🍵Chapter 229
ထုံရွှယ်လူက ဘေးပတ်ပတ်လည် လှည့်ပတ်ကြည့်လိုက်ပြီး အနီးအနားတွင် မည်သူမျှမရှိသည်ကို မြင်လိုက်ရသဖြင့် သူမ သူ့အား အနမ်းပေးလိုသည်။
သူမ ၀မ်ရူကွေ့ကို ယိမ်းယောင်ကာ မှီလုနီးပါးတွင် ဝါးတောထဲမှ အာ့ဟူနှင့် ဆော်နာ့၏ အသံက ထွက်ပေါ်လာသည်။
[ T/N - တရုတ်ရိုးရာဂီတတူရိယာတွေပါ ]
ထုံရွှယ်လူ ဖိမ့်ဖိမ့်တုန်သွားလေသည်။
" အဲဒါ ဘာအသံလဲ "
၀မ်ရူကွေ့က ဝါးတော၏ အခြားတစ်ဖက်သို့ ညွှန်ပြသည်။ " အဲဒါက အဘိုးနဲ့ ဦးလေး ဇုန်းက ကိုယ်တို့အတွက် ဂုဏ်ပြုသီချင်းတီးနေတာ "
"……"
ထုံရွှယ်လူက ၀မ်ရူကွေ့ညွှန်ပြနေသည့် ဦးတည်ရာဆီသို့ ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းများ ပြင်းထန်စွာ မဲ့ရွဲ့သွားသည်။
ဆော်နာ့ကို တစ်ဖက်မှ တစ်ဖက်သို့ စည်းချက်ကျကျတီးခတ်နေသည့် အဘိုးဝမ်ကို သူမ မြင်လိုက်ရသည်။ မသိပါလျှင် သူ့အား တယောတီးသည့် မင်းသားလေးဟု ထင်ကြလိမ့်မည်ဖြစ်သည်။
ဆော်နာ့၏ ဆိုးဝါးသည့် ဂီတတူရိယာသံသည် ရှော်ပန်ကိုငိုစေပြီး ဘီသိုဗင်ကို အသံတိတ်သွားစေမည်ပင်။
[ T/N - ရှော်ပန်က ပိုလန်တေးရေးဆရာ၊ ဘီသိုဗင်က ဂျာမန်တေးရေးဆရာပါ။ နှစ်ယောက်လုံးက အနောက်တိုင်းတေးဂီတရဲ့ သမိုင်း၀င်ပုဂ္ဂိုလ်တွေ ]
ဘေးနားက ဆူညံသံများကြောင့် သူမ ငိုချင်လာလေသည်။
' ဘာ ရိုမန့်တစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းမှု ဖြစ်ရမှာလဲ '
ထုံရွှယ်လူက သူမ စကားများကို အမှန်အတိုင်း ပြန်လည်ရုပ်သိမ်းလိုသော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်၏။
သူမသည် ၀မ်ရူကွေ့ကို ပထမဆုံး အရင်စေ့စပ်ကာ လက်မထပ်ကြမီ နောက်ထပ် နှစ်နှစ် ထပ်မံစောင့်ဆိုင်းရန် ပြောလိုက်သည်။
ပထမအချက်မှာ သူမသည် ငယ်ရွယ်သေးသောကြောင့်ဖြစ်သည်။ ဒုတိယအချက်က သူမ ဤနှစ်ကုန်၌ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေရတော့မည်ဖြစ်ကာ ဗိုက်ထဲတွင် ကလေး တစ်ယောက်နှင့် ကျောင်းမတက်လိုချေ။
သူမ နှစ်နှစ်အတွင်း တက္ကသိုလ်ပြီးမြောက်ရန် စီစဉ်ထားပြီး ထို့နောက် အိမ်ထောင်ပြုကာ သူမ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်သည်။
၀မ်ရူကွေ့က စိတ်ပူမိသော်လည်း ထုံရွှယ်လူ သူ့အား လက်ထပ်သရွေ့ ၂ နှစ် မဆိုထားနှင့် ၁၂ နှစ်ကြာလျှင်ပင် သူစောင့်နိုင်သည်။
ဗိုလ်မှုးရှောင်းသည် မြို့တော်တွင်မရှိသဖြင့် စေ့စပ်ပွဲမကျင်းပခင် သူ့ကို စောင့်ဆိုင်းရန် လိုအပ်ပေသည်။ စေ့စပ်ပွဲကျင်းပသည့်နေ့၌ ဗိုလ်မှူးရှောင်းနှင့်လည်း တိုင်ပင်ကြရပေမည်။
ကုန်သွယ်ရေးဌာနမှ လူများလာကြမည်ဖြစ်သောကြောင့် ထုံရွှယ်လူသည် အလုပ်သို့ ပြန်သွားရန် လိုအပ်နေသေးပရာ ၀မ်ရူကွေ့က သူမကို စက်ဘီးဖြင့် ပြန်ခေါ်သွားပေးသည် ။
အဘိုးဝမ်သည် ထုံရွှယ်လူ ထွက်သွားပြီးနောက် အချိန်ကြာသည်အထိ အလွန်စိတ်လှုပ်ရှားနေသေးသည်။
" ရှောင်ဇုန်း ဒီသတင်းကြီးအတွက် ငါတို့ အောင်ပွဲခံရမယ် "
ဦးလေးဇုန်းသည်လည်း ဝမ်းသာလွန်းလသဖြင့် မျက်နှာပင် နီရဲနေသည်။
" ဟုတ်တယ်၊ ကျွန်တော်တို့လုပ်သင့်တယ်။ ဒါနဲ့ ဗိုလ်မှူး၊ရှောင်ကျိုး နဲ့ ရှောင်ရှီက ငယ်သေးတယ်။ စားဖို့အဆင်သင့်မဖြစ်သေးဘူး "
အဘိုးဝမ်က သူ့ကို အထင်သေးသည့် အကြည့်တစ်ချက် ပေးလိုက်သည်။
" မင်း တခြားတစ်နေရာက ကြက်သွားယူလို့ မရတော့ဘူးလား "
သူတို့အိမ်နီးချင်း လောင်ကျန်း၌ သတ်စားရန် အဆင်သင့်ဖြစ်သည့် ကြက်များရှိသည်ကို ဦးလေးဇုန်း သတိရသွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး ထွက်သွားလေသည် ။
၀မ်ရူကွေ့က အောင်မြင်စွာ လက်ထပ်ခွင့်တောင်းနိုင်ခဲ့သည်ကို သိရှိသွားသောအခါ သူသည် ကြက်တစ်ကောင်အား တွန့်တိုနေမည်မည်မဟုတ်ပေ။ ဝမ်မိသားစုအား ဂုဏ်ပြုလက်ဆောင်အဖြစ် တစ်ကောင်ပေးလိုက်ရန် သူက သဘောတူသည်။
သူ၏ ခွင့်ပြုချက်ဖြင့် ဦးလေးဇုန်းက ကြက်ဆီသို့ ခပ်သွက်သွက် သွားသည်။ ကျန်းအိမ်မှာရှိသည့် ရှောင်၀မ်က ကြက်ကို သတ်ပေးပြီးသည့်နောက် ဦးလေးဇုန်းသည် ကြက်ကို အိမ်သို့ ယူလာသည်။
ပန်းကုတင်ကို ဖြတ်လျှောက်လာရင်း ရုတ်တရက် မိန်းမနှစ်ယောက်၏ ကျယ်လောင်စွာ ညည်းတွားနေသံကို ကြားလိုက်ရသည် ။
" ၀င်းထဲက ဖယောင်းပန်း အားလုံးကို ခူးသွားတဲ့ လူယုတ်မာက ဘယ်သူလဲ "
" အားလုံးတောင်လား ။ မဖြစ်နိုင်ဘူး "
" အဲဒါကြောင့် သူတို့ကို လူယုတ်မာလို့ ပြောနေတာ။ သူတို့က ပန်းအပွင့်တိုင်းကို ခူးသွားတာ။ ယောင်္ကျားတွေခေါင်းပြောင်တာထက်တောင် ပိုပြောင်နေပြီ "
" အဲဒါ တော်တော်ဆိုးတာပဲ။ ဒီတစ်ပတ်မှာ ပန်းတွေကို ခံစားဖို့ ကျွန်မ သူငယ်ချင်းတွေ လာလည်ဖို့ ရှိတယ်။အခုသူတို့ကို ဘယ်လိုပြောရတော့မလဲ "
" ကျွန်မ အရမ်းဒေါသထွက်နေပြီ။အစီရင်ခံစာတင်ပြီး လုံခြုံရေးအစောင့်ကို ဒီလိုလုပ်ခဲ့တဲ့ အကောင်ကို ရှာခိုင်းမယ် "
ဦးလေးဇုန်းသည် ယိုင်တိယိုင်တိုင်ဖြစ်သွားပြီး သူ့ခြေထောက်နှင့်သူ ခလုတ်တိုက်မိလုနီးပါး ဖြစ်လေသည်။
အမျိုးသမီးနှစ်ယောက်ကို ဖြတ်လျှောက်သွားသည့်အခါ အရာအားလုံး အဆင်ပြေသလို ဟန်ဆောင်လိုက်ပြီး သူမတို့အား ဖြတ်ကျော်ပြီးသည်နှင့် ချက်ချင်း အရူးတစ်ယောက်လို ပြေးထွက်သွားခဲ့သည်။
" ဗိုလ်မှူး၊ ကျွန်တော်တို့က အဲဒီလူဆိုတာ တော်တော်ကြာကြာ ဖုံးကွယ်ထားနိုင်မယ် မထင်ဘူး "
အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့ လှည့်ထွက်သွားကြလေသည်။
လက်ထပ်ခွင့်တောင်းဆိုမှုတစ်ခုအတွက် ဖယောင်းပန်းများ လိုအပ်ခဲ့သည်ဟူ၍ သူတို့ မပြောနိုင်ပေ။ ထိုသည်က အရင်းရှင်အပြုအမူဟူ၍ အဓိပ္ပါယ်သက်ရောက်နိုင်သည်။
စဉ်းစားတွေးတောပြီးသည့်နောက် ၎င်းတို့ကို ဆေးဝါးအတွက် ပါဝင်ပစ္စည်းများအဖြစ် လိုအပ်ခဲ့သည်ဟု ပြောဆိုရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုကိစ္စကြောင့် သူတို့ ပန်းပွင့်များလုံးကို ခူးယူခဲ့ရခြင်းဖြစ်လေသည်ဟုပင်။
အမှန်တကယ်၌ အိမ်ရာဝင်းထဲရှိ ပန်းများမှာ ပိုင်ရှင်မရှိချေ။ နှစ်စဉ်နှစ်တိုင်းမိသားစုတိုင်းက အနည်းငယ် ခူးယူကြလေ့ရှိသည်။ သို့သော် တစ်စုံတစ်ယောက်က ၎င်းတို့အားလုံးကို ခူးယူသွားသည်မှာမူ ပထမဆုံးအကြိမ်ဖြစ်သည်။
အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့သည် " ပန်းသူခိုးများ " ဖြစ်သည်ကို သိလိုက်ရချိန်တွက် လူတိုင်း အံ့ဩသွားကြသည်။
" အော် ဗိုလ်မှူးဝမ်၊ ဗိုလ်မှူး ပန်းတွေကို ဆေး၀ါးဖို့ အသုံးပြုတယ်လို့ စောစောကတည်းက ဘာလို့ မပြောတာလဲ။ အဲဒီသူက ဗိုလ်မှူးမှန်း သိရင် ကျွန်မတို့ ဒီလောက်ကြမ်းကြမ်းတမ်းတမ်းပြောမှာ မဟုတ်ပါဘူးဗျာ "
" ဒါပေါ့။ ဒါနဲ့ ဖယောင်းပန်းကနေ ဘယ်လိုဆေးမျိုးတွေ ထုတ်တာလဲ "
" အိုး ဟုတ်တယ်၊ ဘယ်လိုဆေးမျိုးတွေ လုပ်နေတာလဲ။ ဖယောင်းပန်းကနေ ဆေး၀ါးတွေထုတ်နိုင်တယ်ဆိုတာ ဒါပထမဆုံးအကြိမ်ကြားရတာပဲ "
အဘိုး၀မ်က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ဦးလေးဇုန်းကို လက်ညှိုးထိုးပြသည်။ " ရှောင်ဇုန်းက ဝမ်းသွားရင် သွေးပါနေတယ်။ သူ ၀မ်းသွားတဲ့အချိန်တိုင်း အများကြီးပဲ။ ဒီနှုန်းအတိုင်းဆို သူ တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ နည်းနည်း လိုက်မေးခဲ့တာ။ ဖယောင်းပန်းက ဝမ်းတွင်းသွေးပါခြင်းအတွက် ကောင်းသည်လို့ လူတစ်ယောက်က ပြောပြခဲ့တာ။ အဲဒါကြောင့် ကျုပ်တို့ ပန်းတွေသွားကောက်ခဲ့ကြတာ "
ထိတ်လန့်မှုကြီးပင်ဖြစ်သည်။ ရုတ်တရက် မိုးကြိုးပစ်ခံရသကဲ့သို့ပင်။
လူတိုင်း ဆွံ့အသွားကြလေသည်။
ဦးလေးဇုန်း၏ မျက်လုံးများ ပြူးကျယ်လာပြီး အဘိုး၀မ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
" ဗိုလ်မှူး ခင်ဗျား…… "
အဘိုးဝမ်က သူ့ကို စကားဖြတ်ပြောလိုက်၏။
" ရှောင်ဇုန်း၊ ဒါက ရှက်စရာကောင်းတဲ့ကိစ္စလို့ ငါနားလည်ပါတယ်၊ ဒါပေမယ့် သူတို့က ငါတို့ကို ယုံမှာမဟုတ်ဘူး "
' ဒါကြောင့် ခဏပဲ သည်းခံလိုက်ပါ '
ဦးလေးဇုန်း "……."
' ဒီထက်ပိုပြီး အရှက်မဲ့နိုင်သေးရဲ့လား ဗိုလ်မှူး '
တခြားသူများသည် ထိုစကားကို ကြားကြသည့်အခါ ဦးလေးဇုန်းကို ကြည့်လိုက်ကြပြီး ထို့နောက် သူ့ဖင်ကို ကြည့်ကြသည်။
သူတို့၏အကြည့်များက စူးစူးရှရှ ဖြစ်နေလွန်းေသာကြောင့် ဦးလေးဇုန်းမှာ သူ့ဖင်တွင် ပူလောင်သည့် အထိခံစားရသကဲ့သို့ ဖြစ်လေသည်။
" ရှောင်ဇုန်း၊ ငါတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး "
" ဟုတ်တယ် ရှောင်ဇုန်းက အရမ်းကျန်းမာတဲ့ပုံရတာကို။ အိမ်သာသွားတိုင်း သွေးထွက်တာ ကြောက်စရာကောင်းတယ် "
" ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ဦးလေးဇုန်း။ ကျွန်မတို့ ဒီဖယောင်းပန်းကိစ္စကို ဆက်မပြောတော့ပါဘူး။ ကျွန်မမွေးရပ်မြေမှာလည်း ဖယောင်းပန်းတွေ ရှိမယ်ထင်တယ်။ နောက်တစ်ခါ ရှင့်အတွက် ယူလာပေးမယ် "
" ကျွန်မလည်း ယူခဲ့မယ် "
" ကျွန်မရောပဲ……"
ဦးလေးဇုန်းမှာ သူ့ ဘဝကို မုန်းတီးနေလေသည်။
"……"
' ကျေးဇူးတင်ပေမယ့် ကျေးဇူးမတင်ဘူး '
ဦးလေးဇုန်း အရှက်ကွဲနေချိန်တွင် ဗိုလ်မှူးရှောင်း၏ဘက်တွင်လည်း အလွန်စိတ်တိုနေလေသည်။
သူက သူ၏မြေးနှင့် ပြန်ဆုံခဲ့သည်မှာ ၆ လပင်မပြည့်သေးသော်လည်း သူမ၌ ဆိုင်သူရှိလာပြီဖြစ်ရာ သူ့အား စိတ်ဆင်းရဲစေသည်။
ဗိုလ်မှူးရှောင်းက အလွန်စိတ်ဆိုးဒေါသထွက်နေသဖြင့် အဘိုး၀မ်ဆီသို့ ဖုန်းဆက်ကာ အကျပ်မရိုက်စေခင် ၀မ်ရူကွေ့ဆီသို့ အရင်ဖုန်းဆက်ကာ သင်ခန်းစာပေးလေသည်။
သို့သော် အဘိုးဝမ်တွင် သူ့အတွက် အချိန်မရှိပေ။ သူက ဖယောင်းပန်းများအားလုံးကို ခူးဆွတ်ခဲ့သည့်အတွက် ခြံ၀င်းအတွင်းရှိ အပင်များကို တစ်လခန့် ရေလောင်းရန် ကမ်းလှမ်းခဲ့လေသည်။
ဗိုလ်မှူးရှောင်းက သူ့အား ဖုန်းခေါ်၍ မရသည့်အခါ ၀မ်ရူကွေ့ကို ဖုန်းပြန်ခေါ်လိုက်ပြီး နောက်တစ်ကြိမ် သင်ခန်းစာ ပေးလေသည်။
၀မ်ရူကွေ့တွင် အကောင်းဆုံးသဘောထားအပြုအမူရှိလေ၏။ သူက ဗိုလ်မှူးရှောင်းပြောသမျှကို စိတ်ရှည်စွာ နားထောင်ပြီး သူ၏ အပြုအမူမှာ ကောင်းမွန်လွန်းသဖြင့် ဗိုလ်မှူးရှောင်းမှာ ဆက်လက်မပြောဆိုနိုင်တော့ပေ။
သူက စိတ်ဆိုးသော်လည်း ထုံရွှယ်လူ သည် လက်ထပ်ခွင့်တောင်းမှုအား လက်ခံခဲ့ပြီးဖြစ်သည်။ သူဘယ်လောက်ပင် ထိုသို့ဆန္ဒရှိပါစေ သူတို့နှစ်ယောက်အား လမ်းခွဲစေရန်က မယဥ်ကျေးသည့်အပြုအမူ ဖြစ်လေသည်။ သူက အဘိုးဝမ်နှင့် စကားပြောခဲ့ပြီး နောက်ဆုံးတွင် စေ့စပ်မည့်ရက်ကို မေလတွင် သတ်မှတ်လိုက်သည်။
ထုံရွှယ်လူ နှင့် သူမ၏မွေးချင်းများသည် ရှောင်းမိသားစုဘက်မှ အခြားအကြီးအကဲများ၊ ဆွေမျိုးများနှင့် တွေ့ဆုံရခြင်း မရှိသေးပေ။ သူတို့က ဤစေ့စပ်ပွဲကို မိသားစုတွေ့ဆုံပွဲကြီးတစ်ခုအဖြစ် အခါအခွင့်ယူကြမည်ဖြစ်ပြီး ထုံကျားမင်နှင့် ထုံမျန်မျန်တို့၏ မျိုးရိုးအမည်ကိုလည်း ပြောင်းလဲပစ်မည်ဖြစ်သည်။
၀မ်ရူကွေ့သည် အဘိုးရှောင်းထံမှ နှစ်ကြိမ်တိုင်တိုင် သင်ကြားပြသပေးခဲ့သော်လည်း သူ အလွန်စိတ် အခြေအနေကောင်းနေသည်ဟု မည်သူမဆို ပြောနိုင်လေသည်။
" ၀မ်ရူကွေ့၊ မင်းလည်း စေ့စပ်တော့မယ်လို့ ငါကြားတယ်။ အဲဒါအမှန်ပဲလား "
၀မ်ရူကွေ့၏ နှုတ်ခမ်းတွင် မမြင်သာသော အပြုံးတစ်ခု ရှိနေသည်။ " ဟုတ်တယ်။ ကျွန်တော်တို့ ကျိုးရန် မတိုင်ခင် တစ်လအလို မေလမှာ စေ့စပ်ကြမှာပါ "
" ကောင်းပြီ၊ ဂုဏ်ပြုပါတယ်။ မင်း နဲ့ မင်းရဲ့ ကောင်မလေးက တစ်ယောက်နှင့်တစ်ယောက် လိုက်ဖက်ကြတယ် "
ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့၏ အပြုံးသည် ပိုမိုကြီးမားသွားလေသည်။
" ကျေးဇူးတင်ပါတယ် "
သူတို့နှစ်ယောက် လိုက်ဖက်သည်ဟု သူက ခံစားရသည်။
၀မ်ရူကွေ့၏ စေ့စပ်ကြောင်းလမ်းမှုသတင်းသည် အခြေစိုက်စခန်းတစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး မိန်းကလေးများနှင့် စီမံခန့်ခွဲရေးဝန်ထမ်း အများအပြား သက်ပြင်းချကြလေသည်။
ဤကဲ့သို့ ကောင်းလှသည့် သတို့သားလောင်းက တခြားတစ်ယောက်ဆီသို့ ရောက်သွားခဲ့လေပြီ။
သို့သော် မည်သူကမျှ သူ့ရည်းစားနှင့် ခွဲစေခြင်း သို့မဟုတ် မြူဆွယ်ခြင်းများ မပြုလုပ်ကြပေ။
၀မ်ရူကွေ့၏ အောင်မြင်သည့် လက်ထပ်ခွင့်တောင်းဆိုမှုကို သိရှိရင်း ကျိုးရန်သည် သူ့ပိုက်ဆံအိတ်အတွက် ခံစားလိုက်ရသည်။
" ရူကွေ့၊ မင်း စပြီးချိန်းတွေ့ကတည်းက မင်းတို့နှစ်ယောက်ကို အစိုးရလည်ပတ်တဲ့ စားသောက်ဆိုင်ဆီ သုံးခါလောက်ခေါ်ပြီးသွားပြီ။ ဒါက ငါ့ပိုက်ဆံအိတ်ကို ထိခိုက်စေတယ် "
ဟွမ်ချီမင်သည် ထိုနေ့မွန်းလွဲပိုင်းက ဝက်သားဟင်းကို ပြန်လည်ခံစားရင်း လျှာသပ်လိုက်သည်။
" အဓိပ္ပာယ်မရှိတာတွေပြောနေတာ ရပ်လိုက်တော့။ ခွေးချီးကျိုး မင်းကသာ အကဲဖြတ်ညံ့ဖျင်းတဲ့သူဖြစ်နေတဲ့ဟာကို ဘာလို့ ရူကွေ့ ကို အပြစ်တင်နေတာလဲ "
ကျိုးရန်က သက်ပြင်းချရင်း " ရူကွေ့က အကြာကြီး ဒီအဆင့်မှာ တစ်နေတော့ သူ အခက်တွေ့နေတုန်းပဲလို့ ငါ ထင်နေခဲ့တာ ။ ဒီတစ်ခါ သူ အောင်မြင်မယ်သွားလို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဘယ်လို လက်ထပ်ခွင့်တောင်းခဲ့တာလဲ "
၀မ်ရူကွေ့က " ဌာနမှူးက ဒီနည်းလမ်းကို ပြောပြပေးခဲ့တဲ့သူ။ လတ်ဆတ်တဲ့ပန်းပွင့်တွေနဲ့ လက်စွပ်တစ်ကွင်းပြင်ဆင်ပြီး ဒူးထောက်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ် "
ကျိုးရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး "ယောင်္ကျားတစ်ေယာက်ရဲ့ ဒူးအောက်မှာ ရွှေတွေရှိတယ်။ မင်း တကယ် ဒူးမထောက်ခဲ့ဘူးလို့ ငါ့ကိုပြောစမ်းပါ "
[T/N - တရုတ်အီဒီယမ်ပါ မာနဂုဏ်သိက္ခာရှိတယ်လို့ပြောတာပါ ]
ဟွမ်ချီမင်သည်လည်း အလွန်ထိတ်လန့်သွားသည်။ လက်ထပ်ခွင့်တောင်းရန် ဒူးထောက်ထိုင်ရသည်ဟု သူ တစ်ခါမှ မကြားခဲ့ဖူးပေ။ သူတို့သည် ရှေးယခင်က ကျွန်များမဟုတ်ကြချေ။
၀မ်ရူကွေ့သည် အလွန်တည်ငြိမ်နေပုံရသည်။
" သူမက ငါ့ချစ်သူဖြစ်ပြီး ငါ့သားသမီးတွေရဲ့ မိခင်ဖြစ်လာလိမ့်မယ်။ သူမကို ကျေနပ်စေမယ်ဆိုရင် ဘာလို့ ဒူးတစ်ဖက် မထောက်နိုင်ရမှာလဲ "
ကိုယ်ဝန်ဆောင်ခြင်းမှာ ခက်ခဲပြီး ကလေးမွေးဖွားရခြင်းက ပိုဆိုးသည်ဟု သူကြားဖူးသည်။ ဒူးတစ်ဖက် ထောက်ရခြင်းသည် သူ့အား နာကျင်စေသည် သို့မဟုတ် တစ်ခုခုဖြစ်စေသည် မဟုတ်ချေ။ ယောက်ျားတစ်ယောက်အနေနှင့် သူ၏မာနကို ထိခိုက်သည်ဟူ၍လည်း မခံစားရပေ။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့ နားမလည်နိုင်ချေ။ သူတို့၏ ဇနီး သို့မဟုတ် ချစ်သူအတွက် ဘယ်တော့မှ ထိုကဲ့သို့ပြုလုပ်မည် မဟုတ်ပေ။
ထို့အပြင် ထိုအရာက ဇိမ်ခံရာကျလွန်းပေသည်။ လက်စွပ်သာလျှင်မကဘဲ ပန်းများသည်လည်း ပေးရလေသည်။
သူတို့၏ဇနီး သို့မဟုတ် ချစ်သူများ ၀မ်ရူကွေ့၏ချစ်သူနှင့် ဘယ်တော့မှ မဆုံစေရန် သေချာစေရမည်ဟု စိတ်ထဲ၌ မှတ်သားလိုက်ကြသည်။
သုံးယောက်သား နေ့လည်စာစားပြီး အလုပ်သို့ ပြန်လာကြသည်။
၀မ်ရူကွေ့သည် သူ့ရုံးခန်းသို့ ပြန်သွားပြီး မှတ်စုစာအုပ်လေးကို ဆွဲထုတ်ကာ လေးနက်စွာ ရေးခြစ်လိုက်၏။
သူမသည် ရိုမန့်တစ်၊ အဖြူရောင်ပန်းပွင့်များနှင့် ဆော်နာ့ကို နှစ်သက်သည်။
မစ်ရှင် - ဆော်နာ့ တီးခတ်ရန် သင်ယူပါ။