့က သူမလောက်အရည်အချင်းမရှိကောင်း မရှိနိုင်သော်လည်း အကယ်၍သူတို့သာ အလုပ်ကြိုးစားပြီး နှစ်အနည်းငယ်လောက်အတွေ့အကြုံရှိလာပါက သူတို့လည်း တစ်နေ့မှာအခွင့်အရေးရလာနိုင်တာဘဲ။
ဟင်းခါးလုပ်ပြီးသောအခါ ထုံရွှယ်လူက သူတို့၏အာရုံကိုဆွဲဆောင်လိုက်သည်။
“အမှန်တိုင်းပြောရရင် နိုင်ငံခြားသားဧည့်သည်တွေကို ဧည့်ခံရတာက အစ်မတို့ထင်နေသလောက် မက်မောစရာမကောင်းဘူး၊ ကျွန်မက နေ့တိုင်းနေ့တိုင်း ဘာချက်ရမလဲတွေးနေရတယ်၊ ပြီးတော့ ကျွန်မချက်တာကို သူတို့က ပထမအဆင့်နဲ့ထိုက်တန်တယ်လို့ မခံစားရမှာ၊ အထက်ပိုင်းစီမံရေးရာက ကျွန်မလုပ်ဆောင်ချက်တွေကို မကောင်းသေးဘူးလို့ ထင်မှာကိုလဲ စိုးရိမ်နေရတာ”
“မြို့တော်က ရန်ကျိုးအထိ ရထားကို ၁၄-၁၅နာရီလောက်စီးခဲ့ရတယ်၊ အဲ့ဒီကိုရောက်တော့ ညလယ်ဖြစ်နေပြီ၊ အပြင်ဘက်မှာမိုးရွာပြီး နှင်းတွေလည်းကျနေတော့ အကုန်လုံးက ခဲတောင့်ကုန်ကြတာ၊ ဟိုတယ်ရောက်တာတောင် ကျွန်မကနားလို့မရသေးဘူး အားလုံးအတွက်ချက်ပြုတ်ပေးရသေးတယ် ကြည့်ဦး ကျွန်မက နှင်းကိုက်နာတွေတောင် ရခဲ့တယ်”
သူမပြောသည်များကို နားထောင်လိုက်ရသောအခါ အခြားသူများက မနာလိုသိပ်မဖြစ်ကြတော့ပေ။
အဲ့ဒါကတကယ်ကို လူတိုင်းလုပ်နိုင်တဲ့ဟာမဟုတ်ဘူး၊ အခက်မသင့်ရင်သူတို့က အလုပ်တောင်ပြုတ်သွားနိုင်တယ်။
ထို့အပြင်သူမက နှစ်သစ်ကူးကာလတွင် မြို့တော်မှထွက်ကာ ရထားဖြင့်ခရီးရှည်ကြီးသွားခဲ့ရပြီး ထိုလောက်ကြီးမားသောလူအုပ်အတွက် စားစရာပြင်ပေးခဲ့ရသည်။ ၎င်းကလွယ်ကူသောကိစ္စမဟုတ်ပေ။
ဈေးဝယ်ပြီးသောအခါ စားဖိုမှူးလွီက အခြားသူများကြည့်မနေချိန်တွင် အပေါ်ထပ်မှနားနေခန်းထဲသို့ တိတ်တိတ်လေးဝင်သွားလိုက်သည်။
“မန်နေဂျာထုံက နှင်းကိုက်နာဖြစ်ခဲ့တယ်လို့ မနက်တုန်းကပြောတာလေ၊ အဲ့ဒါကပေါ့ပေါ့လေးမှတ်လို့မရဘူးနော်၊ အဲ့ဒါကိုအကုန်ပျောက်အောင် မရှင်းနိုင်ရင် နောက်နှစ်ရာသီဥတုအေးတဲ့အချိန်ကျ ပြန်ဖြစ်လာလိမ့်မယ်၊ ကျွန်တော့်အိမ်မှာ မိရိုးဖလာသုံးတဲ့ဆေးရှိတယ် မန်နေဂျာထုံအတွက်ယူခဲ့ပေးမယ်”
ထုံရွှယ်လူက ပြုံးလိုက်သည်။
“ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ် စားဖိုမှူးလွီ၊ စားဖိုမှူးလွီရဲ့ Tsu မြို့တော်ပုံစံအချက်အပြုတ်က ကျွန်မတို့၏စားသုံးသူတွေကြားထဲမှာ အရမ်းနာမည်ကြီးတာ၊ ဒီနှစ်မှာ အလုပ်ကိုကောင်းကောင်းကြိုးစားပေးပါဦး စားဖိုမှူးလွီသာ ဟင်းပွဲအသစ်နှစ်မျိုး၊ သုံးမျိုးလောက်ထပ်ချက်နိုင်ရင် ကျွန်မတို့စားသောက်ဆိုင်က မြို့တော်ကအထူးခြားဆုံးစားသောက်ဆိုင်ဖြစ်လာလိမ့်မယ်”
စားဖိုမှူးလွီက ထုံရွှယ်လူ၏စကားများကြောင့် ရင်ထဲထိသွားပြီး မျက်နှာက နီရဲလာသည်။
“ဟုတ်ကဲ့ပါ မန်နေဂျာထုံ၊ ကျွန်တော်သေချာပေါက် ဟင်းပွဲအသစ်တွေတီထွင်နိုင်ဖို့ ကြိုးစားပ့ါမယ်”
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့စားသောက်ဆိုင်က စားဖိုမှူးလွီလို စားဖိုမှူးမျိုးလိုနေတာ၊ ရှင်က ကြိုးစားပြီး အရည်အချင်းရှိတယ်၊ ကျွန်မရှင့်ကို အမြင့်ကြီးမျှော်မှန်းထားတယ်နော်”
စားဖိုမှူးလွီက အောက်ထပ်သို့ပြန်ရောက်လာသောအခါ ကြက်သွေးထိုးခံရသလို စိတ်လှုပ်ရှားနေ၏။သူက အသားကို အားရပါရခုတ်နေသဖြင့် အသားခုတ်သံများကို တစ်မိုင်အကွာကတောင်ကြားနိုင်လောက်သည်။
စားဖိုမှူးလီထွက်သွားပြီးမကြာခင်မှာဘဲ စားဖိုမှူးမုန့်က အပေါ်တက်လာသည်။
“မန်နေဂျာထုံ ငါ့မှာနှင်းကိုက်နာနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေအများကြီးရှိတယ် ဒီအိမ်တွင်းဆေးနည်းကို ဒီမှာဘဲရေးပေးလိုက်မယ်၊ စမ်းကြည့်လိုက်ပါ၊ သေချာပေါက်အစွမ်းထက်မယ်လို့ ငါအာမခံတယ်”
ထုံရွှယ်လူက သူ့ဆီမှဆေးစာရွက်ကိုယူပြီး ကျေးဇူးတင်စွာပြုံးပြလိုက်သည်။
“ကျေးဇူးပါ စားဖိုမှူးမုန့်၊ ကျွန်မတို့နှစ်ယောက်ဘဲရှိနေတဲ့အချိန်ကြရင် ကျွန်မကို ပုံမှန်ခေါ်နေကျအတိုင်း ရွှယ်လူလို့ဘဲခေါ်လေ၊ စားဖိုမှူးမုန့်ကြောင့်သာမဟုတ်ရင် ကျွန်မကဒီနေ့ဒီနေရာမျိုးကို ရောက်နိုင်မှာမဟုတ်ဘူး”
သူမစကားကိုကြားသောအခါ စားဖိုမှူးမုန့်က စိတ်လှုပ်ရှားလာပြီး တစ်ချိန်တည်းမှာပင် သက်တောင့်သက်သာဖြစ်သွားသည်။
“မဟုတ်တာ ငါမင်းကို မန်နေဂျာထုံလို့ဘဲ ခေါ်သင့်တယ်၊ မဟုတ်ရင် အခြားသူတွေကြားသွားမှာမျိုးမဖြစ်စေချင်ဘူး”
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
“စားဖိုမှူးမုန့်ပြောတာမှန်ပါတယ် စားဖိုမှူးကတကယ်ကိုသတိကြီးတဲ့သူဘဲ၊ ကောင်းပြီလေ ဒါဆိုလည်း မန်နေဂျာထုံလို့ဘဲခေါ်ပေါ့ အခုဆို စားဖိုမှူးမုန့်က ကျွန်မတို့စားသောက်ဆိုင်မှာ အတွေ့အကြုံအများဆုံးသူဖြစ်သလို ရပ်ကွက်ပတ်ဝန်းကျင်တစ်ဝိုက်ကိုလည်း အကြိမ်နည်းနည်းလောက်ရောက်ဖူးထားတော့ကျွန်မတို့ဆိုင်ရဲ့ အနာဂတ်တိုးတက်မှုအတွက် စားဖိုမှူးမုန့်ကိုဘဲ အားထားရမှာ”
စားဖိုမှူးမုန့်သည် လက်ကောက်ဝတ်မှဒဏ်ရာကြောင့် အလုပ်မှအချိန်တစ်ချို့အနားယူခဲ့ရ၏။ သူပြန်လာပြီးနောက် စားသောက်ဆိုင်တွင်စားဖိုမှူးအသစ်ကိုတွေ့လိုက်ရသောအခါ မပျော်မရွှင်ဖြစ်သလို စိုးလည်းစိုးရိမ်သွားခဲ့သည်။
သူ၏နေရာကို လူသစ်ကဝင်ယူလိုက်မှာကို စိုးရိမ်မိသည်။ ထုံရွှယ်လူ၏စကားများက သူ့ကိုကြီးကြီးမားမား စိတ်သက်သာရာရသွားစေသည်။
ထုံရွှယ်လူက ကျေးဇူးသိတတ်သောသူပင်။ သူ သူမအပေါ်ကောင်းပေးခဲ့တာ မမှားဘူး။
စားဖိုမှူးမုန့်က သူ့ရင်ဘတ်သူပုတ်ကာ ထုံရွှယ်လူကိုအာမခံလိုက်သည်။
“မန်နေဂျာထုံ စိတ်မပျက်စေရဘူး”
ထုံရွှယ်လူက ပြုံးကာခေါင်းညိတ်လိုက်သည်။
“အဲ့လိုကြားရတာ ကျွန်မဝမ်းသာတယ်၊ ပြောရမယ်ဆိုရင် စားသောက်ဆိုင်တစ်ဆိုင်မှာ အရေးကြီးဆုံးက အစားအစာကဘယ်လောက်အရသာရှိလဲဆိုတာမဟုတ်ဘူး လူတိုင်းအတူတကွစုပေါင်းပြီး အလုပ်လုပ်ကြဖို့ဘဲ၊ လျှိုတုံချန်မန်နေဂျာလုပ်ခဲ့တုန်းကအခြေအနေကို ပြန်စဉ်းစားကြည့်လိုက်ရင် ကျွန်မတို့စားသောက်ဆိုင်က ဂိုဏ်းကွဲနေတာ အဆုံးမှာတော့ဘာဖြစ်သွားလဲ၊ အဲ့ဒါကဘာကြောင့်လဲဆိုတော့ အားလုံးကဦးတည်ချက်တစ်ခုတည်းကို အတူတူမလုပ်ကြလို့ဘဲ”
စားဖိုမှူးမုန့်က အလွန်အမင်းကိုထောက်ခံသည်။
ထိုအချိန်တုန်းကဆိုလျှင် သူကလျှိုတုံချန်ကို သည်းမခံနိုင်သဖြင့် အချိန်နှင့်အမျှ လျှိုတုံချန်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ လျှိုတုံချန်ကလည်း အချိန်ပြည့်သူ့ကိုပစ်မှတ်ထားနေခဲ့၏။ထို့ကြောင့် သူတို့စားသောက်ဆိုင်ကို ဒုတိယအဆင့်မှတက်လာအောင် မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
စားဖိုမှူးမုန့်က အောက်ထပ်ပြန်ဆင်းလာပြီးနောက် အသားခုတ်နေသော စားဖိုမှူးလွီကိုမြင်သောအခါ ပထမဆုံးအကြိမ်အဖြစ်ပြုံးပြလိုက်သည်။
စားဖိုမှူးလွီမြင်သောအခါ အံ့အားသင့်လွန်းသဖြင့် သူ့လက်ကိုတောင်ပြန်ခုတ်မိမတတ်ဖြစ်သွား၏။
စားဖိုမှူးမုန့်ထွက်သွားသောအခါ ထုံရွှယ်လူက သူမ၏စစ်တပ်သုံးဓာတ်ဘူးကိုဖွင့်ပြီး သကြားညိုနှင့်ချင်းပြုတ်ရည်ကို တစ်ငုံသောက်လိုက်သည်။ ပူစပ်စပ်အရသာက သူမပါးစပ်မှတစ်ဆင့် လည်ချောင်းထဲသို့ ပျံ့နှံ့သွားသည်။
သူမက တကယ်ပဲ ဒီနေရာမှာ ပိုပိုပြီးတော့ အဆင်ပြေလာတာဘဲ။