အပိုင်း၂၂၈
Viewers 39k

🍵Chapter 228



ဟွမ်ချီမင်သည် ကျိုးရန်၏နားတစ်ဝိုက်က နီရဲနေပြီး နားရွက်ထိပ်နားတွင် အမာရွတ်တစ်ခု ရှိနေသည်ကို ရုတ်တရက် သတိပြုမိသည်။ သူက စပ်စုစွာဖြင့် မမေးမြန်းဘဲ မနေနိုင်ပေ။


" ခွေးချီးကျိုး မင်းနားရွက်က ဘာဖြစ်တာလဲ " 


ကျိုးရန်က ထိတ်လန့်သွားပြီး စကားထစ်စွာဖြင့် ပြန်ဖြေသည်။


 " ဘာမှမဖြစ်ပါဘူး။ လမ်းလျှောက်ရင်း နံရံကို မတော်တဆ ၀င်တိုက်မိခဲ့တာ "


ဟွမ်ချီမင်က သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။


 " မင်းကြည့်ရတာ မူမမှန်ဘူး။ တစ်စုံတစ်ယောက် နံရံကို ၀င့်‌ဆောင့်မိတာနဲ့ မကိုက်ညီဘူး။ မင်း…မင်းရဲ့စေ့စပ်ထားသူက နားရွက်ကိုလိမ်ဆွဲခဲ့တာလား "


"……"


ထို့နောက် ကျိုးရန်မျက်နှာက  ရုတ်တရက် နီရဲသွားလေသည် ။ သူ့လည်ပင်းက တောင်င့်တင်းနေပြီး သူက ပြန်ပြောလာသည်။ 


" ကျိန်းသေ အဲလိုမဟုတ်ဘူး။  ငါစေ့စပ်ထားတဲ့သူက ငါ့ရှေ့မှာဆို  ချိုမြိန်တဲ့ ချစ်သည်းညှာလေး။ ငါက အရှေ့ကို ဦးတည်ဖို့ ပြောရင် အနောက်ကို မသွားရဲဘူး။ ထိုင်ခိုင်းရင် မတ်တပ်မရပ်ရဲဘူး။ သူမက ငါ့ကို ဘယ်တော့မှ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်မှာ မဟုတ်ဘူး "


ဟွမ်ချီမင် "အို တကယ်လား။ မင်းရဲ့မင်္ဂလာပွဲ‌ကျရင်  သူမ အဲဒီလောက် ကျိုးနွံလား မေးကြည့်ဦးမယ် "


ကျိုးရန် "……"


၀မ်ရူကွေ့က သူတို့နှစ်ယောက်စလုံးကို လျစ်လျူရှုပြီး နေ့လည်စာစားပြီးနောက် ဌာနမှူးကျောင်း၏ရုံးခန်းဆီသို့ သွားလိုက်သည်။


ကျောင်းပေါရှန်က ၀မ်ရူကွေ့ မျက်မှောင်ကြုတ်နေသည်ကို မြင်ပြီး" မင်း ရိုမန့်တစ်ဆန်ဆန် ဘယ်လိုချစ်ရေးဆိုရမလဲ လိုက်‌မေးနေတယ်လို့  ငါကြားတယ်။ အဲဒါ အမှန်လား "


၀မ်ရူကွေ့၏ နားရွက်ထိပ်များ  ပန်းရောင်သန်းသွားသည်။

 " ဟုတ်ပါတယ်၊ ကျွန်တော့်ကောင်မလေးက ရိုမန့်တစ်ဆန်တဲ့ ချစ်ရေးဆိုမှု လိုချင်တယ်လို့ ပြောခဲ့လို့ပါ။ ဒီကိစ္စကို  ကြိုးကြိုးစားစားတွေးခဲ့‌ပေမဲ့ ရိုမန့်တစ်ဖြစ်တဲ့  ချစ်ရေးဆိုမှုတစ်ခုကို ဘယ်လိုပုံစံနဲ့ လုပ်ရမလဲ ကျွန်တော်အခုထိ မသိသေးဘူး "


ကျောင်းပေါရှန်းက " မင်း ငါကလွဲလို့ လူတိုင်းကို ဘာလို့ မေးခဲ့တာလဲ "


၀မ်ရူကွေ့ အနည်းငယ် ထိတ်လန့်သွားလေသည်။


သူ့ဆရာက တရုတ်ပြည်မှာ နှစ်အတော်ကြာနေလာခဲ့‌သောကြောင့် သူ့ကို ရှေးလူကြီးတစ်ယောက်ဟု သတ်မှတ်ထားခဲ့သည်။ ဟိုးအရင်ချိန် သူတို့မိဘများ ‌ပြောပြသည်များထဲတွင် လက်ထပ်သည့်အချိန်မှာ စစ်ပွဲကာလဖြစ်ပြီး ဝက်သားပင်လျှင် မရှိနိုင်ပေ။


ထို့ကြောင့် သူက သူ့ဆရာအား မေးမြန်းရန် တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ခြင်းဖြစ်သည်။ ကြည့်ရသည်မှာ သူ တစ်ခုခုကို လျစ်လျူရှုမိသွားပုံရလေသည်။


ကျောင်းပေါရှန်းက သူ့ဘောပင်ကိုချကာ မေးမြန်းသည်။ " ကောင်းပြီ၊ မင်း အခုထိ ဘာအကြံဉာဏ်တွေ ရထားလဲ ငါ့ကို ပြောပြ " 


၀မ်ရူကွေ့က ပြော‌ပြလေသည်။ " ချီမင်က ဝက်သား နှစ် ပေါင်ကို ကျွန်တော့်ရည်းစားဆီ ယူသွားဖို့ပြောတယ်။ ကျိုးရန်က အဲ့ဒီအတိုင်း လုပ်ခဲ့တာ။ တခြားသူတွေက သရေစာ ဒါမှမဟုတ် အစားအသောက် ယူသွားဖို့ပြောတယ် "


အားလုံးကို ခြုံငုံပြောရလျှင် လူတိုင်းက အစားအသောက် တစ်မျိုးမျိုးကို အကြံပေးကြပြီး မတူညီသော အမျိုးအစားများသာ ဖြစ်ကြသည်။


ကျောင်းပေါရှန်းက ခေါင်းခါသည်။ 


" လက်တွေ့ကျပေမယ့် ရိုမန့်တစ်ဆန်တာနဲ့ လားလားမှ မဆိုင်ဘူး။ ဟိုးတုန်းက နိုင်ငံခြားသားတွေက ပန်းစည်းနဲ့ လက်စွပ်ကို ယူလာပြီးတော့ ဒူးတစ်ဖက်ထောက်ထိုင်ပြီး လက်ထပ်ခွင့်တောင်းကြတယ်။ အဲဒါက နိုင်ငံရပ်ခြားက  ရိုမန့်တစ်ဖြစ်တယ်လို့ ယူဆတဲ့ လက်ထပ်ခွင့်တောင်းမှုပဲ "


သူသည်လည်း ကျုံးရှုးလန်အား ထိုကဲ့သို့ လက်ထပ်ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။ အတိတ်အကြောင်းတွေးမိအခါ သူ့နှုတ်ခမ်းများက အပေါ်သို့ ကွေးတက်သွားသည်။


၀မ်ရူကွေ့၏ မျက်လုံးများ တောက်ပ သွားသည်။


 " ဆရာ၊ ကျွန်တော် လက်ထပ်ခွင့်တောင်းဖို့ ခွင့်ရက်ယူချင်ပါတယ် "


ကျောင်းပေါရှန်းသည် ၀မ်ရူကွေ့၏ ဤကဲ့သို့ တစ်ဘက်ခြမ်းကို  နေ့တိုင်း မြင်နိုင်သည်မဟုတ်ပေ။


 " သွား။ နောက်ထပ်တစ်ခါ ထပ်ပြီးကျရှုံးရင် ပြန်လာဖို့ စိတ်မကူးနဲ့ "


၀မ်ရူကွေ့က ခေါင်းညိတ်လိုက်ပြီး သူ့ရုံးခန်းဆီသို့ အမြန်ပြန်သွားသည်။


သူ၏မှတ်စုစာအုပ်လေးကို အံဆွဲထဲမှ  ထုတ်ယူလိုက်ပြီး စတင် ရေးသားလိုက်သည်။


ရိုမန့်တစ်ဆန်သည့် လက်ထပ်ခွင့်တောင်းမှု၌ ပန်းစည်းများနှင့် လက်စွပ်လိုအပ်ပြီး 

ဒူးတစ်ဖက်ထောက်ရမည်။


ရေးခြစ်ပြီးသောအခါ သန့်ရှင်းရေးလုပ်ပြီး ဌာနမှူးဆီမှ နားရက်ယူသည်။ ထိုနေ့တွင်ပင် သူက မြို့တော်ဆီသို့ ထွက်ခွာသွားသည်။


ဟွမ်ချီမင်နှင့် ကျိုးရန်တို့သည် အလုပ်ဆင်းသည့်အချိန်‌ရောက်မှသာလျှင် ၀မ်ရူကွေ့က အိမ်ပြန်ရန် နားရက်ယူသွားကြောင်းကို သိရှိလိုက်ရပြီး သူတို့ အလွန်သိလိုနေကြသည်။


ဟွမ်ချီမင်က "ဒီတစ်ခါ ရူကွေ့ရဲ့  လက်ထပ်ခွင့်တောင်းမှု အောင်မြင်မလား လောင်းကြေးထပ်ရအောင် "


သူတို့၏ယခင်လောင်းကြေးကို သတိရရင်း ကျိုးရန်က သတိကပ်လျက် ပြောသည်။ 


" ဒီတစ်ကြိမ်လည်း သူထပ်ပြီး ကျရှုံးမယ်လို့ ငါ လောင်းကြေးထပ်တယ်။ ရှုံးတဲ့သူက အနိုင်ရသူကို အစိုးရလည်ပတ်တဲ့ စားသောက်ဆိုင်မှာ တစ်နပ်လိုက်ကျွေးရမယ် "


ဟွမ်ချီမင်က  ရယ်မောပြီး ပြောလိုက်သည်။ " ရတယ်။ သူ အောင်မြင်မယ်လို့ ငါ လောင်းမယ်။ မင်း ငါ့ကို ညစာ၀ယ်ကျွေးဖို့ အဆင်သင့်ပြင်ထားတာ ကောင်းမယ်  "


အိမ်ပြန်ရောက်ပြီးနောက် ၀မ်ရူကွေ့သည်  အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့ကို သူ သင်ယူခဲ့သည်ကို ပြောပြလိုက်ပြီး သူတို့သုံးယောက် အဆင်သင့်ဖြစ်ရန် စတင်ပြင်ဆင်ကြသည်။


ထုံရွှယ်လူသည် နောက်တစ်နေ့တွင် ပုံမှန်နေ့ရက်များအတိုင်း အလုပ်သို့ သွားသည်။ ဈေးမှပြန်လာသောအခါ  စားသောက်ဆိုင်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ၀မ်ရူကွေ့ကို သူမတွေ့လိုက်ရသည်။


ထုံရွှယ်လူ အလွန်အံ့သြသွား၏။ 


" ဒီမှာ ရှင်ဘာလုပ်နေတာလဲ "


၀မ်ရူကွေ့၏ နားရွက်များက နီရဲနေသည်။ 


"  အခု ကိုယ်နဲ့ တစ်​​နေရာရာသွား​ဖို့ အချိန်​ရှိလား "


ထုံရွှယ်လူက " တစ်ခုခုဖြစ်လို့လား "


 " အင်း "ဝမ်ရူကွေ့က ခေါင်းညိတ်ရင်းပြန်ဖြေလိုက်သည်။


သူ့၏ လေးနက်သောအကြည့်ကို မြင်လိုက်ရသည့်အခါ ထုံရွှယ်လူသည် ထုံကျန်းကျန်းအကြောင်း မတွေးတောဘဲ မနေနိုင်ဖြစ်သွားသည်။


သူမ ၀မ်ရူကွေ့၏ စက်ဘီးနှင့်  မထွက်ခွာခင် တခြားသူများကို အသိပေးခဲ့သည်။


၀မ်ရူကွေ့သည် ခြေနင်းများကို အားပါပါနင်းရင်း နှစ်ယောက်သား အခြားသူများ၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။


ထုံရွှယ်လူသည် ၀မ်ရူကွေ့က စစ်တပ်အိမ်ရာဝင်းဆီသို့ မသွားသည်ကို သတိပြုမိလိုက်သည်။ 


" ရှင် ကျွန်မကိုဘယ်ခေါ်သွားမလို့လဲ "


၀မ်ရူကွေ့က သူ၏နှုတ်ခမ်းများကို လျက်လိုက်ပြီး ပြောသည်။ 

" မင်း သိရပါလိမ့်မယ်" 


ထုံရွှယ်လူသည် ထိုစကားကိုကြားသောအခါတွင် မျက်တောင်ခတ်လိုက်ပြီး စိုးရိမ်မှုများ ပို၍ပင် ကြီးမားသွားသည်။


ဤလမ်းကြောင်းမှာ ဆေးရုံတည်ရှိသည့် အရပ်မျက်နှာဆီသို့ ဦးတည်နေသည်။ အဘိုး၀မ် တစ်ခုခုဖြစ်သွားခဲ့သည်လား။


ထုံရွှယ်လူက မကောင်းသည့် ခံစားချက်တစ်ခု ရနေလေသည်။ ၀မ်ရူကွေ့က သူမအား ဆေးရုံဆီသို့ ခေါ်မသွားချေ။ ယင်းအစား သူတို့နှစ်ယောက် ပထမဆုံးချိန်းတွေ့ ခဲ့သည့် ပန်းခြံဆီသို့ ခေါ်သွားသည်။


ထုံရွှယ်လူက တစ်ဖန် အံ့သြသွားပြန်သည်။ 


" ဘာလို့ ကျွန်မတို့ ဒီကိုလာကြတာလဲ "


အမှန်တွင်  ဥယျာဉ်ထဲသို့ သူမ လမ်းလျှောက်၀င်လာခဲ့သည်နှင့်  သူမ၏ ကနဦး အတွေးက မှားနေပြီဟူ၍ ခံစားရပြီး တစ်ချိန်တည်း၌ပင် ကွဲပြားသည့် မှန်းဆချက်တစ်ခု ရှိ‌နေသည်။


၀မ်ရူကွေ့သည် သူ၏အိတ်ထောင်ထဲမှ  အ၀တ်တစ်စကို ဆွဲထုတ်လာပြီး " ကိုယ်မင်းမျက်လုံးကို အုပ်ထားဖို့လိုတယ် ။ အဲဒါ အဆင်ပြေလား "


ထုံရွှယ်လူက မည်သည့်စကားများ ပြောရမည်ပင် မသိတော့ပေ။ 


" ရှင်က အ၀တ်စကိုတောင် ရှင်နဲ့အတူ  ယူလာပြီးသားလေ။ ကျွန်မက မအုပ်နဲ့လို့ ပြောနိုင်ဦးပါ့မလား "


ပြောပြီးသည်နှင့် သူမ၏မျက်လုံးကိုမှိတ်လိုက်သည်။ ၀မ်ရူကွေ့ စိတ်ထဲ၌ မည်သည်များ တွေးတောနေလျက်ရှိသည်ကို သူမ သိလိုက်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမလည်း သူပြင်ဆင်ထားသောအရာကို သိချင်နေမိသည်။


၀မ်ရူကွေ့က သူမအား ညင်သာစွာ မျက်လုံးဖုံးအုပ်‌ပေးကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝါးတောဆီသို့ လမ်းညွှန်ပြရန် သူမ၏လက်ကို ဆုပ်ကိုင်သည်။


ပန်းခြံ၏အနောက်ဘက်အဆုံးတွင် ဝါးတောတစ်ခု တည်ရှိသည်။ ဝါးပင်များသည် ထူထဲပြီး အလယ်တွင် တယ်လီဖုန်းရုံတစ်ခုရှိပြီး လာရောက်လည်ပတ်သူက မရှိသလောက်ရှားပါးသည်။


သူမကို တယ်လီဖုန်းရုံဆီသို့ ခေါ်သွားပြီးသည့်နောက် သူက မျက်လုံးအကာကို ဖြည်ပေးကာ ပြောလိုက်၏။


 " ရပြီ။ မင်း မျက်လုံးဖွင့်လို့ရပြီ" 


မျက်လုံးများမဖွင့်ခင် ထုံရွှယ်လူ  မျက်တောင်များ တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် သူမ ပါးစပ်ကို အမှတ်တမဲ့  ဖုံးအုပ်လိုက်မိသည်။ 


" ဒီပန်းတွေ အာလုံး ရှင် ဘယ်က ရခဲ့တာလဲ "


ဖယောင်းပန်းမျာဖြင့် ဖုံးလွှမ်းထားသည့် တယ်လီဖုန်းရုံကို သူမတွေ့လိုက်ရခြင်းဖြစ်သည်။ အဖြူ၊ ပန်းရောင်၊ အနီရောင်တောက်တောက်၊ အနီနှင့်အဖြူ အချို့လည်း ရှိနေသည်။ ပန်းပွင့်များက တစ်လွှာပြီးတစ်လွှာရှိကာ အရောင်အသွေး စုံလင်၍ တောက်ပနေပြီး  သူမသည် ပန်း‌တောထဲသို့ ဝင်ရောက်သွားသည်ဟု ပင် ထင်မိသွားလေသည်။


၀မ်ရူကွေ့သည် သူ၏အိတ်ကပ်ထဲမှ  ဘူးတစ်ခုကို ထုတ်ယူကာ ဖွင့်လိုက်ပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။


  " ကိုယ်ကစကားပြောကောင်းသူတစ်ယောက်မဟုတ်ဘူး ဒါပေမဲ့ အချိန်တွေဘယ်လောက်ပဲ ကြာသွားပါစေ ကိုယ် မင်းကို အမြဲတမ်း တန်ဖိုးထားနေမှာပါလို့ မင်းကို ကိုယ်ပြောပြချင်တယ် "


ထုံရွှယ်လူက သူ့လက်ထဲ၌ ကိုင်ထားသည့် သေတ္တာဘူးလေးကို ကြည့်လိုက်သည်။ ထိုအထဲ၌ ရွှေလက်စွပ်တစ်ကွင်းအပြင် Tourbillon နာရီတစ်လုံးလည်း ရှိနေပြီး သေးငယ်သည်ကလွဲ၍ သူ ဝတ်ထားသည့် ပုံစံနှင့် လိုက်ဖက်ညီနေသည်။


သူမ အပေါ်ဘက်သို့ တိုးမြှင့်ကာ ကြည့်လိုက်သည်။


နောက်ဆုံးတွင် သူမ ဝမ်ရူကွေ့၏ နီရဲကာ သွေးများပင် ထွက်လုနီးပါးဖြစ်သည့် မျက်နှာလေးကို တွေ့လိုက်ရသည်။


ထုံရွှယ်လူသည် သူမ၏ဘ၀တွင် ထိုကဲ့သို့ ချိုမြိန်မှုမျိုး တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးပေ။


ဤလူက အလွန်ကြည့်ကောင်းသူဖြစ်ပြီး  သူမ နှစ်သက်သည့် ပုံစံအတိုင်းပင်ဖြစ်သည်။


သူ့ကိုကြည့်နေရင်း သူမ နမ်းလိုသည်။ သူ့နှုတ်ခမ်းများ ရောင်ရမ်းသွားသည်အထိ နမ်းလိုသည်။ အသက်ပင် မရှူနိုင်တော့သည်အထိ နမ်းလိုသည်။


သူ၏လက်ထပ်ခွင့်တောင်းမှုသည် မော်ဒန် ခေတ်စံနှုန်းအရ ရိုမန့်တစ်မဖြစ် ။ သို့သော် သူ၏ ချိုမြိန်သည့် စကားမှာမူ အလွန်ရိုးရှင်းသော်လည်း သူမနှလုံးသားကို လှုပ်ခတ်သွားစေသည်။


၀မ်ရူကွေ့၏ နှလုံးက တဒုန်းဒုန်း ခုန်နေပြီး စိတ်လှုပ်ရှားမှုကြောင့် လက်နှစ်ဖက်စလုံး ချွေးစေးများ ထွက်နေသည်။


နှလုံးခုန်မြန်ခြင်းကြောင့်  အသက်ရှူကြပ်တော့မည်ဟု သူ ထင်နေချိန်တွင် ထုံရွှယ်လူက  သူမ၏လက်ကို ဆန့်ထုတ်ပြီး ဒဲ့ဒိုးဖြစ်စွာ ပြောလိုက်သည်။ 


" အင်း၊  ရှင် ဘာကိုစောင့်နေသေးတာလဲ။ ကျွန်မကို ၀တ်ပေးတော့လေ "


၀မ်ရူကွေ့ ခေတ္တရပ်တန့်သွားပြီး သူ့ရင်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။


သူက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး သေတ္တာထဲမှ နာရီနှင့် လက်စွပ်ကို ထုတ်ယူကာ ထုံရွှယ်လူပေါ်တွင် ဂရုတစိုက် ၀တ်ဆင်ပေးရန်  အကြိမ်အနည်းငယ် ကြိုးစားရလေသည်။


နာရီသည် ပြီးပြည့်စုံပြီး သူမ၏လက်ကောက်ဝတ်ကို အလွန်ဖြူ ဖွေးသွားစေသည်။ သို့သော် လက်စွပ်မှာမူ အနည်းငယ် ကြီးနေလေသည်။


၀မ်ရူကွေ့သည်လည်း ထိုအရာကို သတိထားမိသည်။


 " ဒီလက်စွပ်က ကိုယ့်အဘိုးရဲ့ အမေကို ကိုယ့်အဘိုးရဲ့အ‌ ဖေက ပေးခဲ့တဲ့ လက်စွပ်ပါ။ အဲဒါက ကိုယ့်အဘွားဆီကို လက်ဆင့်ကမ်းလာခဲ့ပြီး အခု အဘိုးက မင်းဆီကို လက်ဆင့်ကမ်းပေးဖို့ ပြောခဲ့တယ် "


 'အိုး..ကောင်လေး၊ ဒါက မိသားစု အမွေအနှစ်တစ်ခုပေါ့ '


လက်စွပ်ပေါ်က ကျောက်စိမ်းကို ကြည့်ရင်း ထုံရွှယ်လူသည် ဤလက်စွပ် မည်မျှ ဈေးကြီးမည်ကို တွေးလိုက်မိသည်။


လေပြေလေညင်းတစ်ခုရောက်လာပြီး  ရေကန်မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်‌ လေးများ ထနေကာ တယ်လီဖုန်းရုံကို ဖုံးအုပ်ထားသည့် ဖယောင်းပန်းရနံ့များက  မွှေးကြိုင်နေသည်။


ထုံရွှယ်လူသည် နောက်ဆုံးတွင် ဤအခိုက်အတန့်ကို ရိုမန့်တစ်ဖြစ်သည်ဟူ၍ လက်ခံလိုက်လေသည်။